အခန်း (၂၃၄၁-၂၃၄၅)
Vol. 94 Ch. 2341-2345
အပိုင်း (၂၃၄၁)
(တာအိုသခင်အဆင့်လေးနဲ့ ဧကရာဇ်အဆင့်တစ်ယောက်ကို သေမယ်လို့ သွားပြောနေရဲတာ ဒီကောင် ရူးများ ရူးနေတာလား…)
ရှီချန်းယင်နှင့် အခြားသူများ၏အမူအယာ ထူးဆန်းသွားကုန်ကြလေသည်။
ဟွာချင်းစီတစ်ယောက်သည်သာ ရန်ကိုင်နောက်နေခြင်းမဟုတ်မှန်း ကောင်းကောင်းသိသည်။ ရန်ကိုင်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး မဟုတ်သော်ငြား သူသည် ဧကရာဇ်အဆင့်ပညာရှင်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေသည်။ အခြားသူများမဆိုထားနှင့် ကျောက်တုံးကိုယ်ပွားတစ်ဦးနှင့်ပင်လျှင် ချိုကျဲ ခေါင်းကိုက်သွားရနိုင်သည်။ ရန်ကိုင်ပါ ဝင်ပါလာမည်ဆိုပါက ချိုကျဲနှင့် လက်ရည်တူပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
ထို့ကြောင့် ရန်ကိုင်ပေါ်လာသည်ကို မြင်သည့်အခါ ဟွာချင်းစီ စိတ်သက်သာရာ ရသွားခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင့်၏ကျင့်ကြံခြင်းမှာ သူမထက် တစ်ဆင့်ခန့် ပိုနိမ့်ကျနေသည်ဆိုလျှင်ပင် သူမ၏ခွန်အားသည် ရန်ကိုင့်ကို မမီသေးပေ။
ရန်ကိုင်ကဲ့သို့ အလွန်ကိုမှ တောက်ပလွန်းလှသည့် လူတစ်ဦးကို သူမဘဝတွင် တစ်ခါမျှ မမြင်ခဲ့ဖူးပေ။
(မဟုတ်သေးဘူး…)
ယခုမှသာ ရန်ကိုင့်၏ ကျင့်ကြံခြင်းသည် သူမအောက် နိမ့်ကျခြင်း မရှိတော့ဘဲ သူမနှင့် အဆင့်တူသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို ဟွာချင်းစီ ရုတ်တရက် နားလည်သွားခဲ့လေသည်။
(သူဘယ်တုန်းက တာအိုသခင် တတိယအဆင့်ကို ရောက်သွားတာလဲ…) ဟွာချင်းစီ ထိတ်လန့်သွားခဲ့လေသည်။
(သူ တာအိုသခင်ဒုတိယအဆင့်ကို ရောက်ထားတာမှ သိပ်မကြာသေးဘူး… ဒီလောက်အချိန်တိုလေးနဲ့ နောက်တစ်ဆင့်ကို ထပ်တက်သွားတယ်ဆိုတော့ ကျင့်ကြံခြင်းက သူ့အတွက် ထမင်းစားရေသောက်လို လွယ်ကူနေတာလား…)
သူမစိတ်ထဲ ထိတ်လန့်တုန်လှုပ်သွားမိခဲ့သော်ငြား အတော်လေးကိုတော့ ဝမ်းသာသွားမိပေသည်။
ရန်ကိုင်ပို၍ အားကောင်းလာလေ သူမတို့အတွက် ပိုကောင်းလေပင်။
“ဟမ့်…” ချိုကျဲက ရုတ်တရက် နှာခေါင်းရှုံ့လိုက်လေသည်။ ရန်ကိုင်သည် အသံအကျယ်ကြီး မပြောလိုက်သော်ငြား သူပြောသည်ကို ချိုကျဲ အတိုင်းသား ကြားနေခဲ့ရလေသည်။ ထို့နောက် ညစ်ကျယ်ကျယ်ပြုံးလျက် ရန်ကိုင့်အား ကြည့်ကာ ပြောလိုက်လေသည်။ “ကောင်စုတ်လေး… မင်းက ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာခြားတယ်ဆိုတာကို တကယ်မသိဘူးပဲ… ဒီဘုရင်ရဲ့အသက်ကိုတောင် ယူမယ်ဆိုပြီး လာပြောနေရဲတယ်…”
လော့ကျင်းကလည်း ဘေးကနေဝင်၍ အော်ပြောလိုက်လေသည်။ “နန်းတော်သခင်ချို… ခင်ဗျားသားကို ထိခိုက်အောင်လုပ်သွားတာ အဲ့ကောင်ပဲ…”
“သူက ရန်ကိုင်လား…” ချိုကျဲ မျက်နှာပျက်သွားခဲ့လေသည်။
တိမ်တိုက်ဖြူမျှော်စင်မှ မူကွမ်းနှင့် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်မှ ရွမ်ဟုန်ပိုတို့သည်ပင်လျှင် ရန်ကိုင့်အား ဒေါသတကြီး အမူအယာများဖြင့် လှမ်းကြည့်နေကြလေသည်။ တိမ်တိုက်ဖြူမျှော်စင်မှ မူချန်းနှင့် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်မှ ခဲ့ထျန်းတို့ကို ရန်ကိုင်မှ သတ်ပစ်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့်ပင်လျှင် ပြန်လည် လက်စားချေနိုင်ရန်အတွက် သူတို့နှစ်ဦး ရွက်တစ်ထောင်ဂိုဏ်းသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ယခု သူတို့ရှာနေသည့်လူသည် သူတို့ရှေ့တည့်တည့်သို့ ရောက်လာသည်ကိုမြင်သော် နှစ်ဦးစလုံး ဒေါသမထွက်ဘဲ ဘယ်နေနိုင်မည်နည်း။
“ဟုတ်တယ် သူပဲ…” လော့ကျင်းက ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ရန်ကိုင်မှ မြို့သခင်စံအိမ်ထဲ ဝင်မွှေသွားသည့် ဖြစ်ရပ်သည် လော့ကျင်းဘဝတွင် အရှက်ရစရာအကောင်းဆုံး ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။ ထိုကိစ္စကို သူ့အနေဖြင့် မည်သည့်နည်းနှင့်မျှ မေ့ပျောက်နိုင်လိမ့်မည်မဟုတ်ချေ။ အဆုံးတွင် ရန်ကိုင်သည် သူ့အသက်ကို ချမ်းသာပေးခဲ့သော်ငြား ရန်ကိုင်အပေါ် သူ၏အမုန်းတရားမှာ လည်ချောင်းထဲစူးနေသည့် ငါးရိုးတစ်ခုနှယ် ဖြစ်နေခဲ့လေသည်။ ရန်ကိုင့်အပေါ် လက်စားပြန်မချေနိုင်သရွေ့ ထိုအမုန်းတရားကို မည်သည့်နည်းနှင့်မျှ ဖြေဖျောက်ပစ်နိုင်လိမ့်မည် မဟုတ်ချေ။
တစ်ခါတစ်ရံ သူ့အိပ်မက်များထဲတွင်ပင် ရန်ကိုင့်အား သတ်ပစ်ကာ ပြန်လည်လက်စားချေနေသည့် မြင်ကွင်းများကို အခါခါ အိပ်မက်မက်နေမိခဲ့ပေသည်။
ရန်ကိုင် မည်သူမှန်း သိလိုက်သည့်နောက်တွင် ဂိုဏ်းအသီးသီး၏ ပညာရှင်များသည် ရန်ကိုင့်အား လူသေတစ်ဦးကို ကြည့်နေသည့်နှယ် စိုက်ကြည့်လာခဲ့ကြလေသည်။ သို့သော်ငြား ချိုကျဲမှာ မလှုပ်ရှားသေးသည့်အတွက်ကြောင့် သူတို့ထဲက မည်သူမှလည်း မလှုပ်ရှားရဲကြပေ။
“မင်းက ရန်ကိုင်လား…” ချိုကျဲသည် ရန်ကိုင့်အား လှမ်း၍ မေးလိုက်လေသည်။
ရန်ကိုင်က အထင်အမြင်တသေးဖြင့် လှောင်ပြုံးပြုံးလျက် “ခင်ဗျားက ဘာကောင်မို့လို့ ဒီသခင်လေးရဲ့ နာမည်ကို လာခေါ်ရဲရတာလဲ…”
ရန်ကိုင့်၏ ပြောဆိုပုံကို မြင်သော် ချိုကျဲမှာ ဒေါသထွက်သွားခြင်းမရှိ။ ထို့အစား ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည်။ “ကောင်းတယ် ကောင်းတယ်… ဥတုလေးမျိုးနယ်မြေထဲမှာ အဆုံးမဲ့ရတနာဆေးလုံးတွေကို မင်းဖော်စပ်ခဲ့တယ်လို့ ဒီဘုရင် ကြားတယ်…”
ရန်ကိုင်က မျက်ခုံးပင့်လျက် “ဝိုး… ဒီတော့ ခင်ဗျားက အခြားဟာတစ်ခုနောက်ကို လိုက်နေတာပေါ့… အဆုံးမဲ့ရတနာဆေးလုံးကို ခင်ဗျားလိုချင်နေတာလား… အားတော့နာပါတယ်နော်… ကျုပ်မှာ တစ်လုံးမှ မရှိတော့ဘူး…”
ချိုကျဲက ပြန်ပြောလိုက်လေသည်။ “ကိစ္စမရှိဘူး… ဒီဘုရင်ကလည်း အဆုံးမဲ့ရတနာဆေးလုံးကို လိုချင်နေတာမဟုတ်ဘူး… ဒါပေမဲ့ အဲ့အဆုံးမဲ့ရတနာဆေးလုံးတစ်လုံးကို မင်းသောက်ခဲ့တယ်လို့ ဒီဘုရင်ကြားတယ်… ငါသာ မင်းကို အရှင်ဖမ်းပြီး မင်းရဲ့သွေးအဆီအနှစ်တွေကို ထုတ်ယူပစ်လိုက်သရွေ့ အဆုံးမဲ့ရတနာဆေးလုံးရဲ့ အာနိသင်တွေကို ပြန်ပြီးတော့ ရနိုင်သေးတယ်…”
ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် ရွမ်ဟုန်ပိုနှင့် အခြားသူများ၏အမူအယာ ပြောင်းလဲသွားကုန်ကြလေသည်။ သူတို့မှာ ချိုကျဲ၏ပါးစပ်မှ ထွက်လာသည့်စကားအပေါ် မယုံကြည်နိုင် ဖြစ်နေကြသည့်အလား။
အဆုံးမဲ့ရတနာဆေးလုံး၏ ဆေးအာနိသင်အား ထိုဆေးကိုသောက်ထားသည့် လူ၏ သွေးအဆီအနှစ်များကို စစ်ထုတ်ပစ်လိုက်ခြင်းဖြင့် ပြန်လည်ရရှိနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။ ထိုအကြံကို စဉ်းစားမိလိုက်သည့် ချိုကျဲအပေါ် သူတို့စိတ်ထဲ အတော်လေးကိုတော့ လေးစားမိသွားလေသည်။
တကယ်တော့ အဆုံးမဲ့ရတနာဆေးလုံး၏ ဆေးအာနိသင်မှာ အလွန်ကိုမှ အားကောင်းသည် မဟုတ်ပေလော။ ထိုဆေးလုံး၏ ဆေးအာနိသင်အများစုသည် သွေးကြောများထဲတွင် စုဝေးနေကြခြင်း ဖြစ်လေသည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် ထိုဆေးအာနိသင်များကို သန့်စင်ပစ်ရန် အတော်လေး အချိန်ယူရသည်။ ထို့အတွက်ကြောင့် အဆုံးမဲ့ရတနာဆေးလုံးအား စောစောသောက်လေ ပို၍ အာနိသင်ကောင်းလေဟု ပြောကြခြင်းပင် ဖြစ်လေသည်။
လက်ရှိအချိန်တွင် ချိုကျဲသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ ထို့ကြောင့် အဆုံးမဲ့ရတနာဆေးလုံးသည် သူ့အတွက် အသုံးဝင်တော့လိမ့်မည်မဟုတ်။ သူသည် ထိုအဆုံးမဲ့ရတနာဆေးလုံးကို သူ့သားချိုယုအတွက် လိုချင်နေခြင်း ဖြစ်ပေသည်။
“ခင်ဗျားက ဒီသခင်လေးရဲ့ သွေးအဆီအနှစ်တွေကို စစ်ထုတ်ပစ်ချင်နေတာ…” ရန်ကိုင်က ဝါးလုံးကွဲအော်ရယ်မောလျက် လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်လေသည်။ “ကောင်းကင်နဲ့မြေပြင် ဘယ်လောက်ကွာခြားတယ်ဆိုတာကို မသိတဲ့လူက ခင်ဗျားဖြစ်နေတာပဲ…”
“မင်းက တကယ်ကို သွေးနားထင်ရောက်နေပါလား ကောင်လေးရ…” ချိုကျဲ၏မျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်လေသည်။ “မင်းပြောတဲ့စကားအတိုင်း လုပ်မပြနိုင်ဘူးဆိုရင်တော့ မင်းပြောခဲ့တဲ့ဟာတွေအကုန်လုံးက ကလေးဆန်ပြီး ရယ်စရာကောင်းနေလိမ့်မယ်နော်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လက်ကို မြှောက်လျက် ရန်ကိုင့်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။
လေပြင်းများ တိုက်ခတ်လာခဲ့ပြီး ဧရာမလက်ဝါးပုံရိပ်ကြီးတစ်ခု ကောင်းကင်ပေါ်တွင် ဖြစ်တည်လာခဲ့လေ၏။ ထို့နောက် ထိုလက်ဝါးချက်ကြီးသည် ရန်ကိုင်တို့တည့်တည့်သို့ ပြေးဝင်သွားခဲ့လေသည်။
ချိုကျဲသည် မည်သူသေသေရှင်ရှင်ကို ဂရုစိုက်မနေခဲ့ပေ။ ရန်ကိုင်သေလည်း ကိစ္စမရှိပေ။ အရေးကြီးဆုံးမှာ ရန်ကိုင်၏အလောင်းကို ဂိုဏ်းဆီသို့ ပြန်ယူသွားနိုင်ရန်သာ ဖြစ်လေသည်။
ထိုလက်ဝါးချက်နှင့်အတူ ကောင်းကင်တစ်ခုလုံး မည်းမှောင်လာခဲ့လေသည်။
ထိုအချင်းအရာကိုမြင်သော် ရီဟန်နှင့် တုရှန်းတို့ မျက်လုံးပြူးကျယ်သွားကုန်ကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း တောင့်တင်းသွားကုန်ကြလေသည်။ သို့သော်ငြား သူတို့အနေဖြင့် မည်သည့်အကူအညီမှ မပေးနိုင်ဘဲ ထိုမြင်ကွင်းအား ကူကယ်ရာမဲ့စွာဖြင့်သာ ရပ်ကြည့်နေနိုင်ကြလေသည်။
ထိုစဉ် မီးနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပြေးထွက်လာခဲ့လေသည်။ အလင်းတန်းနှင့်အတူ ပတ်ဝန်းကျင်အပူချိန်မှာလည်း ရုတ်ချည်း မြင့်တက်လာခဲ့လေ၏။ သေးသွယ်လှပသည့် ပုံရိပ်လေးတစ်ခုသည် ကောင်းကင်ပေါ်ရှိ လက်ဝါးချက်အား ထိပ်တိုက် သွားရင်ဆိုင်လေသည်။
တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့သွားချိန် လျို့ယန်သည် တစ်ချက်ညီးလျက် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ သို့သော်ငြား သူမ၏တိုက်ကွက်ကြောင့် ကောင်းကင်ထက်ရှိ လက်ဝါးချက်မှာလည်း ပျက်စီးသွားခဲ့လေသည်။
“ရွှစ်….”
လေတိုးသံနှင့်အတူ အခြားပုံရိပ်တစ်ခုသည်လည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်လေ၏။ ရပ်ကြည့်နေသည့်လူများ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိသေးခင်မှာပင် ထိုပုံရိပ်သည် အစီအရင်စင်မြင့်နားဆီသို့ ပြန်ရောက်ပြီးနေလေပြီ။
ထိုလှုပ်ရှားလိုက်သည့်လူမှာ ရန်ကိုင်သာ ဖြစ်လေ၏။ ရန်ကိုင်သည် လျို့ယန်မှ လက်ဝါးချက်အား သွားတိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူလျက် ရီဟန်နှင့် တုရှန်းတို့ကို သွားရောက် ကယ်ဆယ်လိုက်ခြင်း ဖြစ်ပေသည်။
ရန်ကိုင်သည် လေဟာနယ်တာအိုကို အဆင့်မြင့်မြင့် ကျွမ်းကျင်ထားသည်။ ထို့အတွက်ကြောင့် သူလှုပ်ရှားလိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ချေ။ ချိုကျဲ သတိထားမိလိုက်ချိန်တွင် ရန်ကိုင့်ကိုတားဆီးရန်အတွက် နောက်ကျလွန်းနေခဲ့လေပြီ။ လှမ်းကြည့်လိုက်သည့်နောက် သူ၏ဓါးစာခံအားလုံး မရှိတော့ကြောင်း တွေ့လိုက်ရလေသည်။
ချိုကျဲ မျက်နှာပျက်သွားခဲ့ပြီး ရန်ကိုင်နှင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သော ကောင်မလေးအား မျက်မှောင်ကျုံ့၍ လှမ်းကြည့်လိုက်လေသည်။
ရန်ကိုင်တစ်ဦးတည်းသာဆိုလျှင် ကိစ္စမရှိပေ။ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ရန်ကိုင်သည် မြန်လျှင် မြန်လိမ့်မည်ဖြစ်သော်ငြား ဂရုစိုက်စရာမဟုတ်။ သို့သော်ငြား ထိုထူးဆန်းစွာ ဝတ်ဆင်ထားသော ကောင်မလေးသည် သူ့တိုက်ကွက်ကိုပင် ခုခံနိုင်ခဲ့လေသည်။ ထိုကိစ္စမှာ တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှသည်။
အစောပိုင်းက လျို့ယန်၏ကျင့်ကြံခြင်းကို ချိုကျဲ မသိသေးချေ။ သို့သော်ငြား သူမလှုပ်ရှားလိုက်သည့်အချိန်တွင် သူမ၏ကျင့်ကြံခြင်းကို ချိုကျဲ အာရုံခံမိသွားခဲ့သည်။ ထိုကောင်မလေးသည် တာအိုသခင် အထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်လေသည်။
ချိုကျဲသည်သာ မယုံကြည်နိုင် ဖြစ်နေခြင်းမဟုတ်။ ဤနေရာတွင် ရှိနေသည့်လူတိုင်း မင်သက်နေခဲ့ကြလေသည်။
ချိုကျဲ၏တိုက်ကွက်ကို ရင်ဆိုင်သည့်လူမှာ ရန်ကိုင်မဟုတ်ဘဲ သူ့ဘေးနားတွင် ရှိနေသည့် အသက်ခုနှစ်နှစ် ရှစ်နှစ်ခန့်သာ ရှိသေးသော ကောင်မလေးသာ ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။
(ဧကရာဇ်အဆင့် ပညာရှင်တစ်ယောက်ရဲ့ တိုက်ခိုက်တာခံရပြီးမှတော့ ဒီကောင်မလေး ဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်တော့မှာလဲ…)
(သူ အခုချိန်လောက်ဆို တစ်စစီဖြစ်နေလောက်ပြီ…)
ချက်ချင်းဆိုသလို အကုန်လုံးသည် ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် စိုက်ကြည့်လိုက်လေသည်။ ရွမ်ဟုန်ပိုကဲ့သို့သော လူမျိုးသည်ပင်လျှင် ရန်ကိုင့်၏လုပ်ရပ်နှင့်ပတ်သက်၍ ရွံရှာနေကြသည်။ ရန်ကိုင်သည် ကလေးမလေးတစ်ဦးအား သူ့အစားသေခိုင်းသည့် သောက်ကျင့်မကောင်းသည့် လူတစ်ယောက်ဟု အကုန်လုံး ထင်နေကြလေသည်။
“နာလိုက်တာ…” ဒေါသရိပ်တို့ ရောပြွမ်းနေသည့် ကလေးဆန်သည့်အသံတစ်သံ မြေပြင်ပေါ်ရှိ တွင်းပေါက်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။ ချက်ချင်းဆိုသလို ထိုတွင်းပေါက်ထဲမှ ခေါင်းလေးတစ်ခေါင်း ပြူထွက်လာလေ၏။ လျို့ယန်သည် တွင်းပေါက်ထဲမှ ဒေါသတကြီး ခုန်ထွက်လာခဲ့ပြီး သူမကိုယ်ပေါ်တွင် ပေကျံနေသော ဖုန်မှုန့်များကို ဖယ်ထုတ်ပစ်လိုက်လေသည်။
“အသက်ရှင်နေသေးတာလား…” လော့ကျင်း မင်သက်သွားခဲ့လေသည်။ ချိုကျဲ၏တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်တွင်ပင်လျှင် ဤကောင်မလေး အသက်ရှင်နေဦးလိမ့်မည်ဟု လော့ကျင်း မထင်ထားခဲ့ချေ။
ထိုကောင်မလေးသည် အသက်ရှင်ခဲ့ရုံမက မည်သည့်ဒဏ်ရာမှလည်း မရခဲ့ချေ။
(ဘယ်လိုမွန်းစတားကောင်ကြီးလဲ…)
ရီကျင်းဟန်နှင့် ဟွာချင်းစီတို့မှာလည်း လျို့ယန်ကိုကြည့်ရင်း မင်သက်နေကုန်ကြလေသည်။
ရုတ်တရက် ဟွာချင်းစီ၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး တုံ့ဆိုင်းတုံ့ဆိုင်း အမူအယာဖြင့် မေးလိုက်လေသည်။ “ညီမလေးက လျို့ယန်လား…”
ယခု လျို့ယန် လှုပ်ရှားလိုက်သည့်အခါမှသာ ဟွာချင်းစီသည် သူမ၏အရှိန်အဝါကို ခံစားနိုင်ခဲ့လေသည်။ နှစ်ဦးစလုံးမှာ ကျန်းရို့ရှီနှင့်အတူ ကမ္ဘာငယ်လေးထဲတွင် အတူတူကျင့်ကြံနေခြင်း ဖြစ်သည့်အတွက်ကြောင့် လျို့ယန်၏အရှိန်အဝါကို ဟွာချင်းစီ ကောင်းကောင်း သိနေခဲ့လေသည်။ သူမ၏မျက်နှာကို သေချာကြည့်လိုက်ပြန်သည့် အခါတွင်လည်း ကောင်မလေး၏ရုပ်ရည်မှာ လျို့ယန်နှင့် ခုနှစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေကြောင်း တွေ့လိုက်ရလေ၏။ ထိုကောင်မလေးသည် လျို့ယန်နှင့် ယှဉ်လိုက်သော် အများကြီးပိုငယ်နေခြင်းသာ ရှိပေသည်။
အစောပိုင်းက ဤကောင်မလေးအား သေချာ ဂရုမစိုက်ဖြစ်ခဲ့ချေ။ သူတို့အားလုံးမှာ သေရေးရှင်ရေးအခြေအနေနှင့် ရင်ဆိုင်နေရသည့်အတွက်ကြောင့် ထိုကဲ့သို့ အရာမျိုးကို ဂရုစိုက်နေရန် အချိန်မရှိချေ။ ယခု ထိုကောင်မလေးသည် လျို့ယန်မှန်း နားလည်သွားပြီးသည့်နောက် ဟွာချင်းစီမှာ မထိတ်လန့်ပဲ မနေနိုင်အောင်ကို ဖြစ်သွားခဲ့လေသည်။
(ဘယ်လိုလုပ်ပြီး အခုလိုတွေ ဖြစ်သွားရတာလဲ)
လျို့ယန်သည် ဟွာချင်းစီဘက်သို့ လှည့်၍ ချိုသာစွာပြုံးကာ ပြောလိုက်လေသည်။ “အစ်မဟွာ…”
(တကယ်ကြီးလျို့ယန်ပဲ… လျို့ယန်ဆိုတာ လုံးဝသေချာတယ်…)
ဟွာချင်းစီက အံ့အားသင့်တကြီးအမူအယာဖြင့် ပြန်မေးလိုက်လေသည်။ “နင်… နင် ဘယ်လိုလုပ်ပြီး အခုလိုဖြစ်သွားရတာလဲ…”
လျို့ယန်က ပြန်ပြောလိုက်လေသည်။ “သခင်ကပြောတယ်… အသက်ကြီးတဲ့လူတွေထက် အသက်ငယ်တဲ့ ကောင်မလေးတွေက ပိုကောင်းတယ်တဲ့… အသက်ပိုငယ်လေ ပိုကောင်းလေပဲတဲ့… ဒါကြောင့် ကျွန်မ….”
“ဟမ်…” ဟွာချင်းစီသည် ရန်ကိုင့်အား မျက်လုံးမှေးစင်း၍ စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင်သည် နဖူးထက်ဝေ့သီလာသော ချွေးအေးများကို သုတ်ပစ်ရင်းမှ အလျင်စလို ပြန်အော်ပြောလိုက်လေ၏။ “နင် ဘာတွေ မဟုတ်တရုတ်တွေ ပြောနေတာလဲ…”
ယခုတစ်ကြိမ်တွင်တော့ ချီယွဲ့နှင့် ရီကျင်းဟန်သည်ပင်လျှင် ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်နေလေ၏။
“သားရဲကောင်…”
“အရှက်မရှိတဲ့ကောင်…”
“အရှုပ်ထုပ်ကြီး…”
သုံးဦးစလုံးမှာ တစ်လေသံတည်းဖြင့် တစ်ပြိုင်တည်း ပြောလိုက်ကြလေသည်။
ဟွာချင်းစီက အေးစက်စက် အမူအယာဖြင့် နှာခေါင်းရှုံ့လျက် အော်ပြောလိုက်လေ၏။ “နောက်ပိုင်းကျရင် အစ်မဟွာနားကိုသာ လိုက်ခဲ့… နောက်ဆိုရင် သူနဲ့ ဘယ်တော့မှ တစ်ယောက်တည်း အတူနေလို့ မရတော့ဘူး… အစ်မဟွာ ညီမလေးကို ကာကွယ်ပေးမယ်…”
“ကျေးဇူးတင်ပါတယ် အစ်မဟွာ…” လျို့ယန်က ချစ်စဖွယ်ကောင်းစွာ ပြုံးပြလိုက်လေသည်။
“နင် အဆင်ပြေရဲ့လား… နင် ထိခိုက်သွားတာရော ရှိသေးလား…” လျို့ယန်ပုံစံမှာ အဆင်ပြေနေသည့်ပုံ ပေါက်နေသော်ငြား ဟွာချင်းစီကတော့ မနေနိုင်ဘဲ မေးလိုက်မိလေသေးသည်။ သူမကိုယ်တိုင်သည်လည်း ချိုကျဲနှင့် တိုက်ခိုက်ဖူးသည့်အတွက်ကြောင့် ချိုကျဲမည်မျှအားကောင်းကြောင်း သိပေသည်။ သူမကိုယ်တိုင်သည် ချိုကျဲ၏ ပြိုင်ဘက် မဖြစ်နိုင်သည့်အတွက်ကြောင့် လျို့ယန်မှ ချိုကျဲ၏တိုက်ကွက်အား ထိပ်တိုက်သွားရင်ဆိုင်သည်ကို မြင်သော် သူမအနေဖြင့် လျို့ယန်အပေါ် စိတ်ပူမိသည်မှာ သဘာဝသာဖြစ်လေ၏။
“လုံးဝကို အဆင်ပြေတယ်…” လျို့ယန်က ပြုံးပြလိုက်လေသည်။ သို့သော်ငြား ထိုအပြုံးသည် အပြုံးတစ်ခုနှင့် မတူခဲ့။ သူမ၏မျက်လုံးများမှာ ရေခဲတမျှအေးစက်သည့် အရိပ်အယောင်တို့ဖြင့် တလက်လက် တောက်ပနေလေသည်။ ထိုကဲ့သို့ပြန်ဖြေလိုက်ရင်းမှ ချိုကျဲဆီသို့ပင်လျှင် အေးစက်စက်အကြည့်ဖြင့် လှမ်းကြည့်လိုက်သေးသည်။
ဘာကြောင့်မှန်းမသိ လျို့ယန်၏စိုက်ကြည့်ခြင်း ခံလိုက်ရချိန် ချိုကျဲ ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေသည်။ သူ့စိတ်ထဲ မသက်မသာ ခံစားချက်တို့ စတင်ခံစားလာရလေ၏။ ခန္ဓာကိုယ်တစ်ချက် လှုပ်ခါ၍ ထိုခံစားချက်များကို ဖယ်ထုတ်လိုက်ပြီးသည့်နောက် ချက်ချင်းပဲ ရှေ့သို့တစ်လှမ်းတိုးကာ အော်ပြောလိုက်လေ၏။ “တကယ်ကို ရင်နင့်စရာမြင်ကွင်းပါလား… ဒါပေမဲ့ မင်းတို့ရဲ့ကိစ္စတွေကို ဒီမှာပဲ ရပ်လိုက်ပေတော့… ဒီဘုရင် လူမသတ်ချင်ဘူး… ဒါကြောင့် ငါမင်းတို့ကို ရွေးချယ်စရာတစ်ခုပေးမယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူ့လေသံမှာ ရုတ်ချည်းအေးစက်သွားခဲ့လေသည်။ သတ်ဖြတ်လိုစိတ်တို့သည် ဒီရေလှိုင်းလုံးများအလား အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေ၏။ ထို့နောက် အော်ပြောလိုက်လေသည်။ “ငါ့အမိန့်ကို နာခံတဲ့လူတွေ အသက်ရှင်ခွင့်ရမယ်… ငါ့ကို တွန်းလှန်ဖို့ ကြိုးစားရင်တော့ အကုန်သေရလိမ့်မယ်…”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၄၂)
ရန်ကိုင်ကိုယ်တိုင်ကလည်း ဟိတ်ဟန်တကြီး အမူအယာဖြင့် ရှေ့သို့တလှမ်းတိုးလျက် ချိုကျဲမှ ထုတ်လွှတ်နေသော ဧကရာဇ်ဖိအားကို ခုခံရင်း ပြောလိုက်လေသည်။ “လျို့ယန်… သူတို့တွေကို ကမ္ဘာငယ်လေးထဲဆီ ခေါ်သွားလိုက်ပေတော့… ဒီလူအိုကြီးကို ငါရင်ဆိုင်ထားလိုက်မယ်…”
ချိုကျဲသည် မကြာသေးခင်ကမှ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်လာခဲ့သူတစ်ဦး ဖြစ်ကာ သူ့ကျင့်ကြံခြင်းမှာ တည်ငြိမ်ခြင်း မရှိသေးချေ။ ထိုကဲ့သို့သော လူတစ်ဦးကို ရန်ကိုင်ကြောက်နေလိမ့်မည်မဟုတ်။
ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာငယ်လေးထဲတွင် ရန်ကိုင်သည် ဧကရာဇ်တတိယအဆင့်သို့ပင် ရောက်နေသော အလောင်းကောင်ရုပ်သေးရုပ်တစ်ရုပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သေးသည် မဟုတ်ပေလော။ ထိုတိုက်ပွဲတွင် သူ့ဝှက်ဖဲအကုန်အစင်ကို ထုတ်သုံးခဲ့ရရုံမက ကျောက်တုံးကိုယ်ပွားနှင့် လျို့ယန်တို့၏ အကူအညီကိုပါ ယူခဲ့ရသည့်တိုင် အနည်းဆုံးတော့ ချိုကျဲထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည့် အတွေ့အကြုံကို ရရှိခဲ့ပေသည်။ ထိုကဲ့သို့ပင် အားကောင်းလှသည့် လူမျိုးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးလေရာ ဧကရာဇ်ပထမအဆင့်သို့ မကြာသေးခင်ကမှ ရောက်ရှိလာသော ချိုကျဲကဲ့သို့သောလူကို ဘာကြောင့်များ ကြောက်ရွံ့နေရဦးမည်နည်း။
ယခု သူ့ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သည် သူအသစ်ရရှိထားသည့် ခွန်အားကို စမ်းသပ်ရန် အလွန်ကိုမှ စိတ်ဆန္ဒပြင်းပြနေခဲ့လေသည်။
ပြင်းထန်လှသည့် ဧကရာဇ်ဖိအားသည် ဒီရေလှိုင်းလုံးနှယ် သူတို့အား အဆက်မပြတ် လာရောက်ရိုက်ခတ်နေခဲ့လေသည်။
ရီဟန်နှင့် အခြားသူများမှာ အခြေအနေမကောင်းကြချေ။ ရန်ကိုင်သာ သူတို့ရှေ့မှနေ၍ ကာကွယ်ပေးထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး သတိလစ်နေလောက်ပေပြီ။
“သခင်… ရှင့်ကိုယ်ရှင် သိပ်ပြီး ယုံကြည်ချက်မရှိလို့ရှိရင် သူတို့ကို ခဏလောက် အချိန်ဆွဲထားပေးလေ… ကျန်တဲ့တာဝန်ကို ကျွန်မတာဝန်ထားလိုက်…” လျို့ယန်က သူ့နောက်မှ တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
ရန်ကိုင် ကြောင်သွားခဲ့လေ၏။ လျို့ယန် မည်သည့်နေရာက ထိုယုံကြည်ချက်ကို ရလာမှန်း သူမသိချေ။ လျို့ယန်သည် ချိုကျဲ၏တိုက်ကွက်ကို ရင်ဆိုင်ပြီးသည့်တိုင် မည်သည့်ဒဏ်ရာမှ မရခဲ့သော်ငြား သူမ၏ ခန္ဓာကိုယ်မှာလည်း အလွန်တရာကိုမှ မာကြောသော်ငြား ဤနေရာတွင် သူမရင်ဆိုင်မည့်သူသည် တစ်ယောက်တည်း ရှိနေခြင်းမဟုတ်။ ထို့အပြင် ချိုကျဲကဲ့သို့သော ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် မည်ကဲ့သို့များ ရင်ဆိုင်ရလွယ်ကူပါမည်နည်း။
ရန်ကိုင်ကိုယ်တိုင်ပင်လျှင် လူအားလုံးကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိချေ။ သူ၏ မူလအစီအစဉ်မှာ ထိုလူများ၏ တိုက်ခိုက်လိုစိတ်ကို ပျက်ပြားသွားအောင် လုပ်ရန်သာ ဖြစ်လေသည်။ ချိုကျဲကို သတ်နိုင်လျှင်တော့ အကောင်းဆုံးသာ ဖြစ်လေသည်။ မသတ်နိုင်လျှင်ပင် ဒဏ်ရာဆိုးဆိုးရွားရွား ရသွားအောင် လုပ်နိုင်လျှင်လည်း အဆိုးကြီးတော့ မဟုတ်ချေ။ ချိုကျဲကိုသာ အနိုင်ယူလိုက်နိုင်သရွေ့ ကျန်သည့်လူများသည် သူ့အား ဆက်လက် ယှဉ်ပြိုင်တိုက်ခိုက်ရဲကြတော့လိမ့်မည် မဟုတ်။
သို့သော်ငြား လျို့ယန်၏ တည်ငြိမ်ပြီး ယုံကြည်ချက်ရှိသည့် လေသံသည် ရန်ကိုင့်အား စိတ်ဝင်စားသွားစေခဲ့လေသည်။
ထိုပညာရှင်အားလုံးကို ရင်ဆိုင်ရမည်ဆိုသည့်တိုင် လုံးဝပင် ထိတ်လန့်သွားခြင်းမရှိရလေအောင် လျို့ယန်သည် သူမ၏ စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်ဆီမှ မည်ကဲ့သို့သော ဝှက်ဖဲကိုများ ရထားလေသနည်းဟု ရန်ကိုင် တွေးမိသွားခဲ့လေသည်။
သို့သော်ငြား ဤအချိန်သည် ထိုမေးခွန်းကို မေးရမည့်အချိန် ဟုတ်မနေသည့်အတွက်ကြောင့် ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည်။ “နင့်ကိုယ်နင် ဘယ်လောက်သေချာလဲ…”
လျို့ယန်က ပြန်ပြောလိုက်လေသည်။ “တစ်ရာရာခိုင်နှုန်း သေချာတယ်…”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင် လျို့ယန်ဘက်သို့ အံ့ဩတကြီး လှည့်ကြည့်လိုက်မိလေသည်။ ထိုအခါမှသာ လျို့ယန်နောက်နေခြင်းမဟုတ်မှန်း နားလည်သွားခဲ့လေ၏။ ထို့ကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ကောင်းပြီလေ… အဲ့ဒါဆို ငါစောင့်နေပြီး ကြည့်နေမယ်…”
“လက်တစ်ဖက်ရည်တစ်ခွက်စာအချိန်ပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် လျို့ယန်သည် ချက်ချင်း တင်ပလင်ခွေထိုင်၍ မျက်လုံးများကို ပိတ်ချလိုက်လေသည်။
သူမ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း မည်သူမျှ မသိကြ။ ရီဟန်မှာ ထိုမြင်ကွင်းကိုကြည့်ရင်း ပို၍ စိုးရိမ်လာခဲ့လေသည်။ ရန်ကိုင့်ကို ထွက်ပြေးရန်လည်း သူ့မျက်လုံးဖြင့် အဆက်မပြတ် အချက်ပြနေလေ၏။ ထိုအချင်းအရာကိုမြင်သော် ဟွာချင်းစီသည် ရီဟန်အား သွား၍ နှစ်သိမ့်ပေးလိုက်လေသည်။ “စိတ်မပူနဲ့ ဂိုဏ်းချုပ်ရီ… သခင်လေးရန်မှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသား… ကျွန်မတို့ကို ဒုက္ခရောက်အောင် လုပ်မှာမဟုတ်ဘူး…”
ရန်ကိုင်သည် လေဟာနယ်တာအိုတွင် ကျွမ်းကျင်ထားလေသည်။ ထို့အပြင် သူတို့နောက်ဘက်၌ ဟင်းလင်းပြင်အစီအရင်တစ်ခုလည်း ရှိနေသေး၏။ သူတို့မနိုင်လျှင်ပင် ဤဟင်းလင်းပြင်အစီအရင်ကိုသုံး၍ ကမ္ဘာငယ်လေးထဲသို့ ပြန်သွားနိုင်ပေသည်။ ထို့ကြောင့် ကြောက်နေစရာ ဘာအကြောင်းမှ မရှိချေ။
ထို့အပြင် လျို့ယန် ဘာလုပ်ချင်နေသလဲ ဆိုသည်ကိုလည်း သူမလည်း သိချင်နေမိ၏။
သူမပြောသည်ကို ကြားသည့်အခါ ရီဟန်လည်း ဘာမှ မတတ်နိုင်တော့ဘဲ ရန်ကိုင် မှော်ဆန်ဆန်ကိစ္စရပ်တစ်ခုကို လုပ်ပြပါစေဟုသာ ကြိတ်၍ မျှော်လင့်ရလေတော့သည်။
“အစ်မဟွာ… သူတို့ကို ဂရုစိုက်ထားနော်… အခြေအနေမဟန်ဘူးဆိုလို့ရှိရင် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းပြီး ကမ္ဘာငယ်လေးထဲ ဝင်သွားလိုက်…” ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် ရန်ကိုင့်၏အရှိန်အဝါ ရုတ်ချည်း ဖြာထွက်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ဆီမှ နိယာမစွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ချိုကျဲမှ ထုတ်လွှတ်နေသော ဧကရာဇ်ဖိအားကို အသာအယာ ချေဖျက်ပြသွားခဲ့လေသည်။
“မင်းမှာ အရည်အချင်း နည်းနည်းပါးပါး ရှိနေတာပဲ… မင်းမောက်မာရဲတာ အံ့ဩစရာ မဟုတ်တော့ဘူး…” ချိုကျဲက အနည်းငယ် အံ့အားသင့်နေသည့်လေသံဖြင့် ပြောလိုက်လေသည်။
သူသည် ဧကရာဇ်အဆင့်သို့ ရောက်ရှိနေသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်အဆင့်နှင့် တာအိုသခင်အဆင့်ကြား မည်မျှ ကွာခြားချက်ကြီးမားကြောင်းကို ကောင်းကောင်းသိပေသည်။ ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် သူ့ခွန်အားမှာ ဆယ်ဆမက မြင့်တက်လာခဲ့ရလေသည်။ ထို့အတွက်ကြောင့် မည်သည့်တာအိုသခင်အဆင့် ကျင့်ကြံသူကိုမဆို တိုက်ကွက်သုံးကွက်အတွင်း အနိုင်ယူနိုင်သည်ဟု ယုံကြည်ချက်အပြည့် ရှိပေသည်။
ယခင်ကတော့ သူ့ဘက်မှ ဧကရာဇ်ဖိအားကို ထုတ်လွှတ်လိုက်သည့်နောက် မည်သူမျှ ခုခံနိုင်လိမ့်မည်မဟုတ်ဘဲ သူပြုသမျှ နုရမည့်ဘဝသို့ ရောက်သွားရလိမ့်မည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်ကိုမြင်လိုက်သည့်အခါမှသာ သူ့အထင်မှားနေမှန်း နားလည်သွားခဲ့လေသည်။ ဧကရာဇ်ပညာရှင်တစ်ဦး၏ ဧကရာဇ်ဖိအားကို ချိုးဖြတ်ပစ်နိုင်သည့် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ဤလောကကြီးတွင် ရှိနေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။
ထိုကောင်လေး၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေသော နိယာမစွမ်းအားမှာ သန့်စင်ပြီး နက်နဲဆန်းကြယ်လှသည်။
ရန်ကိုင်သည် သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးမဟုတ်မှန်း ချိုကျဲ ချက်ချင်း နားလည်သွားခဲ့လေသည်။ ဟွာချင်းစီထုတ်ပြသွားသည့် စွမ်းရည်ကိုပါ မြင်ပြီးသွားသည့်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူတို့နှစ်ဦးသည် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းမှ လာခြင်း ဖြစ်မည်ဆိုသည့် သူ၏ ခန့်မှန်းချက်အပေါ် ပို၍ ယုံကြည်သွားလေတော့သည်။
ထိုသို့ပြောပြီးသည့်နောက်တွင် ချိုကျဲမှာ ရှက်ရှက်ဖြင့် ဒေါသထွက်သွားခဲ့လေသည်။ ချက်ချင်းပဲ လက်ကွက်များကို ဖန်တီးလျက် သူ၏ ဧကရာဇ်ဖိအားကို ထပ်၍ မြှင့်တင်လိုက်လေ၏။
သူ့ကဲ့သို့သော ဧကရာဇ်ပညာရှင်တစ်ဦးသည် တာအိုသခင်အဆင့် ပညာရှင်တစ်ဦးကို အနိုင်ယူရန်အတွက် သွားရောက်ယှဉ်ပြိုင်တိုက်ခိုက်ရသည်ဆိုသည့် အကြောင်းသာ ပြန့်သွားခဲ့လျှင် လူရယ်စရာ ဖြစ်ပေလိမ့်မည်။ ထို့အတွက်ကြောင့် ပထမဦးဆုံးတိုက်ကွက်ကို စတင်ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခွန်အားအကုန်ကို ထုတ်သုံးလိုက်လေတော့သည်။
တကယ်တော့ သူ၏ ဧကရာဇ်ဖိအားမှာလည်း အတော်လေးကိုမှ အသုံးဝင်လှသည်။ ချိုကျဲမှ လက်ကွက်များကို ဖန်တီးလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင့်၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့လေသည်။ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသော သူ့မျက်နှာမှာလည်း ရုန်းကန်နေသည့် အရိပ်အယောင်များ စတင် ပြလာခဲ့လေ၏။
ထိုစဉ်မှာပင်လျှင် ပုံရိပ်တစ်ခု လေထဲသို့ ခုန်တက်လာခဲ့လေသည်။ ချိုကျဲသည် တောင်ဝှေးကိုကိုင်စွဲရင်း တောင်ဝှေးထဲသို့ အရင်းအမြစ်ချီများကို ထည့်သွင်းလျက် ဒေါမာန်တကြီး အမူအယာဖြင့် အော်ပြောလိုက်လေ၏။ “သေလိုက်ပေတော့ ခွေးကောင်လေး…”
ထိုကဲ့သို့ ပြောပြီးသည်နှင့် သူ့တောင်ဝှေးကို ရန်ကိုင်တည့်တည့်သို့ ရိုက်ချလိုက်လေသည်။
သူကိုယ်တိုင်သာဆိုလျှင် ရန်ကိုင့်အား သတ်နိုင်လိမ့်မည်မဟုတ်မှန်း လော့ကျင်း ကောင်းကောင်း သိနေခဲ့သည်။ ယခင်က ရန်ကိုင်သည် တာအိုသခင် ဒုတိယအဆင့်သာ ရှိသေးသည့်တိုင် သူ့အား တစ်ချက်ကလေးပင် ပြန်မတိုက်နိုင်သည်အထိ ဖိအားပေးနိုင်ခဲ့လေသည်။ ယခုဆိုလျှင် ရန်ကိုင်သည် တာအိုသခင် တတိယအဆင့်သို့ပင် ရောက်နေခဲ့လေပြီ။ သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ ပို၍ ကြီးမားသွားခဲ့လေပြီ။ ထို့အတွက်ကြောင့် သူ့ဘာသာသူဆိုလျှင် ရန်ကိုင်အား မည်သည့်နည်းနှင့်မျှ အနိုင်ယူနိုင်လိမ့်မည်မဟုတ်။
ထို့အတွက်ကြောင့်ပင်လျှင် ချိုကျဲ၏ဧကရာဇ်ဖိအားကြောင့် မလှုပ်ရှားနိုင်ဖြစ်နေစဉ်အတောအတွင်း လော့ကျင်းသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။
ယခုအချိန်သည် ရန်ကိုင့်အားတိုက်ခိုက်ရန် အကောင်းဆုံးအချိန် ဖြစ်ပေသည်။ ရန်ကိုင့်အား သူ့တိုက်ကွက်ဖြင့် တစ်ချက်တည်း အမြစ်ဖြတ်ပစ်နိုင်ရေးအတွက် သူ့တိုက်ကွက်ထဲတွင် သူ့ခွန်အားအကုန်အစင်ကိုပါ ထည့်သွင်းထားခဲ့လေ၏။
ချိုကျဲကမူ ရန်ကိုင် သေသေရှင်ရှင်ကို ဂရုစိုက်မနေခဲ့ပေ။ သူလိုအပ်နေသည်မှာ ရန်ကိုင်၏အလောင်းသာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် လော့ကျင်း၏လုပ်ရပ်ကိုလည်း ဂရုစိုက်မနေခဲ့။
လော့ကျင်း၏ တောင်ဝှေးသည် မြေကမ္ဘာတစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်သည့် အရှိန်အဟုန်ဖြင့် ရန်ကိုင်တည့်တည့်သို့ ကျဆင်းလာခဲ့လေသည်။
ထိုအချင်းအရာကိုကြည့်ရင်း လော့ကျင်းမျက်နှာထက်ရှိ အပြုံး ပိုပို၍ ပီပြင်လာခဲ့သည်။ လက်စားချေမှုကို ဆာလောင်သည့် အရိပ်အယောင်တို့မှာလည်း သူ့မျက်လုံးထဲ တရိပ်ရိပ် တောက်ပနေခဲ့လေသည်။
ဤအချိန်တွင် ချိုကျဲသည်ပင်လျှင် လော့ကျင်းနှင့် အတူတကွ ပူးပေါင်းနေခဲ့လေ၏။ ရန်ကိုင် မလှုပ်ရှားနိုင်စေရန်အတွက် သူ၏ ဧကရာဇ်ဖိအားကို အဆုံးစွန်ထိ မြှင့်တင်ထားခဲ့လေသည်။
“ဘုန်း…”
တောင်ဝှေးပြုတ်ကျလာချိန် ရန်ကိုင်ရပ်နေခဲ့သည့် နေရာ၌ တွင်းနက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
လော့ကျင်းသည်လည်း မြေပြင်ပေါ်သို့ ပြန်ဆင်းလာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ရှိသမျှအရာအားလုံးကို ဝါးမျိုပစ်နေသော တွင်းနက်ကြီးကို ကြည့်ရင်း သားရဲတစ်ကောင်နှယ် အားပါးတရ အော်ရယ်မောလိုက်လေ၏။
“မကောင်းတော့ဘူး…” ချိုကျဲက လှမ်းအော်ပြောလိုက်လေ၏။ သူ့အမူအယာမှာလည်း အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။ သူသည် ရန်ကိုင့်အား လှုပ်မရအောင် ဧကရာဇ်ဖိအားဖြင့် အဆက်မပြတ် ဖိနှိပ်ထားခြင်း ဖြစ်လေသည်။ သို့သော်ငြား လော့ကျင်း၏တောင်ဝှေး ရန်ကိုင့်အား ထိခါနီးတွင် ရန်ကိုင်သည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်ကို ချိုကျဲ ခံစားမိလိုက်သည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်သွားသလဲဆိုသည်ကို ချိုကျဲမသိ။ သို့သော်ငြား ထိုကဲ့သို့ဖြစ်ပြီးသည့်နောက်တွင် ရန်ကိုင်၏အရိပ်အယောင်ကို လုံးဝ အာရုံခံမရတော့ချေ။
“ခင်ဗျားမှာ အသက်ရှင်ခွင့် ရှိခဲ့ဖူးတယ်… ဒါပေမဲ့ ခင်ဗျားက အသက်မရှင်ချင်ပဲ ငရဲသွားတဲ့လမ်းကိုပဲ ရွေးချင်နေမှတော့ ကျုပ်ကလည်း ခင်ဗျားဆန္ဒအတိုင်း ဖြည့်ဆည်းပေးရတာပေါ့…” ခြောက်ခြားဖွယ်ကောင်းသည့် အေးစက်စက် အသံတစ်သံသည် လော့ကျင်း၏နောက်ဘက်ဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံကိုကြားပြီးသည့်နောက် လော့ကျင်း ခေါင်းမွေးထောင်သွားခဲ့ပြီး ခြေထောက်များလည်း ကတုန်ကယင် ဖြစ်လာခဲ့လေ၏။
“မြို့သခင်လော့… သတိထား…”
“မြို့သခင်လော့…. ခင်ဗျားနောက်မှာ…”
ရွမ်ဟုန်ပိုနှင့် မူကွမ်းတို့သည့် ကြောက်လန့်တကြား အမူအယာများဖြင့် လော့ကျင်းအား လှမ်းအော်ဟစ် သတိပေးလိုက်ကြလေသည်။
လော့ကျင်း၏နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့လေသည်။ ထိုအခိုက်အတန့်တွင် လော့ကျင်းသည် ပတ်ဝန်းကျင်အား ကောင်းကင်စိတ်အာရုံဖြင့် သေချာဖြန့်ကျက် စစ်ဆေးကြည့်လိုက်လေသည်။ ထိုအခါမှသာလျှင် သူ့နောက်ဘက်မှ ထွက်ပေါ်လာနေသည့် အေးစက်စက် သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်လေ၏။
ထိုသို့ခံစားမိလိုက်သည့်နောက်တွင် တစ်ချက်ကလေးမှပင် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား သူဘာဆိုဘာမှ မလုပ်နိုင်သေးခင်မှာပင် သူ့ရင်ဘတ် စူးအောင့်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း လှုပ်မရ ဖြစ်သွားခဲ့လေသည်။ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော သွေးများနှင့် အရင်းအမြစ်ချီများသည်ပင်လျှင် တမုဟုတ်ချည်း ရပ်တန့်သွားကုန်ကြလေ၏။
မျက်လုံးအပြူးသားဖြင့် သူ့ရင်ဘတ်နေရာသို့ ကြောက်ကြောက်လန့်လန့်ဖြင့် ငုံ့ကြည့်လိုက်ရာ ကျောဘက်မှ ရင်ဘတ်အထိ ဖောက်ဝင်နေသော ဓါးတစ်ချောင်းကို တွေ့လိုက်ရလေသည်။
“ကျုပ် အသက်ရှင်ခွင့်ပေးခဲ့တုန်းက မြို့သခင်လော့က အဲ့ဒါကို တန်ဖိုးမထားခဲ့ဘူး… အဲ့လိုဆိုမှတော့လည်း စောစောသေပြီး စောစောလူပြန်ဝင်စားလိုက်ပေတော့ပေါ့…” ရန်ကိုင်က အေးစက်စက်လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ သူ၏အရင်းအမြစ်ချီကို ထည့်သွင်းလိုက်သည့်နောက် သူ့လက်ထဲတွင် ရှိနေသော အနန္တဓါးမှာ စတင်၍ တုန်ခါလာတော့လေသည်။
ထို့နောက်တွင် လော့ကျင်းမှာ အော်ခွင့်ပင် မရလိုက်ဘဲ သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားတော့လေသည်။
ရန်ကိုင့်အတွက်မူ လော့ကျင်းသည် ကျေးဇူးမသိတတ်သည့် လူတစ်ယောက်ဖြစ်သည်။ လော့ပင်းမျက်နှာကြောင့် သူ့အား အသက်ရှင်ခွင့် ပေးခဲ့သော်ငြား လော့ကျင်းသည် တန်ဖိုးထားရကောင်းမှန်း မသိဘဲ ချိုကျဲနှင့်အခြားသူများနှင့် ပေါင်းကာ ရွက်တစ်ထောင်ဂိုဏ်းကို လာရောက်တိုက်ခိုက်ခဲ့လေသည်။ ထို့ကြောင့် ထိုကဲ့သို့သော လူမျိုးကို ရန်ကိုင့်အနေဖြင့် နောက်တစ်ကြိမ် မည်သို့မျှ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
လော့ကျင်းသေသွားပြီးသည့်နောက်တွင် ရန်ကိုင်သည် လော့ကျင်းကျန်ရစ်ခဲ့သော သိုလှောင်လက်စွပ်နှင့် တောင်ဝှေးကို ကောက်ယူ၍ ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်လိုက်လေ၏။
အဘက်ဘက်ဆီမှ လေအေးရှိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။ မူကွမ်း၊ ရွမ်ဟုန်ပိုနှင့် အခြားသူများသည် ထိုမြင်ကွင်းအား ကြောက်လန့်တကြားဖြင့် ကြည့်ရင်း နောက်သို့ အလိုလို ဆုတ်သွားကြလေ၏။
သူတို့မျက်လုံးဖြင့်သာ တပ်အပ်မမြင်ခဲ့ရလျှင် လော့ကျင်း ဤမျှ အလွယ်တကူ သေသွားသည်ဆိုသည့်အပေါ် ယုံကြည်နိုင်လိမ့်မည် မဟုတ်ချေ။
လော့ကျင်းသည် တာအိုသခင် တတိယအဆင့် ပညာရှင်တစ်ဦးဖြစ်ကာ သူ့ခွန်အားမှာလည်း သူတို့ထက် မသာလျှင်ပင် အဆင့်တူတွင် ရှိနေပေသည်။ သူတို့သာ လော့ကျင်းနှင့် တစ်ယောက်ချင်းယှဉ်တိုက်ခိုက်မည်ဆိုပါက လော့ကျင်းကို အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်မရှိကြပေ။ သို့သော်ငြား ရန်ကိုင်ကမူ တိုက်ကွက်တစ်ကွက်တည်းဖြင့် လော့ကျင်းအား အလွယ်တကူ သတ်ပြသွားခဲ့သည်။
ထို့အပြင် ရန်ကိုင်သည် ချိုကျဲ၏ ဖိနှိပ်မှုအောက်တွင်ပင် ထိုကဲ့သို့ လုပ်ပြသွားခဲ့ခြင်း ဖြစ်လေသည်။ ချိုကျဲ၏ ဖိနှိပ်ထားခြင်းသာ မခံရပါက လော့ကျင်း ပို၍ပင် မြန်မြန် သေသွားရပေလိမ့်မည်။
(ဒီကောင်က ဘယ်သူလဲကွ… ငါတို့ကို အရူးလုပ်ချင်လို့ ဧကရာဇ်အဆင့်ကို ရောက်နေတဲ့ သူ့ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတာတော့ မဟုတ်ပါဘူးနော်…)
မူကွမ်းနှင့် အခြားသူများ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကုန်ကြလေသည်။ ယခုမှသာလျှင် ချိုကျဲနောက်သို့ လိုက်ပြီး ရွက်တစ်ထောင်ဂိုဏ်းအား လာပြဿနာမရှာသည်မှာ ပိုမိုကောင်းမွန်သည့် လုပ်ရပ်မှန်း သူတို့အားလုံး နားလည်သွားခဲ့ကြသည်။ သို့သော်ငြား လုပ်ပြီးမှဖြင့် ဘာထူးတော့မည်နည်း။
ရန်ကိုင်သည် တာအိုသခင် တတိယအဆင့်ဖြင့်ပင်လျှင် ဤကဲ့သို့ လုပ်ပြနိုင်လေရာ သူသာ ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဆိုပါက သူတို့အနေဖြင့် မည်ကဲ့သို့များ အသက်ရှင်နိုင်ပါဦးမည်နည်း။ ချက်ချင်းဆိုသလို ဂိုဏ်းအသီးသီးမှ ဂိုဏ်းခေါင်းဆောင်များ စတင်၍ စိတ်ပူစိုးရိမ်လာကြလေတော့သည်။
ရီဟန်သည်လည်း ထိုမြင်ကွင်းကိုကြည့်ရင်း အလားတူ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။ သို့သော်ငြား ထိတ်လန့်တုန်လှုပ်သည်ဟု ပြောရမည့်အစား စိတ်လှုပ်ရှားနေသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ရန်ကိုင်မည်မျှ အားကောင်းသလဲ ဆိုသည်ကို ရီကျင်းဟန်ပြောပြထားသဖြင့် ကြားဖူးသော်ငြား ကြားရခြင်းနှင့် ကိုယ်တိုင်မြင်ရခြင်းသည် လုံးဝမတူသည့် ကိစ္စနှစ်ရပ် ဖြစ်ပေသည်။
(ငါတို့ရွက်တစ်ထောင်ဂိုဏ်း ရှင်သန်နိုင်သေးတယ်…)
ရီဟန်၏ မျှော်လင့်ချက်မဲ့နေသည့် မျက်လုံးများထဲ မျှော်လင့်ချက်အလင်းရောင်တို့ စတင် ထွက်ပေါ်လာခဲ့လေသည်။ ရီကျင်းဟန်၏လက်ကို အသာအယာပုတ်လျက် အားနည်းဖျော့တော့နေသည့် လေသံဖြင့် ပြောလိုက်လေသည်။ “ကျင်းဟန်… သမီးက တကယ်တော်တာပဲ… ဒီကနေ့သာ အဖေတို့ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင် နောက်ပိုင်း သမီး သခင်လေးရန်နောက်ကို ပိုပြီး လိုက်သင့်တယ်…”
ရီကျင်းဟန်နှင့် တုရှန်းတို့သည် ငယ်ကျွမ်းဆွေများ ဖြစ်နေသည့် အတွက်ကြောင့်သာမဟုတ်လျှင် သူ့အနေဖြင့် သူ့သမီးကို ရန်ကိုင်နှင့်ပင်လျှင် ပေးစားချင်ပေသည်။
ထိုကဲ့သို့သော အလားအလာရှိသည့် လူငယ်လေးတစ်ဦးနှင့် ရွက်တစ်ထောင်ဂိုဏ်းကြား ဆက်ဆံရေးတစ်ခု ထူထောင်ထားနိုင်မည်ဆိုပါက သူတို့ဂိုဏ်းအတွက် အဖိုးတန်ကောင်းချီးတစ်ခုပင် ဖြစ်သည်ဟု ပြောရပေမည်။
“ဟုတ်ကဲ့အဖေ…” ရီကျင်းဟန်၏ မျက်လုံးလေးများမှာလည်း တဖျတ်ဖျတ်ကို တောက်ပနေခဲ့လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရန်ကိုင်သည် မြို့သခင်စံအိမ်တွင် မည်သူမျှ မထင်ထားသည့် လုပ်ရပ်တစ်ခုကို လုပ်ပြသွားနိုင်ခဲ့သည်။ ပညာရှင်ပေါင်းများစွာကို ဖိနှိပ်၍ မှော်ဆန်ဆန်ဖြစ်ရပ်တစ်ခုကို ဖန်တီးပြသွားခဲ့သည်။ ယနေ့ ဤအချိန် ဤနေရာတွင်ရော သူ့အနေဖြင့် ထိုကဲ့သို့ မှော်ဆန်ဆန် ကိစ္စရပ်တစ်ခုကို ထပ်မံ ဖန်တီးပြနိုင်ဦးမည်လား။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၄၃)
“ဒီဘုရင်ရှေ့မှာ မင်းက လူသတ်ရဲတယ်ပေါ့ ဟုတ်လား…” ချိုကျဲမှာ ဒေါသတကြီးဖြင့် အံကြိတ်တော့လေသည်။
သူကိုယ်တိုင် ဖိနှိပ်ထားလျက်နှင့် ရန်ကိုင်မှ သူ့လူတစ်ယောက်အား သတ်သွားသည့်အကြောင်းသာ သတင်းပျံ့သွားမည်ဆိုပါက လူတိုင်းသည် သူ့အား စက္ကူကျားဟုသာ ထင်ကြပေတော့မည်။
ဤတိုက်ပွဲသည် ချိုကျဲအဖို့ ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက် ပထမဦးဆုံး တိုက်သည့်တိုက်ပွဲလည်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဤတိုက်ပွဲတွင် သူ့စွမ်းအားကို ကောင်းကောင်း ထုတ်ပြရပေလိမ့်မည်။ သို့သော်ငြား လက်တွေ့သည် သူထင်ထားသကဲ့သို့ ဖြစ်မလာခဲ့ချေ။
ရန်ကိုင်မှ သူ့ရှေ့တည့်တည့်တွင် လော့ကျင်းအား သတ်ပစ်လိုက်ခြင်းသည် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူသာ ဖြစ်ပေသည်။ ချိုကျဲအနေဖြင့် ထိုကဲ့သို့သော အရှက်ခွဲမှုမျိုးကို မည်သို့များ သည်းခံနိုင်ပါမည်နည်း။
ထိုသို့ပြောပြီးသည့်နောက်တွင် ချိုကျဲသည် သူ့လက်ကောက်ဝတ်ကို လှုပ်ခါလျက် သွေးနီရောင်လှံတစ်ချောင်းကို ထုတ်ယူလိုက်လေသည်။ လှံဆီမှ ဖြာထွက်နေသော အရှိန်အဝါအရ ထိုလှံသည် တာအိုအဆင့်မြင့်မှော်ရတနာတစ်ခု ဖြစ်ပေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ဤလှံသည် ချိုကျဲ၏ သွေး၊ စိတ်စွမ်းအင်နှင့်ပါ ပျိုးထောင်ထားသည့် လှံတစ်ချောင်းလည်း ဖြစ်ပေ၏။
ချိုကျဲ ဧကရာဇ်အဆင့်သို့ ရောက်သည်မှာ မကြာသေးချေ။ ထို့အတွက်ကြောင့် သူ့တွင် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ရှိမနေခဲ့။ သို့သော်ငြား သူသာ ဤလှံအား အချိန်ပေး၍ သေသေချောချာ အားဖြည့်ပေးမည်ဆိုပါက ဤလှံသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်လာနိုင်ပေသည်။
ကံမကောင်းစွာဖြင့် သူ့၌ အချိန်ရှိမနေခဲ့ချေ။
သူ့ကဲ့သို့သော ဧကရာဇ်အဆင့်သို့ ရောက်နေသည့်လူတစ်ဦးအဖို့ တာအိုသခင်အဆင့် ပညာရှင်တစ်ဦးကို တိုက်ခိုက်ရန်အတွက် မှော်ရတနာတစ်ခုကို ထုတ်သုံးရသည်မှာ တကယ်ကို ရှက်ဖွယ်ကောင်းပေသည်။ သို့သော်ငြား ယခုအချိန်တွင်တော့ ချိုကျဲအနေဖြင့် ရှက်မနေနိုင်တော့ချေ။
လှံကို ဆုပ်ကိုင်လိုက်သည်နှင့် ချိုကျဲဆီမှ ဖြာထွက်လာနေသည့် အရှိန်အဝါမှာ ပို၍ ပြင်းထန်လာနေခဲ့လေသည်။ သွေးနီရောင်လှံ၏ အရှိန်အဝါသည် ချိုကျဲနှင့် လုံးဝကို ဆက်စပ်နေပေသည်။ သူတို့နှစ်ဦး၏ အရှိန်အဝါမှာ တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွားသည့်အလား ပို၍ကို အားကောင်းလာခဲ့လေ၏။ မှော်ရတနာကို ထုတ်ယူပြီးသည့်နောက်တွင် ချိုကျဲသည် သူမျက်နှာပျက်သွားခဲ့ရသည်ကို ပြန်လည်အဖတ်ဆယ်နိုင်ရန်အတွက် ရန်ကိုင့်အား တိုက်ကွက်တစ်ကွက်တည်းဖြင့် အသေသတ်ရန် ကြိုးစားလိုက်လေသည်။
“ရွှစ် ရွှစ် ရွှစ်…”
မရေမတွက်နိုင်သော သွေးနီရောင်လှံများသည် မိုးသီးမိုးပေါက်များ ကြွေကြလာသည့်နှယ် ရန်ကိုင့်ဆီသို့ စုပြုံတိုးဝင်သွားလေ၏။ ကောင်းကင်တစ်ခုလုံးသည် သွေးရောင်လွှမ်းသွားခဲ့ပြီး ရက်စက်ကြမ်းတမ်းလှသည့် သတ်ဖြတ်လိုစိတ်တို့မှာ အဖက်ဖက်သို့ ဖြာထွက်လာခဲ့လေသည်။
ရန်ကိုင်ကလည်း သူ၏အနန္တဓါးကို သုံး၍ ပြန်လည်ခုခံ တိုက်ခိုက်လိုက်လေသည်။
သူသည် ချိုကျဲနှင့် ချီယွဲ့တို့ကြားတွင် ရှိနေခြင်းဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ချိုကျဲ၏တိုက်ခိုက်မှုကို ရှောင်၍မရ။ သူသာ ရှောင်လိုက်မည်ဆိုပါက ချိုကျဲ၏တိုက်ကွက်သည် ချီယွဲ့နှင့် အခြားသူများကို ထိမှန်သွားပေလိမ့်မည်။
သာမန်တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဆိုပါက ယခု ချိုကျဲထုတ်သုံးလိုက်သည့် တိုက်ကွက်ကြောင့် တစ်စစီ ဖြစ်သွားလောက်ပေပြီ။
သို့သော်ငြား ရန်ကိုင်သည် သာမန်တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်သလို သူ့တွင်လည်း ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ရှိနေခဲ့လေသည်။
“ဘုန်း ဘုန်း ဘုန်း…”
ဓါးချီနှင့် လှံချီတို့ ထိပ်တိုက်တွေ့ဆုံရာမှ အလွန်ပြင်းထန်သည့် စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့ပြီး မြေပြင်တစ်ခုလုံးသည်လည်း မြင်းများ ကဆုန်ပေါက်ပြေးလာသည့်နှယ် အဆက်မပြတ် တုန်ခါလာခဲ့လေသည်။
ထိုသို့တိုက်ခိုက်နေစဉ်အတွင်းမှာပင် ချိုကျဲ၏အမူအယာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်လေ၏။ ထို့နောက် သူ့လှံကို ဝှေ့ယမ်းလျက် ဓါးချီလှိုင်းများထဲ ရောယှက်ပါဝင်လာသော လဓါးသွားတစ်စင်းကို ဖျက်ဆီးပစ်လိုက်လေသည်။
ရန်ကိုင်ကမူ နောက်သို့ ဆုတ်မသွားခဲ့။ သို့သော်ငြား ဖြတ်တောက်သံများနှင့်အတူ သူ့ခန္ဓာကိုယ်မှ သွေးများ ဖြာထွက်လာခဲ့လေသည်။ ကြည့်ရသလောက် ဤတိုက်ပွဲတွင် ရန်ကိုင် ဒဏ်ရာအချို့ ရသွားသည့်ပုံပင်။
တကယ်တော့ ချိုကျဲသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး မဟုတ်ပေလော။ သူနှင့် ယခုကဲ့သို့ လက်ရည်တူ ယှဉ်တိုက်နိုင်သည်ကို ကြည့်လျှင်ပင် ရန်ကိုင့်၏ခွန်အားကို ခန့်မှန်းကြည့်နိုင်ပေသည်။
“ကောင်စုတ်လေး… မဟုတ်တရုတ် လှည့်ကွက်တွေ လာသုံးရဲတယ်ပေါ့ ဟုတ်လား… အရှက်မရှိတဲ့ကောင်…” ချိုကျဲမှာ စိတ်ထဲတွင် တုန်လှုပ်နေမိသော်ငြား သူတုန်လှုပ်နေကြောင်းကိုတော့ အပြင်သို့ ထုတ်မပြပေ။ အစောပိုင်းက သူ့လှုပ်ရှားမှုမြန်သွားသည့် အတွက်ကြောင့် လဓါးသွား၏ တကယ့်ပုံစံကို မမြင်လိုက်ရပေ။ သူသိသည်မှာတော့ ထိုတိုက်ခိုက်မှုသည် အလွန်ကိုမှ ခန့်မှန်းရခက်သည်ဟူ၍ပင်။
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “အခုလိုစကားပြောတာ ခင်ဗျားကိုယ်ခင်ဗျား မရှက်တတ်ဘူးလား သက်ကြားအိုကြီး…”
ရန်ကိုင် ဘာပြောချင်နေမှန်းကို ချိုကျဲနားလည်ပေသည်။ သို့သော်ငြား အချိန်ကုန်ခံပြီး ရန်ကိုင်နှင့် စကားနိုင်လုမနေချင်ပေ။ ချိုကျဲသည် သူ့လှံအား ဝှေ့ယမ်းလျက် နောက်ထပ် အားကောင်းသည့် တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် ဒေါသူပုန်ထသွားခဲ့လေသည်။ သူရှောင်လို့မရမှန်း ထိုသက်ကြားအိုကြီး ကောင်းကောင်း သိနေခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် သူ့အား ထိပ်တိုက်ရင်ဆိုင်လာအောင် အလွန်အားကောင်းသည့် တိုက်ကွက်များကို ထုတ်ဖော်နေခြင်းပင် ဖြစ်လေသည်။ ချီယွဲ့နှင့် အခြားသူများမှာ သူ့နောက်တွင် ရှိနေကြလေသည်။ သူတို့သာ မရှိလျှင်တော့ ရန်ကိုင့်အနေဖြင့် ထိပ်တိုက်ရင်မည့်အစား ရှောင်သာ ရှောင်နေပေလိမ့်မည်။ သို့သော်ငြား သူ့အနေဖြင့် ထိုကဲ့သို့ မလုပ်နိုင်ချေ။
ရန်ကိုင်သာလျှင် ထိုအကြောင်းကို သိနေခြင်းမဟုတ်။ အခြားသူများသည်လည်း သတိပြုမိပေသည်။ ရွမ်ဟုန်ပိုနှင့် အခြားသူများ၏ အမူအယာများမှာလည်း ကသိကအောက် ဖြစ်နေကြလေ၏။ သူတို့စိတ်ထဲတွင်ပင်လျှင် ချိုကျဲတွင် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ရှိသင့်ရှိထိုက်သည့် ဟန်ပန်မျိုး ရှိမနေဟု တွေးနေကြလေသည်။
သို့သော်ငြား သူတို့နှင့် ချိုကျဲမှာ တစ်လှေတည်းစီးနေကြသူများ ဖြစ်သည့်အတွက်ကြောင့် မည်သူမျှ ဘာမှမပြောကြပေ။
“တစ်တောင်ပေးလို့ တစ်မိုင်လိုချင်နေတာလား… အရှက်မရှိတဲ့ခွေးအိုကြီး…” ရန်ကိုင်သည် အနန္တဓါးထဲသို့ အရင်းအမြစ်ချီများကို ထည့်သွင်းကာ တိုက်ခိုက်နေရင်းမှ လှမ်းအော်ပြောလိုက်လေသည်။
သူ့ဓါးကို ဝှေ့ယမ်းလိုက်သည့်အခိုက် ဓါးသွားဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော လှံတံအားလုံး တစ်စစီ ပျက်စီးကုန်လေ၏။
ယခုတစ်ကြိမ်တွင်တော့ ချိုကျဲ၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသည် သူနှင့် ခွန်အားချင်း ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးချေ။ ရန်ကိုင့်အနေဖြင့် သူ့နောက်ဘက်တွင် ရှိနေသော သူ့အဖော်များကို ကာကွယ်ပေးနေရသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ဤနေရာမှ အချိန်မရွေး ထွက်ခွာသွားနိုင်သည့် လူတစ်ဦး ဖြစ်ပေသည်။
ချိုကျဲ၏တိုက်ခိုက်မှုကို ဖျက်ဆီးလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် တစ်ချက်ကလေးမှပင် အချိန်ဆွဲမနေခဲ့ပဲ လဓါးသွားနှစ်စင်းကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်လေသည်။
ထိုလဓါးသွားကိုမြင်သော် ချိုကျဲ၏မျက်လုံးများ မှေးစင်းသွားခဲ့လေ၏။ ထိုအနက်ရောင်ဓါးသွားများဆီမှ အားကောင်းလှသော လေဟာနယ်နိယာမစွမ်းအားများ ဖြာထွက်နေသည်ကို သူအတိုင်းသား ခံစားမိနေခဲ့လေသည်။
“လေဟာနယ်နိယာမစွမ်းအားတွေလား…” ချိုကျဲက အလန့်တကြား ထအော်လိုက်လေသည်။ သူ့ခန္ဓာကိုယ်မှာလည်း စတင် တုန်ရီလာခဲ့လေသည်။ ဧကရာဇ်ဖိအားတို့သည် ပတ်ပတ်လည်သို့ ပြန့်ထွက်သွားခဲ့ပြီး ဆယ်မီတာပတ်လည်တွင် နယ်ပယ်စက်ကွင်းတစ်ခု ဖြစ်တည်လာခဲ့လေသည်။
ထိုနယ်ပယ်စက်ကွင်းအတွင်း ချိုကျဲသည် လဓါးသွားများ၏ တည်နေရာလမ်းကြောင်းကို ခန့်မှန်းကာ ဓါးသွားများ သူ့ဆီမရောက်ခင် ကြိုတင် ဖျက်ဆီးပစ်နိုင်ပေသည်။ ထိုလဓါးသွားကို ဖျက်ဆီးပြီးသည့်နောက် ချိုကျဲတစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲလာတော့လေ၏။ သူ့မျက်နှာအမူအယာမှာလည်း အလွန်ကိုမှ ထိတ်လန့်နေခဲ့လေသည်။
ရန်ကိုင်၏ ပုံမှန်မဟုတ်သော တိုက်ပွဲစွမ်းရည်ကို မြင်တွေ့ခဲ့ရစဉ်က ချိုကျဲ ဤမျှ ထိတ်လန့်ခြင်း မရှိခဲ့။ ရန်ကိုင်သည် သူနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်လျှင်ပင် ရန်ကိုင်သည် ရှားပါးသည့် ပါရမီရှင်တစ်ဦး ဖြစ်သည်ဟု ယူဆထားခဲ့သည်။ သို့သော်ငြား ရန်ကိုင်သည် လေဟာနယ်တာအိုကို ဤမျှ အဆင့်မြင့်မြင့် ကျွမ်းကျင်ထားကြောင့် မြင်တွေ့လိုက်ရပြီးသည့်နောက်တွင် မကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်ပျက်တော့မည်ဟု သူ့မသိစိတ်ဆီမှ အချက်ပေးခေါင်းလောင်းသံတို့ တဝီဝီမြည်အောင် ထွက်ပေါ်လာခဲ့လေသည်။
လေဟာနယ်တာအိုသည် နားလည်သဘောပေါက်ရန် အလွန်ကိုမှ ခက်ခဲဆန်းကြယ်လှလေသည်။ ထိုလေဟာနယ်တာအိုကို စတင်ကျင့်ကြံရန် မဆိုထားနှင့် လေဟာနယ်တာအိုအကြောင်း နည်းနည်းပါးပါး သိမြင်ရန်ပင်လျှင် အလွန်ကိုမှ ခက်ခဲလှသည်။ ဤသည်မှာ မိမိ၏ကျင့်ကြံခြင်းပါရမီနှင့် ဘာဆိုဘာမျှ မဆိုင်တော့ချေ။ ကြယ်တာရာအစုအဝေးထဲတွင် ဧကရာဇ်အဆင့်ပညာရှင်ပေါင်းများစွာ ရှိကြသော်ငြား လေဟာနယ်တာအိုကို နားလည်ထားသည့် ဧကရာဇ်အဆင့် ပညာရှင်ဆို၍ ဘယ်လောက်များများ ရှိလို့နည်း။
သို့သော်ငြား လက်ရှိ သူ့ရှေ့တွင် ရှိနေသော လူငယ်လေးသည် လေဟာနယ်နိယာမစွမ်းအားကို သုံး၍ သူ့ရန်သူအား တိုက်ခိုက်နိုင်ခဲ့လေသည်။ ထိုအရာမှာ ဘာကိုပြောနေလေသနည်း။ ဆိုလိုသည်မှာ ကောင်လေးသည် လေဟာနယ်တာအိုကို အလွန်အဆင့်မြင့်မြင့် ကျွမ်းကျင်ထားသည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။ ထိုကဲ့သို့သော လူတစ်ဦး၏အနာဂတ်မှာ ကျိန်းသေကို တောက်ပနေပေလိမ့်မည်။ အနှေးနဲ့အမြန်ဆိုသလို ထိုလူငယ်လေးသည် ဤလောကကြီး၏ အထွဋ်အထိပ်ဆီသို့ တက်လှမ်းနိုင်ပေလိမ့်မည်။
(သူ့ကျင့်ကြံခြင်းသာ ဆက်ပြီး တိုးတက်လာလို့ရှိရင် ငါ ဒုက္ခလှလှနဲ့ တွေ့ပြီပေါ့…)
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ချိုကျဲသည် သူမျက်နှာပျက်ရမည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းပစ်ရန်သာ သူ့ခေါင်းထဲ ရှိတော့လေ၏။ ထို့အတွက်ကြောင့် ချက်ချင်း အော်ပြောလိုက်လေသည်။ “မင်းတို့ ဘာရပ်စောင့်နေကြတာလဲ… ဒီကောင့်ကိုတိုက်ကြလေ…”
ချိုကျဲ၏အော်သံကို ကြားသည့်အခါမှသာ ထိုလူများ အသိပြန်ဝင်လာကုန်ကြလေသည်။ သူတို့အားလုံးသည် အတူတကွ ပူးပေါင်း၍ ရွက်တစ်ထောင်ဂိုဏ်းကို လာရောက်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ရပ်ကြည့်ရန် လာကြခြင်း မဟုတ်ကြချေ။ ထို့အပြင် သူတို့အားလုံးသည် ရွက်တစ်ထောင်ဂိုဏ်းသား များစွာကိုလည်း သတ်ပစ်ထားခဲ့သေးသည်။ သူတို့အနေဖြင့် ရွက်တစ်ထောင်ဂိုဏ်းကိုသာ ယနေ့ အပြတ်မရှင်းပစ်ပါက ရွက်တစ်ထောင်ဂိုဏ်း ပြန်လည်ဦးမော့လာချိန် သူတို့အားလုံး ဒုက္ခရောက်ကြပေလိမ့်မည်။
“နန်းတော်သခင်ချို… ကျုပ်ခင်ဗျားကို ကူညီပေးမယ်…” လူအုပ်ကြီးထဲမှ အော်ဟစ်သံတစ်သံနှင့်အတူ ပုံရိပ်တစ်ခု ပြေးထွက်လာလေသည်။
အံ့အားသင့်ဖွယ်ကောင်းစွာပင် ချိုကျဲ၏အော်သံကို ကြားပြီးသည့်နောက် သူ့အား ပထမဦးဆုံး လာပြေးကူညီသည့်လူမှာ ရွမ်ဟုန်ပိုလည်း မဟုတ်သလို မူကွမ်းလည်းမဟုတ်ပေ။ ထို့အစား ရွက်တစ်ထောင်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်သော ရှီချန်းယင် ဖြစ်နေခဲ့လေသည်။
ရှီချန်းယင်ကို ကြည့်ရသည်မှာ ရွက်တစ်ထောင်ဂိုဏ်းအပေါ် အလွန်ကိုမှ ခါးခါးသီးသီး မုန်းတီးနေသလို ရန်ကိုင်နှင့် ရွက်တစ်ထောင်ဂိုဏ်းသားအားလုံးကို ဤနေရာတွင် အပြတ်ရှင်းပစ်ချင်နေသည့်ပုံပင်။ ပြောနေရုံပင်ရှိသေး သူ၏မှော်ရတနာကို ထုတ်ယူပြီးနေခဲ့လေပြီ။ ထို့နောက် မှော်ရတနာထဲသို့ အရင်းအမြစ်ချီထည့်သွင်းလျက် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေ၏။
ရှီချန်းယင်ပင်လျှင် စတင်လှုပ်ရှားနေပြီဖြစ်လေရာ မူကွမ်းနှင့် ရွမ်ဟုန်ပိုတို့မှာလည်း မည်ကဲ့သို့များ ရပ်ကြည့်နေနိုင်ပါဦးမည်နည်း။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် အံကြိတ်ကာ နှစ်ယောက်စလုံး စတင် လှုပ်ရှားလိုက်ကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း တာအိုတတိယအဆင့် မှော်ရတနာများစွာ၏ အရှိန်အဝါတို့ ထွက်ပေါ်လာကြလေသည်။ ထို့အပြင် တိုက်ကွက်ပေါင်းစုံတို့မှာလည်း ရန်ကိုင့်ဆီသို့ စုပြုံတိုးဝင်လာကြလေသည်။
ရန်ကိုင်သည် အလွန်ကိုမှ အားကောင်းသလို ချိုကျဲနှင့်ပင်လျှင် လက်ရည်တူယှဉ်ပြိုင်တိုက်ခိုက်နိုင်သော်ငြား တစ်ယောက်တည်းနှင့် ထိုလူအုပ်ကြီးကို မည်ကဲ့သို့များ တားဆီးထားနိုင်ပါမည်နည်း။ ချက်ချင်းဆိုသလို တိုက်ကွက်ပေါင်းစုံအောက်ထဲ နစ်မွန်းသွားပြီးသည့်နောက်တွင် ရန်ကိုင့်တစ်ကိုယ်လုံး သွေးချင်းချင်းနီသွားတော့လေသည်။
ရန်ကိုင် လူအုပ်ကြီး၏ တိုက်ကွက်များထဲ ပိတ်မိနေစဉ်အတောအတွင်း ကောင်းကင်ရောင်စဉ်နန်းတော်၊ တိမ်တိုက်ဖြူမျှော်စင်နှင့် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်မှ အခြားသောကျင့်ကြံသူများသည် အတူတကွပူးပေါင်းလျက် ချီယွဲ့နှင့် အခြားသူများဆီသို့ ပြေးဝင်သွားကြလေသည်။
ထိုအချင်းအရာကိုမြင်သော် ဟွာချင်းစီ၏မျက်နှာလေး တမုဟုတ်ချည်း အေးစက်သွားခဲ့ပြီး အလျင်အမြန်ပြောလိုက်လေ၏။ “ညီမရီ… သူတို့အားလုံးကို ကမ္ဘာငယ်လေးထဲ ခေါ်သွားလိုက်ပေတော့…”
ရီကျင်းဟန်က ပြန်မေးလိုက်လေသည်။ “ရှင်ကရော…”
ဟွာချင်းစီသည် မြေကြီးပေါ်တွင် မလှုပ်မယှက် တင်ပလင်ခွေထိုင်နေသော လျို့ယန်ကိုကြည့်လျက် ပြောလိုက်လေသည်။ “ငါ ဒီမှာ ဆက်စောင့်နေရမယ်…”
လျို့ယန် ဘာလုပ်နေလို့ လုပ်နေမှန်း မည်သူမှမသိကြချေ။ သို့သော်ငြား စပြီး တင်ပလင်ခွေ ထိုင်ချလိုက်စဉ်တည်းက လျို့ယန်သည် တစ်ချက်ကလေးမှပင် မလှုပ်ရှားခဲ့ပေ။ သူမ ရှိနေသေးသည့်အတွက်ကြောင့် ဟွာချင်းစီလည်း ထွက်သွား၍မရ။
သို့သော်ငြား ရီကျင်းဟန်က ပြန်၍ ပြောလိုက်လေသည်။ “ဒါက ရွက်တစ်ထောင်ဂိုဏ်းရဲ့ သေရေးရှင်ရေးနဲ့ ပတ်သက်နေတာကို ကျွန်မတို့က ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်မှာလဲ…”
ရီဟန်ကလည်း ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်… အပြင်လူတစ်ယောက်ဖြစ်တဲ့ သခင်လေးရန်ကတောင် ကျုပ်တို့ဂိုဏ်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနေတာ… ဂိုဏ်းချုပ်ဖြစ်တဲ့ ဒီရီက ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်မှာလဲ… ဒီလူအိုကြီး သေရမယ်ဆိုရင်တောင် ကျိန်းသေနောက်ဆုတ်မှာမဟုတ်ဘူး…”
ရီဟန်၏စကား ထွက်လာပြီးသည့်နောက်တွင် အခြားသူအားလုံးမှာလည်း သူတို့အသက်ကို ဆုံးရှုံးရန် စိတ်ပိုင်းဖြတ်ထားပြီးသည့်အလား အသီးသီးခေါင်းညိတ်လိုက်ကြလေသည်။
“ရှင်တို့…” ဟွာချင်းစီမှာတော့ စိတ်ပေါက်ပေါက်ဖြင့်သာ ခြေဆောင့်နိုင်တော့လေသည်။ သို့သော်ငြား ရီဟန်နှင့်အခြားသူများ သံဓိဌာန်ချထားသည်ကိုမြင်သော် ဆက်ပြောနေ၍လည်း အပိုမှန်း သဘောပေါက်လေသည်။ ထို့ကြောင့် ချီယွဲ့နှင့် အခြားသူများဘက်သို့သာ လှည့်ကြည့်လိုက်လေ၏။
ချီယွဲ့က ပြုံးလျက် ပြောလိုက်လေသည်။ “လူတစ်ယောက်ပိုတိုးလာရင် ကျန်တဲ့သူတွေပိုပြီး ဝန်ပေါ့တယ်… ကျွန်မတို့ကို လာပြောစရာမလိုဘူး အစ်မကြီး… အခုလိုရန်ကောင်လေးနဲ့ ပြန်တွေ့ရတာ တကယ်ကို ကံကောင်းလို့ပဲ… ကျွန်မတို့သာ နောက်တစ်ကြိမ် ထပ်ခွဲသွားရရင် ဘယ်အချိန်မှ ပြန်တွေ့နိုင်မယ်မှန်း မသိတော့ဘူး…”
ဟွာချင်းစီ သက်ပြင်းချလိုက်လေသည်။ သူမဆက်ပြောနေ၍လည်း ထိုလူများ စိတ်ပြောင်းလိမ့်မည်မဟုတ်မှန်း သိလိုက်သည့်အတွက်ကြောင့် ခေါင်းညိတ်၍သာ ပြောလိုက်လေ၏။ “ကောင်းပြီလေ… အဲ့ဒါဆိုရင်လည်း ရှင်တို့ကိုယ်တို့ သတိထားကြဦးပေါ့…”
သူတို့စကားပြောနေစဉ်အတောအတွင်း သူတို့ရှိနေသည့် နေရာတစ်ခုလုံးကို ကျင့်ကြံသူပေါင်းများစွာမှ ဝန်းရံသွားခဲ့ကြလေသည်။ သို့သော်ငြား ထိုကျင့်ကြံသူများမှာ သူတို့ဆီသို့ ချက်ချင်း ပြေးမလာကြသေးဘဲ သတိကြီးကြီးဖြင့်သာ သူတို့အား စိုက်ကြည့်နေကြလေ၏။
ထိုအခိုက်အတန့်တွင် ရန်ကိုင်ရှိနေသည့် နေရာဆီမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင် အမှန်တကယ်ကို ဒေါသထွက်သွားသည့်ပုံပင်။ ထိုဟိန်းဟောက်သံနှင့်အတူ မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခုသည် ရန်ကိုင့်ဆီမှ ပေါက်ကွဲထွက်လာခဲ့လေ၏။
ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူအယောက်နှစ်ဆယ်ကျော်နှင့်တကွ အတူပူးပေါင်းလျက် ရန်ကိုင့်အား တိုက်ခိုက်ခဲ့ကြလေသည်။ ထိုလူအုပ်ကြီး ရန်ကိုင်တစ်ယောက်တည်း မည်သို့များ ခုခံထားနိုင်ပါမည်နည်း။
အရေးကြီးအခိုက်အတန့်တွင် ရန်ကိုင့်အနေဖြင့် တည်နေရာကူးပြောင်း၍သာ ဟွာချင်းစီနှင့် အခြားသူများဆီသို့ ရှောင်တိမ်းလာခဲ့ရလေ၏။
ရန်ကိုင်သည် ရုတ်တရက် မပြောမဆိုဘဲ ဗြုန်းစားကြီး ပေါ်လာသည့်အတွက်ကြောင့် ဟွာချင်းစီတို့အား ဝိုင်းရံထားသော ကျင့်ကြံသူများမှာ အထိတ်တလန့်ဖြစ်ကာ နောက်သို့ ပြန်ဆုတ်သွားကြလေသည်။ ရန်ကိုင်သည် ချိုကျဲအား လက်ရည်တူ ယှဉ်တိုက်နိုင်ပြီး လော့ကျင်းအား တိုက်ကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်သူဖြစ်သည်။ ထိုသို့ဖြစ်လေရာ ကျန်လူများအနေဖြင့် သူ့အား မကြောက်ဘဲ ဘယ်နေမည်နည်း။
ချက်ချင်းဆိုသလို ဟွာချင်းစီတို့အား ဝိုင်းအုံနေသော လူအုပ်ကြီးမှာ နောက်သို့ အသီးသီး ပြန်ဆုတ်သွားကုန်ကြလေသည်။
“ထင်ထားတဲ့အတိုင်းပဲ ကောလဟာလတွေက တကယ်အမှန်ဖြစ်နေတာပဲ… လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ လူတွေကို သတ်ဖို့ဆိုတာ တကယ်ခက်တာပဲ…” ချိုကျဲက ပြောလိုက်လေသည်။ ချိုကျဲ ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် လူအုပ်ကြီးသည် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြလေ၏။ ချိုကျဲမှ ဦးဆောင်၍ တာအိုသခင် တတိယအဆင့် ပညာရှင်များစွာတို့သည် နောက်မှ စီတန်းလျက် ရန်ကိုင်တို့ဆီသို့ လမ်းလျှောက်လာကြလေသည်။
ရန်ကိုင်ကမူ အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
သူတစ်ယောက်တည်းဖြင့် ထိုမျှ များပြားလှသော ပညာရှင်ပေါင်းများစွာကို အနိုင်မယူနိုင်သော်ငြား ထိုလူများအဖို့ သူ့ကိုသတ်ရန်လည်း မဖြစ်နိုင်ပေ။ ထို့အပြင် သူတို့အားလုံးမှာ ဟင်းလင်းပြင်အစီအရင်ဆီ ရောက်နေသည့်အတွက်ကြောင့် အချိန်မရွေး ပြန်ဆုတ်နိုင်ပေ၏။ စိတ်ပူနေစရာ ဘာမျှမရှိပေ။ တစ်ခုခုဖြစ်လာမည်ဆိုလျှင်ပင် ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းကာ ချီယွဲ့နှင့် အခြားသူများကို ကမ္ဘာငယ်လေးထဲသို့ ခေါ်သွား၍ရပေသည်။ ထို့အပြင် ရန်ကိုင် ထုတ်မသုံးရသေးသည့် ဝှက်ဖဲများလည်း ရှိနေပေသေးသည်။
အစောပိုင်းကမူ အပြစ်မရှိသည့်လူများကို ထိခိုက်အောင် လုပ်မိမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သတိထားလျက် လှုပ်ရှားခဲ့သည်။ သို့သော်ငြား လက်ရှိအခြေအနေသည် ဤအတိုင်းအတာထိ ရောက်လာမှဖြင့် ရန်ကိုင်လည်း ဘာကိုမှ ဆက်၍ စိတ်ပူမနေတော့ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၄၄)
“ကောင်လေး… မင်းရဲ့ အခုလိုမျိုး လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့ ဒီဘုရင် မင်းကို မတားနိုင်လောက်ဘူး…” ချိုကျဲက မျက်စိပျက် မျက်နှာပျက်ဖြင့် ပြောလိုက်လေသည်။ အစောပိုင်းက တိုက်ပွဲတွင် ရန်ကိုင်၏ ခွန်အားသည် သူ့အောက် မနိမ့်ကျရုံမက သူ့ထက်ပင်လျှင် အနည်းငယ် ပိုသာကြောင်း ချိုကျဲ ပြောနိုင်သွားခဲ့သည်။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့် အချက်ပါ ထပ်ပေါင်းလိုက်သော် ရန်ကိုင်သာ ထွက်ပြေးရန် ကြိုးစားမည်ဆိုပါက ချိုကျဲအနေဖြင့် မည်သို့မျှ တားနိုင်လိမ့်မည်မဟုတ်ချေ။
တစ်နည်းဆိုရသော် ရန်ကိုင်သည် ဤနေရာမှ သူစိတ်ရှိတိုင်း ထွက်သွားနိုင်ပေသည်။ ချိုကျဲအနေဖြင့် သူမည်မျှပင် မကျေမနပ် ဖြစ်နေစေကာမူ ရန်ကိုင်အား တားနိုင်လိမ့်မည် မဟုတ်ချေ။
သို့သော်ငြား တကယ့်တကယ်တွင်မူ ရန်ကိုင်သည် ထွက်မသွားခဲ့ဘဲ ဤနေရာ၌သာ ဆက်နေခဲ့လေသည်။ သူ့မိတ်ဆွေများ ရှိနေသေးသည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် တစ်ကိုယ်တည်း ထွက်သွား၍မရ။ ထို့အတွက်ကြောင့် ချိုကျဲမှာ ထိတ်လန့်သွားခြင်းမရှိဘဲ ညစ်ကျယ်ကျယ်ပြုံး၍သာ ပြောလိုက်လေသည်။ “မင်း ထွက်သွားမယ်ဆိုရင် ဒီဘုရင်မင်းကို တားနိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ ဒီလူတွေကတော့ ဟဲ ဟဲ…”
ချိုကျဲသည် စကားများများစားစား ပြောမသွားခဲ့သော်ငြား ခြိမ်းခြောက်နေသည့် သူ့လေသံမှာတော့ အထင်းသားပင်။
“ခွေးအိုကြီးချိုကျဲ… မင်း တကယ်ကို သောက်ရှက်မရှိတာပဲ…” ရီဟန်က ဒေါသတကြီး ထအော်လေသည်။
ချိုကျဲကမူ ရီဟန်၏ အော်ဟစ်ဆဲရေးတိုင်းထွာစကားကို ကြားသော်ငြား ဒေါသထွက်သွားခြင်းမရှိဘဲ ရန်ကိုင့်ကို ကြည့်၍သာ ပြန်ပြောလိုက်လေသည်။ “ကောင်လေး… မင်းသေချာစဉ်းစားရင် ကောင်းမယ်နော်… မင်း ထွက်ပြေးမယ်ဆိုရင် ဒီကလူတွေ ဒုက္ခရောက်ရမှာ… မလုပ်ခင် မင်းဆုံးဖြတ်ချက်ကို သေသေချာချာ စဉ်းစား…”
ထိုကဲ့သို့ ပြောနေသော်ငြား ရန်ကိုင် အမှန်တကယ် ထွက်ပြေးသွားမည်ကို ချိုကျဲ စိုးရိမ်နေပေသည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက သူ့လက်ကျန်ဘဝများကို အေးအေးချမ်းချမ်း ဖြတ်သန်းရတော့လိမ့်မည် မဟုတ်ချေ။ တာအိုသခင် တတိယအဆင့်သို့သာ ရောက်သေးသော်ငြား ရန်ကိုင်သည် အလွန်တရာကိုမှ အားကောင်းနေခဲ့သည်။ သူသာ ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဆိုပါက ကောင်းကင်ရောင်စဉ်နန်းတော် လုံးဝ ဒုက္ခရောက်ရပေလိမ့်မည်။
ရန်ကိုင့်ကဲ့သို့သော လူစားမျိုးသည် ရန်မစလျှင် အကောင်းဆုံးပင် ဖြစ်ပေသည်။ ရန်စမိမည်ဆိုပါကလည်း တစ်ခါတည်း အမြစ်ပြတ်ရှင်းထုတ်သည်မှာ အကောင်းဆုံးဖြစ်၏။ ထိုသို့သာ မဟုတ်လျှင်တော့ ဆိုးရွားသည့် အကျိုးဆက်များကို ရင်ဆိုင်ရပေလိမ့်မည်။
ရန်ကိုင်သာ ထွက်မပြေးသရွေ့ အကုန်လုံး အဆင်ပြေပေသည်။ ဤနေရာတွင် ပညာရှင်ပေါင်းများစွာ ရှိနေသဖြင့် ရန်ကိုင့်အား မသတ်နိုင်မည်ကို စိုးရိမ်စရာမလို။ သူ့အနေဖြင့် တန်ရာတန်ကြေးတစ်ခုခု ပြန်ပေးဆပ်ရမည်ဆိုလျှင်ပင် ရန်ကိုင့်အား မသေသေအောင်ကို သတ်ပစ်ရပေမည်။
ရွမ်ဟုန်ပိုနှင့် အခြားသူများသည်လည်း ချိုကျဲကဲ့သို့ပင် တွေးနေကြလေသည်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ မျက်စိပျက်မျက်နှာပျက် ဖြစ်နေကြလေ၏။ ရန်ကိုင့်အား သတ်ချင်နေပါသော်ငြား ရန်ကိုင် ထွက်ပြေးသွားမည်ကိုလည်း ကြောက်ရွံ့နေခဲ့လေသည်။
ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်ပေါ်တွင် ရပ်လျက် သူ့အား ဒုက္ခရောက်အောင် လုပ်ခဲ့သော လူတစ်ဦးချင်းစီကို မှတ်သားနေသည့်အလား သူ့အား ဝိုင်းထားသော လူများ၏မျက်နှာများကို သေသေချာချာ လိုက်ကြည့်နေလေသည်။ ရန်ကိုင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသည့် ကျင့်ကြံသူအားလုံးမှာ ချက်ချင်း အကြည့်ရှောင်လွှဲသွားကြလေ၏။
“ကောင်းပြီလေ… ခင်ဗျားတို့က ကျုပ်ကို လာတွန်းအားပေးတာဆိုမှတော့ နောက်မှ နောင်တမရကြနဲ့ပေါ့…” ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်ကောက်ဝတ်ကို ထုတ်ယူလိုက်လေသည်။ သိပ်သည်းလှသည့် စွမ်းအင်အရှိန်အဝါတို့မှာ ထိုလက်ကောက်ဝတ်ဆီမှ ဖြာထွက်လာခဲ့လေ၏။ စွမ်းအင်အရှိန်အဝါ အားကောင်းခြင်းမှာ ကိစ္စမရှိ။ သို့သော်ငြား လက်ကောက်ဝတ်ဆီမှ ဖြာထွက်နေသည့် ဧကရာဇ်အရှိန်အဝါနှင့် ဧကရာဇ်စိတ်ဆန္ဒသည် ဘေးပတ်ဝန်းကျင်တွင် ရှိနေသော ကျင့်ကြံသူအားလုံးကို အံ့အားသင့်သွားစေခဲ့လေသည်။
“ဧကရာဇ်အဆင့် မှော်ရတနာလား…” ချိုကျဲ၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး သူ့စိတ်ထဲ လောဘမီးတောက်တို့ လောင်မြိုက်လာခဲ့လေသည်။
အခြားသူများသည်လည်း မျက်လုံးအပြူးသား ဖြစ်ကုန်ကြလေ၏။
ရန်ကိုင်၏အနန္တဓါးသည် ဧကရာဇ်အဆင့် မှော်ရတနာတစ်ခု ဖြစ်ပေသည်။ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးအဖို့ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုကို ပိုင်ဆိုင်ထားသည်မှာ အလွန်ကိုမှ အံ့အားသင့်ဖွယ်ရာ ကောင်းနေလေပြီ။ သို့သော်ငြား ရန်ကိုင့်တွင် အနန္တဓါးတစ်ခုသာလျှင် မဟုတ်သေးဘဲ အခြားသော ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုပါ ထပ်ရှိနေပေသေးသည်။
ဤကောင်လေးမှ မည်သည့်နေရာကများ ရောက်လာလေသနည်း။ ဘာကြောင့်များ သူ့တွင် ဧကရာဇ်အဆင့် မှော်ရတနာများစွာ ရှိနေရလေသနည်း။
ချိုကျဲမှာ အံ့အားသင့်မိသွားခဲ့သလို တစ်ချိန်တည်းတွင်လည်း သူ့မျက်လုံးများမှာ နီရဲလာခဲ့လေသည်။ သူ့အနေဖြင့် ဧကရာဇ်အဆင့်သို့ ရောက်ရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသည်။ သို့သော်ငြား သူ့၌ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုပင် ရှိမနေခဲ့ပေ။ သို့သော်ငြား တာအိုသခင်အဆင့်သာ ရှိသေးသော ရန်ကိုင့်တွင်မူ ဧကရာဇ်အဆင့် မှော်ရတနာနှစ်ခု ရှိနေခဲ့သည်။ ချိုကျဲအနေဖြင့် ရန်ကိုင့်အား မနာလိုဘဲ ဘယ်နေနိုင်မည်နည်း။
လက်ရှိအခိုက်အတန့်တွင် ရန်ကိုင် မည်သည့်အင်အားစုမှ လာသလဲဆိုသည်ကို ချိုကျဲ လုံးဝ ဂရုစိုက်မနေတော့ချေ။ ရန်ကိုင့်ကိုသာ လျင်လျင်မြန်မြန် ရှင်းထုတ်ပစ်နိုင်သရွေ့ ထိုဧကရာဇ်မှော်ရတနာနှစ်ခုကို သူ့အပိုင်အဖြစ် သိမ်းယူနိုင်ပေမည်။ ထိုဧကရာဇ်မှော်ရတနာနှစ်ခုကိုသာ ရလိုက်မည်ဆိုပါက သူ့ခွန်အားမှာ ကျိန်းသေကို မြင့်တက်သွားရပေလိမ့်မည်။
“တိုက်ခိုက်ကြတော့…” ထိုသို့အော်ပြောပြီးသည့်နောက်တွင် ချိုကျဲသည် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားလေသည်။
ထိုအချင်းအရာကိုမြင်သော် အခြားသူများမှာလည်း တုံ့ဆိုင်းမနေရဲကြတော့ဘဲ ချိုကျဲနောက်မှတစ်ဆင့် ရန်ကိုင့်ဆီသို့ ပြေးဝင်သွားကြလေ၏။
ထိုအချင်းအရာကိုမြင်သော် ရီဟန်နှင့် အခြားသူများ၏ အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားကုန်ကြလေသည်။ သူတို့အနေဖြင့် ယခုတစ်ကြိမ်တော့ မလွတ်မြောက်နိုင်လောက်တော့ချေ။ ဟွာချင်းစီ၏ မျက်နှာလေးသည်ပင်လျှင် မှုန်ကုပ်နေခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်မှ သူမတို့အား ကမ္ဘာငယ်လေးထဲသို့ ပြန်ဆုတ်ရန် မပြောသေးသဖြင့် ရန်ကိုင့်တွင် သူ့ကိုယ်ပိုင်အစီအစဉ် ရှိနေသေးမှန်း ဟွာချင်းစီ နားလည်နေခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင် မည်ကဲ့သို့သော ဝှက်ဖဲများကို ထပ်မံထုတ်ဖော်လာမလဲ တွေးရင်း ရန်ကိုင့်ကိုသာ စိုက်ကြည့်နေလေ၏။
ရန်ကိုင်မှ လက်ကောက်ဝတ်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်ကို ဟွာချင်းစီမြင်လိုက်ရလေသည်။ ထို့နောက်တွင်တော့ တဝီဝီမြည်သံများနှင့်အတူ အနက်ရောက်တိမ်တိုက်ကြီးတစ်ခုထဲ လက်ကောက်ဝတ်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။ မျက်တောင်တစ်ခတ်အတွင်း ဟင်းလင်းပြင်အစီအရင် အနီးတစ်ဝိုက်တစ်ခုလုံးကို ထိုအနက်ရောင်တိမ်တိုက်များမှာ လွှမ်းခြုံသွားခဲ့လေသည်။
“အင်းစက်တွေလား…” ဟွာချင်းစီ အလန့်တကြား အော်ပြောလိုက်လေ၏။ အဆုံးတွင် ထိုအနက်ရောက်တိမ်တိုက်သည် မည်သည့်အရာဖြစ်သလဲဆိုသည်ကို သူမ မြင်နိုင်သွားခဲ့လေပြီ။
အနက်ရောင်တိမ်တိုက်ကြီးသည် ဆန်စေ့အရွယ်ခန့်မျှသာ ရှိသော မရေမတွက်နိုင်သည့် အင်းစက်များ စုဝေးရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ထို့အပြင် အင်းစက်များဆီမှ စိတ်မသက်သာစရာကောင်းသည့် အရှိန်အဝါတစ်ခုကို ဟွာချင်းစီ ခံစားနေခဲ့ရလေသည်။ ထိုအရှိန်အဝါသည် မေပယ်မြို့အပြင်ဘက်တွင် သူမကြုံတွေ့ခဲ့ရသည့် ရှေးဟောင်းနတ်ဆိုး၏အရှိန်အဝါနှင့် အလွန်ကို ဆင်တူနေခဲ့လေသည်။
ထိုအချက်ကြောင့် ဟွာချင်းစီမှာ ကြောက်လန့်တကြား ထခုန်မိလိုက်လေသည်။ ထိုအင်းစက်များမှာ လုံးဝ သာမန်မဟုတ်မှန်း သူမသိသည်။ ထိုအင်းစက်များသည် မည်သို့သောအင်းစက်များဖြစ်နေပါစေ ၎င်းတို့တွင် ရှေးဟောင်းနတ်ဆိုး၏ အရှိန်အဝါ ရှိနေသည့်အတွက်ကြောင့် ထိုအင်းစက်များမှာ ရန်စလို့ကောင်းသည့် အင်းစက်များ မဟုတ်သည်မှာတော့ သေချာပေသည်။
တဝီဝီမြည်သံများနှင့်အတူ အင်းစက်တိမ်တိုက်ကြီးသည် ဟင်းလင်းပြင်အစီအရင်အား နံရံတစ်ခုနှယ် ဝိုင်းရံလိုက်လေသည်။ ချိုကျဲနှင့် အခြားသူများမှာ သူတို့၏တိုက်ကွက်မျိုးစုံဖြင့် အင်းစက်များဖြင့်ဖန်တီးထားသော နံရံကြီးအား လာရောက်တိုက်ခိုက်ကြလေ၏။ သူတို့၏တိုက်ကွက်များကြောင့် မရေမတွက်နိုင်သော အင်းစက်များ လွင့်စင်ထွက်ကုန်ကြလေသည်။
ချက်ချင်းဆိုသလို တင်းမာနေသော ချိုကျဲ၏မျက်နှာ ပြေလျော့သွားခဲ့လေသည်။ ရန်ကိုင် ပုံမှန်မဟုတ်သည့် ပညာရပ်တစ်ခုခုအား ထပ်မံထုတ်သုံးလာမည်ကို ချိုကျဲ ကြောက်လန့်နေခြင်း ဖြစ်ပေသည်။ သို့သော်ငြား ထိုထူးဆန်းသော အင်းစက်များမှာ ဘာဆိုဘာမှမဟုတ်မှန်း သိလိုက်ပြီးသည့်နောက် အတော်လေးကို စိတ်သက်သာရာ ရသွားခဲ့လေ၏။ ရန်ကိုင်တွင် မည်သည့်ဝှက်ဖဲမှ မရှိတော့ဘူးဟုလည်း ချိုကျဲ ထင်သွားခဲ့လေသည်။
ထို့အတွက်ကြောင့် ချိုကျဲမှာ သူ့ကိုယ်သူ ယုံကြည်ချက်ရှိလာပြီး နောက်ထပ်တိုက်ကွက်တစ်ခုကို ထပ်မံ ထုတ်ဖော်တော့မည်အပြု တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိလိုက်လေသည်။
ထို့ကြောင့် ချက်ချင်းပဲ ငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော အင်းစက်အားလုံးမှာ မည်သည့်ဒဏ်ရာမှ မရထားကြောင်း တွေ့ရှိလိုက်ရသည်။ အင်းစက်များသည် ၎င်းတို့၏ အတောင်ပံများကို တဖျတ်ဖျတ်လှုပ်ခါလျက် လေပေါ်သို့ ပြန်တက်လာကြလေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ၎င်းတို့ဆီမှလည်း အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လှသော အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေသည်။ အတိုက်ခိုက်ခံလိုက်ရသည့်အတွက်ကြောင့် ထိုအင်းစက်များမှာ ဒေါသထွက်သွားကြသည့်ပုံပင်။ ထို့နောက်တွင် အင်းစက်များသည် သူတို့အနီးတွင် ရှိနေသော ကျင့်ကြံသူများအား ဒေါမာန်တကြီး တိုက်ခိုက်ကြတော့လေသည်။
(အဲ့ဒါ ဘာကြီးတွေလဲဟ…) ချိုကျဲ ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့လေသည်။ သို့သော်ငြား ထိုအင်းစက်များမှာ မည်သည့်အင်းစက်များ ဖြစ်သလဲဆိုသည်ကို သူ့အနေဖြင့် အဖြေမထုတ်နိုင်သေးခင်မှာပင် အင်းစက်များအနက် တစ်ကောင်သည် ချိုကျဲပေါ်သို့ ခုန်အုပ်လာခဲ့လေသည်။ ထိုအင်းစက်၏ ကိုက်ခဲခြင်း ခံလိုက်ရသည့်အခါ သူ့အသိစိတ်ပင်လယ် အနည်းငယ် နာကျင်သွားသည်ကို ချိုကျဲ ခံစားလိုက်ရသည်။ ထို့နောက် စစ်ဆေးကြည့်လိုက်ရာ သူ့ဝိဉာဉ်၏ တစ်ပိုင်းတစ်စလေးသည် ပျောက်ကွယ်နေကြောင်းကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။
(ဒီအနက်ရောင်အင်းစက်တွေက စိတ်စွမ်းအင်ကို ဝါးမျိုပစ်နိုင်တာလား…) ချိုကျဲ ထိတ်လန့်အံ့အားသင့်သွားခဲ့ပြီး တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲသွားခဲ့လေသည်။
အင်းစက်ကိုက်ခဲထားသည့်နေရာမှာ သူ့လက်မောင်းမှန်း ချိုကျဲ အသေအချာ သတိပြုမိလေသည်။ ထို့အပြင် သူ့လက်မောင်းများပေါ်၌ အဝတ်အစား ရှိနေသေး၏။ အဝတ်အစားများကို ဖောက်၍ ကိုက်မည်ဆိုလျှင်ပင် ထိခိုက်သွားသင့်သည့်အရာမှာ သူ့လက်မောင်းသာ ဖြစ်ပေသည်။ သို့သော်ငြား သူ့လက်မောင်းကမူ မည်သည့်ဒဏ်ရာမှ မရဘဲ ဘာကြောင့် သူ့ကောင်းကင်စိတ်အာရုံတစ်ပိုင်းတစ်စက ပျောက်ကွယ်သွားရလေသနည်း။
သေသေချာချာ စဉ်းစားနေသည့် နောက်မှာပင်လျှင် သူ့အသိစိတ်ပင်လယ် နောက်တစ်ကြိမ် ထပ်မံနာကျင်လာသည်ကို ချိုကျဲ သတိပြုမိလိုက်ပြန်လေသည်။ ထိုနည်းဖြင့် သူ့ဝိဉာဉ်တစ်စိတ်တစ်ပိုင်းမှာလည်း ထပ်မံပျောက်ကွယ်သွားခဲ့ပြန်လေ၏။
(ဒီအနက်ရောင်အင်းစက်တွေက ဘာကြီးတွေလဲ…)
ချိုကျဲ ဆက်၍ နှောင့်နှေးမနေရဲတော့ပေ။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ထိုအနက်ရောင်အင်းစက်များကြောင့် သူ့ဝိဉာဉ်တစ်ခုလုံး ပျောက်ကွယ်သွားရပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ သူကျိန်းသေ သေရပေလိမ့်မည်။ အထိတ်ထိတ်အလန့်လန့်ဖြင့် ချိုကျဲသည် အရင်းအမြစ်ချီများကို လှည့်ပတ်၍ သူ့အား လာရောက်ကိုက်ခဲနေသော အင်းစက်များကို ဖယ်ထုတ်ပစ်လိုက်လေသည်။
သို့သော်ငြား သူ့တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့်တိုင် ထိုအင်းစက်များမှာ သေဆုံးသွားခြင်းမရှိ။ ထို့အစား ကျားကုတ်ကျားခဲဖြင့် သူ့ဆီသို့သာ ပြန်၍ ခုန်ဝင်လာကြလေသည်။ သို့သော်ငြား သူ့နယ်ပယ်စက်ကွင်းကြောင့် ချိုကျဲအနားသို့ ကပ်မလာနိုင်ခဲ့ပေ။
“အား…”
ကောင်းကင်ထက်မှ စူးရှသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထို့နောက် အခြားသော အော်ဟစ်သံများ တစ်သံပြီးတစ်သံ အစီအရီ ထွက်ပေါ်လာကြလေ၏။
အော်သံများကို ကြားပြီးသည့်နောက် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ ချိုကျဲဇောချွေးပြန်သွားခဲ့လေသည်။
လက်ရှိအချိန်တွင် ကောင်းကင်ရောင်စဉ်နန်းတော်နှင့်တကွ အခြားသောဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအား အင်းစက်များမှ ဝိုင်းအုံထားကြောင်းကို တွေ့ရှိလိုက်ရလေသည်။ တာအိုသခင်တတိယအဆင့်နှင့် ဒုတိယအဆင့် ကျင့်ကြံသူများမှာ အရမ်းကြီး အခြေအနေဆိုးမနေခဲ့။ အင်းစက်များ၏ တိုက်ခိုက်ခြင်း ခံနေသည့်တိုင် သူတို့၏ အကာအကွယ်မှာ အတော်လေးကို အားကောင်းသည့်အတွက်ကြောင့် ဆက်လက် ကြံ့ကြံ့ခံကာ ရပ်တည်နေနိုင်ပေသေးသည်။ သို့သော်ငြား တာအိုသခင်ပထမအဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာတော့ လုံးဝကို ဒုက္ခတွင်တွင်ရောက်နေကြလေ၏။ အနက်ရောင်အင်းစက်များ၏လက်မှ လုံးဝမလွတ်မြောက်နိုင်ခဲ့ပဲ သူတို့၏ခန္ဓာကိုယ်များကို မမြင်ရတော့သည်အထိ အင်းစက်များ၏ ဝိုင်းအုံစုပြုံကိုက်ခဲခြင်းကို ခံနေကြရလေသည်။
မျက်တောင်တစ်ခတ်အတွင်း အင်းစက်များ၏ လွှမ်းခြုံခြင်းခံလိုက်ရသည့် ကျင့်ကြံသူများမှာ တောင့်တောင့်ကြီး ဖြစ်သွားကုန်ကြလေသည်။ အင်းစက်များ ထိုကျင့်ကြံသူများဆီမှ ထွက်ခွာသွားပြီးသည့်နောက်တွင် ထိုကျင့်ကြံသူများမှာ မြေပြင်ပေါ်သို့ အသက်မဲ့စွာ ပြုတ်ကျလာခဲ့ကြလေသည်။
သူတို့ခန္ဓာကိုယ်ထက် မည်သည့်ဒဏ်ရာကိုမှ မတွေ့ရသော်ငြား သူတို့၏မျက်လုံးများမှာတော့ အသက်မရှိတော့သည့်နှယ် ငေးငိုင်ငိုင်ကြီး ဖြစ်နေခဲ့လေသည်။ ထို့အပြင် သူတို့၏အမူအယာများမှာလည်း အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့နေကြလေ၏။
ကျင့်ကြံသူများ သေသွားရသည့် အကြောင်းအရင်းမှာ သူတို့ဝိဉာဉ်ကို အနက်ရောင်အင်းစက်များမှ ဝါးမျိုသွားသည့်အတွက်ကြောင့်မှန်း ချိုကျဲ မသိဘဲ ဘယ်နေမည်နည်း။ သူကိုယ်တိုင်ပင်လျှင် အနက်ရောင်အင်းစက်များ၏ တိုက်ခိုက်ခြင်း ခံခဲ့ရပေသည်။ သူ့ခွန်အားကြောင့်သာ မဟုတ်ပါက ယခု မြေပေါ်တွင် လဲနေသည့်လူများထဲတွင် သူပါ ပါသွားပေလိမ့်မည်။
ကျင့်ကြံသူပေါင်းများစွာမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာကုန်ကြလေသည်။ အတော်များများမှာ တတ်စွမ်းသမျှ ရုန်းကန်ကြပါသော်ငြား မည်သူမျှ သေခြင်းတရားလက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
အသက်ငါးရှိုက်စာအတွင်း ဂိုဏ်းပေါင်းများစွာမှ ကျင့်ကြံသူပေါင်းများစွာ သေဆုံးသွားကုန်ကြရလေသည်။
အင်းစက်များ၏ သားကောင်ဖြစ်နေကြသော ရွမ်ဟုန်ပိုနှင့် အခြားသူများမဆိုထားနှင့် အင်းစက်များကို လွှတ်ပေးလိုက်သည့် ရန်ကိုင်ပင်လျှင် ထိုအချင်းအရာကို မြင်ပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များအားလုံး သူ့ထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိသွားချိန်မှစ၍ ရန်ကိုင်သည် ထိုအင်းစက်များကို ယခုအခါမှ ပထမဦးဆုံးအကြိမ်အဖြစ် ပြန်လည် ထုတ်သုံးခြင်း ဖြစ်ပေသည်။ ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အစုလိုက်အပြုလိုက် တိုက်ခိုက်ကြသည့် တိုက်ပွဲမျိုးတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်နိုင်မှန်း ရန်ကိုင်ကောင်းကောင်းသိသည်။ သို့သော်ငြား ယခင်တစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ပြီးသည့် နောက်ပိုင်းတွင် သူ၏ ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ ဤအတိုင်းအတာထိ အားကောင်းလာလိမ့်မည်ဟု ရန်ကိုင် လုံးဝ မထင်ထားခဲ့ပေ။
လက်ရှိ သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ လုံးဝကို ဆွံ့အနေခဲ့လေသည်။ ထိုအချိန်အတောအတွင်း ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အင်းစက်ချုပ်နှောင်လက်ကောက်ထဲမှ အဆက်မပြတ် ပျံထွက်လာနေခဲ့လေသည်။
နောက်ဆုံးဝိဉာဉ်ဝါးမျိုအင်းစက် ထွက်လာပြီးသည့်နောက်တွင် တောင်ကြားထဲ၌ ဝိဉာဉ်ဝါးမျိုအင်းစက်ပေါင်း တစ်သန်းကျော်ခန့် ရှိနေခဲ့လေပြီ။ အနက်ရောင်အင်းစက်တိမ်တိုက်ကြီးမှာ ကျင့်ကြံသူများအားလုံးကို လွှမ်းခြုံထားကြလေသည်။
သူတို့၏အကာအကွယ်မှော်ရတနာများ မည်မျှပင် အားကောင်းနေစေကာမူ ထိုဝိဉာဉ်ဝါးမျိုအင်းစက်များကို မတားဆီးနိုင်ခဲ့ချေ။ သူတို့ကိုယ်ထဲရှိ အရင်းအမြစ်ချီသည်ပင်လျှင် ထိုအင်းစက်များအား မတားဆီးနိုင်ခဲ့။
အချိန်ကြာလာသည်နှင့်အမျှ ပိုပို၍များပြားသော ကျင့်ကြံသူများ သေဆုံးလာခဲ့ကြလေသည်။
တန်ခိုးရှင်အဆင့်နှင့် တာအိုသခင်ပထမအဆင့်တွင် ရှိနေသော ကျင့်ကြံသူများမှာတော့ အစောကြီးကတည်းက ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ လက်ချက်ကြောင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွားကုန်ကြလေပြီ။ ဝိဉာဉ်ဝါးမျိုအင်းစက်များ၏ တိုက်ခိုက်မှုအောက်တွင် အားနည်းသည့် ကျင့်ကြံသူများမှာ လုံးဝကို ပြန်မတိုက်ခိုက်နိုင်ခဲ့ကြပေ။
တဖြည်းဖြည်းနှင့် တာအိုသခင်ဒုတိယအဆင့်တွင် ရှိနေသော ကျင့်ကြံသူများပါ ဆက်၍ မတောင့်ခံနိုင်တော့ချေ။ သူတို့၏ အရင်းအမြစ်ချီအကာအရံများ ထိုးဖောက်ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် စိတ်စွမ်းအင်မှာ ရေကာတာကျိုးပေါက်သွားသည့်နှယ် တရဟောကုန်ဆုံးကာ ဝိဉာဉ်မရှိတော့သည့် အလောင်းကောင်ကြီးများ ဖြစ်ကုန်ကြရလေသည်။
သူတို့အနေဖြင့် မည်ကဲ့သို့သော တိုက်ကွက်မျိုးကို ထုတ်သုံးပါစေ ထိုဝိဉာဉ်ဝါးမျိုအင်းစက်တစ်ကောင်ကိုပင် မသတ်နိုင်ခဲ့ချေ။ ဆင့်ကဲပြောင်းလဲလာသည့် ဝိဉာဉ်ဝါးမျိုအင်းစက်များမှာ အလွန်ကိုမှ မာကြောကြံ့ခိုင်လှသည်။ ရံဖန်ရံခါ ကျင့်ကြံသူများ၏ တွန်းထုတ်ခြင်း ခံခဲ့ရသော်ငြား ချက်ချင်း ပြန်ထလာပြီး တိုက်ပွဲထဲ ဝင်ပါကြလေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရီဟန်နှင့် အခြားသူများမှာတော့ ပါးစပ်အဟောင်းသား ဖြစ်နေကုန်ကြလေ၏။
ဟွာချင်းစီနှင့် အခြားသူများပင်လျှင် မင်သက်နေကြလေသည်။
ထိုလူမဆန်သည့် သတ်ဖြတ်ပွဲကြီးကိုကြည့်ရင်း ဟွာချင်းစီတို့၏ စိတ်ထဲ အလွန်ကိုမှ ရှုပ်ထွေးနေကြလေသည်။ ယခုလေးတင် ထိုလူများသည် သူတို့အား သတ်မည်တကဲကဲ လုပ်နေကြခြင်း ဖြစ်လေသည်။ သို့သော်ငြား ယခုတွင်တော့ အသတ်ခံရသည့်လူများမှာ ထိုလူများသာ ဖြစ်နေကြလေသည်။ ထိုခံစားချက်ကို သူမတို့အနေဖြင့် မည်ကဲ့သို့များ ဖော်ပြရပါမည်နည်း။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၄၅)
ရန်ကိုင်မှ ဝိဉာဉ်ချုပ်နှောင်လက်ကောက်ကို ထုတ်၍ ဝိဉာဉ်ဝါးမျိုအင်းစက်များကို လွှတ်ပေးလိုက်ပြီး အသက်သုံးဆယ်ရှိုက်စာခန့် မကြာသေးခင်မှာပင် ရွက်တစ်ထောင်ဂိုဏ်းအား လာရောက်တိုက်ခိုက်ကြသော ကျင့်ကြံသူများထဲမှ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့် သေဆုံးသွားခဲ့ကြလေသည်။ ထိုကျင့်ကြံသူများထဲ တာအိုသခင်တတိယအဆင့် ပညာရှင်များပင်လျှင် ပါနေသေးသည်။
ဝိဉာဉ်ဝါးမျိုအင်းစက်များ ဤမျှ အားကောင်းလိမ့်မည်ဟု ရန်ကိုင်လည်း မထင်ထားခဲ့ချေ။ သေချာစဉ်းစားကြည့်မည်ဆိုပါက အချိန်သာရမည်ဆိုလျှင် ဧကရာဇ်အဆင့် ပညာရှင်ဖြစ်သော ချိုကျဲသည်ပင်လျှင် ထိုဝိဉာဉ်ဝါးမျိုအင်းစက်များလက်မှ မလွတ်မြောက်နိုင်လောက်ချေ။
ရွမ်ဟုန်ပိုနှင့် အခြားသူများမှာတော့ သေးထွက်မတတ် ကြောက်နေကြလေသည်။ သေဆုံးသွားသော သူတို့ဂိုဏ်းသားများအတွက် လက်စားပြန်ချေနိုင်ရန်အလို့ငှာ ချိုကျဲနှင့်အတူ ရောက်လာခဲ့ပါသော်ငြား လက်စားပြန်မချေနိုင်ဘဲ သူတို့သည်သာ ဒုက္ခလှလှနှင့် တွေ့နေခဲ့ရလေသည်။
ယနေ့ ရွမ်ဟုန်ပို ခေါ်လာသည့်လူများမှာ သူတို့ဂိုဏ်း၏ လက်ရွေးစင်များ ဖြစ်သည့်အတွက်ကြောင့် ထိုသူများသေသွားသည့်နောက်တွင် ကောင်းကင်ထွဋ်မြတ်ကျောင်းတော်၏ အုတ်မြစ်မှာ ဆိုးဆိုးရွားရွား ထိခိုက်သွားပြီဟု ပြော၍ရပေသည်။
အခြားသောဂိုဏ်းများအတွက်လည်း အတူတူပင် ဖြစ်လေသည်။
ယခုအချိန်တွင် ရွမ်ဟုန်ပိုမှာ ရွက်တစ်ထောင်ဂိုဏ်းသို့ လာခဲ့မိသည်ကို နောင်တရနေခဲ့လေပြီ။ သူသာမလာခဲ့လျှင် ဤကဲ့သို့သော အဖြစ်အပျက်မျိုးနှင့် ကြုံခဲ့ရလိမ့်မည်မဟုတ်သလို သူ့ဂိုဏ်းတွင်နေ၍ မိန်းမလှလေးများနှင့်အတူ ဝိုင်သောက်ကာ ပျော်မြူးနေနိုင်ပေလိမ့်မည်။
တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေသော သူ့လက်အောက်ငယ်သားများကို ကြည့်ရင်း ရွမ်ဟုန်ပို ထိုနေရာတွင် ဆက်မနေရဲတော့ချေ။ ဆက်နေနေမည်ဆိုပါက သူ့အား စောင့်ကြိုနေမည့်အရာသည် သေခြင်းတရားသာဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အရင်းအမြစ်ချီကို လှည့်ပတ်၍ သူ့ကိုယ်ပေါ်တွင် တွယ်ကပ်နေသော ဝိဉာဉ်ဝါးမျိုအင်းစက်များကို ခါထုတ်ပစ်လိုက်ပြီးသည့်နောက် အော်ပြောလိုက်လေသည်။ “ပြန်ဆုတ်ကြပေတော့…”
ထိုကဲ့သို့ အော်ပြောပြီးသည့်နောက်တွင် အခြားသူများထက်ဦးအောင် တောင်ကြားပေါက်ဝဆီသို့ ပြေးထွက်သွားလေသည်။
အခြားသူများမှာလည်း တုံ့နှေးမရဲကြဘဲ လှုပ်ရှားမှုပညာရပ်အသီးသီးကို ထုတ်သုံး၍ ထွက်ပြေးကြလေတော့သည်။
“အခုမှ ထွက်သွားချင်နေတာလား… နောက်ကျသွားပြီ…” ကြည်လင်သာယာချိုမြသည့် အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည်။ မျက်လုံးပိတ်ကာ မလှုပ်မယှက် ထိုင်နေသော လျို့ယန်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရုတ်တရက် မျက်လုံးပွင့်လာခဲ့လေ၏။
တိုက်ပွဲစသည့် အချိန်မှစ၍ လျို့ယန်သည် ထိုနေရာတွင် မလှုပ်မယှက် တင်ပလင်ခွေထိုင်နေခဲ့ခြင်း ဖြစ်လေသည်။ သူမဘာလုပ်နေသလဲဆိုသည်ကို အခြားသူများမဆိုထားနှင့် ရန်ကိုင်ပင်လျှင် မသိချေ။ ထို့အတွက်ကြောင့် ယခု သူမနိုးလာသည်ကိုမြင်သော် အကုန်လုံး သူမ ဘာလုပ်နေသလဲဟု တွေးရင်း စိတ်ဝင်စားမိသွားကြလေသည်။
လျို့ယန်သည် လက်ကွက်တစ်ခုဖန်တီး၍ အော်ပြောလိုက်လေသည်။ “မိုးပြာနဂါး…”
ထိုလက်ကွက်ကို ဖန်တီးပြီးသည့်နောက်တွင် လျို့ယန်သည် အနားတွင်ရှိနေသော တောင်တစ်လုံးဆီသို့ ပျံသန်းသွားလေ၏။ ထိုတောင်ပုံစံမှာ အတော်လေးကိုမှ ထူးဆန်းလှပေသည်။ တောင်ပုံစံသည် အိပ်စက်နေသော နဂါးတစ်ကောင်နှင့်ပင် ဆင်တူနေသေး၏။
တောင်တစ်ခုလုံး တဝုန်းဝုန်းမြည်ကာ လှုပ်ခါလာခဲ့လေသည်။ ထို့နောက်တွင် အလွန်ကိုမှ အားကောင်းလှသော အရှိန်အဝါတစ်ရပ် တောင်ဆီမှ ဖြာထွက်လာလေ၏။ တစ်ချိန်တည်းတွင် ထိုတောင်သည် နှစ်ပေါင်းသောင်းနှင့်ချီအောင် အိပ်စက်ရာမှ နိုးထလာသည့်အလား တောင်ပေါ်တွင် ရှိနေသော ကျောက်စကျောက်နများ အောက်သို့ ပြုတ်ကျလာပြီး သစ်ပင်ပန်းမန်များဟာလည်း ယိမ်းထိုးလာခဲ့လေသည်။
နဂါးခေါင်းဟု ထင်မှတ်ရသော နေရာဆီမှ ဧရာမမျက်လုံးကြီးနှစ်လုံး ပွင့်လာခဲ့ပြီး ပြိုင်ဘက်ကင်း နဂါးဖိအားသည်လည်း ဖြာထွက်လာခဲ့လေသည်။
“ဝုန်း ဝုန်း ဝုန်း…”
ထိုတောင်မှ လေပေါ်သို့ တဖြည်းဖြည်း မြင့်တက်သွားချိန် တောင်ပေါ်ရှိ ကျောက်စကျောက်နများမှာတော့ အောက်သို့ ပြုတ်ကျလာခဲ့လေသည်။ ခဏအကြာတွင် မီတာထောင်ပေါင်းများစွာ ရှည်လျားသော မိုးပြာရောင်နဂါးကြီးတစ်ကောင် ကောင်းကင်ပေါ်၌ ထွက်ပေါ်လာလေ၏။ ထို အမြီးနှင့် ခေါင်းကို လှုပ်ခါလျက် ကောင်းကင်ပေါ်တွင် ကူးသန်းသွားလာနေသော နဂါးကြီးကို ကြည့်ရင်း အကုန်လုံး မင်သက်သွားကုန်ကြလေသည်။
မိုးပြာနဂါးဆီမှ ထုတ်လွှတ်နေသော နဂါးဖိအားအောက်တွင် အကုန်လုံးမှာ ပုရွက်ဆိတ်တမျှ သေးနုတ်သွားကုန်ကြလေသည်။
“အစစ်အမှန်နဂါးတစ်ကောင်လား…” ထိုမိုးပြာနဂါးကြီးကို ကြည့်ရင်း ဟွာချင်းစီ၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ ရွက်တစ်ထောင်ဂိုဏ်းထဲရှိ တောင်တစ်လုံးအောက်တွင် အစစ်အမှန်နဂါးတစ်ကောင် ရှိနေလိမ့်မည်ဟု သူမလုံးဝမထင်ထားခဲ့ပေ။
သို့သော်ငြား မကြာမီ သူမအထင်မှားနေမှန်း နားလည်သွားခဲ့လေသည်။ ထိုနဂါးတွင် မည်သည့်အသက်ဓာတ်စွမ်းအင်မှ ရှိမနေခဲ့။ ထိုမိုးပြာနဂါးသည် နဂါးဖိအားကို ထုတ်လွှတ်နေသော်ငြား သက်ရှိတစ်ကောင်တော့ မဟုတ်ချေ။
“ကောင်းကင်အဆင့် ရုပ်သေးရုပ်လား…” ရီဟန်မှာတော့ ကောင်းကင်ထက်တွင် ရှိနေသော မိုးပြာနဂါးကိုကြည့်ရင်း မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။ ရုတ်တရက် သူ့မျက်လုံးများဆီမှ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ပြီး လက်နှစ်ဖက်ကို ကောင်းကင်ပေါ်သို့ ဖြန့်ကျက်ရင်း အော်ပြောလိုက်လေသည်။ “အဲ့ဒါ ငါတို့ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေထဲက တစ်ရုပ်ပဲ…”
“အဖေ… ရှင်ပြောနေတာက ဒီမိုးပြာနဂါးကြီးက ကျွန်မတို့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်လား…” ရီဟန်ပြောသည်ကို ကြားပြီးသည့်နောက်တွင် ရီကျင်းဟန်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။
လွန်ခဲ့သော နှစ်တစ်သောင်းခန့်က ရွက်တစ်ထောင်ဂိုဏ်းသည် ပညာရပ်ပေါင်းများစွာ၊ အမွေအနှစ်ပေါင်းများစွာကို ဆုံးရှုံးခဲ့သည်။ ထို့အတွက်ကြောင့်ပင်လျှင် သူတို့၏ ရုပ်သေးရုပ်တာအိုမှာ တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ ဂိုဏ်းထဲတွင် ရှိနေသော ကောင်းကင်အဆင့်ရုပ်သေးရုပ်များကို မဆိုထားနှင့် မြေကမ္ဘာအဆင့် ရုပ်သေးရုပ်များကိုပင်လျှင် မထိန်းချုပ်နိုင်တော့ချေ။
ဂိုဏ်းထဲရှိ ကောင်းကင်အဆင့် ရုပ်သေးရုပ်များ မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ရီကျင်းဟန်မသိချေ။ ထိုရုပ်သေးရုပ်များအကြောင်းကို ရီဟန်သည် သူမအား တစ်ခါမျှ မပြောပြခဲ့ဖူးပေ။
ယခုမှသာလျှင် ကောင်းကင်အဆင့်ရုပ်သေးရုပ်များမှာ သူမ၏ မျက်စိအောက်တွင် တစ်ချိန်လုံးရှိနေမှန်းကို နားလည်သွားတော့လေသည်။
မိုးပြာနဂါးသည် ကောင်းကင်ရုပ်သေးရုပ်မှန်း နားလည်သွားပြီးသည့်နောက်တွင် ရီကျင်းဟန်သည် သူမနှင့် မနီးမဝေးတွင် ရှိနေသော ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် တောင်များဆီသို့ လှမ်းကြည့်လိုက်လေသည်။
ထိုတောင်များသည် ရိုးရိုးသာမန်တောင်များ မဟုတ်ကြဘဲ ကောင်းကင်အဆင့် ရုပ်သေးရုပ်များ ပုန်းအောင်းနေသည့် တောင်များ ဖြစ်နေကြသည်ကိုး။ ယခု နှစ်ပေါင်းသောင်းနှင့်ချီခန့် ကြာပြီးသည့်နောက်တွင် သူတို့ဂိုဏ်း၏ အိပ်စက်နေခဲ့သော ကောင်းကင်အဆင့် ရုပ်သေးရုပ်တစ်ခုမှာ နိုးထလာခဲ့လေသည်။
ဤသည်မှာ အလွန်ကိုမှ မယုံကြည်နိုင်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။ ထို့အပြင် ထိုကောင်းကင်ရုပ်သေးရုပ်ကို နိုးထလာအောင် လုပ်ခဲ့သူမှာ ရွက်တစ်ထောင်ဂိုဏ်းသားတစ်ဦး ဟုတ်မနေခဲ့ပဲ သူတို့တစ်ခါမျှပင် မမြင်ဖူးသည့် အသက်ခုနှစ်နှစ် ရှစ်နှစ်ခန့်သာ ရှိသေးသော မိန်းမငယ်လေးတစ်ဦး ဖြစ်နေခဲ့လေသည်။
ရီဟန်သည် မျှော်လင့်ချက်မီးတောက်တို့ လောင်မြိုက်နေသည့် အကြည့်ဖြင့် ကောင်းကင်ပေါ်တွင် ရှိနေသော မိုးပြာနဂါးဆီသို့ လှမ်းကြည့်လိုက်လေသည်။ ထို့နောက် လျို့ယန်အား လှမ်းကြည့်လိုက်လေ၏။ ဤကောင်မလေးသည် ဘာကြောင့်များ ကောင်းကင်အဆင့် ရုပ်သေးရုပ်အား ထိန်းချုပ်နိုင်နေသလဲ ဆိုသည်ကို သူနားမလည်သော်ငြား ထိုကောင်မလေးသည် ရန်ကိုင့်ဘက်မှ ဖြစ်ကြောင်းကိုတော့ သိထားပေသည်။
တစ်နည်းဆိုရသော် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်း၏ ပျောက်ဆုံးသွားသော အမွေအနှစ်များကို ရှာတွေ့ခဲ့ခြင်းသာ ဖြစ်ရပေလိမ့်မည်။
ရွက်တစ်ထောင်ဂိုဏ်း အမှန်တကယ်ကို ပြန်လည်ဦးမော့ လာနိုင်ပေတော့မည်။
ရန်ကိုင်သည်လည်း မျက်ခုံးပင့်နေခဲ့လေသည်။ သို့ရာတွင် ခဏမျှ စဉ်းစားပြီးသည့်နောက် လျို့ယန်မှ ထိုကောင်းကင်အဆင့် ရုပ်သေးရုပ်အား ဘာကြောင့် ထိန်းချုပ်နိုင်နေသလဲဆိုသည်ကို အကြမ်းဖျဉ်း ခန့်မှန်းမိသွားခဲ့လေသည်။ ထိုသို့ ထိန်းချုပ်နိုင်ရခြင်းမှာ သူမကိုယ်တိုင်က စိတ်ဝိဉာဉ်အဆင့် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်နေသည့်အတွက်ကြောင့် ဖြစ်လောက်ပေသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်အဆင့် ရုပ်သေးရုပ်များအား ထိန်းချုပ်နိုင်သည့် နည်းလမ်းများအကြောင်းကို ထည့်သွင်းထားသည်မှာလည်း ဖြစ်နိုင်လောက်၏။
ထို့အတွက်ကြောင့်ပင်လျှင် သူမအား အချိန်ဆွဲထားပေးရန် ပြောခဲ့ခြင်းပေကိုး။
လျို့ယန်သည် ကောင်းကင်အဆင့် ရုပ်သေးရုပ်တစ်ရုပ်ကိုပင် ထိန်းချုပ်နိုင်လေပြီ။ ထိုခွန်အားဖြင့် သူမသည် ဤနေရာတွင် ရှိနေသော လူအားလုံးကို ရှင်းပစ်နိုင်ပေသည်။ ဤကောင်းကင်ရုပ်သေးရုပ်သည် နှစ်ပေါင်းမရေမတွက်နိုင်အောင် အိပ်စက်နေခဲ့ပါသော်ငြား ရုပ်သေးရုပ်၏ခွန်အားမှာ ဧကရာဇ်အဆင့်တွင် ရှိနေမှန်း ရန်ကိုင်ပြောနိုင်ပေသည်။ ထို့အပြင် သာမန်ဧကရာဇ်အဆင့်ပင်လျှင် မဟုတ်ချေ။
ဤမိုးပြာနဂါးဆီမှ ထုတ်လွှတ်နေသည့် အရှိန်အဝါမှာ ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာငယ်လေးထဲတွင် သူတို့ကြုံတွေ့ခဲ့ရသော အလောင်းကောင်ရုပ်သေးရုပ်မှ ထုတ်လွှတ်နေသည့် အရှိန်အဝါအောက် နိမ့်ကျခြင်း မရှိချေ။
ထိုမိုးပြာနဂါး နိုးထလာသည်ကို မြင်သော် ဒဏ်ရာရနေသော ပုန်းအောင်းနေသည့် ရွက်တစ်ထောင်ဂိုဏ်းသားများအားလုံး ဝမ်းသာအားရ ထအော်ကြလေသည်။
ထိုတပည့်များသည် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းသားဖြစ်ရသည်ကို ဂုဏ်ယူကြပေသည်။ ထို့အတွက်ကြောင့် သူတို့ဂိုဏ်း၏ ကောင်းကင်ရုပ်သေးရုပ် နိုးထလာသည့်အပေါ် အလွန်ကိုမှ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလေ၏။ နှစ်ပေါင်းသောင်းနှင့်ချီကြာအောင် ကြာမြင့်ပြီးသည့်နောက် ကောင်းကင်ရုပ်သေးရုပ်တစ်ရုပ် ပြန်လည်ထွက်ပေါ်လာခြင်းသည် လောကကြီးတစ်ခုလုံးအား ရွက်တစ်ထောင်ဂိုဏ်း ပြန်လည်ထွန်းတောက်လာတော့မည် ဆိုသည့်အကြောင်းကို မောင်းခတ်ကြေညာလိုက်ခြင်းပင် ဖြစ်လေသည်။ တစ်ဖန်ပြန်လည် ထွန်းတောက်လာမည့် အနာဂတ်အကြောင်းကို တွေးရင်း ရွက်တစ်ထောင်ဂိုဏ်း၏ တပည့်အားလုံး ဖုံးဖိမရအောင် ဝမ်းသာနေကြတော့လေ၏။
အခြားတစ်ဖက်တွင်မူ ခွေးပြေးဝက်ပြေးထွက်ပြေးနေသော ရှီချန်းယင်မှာတော့ ထိုမြင်ကွင်းကိုကြည့်ရင်း မင်သက်သွားခဲ့လေသည်။ ကောင်းကင်ထက်တွင် ဝဲနေသော မိုးပြာနဂါးကြီးကို ကြည့်ရင်း သူ့ရင်ထဲ နောင်တအလိပ်လိပ် ရလာကာ သွေးပင်ထိုးအန်လုမတတ် ဖြစ်သွားခဲ့လေသည်။
သူသည် ရွက်တစ်ထောင်ဂိုဏ်းအနေဖြင့် ရုပ်သေးရုပ်တာအိုကို စွန့်လွှတ်၍ အခြားသောပညာရပ်များကို လေ့ကျင့်သင့်သည်ဟူသော အဖွဲ့အစည်းကို ဦးဆောင်နေသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ပေသည်။
ထို့အတွက်ကြောင့်ပင်လျှင် ရီဟန်နှင့် မတည့်ခြင်းဖြစ်၏။ ယခုတစ်ကြိမ် ချိုကျဲမှ သူ့လူများကိုခေါ်ကာ ရွက်တစ်ထောင်ဂိုဏ်းအား လာရောက် ပြဿနာရှာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူ၏ဧကရာဇ်အရှိန်အဝါကိုပါ ထုတ်လွှတ်ပြလိုက်လေ၏။ ထိုအချင်းအရာကိုမြင်သော် ရှီချန်းယင်သည် ရွက်တစ်ထောင်ဂိုဏ်းကို ချက်ချင်း ပုန်ကန်တော့လေသည်။ ရီဟန်အား တိုက်ခိုက်ခဲ့ရုံမက ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်ကိုလည်း ဖွင့်ပေးခဲ့သည်။ ထို့ကြောင့်သာမဟုတ်လျှင် ရွက်တစ်ထောင်ဂိုဏ်း ဤမျှ ဆိုးဆိုးရွားရွား ခံစားခဲ့ရလိမ့်မည် မဟုတ်ချေ။
တကယ်တော့ ချိုကျဲအနေဖြင့် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ဖြစ်လျှင်ပင် ရွက်တစ်ထောင်ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်ကို အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ယနေ့ကိစ္စပြီးသည့်နောက်တွင် သူသည် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာတော့မည်ဟု ရှီချန်းယင် ထင်မှတ်ခဲ့လေသည်။ သို့သော်ငြား နောက်ဆုံးအခိုက်အတန့်သို့ ရောက်ကာမှ ရန်ကိုင်ဟူသော လူတစ်ဦးကြောင့် သူ့အိပ်မက် အလုံးစုံ ပျက်စီးခဲ့ရလေသည်။
ယခုဆိုလျှင် ကောင်းကင်ရုပ်သေးရုပ်တစ်ရုပ်ပင်လျှင် ပြန်လည်ထွက်ပေါ်လာခဲ့လေသည်။
ရှီချန်းယင် နောင်တ တစ်ပြုံကြီး ရနေတော့လေ၏။ ယနေ့တွင် ကောင်းကင်ရုပ်သေးရုပ်တစ်ရုပ် ပြန်လည်နိုးထလာမည်မှန်းသာ သိခဲ့လျှင် ဘာကြောင့်များ ဤကဲ့သို့ လုပ်ခဲ့ရမည်နည်း။ သူ့အနေဖြင့် ဂိုဏ်းထဲတွင် ဒုဂိုဏ်းချုပ်အဖြစ် လိမ်လိမ်မာမာနှင့် ဆက်နေခြင်းသည် ပို၍မကောင်းပေလော။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကောင်းကင်ရုပ်သေးရုပ်များကိုပင်လျှင် သူ့အနေဖြင့် ထိန်းချုပ်ခွင့် ရကောင်းရလာနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ချိုကျဲကဲ့သို့သော လူမျိုးသည်ပင်လျှင် သူ့ရှေ့၌ ဒူးထောက်ဦးငုံ့ရပေလိမ့်မည်။
သို့ရာတွင် ဤလောကကြီး၌ နောင်တအတွက် ဆေးဟူ၍ မရှိချေ။ သို့သော်ငြား မကြာမီတွင် ရှီချန်းယင်အတွက် ပို၍ စိတ်ဓာတ်ကျဖွယ်ကောင်းသော မြင်ကွင်းတစ်ရပ် ထွက်ပေါ်လာခဲ့လေသည်။
မိုးပြာနဂါးအား နိုးထအောင် လုပ်ပြီးသည့်နောက်တွင် လျို့ယန်သည် လက်ကွက်အသစ်တစ်ခုကို ထပ်မံဖန်တီးလျက် မတူကွဲပြားသော တောင်တစ်လုံးဆီသို့ လှမ်း၍ ရိုက်ချလိုက်လေသည်။
ထိုတောင်သည် ပျံသန်းနေသော မွန်းစတားသားရဲတစ်ကောင်၏ ပုံစံနှင့် တူပေသည်။ သို့သော်ငြား နှစ်ပေါင်းများစွာ ကြာသွားပြီဖြစ်သည့်အတွက်ကြောင့် ထိုတောင်မှာ မည်သည့်အရာဖြစ်မှန်းကို မည်သူမှ မသိကြတော့ချေ။ သို့သော်ငြား ယခုမူ လျို့ယန်ကြောင့် ထိုတောင်၏အစစ်အမှန်ပုံစံမှာ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။
“ဗာမီလီယန်မီးငှက်…”
တောင်တစ်ခုလုံး ပြိုကျလာခဲ့ပြီး စူးရှသည့် ငှက်အော်သံနှင့်အတူ မီးနီရောင်ဗာမီလီယန်ငှက်တစ်ကောင် ကောင်းကင်ပေါ်သို့ ပျံတက်လာခဲ့လေသည်။
“ကျားဖြူ…” လျို့ယန်သည် နောက်ထပ်ချိတ်စည်းတစ်ခုကို ဖန်တီးလိုက်ပြန်လေသည်။
သူမ၏လက်ကွက်နှင့်အတူ နောက်တစ်နေရာတွင် ရှိနေသော တောင်တစ်လုံး ပြိုကျလာပြီး ကျားဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ထိုကျားဟိန်းသံနှင့်အတူ ဧရာမ နှင်းဖြူရောင်ကျားကြီးတစ်ကောင် ထွက်ပေါ်လာလေ၏။
“လိပ်နက်…”
လေးခုမြောက်တောင်လည်း ပျက်စီးသွားခဲ့ပြီး ဧရာမ လိပ်နက်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။ ထိုလိပ်နက်ကြီး၏ကျောပြင်မှာ အလွန်တရာကိုမှ ကျယ်ပြောလှလေရာ မြို့ကြီးတစ်မြို့လုံးကိုပင်လျှင် သယ်ထားနိုင်လောက်သည်ဟု ထင်မှတ်ရပေသည်။
ထိုကောင်းကင်ရုပ်သေးရုပ် လေးရုပ်ကိုကြည့်ရင်း ရီဟန်၏ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်တုန်ရီရီ ဖြစ်လာခဲ့လေသည်။ လက်ရှိ သူ့ရှေ့ရှိ မြင်ကွင်းအပေါ် အလွန်ကိုမှ မယုံကြည်နိုင် ဖြစ်နေခဲ့လေသည်။
သူ့ဘဝတွင် ကောင်းကင်ရုပ်သေးရုပ်များ ပြန်လည်နိုးထလာသည့် မြင်ကွင်းကို မြင်တွေ့နိုင်ရလိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ချေ။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ကောင်းကင်ရုပ်သေးရုပ် လေးရုပ်စလုံးမှာ တစ်ပြိုင်တည်း နိုးထလာခဲ့ခြင်း ဖြစ်လေသည်။ သူ့ခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် သွေးများပင်လျှင် ဆူပွက်လာခဲ့လေ၏။ ယခုနေ သေရမည်ဆိုလျှင်ပင် ပျော်ပျော်ကြီး သေလိုက်နိုင်လေပြီ။
“ရှင်က ကျွန်မကို ရိုက်ရဲတယ်ဆိုမှတော့ ကျွန်မလည်း ရှင့်ကို အလောင်းမြုပ်စရာတောင် မကျန်ဘဲ သေအောင် လုပ်ပေးရမှာပေါ့…” လျို့ယန်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ချိုကျဲအား စိုက်ကြည့်လိုက်လေသည်။ အစောပိုင်းက ချိုကျဲ၏ လက်ဝါးချက်ကြောင့် မြေပြင်ထက်သို့ အမြှောက်ဆံတစ်လုံးနှယ် ပြုတ်ကျသွားခဲ့ရသည့်အပေါ် မကျေမနပ် ဖြစ်နေသည့်ပုံပင်။
ထိုကဲ့သို့ပြောပြီးသည့်နောက်တွင် လျို့ယန်သည် သူမ၏လက်ဝါးနှစ်ဖက်စလုံးကို ရှေ့တည့်တည့်သို့ ရိုက်ချလိုက်လေသည်။
ချက်ချင်းဆိုသလို ကောင်းကင်ရုပ်သေးရုပ် လေးရုပ်စလုံးသည် ထောင့်တစ်နေရာဆီတွင် အသီးသီးနေရာယူလိုက်ကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ချိတ်ပိတ်ချလိုက်လေသည်။
“နတ်သားရဲလေးကောင် တိုက်ခိုက်စမ်း…”
ကောင်းကင်ရုပ်သေးရုပ် လေးရုပ်ကြားတွင် မမြင်နိုင်သော ဆက်သွယ်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အလွန်ပြင်းထန်သည့် စွမ်းအားတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်အသီးသီးမှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ ပြည့်နှက်သွားခဲ့လေသည်။ ထို့နောက်တွင် ထိုစွမ်းအားများသည် အတူပူးပေါင်းလျက် ကောင်းကင်နှင့် မြေပြင်ကိုပင် ဖျက်ဆီးပစ်နိုင်သော သတ်ဖြတ်ရေးစွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ချိုကျဲသည် ထိုစွမ်းအားကို ပထမဦးဆုံး ခံစားရသည့်လူ ဖြစ်လေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ နှင်းမုန်တိုင်းထဲ ရောက်နေသည့်အလား ကတုန်ကယင် ဖြစ်နေလေ၏။ ထိုရှုပ်ထွေးသော စွမ်းအားအောက်ဝယ် သူ၏ ဧကရာဇ်အဆင့်ခွန်အားမှာ ဘာဆိုဘာမှ မဟုတ်တော့သလို ခံစားလိုက်ရလေသည်။
“ရွှစ် ရွှစ် ရွှစ်…”
မမြင်နိုင်သောစွမ်းအားသည် ထက်ရှသော ဓါးသွားများနှယ် ချိုကျဲ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ပိုင်းဖြတ်နေလေ၏။ မျက်တောင်တစ်ခတ်အတွင်း ချိုကျဲတစ်ကိုယ်လုံး သွေးချင်းနီသွားခဲ့ပြီး အရိုးထိနက်သော ဒဏ်ရာများ ထွက်ပေါ်လာခဲ့လေသည်။
ချိုကျဲမှာ အဆက်မပြတ် အော်ဟစ်တောင်းဆိုနေပါသော်ငြား လျို့ယန်ကမူ တုတ်တုတ်မျှမလုပ်ချေ။ ထို့အစား လက်ကွက်များကို ပို၍ ဖန်တီးလိုက်ရာ ကောင်းကင်ရုပ်သေးရုပ်များဆီမှ ဖြာထွက်နေသည့် စွမ်းအားမှာ ပို၍ပင် ကြမ်းတမ်းလာခဲ့လေသည်။
အသက်ဆယ်ရှိုက်စာအတွင်း ချိုကျဲတစ်ကိုယ်လုံး အစိတ်စိတ် အမြွှာမြွှာဖြစ်သွားခဲ့ပြီး အဖြူရောင်အရိုးခြောက်များသာ ကျန်ရစ်ခဲ့လေသည်။ ချိုကျဲမသေသေးခင်မှာပင် ဂိုဏ်းပေါင်းများစွာမှ ကျင့်ကြံသူများသည်လည်း နတ်သားရဲလေးကောင်မှ ထုတ်လွှတ်နေသော သတ်ဖြတ်ရေးစွမ်းအားကြောင့် တစ်စစီ ဖြစ်ကုန်ကြလေသည်။
လက်ရှိ နတ်သားရဲလေးကောင်၏ တိုက်ခိုက်မှုသည် သတ်ဖြတ်ရေးအစီအရင်တစ်ခု၏ တိုက်ခိုက်မှုပုံစံနှင့် ဆင်တူပေသည်။ ထိုအစီအရင်သည် ကောင်းကင်ရုပ်သေးရုပ်လေးရုပ်ကို အုတ်မြစ်အဖြစ် တည်ဆောက်ထားခြင်း ဖြစ်လေ၏။ ချိုကျဲသည်ပင်လျှင် ထိုတိုက်ခိုက်မှုအောက်၌ အသက်ဆယ်ရှိုက်စာခန့်သာ တောင့်ခံနိုင်ခဲ့လေသည်။ သူပင်လျှင် ထိုမျှလောက်သာ တောင့်ခံနိုင်ခဲ့လေရာ အခြားသူများအနေဖြင့် မည်သို့များ အသက်ရှင်နိုင်ပါမည်နည်း။
ရွမ်ဟုန်ပိုနှင့် အခြားသူများဆိုလျှင် အရိုးတစ်ခြားအသားတစ်ခြား ဖြစ်ကုန်ကြလေသည်။