← Chapters

အခန်း (၂၃၄၆-၂၃၅၀)

Vol. 94 Ch. 2346-2350

အခန်း (၂၃၄၆-၂၃၅၀)

Vol. 94 Ch. 2346-2350

အပိုင်း (၂၃၄၆)

ပတ်ဝန်းကျင်တစ်ခုလုံး သွေးနံ့များဖြင့် ထောင်းထွက်နေခဲ့လေသည်။ ချိတ်ပိတ်ထားခံရသည့် နေရာတစ်ခုလုံးမှာ ငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ရှီချန်းယင် မည်ကဲ့သို့သော ပညာရပ်အား သုံးထားသလဲမသိ။ သူသည် အခြားသူများကဲ့သို့ ချက်ချင်းသေသွားခဲ့ခြင်း မရှိချေ။ သူ့သွေးအဆီအနှစ်များမှာ အရူးအမူး လောင်ကျွမ်းနေပြီး သူ့အား မသေအောင် ထိန်းထားပေးခဲ့လေသည်။ သို့သော်ငြား သေခြင်းတရားအငွေ့အသက်များမှာတော့ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းနေကြလေ၏။ ထို့အတွက်ကြောင့် အော်ငိုကာ အော်ဟစ်တောင်းပန်တော့လေသည်။ “ဂိုဏ်းချုပ်… ကျုပ်မှားသွားပါတယ်… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါ… ကျုပ်အမှားတွေကို ကျုပ်ပြန်သုံးသပ်ပါမယ်…”

ယခုမှသာလျှင် သူ ဘက်ရွေးမှားသွားမိပြီမှန်း ရှီချန်းယင် နားလည်သွားခဲ့သည်။ သူတို့၏ဘိုးဘေးများ ချန်ထားရစ်ခဲ့သော ကောင်းကင်အဆင့် ရုပ်သေးရုပ်များသည်သာ ဤမျှ အားကောင်းလိမ့်မည်မှန်း ကြိုသိထားခဲ့ပါမည်ဆိုလျှင် ရုပ်သေးရုပ်တာအိုကို လုံးဝ စွန့်လွှတ်ခဲ့လိမ့်မည်မဟုတ်ချေ။ ရုပ်သေးရုပ်တာအိုနှင့် ပတ်သက်သော ပညာရပ်များကို လေ့လာရာ၌ ရီဟန်ထက်ပင်လျှင် ပို၍ အာရုံစူးစိုက်မိပေလိမ့်ဦးမည်။ သို့သော်ငြား ယခုမှ နောင်တရနေလို့ကော ဘာအကျိုးထူးဦးမည်နည်း။ ကောင်းကင်အဆင့် ရုပ်သေးရုပ်များသည် ထွက်ပေါ်လာသည့် အချိန်မှစ၍ ဘာမှ မယ်မယ်ရရ မလုပ်ခဲ့ဘဲ သတ်ဖြတ်ခြင်းအစီအရင်တစ်ခုကိုသာ ဖန်တီးခဲ့လေသည်။ သို့သော်ငြား ထိုသတ်ဖြတ်ခြင်းအစီအရင်တစ်ခုနှင့်ပင်လျှင် ချိုကျဲမှ ဦးဆောင်လာသော လူအုပ်ကြီးတစ်ခုလုံးကို အမြစ်ဖြတ် ရှင်းထုတ်နိုင်ခဲ့သည်။ ရှီချန်းယင်အနေဖြင့် မည်သို့များ အသက်ရှင်နိုင်ပါဦးမည်နည်း။

သူ့စိတ်ထဲတွင်တော့ ရီဟန်သည် သူတို့နှစ်ပေါင်းများစွာကြာအောင် ခင်မင်လာသည့် ဆက်ဆံရေးကိုထောက်ထား၍ သူ့အသက်အား ချမ်းသာပေးပါစေဟု မျှော်လင့်နေမိလေသည်။

လျို့ယန်သည် ရီဟန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရီဟန်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်လေ၏။ “မင်းငါ့ကို ခြုံခိုတိုက်ခိုက်ပြီး ဂိုဏ်းကို ကာကွယ်ပေးထားတဲ့ အစီအရင်ကို ဖွင့်ပေးလိုက်တည်းက မင်းက ရွက်တစ်ထောင်ဂိုဏ်းသားတစ်ယောက် မဟုတ်တော့ဘူး…”

ထိုစကားကိုကြားသော် ရှီချန်းယင်၏မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့ပြီး ထအော်လေသည်။ “ဂိုဏ်းချုပ်… ဒီရှီ ဂိုဏ်းအပေါ်ကို သစ္စာရှိလာတာ နှစ်ပေါင်းနည်းတော့တာမဟုတ်ဘူး… ဒီရှီကိုယ်တိုင်က ဂိုဏ်းအတွက် ဘာမှ အကျိုးမဆောင်ပေးခဲ့ရင်တောင် ဂိုဏ်းတိုးတက်ဖို့အတွက် အားထုတ်ကြိုးစားခဲ့သေးတယ်… ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဂိုဏ်းချုပ်…”

ရီဟန်က ဖြည်းဖြည်းချင်းခေါင်းခါလျက် ပြန်ပြောလိုက်လေသည်။ “လုပ်စရာရှိတာသာ ဆက်လုပ်ပါ ကောင်မလေး… ကျုပ် သူ ထပ်စကားပြောလာမှာကို မကြားချင်တော့ဘူး…”

ရှီချန်းယင်ကိုယ်တိုင်သာ သူနှင့် မတည့်သလို သူရွေးချယ်ထားသည့် လမ်းကြောင်းနှင့် ပတ်သက်၍ ဆန့်ကျင်သည့် အကြံဉာဏ်များ ရှိနေမည်ဆိုပါက ရီဟန်အနေဖြင့် ရှီချန်းယင်အား သတ်ရန် စဉ်းစားလိမ့်မည်မဟုတ်ချေ။ တကယ်တော့ ရှီချန်းယင်သည် ဂိုဏ်း၏အနာဂတ်အတွက် တွေးတောပေးနေခြင်းပင် မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူ့အနေဖြင့် အနည်းငယ် တစ်ကိုယ်ကောင်းဆန်မိသည်မှာ သဘာဝသာ ဖြစ်လေသည်။ တစ်ချိန်တည်းတွင်လည်း သူရွေးချယ်ထားသည့်လမ်းကြောင်း မှန်မှ မှန်ပါ့လေမလားဟု ရီဟန်ကိုယ်တိုင်လည်း တွေးမိပေသည်။

သို့သော်ငြား ရှီချန်းယင်အနေဖြင့် ဂိုဏ်းအား ကာကွယ်ပေးထားသည့် အစီအရင်အား လုံးဝ ဖွင့်မပေးလိုက်သင့်ချေ။ သူ့လုပ်ရပ်ကြောင့် ရွက်တစ်ထောင်ဂိုဏ်း၏ ဂိုဏ်းသားများစွာ သေဆုံးသွားခဲ့ရသည်။

ရှီချန်းယင်ကိုသာ လွှတ်ပေးလိုက်မည်ဆိုပါက သေဆုံးသွားသော ထောင်နှင့်ချီသည့် တပည့်များမှာ မည်ကဲ့သို့များ အေးအေးချမ်းချမ်းဖြင့် အနားယူနိုင်ပါမည်နည်း။

ထို့အတွက်‌ကြောင့် ရှီချန်းယင်သည် သူ့လုပ်ရပ်အတွက် ကျိန်းသေ ပြန်ပေးဆပ်ရပေမည်။

ရီဟန်က အသာအယာ ခေါင်းညိတ်လေ၏။ လျို့ယန်သည် သူမ၏ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် နတ်သားရဲလေးကောင်အား ရှီချန်းယင်ကိုသာ တိုက်ခိုက်ရာတွင် အာရုံစိုက်ထားရန် အမိန့်ပေးလိုက်လေသည်။

လျို့ယန်မှ ထိုကဲ့သို့ ညွှန်ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရှီချန်းယင်၏ ခန္ဓာကိုယ်ကြီးမှာ လေတင်းလာသည့် ပူပေါင်းတစ်လုံးနှယ် တဖြည်းဖြည်း ဖောင်းကားတက်လာပြီး မကြာမီတွင် သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။

ယခုအချိန်တွင်တော့ ရွက်တစ်ထောင်ဂိုဏ်းအား ကျူးကျော်လာသည့် ကျင့်ကြံသူတစ်ဦးပင်လျှင် အသက်မရှင်တော့ချေ။ အကုန်လုံးမှာ တောင်ကြားထဲတွင်ပင် အသက်ပျောက်သွားခဲ့ကြရလေပြီ။

လျို့ယန်မှ လက်ကွက်များ ဖန်တီးလိုက်သည့်အခါ ကောင်းကင်ရုပ်သေးရုပ်လေးရုပ်၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း ရပ်တန့်သွားခဲ့ပြီး ၎င်းတို့ဆီမှ ဖြာထွက်နေသည့် စွမ်းအားများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့လေသည်။

သွေးနံ့များမွှန်ထွန်နေခဲ့ပြီး တောင်ကြားတစ်ခုလုံးမှာ သုဿန်တစ်စပြင်နှယ် တိတ်ဆိတ်နေခဲ့လေသည်။ ရီဟန်ကိုယ်တိုင်မှာမူ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သည့် အတွက်‌ကြောင့် စိတ်သက်သာရာရမိသွားသော်ငြား သူ့စိတ်ထဲတွင်တော့ ဝမ်းနည်းမိနေပေသေးသည်။

ယနေ့ကိစ္စကြောင့် ရွက်တစ်ထောင်ဂိုဏ်းသည် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရပေသည်။ ရန်ကိုင်သာ နောက်ဆုံးတွင် ပေါ်မလာပါက သူတို့ဂိုဏ်း၏ အုတ်မြစ်သည်ပင်လျှင် ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။ ရီဟန် စိတ်သက်သာရာရသွားသည့်အချက်ဆို၍ ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ လုံလုံခြုံခြုံနှင့် ပြန်ရောက်လာပြီး ပျောက်ဆုံးသွားသော သူတို့ဂိုဏ်း၏ အမွေအနှစ်များကို ပြန်ယူလာနိုင်သည့် အချက်သာလျှင် ဖြစ်ပေသည်။

“အဖေ…” ရီကျင်းဟန်က လှမ်းအော်ခေါ်ရင်း သူမအဖေကို ထူမထားပေးလိုက်လေသည်။ ပို၍ပင် အသက်ကြီးရင့်သွားသော သူမအဖေကို မြင်သော် သူမ၏မျက်လုံးလေးများ ရဲတက်လာခဲ့လေ၏။

ရီဟန်က သူ့လက်ကိုဝှေ့ယမ်းလျက် ရန်ကိုင့်အား လက်သီးဆုပ်ကာ အလေးအနက်အမူအယာဖြင့် “သခင်လေးရန်… ကျုပ်တို့ ဒီနေ့ ခင်ဗျားကို အကြွေး အကြီးကြီးတင်သွားပြီ… ရီဟန်နဲ့ ရွက်တစ်ထောင်ဂိုဏ်းက သခင်လေးရန် လုပ်ပေးခဲ့တာတွေအတွက် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး…”

ရန်ကိုင်က ပြုံးလျက် “အခုလိုတွေ လုပ်နေစရာမလိုပါဘူး ဂိုဏ်းချုပ်ရီရယ်… ကျုပ်လည်း အရမ်းကြိုးစားပေးခဲ့တာမှ မဟုတ်တာ… ကျေးဇူးတင်မဲ့တင် ဒီလောက်လူအုပ်ကြီးကို တစ်ချက်တည်းနှင့် အနိုင်ယူပစ်နိုင်တဲ့ ခင်ဗျားတို့ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေကိုပဲ ကျေးဇူးတင်ရမှာ…”

ထိုသို့ပြောနေရင်းမှ ကောင်းကင်ရုပ်သေးရုပ်လေးရုပ်ဆီ လှမ်းကြည့်လိုက်လေသည်။ သူ့စိတ်ထဲတွင်လည်း သူ့တွင်သာ ထိုကဲ့သို့ ကောင်းကင်အဆင့် ရုပ်သေးရုပ်များ ရှိနေပါက မည်မျှပင် ကောင်းလိုက်လေမည်နည်းဟု တွေးလိုက်လေ၏။ ကောင်းကင်အဆင့် ရုပ်သေးရုပ်များ မည်မျှ အားကောင်းသလဲဆိုသည်ကို ရန်ကိုင်ကိုယ်တိုင် မြင်ဖူးပြီးသွားလေပြီ။ ကောင်းကင်အဆင့် ရုပ်သေးရုပ်များအား ချိုကျဲတို့ကို ရှင်းပစ်ရန်အတွက် အသုံးပြုသည်မှာ နည်းနည်းလွန်ရာရောက်သော်ငြား ချိုကျဲတို့နှင့် တိုက်ပွဲတွင် ထိုကောင်းကင်အဆင့် ရုပ်သေးရုပ်များ၏ စွမ်းအား ဆယ်ပုံပုံတစ်ပုံလောက်ကိုပင် မသုံးခဲ့မှန် ရန်ကိုင် သေချာသိပေသည်။

ထိုကောင်းကင်အဆင့် ရုပ်သေးရုပ်များသာ ၎င်းတို့၏စွမ်းအားအကုန်အစင်ကို ထုတ်လွှတ်လာခဲ့ပါက မည်မျှပင် အားကောင်းလိုက်လေမည်နည်း။

တစ်ချက်ရပ်ပြီးသည့်နောက်တွင် ရန်ကိုင်က ထပ်၍ ပြောလိုက်လေသည်။ “တိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်ရတာဆိုတော့ ဂိုဏ်းချုပ်ရီလည်း လုပ်စရာတွေ အများကြီး ရှိနေဦးမှာပေါ့… ကျုပ်ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး… ဂိုဏ်းထဲကကိစ္စတွေ ရှင်းပြီးတော့မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့…”

ယခုအချိန်သည် စကားပြောလို့ ကောင်းသည့်အချိန် မဟုတ်မှန်း ရီဟန်ကိုယ်တိုင်လည်း နားလည်ပေသည်။ ထို့အတွက်ကြောင့် ချက်ချင်း ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ… ကျင်းဟန်… သခင်လေးရန်နဲ့ သူ့မိတ်ဆွေတွေကို အနားအယူဖို့ ခေါ်သွားပေးလိုက်ပါဦး… အဖေ အခု ဂိုဏ်းရဲ့ကိစ္စတွေကို နည်းနည်းပါးပါး ရှင်းလိုက်ဦးမယ်… ပြီးတော့မှ သူတို့ဆီ သွားလည်တော့မယ်…”

ရီကျင်းဟန်သည် ရန်ကိုင်နှင့် အခြားသူများကို ဂိုဏ်း၏ အဓိကတောင်ထွဋ်ပေါ်တွင် တည်ဆောက်ထားသော အဓိကခန်းမ၏ နောက်ဘက်ဆီသို့ ခေါ်သွားပေးပြီးသည့်နောက် ပြန်လှည့်ထွက်သွားလေ၏။

လက်ရှိအချိန်တွင် သူမ၌ လုပ်စရာကိစ္စများစွာ ရှိနေပေသည်။ ဂိုဏ်းအား ကာကွယ်ပေးထားသော အစီအရင်ကို ပြန်ပြင်ရဦးမည်ဖြစ်သလို ဒဏ်ရာရထားသည့် တပည့်များစွာကိုလည်း ကုသပေးရန် လိုအပ်ပေသေးသည်။ ထို့အတွက်ကြောင့် ရီကျင်းဟန်တွင် ရန်ကိုင်တို့နှင့်စကားပြောနေရန် အချိန်မရှိချေ။

ရီကျင်းဟန်ထွက်သွားပြီးသည့်နောက်မှသာ ချီယွဲ့နှင့် အခြားသူများသည် ရန်ကိုင့်ဆီသို့ မေးမြန်းလိုသည့်အကြည့်များဖြင့် လှည့်ကြည့်လာခဲ့ကြလေ၏။

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အခန်းထဲရောက်မှ ပြောကြတာပေါ့…”

ခဏအကြာတွင် အကုန်လုံး ရန်ကိုင်နေနေသည့် အခန်းထဲဆီသို့ ရောက်လာကြလေသည်။ ထိုအခါမှသာ ရန်ကိုင်ကပြုံးလျက် ဟွာချင်းစီကို မိတ်ဆက်ပေးလိုက်လေ၏။

အစောပိုင်းက ရန်ကိုင်သည် ချီယွဲ့နှင့်အခြားသူများကို ကာကွယ်ပေးရန် ဟွာချင်းစီကို ပြောခဲ့ပါသော်ငြား ဟွာချင်းစီသည် ရှီချန်းယင်မှ သူ့လူများကို စေလွှတ်၍ ချီယွဲ့တို့အား ဖမ်းခိုင်းသည့်အချိန် မတိုင်ခင်အထိ လူလုံး ထွက်မပြခဲ့ချေ။ ရှီချန်းယင်၏လူများ ရောက်လာသည့်အခါမှသာ လူလုံးထွက်ပြကာ ထိုတိုက်ခိုက်လာသူများကို ရှင်းထုတ်ပစ်ခဲ့သည်။ သို့သော်ငြား သူမကိုယ်သူမ တစ်ခါမှ မိတ်မဆက်ခဲ့ပေ။ သူမသည် ရန်ကိုင်၏မိတ်ဆွေတစ်ဦး ဖြစ်သည်ဟုသာ ချီယွဲ့နှင့် အခြားသူများကို ပြောထားခဲ့လေသည်။

ယခု ရန်ကိုင်ပြောပြသည်ကို ကြားပြီးသည့်နောက် အကြောင်းစုံကို သူတို့နားလည်သွားရတော့လေသည်။

“ဒါဆိုရင် ဒီကောင်မလေးရော ဘယ်သူလဲ…” ချီယွဲ့သည် လျို့ယန်အား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်လေသည်။ လျို့ယန်သည် တော်တော်လေးထူးဆန်းနေသည်ဟု ခံစားရလေသည်။ သို့သော်ငြား လျို့ယန်ဆီ အန္တရာယ်များသည့် ခံစားချက်ကို ခံစားနေရခြင်းမဟုတ်။ ထို့အစား လျို့ယန်၏အရှိန်အဝါသည် လုံးဝကို ကွဲပြားလွန်းနေသည်ဟုသာ ခံစားနေရခြင်း ဖြစ်လေသည်။

ထို့အပြင် အသက်ခုနှစ်နှစ် ရှစ်နှစ်အရွယ်မျှသာ ရှိသေးသော ဤကောင်မလေးသည် တာအိုသခင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားအား ပိုင်ဆိုင်ထားသည်ဟူသော အချက်မှာ အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကောင်းလှပေသည်။

လျို့ယန်နှင့် ယှဉ်လိုက်သော် သူတို့ကိုယ်သူတို့ အလွန်ကိုမှ အားနည်းပါလားဟု ချီယွဲ့နှင့် အခြားသူများ ခံစားလိုက်ကြရလေသည်။

သူနှင့် လျို့ယန်ကြားရှိ ဆက်ဆံရေးကို ရန်ကိုင်ကိုယ်တိုင်လည်း မည်သို့ရှင်းပြလို့ ရှင်းပြရမှန်း မသိပေ။ သို့သော်ငြား ထိုအချိန်တွင် လျို့ယန်က ရုတ်တရက် မတ်တပ်ရပ်၍ အကုန်လုံးအား ကျော့ရှင်းစွာ ဦးညွှတ်လိုက်လေသည်။ ထို့နောက် သာယာချိုမြသည့်လေသံဖြင့် “လျို့ယန်က သခင့်ရဲ့အစေခံပါ… အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်…”

“သခင်… အစေခံ…” ချီယွဲ့သည် ရန်ကိုင့်အား ထူးဆန်းသည့်အမူအယာဖြင့် စိုက်ကြည့်လျက် အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ “နင့်မှာ ဒီလိုထူးဆန်းတဲ့အကျင့်တွေ ရှိနေမယ်မှန်း ငါတစ်ခါမှ မသိခဲ့ဘူး…”

အိုင်းအောင်သည်လည်း ရန်ကိုင့်အား အထင်အမြင်တသေးဖြင့် ကြည့်လျက် “မင်းအခုလိုလုပ်နေတယ်ဆိုတာကို ရွှယ့်ယွယ်နဲ့အခြားသူတွေ သိကြလား…”

ထိုနှစ်ဦးမှာ ရန်ကိုင့်၏ယောက္ခမကြီးနှင့် ယောက္ခထီးများ ဖြစ်ကြပေသည်။ သူတို့သည် ရန်ကိုင့်၏မိသားစုဝင်များ ဖြစ်သည်ဟု မဆိုနိုင်သော်ငြား ရန်ကိုင့်၏အကြီးအကဲများတော့ ဖြစ်နေပေသေးသည်။ ရန်ကိုင်လုပ်သည့် ကိစ္စရပ်တိုင်းကို ရှန်ချင်းလော့နှင့် ရွှယ့်ယွယ်တို့၏ အမြင်မှ စောင့်ကြည့်ကြပေလိမ့်မည်။ ကြယ်တာရာအစုအဝေးထဲသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ၏မွေးရပ်မြေကြယ်စီရင်စုထဲရှိ သူ့အဖော်များကို မေ့လျော့သွားမည်ကို ထိုလူများ စိုးရိမ်နေကြလေသည်။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ဆူပူအပြစ်တင်လိုသည့် လေသံဖြင့် ပြောလိုက်ခြင်းပင် ဖြစ်လေ၏။

ရန်ကိုင်သည် နဖူးထက်ရှိ ချွေးအေးများကိုသုတ်လျက် ပြန်ပြောလိုက်လေသည်။ “လျို့ယန်… နင်နဲ့ငါ့ကြားက ဆက်သွယ်ချက်က ပြတ်တောက်ပြီးသွားပြီ… နင် အခု ငါ့ကို အဲ့လိုမျိုး ဆက်ခေါ်နေစရာမလိုတော့ဘူး…”

လျို့ယန်က နှာခေါင်းလေးတရှုံ့ရှုံ့လုပ်လျက် “သခင် ကျွန်မကို ထပ်ပြီးမလိုချင်တော့တာလား…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ငါပြောချင်တာ အဲ့လိုမဟုတ်ဘူးလေ… ငါပြောချင်တာက နင်က အခု လွတ်လပ်သွားပြီဆိုတော့ နောက်ပိုင်း နင်လုပ်ချင်တာလုပ်လို့ရပြီလို့ ပြောနေတာလား… ငါ့ဘေးနားမှာ ဆက်နေမယ်ဆိုရင်လည်း ပိုကောင်းတာပေါ့… ဒါပေမဲ့ နင့်ဘာသာနင် တစ်ယောက်တည်း ထွက်သွားချင်တယ်ဆိုရင်လည်း ငါတားနေမှာမဟုတ်ဘူး…”

လျို့ယန်မှ သူမ၏ စိတ်ဝိဉာဉ်ရုပ်သေးရုပ်ခန္ဓာကိုယ်ကို ရရှိလိုက်သည့်အချိန်မှစ၍ သူမနှင့် ရန်ကိုင့်ကြားရှိ ဆက်သွယ်ချက်မှာ ပြတ်တောက်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် လျို့ယန်သည် ကိုယ့်စိတ်ကိုယ့်ခန္ဓာနှင့် လွတ်လပ်သောလူတစ်ဦး ဖြစ်လာပြီဟု ပြော၍ရပေသည်။ လက်ရှိအချိန်တွင် လျို့ယန်အား သက်ရှိတစ်ဦးဟုပင် ပြော၍ရပေသည်။ ပုံမှန်နှင့်မတူသည့်အချက်ဆို၍ သူမ၏ခန္ဓာကိုယ်မှာ သာမန်လူများ၏ ခန္ဓာကိုယ်များနှင့် ကွဲပြားနေခြင်းသာ ဖြစ်လေသည်။

ထိုစကားကိုကြားသော် လျို့ယန်သည် တစ်ခဏမျှ အလေးအနက်အမူအယာဖြင့် ထိုင်စဉ်းစားနေပြီးသည့်နောက် ပြုံးကာ ပြောလိုက်လေသည်။ “အဲ့ဒါဆိုရင် သခင့်နောက်ပဲ ဆက်လိုက်မယ်လေ… ဒါကြောင့် ကျေးဇူးပြုပြီး သခင် ကျွန်မကို မောင်းမထုတ်ပါနဲ့နော်…”

ဟွာချင်းစီက နှာခေါင်းရှုံ့လျက် ဝင်ပြောလိုက်လေသည်။ “သူအနိုင်ကျင့်ရဲမှာလား…”

“ငါနင့်ကို မောင်းထုတ်မယ်လို့ ဘယ်တုန်းက ပြောလိုက်လို့လဲ…” ရန်ကိုင်က အမှားမလုပ်ဘဲ အဆူခံရသည့် လူတစ်ယောက်ပုံစံမျိုးဖြင့် ပြန်ပြောလိုက်လေသည်။ တခဏမျှ စဉ်းစားနေပြီးသည့်နောက် အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်လေ၏။ “ဒါနဲ့ လျို့ယန်… အဲ့ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေက…”

ရန်ကိုင် ဘာတွေးနေသလဲဆိုသည်ကို နားလည်ထားသည့်အလား ရန်ကိုင်စကားမဆုံးသေးခင်မှာပင် လျို့ယန်က ဖြတ်ပြောလိုက်လေသည်။ “ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေကို ထိန်းချုပ်ရတာ အရမ်းစွမ်းအားကုန်တယ်… ကျွန်မရဲ့စွမ်းအားကုန်တာတော့မဟုတ်ဘူး… ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေရဲ့ စွမ်းအားကုန်တာကို ပြောတာ… သူတို့တစ်ကြိမ် လှုပ်ရှားလိုက်တိုင်း လှုပ်ရှားလိုက်တိုင်း အဲ့လိုလှုပ်ရှားနိုင်ဖို့အတွက် စွမ်းအင်တွေ ထည့်သွင်းပေးရတယ်… ခုနတုန်းက သူတို့လှုပ်ရှားလိုက်တာ ဘယ်လောက်မှ မကြာသွားဘူးနော်… ဒါပေမဲ့ အဲ့ ဘယ်လောက်မှ မကြာတဲ့ အချိန်လေးအတွက် အရင်းအမြစ်ကျောက် အနည်းဆုံး တစ်သန်း‌လောက် ကုန်သွားတယ်…”

“အရင်းအမြစ်ကျောက်တစ်သန်း…” ရန်ကိုင် ဆွံ့အသွားခဲ့လေသည်။

လျို့ယန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်… ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ အရင်းအမြစ်ကျောက်တွေ အများကြီးရှိတယ်… အဲ့ဒါကြောင့်ပဲ ကျွန်မ သူတို့ကို ထိန်းချုပ်နိုင်တာ… ပြီးတော့ အဲ့အရင်းအမြစ်ကျောက်တွေက ရိုးရိုးအရင်းအမြစ်ကျောက်တွေ ဖြစ်လို့မရဘူးနော်… အဆင့်မြင့်အရင်းအမြစ်ကျောက်တွေ ဖြစ်မှရမှာ…”

ရန်ကိုင် သက်ပြင်းတစ်ရှိုက် ရှူသွင်းလိုက်လေသည်။

အစောပိုင်းက ကောင်းကင်အဆင့် ရုပ်သေးရုပ်လေးရုပ်သည် များများစားစား မလှုပ်ရှားခဲ့ပဲ အသက်သုံးဆယ်ရှိုက်စာခန့်လောက်သာ အစီအရင်တစ်ခုကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား ထိုမျှလောက်သော အရာလေးအတွက် အဆင့်မြင့် အရင်းအမြစ်ကျောက်တစ်သန်း ကုန်သွားခဲ့သည်။

“အဲ့ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေက အားကောင်းတာတော့ ကျိန်းသေတယ်… ဒါပေမဲ့ သူတို့ကို သုံးဖို့အတွက်ကလည်း အရင်းအမြစ်ကျောက်တွေ အတောမသတ်နိုင်အောင် ရှိနေမှ ဖြစ်မှာ…” လျို့ယန်က ပြောလိုက်လေသည်။

“အဲ့ဒါဆိုရင်တော့ အဲ့ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေက အခုလက်ရှိ ရွက်တစ်ထောင်ဂိုဏ်းအတွက် အလှအပသက်သက်ထက် မပိုတော့ဘူး…” လက်ရှိရွက်တစ်ထောင်ဂိုဏ်းတွင် ကောင်းကင်အဆင့် ရုပ်သေးရုပ်များကို လှုပ်ရှားစေနိုင်ရန်အတွက် လိုအပ်သော အဆင့်မြင့်အရင်းအမြစ်ကျောက် များများစားစား ရှိနေလိမ့်မည် မဟုတ်ချေ။ ထို့အတွက်ကြောင့် ပျောက်ဆုံးသွားသော သူတို့၏ပညာရပ်များကို ပြန်ရလိုက်မည်ဆိုလျှင်ပင် ရွက်တစ်ထောင်ဂိုဏ်းအား သိသိသာသာ အားကောင်းလာအောင် လုပ်နိုင်လိမ့်ဦးမည်မဟုတ်။

“အဲ့လိုတော့ ပြောလို့မရဘူး…” လျို့ယန်က ခေါင်းခါ၍ ရှင်းပြလိုက်လေသည်။ “ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေကို လှုပ်ရှားအောင် လုပ်နိုင်တဲ့စွမ်းအင်နှစ်မျိုးရှိတယ်… တစ်မျိုးက သူတို့ကိုယ်ထဲရှိတဲ့ အရင်းအမြစ်ကျောက်တွေနဲ့ နောက်တစ်မျိုးက ဂိုဏ်းရဲ့ မြေကမ္ဘာချီကြောမကြီးပဲ…”

ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ “ဟိုကမ္ဘာငယ်လေးထဲမှာ ရှိနေတဲ့ မြေကမ္ဘာချီကြောမကြီးကို ပြောနေတာလား…”

လျို့ယန်က ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်… အစောပိုင်းတုန်းက သခင်က ကမ္ဘာငယ်လေးထဲမှာ ရှိနေတဲ့ ဟင်းလင်းပြင်အစီအရင်ကိုပဲ ပြန်ပြင်လိုက်တာ… ဒါပေမဲ့ ဝင်ပေါက်က လုံးဝပွင့်သွားသေးတာမဟုတ်ဘူး… ဒီတော့ မြေကမ္ဘာချီကြောမရဲ့ စွမ်းအားကိုလည်း ငှားသုံးလို့မရသေးဘူး… ဒါပေမဲ့ ကမ္ဘာငယ်လေးနဲ့ ရွက်တစ်ထောင်ဂိုဏ်းကို ဆက်သွယ်ပေးထားတဲ့ လမ်းကြောင်းသာ လုံးဝပွင့်သွားမယ်ဆိုရင် ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေက မြေကမ္ဘာချီကြောမရဲ့ စွမ်းအားနဲ့ လှုပ်ရှားလာနိုင်လိမ့်မယ်… အဲ့လိုဖြစ်သွားပြီဆိုရင် သူတို့ကို ထိန်းချုပ်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်ကျောက်တွေက သိသိသာသာကို လျော့ကျသွားမှာ… အဲ့လောက်ဆိုရင်တော့ ရွက်တစ်ထောင်ဂိုဏ်းလည်း တတ်နိုင်လောက်တယ်…”

တစ်ချက်မျှ ရပ်ပြီးသည့်နောက်တွင် လျို့ယန်က ဆက်ပြောလိုက်လေသည်။ “ဒါပေမဲ့ သခင့်အတွက်ကတော့ အဲ့ရုပ်သေးရုပ်တွေကို သုံးချင်တယ်ဆိုရင်တော့ သခင့်မှာရှိနေတဲ့ အရင်းအမြစ်ကျောက်တွေကို သုံးမှပဲရလိမ့်မယ်…”

“ငါနားလည်ပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။

သူသာ ကောင်းကင်အဆင့် ရုပ်သေးရုပ်များကို ဤနေရာမှ ယူသွားချင်သည်ဆိုပါက ကောင်းကင်အဆင့် ရုပ်သေးရုပ်များသည် မြေကမ္ဘာချီကြောမကြီး၏စွမ်းအားကို ငှားယူအသုံးချနိုင်တော့လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား ရန်ကိုင်၏ ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်အောက်တွင် မြေကမ္ဘာချီကြောမသလင်းကျောက်များ ရှိနေပေသည်။ ထို့အပြင် သူ့၌ အဆင့်မြင့် အရင်းအမြစ်ကျောက်များစွာလည်း ရှိနေပေသေး၏။

ထို့အတွက်ကြောင့် ထိုရုပ်သေးရုပ်များကို အသုံးပြုဖို့ရာ သူ့ပိုင်ဆိုင်မှုများစွာ ကုန်ကျရမည်ဆိုလျှင်ပင် ရန်ကိုင်ကတော့ ထိုရုပ်သေးရုပ် တစ်ရုပ်နှစ်ရုပ်လောက်ကိုသာ ငှားယူသွားချင်ပေသေးသည်။ ထိုအရာများသည် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး၏ စွမ်းအားကို ထုတ်ဖော်နိုင်သည့် အရာများမဟုတ်ကြပေလော။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် အကုန်လုံးသည် ယနေ့တိုက်ပွဲသည် အခြားသူများနှင့် ယှဉ်လိုက်သော် သူတို့၏ခွန်အား မည်မျှ နိမ့်ကြနေကြောင်းကို ချီယွဲ့နှင့် အခြားသူများအား နားလည်သွားစေခဲ့လေသည်။

သူတို့၏ မွေးရပ်မြေကြယ်စီရင်စုထဲတွင် ချီယွဲ့နှင့် အခြားသူများသည် ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်ခဲ့ကြလိမ့်ဖြစ်သော်ငြား ကြယ်တာရာအစုအဝေးထဲသို့ ခြေချလာပြီးသည့်နောက်တွင် သူတို့၏ခွန်အားမှာ အခြားသူများနှင့် ယှဉ်လိုက်သော် အလွန်တရာကိုမှ သေးနုပ်သွားတော့လေသည်။

ထိုအကြောင်းကြောင့် သူတို့၏ခွန်အားကို အစောတလျင် မြှင့်တင်ချင်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၄၇)

သူ၏အခန်းထဲတွင် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံဖြင့် အင်းစက်ချုပ်နှောင်လက်ကောက်ထဲသို့ ဝင်ကာ ဝိဉာဉ်ဝါးမျိုအင်းစက်များကို စစ်ဆေးကြည့်လေသည်။

ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ယနေ့တိုက်ပွဲတွင် ထူးထူးချွန်ချွန်ကို စွမ်းဆောင်ပြသွားခဲ့သည်။ သူ၏မျှော်မှန်းချက်များကိုပင်လျှင် ကျော်လွန်သွားခဲ့ပေသည်။

ထိုအင်းစက်များသည် အုပ်စုလိုက်တိုက်ပွဲတွင် အလွန်ကိုမှ အားကောင်းသည့် လက်နက်တစ်ခု ဖြစ်၏။ တာအိုသခင်တတိယအဆင့် ပညာရှင်များပင်လျှင် ထိုအင်းစက်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မခံနိုင်ကြချေ။ သူသာ ထိုအင်းစက်များကို ပြုစုပျိုးထောင်ပြီး နောင်တစ်ချိန် ဆင့်ကဲပြောင်းလဲအောင် လုပ်နိုင်မည်ဆိုပါက ဧကရာဇ်အဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ထိုအင်းစက်များနှင့် အတွေ့၌ ကူကယ်ရာမဲ့သွားကြရပေလိမ့်မည်။

သို့သော်ငြား ဝိဉာဉ်ဝါးမျိုအင်းစက်များကို ပျိုးထောင်ရသည်မှာ အလွန်ကိုမှ အချိန်ကြာပေသည်။ ကုန်ကျစရိတ်လည်း အလွန်ကိုမှ များလှ၏။ ရန်ကိုင့်အနေဖြင့် ဆေးပင်များစွာကိုဝယ်ကာ ထိုဆေးပင်များကို ဝိဉာဉ်ချုပ်နှောင်လက်ကောက်ထဲသို့ ပစ်ထည့်၍ ဧကရာဇ်အဆင့် မှော်ရတနာအား ဆေးအာနိသင်များကို ဝိဉာဉ်ဝါးမျိုအင်းစက်များ စားသုံးနိုင်ရန်အတွက် သင့်လျော်သော အာဟာရဓာတ်များအဖြစ်သို့ ပြန်လည်ပြောင်းခိုင်းပစ်ရပေမည်။

ထိုကဲ့သို့သောဖြစ်စဉ်သည် အလျင်လို၍ မရချေ။

ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အင်းစက်မှတ်တမ်းတွင်ပင်လျှင် အလွန်ကိုမှ အဆင့်မြင့်ကြသူများဖြစ်ကြသည်။ ဝိဉာဉ်ဝါးမျိုအင်းစက်များသာလျှင် မဟုတ်သေးဘဲ အခြားသော အင်းစက်များသည်လည်း အင်းစက်ချုပ်နှောင်လက်ကောက်ထဲတွင် ရှိနေကြလေသည်။ ထိုအင်းစက်များသည် ဝိဉာဉ်ဝါးမျိုအင်းစက်များလောက် အဆင့်မမြင့်လျှင်ပင် ရန်ကိုင့်အတွက်တော့ အသုံးဝင်နိုင်ပေသေးသည်။

နောက်ပိုင်း အချိန်ရမည်ဆိုပါက အင်းစက်ချုပ်နှောင်လက်ကောက်ထဲရှိ အင်းစက်များကို လေ့လာကြည့်ရမည်ဟု ဆုံးဖြတ်လိုက်လေသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုအင်းစက်များသည် သူ့အား အကျိုးပြုကောင်း ပြုလာနိုင်ပေသည်။

ယနေ့တိုက်ပွဲတွင် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် ကျင့်ကြံသူပေါင်းများစွာ၏ စိတ်စွမ်းအင်နှင့်တကွ အရင်းအမြစ်ချီကို ဝါးမျိုကာ အရွယ်အစား အနည်းငယ်ကြီးထွားလာကြလေသည်။ သို့သော်ငြား ထိုကြီးထွားမှုမှာ မသိသာလှပေ။

သို့ရာတွင် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် အရင်းအမြစ်ချီကိုပင်လျှင် ဝါးမျိုပစ်နိုင်နေလိမ့်မည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။ ယခင်ကဆိုလျှင် ဝိဉာဉ်ဝါးမျိုအင်းစက်များသည် စိတ်စွမ်းအင်ကိုသာ ဝါးမျိုနိုင်ကြခြင်း ဖြစ်သည်။ ယနေ့တွင်တော့ စိတ်စွမ်းအင်ကိုသာလျှင် မဟုတ်ဘဲ အရင်းအမြစ်ချီများကိုပါ ဝါးမျိုပစ်ပြသွားခဲ့လေသည်။

သုံးရက်ကြာပြီးသည့်နောက်တွင် ရီဟန် ရန်ကိုင့်ဆီသို့ ရောက်လာခဲ့လေသည်။

ရန်ကိုင်ကလည်း ဖော်ရွေစွာဖြင့် ဆီးကြိုလိုက်လိုက်လေ၏။

ရွက်တစ်ထောင်ဂိုဏ်းထဲရှိ ကိစ္စအားလုံး ပြီးသွားခဲ့လေပြီ။ သေသည့်သူများကို မြှုပ်နှံ့ပေးပြီးသွားပြီဖြစ်သလို ဒဏ်ရာရသည့်တပည့်များကိုလည်း ကုသပေးနေကြလေ၏။ အခုတစ်ကြိမ်တိုက်ပွဲကြောင့် ရွက်တစ်ထောင်ဂိုဏ်း ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရသည့်တိုင် ထိုအဖြစ်အပျက်သည် အရမ်းကြီးတော့ မဆိုးချေ။ ထိုတိုက်ပွဲကြောင့် ရီဟန်အား ဆန့်ကျင်ဘက်လုပ်နေသော ရှီချန်းယင်ဦးဆောင်သည့် အဖွဲ့အစည်းတစ်ခုလုံး အမြစ်ပြတ် ရှင်းထုတ်ခံလိုက်ရလေသည်။ လက်ရှိ ဂိုဏ်းထဲတွင် ကျန်ရစ်နေသော အကြီးအကဲများ ဂိုဏ်းအပေါ် အလွန်သစ္စာရှိကြသည့် အကြီးအကဲများသာ ဖြစ်ကြသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ကောင်းကင်အဆင့်ရုပ်သေးရုပ်များပါ ရှိနေသေးသည့် အတွက်ကြောင့် အနှေးနှင့်အမြန်ဆိုသလို ရွက်တစ်ထောင်ဂိုဏ်း တစ်ဖန်ပြန်လည်ဦးမော့လာနိုင်ပေလိမ့်မည်။

ရီဟန်ဒဏ်ရာများမှာတော့ အရှင်းပျောက်ကင်းသွားခြင်း မရှိသေးချေ။ တိုက်ပွဲဖြစ်ပြီးသွားသည်မှာ သိပ်မကြာသေးသလို ရီဟန်ကိုယ်တိုင်ကလည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှ ရီဟန်ကိုတွေ့လိုက်ချိန် သူ့မျက်မှာ အနည်းငယ် ဖြူလျော်နေပြီး သူ့အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်နေခဲ့လေသည်။ ထို့အတွက်‌ကြောင့် ရီကျင်းဟန်မှာ ရီဟန်နောက်သို့ တကောက်ကောက်လိုက်ကာ သူ့အား ထူမပေးထားရလေ၏။

ရီဟန်ဘာကြောင့် သူ့အား လာရှာသလဲဆိုသည်ကို ရန်ကိုင် သိပေသည်။ ထို့အတွက်ကြောင့် ထိုင်ခုံနေရာအသီးသီး ယူပြီးလိုက်ကြသည့်နောက်တွင် ရန်ကိုင်သည် ရီချုံးမှ ပေးခဲ့သော သိုလှောင်လက်စွပ်ကို ရီဟန်လက်ထဲသို့ ထည့်ပေးလိုက်လေ၏။

ရီဟန်သည် သိုလှောင်လက်စွပ်အား ကတုန်ကယင်ဖြင့် ယူလိုက်ရင်း ရန်ကိုင့်အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ ရန်ကိုင် ဘာပြောမလဲဆိုသည်ကို သိချင်နေသည့်ပုံပင်။

ရန်ကိုင်က ပြုံးကာ ပြောပြလိုက်လေ၏။ “ဒါက စီနီယာရီချုန်း ကျုပ်ကို ပေးခဲ့တဲ့ သိုလှောင်လက်စွပ်ပဲ… ခင်ဗျားတို့ဂိုဏ်းရဲ့ ပျောက်ဆုံးသွားတဲ့ အမွေအနှစ်တွေအကုန်လုံးက အဲ့ထဲမှာ ရှိရင် ရှိနေလောက်တယ်…”

ထိုစကားကိုကြားသော် ရီဟန်၏ခန္ဓာကိုယ် ကတုန်ကယင်ဖြစ်လာပြီး မျက်ရည်များပင် ကျလာခဲ့လေသည်။

ယခင်မျိုးဆက်ဂိုဏ်းချုပ်အသီးသီး အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ကြသော ရည်မှန်းချက်မှာ ယခု သူ့မျိုးဆက်တွင် ပြီးမြောက်သွားခဲ့လေပြီ။ သို့သော်ငြား မကြာခင်တွင် တစ်ခုခုမှားယွင်းနေမှန်း နားလည်သွားခဲ့သည်။ “သခင်လေးရန်… ဘိုးဘေးရီချုန်းက ဒီလက်စွပ်ကို သခင်လေးရန်ဆီ ပေးလိုက်တယ်လို့ ပြောလိုက်တာလား… ဒါဆိုရင်…”

ရန်ကိုင်က လက်ဝှေ့ယမ်းလျက် “စီနီယာရီချုန်းသေသွားတာ ကြာနေပြီ… သူချန်ထားရစ်ခဲ့တဲ့ ဝိဉာဉ်အပိုင်းအစလေးနဲ့ပဲ စကားပြောဖြစ်ခဲ့တာ…”

ကမ္ဘာငယ်လေးထဲသို့ ရောက်သွားသည့်နောက်ပိုင်း မည်သည့်အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသည်ကို ရန်ကိုင်မှ ပြန်ရှင်းပြသည်အား နားထောင်ပြီးသည့်နောက်တွင် ရီဟန် ထိတ်လန့်သွားခဲ့လေသည်။ “ဘိုးဘေးရီချုန်းက အလောင်းရုပ်သေးရုပ်ပညာရပ်ကို သွားလေ့လာနေတာလား… ဒါက…”

ရန်ကိုင်ကိုယ်တိုင်ပြောပြနေခြင်းသာ မဟုတ်လျှင် ရီဟန်အနေဖြင့် ထိုကိစ္စအား ယုံကြည်နိုင်လိမ့်မည်မဟုတ်ချေ။ အလောင်းရုပ်သေးရုပ်ပညာရပ်သည် ရွက်တစ်ထောင်ဂိုဏ်းထဲတွင် တားမြစ်ထားသည့် ပညာရပ်တစ်ခု ဖြစ်လေသည်။ ထိုသို့ဖြစ်လေရာ ရီချုန်းအနေဖြင့် ထိုပညာရပ်အား မည်ကဲ့သို့များ လေ့လာရလေသနည်း။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူ့ကိုယ်သူလည်း အလောင်းရုပ်သေးရုပ်တစ်ရုပ်ဖြစ်အောင် သန့်စင်ရန် ကြိုးစားခဲ့ပေသေးသည်။ ရန်ကိုင့်တွင် သူ့အား လိမ်ညာစရာအကြောင်း မရှိချေ။ ဤသိုလှောင်လက်စွပ်အား သူ့ဆီသို့ လာပေးသည့်အချက်ကို ကြည့်လျှင်ပင် သိနိုင်ပေသည်။

အချိန်အတော်ကြာအောင် ငေးငိုင်ငိုင်ဖြစ်နေပြီးသည့်နောက်တွင် ရီဟန်က မတ်တပ်ရပ်လျက် ဦးညွှတ်လိုက်လေသည်။ “သခင်လေးရန် လုပ်ပေးခဲ့တာတွေကို ဒီရီဟန် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး… ကျေးဇူးပြုပြီး ဒီရီဟန်ဦးညွှတ်တာကို လက်ခံပေးပါ…”

ရီကျင်းဟန်သည်လည်း အလျင်အမြန် ဦးညွှတ်လိုက်လေသည်။

ရန်ကိုင်က ချက်ချင်းပဲ ရီဟန်ကို ပြန်ထူမပေးလျက် ပြောလိုက်လေသည်။ “အာ… အဲ့လောက်ကြီး လုပ်နေစရာ မလိုပါဘူး ဂိုဏ်းချုပ်ရီရယ်… ကျုပ်လည်း ဘာမှ ဒီလောက်ကြီး လုပ်လိုက်ရတာမှ မဟုတ်တာ…”

သို့သော်ငြား ထိုကိစ္စမှာ ဤမျှ ရိုးရှင်းလိမ့်မည်မဟုတ်မှန်း ရီဟန်သိနေသည်။ ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် ရီချုန်း၏ အလောင်းရုပ်သေးရုပ်နှင့် သွားတွေ့လေသည်။ ထိုသို့တွေ့ရာတွင် အလွန်ကိုမှ ကြောက်မက်ဖွယ်ရာကောင်းသည့် တိုက်ပွဲတစ်ပွဲ ကျိန်းသေ ဖြစ်ပျက်ခဲ့ရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်က အသေးစိတ် မပြောခဲ့သဖြင့် ရီဟန်လည်း အကြောင်းစုံကို မသိခဲ့ရပေ။

“ဒီနေ့ကစပြီးတော့ သခင်လေးရန်က ကျုပ်တို့ရွက်တစ်ထောင်ဂိုဏ်းရဲ့ အကောင်းဆုံးမိတ်ဆွေတစ်ယောက် ဖြစ်သွားပြီ… သခင်လေးရန် တစ်ခုခု လိုတာရှိရင် ပြောသာပြောလိုက်ပါ… ကျုပ်တို့ရွက်တစ်ထောင်ဂိုဏ်း လုံးဝ ငြင်းမှာမဟုတ်ပါဘူး…” ရီဟန်က ပြောလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် “ဂိုဏ်းချုပ်ရီ… သိုလှောင်လက်စွပ်ကို အရင်စစ်ဆေးကြည့်ပါဦး…”

“ဟုတ်တယ်…” ရီဟန်ကိုယ်တိုင်သည်လည်း သူတို့ဂိုဏ်း၏ ပျောက်ဆုံးသွားသော အမွေအနှစ်များ ထိုသိုလှောင်လက်စွပ်ထဲတွင် ရှိနေမရှိနေကို သိချင်နေမိပေသည်။ ထို့အတွက်‌ကြောင့် သိုလှောင်လက်စွပ်ပေါ်တွင် ခတ်ထားသော ချိတ်စည်းတံဆိပ်ကို ဖျက်ဆီး၍ အထဲရှိ ပစ္စည်းများကို စတင်စစ်ဆေးကြည့်တော့လေ၏။

ရီကျင်းဟန်သည်လည်း ရီဟန်ဘေးတွင်ရပ်ကာ မျှော်လင့်တကြီးဖြင့် စောင့်မျှော်နေခဲ့လေသည်။

ဤသိုလှောင်လက်စွပ်ကို ဖွင့်ရန်အတွက် ရီမိသားစု၏ သွေးအဆီအနှစ်ကို လိုအပ်ပေသည်။ အတင်းအကြပ် ဖွင့်မည်ဆိုပါက သိုလှောင်လက်စွပ်ပါ ပျက်စီးသွားပေလိမ့်မည်။

အသက်ဆယ်ရှိုက်စာခန့်အတွင်း သိုလှောင်လက်စွပ်ဆီမှ အလင်းတစ်ချက် လက်သွားလေ၏။ သိုလှောင်လက်စွပ်ပေါ်တွင် တင်ထားသော ချိတ်စည်း ပျက်ပျယ်သွားပြီးမှန်း ရန်ကိုင် သိလိုက်လေသည်။

ထို့နောက်တွင် ရီဟန်သည် သိုလှောင်လက်စွပ်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်တော့လေ၏။ ထိုသို့စစ်ဆေးကြည့်နေစဉ်အတောအတွင်း သူ့အမူအယာမှာ အမျိုးမျိုးကို ပြောင်းလဲနေခဲ့လေသည်။

အချိန်အတော်ကြာသွားသည့်နောက်မှသာ ရီဟန်သည် သူ့ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းအမောကြီးချလိုက်လေ၏။

“အဖေ…” ရီဟန်၏အမူအယာကိုမြင်သော် သိုလှောင်လက်စွပ်ထဲတွင် သူတို့မျှော်လင့်နေသည့် အရာများ ရှိမနေဟု ရီကျင်းဟန် ထင်သွားခဲ့လေသည်။ ထို့အတွက်ကြောင့် သူမ၏မျက်နှာလေးမှာ တမုဟုတ်ချည်းကို ဖြူလျော်သွားတော့လေ၏။

သို့သော်ငြား ရီဟန်က လက်ဝှေ့ယမ်းလျက် “ပျောက်သွားတဲ့အမွေအနှစ်တွေ အကုန်လုံး သိုလှောင်လက်စွပ်ထဲမှာ ရှိတယ်…”

“ဒါဆို အဖေဘာလို့ သက်ပြင်းချနေတာလဲ…” ရီကျင်းဟန်သည် ရီဟန်အား နားမလည်နိုင်သည့် အမူအယာဖြင့် ကြည့်လိုက်လေသည်။ ပျောက်ဆုံးသွားသော အမွေအနှစ်များကို ပြန်လည်ရရှိလိုက်သည်မှာ ဝမ်းသာသင့်သည့် ကိစ္စတစ်ရပ်တစ်ခု မဟုတ်ပေလော။ ဘာကြောင့်များ ရီဟန်က သက်ပြင်းချနေရသနည်း။

ရီဟန်က ခါးသက်စွာပြုံးလျက် “ဘာမှမဟုတ်ပါဘူး… ကျင်းဟန် သမီးအရင်သွားနှင့်လိုက်ပါလား… အဖေ သခင်လေးရန်နဲ့ သီးသန့်စကားပြောစရာရှိလို့…”

ရီကျင်းဟန်မှာ တခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ခေါင်းညိတ်လိုက်လေ၏။ “ကောင်းပြီလေ…”

ထို့နောက်တွင် ရန်ကိုင့်အား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် အခန်းထဲမှ ဖြည်းဖြည်းချင်း ထွက်သွားခဲ့လေသည်။

ရီကျင်းဟန်ထွက်သွားသည့်အခါမှသာလျှင် ရီဟန်သည် ပြောရခက်နေသည့် ကိစ္စတစ်ခု ရှိနေသည့်ဟန်ဖြင့် ရန်ကိုင်အား အားတုံ့အားနာဖြင့် ကြည့်လိုက်လေ၏။

“ဂိုဏ်းချုပ်ရီ ပြောချင်တာတစ်ခုခုရှိရင် ပြောသာပြောလိုက်နော်…” ရန်ကိုင်က ပြုံးကာ ပြောလိုက်လေသည်။

ရီဟန်က ပြောလိုက်လေ၏။ “ရိုင်းပျသလို ဖြစ်သွားရင် ဒီရီကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ… ဒီရီရဲ့သမီးကို သခင်လေးရန် ဘယ်လိုထင်လဲမသိဘူး…”

ထိုစကားကိုကြားသော် ရန်ကိုင့်စိတ်ထဲ မကောင်းသည့်ခံစားချက်တို့ ရလာလေ၏။ သို့တိုင် ရိုးရိုးသားသားပင် ပြန်ပြောလိုက်လေသည်။ “ညီမရီက ကြင်နာတတ်တယ်… မိန်းမသားတစ်ဦးဖြစ်တယ်ဆိုပေမဲ့ စိတ်ဓာတ်ကလည်း ကြံ့ခိုင်တယ်…”

ရီကျင်းဟန်နှင့် သိလာသည်မှာ အတော်လေး ကြာနေပြီဖြစ်သည့်အတွက်ကြောင့် သူမအကြောင်းကို အသေးစိတ်မသိသည့်တိုင် အနည်းအကျဉ်းတော့ သိပေသည်။

“သူ့ရုပ်ရည်ကိုရော ဘယ်လိုမြင်လဲဟင်…” ရီဟန်က ထပ်မေးလိုက်လေသည်။

ရန်ကိုင်က တွေးလိုက်လေ၏။ (ဒီလူအိုကြီး တကယ်လုပ်နေတာလား…)

ခဏမျှ တွေးပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “အာ… သူ့ကို ကြိုက်တဲ့လူတွေကတော့ သူ့ကို နတ်သမီးလေးတစ်ပါးလို ထင်ကြမှာပေါ့… ဒီအကြောင်းကို သိချင်လို့ရှိရင် ဂိုဏ်းချုပ်ရီ ကျုပ်ကိုမမေးသင့်ဘူး… ရောင်းရင်းတုရှန်းကို သွားမေးရမှာ…”

ရန်ကိုင်၏ အဖြေကို ကြားသော် ရီဟန်သည် ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ လက်သီးဆုပ်၍ ပြောလိုက်လေသည်။ “သခင်လေးရန်… ကျေးဇူးပြုပြီး ကျုပ်ရဲ့သမီးနဲ့ လက်ထပ်ပြီး ရွက်တစ်ထောင်ဂိုဏ်းကို ဦးဆောင်ပေးလို့ မရဘူးလား… သခင်လေးရန် ဘယ်ဂိုဏ်းထဲကိုမှ မဝင်ထားဘူးလို့ ဒီရီကြားတယ်… ဒါကြောင့် ဒီလူအိုကြီး…”

ရီဟန် ဆုံးအောင်မပြောနိုင်သေးခင်မှာပင် ရန်ကိုင်က လက်ထောင်၍ ဖြတ်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ရီ… ကျုပ် သူများသမီးရည်းစားတွေကို ဝင်ခွဲတဲ့လူ မဖြစ်ချင်ဘူး… ပြီးတော့ ရွက်တစ်ထောင်ဂိုဏ်းထဲကိုလည်း ဝင်ဖို့ စိတ်ကူးမရှိသေးဘူး…”

ရီဟန်က ခါးသက်စွာပြုံးလျက် “ဖြစ်ချင်တာတွေအတွက် ကိုယ့်သမီးကိုတောင် စတေးပစ်တဲ့ လူတစ်ယောက်လို့ သခင်လေးရန်ကတော့ ဒီရီကို ထင်တော့မှာပေါ့ ဟုတ်တယ်မလား… ဒါပေမဲ့ ဒီလူအိုကြီးမှာ အသက်ရှင်ဖို့ အချိန်သိပ်မရှိတော့ဘူး… အခုလောလောဆယ် ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကိုလည်း ဘယ်သူမှမယူနိုင်ကြသေးဘူး… ဒီလူအိုကြီးသာ ဆုံးပါးသွားခဲ့ရင် ဂိုဏ်းတစ်ခုလုံး ဘာဖြစ်သွားမယ်ဆိုတာ ပြောလို့မရဘူး…”

ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့လေသည်။ “တုရှန်းက ဘာဖြစ်လို့လဲ…”

ရီဟန်က သက်ပြင်းချလျက် “တုရှန်းက ကလေးကောင်းတစ်ယောက်ပဲ… ဒါပေမဲ့ သူ့ကျင့်ကြံခြင်းက မလုံလောက်သေးဘူး…”

ရန်ကိုင်က ပြုံးလျက် “တုရှန်းက တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပြီလေ… ဂိုဏ်းချုပ်ရီ ရွက်တစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးကို ယူတုန်းက ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်မို့လို့လဲ…”

သူ ဂိုဏ်းချုပ်ရာထူးကို ရယူခဲ့စဉ်က တာအိုသခင် ပထမအဆင့်သာ ရှိသေးကြောင်း ပြန်စဉ်းစားမိလိုက်သော် ရီဟန် မင်သက်သွားခဲ့လေသည်။ တုရှန်းနှင့် ယှဉ်လိုက်သော် တုရှန်း၏ကျင့်ကြံခြင်းသည် ဂိုဏ်းချုပ်ရာထူးကို သူ စယူစဉ်ကထက် တစ်ဆင့်ပင် ပိုမြင့်နေပေသေးသည်။

ရန်ကိုင်က ဆက်ပြောလိုက်လေသည်။ “ပြီးတော့ ဂိုဏ်းချုပ်ရီရဲ့ ဂိုဏ်းထဲက ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေကလည်း အသက်ပြန်ဝင်လာနေပြီလေ… ဒီခွန်အားနဲ့ဆို မိုင်တစ်သိန်းပတ်လည်အတွင်းမှာရှိတဲ့ ဘယ်ပညာရှင်မှ ရွက်တစ်ထောင်ဂိုဏ်းကို လာပြီး စိန်ခေါ်ရဲမှာမဟုတ်ဘူး… ဂိုဏ်းချုပ်ရီ ဘာတွေကိုစိတ်ပူနေတာလဲ…”

ရီဟန်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့ပြီး ခေါင်းညိတ်၍ “သခင်လေးရန်ပြောတာလည်း အမှန်ပဲ… ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေ ရှိနေပြီဆိုမှတော့ လူအိုကြီး ဘာကိုကြောက်နေရဦးမှာလဲ… နှမြောစရာကောင်းတာက ဒီလူအိုကြီးမှာ အသက်ရှင်ဖို့ အချိန်သိပ်မရတော့တာပဲ… နောက်ထပ်ဆယ်နှစ်လောက်သာ အချိန်ထပ်ရမယ်ဆိုရင် ဧကရာဇ်အဆင့်ကို ကျိန်းသေ ချိုးဖြတ်နိုင်မှာ… အဲ့အခါကြရင် ရွက်တစ်ထောင်ဂိုဏ်းအနေနဲ့ ဘာကိုမှ ကြောက်နေစရာ မလိုတော့ဘူး…”

ရန်ကိုင်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “ဆယ်နှစ်ထဲနဲ့ ဧကရာဇ်အဆင့်ကို ချိုးဖြတ်နိုင်မယ်လို့ ဂိုဏ်းချုပ်ရီ ယုံကြည်ချက်ရှိတယ်ပေါ့…”

ရီဟန်က ပြုံးလျက် “ဒီလူအိုကြီးကျင့်ထားတဲ့ ကျင့်စဉ်က ချို့ယွင်းချက်တစ်ခု ရှိနေခဲ့တာ… ဒါပေမဲ့ ဘိုးဘေးရီချုံးပေးတဲ့ အမွေအနှစ်ကို ရသွားပြီဆိုတော့ ဘာမှကိစ္စမရှိတော့ဘူး… နောက်ဆယ်နှစ်အတွင်းမှာတောင် ဧကရာဇ်အဆင့်ကို မချိုးဖြတ်နိုင်ခဲ့ဘူးဆိုရင် ဒီရီ ကျင့်ကြံလာခဲ့တာတွေ အကုန်လုံး အလကားဖြစ်သွားကုန်မှာပေါ့…”

ချို့ယွင်းချက်ရှိနေသည့် ကျင့်စဉ်တစ်ခုနှင့်ပင်လျှင် တာအိုသခင် တတိယအဆင့်သို့ ရောက်လာနိုင်သည်ကို ကြည့်လျှင် ရီဟန် မည်မျှ ပါရမီကောင်းကြောင်းကို တွေ့မြင်နိုင်ပေသည်။ ယခုဆိုလျှင် ဂိုဏ်း၏ ပျောက်ဆုံးသွားသော အမွေအနှစ်ကို ပြန်လည်ရရှိလိုက်ပြီ ဖြစ်သည့်အတွက်‌ကြောင့် သူ့ကျင့်စဉ်၌ ချို့ယွင်းချက်ရှိနေသည်ကို စိတ်ပူစရာမလိုတော့ချေ။

ဆယ်နှစ်ဟူသော ပမာဏသည် သူ့အဖို့ ဧကရာဇ်အဆင့်သို့ ရောက်ရန် လုံလောက်ပေသည်။

“တကယ်ကို နှမြောစရာပဲ… ဒီလူအိုကြီးမှာ တကယ်ကို အချိန်မရှိတော့တာ…” ရီဟန်က သက်ပြင်းအမောကြီး ချလိုက်လေသည်။ သူ့တွင် နေရမည့်သက်တမ်း သိပ်မကျန်တော့သည့် အတွက်ကြောင့်သာလျှင် ရန်ကိုင့်အား ရီကျင်းဟန်နှင့် ပေးစားရန် ကြံနေခြင်း ဖြစ်လေသည်။ ယခု ရန်ကိုင်မှ ကောင်းကင်အဆင့် ရုပ်သေးရုပ်များအကြောင်း ပြောလိုက်သော် ရီဟန်မှာ ထိုကိစ္စနှင့် ပတ်သက်၍ အရမ်းကြီး စိတ်ပူနေခြင်း မရှိတော့ချေ။

ပြောပြီးသည့်နောက်တွင် ရီဟန်က ထရပ်လျက် “သခင်လေးရန်ကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်နော်… ဒီလူအိုကြီး ကမ္ဘာငယ်လေးထဲကို တစ်ချက် သွားကြည့်လိုက်ဦးမယ်… နှုတ်ဆက်ပါတယ် သခင်လေးရန်…”

ရန်ကိုင်က ပြောလိုက်လေသည်။ “အဲ့လိုဆိုရင် ဂရုစိုက်ဦးနော် ဂိုဏ်းချုပ်ရီ…”

တစ်ချက်မျှ ရပ်ပြီးသည့်နောက် တစ်ခုခုအား စဉ်းစားမိသွားဟန်ဖြင့် ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ရီ… ဒီရက်ပိုင်းအတွင်း ဂိုဏ်းချုပ်ရီဆီကနေ ကျုပ် အကူအညီတစ်ခုခု တောင်းစရာရှိတယ်…”

ရီဟန်က ပြုံးလျက် “ဒီလူအိုကြီးနဲ့ ရွက်တစ်ထောင်ဂိုဏ်းအနေနဲ့ သခင်လေးရန်ကို ကူညီခွင့်ရတာ ဝမ်းသာစရာပါပဲ… သခင်လေးရန် အကူအညီလိုရင် ပြောသာ ပြောလိုက်ပါ…”

“အဲ့ဒါဆိုရင် ဂိုဏ်းချုပ်ရီကို ကြိုပြီး ကျေးဇူးတင်ထားရတာပေါ့…”

ရီဟန်နှင့် ရန်ကိုင်နှင့် လာတွေ့ရခြင်းမှာ ရန်ကိုင်မှ ကမ္ဘာငယ်လေးထဲတွင် ရွက်တစ်ထောင်ဂိုဏ်း၏ ပျောက်ဆုံးသွားသော အမွေအနှစ်များကို ပြန်တွေ့ရှိခဲ့လား မတွေ့ခဲ့ဘူးလား ဆိုသည့်အကြောင်းကို သိချင်မိသည့် အတွက်ကြောင့် ဖြစ်သလို သူ့သမီးအနာဂတ်အတွက် ဆွေးနွေးချင်သည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။ သို့သော်ငြား ကံမကောင်းစွာဖြင့် ရန်ကိုင်ကမူ မင်္ဂလာပွဲကို ငြင်းဆန်ပစ်ခဲ့ပေသည်။

ထိုကဲ့သို့ ငြင်းဆန်ခံလိုက်ရပြီးသည့်နောက် ရီဟန်အနေဖြင့် စိတ်ပျက်သွားခြင်းမရှိသည့်အပြင်ကိုမှ စိတ်သက်သာရာရသွားသလိုပင် ခံစားလိုက်ရလေသည်။

သူ့သမီး ရီကျင်းဟန်နှင့် တုရှန်းတို့ အတူတကွကြီးပြင်းလာသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။ သူတို့နှစ်ဦးမှာ တစ်ဦးကို တစ်ဦး အလွန်ကိုချစ်မြတ်နိုးကြောင်းလည်း ရီဟန်သိပေသည်။ ရန်ကိုင်သာ ရီကျင်းဟန်အား လက်ထပ်ရန် သဘောတူလိုက်မည်ဆိုပါက နောင်တွင် ရီဟန်အနေဖြင့် သူ့သမီးအား မျက်နှာချင်းဆိုင်ရဲတော့လိမ့်မည် မဟုတ်ချေ။ တုရှန်းနှင့် ရီကျင်းဟန်တို့သည် သူ့အပေါ် ကြီးကြီးမားမား အငြှိုးထားနေကြပေလိမ့်မည်။

သို့ရာတွင် သူ့၌ ရွေးချယ်စရာမရှိသဖြင့် ဂိုဏ်းအကျိုးအတွက် ထိုကဲ့သို့ ကမ်းလှမ်းလိုက်ခြင်းသာ ဖြစ်ပေသည်။

လက်ရှိအချိန်တွင် ရီဟန်သည် သေမင်းနှင့် တွေ့မှ မသေဆေးလိုက်ရှာနေသည့် လူတစ်ဦးနှယ် ဖြစ်နေခဲ့လေသည်။ ရန်ကိုင်နှင့် စကားပြောသွားသည့်အချိန်တွင် လျို့ယန်အကြောင်းကိုလည်း တစ်ခွန်းလေးမှ မမေးခဲ့ချေ။ လျို့ယန်သည် ကောင်းကင်အဆင့် ရုပ်သေးရုပ်များအား ထိန်းချုပ်သွားသည်ကို သူ မမြင်ခဲ့သည့်အလား။ လျို့ယန်၏နောက်ခံ မည်ကဲ့သို့ ဖြစ်သည် သူမသည် ဘာကြောင့်များ ရန်ကိုင်နှင့်အတူ ကမ္ဘာငယ်လေးထဲမှ ထွက်လာခဲ့ရသလဲ ဆိုသည့် အကြောင်းများကို ရီဟန်အနေဖြင့် ဘယ်တော့မှ သွားမေးလိမ့်မည်မဟုတ်ချေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၄၈)

ရီဟန်ကို ပြန်လိုက်ပို့ပေးပြီးသည့်နောက်တွင် ရန်ကိုင်သည် ချီယွဲ့နှင့် အခြားသူများအား သူတံခါးပိတ်ကျင့်စဉ် ဝင်တော့မည့်အကြောင်း အကြောင်းကြားလိုက်လေသည်။

လက်ရှိတွင် ချီယွဲ့နှင့် အခြားသူများ၏ ကျင့်ကြံခြင်းမှာ တော်တော်လေးကိုမှ နိမ့်ကျနေပေသေးသည်။ သူတို့သာ မြန်မြန်ဆန်ဆန် တိုးတက်လာအောင် ကျင့်ကြံမည်ဆိုပါက ဆေးလုံးများကို မရှိမဖြစ် လိုအပ်လာပေလိမ့်မည်။ ယခုတစ်ကြိမ် ရန်ကိုင် တံခါးပိတ်ကျင့်စဉ်ဝင်ရခြင်းမှာ သူတို့အတွက် ဆေးလုံးများ ဖော်စပ်ပေးရန် ဖြစ်လေသည်။ ကမ္ဘာငယ်လေးထဲတွင် အဖိုးတန်ဆေးပင်များစွာကို ရန်ကိုင် ရရှိခဲ့သည်။ ထိုဆေးပင်များဖြင့် ချီယွဲ့နှင့် အခြားသူများအတွက် လိုအပ်သော ဆေးလုံးများကို ဖော်စပ်ရန် လုံလောက်ပေသည်။ အခန်းတစ်ခန်းလုံးမှာ ငြိမ်သက်ပြီး တိတ်ဆိတ်နေခဲ့ကာ တလက်လက်တောက်ပနေသည့် မီးရောင်များသာ ရှိတော့လေသည်။ လက်ရှိအချိန်တွင် ရန်ကိုင်သည် ဆေးဖော်စပ်သည့် ကိစ္စထဲ လုံးဝကို အာရုံစိုက်နေခဲ့လေ၏။

ရန်ကိုင်၏ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ ဆေးတာအိုအပေါ် သူ၏နားလည်မှုမှာလည်း လိုက်၍ မြင့်တက်လာခဲ့သည်။ ထို့အတွက်ကြောင့် သူ့ကျင့်ကြံခြင်းခရီးလမ်း၌ ရန်ကိုင့်အဖို့ ဆေးလုံးများကို ဝယ်ရသည်မှာ အလွန်ကိုမှ ရှားပါးလှသည်။ သူအသုံးပြုရန်အတွက် လိုအပ်သော ဆေးလုံးများကို သူ့ဖာသာသာ ဖော်စပ်လေ့ ရှိပေသည်။

ရွက်တစ်ထောင်ဂိုဏ်း၏ ကမ္ဘာငယ်လေးထဲသို့ သွားရာတွင် ရန်ကိုင့်၏ကျင့်ကြံခြင်းမှာ တာအိုသခင်တတိယအဆင့်သို့ ရောက်သွားခဲ့ရသည်။ သူ့ခွန်အားမှာ တိုးတက်လာခဲ့သလို သူ့စိတ်စွမ်းအင်မှာလည်း သိသိသာသာကို တိုးတက်လာခဲ့ရလေသည်။

ဆေးဖော်စပ်ရန်အတွက် တံခါးပိတ်ကျင့်စဉ် စတင်ဝင်ရောက်သွားစဉ်က ရန်ကိုင့်အနေဖြင့် ဆေးလုံးများကို ဖော်စပ်ရာတွင် သေချာအာရုံစိုက်ထားရန် လိုအပ်ခဲ့သည်။ သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ တာအိုသခင်အဆင့် ဆေးလုံးများကို ဖော်စပ်ရသည်မှာ သူ့အတွက် ထမင်းစားရေသောက်နှယ် လွယ်ကူလာခဲ့လေသည်။

ရန်ကိုင် တံခါးပိတ်ကျင့်စဉ် ဝင်နေစဉ်အတောအတွင်း ဆေးလုံးများ တစ်အိုးပြီးတစ်အိုး ပြီးဆုံးသွားခဲ့သည်။ ရန်ကိုင့်၏ ဆေးစွမ်းရည်မှာလည်း သိသိသာသာကို မြင့်တက်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် မကြာသေးခင်ကမှ အသစ်စက်စက် ရရှိထားသော တာအိုသခင်တတိယအဆင့် ကျင့်ကြံခြင်းမှာလည်း တဖြည်းဖြည်းနှင့် ခိုင်မာကျစ်လျစ် လာတော့လေသည်။

ဒုတိယလ ကုန်ဆုံးသွားပြီးချိန်တွင် ရန်ကိုင်သည် သူ့တွင် ရှိနေသော တာအိုအဆင့် ဆေးပင်အားလုံးကို သုံးပစ်ပြီးသွားခဲ့လေပြီ။ တတိယတစ်လသို့ ရောက်ချိန်တွင်တော့ ရန်ကိုင်သည် ဧကရာဇ်အဆင့် ဆေးပင်များကိုပင်လျှင် စတင်ဖော်စပ်နေလေ၏။

ထပ်တလဲလဲ ကျရှုံးနေပြီး နောက်ဆုံးတွင် ဧကရာဇ်အဆင့်နိမ့် ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့လေသည်။ ထိုကဲ့သို့ အောင်မြင်သွားခြင်းသည် ရန်ကိုင်မှ ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာပြီဟု ပြောလိုက်ခြင်းနှင့် အတူတူပင်ဖြစ်လေသည်။

သို့သော်ငြား ဧကရာဇ်အဆင့် ဆေးလုံးများကို ဖော်စပ်ရာတွင် သိပ်၍ ကျွမ်းကျင်ခြင်း မရှိသေးချေ။ သူ့အနေဖြင့် ထပ်တလဲလဲ လေ့ကျင့်ရန် လိုအပ်ပေသေးသည်။

ထိုသို့ဆိုလျှင်ပင် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးသည် ကြယ်တာရာအစုအဝေးထဲ၌ပင်လျှင် အလွန်တရာကိုမှ ရှားပါးပြီး အဖိုးတန်သည့် တည်ရှိမှုတစ်ခု ဖြစ်ပေသည်။ ရန်ကိုင်သာ သူသည် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သည်ဟူသော အကြောင်းကို ထုတ်ပြောလိုက်ပြီဆိုပါက မည်သည့်ဂိုဏ်းမဆို သူ့အား အူယားဖားယား လာရောက်ဖိတ်ခေါ်ကြပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်ကမူ ထိုအကြောင်းကို ထုတ်ပြောလိမ့်မည်မဟုတ်ချေ။ အစကတည်းက ဆေးပညာကို သင်သည်မှာ သူ၏သိုင်းတာအိုကို အထောက်အကူပြုပေးရန်အတွက် ဖြစ်သည်။ တစ်ဘဝလုံးကို ဆေးပညာရှင်အဖြစ် ကုန်ဆုံးလိုချင်သည့် အတွက်ကြောင့်မဟုတ်။

သူသာ ထိုဂိုဏ်းကြီးများထဲသို့ ဆေးပညာရှင်တစ်ဦးအဖြစ် ဝင်ရောက်သွားမည်ဆိုပါက သူ့တစ်ဘဝလုံးကို ဆေးဖော်စပ်ရင်းဖြင့်သာ ကုန်ဆုံးနေရပေတော့မည်။ ထိုအခါ သူ့တွင် ကျင့်ကြံရန် အချိန်ရှိနေတော့လိမ့်မည် မဟုတ်ချေ။

သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ရန်ကိုင့်အနေဖြင့် ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာနိုင်ရခြင်းမှာ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ မူလကြယ်ကြီးတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တစ်ခုကြောင့်သာ ဖြစ်လေသည်။ မဟာဆေးတာအို၏ ပဲ့တင်သံကို မကြားခဲ့ရပါက သူ့ဆေးစွမ်းရည်သည် ဤအတိုင်းအတာအထိ မြင့်တက်လာနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

မဟာဆေးတာအို၏ ပဲ့တင်သံသည် ကောင်းကင်လမ်းစဉ်ကို ကိုယ်စားပြုပေသည်။ ထိုဆေးတာအို၏ ပဲ့တင်သံသည် သူ့အား ဆေးတာအိုနှင့် ပတ်သက်သည့် နက်နဲဆန်းကြယ်သည့် အကြောင်းအရာများကို သင်ကြားပေးသွားခဲ့သည်။ လက်ရှိ ရန်ကိုင်အသုံးပြုနေသော ဆေးဖော်စပ်ခြင်း နည်းစနစ်ဖြစ်သော ဘုံကိုးသွယ်ဆေးသိပ်သည်းခြင်း နည်းစနစ်သည်ပင်လျှင် မဟာဆေးတာအို၏ ပဲ့တင်သံကြောင့် ရရှိလာခဲ့ရခြင်း ဖြစ်ပေသည်။

ဧကရာဇ်အဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် မရပ်သေးဘဲ ဆက်၍သာ ဆေးဖော်စပ်နေခဲ့လေသည်။

ယခုတစ်ကြိမ် သူဖော်စပ်နေသည့် ဆေးပင်များမှာတော့ ယခင်ဆေးပင်များနှင့် မတူချေ။ ဤဆေးပင်များကို ကမ္ဘာငယ်လေးထဲရှိ ဧကရာဇ်ကောင်းကင်တောင်ကြားမှ ရရှိလာခဲ့ခြင်းဖြစ်ပေသည်။ ဆေးပင်အရေအတွက်မှာ မနည်းလှချေ။ ထိုဆေးပင်များမှာ ဧကရာဇ်ကောင်းကင်တောင်ကြားထဲတွင် ပေါက်ရောက်နေသည့် ဆေးပင်များ ဖြစ်သည့်အတွက်ကြောင့် ဆေးပင်တိုင်း ဆေးပင်တိုင်းတွင် ဧကရာဇ်စိတ်ဆန္ဒနှင့် ဧကရာဇ်အရှိန်အဝါတို့ ရှိနေကြလေသည်။

ထိုဆေးပင်များမှာ ဖော်စပ်လိုက်သည့် ဆေးလုံးများတွင်လည်း ဧကရာဇ်စိတ်ဆန္ဒနှင့် ဧကရာဇ်အရှိန်အဝါတို့ ကျိန်းသေ ရှိနေကြပေလိမ့်မည်။

ထိုဆေးလုံးကို သောက်လိုက်သည့် မည်သူမဆို ဆေးလုံးထဲတွင် ကိန်းအောင်းနေသော ဧကရာဇ်စိတ်ဆန္ဒနှင့် ဧကရာဇ်အရှိန်အဝါတို့ကို စုပ်ယူပစ်နိုင်ကြပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ဆေးအာနိသင် မည်သို့ပင် ရှိနေစေကာမူ မည်သူမှ ဂရုစိုက်ကြတော့လိမ့်မည်မဟုတ်။ အကုန်လုံး၏ ပစ်မှတ်သည် ဆေးလုံးထဲတွင် ရှိနေသော ဧကရာဇ်စိတ်ဆန္ဒနှင့် ဧကရာဇ်အရှိန်အဝါသာ ဖြစ်ကြပေလိမ့်မည်။ ထိုဆေးလုံးကို သောက်လိုက်ခြင်းဖြင့် တာအိုသခင်တတိယအဆင့် ပညာရှင်မြောက်များစွာ ထိုးထွင်းသိမြင်နိုင်ခဲ့ခြင်း မရှိသော ဧကရာဇ်အဆင့်၏ နက်နဲဆန်းကြယ်မှုများကို နားလည်နိုင်ပေလိမ့်မည်။

ရန်ကိုင်နှင့် ဟွာချင်းစီတို့မှာ တာအိုသခင်တတိယအဆင့် ပညာရှင်များ ဖြစ်သည့်အတွက်ကြောင့် ထိုဆေးလုံးများသည် သူတို့အတွက် အလွန်ကိုမှ အသုံးဝင်လေသည်။

ရန်ကိုင်သည် ထိုဆေးပင်များအားလုံးကို ဖော်စပ်သန့်စင်ရန်အတွက် လဝက်ခန့် အချိန်ယူလိုက်ရလေသည်။ ထို့နောက် ဖော်စပ်ပြီးသားဆေးလုံးများကို ဝေစုခွဲလိုက်လေ၏။ အချို့ကို သူ့အတွက် ချန်ထားပြီး လက်ကျန်ကို ဟွာချင်းစီနှင့် အခြားသူများအတွက် ဖယ်ပေးထားလိုက်လေသည်။

ဆေးလုံးများကို ဖော်စပ်ရန်အတွက် သက်သက်နှင့် အချိန်လေးလခန့် ယူသည်မှာ ရန်ကိုင့်အတွက် ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။ သူတံခါးပိတ်ကျင့်စဉ် ဝင်သည့်အခါတိုင်း ဆေးဖော်စပ်ရင်း ဤမျှ အချိန်မကုန်ခဲ့ဖူးချေ။

တံခါးပိတ်ကျင့်စဉ်မှ ထွက်လာပြီးသည့်နောက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်စစ်ဆေးကြည့်လိုက်ရာ ဟွာချင်းစီနှင့် အခြားသူများကို မည်သည့်နေရာတွင်မှ မတွေ့ရကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့သော်ငြား သိပ်သည်းလှသည့် မိုးမြေစွမ်းအင်မှာ ရန်ကိုင့်အား စိတ်ဓာတ်တက်ကြွ သွားစေခဲ့လေ၏။

လွန်ခဲ့သော လေးလနှင့် ယှဉ်လိုက်သော် ရွက်တစ်ထောင်ဂိုဏ်းထဲရှိ လက်ရှိမိုးမြေစွမ်းအင်မှာ သိသိသာသာကို မြင့်တက်လာခဲ့ပေသည်။ လက်ရှိ ဤမိုးမြေစွမ်းအင်သိပ်သည်းဆသည် သူ၏ ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်သိပ်သည်းဆ သို့မဟုတ် ရွက်တစ်ထောင်ဂိုဏ်းထဲရှိ ကမ္ဘာငယ်လေး၏ မိုးမြေသိပ်သည်းဆနှင့် မယှဉ်နိုင်သေးသော်ငြား ယခင်ကနှင့် ယှဉ်လိုက်လျှင်တော့ အများကြီး ပိုမိုကောင်းမွန်လာခဲ့ပေသည်။

ဤသို့ဖြစ်ရခြင်းမှာ ရွက်တစ်ထောင်ဂိုဏ်းနှင့် ကမ္ဘာငယ်လေးအား ဆက်သွယ်ပေးထားသည့် ဝင်ပေါက် ပွင့်သွားသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ရွက်တစ်ထောင်ဂိုဏ်းထဲရှိ မိုးမြေစွမ်းအင်၏ အရင်းအမြစ်သည် ကမ္ဘာငယ်လေးဖြစ်ကြောင်းကို ရီကျင်းဟန်မှ ရန်ကိုင့်အား ပြောပြခဲ့သည်။ ရွက်တစ်ထောင်ဂိုဏ်းထဲတွင် မိုးမြေစွမ်းအင်များ လျော့ပါးနေရခြင်းမှာ ကမ္ဘာငယ်လေးနှင့် ရွက်တစ်ထောင်ဂိုဏ်းအား ဆက်သွယ်ပေးထားသည့် လမ်းကြောင်း ပိတ်သွားသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ ထို့အတွက်ကြောင့် တပည့်များ၏ ကျင့်ကြံနှုန်းမှာလည်း သိသိသာသာကို လျော့ကျလာခဲ့ရသည်။ ယခု ရန်ကိုင်မှ ဟင်းလင်းပြင်အစီအရင်အား ပြန်ပြင်ပေးလိုက်သည့်နောက်တွင် ကမ္ဘာငယ်လေးနှင့် ရွက်တစ်ထောင်ဂိုဏ်းအား ဆက်သွယ်ပေးထားသော လမ်းကြောင်းမှာ ပြန်လည်ပွင့်သွားခဲ့ရလေသည်။ ထို့အတွက်ကြောင့် ကမ္ဘာငယ်လေးထဲရှိ မိုးမြေစွမ်းအင်များမှာ ရွက်တစ်ထောင်ဂိုဏ်းထဲသို့ စတင် စီးဝင်လာနိုင်တော့လေ၏။

ယခုဆိုလျှင် လေးလခန့်သာ ရှိပေသေးသည်။ သို့တိုင် ရွက်တစ်ထောင်ဂိုဏ်းထဲရှိ မိုးမြေစွမ်းအင်မှာ သိသိသာသာကို ပြောင်းလဲသွားခဲ့သည်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မကြာခင်အတောအတွင်း ရွက်တစ်ထောင်ဂိုဏ်းသည် ကျင့်ကြံသူများအတွက် သုခဘုံတစ်ခု ဖြစ်လာပေတော့မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် တပည့်များ၏ ကျင့်ကြံနှုန်းမှာလည်း မိုးမြေစွမ်းအင်နှင့် လိုက်၍ သိသိသာသာကို မြင့်တက်လာကြပေတော့မည်။

ရွက်တစ်ထောင်ဂိုဏ်း၏ အမွေအနှစ်နှင့် နေရာအနေအထားမှာ ကောင်းမွန်ပြီးသားပင်။ ပျောက်ဆုံးသွားသည့် အမွေအနှစ်များကြောင့်သာ မဟုတ်ပါက လက်ရှိအချိန်တွင် သူတို့သည် နေမင်းပြာကျောင်းတော်နှင့် ယှဉ်နိုင်သော ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းပင် ဖြစ်နေလောက်ပေပြီ။

ထိုအခိုက်အတန့်မှာပင်လျှင် အလင်းတန်းတစ်ခုကို ရန်ကိုင် လှမ်းမြင်လိုက်ရလေသည်။ ထိုအလင်းတန်းသည် သူ့ဆီသို့ လာနေခြင်း ဖြစ်လေ၏။ ထိုအလင်းတန်းမှာ အလွန်တရာကိုမှ မြန်ဆန်လှလေရာ ရန်ကိုင်မှ ထိုအလင်းတန်းကို မြင်ပြီးပြီးချင်းမှာပင် အလင်းတန်းသည် သူ့ရှေ့သို့ ရောက်လာခဲ့လေသည်။

အလင်းတန်း ပျောက်ကွယ်သွားခဲ့ပြီး ထိုအလင်းအောက်တွင် ပုန်းကွယ်နေသော ပုံရိပ် ထွက်လာသည်ကို မြင်လိုက်သည့်နောက် ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေ၏။

လက်ရှိအချိန်တွင် ရန်ကိုင့်ရှေ့တည့်တည့်၌ နှင်းဖြူရောင်သန်းနေသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကို ထုတ်လွှတ်နေသည့် ကျားတစ်ကောင် ရှိနေခဲ့လေသည်။ ထိုကျားကြီးကို ကြည့်ရင်း ရန်ကိုင် အနည်းငယ် စိတ်ပူလာခဲ့လေသည်။

“ကောင်းကင်အဆင့် ရုပ်သေးရုပ်လား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

ရွက်တစ်ထောင်ဂိုဏ်း၏ ကောင်းကင်အဆင့် ရုပ်သေးရုပ်များကို ကိုယ်တိုင်မြင်ဖူးထားသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဤနှင်းဖြူရောင်ကျားကို အဆင့်ဆယ့်နှစ် မွန်းစတားသားရဲတစ်ကောင်နှင့် ရန်ကိုင် အထင်မှားမိပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ဤကျားဖြူမှာ သက်ရှိတစ်ကောင်မဟုတ်ဘဲ ကောင်းကင်အဆင့် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်မှန်း ရန်ကိုင်သိနေခဲ့သည်။

လျို့ယန်သည် ကျားဖြူ၏ကျောဆီမှ ခေါင်းလေးပြူထွက်လာပြီး ရန်ကိုင့်အား အံ့အားသင့်နေသည့် အမူအယာဖြင့်ကြည့်လျက် ပြောလိုက်လေသည်။ “သခင် ထွက်လာပြီပေါ့…”

ရန်ကိုင်က လျို့ယန်ကိုကြည့်၍ ခက်ထန်သည့် လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “နင်ဘာဖြစ်လို့ ဒီကျားဖြူကို စီးနေတာလဲ…”

လျို့ယန်က နှုတ်ခမ်းစူလိုက်လေသည်။ “ရှောင်ပိုင်က ကျွန်မအပိုင် ဖြစ်သွားပြီ… ဒီတော့ ကျွန်မ သူ့ကို စီးချင်တိုင်း စီးလို့ရတယ်…”

“နင့်အပိုင်…” ရန်ကိုင် မျက်လုံး ပြူးသွားခဲ့လေ၏။ သို့သော်ငြား လျို့ယန်ပြောချင်နေသည့် အဓိပ္ပာယ်ကို အလျင်အမြန် နားလည်သွားခဲ့ပြီး ဝမ်းသာအားရ လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “တော်တယ်…”

အစကမူ ရီဟန်ဆီမှ ကောင်းကင်အဆင့် ရုပ်သေးရုပ် တစ်ရုပ်နှစ်ရုပ်လောက်ကို မည်ကဲ့သို့ တောင်းလျှင် ကောင်းမလဲ စဉ်းစားနေခြင်း ဖြစ်ပေသည်။ သို့သော်ငြား သူ့ဘက်မှ မတောင်းရသေးခင်မှာပင် ရီဟန်မှ သဘောထားကြီးကြီးဖြင့် ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုကျားဖြူသည် လျို့ယန်၏ အပိုင်ဖြစ်မှဖြင့် သူ့အပိုင်လည်း ဖြစ်သွားခဲ့လေပြီ။

(ဒါပေမဲ့ ဒီနာမည်က ဘာဖြစ်လို့ ရှောင်ပိုင် ထပ်ဖြစ်နေရတာလဲ…)

ရုတ်တရက်ဆိုသလို သူမတစ်ကိုယ်လုံး အမျိုးစုံသော သားရဲများနှင့် ပြည့်နှက်နေသည့် မိုရှောင်ချီကို ရန်ကိုင် ရုတ်တရက် ပြန်အမှတ်ရသွားခဲ့လေသည်။ မိုရှောင်ချီသည် သူမ၏သားရဲများကို ရှောင်ပိုင်၊ ရှောင်ဟေး၊ ရှောင်ဟုန်၊ ရှောင်လန်၊ ရှောင်ဝမ် စသဖြင့် နာမည်ပေးထားခဲ့သည်။ ထိုကောင်မလေးသည် သူမ၏ သားရဲများ မည်ကဲ့သို့ ခံစားနေရသလဲဆိုသည်ကိုပင် ဂရုမစိုက်ဘဲ သူမပေးချင်သည့် နာမည်များကို ပေးထားခဲ့လေသည်။

(မိန်းကလေးတွေ အကုန်လုံး ဘာဖြစ်လို့ ဒီလို ဖြစ်နေရတာလဲ)

လျို့ယန်သည် ကျားဖြူ၏ကျောပေါ်မှ ခုန်ဆင်းလာခဲ့လေသည်။ ရန်ကိုင်မှ သူမ၏ ကျားဖြူအား တလက်လက် တောက်ပသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်သော် လျို့ယန်က ချက်ချင်း ရေအေးလောင်းချပေးလိုက်တော့လေသည်။ “ဒါက ဟိုကျားဖြူမဟုတ်ဘူး… အခြားတစ်ကောင်…”

“ဟမ်…” ထိုစကားကိုကြားသည့်အခါ ရန်ကိုင် စိတ်ပျက်သွားခဲ့လေ၏။ “ဘာဖြစ်လို့ ဟိုကျားဖြူကို သွားမတောင်းရတာလဲ…”

ယခင်တစ်ကြိမ် သူမြင်ခဲ့သည့်ကျားဖြူ၏ အဆင့်ကို ရန်ကိုင်မသိသော်ငြား ထိုကျားဖြူသည် ရွက်တစ်ထောင်ဂိုဏ်းထဲရှိ အကောင်းဆုံးရုပ်သေးရုပ်များအနက် တစ်ခု ကျိန်းသေဖြစ်ရပေလိမ့်မည်။ လက်ရှိ သူ့ရှေ့ရှိ ကျားဖြူမှာ ထိုကျားဖြူနှင့် ဆင်တူသော်ငြား သူတို့၏ခွန်အားမှာတော့ တူလိမ့်မည်မဟုတ်ချေ။

“အဲ့ကောင်းကင်အဆင့် နတ်သားရဲရုပ်သေးရုပ်လေးရုပ်က ဂိုဏ်းကိုကာကွယ်ပေးနေတဲ့ ကောင်းကင်အဆင့် ရုပ်သေးရုပ်တွေလေ… သူတို့ကို အခြားနေရာဆီ ယူသွားလို့မရဘူး…”

ရန်ကိုင်က မေးလိုက်လေသည်။ “ဒါဆိုရင် ဒီရှောင်ပိုင်က ဘယ်လောက်လောက်အားကောင်းလဲ…”

“ဧကရာဇ်ပထမအဆင့်လောက်တော့ ရှိမှာပေါ့… အမြင့်ဆုံးဆိုရင်ပြောတာပါ…” လျို့ယန်က စဉ်းပင်မစဉ်းစားဘဲ ချက်ချင်း ပြန်ပြောလိုက်လေသည်။

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် “သူ့ထက်ပိုကောင်းတာ မရှိတော့ဘူးလား…”

လျို့ယန်က ခဏမျှစဉ်းစားပြီးသည့်နောက် ပြန်ပြောလိုက်လေ၏။ “ရှိတယ်…”

တစ်ချက်မျှ ရပ်ပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “ဒါပေမဲ့ သူတို့က ဒီတစ်ကောင်လောက် ကြည့်လို့မကောင်းဘူး… အကုန်လုံးက ထူးထူးဆန်းဆန်း ရုပ်တွေချည်းပဲ… ကျွန်မ သူတို့ကို မကြိုက်ဘူး…”

“ကြည့်လို့ကောင်းတာ ဘာအသုံးဝင်မှာမို့လို့လဲ…” ရန်ကိုင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။ “ခွန်အားကသာ အရာရာဟ…”

လျို့ယန်က မျက်စိပျက် မျက်နှာပျက်ဖြင့် ပြန်ပြောလိုက်လေ၏။ “ကျွန်မမျက်နှာသာ အခုလိုပုံစံနဲ့ မဟုတ်ဘဲနဲ့လေ သွားကြီးခေါ နှာခေါင်းကြီး ကြီးပြီး မျက်နှာတစ်ပြင်လုံး ကျောက်ပေါက်မာတွေနဲ့ ပြည့်နေမယ်ဆိုရင် ရှင် ဘယ်လိုခံစားရမလဲ…”

ရန်ကိုင်ကြောင်သွားခဲ့လေသည်။ လျို့ယန်၏စကားကို မည်သို့မှ ပြန်ပြောလို့မရမှန်း နားလည်သွားခဲ့သည်။ သေသေချာချာစဉ်းစားကြည့်လိုက်ပြီးသည့်နောက် လျို့ယန်ပြောသည်မှာ ယုတ္တိရှိသည်ဟု ခံစားလိုက်ရလေသည်။

“ထားလိုက်တော့… ဧကရာဇ်အဆင့်ရုပ်သေးရုပ်က ဘာမှမရှိတာထက်စာရင်‌တော့ ပိုကောင်းတာပေါ့…” ရန်ကိုင်က သက်ပြင်းချလိုက်လေသည်။ အခွင့်အလမ်းကောင်းတစ်ခုသည် သူတို့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိခဲ့ပါသော်ငြား လျို့ယန်ကမူ ထိုအခွင့်အလမ်းကို ပစ်ပယ်၍ အခြားတစ်ခုကိုသာ ရွေးချယ်သွားခဲ့သည်။

အခုနေမှ ရီဟန်ဆီ အခြားတစ်ခု သွားထပ်တောင်းနေ၍လည်း အဆင်မပြေတော့ချေ။ ရန်ကိုင် ထိုမျှလောက်ထိ အရှက်မမဲ့ပေ။

ရီဟန်အနေဖြင့် သူတို့ဘက်မှပင် တောင်းစရာမလိုဘဲ သူ့အား ဧကရာဇ်အဆင့် ရုပ်သေးရုပ်တစ်ရုပ် ပေးလာသည်မှာပင် အတော်လေး ရက်ရောရာ ကြနေလေပြီ။

လျို့ယန်က ပြောလိုက်လေသည်။ “ရှောင်ပိုင်ကို အထင်မသေးနဲ့နော်… ရှောင်ပိုင်က အရမ်းအပြေးမြန်တာ… တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် သခင့်အသက်ကို ရှောင်ပိုင်ကယ်သွားမယ်လို့ ဘယ်သူမှ မပြောနိုင်ဘူး…”

ရန်ကိုင်က ပြုံးလျက် “အဲ့ဒါထက် ဒါကို နင့်ဆီ ဘာလို့ ပေးလိုက်လဲဆိုတာပဲ ငါသိချင်နေတာ…”

“ဘာဖြစ်လို့လဲဆိုတော့ ရုပ်သေးရုပ်တာအိုနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ကျွန်မ သူ့ကို ရှင်းပြပေးလိုက်တယ်လေ…” လျို့ယန်က ပြုံးကာ ပြန်ပြောလိုက်လေသည်။ သူမအသစ်ရရှိထားသည့် ခန္ဓာကိုယ်ကြောင့် လက်ရှိအချိန်တွင် ရွက်တစ်ထောင်ဂိုဏ်းတွင် ရှိနေသော ရုပ်သေးရုပ်အားလုံးကို သူမထိန်းချုပ်နိုင်ပေသည်။ ထို့အတွက်ကြောင့် ရုပ်သေးရုပ်တာအိုနှင့် ပတ်သက်၍ လျို့ယန်သည် ရီဟန်အား သင်ကြားပေးနိုင်လေ၏။

သူ့အား သင်ကြားပေးခဲ့သည့်အတွက်ကြောင့် ရီဟန်မှာ အလွန်ကိုမှ ကျေးဇူးတင်ကာ လျို့ယန်အား ကောင်းကင်အဆင့် ရုပ်သေးရုပ်တစ်ရုပ်ကို လက်ဆောင်ပေးခဲ့လေသည်။

“အခြားသူတွေကရော…”

“သူတို့မကြာခင် ပြန်လာလိမ့်မယ်… ရွက်တစ်ထောင်ဂိုဏ်းသားတွေကို ကူပြီး အဆောက်အဦးတွေ ဆောက်ပေးနေတာ…”

သူတို့စကားပြောနေစဉ်အတောအတွင်း ချီယွဲ့နှင့် အခြားသူများ ပြန်လာနေကြသည်ကို ရန်ကိုင် တွေ့လိုက်ရလေသည်။ ရန်ကိုင်ကို မြင်လိုက်ပြီးသည့်နောက် အကုန်လုံးမှာ ဝမ်းသာအားရဖြင့် သူ၏တံခါးပိတ်ကျင့်စဉ်အခြေအနေ မည်ကဲ့သို့ရှိသလဲ လာရောက် မေးမြန်းကြလေသည်။

ရန်ကိုင်လည်း သေသေချာချာကို ပြန်ပြောပြလိုက်လေ၏။ ထို့နောက်တွင် ချိုက်ဟူသည် သူ၏မူလကျင့်ကြံခြင်းဖြစ်သော တာအိုသခင် ပထမအဆင့်သို့ ပြန်ရောက်နေကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရလေ၏။ ကြည့်ရသည်မှာ သူ့ကိုယ်ထဲရှိ အဆိပ်အားလုံး ပျောက်သွားသည့်ပုံပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၄၉)

ရန်ကိုင်၊ ချီယွဲ့နှင့် အခြားသူများသည် ယခင်လများအတွင်း ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးရန်အတွက် အခန်းထဲသို့ ရောက်နေကြလေသည်။

တကယ်ဆိုလျှင်တော့ ပြောစရာ များများစားစား မရှိပေ။ ချိုကျဲတို့တစ်ဖွဲ့လုံး အပြတ်ရှင်းခံလိုက်ရသည့်အကြောင်း သတင်းပျံ့သွားပြီးသည့်နောက်တွင် ရွက်တစ်ထောင်ဂိုဏ်းအား လာရောက်ပြဿနာရှာကြသည့် ဂိုဏ်းများ၏ အသက်ရှင်ကျန်ရစ်သူများမှာ အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့သွားကြလေသည်။ ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် ထိုဂိုဏ်းများသည် ကိုယ်စားလှယ်များ အသီးသီးစေလွှတ်၍ ငြိမ်းချမ်းရေးအတွက် လာရောက်တောင်းပန်ကြလေ၏။ ရွက်တစ်ထောင်ဂိုဏ်းအား လာရောက်ပြဿနာရှာကြသည့် လူများမှာ သူတို့၏ဆုံးဖြတ်ချက်ကို လက်မခံဘဲ သူတို့ဘာသာသူတို့ တစ်ကိုယ်တည်း လှုပ်ရှားခြင်းဖြစ်ကြောင်း ထိုကိစ္စမှာ သူတို့နှင့် ဘာမှမသက်ဆိုင်ကြောင်း ပြောကြလေသည်။

တကယ်တော့ သူတို့ပြောနေသည့် အရာအားလုံးမှာ မဟုတ်တရုတ်များသာ ဖြစ်ကြသည်။ အရူးတစ်ယောက်ပင်လျှင် သူတို့ပြောသည်ကို ယုံကြလိမ့်မည် မဟုတ်ချေ။

သို့သော်ငြား ထိုဂိုဏ်းများမှာ ရွက်တစ်ထောင်ဂိုဏ်း ဆုံးရှုံးခဲ့ရသည်များအတွက် အလျော်အစား ကြီးကြီးမားမား ယူဆောင်လာခဲ့ရုံမက ရွက်တစ်ထောင်ဂိုဏ်း၏လက်အောက်သို့လည်း ခိုဝင်ပါမည်ဟု ပြောခဲ့လေသည်။ ထို့အတွက်ကြောင့် ရီဟန်သည် ထိုလူများကို သတ်မပစ်တော့ချေ။

ယခင်ကသာဆိုလျှင်တော့ ရွက်တစ်ထောင်ဂိုဏ်းအနေဖြင့် ထိုလူများကို အညံ့ခံအောင် လုပ်နိုင်သည့် ယုံကြည်ချက်မျိုး ရှိလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် ကောင်းကင်အဆင့် ရုပ်သေးရုပ်များ ပြန်ပေါ်လာပြီးသည့်နောက် မိုင်တစ်သိန်းအတွင်းတွင် ရှိနေသော မည်သည့်ဂိုဏ်းမှ သူတို့အား စိန်မခေါ်ရဲကြတော့ချေ။

ထိုလူများ၏ အညံ့ခံမည်ဟူသော စကားကို ရီဟန်ကလည်း လက်ခံသဘောတူလိုက်ပြီးသည့်နောက် ထိုလူအားလုံးကို ပြန်လွှတ်လိုက်လေ၏။ တစ်နည်းဆိုရသော် လက်ရှိအချိန်တွင် ရွက်တစ်ထောင်ဂိုဏ်းသည် မိုင်တစ်သိန်းပတ်လည်အတွင်း၌ ခေါင်းဆောင်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လာခဲ့လေပြီ။ ထိုကဲ့သို့သော နယ်ပယ်ကြီးထဲတွင် ရှိနေသည့် ဂိုဏ်းအသီးသီးဆီမှ လက်ဆောင်ပဏ္ဍာများကို အမြဲတစေ ယူနိုင်မည့်အကြောင်း တွေးကြည့်ပါက ရွက်တစ်ထောင်ဂိုဏ်း၏တိုးတက်မှုမှာ အလွန်တရာကိုမှ လျင်မြန်လာလိမ့်မည်မှန်း ခန့်မှန်းကြည့်နိုင်ပေသည်။

“ကောင်းကင်ရောင်စဉ်နန်းတော်က လူတွေရော ရောက်လာကြသေးလား…” ရန်ကိုင်က မယုံသင်္ကာဖြင့် မေးလိုက်လေသည်။

ချီယွဲ့က ပြန်ပြောလိုက်လေ၏။ “ရောက်လာတယ်… ကောင်းကင်ရောင်စဉ်နန်းတော်ရဲ့ တတိယအကြီးအကဲကိုယ်တိုင် ရောက်လာတာ… ယူလာတဲ့ လက်ဆောင်တွေထဲမှာ သူယူလာတဲ့ လက်ဆောင်က အများဆုံးနဲ့ အကောင်းဆုံးပဲ… ဂိုဏ်းချုပ်ရီက ဒေါသထွက်ထွက်နဲ့ သူနဲ့စာရင်းရှင်းမှာကို တော်တော်ကြောက်နေတဲ့ပုံပဲ…”

ရန်ကိုင်က ပြုံးလျက် “ချိုယုရော… ချိုကျဲက သူ့အဖေဆိုတော့ သူ့အဖေ ရွက်တစ်ထောင်ဂိုဏ်းထဲမှာ သေသွားတာကို ဒီတိုင်းမထားလောက်ဘူး ဟုတ်တယ်မလား…”

ကွေ့ဇူက ပြန်ပြောလိုက်လေသည်။ “အဲ့ဒါနဲ့ ပတ်သက်ပြီး သူဘာလုပ်နိုင်မှာမို့လို့လဲ… ရွက်တစ်ထောင်ဂိုဏ်း ဒေါသမထွက်အောင်လို့ ကောင်းကင်ရောင်စဉ်နန်းတော်က ချိုယုကို ဂိုဏ်းထဲကနေ ထုတ်ပစ်လိုက်ပြီ… သူ့ကျင့်ကြံခြင်းကိုပါ ဖျက်ဆီးပစ်လိုက်တာ… အခုဆိုရင် သူက ကောင်းကင်ရောင်စဉ်နန်းတော်ကသခင်လေး မဟုတ်တော့ဘူး… သေဖို့စောင့်နေတဲ့ လူတစ်ယောက် ဖြစ်သွားပြီ…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကောင်းကင်ရောင်စဉ်နန်းတော်ရဲ့ တတိယအကြီးအကဲက တော်တော်ကို ရက်စက်တာပဲ…”

တတိယအကြီးအကဲ မည်သူဖြစ်သလဲ ဆိုသည်ကို ရန်ကိုင်မသိချေ။ သို့သော်ငြား တတိယအကြီးအကဲသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ချိုယုမှ သူ့အပေါ် လက်စားပြန်လာချေမည်ကို ကြောက်ရွံ့သဖြင့် ချိုယု၏ကျင့်ကြံခြင်းကို တစ်ခါတည်း ဖျက်ဆီးပစ်ကာ ကောင်းကင်ရောင်စဉ်နန်းတော်မှ နှင်ထုတ်ပစ်ခဲ့လေသည်။

ထိုသို့လုပ်၍လည်း တတိယအကြီးအကဲကို သွားအပြစ်တင်၍မရချေ။ သူ့အနေဖြင့် ကောင်းကင်ရောင်စဉ်နန်းတော်အား ဆက်လက်တည်ရှိစေချင်သေးသည်ဆိုပါက ရွက်တစ်ထောင်ဂိုဏ်းအပေါ် သစ္စာရှိကြောင်း ပြသရပေလိမ့်မည်။ ချိုယုသည် ချိုကျဲ၏ တစ်ဦးတည်းသော သားဖြစ်သည်။ သူ့အဖေသည် ရွက်တစ်ထောင်ဂိုဏ်းအား လာရောက်တိုက်ခိုက်ခဲ့သည့်သူ ဖြစ်သည့်အတွက်ကြောင့် ချိုယုအား ထိုအတိုင်း ထားလိုက်မည်ဆိုပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူတို့အပေါ် ပြန်ပြဿနာလာရှာနိုင်ပေသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က ချိုယုသည် သခင်လေးတစ်ဦးနှယ် ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်ခဲ့ရသည်။ သို့သော်ငြား လအနည်းငယ်အတွင်း သူ့ဘဝမှာ မောင်းထုတ်ခံလိုက်ရသည့် ခွေးတစ်ကောင်နှယ် ဖြစ်သွားခဲ့ရလေသည်။ ထိုအကြောင်းကိုတွေးရင်း ရန်ကိုင် သက်ပြင်းချမိသွားလေ၏။ ကျင့်ကြံခြင်းခရီးလမ်းသည် အလွန်ကိုမှ အန္တရာယ်များလှသည်။ တစ်ချက်ကလေးမှားသွားရုံဖြင့် မိမိ၏တစ်ဘဝလုံး ဒုက္ခလှလှနှင့် တွေ့သွားနိုင်ပေသည်။

ချိုကျဲနှင့် အခြားသူများသည်သာ ရွက်တစ်ထောင်ဂိုဏ်းအား လာရောက် မတိုက်ခိုက်ခဲ့ပါက သူတို့ဂိုဏ်းများသည်လည်း ယခုကဲ့သို့ အဆုံးသတ်သွားခဲ့ရလိမ့်မည် မဟုတ်ချေ။

“ရန်ကောင်လေး… ငါတို့ မင်းနဲ့ဆွေးနွေးချင်တာ တစ်ခု ရှိသေးတယ်…” အိုင်းအောင်က ရုတ်တရက် ပြောလိုက်လေသည်။

“ဘာဆွေးနွေးမလို့လဲ…” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။

ချီယွဲ့နှင့် အခြားသူများသည် အကြည့်ချင်းတစ်ချက် ဖလှယ်လိုက်ကြပြီးသည့်နောက် ကုချန်းယွင်က ပြောလိုက်လေသည်။ “အစ်ကိုကြီး… ခင်ဗျား ဘာလို့ မပြောတာလဲ…”

ကွေ့ဇူက ပြောလိုက်လေ၏။ “ဒီလိုကွာ… ငါတို့အခု အချင်းချင်း ဆွေးနွေးထားတာက ရွက်တစ်ထောင်ဂိုဏ်းထဲကို ဝင်ဖို့ပေါ့… အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဂိုဏ်းချုပ် ဘယ်လိုထင်လဲ စဉ်းစားနေကြတာ…”

“ရွက်တစ်ထောင်ဂိုဏ်းထဲ ဝင်ချင်တာလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။

ကွေ့ဇူက ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်… ဂိုဏ်းချုပ်ရီလည်း ကျုပ်တို့ကို ဒီအကြောင်း ပြောလိုက်သေးတယ်… ဒါပေမဲ့ အဲ့အချိန်တုန်းက ဂိုဏ်းချုပ်ကိုယ်တိုင်က တံခါးပိတ်ကျင့်စဉ်ဝင်နေတာဆိုတော့ သူ့ကို ဘာမှ သေချာပြန်မပြောလိုက်ဘူး… ဒီတော့ အဲ့ကိစ္စကို ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်ခင် ဂိုဏ်းချုပ်ရဲ့အထင်ကို အရင်မေးကြည့်တာ…”

ရန်ကိုင်သည် ထိုလူများကို ကြည့်၍ ပြန်မေးလိုက်လေသည်။ “ခင်ဗျားတို့ တကယ်ကြီး ရွက်တစ်ထောင်ဂိုဏ်းထဲ ဝင်ချင်တာလား…”

ချီယွဲ့က မဲ့ပြုံးပြုံးလျက် “ကြယ်တာရာအစုအဝေးထဲကို ရောက်ပြီးတည်းက ငါတို့ရဲ့ဘဝက တောက်လျှောက်ကို ခက်ခဲကြမ်းတမ်းခဲ့ရတာ… အရင်တုန်းကတော့ အခြားဂိုဏ်းတစ်ဂိုဏ်းထဲ ဝင်ဖို့ စဉ်းစားခဲ့သေးတယ်… ဒါပေမဲ့ ဝင်နိုင်တဲ့အရည်အချင်းလည်း မရှိသလို ငါတို့မှာလည်း ဘာအဆက်အသွယ်မှမရှိဘူး… ဒီတော့ ဂိုဏ်းကောင်းကောင်းတစ်ခုထဲကို လုံးဝ မဝင်နိုင်ခဲ့ဘူးပေါ့… အခု ဂိုဏ်းချုပ်ရီက ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ခေါ်နေတာဆိုတော့ ငါတို့လည်း ဒီအခွင့်အရေးကို လက်မလွှတ်ချင်ဘူး…”

ကုချန်းယွင်ကလည်း ဆက်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ရန်… ခင်ဗျားလည်း ဘယ်ဂိုဏ်းကိုမှ မဝင်ရသေးဘူးမလား… ဒီတော့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းကျင့်ကြံတာ ဘယ်လောက်ခက်ခဲလည်းဆိုတာ သိမှာပေါ့…”

“ကျုပ်သိတယ်…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ရန်ကိုင်သည် ယခုအချိန်အထိ အခက်အခဲအားလုံး ချောချောမွေ့မွေ့ ကျော်ဖြတ်လာနိုင်ခဲ့သော်ငြား သူ့ဘဝသည် ဂိုဏ်းတစ်ဂိုဏ်း၏ တပည့်တစ်ယောက်လောက် သာယာချောမွေ့နေခြင်း မရှိသည်မှာတော့ အမှန်ပင်။ ချီယွဲ့နှင့် အခြားသူများအဖို့ ရွက်တစ်ထောင်ဂိုဏ်းထဲသို့ ဝင်လိုက်သည်မှာလည်း မဆိုးလှပေ။ တစ်ခဏမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ရန်ကိုင်က သဘောတူလိုက်လေသည်။ “အဲ့ဒါလည်း မဆိုးပါဘူးလေ… ဂိုဏ်းချုပ်ရီကိုယ်တိုင်က ဖိတ်ခေါ်နေတာဆိုတော့ ခင်ဗျားတို့ကို ဘယ်လောက်တန်ဖိုးထားလဲ ပြသရာရောက်တာပေါ့… ခင်ဗျားတို့ စိတ်ဝင်စားတယ်ဆိုရင် ဝင်လိုက်လို့ ရပါတယ်…”

သူကိုယ်တိုင်သည်လည်း ကွေ့ဇူနှင့် အခြားသူများ၏ကိစ္စကို မည်ကဲ့သို့ စီစဉ်ရမလဲ စဉ်းစားနေခြင်း ဖြစ်လေသည်။

ကွေ့ဇူတို့ကို နေမင်းပြာကျောင်းတော်ဆီသို့ ပြန်ခေါ်သွားလျှင် ကောင်းမလားဟု စဉ်းစားခဲ့သေးသည်။ သို့သော်ငြား သူသည် နေမင်းပြာကျောင်းတော်ထဲတွင် ရာထူးကြီးကြီးမားမား ပိုင်ဆိုင်ထားခြင်း မရှိချေ။ ထို့အတွက်ကြောင့် ဝမ်ကျိရှန်းအား ကွေ့ဇူတို့အား ဂရုစိုက်ပေးရန် သွားတောင်းဆို၍ မဖြစ်။

သူသာ တောင်းဆိုမည်ဆိုပါက ဝမ်ကျိရှန်းငြင်းလိမ့်မည် မဟုတ်မှန်း သိသော်ငြား ကွေ့ဇူတို့သည်သာ နေမင်းပြာကျောင်းတော်အား ထိုနည်းလမ်းဖြင့် ဝင်ရောက်သွားပါက အခြားသူများ၏ အထင်အမြင်သေးခြင်း ခံရပေလိမ့်မည်။ တကယ်တော့ နေမင်းပြာကျောင်းတော်သည် ထိပ်တန်းဂိုဏ်းကြီးတစ်ဂိုဏ်းပင် မဟုတ်လေလော။

သို့သော်ငြား ရီဟန်မှ သူတို့အား ယခုကဲ့သို့ ဖိတ်ခေါ်လာလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ချေ။

ရွက်တစ်ထောင်ဂိုဏ်းထဲတွင် လုပ်စရာကိစ္စများစွာ ရှိနေပေသေးသည်။ ထို့အတွက်ကြောင့် လတ်တလောတွင် သူတို့ လူအင်အား လိုအပ်နေလေ၏။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူတို့၏အနာဂတ်မှာလည်း တောက်ပနေပြီဟု ပြော၍ရသည်။ ချီယွဲ့နှင့် အခြားသူများအဖို့ ဤနေရာတွင် နေသည်မှာ ဆိုးတော့မဆိုးလှချေ။

ရန်ကိုင်မှ သူတို့ဂိုဏ်း၏ ပျောက်ဆုံးသွားသော အမွေအနှစ်များကို ပြန်ယူပေးခဲ့ရုံမက ပျက်စီးနေသော ဟင်းလင်းပြင်အစီအရင်ကိုပါ ပြန်ပြင်ပေးခဲ့သည့် အတွက်ကြောင့် ရီဟန်သည် သူ့မိတ်ဆွေများကို မမျှမတ ဆက်ဆံလိမ့်မည် မဟုတ်ပေ။

“သဘောတူတာလား…” ချီယွဲ့က မေးလိုက်လေသည်။

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေ၏။ “ဒါက ခင်ဗျားတို့ကိစ္စပဲ စီနီယာရယ်… ကျုပ် သဘောတူတူ မတူတူ ဘာအရေးကြီးမှာမို့လို့လဲ…”

“မင်းကော… မင်းကော ဘယ်သွားမှာလဲ…” အိုင်းအောင်က ရန်ကိုင့်အား ကြည့်၍ မေးလိုက်လေသည်။

ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးသည့်နောက် “ကျုပ် ရှောင်ရှောင်ကို လိုက်ရှာလိုက်ဦးမယ်…”

ကြယ်စီရင်စုထဲမှ ကြယ်တာရာအစုအဝေးထဲသို့ အတူတူ ရောက်လာကြသည့်လူများတွင် ရှောင်ရှောင်တစ်ယောက်မှလွဲ၍ အကုန်လုံးမှာ အသီးသီး ပြန်ဆုံကြခဲ့လေပြီ။ ရှောင်ရှောင်တစ်ယောက်သည်သာ မည်သည့်သတင်းမှ မကြားရဘဲ နေနေခြင်းဖြစ်၏။ ရှောင်ရှောင်ကိစ္စနှင့်ပတ်သက်၍ ရန်ကိုင်လည်း အလွန်ကိုမှ စိတ်ပူမိပေသည်။ ရှောင်ရှောင်ကိုသာ ရှာမတွေ့မချင်း သူ့အနေဖြင့် စိတ်အေးအေးဖြင့် နေနိုင်လိမ့်မည် မဟုတ်ချေ။

“ဘယ်လိုရှာမှာလဲ…” ချီယွဲ့ မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“မသိသေးဘူး… မရဏဂိုဏ်းက ယင်လဲ့ရှန်းကို အရင်သွားရှာကြည့်ရမယ်… သူသိရင် သိလောက်တယ်…”

ကြယ်တာရာလမ်းကြောင်းထဲမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် တစ်စပြင်ကန္တာရ ကြယ်စီရင်စုကြီးမှ လျို့ရှန်းယွင်သည် ငှက်မွေးပြာဂိုဏ်းအနားတွင် ပြုတ်ကျလာခဲ့လေသည်။ ထို့နောက် နှစ်ဦးစလုံးမှာ ဂိုဏ်းထဲသို့ အတင်းအကြပ် ဆွဲသွင်းခံလိုက်ရလေ၏။ ထိုအချိန်အတောအတွင်း ချီယွဲ့နှင့် အခြားသူများမှာတော့ ကောင်းကင်ကြိုးကြာမြို့အနီးသို့ ပြုတ်ကျလာခဲ့လေသည်။ သို့ဆိုလျှင် ရှောင်ရှောင်သည် တစ်စပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲမှလာသော ယင်လဲ့ရှန်းနှင့် အတူတူ ရှိနေလောက်ပေသည်။

ယင်လဲ့ရှန်းကိုသာ ရှာနိုင်မည်ဆိုပါက ရှောင်ရှောင်နှင့်ပတ်သက်သော သဲလွန်စများကို ရနိုင်ပေ၏။

သူသည် မရဏဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ကြောင်းကို ယင်လဲ့ရှန်းမှ ပြောပြသည်ကို ရန်ကိုင် မှတ်မိနေပေသေးသည်။ တစ်စပြင်ကန္တာရ ကြယ်စီရင်စုကြီးထဲ၌ မရဏဂိုဏ်းရှိသလို ကြယ်တာရာအစုအဝေးတွင်လည်း မရဏဂိုဏ်းရှိပေသည်။ ကြယ်တာရာအစုအဝေးထဲရှိ မရဏဂိုဏ်း မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကိုတော့ ရန်ကိုင်လည်း သေချာမသိပေ။ စုံစမ်းမှသာ ရပေလိမ့်မည်။

“သတိထားဦးနော်… ချင်းလော့ နင့်ကို စောင့်နေသေးတယ်…” ချီယွဲ့က အလေးအနက် အမူအယာဖြင့် ပြောလိုက်လေသည်။ သူတို့ကိုယ်တိုင်သည်လည်း ယင်လဲ့ရှန်းနှင့် တွေ့ခဲ့ဖူးပေသည်။ ကြယ်တာရာအစုအဝေးထဲရှိ မရဏဂိုဏ်းသည် သာမန်ပေါ့သေးသေးဂိုဏ်းတစ်ဂိုဏ်း မဟုတ်လောက်ချေ။ ယင်လဲ့ရှန်းသည် ရန်ကိုင်တို့နှင့် ကြယ်တာရာလမ်းကြောင်းထဲတွင် ပြဿနာဖြစ်ခဲ့လေသည်။ ထို့ကြောင့် သူတို့သာ နောက်တစ်ကြိမ် ပြန်တွေ့ပါက ယင်လဲ့ရှန်းသည် သူတို့အား ကျိန်းသေ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရန်ကိုင်သည် ကြယ်သခင်တစ်ယောက်ဖြစ်ကြောင်းကို ယင်လဲ့ရှန်းလည်း သိထားပေသည်။ ထို့အတွက်ကြောင့် သူ၏ကြယ်အမြုတေကို လုယူရန် ကျိန်းသေ ကြိုးစားပေလိမ့်မည်။

“ကျုပ်သိတယ်…” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေ၏။ “ကျုပ်အသက်ကို ကျုပ် ကစားမှာမဟုတ်ဘူး…”

ထို့နောက်တွင် သူဖော်စပ်သန့်စင်ထားသော ဆေးလုံးများကို ထုတ်၍ ချီယွဲ့နှင့် အခြားသူများကို ပေးလိုက်လေသည်။ ဆေးလုံးများသာလျှင် မဟုတ်ဘဲ အရင်းအမြစ်ကျောက်များစွာလည်း ပေးခဲ့သေး၏။

ချီယွဲ့နှင့် အခြားသူများသည် လတ်တလောတွင် ထိုအရာများကို အစောတလျင် လိုအပ်နေပေသည်။ ရန်ကိုင် ထိုမျှ များလှစွာသော ဆေးလုံးများနှင့် အရင်းအမြစ်ကျောက်များအား ထုတ်ပြလာသည်ကိုမြင်သော် ရန်ကိုင့်ဘဝမှာ အတော်လေးကိုမှ အဆင်ပြေနေသည်ဟု သူတို့ တွေးလိုက်ကြလေသည်။

အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးလေး ရရန်အတွက်နှင့် အန္တရာယ်တောထဲ တိုးဝင်ကာ မွန်းစတားသားရဲများကို အမဲလိုက်ရသည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့်နောက်တွင် ချီယွဲ့တို့အဖွဲ့ စိတ်ဓာတ်ကျချင်သလို ဖြစ်သွားခဲ့လေသည်။ မွန်းစတားသားရဲအစိတ်အပိုင်းများကို ပြန်ရောင်း၍ ရလာသည့် အရင်းအမြစ်ကျောက်များနှင့် ဝယ်ယူမည်ဆိုလျှင်ပင် ချီသိပ်သည်းခြင်းဆေးလုံး ဆယ်လုံး ဆယ့်ငါးလုံးခန့်ထက် ပိုမရချေ။

ထို့အပြင် ထိုရရှိလာသည့် အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးများကို သူတို့အချင်းချင်း ပြန်လည် မျှဝေယူရပေသေးသည်။

ယခုမူ ရန်ကိုင်သည် သူတို့အသုံးပြုရန်အတွက် ထောင်နှင့်ချီသော အမျိုးမျိုးသော ဆေးလုံးများကို ထုတ်ပေးလာခဲ့လေသည်။

ထိုမျှများပြားလှသော ဆေးလုံးများကို သူတို့အနေဖြင့် ကုန်အောင်သုံးရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

အချို့သောဆေးလုံးများဆိုလျှင် ဆေးသွေးကြောများပင်လျှင် ဖြစ်ပေါ်နေပေသေးသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း ချိုက်ဟူမှာတော့ အလွန်ကိုမှ မင်သက်နေမိတော့၏။ ယခုမှသာ ရန်ကိုင်၏ ဆေးစွမ်းရည် မည်မျှမြင့်မားကြောင်းကို နားလည်သွားတော့လေသည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရီဟန်နှင့် သွားတွေ့လေ၏။

ရီဟန်ကို ကြည့်ရသည်မှာ တံခါးပိတ်ကျင့်စဉ် ဝင်နေသည့်ပုံပင်။ သို့သော် ရန်ကိုင် လာရောက်လည်ပတ်သည့် အကြောင်း ကြားလိုက်ပြီးသည့်နောက် သူ့အား လာထွက်တွေ့လေ၏။

နှစ်ယောက်သား ထိုင်ခုံနေရာအသီးသီးယူ၍ ထိုင်ချလိုက်ပြီးသည့်နောက်တွင် ရီဟန်က အလျင်အမြန်ပြောလိုက်လေ၏။ “အာ… လာတွေ့မဲ့တွေ့ ဒီရီကပဲ သခင်လေးရန်ကို လာတွေ့ရမှာ… သခင်လေးရန်ကိုယ်တိုင် ရောက်လာမယ်လို့ မထင်ထားဘူး… ဒီရန် တောင်းပန်ပါတယ်…”

ရန်ကိုင်က ပြန်ပြောလိုက်လေသည်။ “ဂိုဏ်းချုပ်ရီ အခုလိုမျိုး ယဉ်ကျေးနေစရာ မလိုပါဘူး…”

ရီဟန်သည် အစေခံမလေးများကို သူတို့အတွက် ရေနွေးကြမ်းငှဲ့ပေးရန် ပြောလိုက်ပြီးသည့်နောက်တွင် ရန်ကိုင့်အား ကြည့်၍ မေးလိုက်လေ၏။ “သခင်လေးရန် ဒီနေ့ ဘာကိစ္စများ ရှိလို့လဲမသိဘူး…”

လက်ရှိအချိန်တွင် ရွက်တစ်ထောင်ဂိုဏ်းသည် ဤပတ်ဝန်းကျင်တစ်ခုလုံး၏ အရှင်သခင် ဖြစ်လာပြီဖြစ်သလို ရီဟန်၏ အဆင့်အတန်းမှာလည်း သိသိသာသာကို မြင့်တက်လာခဲ့သော်ငြား ရန်ကိုင့်ရှေ့တွင်တော့ ရီဟန်သည် သူ့ကိုယ်သူ နှိမ့်ချ၍ နေနေပေသည်။

“ဘာမှတော့ ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး… ကျုပ်စီနီယာတွေက ရွက်တစ်ထောင်ဂိုဏ်းမှာ နေချင်တယ်ပြောလို့ သူတို့ကိုစောင့်ရှောက်ပေးဖို့ ဂိုဏ်းချုပ်ရီကို လာတောင်းဆိုတာ…” ရန်ကိုင်က ပြောလိုက်လေသည်။

ရီဟန်က ရယ်မောလျက် “ဒီရီကို အပြင်လူတစ်ယောက်လို မဆက်ဆံပါနဲ့ သခင်လေးရန်ရာ… ရွက်တစ်ထောင်ဂိုဏ်း အခုလိုဆက်ပြီး တည်ရှိနေနိုင်တာ သခင်လေးရန်ရဲ့ ကျေးဇူးကြောင့်ပဲဟာကို… သူတို့ကိုဂရုစိုက်ဖို့မပြောနဲ့… သခင်လေးရန်သာ ဂိုဏ်းချုပ်နေရာကို လိုချင်တယ်လို့ ပြောလာရင်တောင် ဒီရီ မျက်မှောင်တစ်ချက် ကျုံ့မှာမဟုတ်ဘူး…”

(ဒီလူအိုကြီး အခုချိန်ထိ ငါ့ကို သူ့မိသားစုထဲ‌ ခေါ်သွင်းဖို့ စဉ်းစားနေတုန်းပဲလား…) ရန်ကိုင်က တစ်ချက်မျှ တွေးလိုက်ပြီးသည့်နောက် လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်လေသည်။ “ကျုပ်နေလို့ မရဘူး… ကျုပ်မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်…”

ထိုစကားကိုကြားသော် ရီဟန် ဘာမှ ပြန်မပြောခဲ့ပေ။ ထို့အစား ပြုံး၍သာ ပြန်ပြောလိုက်လေ၏။ “အဲ့ဒါဆိုရင် ဒီရီလည်း အဲ့အကြောင်း ဆက်မပြောတော့ပါဘူး… သခင်လေးရန် နောက်နောင် အားမယ်ဆိုရင် ရွက်တစ်ထောင်ဂိုဏ်းကို လာလည်ဖို့ပဲ ဖိတ်ခေါ်ချင်တယ်… ရွက်တစ်ထောင်ဂိုဏ်းက သခင်လေးရန်ကို အမြဲကြိုဆိုနေမှာပါ…”

ချီယွဲ့နှင့် အခြားသူများမှာ ရွက်တစ်ထောင်ဂိုဏ်းတွင် နေနေသည့်အတွက်‌ကြောင့် ရန်ကိုင်အနေဖြင့် ရွက်တစ်ထောင်ဂိုဏ်းသို့ လာမလည်မည်ကို စိုးရိမ်စရာမလိုချေ။ ရန်ကိုင်၏အလားအလာမှာ အလွန်ကိုမှ ကောင်းမွန်လှသည်။ ထို့အတွက်ကြောင့် သူနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းမှာ မမှားချေ။

“ဒါပေါ့ ဒါပေါ့…” ရန်ကိုင်က ပြုံးလျက် ခေါင်းစဉ်ပြောလိုက်လေသည်။ “အရင်တစ်ခေါက်တုန်းက ဂိုဏ်းချုပ်ရီ ကျုပ်ကို ပြောခဲ့သေးတယ်မလား… ဂိုဏ်းချုပ်ရီသာ နောက်ထပ် ဆယ်နှစ်လောက် အချိန်ပိုရရင် ဧကရာဇ်အဆင့်ကို ကျိန်းသေချိုးဖြတ်နိုင်တယ် ဆိုပြီးတော့လေ…”

ထိုစကားကိုကြားသော် ရီဟန်၏အမူအယာ လေးနက်တည်ကြည်သွားခဲ့လေသည်။ “ဒီရီ မှားပြောမိလိုက်တာ…”

“ဟမ်…” ရန်ကိုင် နားမလည်နိုင် ဖြစ်သွားလေ၏။

ရီဟန်က ဂုဏ်ယူဝံ့ကြွားစွာဖြင့် “ငါးနှစ်ပဲ… ဆယ်နှစ်မလိုဘူး… ဧကရာဇ်အဆင့်ကို ချိုးဖြတ်ဖို့ ငါးနှစ်ပဲ… ဘိုးဘေးရီချုန်း ချန်ထားပေးခဲ့တဲ့ ပညာရပ်တွေက ဒီရီအတွက် အရမ်းကို အကျိုးရှိတယ်… အဲ့ပညာရပ်တွေကို ဒီရီ ပိုလေ့လာလေ ပိုလေ့လာလေ ပိုပြီးတော့ အကျိုးရှိလာလေပဲ… တစ်ခုပဲ…” ထိုကဲ့သို့ ပြောပြီးသည့်နောက်တွင် ရီဟန်က သက်ပြင်းချလျက် ဆက်ပြောလိုက်လေသည်။ “ဒီရီရဲ့ ခန္ဓာကိုယ်ကြီး ဘယ်လောက်ထိ ဆက်ပြီး တောင့်ခံနိုင်မလဲ ဆိုတာကို မသိတာပဲ…”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၅၀)

ရီဟန်ကိုယ်တိုင်သည် မူလကတည်းက အတော်လေးကို အသက်ကြီးနေသည့် လူတစ်ဦး ဖြစ်လေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ ချိုကျဲတို့နှင်တိုက်ပွဲတွင်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ရလေသည်။ ထို့ကြောင့် သူ့အခြေအနေမှာ ပိုမိုဆိုးရွားသွားလေတော့၏။ ယခု ရီဟန်ပြောနေသည့်စကားမှာ လိမ်နေခြင်းမဟုတ်ချေ။ ကံကောင်း၍ သူသာ ဧကရာဇ်အဆင့်သို့ ရောက်သွားမည်ဆိုပါက သူ့သက်တမ်းမှာ ပိုမိုရှည်လျားလာမည်ဖြစ်ကာ အစောကြီးသေသွားရမည်ကိုလည်း စိတ်ပူစရာ လိုတော့လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား မချိုးဖြတ်နိုင်ခဲ့ပါလျှင်တော့ သူလုံးဝကို သေရပေတော့မည်။

ကံမကောင်းစွာဖြင့် အချိန်သည် သူ့အား စောင့်မနေခဲ့ပေ။ သို့သော်ငြား ဤကိစ္စနှင့် ပတ်သက်၍ မည်သူ့ကိုမျှ သွားအပြစ်တင်၍လည်း မရပေ။ အပြစ်တင်မဲ့တင် ဆိုးရွားလှသည့် သူ့ကံကိုသာ အပြစ်တင်ရပေလိမ့်မည်။ သူသာ ရန်ကိုင့်အား နှစ်အနည်းငယ်ခန့် ကြိုတွေ့ခဲ့ပါက ယခုအချိန်လောက်ဆိုလျှင် ဧကရာဇ်အဆင့်သို့ပင် ရောက်ကောင်း ရောက်နေလောက်ပေပြီ။

ရန်ကိုင်သည် ကျောက်စိမ်းသေတ္တာတစ်လုံးကိုထုတ်၍ ရီဟန်အား ပေးလိုက်လေသည်။ “ဒီဆေးလုံးက ဂိုဏ်းချုပ်ရီကို ကူညီပေးနိုင်လောက်တယ်…”

“ဒါက…” ရီဟန်သည် ရန်ကိုင့်အား ဇဝေဇဝါအမူအယာဖြင့် ကြည့်လိုက်လေသည်။ သို့သော်ငြား ရန်ကိုင်ကိုယ်တိုင်သည် ဆေးပညာရှင်တစ်ဦးဖြစ်မှန်း သိထားသည့်အတွက်ကြောင့် တုံ့နှေးမနေတော့ဘဲ ကျောက်စိမ်းသေတ္တာကို အမြန်ဖွင့်ကြည့်လိုက်လေ၏။

သေတ္တာထဲတွင် အရောင်မှိန်မှိန်လေး တောက်နေသည့် တောကြက်မောက်အရွယ်ဆေးလုံးတစ်လုံး ရှိနေခဲ့လေသည်။ ထိုဆေးလုံးဆီမှ ဖြာထွက်လာသည့် ဆေးနံ့ကို ရှူရှိုက်မိလိုက်သည့်အခိုက် သူ့အသက် ရှိရင်းစွဲထက် ပိုငယ်သွားသလို ခံစားလိုက်ရလေသည်။

ထို့ကြောင့် ရန်ကိုင့်အား အံ့အားသင့်တကြီးဖြင့် ပြန်မေးလိုက်လေသည်။ “သခင်လေးရန်… ဒါဘာဆေးလုံးလဲ…”

ဤကဲ့သို့သောဆေးလုံးကို သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင် မြင်ဖူးခြင်း မရှိသော်ငြား ဆေးလုံး၏အနံ့ကို ရလိုက်ရုံဖြင့် ဤဆေးလုံးသည် သာမန်ဆေးလုံးတစ်လုံးမဟုတ်မှန်း ပြောနိုင်ပေသည်။ ထို့အပြင် ရန်ကိုင်သည် အနန္တဆေးလုံးကဲ့သို့သော ဆေးလုံးမျိုးကိုပင်လျှင် ဖော်စပ်နိုင်သူတစ်ဦး ဖြစ်လေရာ ဤဆေးလုံးသည်လည်း လုံးဝကို သာမန်ဖြစ်လိမ့်မည် မဟုတ်ချေ။

“အချိန်ဆေးလုံးကို ဂိုဏ်းချုပ်ရီ ကြားဖူးလားမသိဘူး…” ရန်ကိုင်က မေးလိုက်လေသည်။

“အချိန်ဆေးလုံး…” ရီဟန် နားမလည်နိုင်ဟန်ဖြင့် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ သို့သော်ငြား တခဏအကြာ၌ သူ့ခန္ဓာကိုယ် ကတုန်ကယင်ဖြစ်လာပြီး အလန့်တကြား ထမေးလိုက်လေ၏။ “ဒါက အချိန်ဆေးလုံးလား…”

ရီဟန်၏အမူအယာကိုမြင်သော် ရီဟန်သည် အချိန်ဆေးလုံးအကြောင်းကို သိထားပြီမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။

ကြယ်တာရာအစုအဝေးထဲတွင် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းကို ပိုမိုရှည်လျားအောင် လုပ်ပေးနိုင်သည့် အဖိုးတန်ရတနာများစွာ ရှိကြပေသည်။ သို့သော်ငြား ထိုရတနာအားလုံးမှာ ဒဏ္ဍာရီများထဲတွင်သာ ကြားနိုင်တော့သည့် အရာများ ဖြစ်ကြပေသည်။ ရီဟန်ကဲ့သို့သော တာအိုသခင် တတိယအဆင့် ပညာရှင်မဆိုထားနှင့် ဧကရာဇ်အဆင့် ပညာရှင်များပင်လျှင် ထိုရတနာများကို မရနိုင်ကြပေ။

ရီဟန်ကိုယ်တိုင်သည် သူမကြာခင် သေရတော့မည်မှန်းကို သိထားခဲ့သည်။ ထို့အတွက်ကြောင့် သူ့အသက်အား ပိုမိုရှည်လျားအောင် လုပ်ပေးနိုင်မည့် ရတနာများကို လိုက်ရှာလျင် ကောင်းမလားဟု စဉ်းစားကြည့်ပေသေးသည်။ သို့သော်ငြား မည်သည့်နေရာတွင် သွားရှာလို့ သွားရှာရမည်မှန်း မသိပေ။ သွားရှာရမည့် နေရာကို သိလျှင်ပင် ထိုရတနာကို ရနိုင်လောက်မည်မဟုတ်။ ထိုကဲ့သို့သော အဖိုးတန်လွန်းသည့် ရတနာကို ဧကရာဇ်အဆင့် ပညာရှင်များမှ ဝိုင်းလုနေကြမည်မှာ မလွဲမသေပင်။

ထို့အတွက်ကြောင့် ရီဟန်သည် သူ့ကံတရားကိုသာ လက်ခံလိုက်တော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လတ်တလောအတွင်း ရန်ကိုင်ပြန်ယူလာသည့် ပညာရပ်များကို လေ့လာရင်းမှ ဧကရာဇ်အဆင့်သို့ မသေခင် ချိုးဖြတ်သွားနိုင်မလားဟု မျှော်လင့်ရင်း တံခါးပိတ်ကျင့်စဉ် ဝင်နေခြင်းပင်ဖြစ်လေသည်။ အနည်းဆုံး ဧကရာဇ်အဆင့်သို့ မချိုးဖြတ်နိုင်ခဲ့လျှင်ပင် သူနားလည်ထားသည့် ထိုးထွင်းသိမြင်မှုများကို ရီကျင်းဟန်အတွက် ထားရစ်ချင်ခဲ့ပေသေးသည်။

သို့သော်ငြား ဤအခိုက်အတန့်မှာပင် ရန်ကိုင်သည် သူ့အား အချိန်ဆေးလုံးတစ်လုံး ပေးလာခဲ့လေသည်။

ရီဟန်ကိုယ်တိုင်သည် ကြယ်တာရာအစုအဝေးထဲတွင် ရှိနေသော ကျင့်ကြံသူများ၏ အသက်ကို ရှည်လျားအောင် လုပ်ပေးနိုင်သည့် ရတနာများအကြောင်းကို သိထားသူဖြစ်သည့်အလျောက် အချိန်ဆေးလုံးအကြောင်းကိုလည်း သိထားပေသည်။

ရှင်းရှင်းပြောရလျှင် အချိန်ဆေးလုံးသည် ကျင့်ကြံသူတစ်ဦး၏အသက်ကို ပိုရှည်လာအောင် လုပ်မပေးနိုင်ချေ။ ထို့အစား ထိုဆေးလုံးသည် ကျင့်ကြံသူတစ်ဦးအား နှစ်ပေါင်းများစွာ ပြန်ငယ်သွားအောင် လုပ်ပေးနိုင်၏။

တစ်နည်းဆိုရသော် ရီဟန်သာ အချိန်ဆေးလုံးကို သောက်လိုက်မည်ဆိုပါက လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်ကပုံစံသို့ ပြန်ရောက်သွားပေလိမ့်မည်။ ထိုနည်းလမ်းကို အသက်ကို ပိုရှည်အောင် လုပ်လိုက်ခြင်းနှင့် အတူတူသာလျှင် ဖြစ်ပေသည်။ သိုသော်ငြား ဤဆေးလုံးနှင့်ပတ်သက်၍ ကန့်သတ်ချက်ကြီးတစ်ခု ရှိနေခဲ့သည်။ ထိုကန့်သတ်ချက်ကြီးမှာ အခြားမဟုတ်။ ကျင့်ကြံသူတစ်ဦးသည် အချိန်ဆေးလုံးကိုသောက်လိုက်ပါက ပြန်ငယ်သွားမည်ဆိုလျှင်ပင် သူရထားသည့် ဒဏ်ရာများမှာတော့ ပျောက်ကင်းသွားလိမ့်မည် မဟုတ်ချေ။ ဤဆေးလုံးသည်သာ ဒဏ်ရာများကိုပါ ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဆိုပါက ထိုဆေးလုံးမှာ အလွန်ကိုမှ အဖိုးအနဂ္ဂ ထိုက်တန်လွန်းသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေကာမူ ရန်ကိုင်ထုတ်ယူလာသည့် အချိန်ဆေးလုံးသည် အနည်းဆုံး ရီဟန်အား နှစ်ပေါင်းငါးဆယ်ခန့် ပြန်ငယ်သွားအောင် လုပ်ပေးနိုင်ပေသည်။

ဤကဲ့သို့သော ဆေးလုံးမျိုးကို လာတွေ့ရလိမ့်မည်ဟု ရီဟန်ကိုယ်တိုင်လည်း လုံးဝ မထင်ထားခဲ့ချေ။ သူ့စိတ်ထဲ ကံကြမ္မာက သူ့အပေါ်ကို အတော်ကိုမှ ရက်စက်ပါလေလား အချိန်လေးနည်းနည်းတောင်မှ ထပ်မပေးပါလားဟု ငြီးတွားနေစဉ်မှာပင် ရန်ကိုင်သည် သူ့အား အချိန်ဆေးလုံး ပေးလာခဲ့လေသည်။ ရီဟန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင်လျှင် မပြောနိုင်တော့အောင် ဖြစ်သွားခဲ့လေသည်။

ဤဆေးလုံးမှာ အချိန်ဆေးလုံးဖြစ်သည့်အပေါ် သံသယမဝင်ရခြင်းမှာ ရန်ကိုင်ကိုယ်တိုင်သည် ဥတုလေးမျိုးနယ်မြေထဲသို့ ရောက်ဖူးသည်ဆိုသည့် အကြောင်းကို သိထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထို့အပြင် ရန်ကိုင်သည် ဥတုလေးမျိုးနယ်မြေထဲ၌ အချိန်မြစ်ကျောင်းတော်ထဲသို့လည်း သွားဖူးပေ၏။ အချိန်ဆေးလုံးကို ဖော်စပ်ရန်အတွက် လိုအပ်သည့် အဓိကဆေးအမယ်မှာ အချိန်အသီးသာ ဖြစ်လေသည်။ ထိုအသီးကို အချိန်မြစ်ကျောင်းတော်ထဲတွင်သာ ရနိုင်လေ၏။

ရန်ကိုင်သည် အချိန်မြစ်ကျောင်းတော်ထဲတွင် အချိန်အသီးတစ်လုံးကို ရခဲ့ပေသည်။ ထို့ကြောင့်ပင်လျှင် ဤဆေးလုံးကို ဖော်စပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အချိန်ဆေးလုံးသည် ကျင့်ကြံသူတစ်ဦးအား နှစ်ငါးဆယ်ခန့်လောက်သာ ပြန်ငယ်သွားစေနိုင်သော်ငြား လက်ရှိအချိန်တွင် ဤဆေးလုံးသည် ရီဟန်အတွက် အကောင်းဆုံးသော ဆေးလုံးတစ်လုံး ဖြစ်နေခဲ့လေပြီ။ သူပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် ဤဆေးလုံးအား ကျိန်းသေ ဝယ်ယူပေလိမ့်မည်။

သို့သော်ငြား ရန်ကိုင်ကမူ သူ့အား လက်ဆောင်အဖြစ် ပေးလာခဲ့လေသည်။

ဤအချိန်ဆေးလုံးသာ ရှိနေမည်ဆိုပါက ရီဟန်အနေဖြင့် ဘာကိုများစိတ်ပူနေရဦးမည်နည်း။ သူလုပ်စရာလိုတော့သည်ဆို၍ တံခါးပိတ်ကျင့်စဉ်ဝင်ကာ ဧကရာဇ်အဆင့်သို့ ချိုးဖြတ်ရန်သာ ရှိတော့ပေသည်။ ဆေးလုံးအကူအညီကြောင့် သူလုံးဝကို အောင်မြင်လိမ့်မည်မှန်း ရီဟန် တစ်ထစ်ချ ယုံကြည်နေလေသည်။ တောက်ပသော အနာဂတ်သည် သူ့အား လက်ကမ်းကာ ဆီးကြိုနေခဲ့လေသည်။ သူ့ကိုယ်သူ ရွက်တစ်ထောင်ဂိုဏ်းကို ဦးဆောင်လျက် အတိတ်၏ ဂုဏ်ရှိန်ဂုဏ်ဝါကို ပြန်လည်ရရှိအောင် ကြိုးပမ်းနေပုံကိုပင်လျှင် မြင်ယောင်မိနေလေသည်။

ရီဟန်မှာ အလွန်ကိုမှ စိတ်လှုပ်ရှားလွန်းနေသည့် အတွက်‌ကြောင့် တစ်ခဏကြာမျှ တိတ်ဆိတ်သွားခဲ့သည်။ နောက်မှသာလျှင် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့ပြီး ရန်ကိုင့်အား အလေးအနက်ဖြင့် ဦးညွှတ်လျက် ပြောလိုက်လေသည်။ “သခင်လေးရန်ကတော့ ဒီရီကို ထပ်တလဲလဲ ကူညီပေးနေတာပဲ… ဒါပေမဲ့ ဒီရီက သခင်လေးရန်ကို ဘာမှ ပြန်ပေးစရာ မရှိဘူး… ဒါကြောင့် သခင်လေးရန်က ဒီရီနဲ့ ရွက်တစ်ထောင်ဂိုဏ်းရဲ့ အကြီးမားဆုံးသော ကျေးဇူးရှင်လို့ပဲ ဒီရီပြောနိုင်တော့တယ်… သခင်လေးရန် နောက်ပိုင်း လိုတာရှိရင် ပြောသာပြောလိုက်ပါ… ကျုပ်တို့ လုံးဝ မငြင်းပါဘူး… ဒီရီ ကိုယ့်စကားကိုယ် မတည်ခဲ့ရင် ဒီရီနဲ့ ရီမိသားစုရဲ့ မျိုးဆက်တွေ အကုန်လုံး ကိုယ်တွင်းနတ်ဆိုးနဲ့ ကြုံရပြီး သေကြရပါစေလို့ ကျိန်ဆိုပါတယ်…”

ရီဟန်သည် တစ်ချက်ကလေးမှပင်လျှင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ကျိန်ဆိုလိုက်လေသည်။ ထိုကဲ့သို့ ကျိန်ဆိုလိုက်ပြီးသည့်နောက်မှပင် မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် ရီဟန်၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့လေ၏။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင် မင်သက်သွားခဲ့လေသည်။ ထို့နောက် ခါးသက်စွာပြုံးလျက် “တကယ်တော့ ဂိုဏ်းချုပ်ရီ… အခုလိုမျိုးတွေ လုပ်နေရာစရာမလိုပါဘူး…”

ရီဟန် ဘာလုပ်လိုက်မှန်းကို သူသိပေသည်။ ရီဟန်သည် သူ့ဝိဉာဉ်ကို တိုင်တည်၍ ကိုယ်တွင်းနတ်ဆိုးဖြင့် ကျိန်ဆိုလိုက်ခြင်း ဖြစ်၏။ ယခုကဲ့သို့ လုပ်လိုက်သည့်အတွက်ကြောင့် နောက်နောင်တွင် သူ့အနေဖြင့် နောင်တရရန် အခွင့်အရေး ရှိတော့လိမ့်မည် မဟုတ်ချေ။ သူသာ ကျိန်ဆိုထားသည်ကို ဖောက်ဖျက်လိုက်မည်ဆိုပါက ကိုယ်တွင်းနတ်ဆိုးနှင့် ကြုံရမည်ဖြစ်ကာ ကျင့်ကြံခြင်းလမ်းကြောင်းသွေဖယ်၍ သေရပေလိမ့်မည်။

ထို့အပြင် ထိုကိုယ်တွင်းနတ်ဆိုး ကျမ်းကျိန်စကားသည် သူ့ကိုသာလျှင် ရီကျင်းဟန်နှင့်တကွ ရီမိသားစု၏ မျိုးဆက်ဝင်တိုင်းအပေါ် သက်ရောက်ပေလိမ့်မည်။

ရန်ကိုင်အနေဖြင့် အချိန်ဆေးလုံးကို ထုတ်ပေးလာရခြင်းမှာ ချီယွဲ့နှင့် အခြားသူများမှာ ရွက်တစ်ထောင်ဂိုဏ်းတွင် နေနေမည့် အတွက်ကြောင့်ပင်ဖြစ်လေသည်။ ရွက်တစ်ထောင်ဂိုဏ်းအနေဖြင့် ကောင်းကင်အဆင့် ရုပ်သေးရုပ်များကို အသုံးပြုနိုင်သော်ငြား ဂိုဏ်းအားစောင့်ကြပ်ပေးမည့် အစစ်အမှန် ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ရှိမနေခဲ့ချေ။

ထို့အတွက်ကြောင့်ပင်လျှင် ချီယွဲ့နှင့် အခြားသူများအတွက် ရီဟန် ဧကရာဇ်အဆင့်ကို မြန်မြန်ရောက်ပါစေဟု ရန်ကိုင် မျှော်လင့်နေခြင်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အချိန်မြစ်ကျောင်းတော်ထဲမှရလာသည့် အလွန်ကိုမှ ရှားပါးလှသော အချိန်အသီးကို အချိန်ဆေးလုံးအဖြစ် ဖော်စပ်ကာ ရီဟန်ဆီသို့ ပေးခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား ရီဟန်က ယခုကဲ့သို့ ကျမ်းကျိန်ပြလိမ့်မည်ဟု ရန်ကိုင်လည်း မထင်ထားခဲ့ချေ။

ရီဟန်က ခေါင်းခါလျက် “သခင်လေးရန်က ကျုပ်တို့ရဲ့ ရီမိသားစုနဲ့ ရွက်တစ်ထောင်ဂိုဏ်းကို ပြန်လည်ရှင်သန်နိုင်အောင် လုပ်ပေးခဲ့တာ… အဲ့ဒါကို ဒီရီ အခုလိုမျိုး ကျမ်းကျိန်လိုက်တေ့ာ ဘာဖြစ်မှာမို့လို့လဲ… စိတ်မပူနဲ့သခင်လေးရန်… ဒီလူအိုကြီး ချီယွဲ့နဲ့ သခင်လေးရန်ရဲ့ မိတ်ဆွေတွေကို ကောင်းကောင်း စောင့်ရှောက်ပေးထားမယ်… ဒီလူအိုကြီးအသက်ရှင်နေသရွေ့ သူတို့ခေါင်းပေါ်က ဆံပင်တစ်မွေးတောင် မထိခိုက်စေရဘူး…”

“အဲ့ဒါဆိုရင် ဂိုဏ်းချုပ်ရီကိုပဲ ကြိုပြီး ကျေးဇူးတင်ထားရတာပေါ့…” ရီဟန်မှ ကိုယ်တွင်းနတ်ဆိုးအပေါ် တိုင်တည်၍ ကျိန်ဆိုးထားသည့်အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ဘာမျှ စိတ်ပူစရာ မလိုတော့ချေ။ ရွက်တစ်ထောင်ဂိုဏ်းသာ မပျက်စီးသရွေ့ ချီယွဲ့နှင့် အခြားသူများ မည်သည့်အန္တရာယ်မှ ကြုံရလိမ့်မည်မဟုတ်မှန်း ရန်ကိုင်သိသွားလေသည်။

လက်ရှိရွက်တစ်ထောင်ဂိုဏ်း၏ ခွန်အားအရ ထိပ်တန်းဂိုဏ်းများသာ ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားလာပါက မည်သူမျှ သူတို့အား ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ချေ။

“ဒါနဲ့ ဂိုဏ်းချုပ်ရီ…. ကျုပ် ခင်ဗျားကို မေးချင်တာတစ်ခု ရှိသေးတယ်…” ရန်ကိုင်က ခေါင်းစဉ်ပြောင်းလိုက်လေသည်။

ရီဟန်က ချက်ချင်းပြန်ပြောလိုက်လေ၏။ “မေးစရာရှိရင် မေးလေ သခင်လေးရန်… ကျုပ်အစား အားနားနေစရာမလိုဘူး…”

“မရဏဂိုဏ်းဆိုတဲ့ ဂိုဏ်းအကြောင်းကို ဂိုဏ်းချုပ်ရီသိလား…”

…………………………..

သုံးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် ရွက်တစ်ထောင်ဂိုဏ်းမှ ထွက်ခွာလာခဲ့လေသည်။ အချိန်ဆေးလုံးကို ရပြီးသည့်နောက်တွင် ရီဟန်သည် ချက်ချင်း တံခါးပိတ်ကျင့်စဉ် ဝင်တော့လေ၏။ သူ့အနေဖြင့် ဆေးအာနိသင်ကို သန့်စင်ကာ ရန်ကိုင်မှ ပြန်ယူလာပေးခဲ့သော ပညာရပ်များကို လေ့လာရန် မစောင့်နိုင်တော့ချေ။

ရီကျင်းဟန်နှင့် ချီယွဲ့သည် ရန်ကိုင့်အား ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးလေသည်။

ချီယွဲ့နှင့် သူတို့အဖွဲ့မှာတော့ ရန်ကိုင်နှင့် မခွဲချင်သေးပေ။ သူတို့ပြန်ဆုံသည်မှာ ခဏလေးပင် ရှိသေးသည် မဟုတ်ပေလော။ ယခု ရန်ကိုင်ကမူ အခြားတစ်နေရာသို့ ထပ်ထွက်သွားပြန်လေသည်။ သို့သော်ငြား ရန်ကိုင် ရှောင်ရှောင်ကို စိတ်ပူနေမှန်း သူတို့လည်း သိကြသည်။ ထို့အတွက်ကြောင့် မည်သူမှ သူ့အား မတားခဲ့ကြပေ။ လမ်းခရီးတွင် ဂရုစိုက်ရန်သာ ပြောခဲ့ကြလေ။

ခပ်လှမ်းလှမ်းသို့ ရောက်လာသော် ရန်ကိုင်ကရပ်၍ လှည့်ပြောလိုက်လေသည်။ “ခင်ဗျားတို့ အခု ပြန်ရင်ပြန်ကြတော့လေ… နောက်ပိုင်း အားတဲ့တစ်နေ့ ကျုပ် ခင်ဗျားတို့ဆီ ပြန်လာလည်မယ်…”

ကွေ့ဇူက အဓိပ္ပာယ်ပါပါ ပြုံးလျက် “ဂိုဏ်းချုပ်လည်း အဆင်ပြေအောင် နေနော်… ကျုပ်တို့အားလုံး ဂိုဏ်းချုပ် ဂိုဏ်းကို ကြယ်တာရာအစုအဝေးထဲမှာ ပြန်ထောင်မှာကို စောင့်နေမှာ…”

ရန်ကိုင်က ခေါင်းညိတ်လျက် “အဲ့နေ့ရောက်လာမှာပါ…”

ထို့နောက်တွင် ချိုက်ဟူဘက်သို့ လှည့်၍ ရှုပ်ထွေးသည့်အမူအယာဖြင့် ပြောလိုက်လေသည်။ “စီနီယာချိုက်ဟူ… ခင်ဗျားလုပ်မှာလား… ကျုပ်လုပ်ရမှာလား…”

ရန်ကိုင့်၏မေးခွန်းသည် တုံးတိဆန်သော်ငြား မည်သူမျှ အံ့အားသင့်သွားသည့် အရိပ်အယောင်မပြချေ။ အကုန်လုံးသည် ရန်ကိုင် ဘာဆိုလိုချင်သလဲဆိုသည်ကို နားလည်ထားကြသည့်အလား။ ချိုက်ဟူက သက်ပြင်းယဲ့ယဲ့လေးချလျက် “ကျုပ်လုပ်လိုက်ပါမယ်… ကျေးဇူးပြုပြီး ဂရုစိုက်ပါသခင်လေးရန်…”

“အဲ့ဒါဆိုရင် ကျုပ်တို့ ဒီမှာပဲ ခွဲကြတာပေါ့… အားလုံး… အခွင့်အရေးရရင် ပြန်တွေ့ကြတာပေါ့…” ရန်ကိုင်က လက်သီးဆုပ်လျက် သူ၏လှေငယ်လေးကို ထုတ်ကာ အဝေးတစ်နေရာသို့ ထွက်သွားလေသည်။

သို့သော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် အလင်းတန်းတစ်ခု နောက်ဘက်ဆီမှ ပျံသန်း ထွက်လာခဲ့လေသည်။ ထိုအလင်းတန်းထဲတွင် သေးသွယ်လှသည့် ခန္ဓာကိုယ်လေးတစ်ခု ရှိနေခဲ့လေ၏။ အလင်းတန်းထဲရှိ အရိပ်သည် ရန်ကိုင့်အနားသို့ ရောက်သည်နှင့် သူမလက်ထဲတွင် ကိုင်စွဲထားသော ဓါးရှည်ကို ဆွဲထုတ်၍ ရန်ကိုင့်တည့်တည့်သို့ ထိုးချလိုက်လေ၏။ “ငါနင့်ကို သတ်မယ်…”

ရန်ကိုင်ကမူ သူမအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ သက်ပြင်းတစ်ချက်သာ ချလိုက်လေသည်။ ပြန်လည်တုံ့ပြန်မည့် အရိပ်အယောင်တော့ မပြခဲ့ချေ။

သူ့အား တိုက်ခိုက်လာသည့်လူမှာ အခြားမဟုတ်။ လော့ပင်းသာ ဖြစ်လေ၏။

ရန်ကိုင် လော့ပင်းကို မတွေ့သည်မှာ လအနည်းငယ်ခန့် ရှိနေလေပြီ။ သို့သော်ငြား လက်ရှိလော့ပင်းသည် ယခင်ကကဲ့သို့ ရိုးသားပျော်ရွှင်နေသည့် ကောင်မလေးတစ်ဦး မဟုတ်တော့။ ဆံပင်များမှာ ဖွာကြဲလန်ပြီး မျက်လုံးများမှာလည်း မှိုင်းထိုင်းထိုင်း ဖြစ်နေလေသည်။ သူမ၏အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်နေကာ သူမဝတ်စားထားသည့် အဝတ်အစားများပင်လျှင် ယခင်ကကဲ့သို့ တောက်ပြောင်နေခြင်း မရှိတော့ချေ။ ညစ်ပတ်ပေရေနေသည့် ကြည့်မည်ဆိုပါက ယခင်လများအတွင်း သူမ၏ဘဝ မည်မျှ ဆိုးဝါးကြောင်းကို မြင်တွေ့နိုင်ပေသည်။

သူမသည် လော့ကျင်း၏သမီး ဖြစ်ပေသည်။ လော့ကျင်းသည် ကောင်းကင်ကြိုးကြာမြို့၏ မြို့သခင်ဖြစ်စဉ်က မကောင်းသည့်ကိစ္စများစွာကို လုပ်ခဲ့သည်။ ယခု လော့ကျင်းသေသွားပြီးသည့်နောက်တွင် လော့ကျင်း၏ဖိနှိပ်ခြင်း ခံခဲ့ရသည့် လူများအား လော့ပင်းအား ပစ်မှတ်ထားလာကြသည်မှာ အထူးအဆန်းမဟုတ်ပေ။

ကံမကောင်းစွာဖြင့် လော့ပင်းသည် ကလေးဆိုးလေးတစ်ယောက် ဖြစ်သည့်တိုင် စိတ်ထားကောင်းသူ တစ်ဦး ဖြစ်နေခဲ့သည်။ ထို့အတွက်ကြောင့် မြို့သခင်စံအိမ်၏ အစောင့်အချို့မှာ သူမအပေါ် သစ္စာရှိကြပေသေးသည်။ ထိုအစောင့်များ၏ အကူအညီဖြင့် လော့ပင်းသည် ကောင်းကင်ကြိုးကြာမြို့မှ အသက်ရှင်လျက် ထွက်ပြေးလာနိုင်ခဲ့ပေသည်။ လတ်တလောအတွင်း လော့ပင်းသည် တောက်လျှောက်ကို ပုန်းအောင်းနေခဲ့ရလေသည်။သူမအနေဖြင့် စားကောင်းခြင်းမစားရ အိပ်ကောင်းခြင်းမအိပ်ခဲ့ရ။ ယခင်က ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေခဲ့ရသော သူမကဲ့သို့ မင်းသမီးလေးတစ်ပါး၏ ဘဝမှာ ယခုဆိုလျှင် အသက်ရှင်ဖို့ရာ အသည်းအသန် ထွက်ပြေးနေရ ပုန်းအောင်းနေရသည့် ဘဝသို့ ရောက်သွားခဲ့ရလေပြီ။

လော့ပင်း သူမအဖေ ရန်ကိုင့်လက်၌ သေသွားသည်ဆိုသည့် အကြောင်းကို မည်သူ့ဆီမှ သိလာလဲ မည်သူမှ မသိရ။ သို့သော်ငြား လော့ကျင်းအတွက် လက်စားပြန်ချေပေးနိုင်ရန် ရန်ကိုင့်အား ချောင်းမြောင်း တိုက်ခိုက်လာခဲ့လေသည်။

သို့ရာတွင် သူမ၏ ကျင့်ကြံခြင်းမှာ တန်ခိုးရှင်တတိယအဆင့်သာ ရှိပေသေးသည်။ ရန်ကိုင်နှင့် သူ့အဖွဲ့တစ်ခုလုံးမှာ တာအိုသခင်အဆင့် ပညာရှင်များ ဖြစ်ကြပေ၏။ ထို့အတွက်ကြောင့် ဤနေရာသို့ ရောက်လာစဉ်ကတည်းက သူမ၏အရှိန်အဝါကို ခံစားမိလိုက်ကြပေသည်။ မည်သူမျှ သူမရှိနေသည့်အကြောင်းကို ထုတ်မပြောကြခြင်းမှာ သူမမည်သူမှန်း သိနေသည့် အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ ဓါးသွားမှာ အရောင်တလက်လက်မှ ထနေသော်ငြား လော့ပင်းဆီမှ မည်သည့်သတ်ဖြတ်လိုစိတ်ကိုမှ မခံစားရချေ။ သူမ၏မျက်လုံးလေးများမှာ အသက်မဲ့နေသည့်အလား အလွန်ကိုမှ မှိုင်းထိုင်းထိုင်း ဖြစ်နေလေ၏။ သူမအနေဖြင့် သူမလက်ရှိခွန်အားဖြင့် သူမအဖေအတွက် ပြန်လက်စားချေပေးနိုင်ရန်မှာလည်း လုံးဝကို မဖြစ်နိုင်မှန်း သိထားသည့်ပုံပင်။

ဤနေရာတွင် ရန်ကိုင့်အား လာရောက်လက်စားချေခြင်းသည် သူမကိုယ်သူမ သတ်သေလိုက်ခြင်းနှင့် အတူတူသာ ဖြစ်လေသည်။ သို့သော်ငြား ရန်ကိုင်သည် သူမအား တစ်ချက်သာကြည့်ပြီး လျစ်လျူရှုထားလိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

All Chapters