သခင်မလေး ဟုန်ချိန်၊ကျွန်တော် ရှင်းပြပါရစေဦး
Vol. 6 Ch. 558
" အထဲမှာ ဘာတွေဖြစ်နေကြတာတုံး "
မြေရိုင်းဒေသဘက်ရှိ အဆင့်မြင့် အောက်လမ်းဆရာများအားလုံးမှာ အံအားသင့်နေကြပြီး စိုးရိမ်တကြီးဖြင့် နောက်သို့ဆုတ်ခွာသွားကြတော့သည်။
ပြိုလဲနေသည့် နေရာကြီးမှထွက်လာနေသော ဖိအားကြီးနှင့် နှိုင်းယှဥ်ကြည့်လိုက်ပါက ကျင့်ကြံသူများမှာ ပိုးကောင်လေးများသဖွယ်ဖြစ်နေသည်။
ထိုသို့ အပြင်ဘက်ရှိလူတိုင်းက စိုးရိမ်တကြီးဖြစ်နေကြစဥ် ပိုင်ရှောင်ချန်း မတ်တတ်ရပ်နေသည့် တတိယအဆင့်အခန်း မှာလည်း ပြိုလဲစပြုနေပြီဖြစ်သည်။
ထိုသင်္ချိုင်းဂူကြီးမှာ ဝင်္ကပါကြီးတစ်ခုလုံး ပြိုလဲနေရသည့် အကြောင်းအရင်းဖြစ်သည်။ ပိုင်ရှောင်ချန်း ထိုလက်ပတ်ကိုကိုင်လိုက်သည့် အချိန်မှစ၍ အရာအားလုံး ပြင်းထန်စွာ တုန်ရီလာသည်။ ရုပ်တုကြီးများပင်လျှင် တစ်စစီ ပြိုကွဲစပြုနေပြီဖြစ်သည်။
ရုပ်တုကြီးတစ်ခု၏ ဦးခေါင်းမှာ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ဝုန်းခနဲကျဆင်းသွားသဖြင့် အက်ကွဲကြောင်းများမှာ ပင့်ကူအိမ်များသဖွယ် ပျံ့နှံ့သွားတော့သည်။
နံရံများမှာလည်း ထိုနည်းတူပင်ဖြစ်နေပြီး ပလ္လင်ကြီးပင်လျှင် တုန်ခါနေပြီဖြစ်သည်။ နဂါးပုံစံရှိသော ရွှေရောင်အလင်းတန်းကြီးမှာ တွန့်လိမ်နေပြီး အထက်ရှိ အမိုးမှ ကျောက်ပြားများကလည်း ပြုတ်ကျလာကာ မြေပြင်နှင့်ရိုက်ခတ်သွား၍ တအုန်းအုန်းမြည်သံများ ပေါ်ထွက်နေတော့သည်။
တချိန်ထဲမှာပင် နေရာတိုင်းတွင် ဖုန်များထနေပြီး မည်သည်ကိုမှ မမြင်နိုင်တော့ပေ။
ပိုင်ရှောင်ချန်း၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။ ဤအဖြစ်အပျက်များမှာ ရုတ်တရက် သတိပေးခြင်းမရှိပဲ ပေါ်ပေါ်လာသည်ဖြစ်သဖြင့် သူက ကြောင်အမ်းအမ်းဖြစ်နေရတော့သည်။ ပလ္လင်ကြီးဆီမှ ဆုတ်ခွာရန် ပြင်လိုက်စဥ်မှာပင်...
ပလ္လင်ကြီး၏ ဘယ်ဖက်ဘေး၊ သင်္ချိုင်းဂူကြီး၏ ထောင့်တစ်ခုနားတွင် တည်နေရာရွှေ့ပြောင်းခြင်း၏ အလင်းတန်းများ ပေါ်ထွက်လာပြီး အနီရောင် လူရိပ်တစ်ခု ပေါ်ထွက်လာသည်။
အနည်းငယ်ကြာသောအခါ အနီးဆုံးရှိ ရုပ်တုကြီးမှာ ပြိုကျလာသဖြင့် ထိုလူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုရုပ်တုကြီးမှာ ကျောက်စများအသွင် ပြောင်းလဲသွားတော့သည်။ ဖုန်များထနေစဥ်တွင် ထိုလူရိပ်က ပိုင်ရှောင်ချန်းနှင့် ပလ္လင်ရှိရာဘက်သို့ ပြေးလာနေတော့သည်။
ပိုင်ရှောင်ချန်းမှာ ဤအခန်းထဲသို့ တည်နေရာရွှေ့ပြောင်းလာသည့်လူကို ချက်ချင်းပင် မှတ်မိသွားတော့သည်။
" သခင်မလေးဟုန်ချိန် ပါလား "
သခင်မလေးဟုန်ချိန်၏ အမူအရာမှာ တင်းမာနေပြီး သူမ၏မျက်ဝန်းများမှာ ဒေါသမီးများ လောင်ကျွမ်းနေသည်။ ပိုင်ရှောင်ချန်း စရောက်ခဲ့စဥ်က အတိုင်းပင် သူမသည်လည်း အနည်းငယ် မျက်စိလည်လမ်းပျောက်နေသည့်ပုံစံ ပေါ်နေသည်။ သူမသည် နတ်မီးလျှံစမ်းစပ်ပွဲကို ယခုမှ ပြီးခဲ့သည်ဖြစ်၍ ဤနေရာသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရပြီးနောက် အရာအားလုံး ပြိုကျနေသည်ကို မြင်လိုက်ရသည်။ ဖြစ်ပျက်နေသည်များကို သူမက အသေအချာ မပြောနိုင်ပါသော်လည်း ပိုင်ရှောင်ချန်းက လက်ပတ်ကို သူ၏ထည့်စရာအိတ်ထဲသို့ ထည့်တော့မည်ကိုမြင်လိုက်သောအခါ သူမသည် ထိုအရာမှာ နတ်ဝိညာဥ်ဖြစ်ကြောင်းကို သိသွားတော့သည်။ ထိုအချိန်တွင် ဤကိစ္စကြီးတစ်ခုလုံးမှာ အဖြေပေါ်သွားပြီဖြစ်သည်။
သူမသည် နံပါတ်တစ်နေရာကို မရယူနိုင်ခဲ့ပဲ ပိုင်ရှောင်ချန်းက ရခဲ့သည်။ ထို့အပြင် သူသည် သူမထက်အရင် နတ်ဝိညာဥ်ဆီသို့ ရောက်ခဲ့သည်။
" ရိုင်းစိုင်းလှပါလား " သူမက အော်ဟစ်လိုက်သည်။
" နင် ငါ့ကို သခင်မလေးဟုန်ချိန်လို့ ခေါ်ခွင့်မရှိဘူး။ သင်္ချိုင်းဂူရဲ့ နတ်ဝိညာဥ်ကို နင်မလို့ ခိုးယူရဲတယ် ပိုင်ရှောင်ချန်း။ နင်သေချင်နေပြီလား "
သူမ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောစိတ်များ တောက်ပနေပြီး သူမ၏ စူးရှလွန်းသောစကားသံမှာ ပိုင်ရှောင်ချန်း၏နားထဲသို့ ရောက်သွားသောအခါ ဓားတစ်ချောင်းဖြင့် သူ၏ဦးနှောက်ကို ထိုးေမွှနေသည့်အလား ခံစားလိုက်ရတော့သည်။
သူသည် တူတစ်လက်ဖြင့် ရိုက်နှက်ခံလိုက်ရသည့်အလား နောက်ဘက်သို့ ဒယိမ်းဒယိုင်ဖြစ်သွားပြီး သူ၏ပါးစပ်အစွန်းမှ သွေးများစီးကျလာတော့သည်။ သူ၏ခန္ဓာကိုယ်အတွင်းသို့ အေးစိမ့်ချီများ စိမ့်ဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ကျောရိုးတစ်ချောင်းမှာ ကွေးညွှတ်သွားရတော့သည်။ အသားများ တဆတ်ဆတ်တုန်ရီကာ မျက်ဝန်းအိမ်များကျဥ်းသွားပြီး သူသည် အသက်ပျောက်ရန် တစ်ခဏမျှသာ လိုတော့ကြောင်း သိလိုက်လေသည်။
" ငါတော့ ကိစ္စချောပြီ။ ရေစုန်မျောပြီ " မြေရိုင်းသားများက သူ့အားအလွန်မုန်းတီးကြောင်းကို သူ သိထားပြီး မဟာတံတိုင်းအပြင်ဘက်နားတွင် သခင်မလေးဟုန်ချိန်ကိုယ်တိုင် သူ၏ဦးခေါင်းအတွက် ဆုကြေးသတ်မှတ်ခဲ့သည်ကို ပြန်အမှတ်ရသွားတော့သည်။ သူမက သူ့ကိုကြည့်နေသည့်ပုံစံမှာ အရှင်လက်လက် ဝါးစားချင်နေသည့် ပုံစံမျိုးပင်ဖြစ်သည်။
ထိုသို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသောအခါတွင် သူ၏ခေါင်းထဲတွင် အကြံတစ်ခုပေါ်လာတော့သည်။ ထိုအကြံပေါ်လာသည်နှင့်တပြိုက်နက် သူက တွေဝေမနေတော့ပဲ ညာလက်ကိုဆန့်ထုတ်ကာ ကျောက်တိုင်ပေါ်ရှိ စာကြောင်းအချို့ကို ဖျက်လိုက်တော့သည်။
သူ၏ ရည်ရွယ်ချက်မှာ ကျိန်စာအကြောင်းပါသည့် စာကြောင်းကိုဖျက်ရန်ဖြစ်သော်လည်း သခင်မလေးဟုန်ချိန်၏အမြင်တွင်မူ သူက စာလုံးများအားလုံးကို အရေးတကြီးဖျက်နေသည့်ပုံ ပေါ်နေသည်။
ထိုအခါ သူမ၏ မျက်လုံးများပြူးသွားပြီး သူ့ကိုရိုက်ခတ်ရန် လေပြင်းကြီးတစ်ခုအား လက်ကိုဝှေ့ယမ်း၍ ထုတ်လွှတ်လိုက်တော့သည်။
" အစ်မဟုန်ချိန်၊ ကျွန်တော့်ကို ရှင်းပြခွင့်ပေးပါ။ "
သို့သော် သူ၏ ပါးစပ်မှ ေသွးများပန်းထွက်လာပြီး ကျောက်တိုင်အနားမှ လွင့်စင်သွားတော့သည်။ သို့သော် သူက အလွန်နီးကပ်နေခဲ့သည်ဖြစ်၍ စာကြောင်းတစ်ကြောင်းကို ဖျက်လိုက်နိုင်သေးသည်။
သူသည် သူမကို နားချရန် ပြင်နေ၏။ ဤအချိန်တွင် ထိုတစ်ခုသာ လုပ်၍ရတော့သည်မဟုတ်ပါလော...
ပိုင်ရှောင်ချန်း ပလ္လင်နားမှ လွင့်ထွက်သွားသည့်အချိန်တွင်ပင် သခင်မလေးဟုန်ချိန်၏ တိုက်ကွက်မှာ ကျဆင်းလာပြီး ပလ္လင်ကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသဖြင့် ကျောက်တိုင်ကြီးတစ်တိုင်သာ လေပေါ်တွင် ရစ်ဝဲရင်း ကျန်ခဲ့တော့သည်။
ထိုကွဲအက်ကာ လွင့်စင်သွားကြသည့် ကျောက်တုံးကျောက်စအချို့မှာ ပိုင်ရှောင်ချန်းကို ထိမှန်ကုန်ကြသဖြင့် သူ၏ပါးစပ်ထဲမှ သွေးများထပ်၍ ပန်းထွက်လာတော့သည်။
" သူက ငါ့ကိုသတ်ဖို့ ကြံနေတာပဲ "
ပိုင်ရှောင်ချန်းမှာ ထွက်ပြေးနေရင်း အသားများတုန်ရီနေပြီး သခင်မလေးဟုန်ချိန်နှင့် တစ်ခန်းထဲတွင် ပိတ်မိနေရသည်ကို အတွေးထဲမှ ထုတ်၍မရနိုင်အောင် ဖြစ်နေရသည်။ သူမသည် ဒေါသထွက်နေသည့် နဂါးကြီးတစ်ကောင်နှင့်တူနေပြီး သူက ယုန်ပေါက်စလေးတစ်ကောင်နှင့် တူနေသည်။ သူမသည် မည်သည့်နည်းနှင့်မျှ ဒေါသပြေလျော့မည်မဟုတ်ပဲ အကယ်၍ သူမသာ အသက်နှုတ်ယူနိုင်လောက်အောင် ပြင်းထန်သည့်တိုက်ကွက်တစ်ခုသာ ထုတ်လိုက်ပါက သူချက်ချင်းပင်သေဆုံးသွားရမည်ဖြစ်သည်။
သူက နတ်ဝိညာဥ်ကို ယူခဲ့မိသည်နှင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနှင့် ပတ်သတ်သည့် နတ်မီးလျှံစမ်းသပ်ပွဲထဲတွင် သူလုပ်ခဲ့မိသည့် အရာတိုင်းကို နောင်တရနေတော့သည်။ သူပထမ ရလိမ့်မည်ဟု အဘယ့်ကြောင့် သူက ထင်ထားခဲ့မည်နည်း။
" ငါစောစောက ဖျက်ဖို့ကြိုးစားနေတဲ့ စာကြောင်းတွေက ဘာတွေလဲဆိုတာကို သိချင်တဲ့စိတ်တွေ သခင်မလေးဟုန်ချိန်ကို လွှမ်းမိုးသွားပါစေလို့ပဲ ဆုတောင်းရမှာပဲ "
သူက ထိုသို့ဖြစ်ရန် ထပ်ကာထပ်ကာ ဆုတောင်းနေတော့သည်။
" ကျွန်တော် နံပါတ်တစ်နေရာကို တမင်ယူတာ မဟုတ်ရပါဘူးဗျ။ "
သူက တုန်တုန်ရီရီဖြင့် လှမ်းအော်လိုက်သည်။
" အစ်မကြီးဟုန်ချိန်ရေ။ ကျွန်တော့်ကိုယုံပါဗျ... " ပလ္လင်ကြီးပျက်စီးသွားသောအခါ လေပေါ်တွင်မျောနေသည့် ကျောက်တိုင်ကြီးပေါ်တွင် အက်ကွဲကြောင်းများ ထလာပြီး သခင်မလေးဟုန်ချိန်မှာ ထိုရှေ့သို့ရောက်သွားတော့သည်။ ကျန်ရှိနေသည့် စာကြောင်းများကို ဖတ်ရန်ကြိုးစားလိုက်သောအခါ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကိုထုတ်ယူရန် မေ့သွားတော့သည်။
သခင်မလေးဟုန်ချိန်မှာ ကျောက်တိုင်နှင့် အလုပ်ရှုပ်နေသည်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းက အလောတကြီးဖြင့် ဟိုဟိုသည်သည်ပြေးကာ ထွက်ပေါက်ကို ရှာနေတော့သည်။ သို့သော် သင်္ချိုင်းဂူကြီး ပြိုလဲသွားသည့်တိုင်အောင် ထွက်ပေါက်ကိုရှာ၍မတွေ့နိုင်ပေ။
" သောက်ကျိုးနည်း။ ထွက်ပေါက်က ဘယ်မှာတုံးဟ။ ဒီနား တစ်နေရာရာမှာ ထွက်ပေါက်တစ်ခုခုတော့ ရှိရမှာပဲ။ ဗဟိုဧကရာဇ် ဒုတိယမျိုးဆက် က နတ်ဝိညာဥ်ကို အပင်ပန်းခံပြီး ပေးချင်တယ်ဆိုရင် ထွက်ပေါက်လေးတစ်ခုလောက် ပေးထားမှာပါဟ။ အဲဒီလိုမှမဟုတ်ရင် ဘာထူးတော့မှာတုံး "
ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ လုံးဝ နီမြန်းနေပြီဖြစ်သည်။ အဆုံးတွင် သူက အော်ဟစ်လိုက်ပြီး သူ၏ ထာဝရပြုစားခြင်းသိုင်းကို အသုံးပြုလိုက်တော့သည်။
ထို ထာဝရပြုစားခြင်း သိုင်း၏အစွမ်းမှာ မန္တန်အစီအရင်များနှင့် မြေပြင်များကိုပါထိုးဖောက်နိုင်သည်ဖြစ်ပြီး ဝင်္ကပါထဲတွင်ရှိစဥ်က သုံး၍မရခဲ့သော်လည်း ယခုတွင် အရာအားလုံးမှာ ပြိုကျနေပြီဖြစ်၍ သူက စမ်းသုံးကြည့်လိုက်တော့သည်။
သို့သော် သူကခြေလှမ်းရန်ပြင်လိုက်စဥ်မှာပင် သခင်မလေးဟုန်ချိန်က အေးစက်စက် နှာမှုတ်လိုက်ကာ သူ့ကိုလှမ်းကြည့်လိုက်ပြီး လက်ကိုဝှေ့ယမ်းလိုက်တော့သည်။
" ပြေးချင်နေတယ်ပေါ့ "
သူမက အော်ပြောလိုက်သည်။ ထိုသင်္ချိုင်းဂူကြီးထဲတွင် အံ့သြဖွယ်ကောင်းသော စွမ်းအားများပြည့်နှက်သွားပြီး ထိုနေရာတစ်ခုလုံးသာမက ပိုင်ရှောင်ချန်းကိုပါ ချုပ်နှောင်လိုက်တော့သည်။
သူ့အပေါ်သို့ ဧရာမတောင်ကြီးတစ်လုံး ပြိုကျလာသည့်အတိုင်းပင်။ သူ၏အရိုးများမှာ တကျွိကျွိမြည်ကာ အက်ကွဲကုန်ကြပြီး သူသည် သွေးများစွာအန်လိုက်ရကာ သူ၏ ထာဝရပြုစားခြင်း သိုင်းမှာလည်း ပျက်ပြားသွားတော့သည်။
ကံကောင်းသည်မှာ သူ့ထံတွင် မာကျောသော အပြင်ခန္ဓာကိုယ်တစ်ခု ရှိနေခြင်းဖြစ်သည်။ မည်သို့မျှဆက်မဖြစ်ခင်မှာပင် သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားသော မှော်ပစ္စည်းအမြောက်အများကို ထုတ်လိုက်တော့သည်။ ဒါဇင်ပေါင်းများစွာ ထွက်လာပြီး အချို့မှာ အဆင့်သုံးအထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းခံထားရပြီး အချို့မှာ အဆင့်ခြောက်အထိ ရှိသည်။ ၎င်းတို့အားလုံးကို သူက တချိန်ထဲတွင် ဖောက်ခွဲလိုက်သောအခါ ထွက်ပေါ်လာသော ပေါက်ကွဲမှုကြီးက သူ့ကိုဖိနှက်နေသည့်အားများကို တွန်းထုတ်လိုက်တော့သည်။ ထို့နောက် သူကတွေဝေမနေပဲ နောက်သို့ဆုတ်ကာ ထိုနေရာမှ အမြန်ဆုံးထွက်ခွာလိုက်တော့သည်။ သူ၏ရင်ထဲတွင် ငရဲတံခါးဝမှ လွတ်မြောက်လာသည့်အလား ခံစားနေရတော့သည်။
" အစ်မ ဟုန်ချိန် " သူက အော်ဟစ်လိုက်တော့သည်။
" ဒီ နတ်ဝိညာဥ်ကို ယူသွားပါဗျာ။ ဟုတ်ပြီလား။ ပြေလည်ရာပြေလည်ကြောင်း ညှိနှိုင်းကြမယ်လေဗျာ "
ထိုအခါ သခင်မလေးဟုန်ချိန်က သူ့ကိုလှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင်မူ မည်သည်ကိုမှ ရှည်ရှည်ဝေးဝေး စဥ်းစားနေရန် အချိန်မရှိပေ။ ပိုင်ရှောင်ချန်းမှာ ကျောက်တိုင်ပေါ်မှ စာလုံးများက ဖျက်သွားခဲ့သည်ကို သူမကသိသဖြင့် သူမသည် ကျန်ရှိခဲ့သော စာလုံးများကို နားမလည်နိုင်တော့ပေ။
သူမ အရင်က တစ်ခါမှမကြားဖူးသည့် နတ်ဝိညာဥ်များကို အသုံးပြုနိုင်သော နည်းလမ်းများအကြောင်းကို သူမကမြင်လိုက်ရသည်ဖြစ်၍ ပို၍ ဆိုးသွားတော့သည်။ ထိုသို့သော အချက်အလက်များကို အခြားသူများအား ဖတ်ခွင့်ပေးရန်မှာ လုံးဝမဖြစ်နိုင်ချေ။ သူမက အနည်းငယ်မျှပင် တွေဝေမနေပဲ လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျောက်တိုင်ကြီးနှင့်အတူ ၎င်းအပေါ်ရှိ စာလုံးများအားလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
" နောက်ကျသွားပြီ "
သူမက တည်ငြိမ်စွာဆိုလိုက်သည်။ ထို့နောက် သူမသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ပိုင်ရှောင်ချန်းဆီသို့ ဦးတည်သွားတော့သည်။ ဤအချိန်တွင် သူမထံတွင် ပိုင်ရှောင်ချန်းကိုသတ်ရန် အကြောင်းအရင်း သုံးခုရှိသည်။ ပထမတစ်ခုမှာ နတ်ဝိညာဥ်ကြောင့်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ကျောက်တိုင်ပေါ်တွင်ပါသည့် အချက်အလက်များကို အခြားလူများသိသွားအောင် မဖွနိုင်စေရန်ဖြစ်သည်။ တတိယတစ်ခုမှာ သူမက သူ့ကို အလွန်အမင်း မုန်းတီးနေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမက လုံးဝတွေဝေမနေပဲ အသက်နှုတ်ယူနိုင်လောက်အောင် ပြင်းထန်သော သိုင်းကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်တော့သည်။