ဆွေးနွေးပွဲ
Vol. 3 Ch. 145
ကျွန်မတို့ နောက်ထပ်ငှားထားတဲ့အိမ်က နှစ်ထပ်ဗီလာကြီးပါ။ တောင်ခြေနဲ့လည်းနီးပြီး လူနေရပ်ကွက်တွေရဲ့အပြင်ဘက်မှာ။ မနေ့က သူတော်စင်နှစ်ယောက်ကိုတွေ့ခဲ့တယ်ဆိုပေမဲ့ အခုထိ ဘာပြဿနာမှ လာမရှာသေးဘူးရယ်။
ရိုမြူလက်ဘုရားကျောင်းက ပြဿနာလာရှာမှာ စိုးရိမ်တဲ့အတွက် ကျွန်မအပြင်မထွက်ရဲတာတောင် လနဲ့ချီကြာခဲ့ပြီ။ အခန်းထဲမှာ စောင်ကို ခေါင်းမြီးခြုံပြီးပုန်းနေတာ နေ့တိုင်းလိုလိုပါပဲ။ ပြီးတော့ ရာသီဥတုကလည်း အေးအေးလာတာမလို့ စောင်ခြုံရင်း ကွေးနေမိတာလဲပါတယ်။
“ဆယ်ဗီ၊ ရိုမြူလက်ဘုရားကျောင်းကလူတွေက သခင့်ကို လိုက်ရှာနေတာလေ။ နင့်ကိုမှမဟုတ်တာ။ ဘာကြောက်စရာ ရှိလို့လဲ။”
ကျွန်မအခန်းထဲမှာ စောင်ခြုံပြီး ဖုန်းနှိပ်နေတုန်း နာတာရှာက အခန်းထဲဝင်လာပြီးမေးပါတယ်။ သူက ကျွန်မအခြေအနေကို သေချာကြည့်ဖို့အတွက် အိပ်ရာပေါ်လာထိုင်တဲ့အတွက်ကြောင့် မွေ့ရာက အနည်းငယ်နစ်ဝင်သွားတယ်။
“တော်ကြာ၊ ကျွန်မကို ဖမ်းပြီးတော့ ဓားစာခံလုပ်တာတို့ဘာတို့ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။”
ကျွန်မက ပေါက်ပေါက်ရှာရှာပြောလိုက်တော့ နာတာရှာက ရယ်တယ်။ တကယ်လည်း အဲဒီလိုကိစ္စမျိုးက အခုမှဖြစ်တာမှ မဟုတ်တာကို။ နာတာရှာက ရယ်လို့ဝတဲ့နောက်မှာတော့ ကျွန်မ နှာခေါင်းကို ဆိတ်ဆွဲလိုက်ပြီးပြောပါတယ်။
“ကဲ၊ ထတော့... အောက်မှာ နေ့လယ်စာအဆင်သင့်ဖြစ်နေပြီ။ မော်လီက နင့်ကိုကိုယ်တိုင်လာနှိုးမလို့ပဲ။ ဒါပေမဲ့ သူအလုပ် ရှုပ်နေလို့ ငါလာလိုက်တာ။”
နေ့လယ်စာရယ်၊ မော်လီလက်ရာရယ် ဆိုတာကြားတာနဲ့ ကျွန်မ မျက်လုံးတွေက တောက်ပလာခဲ့တယ်။ ကြည့်ရတာ ဒီနေ့ဟင်းက ကောင်းမယ့်ပုံပဲ။ နက်ဆန်ချက်ကျွေးတာလဲ စားလို့ကောင်းတယ် ဆိုပေမဲ့လို့ ပရိုအိမ်ထောင်ရှင်မကြီးမော်လီနဲ့ယှဥ်ရင် အများကြီး လိုသေးတယ်လေ။
“အင်း၊ တွေးကြည့်မှ မီလန်ရောက်ကတည်းက ဆိုင်ထိုင်ပြီး မစားဖြစ်တာကြာပြီပဲ။”
ကျွန်မက ပြောလိုက်တော့ နာတာရှာကလည်း ကိုယ်ကိုသိမ့်နေတဲ့ အထိရယ်လိုက်တယ်။ “ဒါပေါ့ဒါပေါ့... နောက်ဆုံးတော့ ဆယ်ဗီ ကိုယ်တိုင်လည်း အိမ်ကစားစရာတွေကို ငြီးငွေ့လာပြီပဲ။ ဒါပေမဲ့ လောလောဆယ် မြို့ထဲမှာ အခြေအနေတင်းမာနေတာဆိုတော့ အပြင်ထွက်စားလို့ရပါ့မလား။”
မြို့ထဲမှာရောက်နေတဲ့ ရိုမြူလက်ဘုရားကျောင်းအဖွဲ့ကိစ္စကို စဥ်းစားလိုက်မိတော့ ကျွန်မအတော်လေး စိတ်ပျက်မိတယ်။ ဟုတ်ပါရဲ့၊ အပြင်ထွက်စားနေရင်း သူတော်စင်တွေက ကျွန်မကို လာဖမ်းရင်ဘယ်လိုလုပ်မလဲ။ စားလက်စစားစရာတွေကိုတောင် ကုန်အောင်စားနိုင်မှာမဟုတ်ဘူးရယ်။
“ကဲပါ၊ အောက်ဆင်းပြီး စားကြရအောင်။”
“အင်း...” ကျွန်မလည်း နာနာခံခံနဲ့ အိပ်ရာထဲကထွက်လိုက်ပြီး နာတာရှာနောက်ကနေ လိုက်လာခဲ့တယ်။ အိမ်အောက်ထပ်ကို ရောက်တာနဲ့ မွှေးပျံနေတဲ့ ဟင်းရနံက လေထုထဲမှာရှိနေတယ်။
တစ်အိမ်လုံးကို နေရောင်မဝင်အောင်လို့ လိုက်ကာတွေ ချထား တယ်ဆိုပေမဲ့ လျှပ်စစ်မီးဆိုင်းတွေကတော့ ရှိနေပါသေးတယ်။ ဒါကြောင့် အလင်းရောင်ရှိနေပြီး နေ့လယ်စာစားခန်းထဲမှာ ရှိနေတဲ့ မော်လီ၊ နက်ဆန်၊ မိုနီကာ၊ အိုလီရာနာနဲ့ ပါစီဗယ်ကို မြင်နိုင်ပါတယ်။
မော်လီက ခါတိုင်းလိုပဲ အိမ်စေဝတ်စုံကို သေသေသပ်သပ်နဲ့ ဝတ်ဆင်ထားတယ်။ အိုလီရာနာကတော့ ထိုင်ခုံမှာထိုင်နေပြီး သူ့ရှေ့မှာရှိနေတဲ့ ပန်းကန်ထဲကဟင်းတွေကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်ရှုနေတယ်။ ဒါပေမဲ့ မော်လီက သူ့ကို စိုက်ကြည့်နေပြီးတော့ စားရင်ရိုက်မယ့်အမူအရာမျိုးနဲ့ ရှိနေတဲ့အတွက် သူ့စိတ်သူထိန်းနေရဆဲပဲ။
“သူစားချင်ရင် စားပါစေ။” နက်ဆန်က ခွင့်ပြုပေးပေမဲ့ စည်းကမ်းကြီးတဲ့ မော်လီကတော့ ခေါင်းခါလိုက်ပါတယ်။
“နေ့လယ်စာစားပွဲဆိုတာ လူစုံအောင်စောင့်ပြီးမှ စသင့်တယ်လို့ ထင်ပါတယ်၊ သခင်လေး။ အခုထိ ဆယ်ဗီကမရောက်သေးတော့ ကျွန်မတို့တွေ စောင့်ခိုင်းထားရုံကလွဲလို့ ဘယ်တတ်နိုင်မှာလဲ။”
ဒါကြောင့် ကျွန်မလည်း ထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး အားလုံးကို တောင်းပန်လိုက်ပါတယ်။ “တောင်းပန်ပါတယ်၊ ကျွန်မကြောင့် အားလုံးစားချိန် နောက်ကျကုန်ပြီ။”
ကျွန်မက အားလုံးကျေနပ်အောင် အလုပ်သဘောအရ ပြုံးထား ခဲ့တယ်ဆိုပေမဲ့ ပါစီဗယ်ကိုမြင်တဲ့နောက်မှာတော့ ရိုးရိုး ပြုံးရာကနေပြီး သွားပေါ်အောင်ရယ်လိုက်မိတယ်။ အဲဒီနောက် တခိခိနဲ့အူတက်တဲ့အထိ ရယ်မိတော့တာပဲ။
“ပါ... ပါစီဗယ်... ရှင့်ပုံစံက ဘယ်လိုဖြစ်ထားတာတုန်း။”
တကယ်လည်း ရယ်ချင်စရာပဲ။
အမြဲတမ်းလိုလို စစ်ဝတ်စုံဝတ်ထားတတ်တဲ့ ပါစီဗယ်က အခု ဝစ်ကုတ်ဝတ်ထားပြီး လည်ပင်းမှာလည်းဖဲပြားနဲ့။ ကုတ်အောက်မှာ ရှပ်အင်္ကျီအဖြူကိုခံဝတ်ထားရပြီး နက်ပြာရောင်ဘောင်းဘီရှည်နဲ့။
“ ဒီနေ့အိမ်ကို ဂုဏ်သရေရှိလူကြီးမင်းတစ်ယောက် လာမှာမလို့ အိမ်တော်အမှုထမ်းတစ်ယောက်က စစ်ဝတ်စုံကြီးဝတ်ပြီးတော့ လျှောက်သွားနေလို့မဖြစ်ဘူးလေ။”
အဲဒီစကားကြောင့် နဂိုကတည်းက မည်းမှောင်နေခဲ့တဲ့ ပါစီဗယ်ရဲ့ မျက်နှာက ပိုပြီးမှောင်မိုက်သွားတယ်။ မသိရင် လငပုပ်ဖမ်းထားတဲ့ အတိုင်းပါပဲ။
“အဖွားကြီး၊ ကျုပ်ဘယ်နှစ်ခါ ပြောရမှာလဲ။ ကျုပ်က နက်ဆန်ရဲ့ အစေခံမဟုတ်ဘူး။ ဒီအတိုင်း သဘောတူညီချက်ရထားတဲ့ မိတ်ဆွေတွေပဲ။”
အသေးစိတ်ကို ကျွန်မသေချာမသိပေမဲ့ အခုလောလောဆယ် နက်ဆန်နဲ့ပါစီဗယ်က စာချုပ်ပြင်ချုပ်ထားပြီး တန်းတူအဆင့် ရှိနေတာတဲ့။ ဒါကြောင့် အိမ်တော်အမှုထမ်းလို့ အပြောခံရတာကို ပါစီဗယ်မကျေမနပ်ဖြစ်နေတာနဲ့တူတယ်။
“ဘာပဲဖြစ်ဖြစ် သခင်က နင့်ကိုတင်ကျွေးထားတာပဲ။ ကျေးဇူး သိတတ်မှပေါ့။”
“အဖွားကြီး၊ ခင်ဗျားလည်း ဖုတ်ကောင်ဘုရင်မ၊ ကျုပ်လည်း တစ္ဆဘုရင်။ အဆင့်အတန်းချင်းက အတူတူပဲ။ ဘာကိစ္စ ခင်ဗျား ပြောတဲ့စကားကို နားထောင်ရမှာလဲ။”
ပြောရင်းပြောရင်းနဲ့ ပါစီဗယ်က စိတ်မရှည်တော့ဘဲ သူ့ဝစ်စကုတ်ကို ဆွဲချွတ်ပစ်လိုက်တယ်။ ဒါပေမဲ့တစ်ချိန်တည်း ဆိုသလိုပဲ မော်လီက တံစဥ်ရှည်ကြီးကို ဆင့်ခေါ်လိုက်တဲ့ အတွက်ကြောင့် အခန်းတွင်းမှာရှိတဲ့လေထုက တင်းမာသွား ခဲ့ပါတယ်။
“ဘာမှမဟုတ်တဲ့တစ္ဆေဘုရင်လေးက သခင့်ကို လိုလိုချင်ချင်နဲ့ အလုပ်အကျွေးပြုစုမယ့်အစား တန်းတူစာချုပ်ချုပ်ရဲကတည်းက နင့်ကိုမျက်မုန်းကျိုးနေတာကြာပြီ။ အခွင့်အရေးရတုန်း ဆုံးမ ပေးရမယ်နဲ့တူတယ်။”
ပါစီပယ်ကလည်း ရေပီယာဓားကိုဆွဲထုတ်လိုက်ပြီး “လာစမ်းပါ။” လို့ပြောလိုက်တဲ့အတွက် သူတို့နှစ်ယောက် တကယ်ထချလုဆဲဆဲ ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျွန်မခေါင်းထဲမှာ အကြံတစ်ခုပေါ်လာပြီး မေးလိုက်တယ်။
“ဟိုလေ... ကျွန်မအကြံတစ်ခုပေါင်း ပေးရမလား။”
ဒီတော့မှ ဘုရင်အဆင့် သဘာဝလွန်တည်ရှိမှုနှစ်ယောက်က တိုက်ခိုက်ဖို့လုပ်နေတာကိုရပ်ပြီး ကျွန်မကိုလှည့်ကြည့်တယ်။ ကျွန်မကလည်း ကျွန်မအကြံအတိုင်း ပြောလိုက်တာပေါ့။
“ ဧည့်သည်လာမှာမလို့ ပါစီဗယ်ရဲ့ရိုးရိုးစစ်မှုထမ်းဟောင်း ဝတ်စုံက မသင့်တော်ဘူးဖြစ်နေတယ်ဆိုရင်လည်း ကိစ္စမရှိဘူး မဟုတ်လား။ ကျွန်မကြားဖူးသလောက် စစ်အရာရှိတွေမှာ စစ်တိုက်ဖို့မဟုတ်ဘဲဝတ်ရတဲ့ ပွဲတက်ဝတ်စုံရှိတယ်တဲ့။ အဲဒါ ပြောင်းဝတ်ခိုင်းလိုက်ပါလား။”
ဒီတော့မှ သူတို့နှစ်ယောက်လုံး ငြိမ်ကျသွားတယ်။ နောက်တော့ ပါစီဗယ်က လက်ဖျောက်တစ်ချက်တီးလိုက်ပြီး သူ့အဝတ်တွေကို ပြောင်းဝတ်လိုက်တယ်။ ဘဏ္ဍာစိုးဝတ်စုံနဲ့တူနေတဲ့ဝတ်စုံအစား အနက်ရောင်စစ်အရာရှိကုတ်အင်္ကျီနဲ့ ပြောင်လက်နေတဲ့ ပွဲတက် အရာရှိဦးထုပ်ကို ပြောင်းဝတ်ထားပြီးပြီ။ ခါးမှာတော့ ဆေဘာကို ဟန်ပြချိတ်ထားတယ်။
“ဆယ်ဗီက ခဏလေးအတွင်းမှာပဲ ငါတို့ထဲမှာ ငြိမ်ကုပ်နေတဲ့ ကောင်မလေးအဖြစ်ကနေပြီး အငြင်းပွားမှုတွေကိုတောင် ဖြေရှင်းပေးတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားတာပဲ။”
နာတာရှာက ရယ်မောရင်းပြောလိုက်မှ ကျွန်မလည်းသတိရပြီး နာတာရှာကို လှည့်ကြည့်လိုက်တယ်။ “ ဒါနဲ့ရှင်လည်း EUOC ယူနီဖောင်းပြီး တစ်ချိန်လုံးဝတ်ထားတာ မဟုတ်ဘူးလား။”
ကျွန်မက ပြောပြီးကြည့်လိုက်ပေမဲ့ ထင်ထားတာနဲ့ တလွဲစီ ဖြစ်နေတယ်။ နာတာရှာက ခါတိုင်းလိုပဲ ဘလေဇာနဲ့စကပ် ဝတ်ထားတာဆိုပေမဲ့ အခုကယူနီဖောင်းတွေမဟုတ်တော့ဘဲ စီးပွားရေးသမားတွေဝတ်တဲ့ဟာမျိုးဖြစ်နေတာ။ ပုံစံချင်း အတူတူပဲမလို့ စစချင်း ကျွန်မသတိမထားမိခဲ့တာ။
“အယ်... ရှင်က တမင်ပုံစံတူတာ ပြောင်းဝတ်ထားတာလား။”
တခြားသူတွေအားလုံး သင့်တော်တဲ့ဝတ်စုံတွေ ဝတ်ထားပြီးပြီ ဆိုတာသိလိုက်ရတော့ ကျွန်မလည်းစိတ်လျှော့ပြီး စားပွဲပေါ်က ဟင်းပွဲတွေကို ဂရုတစိုက်ကြည့်လိုက်တယ်။ မော်လီ့လက်ရာ ဆိုတော့ မဆိုးလောက်ဘူးမဟုတ်လား။
ပထမဆုံးမြင်လိုက်ရတဲ့ အဖွင့်ဟင်းလျာက ထူးထူးခြားခြားလေးပဲ။ ကြက်ဥပြုတ်ကို ဝက်အူချောင်းထဲဌာပနာထားတဲ့ အီတလီစတိုင် ဝက်အူချောင်းဌာပနာဟင်းပါ။ ကြက်ဥကို ဆားရည်ထဲမှာ အရင်ပြုတ်ပြီး အပြင်ကနေ ဝက်အူချောင်းလုပ်မယ့်မုန့်နှစ်နဲ့ လုံးပြီးကြော်ထားတာ။ ချိုမြတဲ့အရသာနဲ့ စားလို့ကောင်းမယ့်ပုံပဲ။
အဓိကဟင်းအမယ်ကျတော့ စပါဂါတီခေါက်ဆွဲနဲ့ မုန့်နှစ်နဲ့ကြော်တဲ့ ကြက်သားကြော်။ စားလို့ကောင်းမယ့်ပုံလေးနဲ့မလို့ လက်ကိုလှမ်း စားဖို့ပြင်လိုက်ပေမဲ့ မော်လီက ယင်ရိုက်တဲ့ရိုက်တံနဲ့ ကျွန်မလက်ကို လှမ်းရိုက်ပြီးတားလိုက်တယ်။
“ဆယ်ဗီ၊ လူမစုံသေးဘူး။”
“ဟင်... ကျွန်မက ဒီမှာနောက်ဆုံးကျန်တဲ့သူမဟုတ်ဘူးလား။”
ကျွန်မလည်း နားမလည်ဖြစ်ပြီးမေးလိုက်တော့ မော်လီက ခေါင်းခါပြပါတယ်။ အဲဒီနောက်တော့ “ဧည့်သည်လာမယ်လို့ မပြောခဲ့ဘူးလား။ နေ့လယ်စာကို ဧည့်သည်လာမှ စစားရမှာပေါ့။ ဒါမှယဥ်ကျေးရာရောက်မယ်လေ။ ပြီးတော့...”
မော်လီက အကျိုးအကြောင်းရှင်းပြပြီးတဲ့နောက် ကျွန်မကို သေသေချာချာစိုက်ကြည့်လိုက်တယ်။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ငုံကြည့်ရတာပေါ့။ ဘာဖြစ်တာပါလိမ့် တွေးရင်းတွေးရင်းနဲ့ ခေါင်းတွေချာချာလည်လာပြီ။
“ဟိုလေ... ကျွန်မမျက်နှာပေါ်မှာ တစ်ခုခုပေနေလို့များလား။”
ဘာမှားလို့မှားနေမှန်းမသိတာနဲ့ မော်လီကိုမေးလိုက်တော့ မော်လီက မျက်လုံးကိုမှေးထားလိုက်ပြီး...
“ဆယ်ဗီရေ၊ ဧည့်သည်လာမှာကို သူနာပြုယူနီဖောင်းဝတ်ပြီး ကြိုဆိုတယ်ဆိုတာ သိပ်မသင့်တော်သလိုပဲနော်။ တခြားဝတ်စရာ မရှိဘူးလား။”
“.....”
ကြည့်ရတာ ပြဿနာက ကျွန်မဘက်ကို လှည့်လာတဲ့ပုံပါပဲ။ တခြားရှောင်လို့ရမယ့်ပုံလည်းမပေါ်တာနဲ့ အိမ်ပေါ်ထပ် ပြန်တက်ပြီးတော့ သာမန်အဝတ်တွေထဲက ကောင်းတာတွေ ရှာဝတ်ပြီးပြန်ဆင်းလာတယ်။ နောက်တော့ လာမယ်ဆိုတဲ့ ဧည့်သည်ကြီးကို စောင့်ရတော့တာပဲ။
“ဒါနဲ့ လာမယ့်ဧည့်သည်က ဘယ်သူမလို့ အခုလိုမျိုး ခမ်းခမ်းနားနား ပြင်ဆင်ထားကြတာလဲဟင်။”
ကျွန်မ မေးလိုက်မိတယ်။ အရင်က နက်ဆန်ဦးဆောင်တဲ့ အမှောင်ကျောင်းတော်ဆီကို ဧည့်သည်သိပ်ပြီး မလာတတ်ဘူး။ ဒါကြောင့် သူတို့အခုလိုပြုမူနေတာက ကျွန်မအတွက် အရမ်းကို အံ့ဩစရာကောင်းနေတယ်။
“ ဂျေဇူးဝပ်အသင်းတော်ရဲ့ခေါင်းဆောင် စူပါရီရာဂျင်နရယ် အန်တိုနီ လာမှာမလို့လေ။ သူက ရိုမန်ကက်သလစ်ချက်ကို ကာကွယ်ဖို့အတွက် တာဝန်ယူထားရတဲ့သူပဲ။ ပြီးတော့ သူ့စွမ်းအား အဆင့်အတန်းက တော်တော်လေးမြင့်မားတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အယ်ဒါတစ်ယောက်လို့ပဲ ဆိုပါတော့။”
စူပါရီရာဝျင်နရယ်ဆိုတဲ့ ရာထူးဘွဲ့က နားထောင်ရတာနည်းနည်း ခက်ခဲတယ်လို့ကျွန်မမြင်တယ်။ ဒါကြောင့် အကြီးအကဲချုပ် တစ်ယောက်လို့ပဲ ကျွန်မအလိုလိုနေရင်း ဘာသာပြန်လိုက်မိတယ်။ ဒါပေမဲ့ အဓိပ္ပါယ်ကိုတော့ သေချာနားမလည်ဘူး။
“ကက်သလစ်ဘုရားကျောင်းရဲ့ရာထူးအဆင့်တွေထဲမှာ စူပါရီရာ ဂျင်နရယ်တွေက အမိန့်တော်တွေကိုဦးဆောင်ရတဲ့သူတွေပဲ။ သူတို့က ဆိုင်ရာအမိန့်တော်အဖွဲ့တွေအပေါ်မှာ အချုပ်အချာ အာဏာသက်တဲ့ ပုဂ္ဂိုလ်ကြီးတွေပဲ။”
တော်တော်အရေးကြီးတဲ့သူ ဖြစ်မှာပါလို့တွေးလိုက်ပြီးတော့ သူတို့နဲ့အတူ ကျွန်မစောင့်တယ်။
စောင့်တယ်.... ဆက်ပြီးတော့စောင့်တယ်.... စောင့်ရင်းစောင့်ရင်း ဗိုက်ဆာလာတဲ့အထိပဲ။ ဒါပေမဲ့ မော်လီကိုကြောက်နေရတာမလို့ ရှေ့မှာဟင်းပွဲတွေမြင်နေရပေမဲ့ စားလို့မရပြန်ဘူး။ နောက်ဆုံး ဗိုက်ဆာလွန်းလို့ သတိလစ်သွားခါနီးမှပဲ တံခါးက အလန်းမြည်လာ တော့တယ်။
တင်းတောင်... တင်းတောင်...
မော်လီက နက်ဆန်နောက်မှာ ရပ်နေရာကနေပြီး အိမ်ရှေ့တံခါးဆီ သွားလိုက်တယ်။ အဲဒီနောက် တံခါးကိုဖွင့်လိုက်ပြီး အိမ်ထဲကို ဝင်လာတဲ့ လူတစ်ယောက်ကို ဦးညွှတ်လိုက်ပါတယ်။
“ အမှောင်ကျောင်းတော်ကနေ ဧည့်ဝတ်ကျေပွန်စွာနဲ့ ကြိုဆိုလိုက်ပါတယ် အကြီးအကဲချုပ် အန်တိုနီ။”
ကျွန်မလည်း အကြီးအကဲချုပ် အန်တိုနီဆိုတဲ့သူကို သေချာလှမ်း အကဲခတ်လိုက်တယ်။ အနက်ရောင်ဘုန်းတော်ကြီးဝတ်စုံကို ဝတ်ထားပြီး အသက်ငါးဆယ်လောက်ရှိပြီဖြစ်ပေမဲ့ ထောင်ထောင် မောင်းမောင်းနဲ့ အားအင်ရှိတဲ့ပုံပေါ်တယ်။ မုတ်ဆိတ်မွှေးဖြူဖြူ ရှိပြီးတော့ သူ့ကိုကြည့်ရတာနဲ့တင် ဩဇာကြီးမားတဲ့ပုံပေါ်တယ်။
“ဆယ်ဗီ၊ ဒီဆွေးနွေးပွဲက အမှောင်ကျောင်းတော်တစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ဆိုင်တယ်။ ဒီလူက ငါတို့ကို မီလန်မြို့ထဲမှာဆက်နေဖို့ မနေဖို့ ဆုံးဖြတ်နိုင်စွမ်းရှိတဲ့သူပဲ။”
နာတာရှာက ကျွန်မကို တီးတိုးသတိပေးလိုက်တဲ့အတွက် ကျွန်မ အသက်ရှုဖို့တောင် မေ့သွားတယ်။ လောလောဆယ် ကျွန်မတို့ နောက်ကိုလူတွေအများကြီး လိုက်နေတာ။ ရိုမြူလက်တွေပဲ မဟုတ်တော့ဘူး။ EUOCလည်း ပါသေးတယ်။ သူတို့တွေရော ဒီမြို့ထဲရောက်ပြီမလားမသိပေမဲ့ နှစ်ဖွဲ့ပေါင်းမိသွားရင် ပြဿနာကြီး ဖြစ်လာလိမ့်မယ်။ တစ်ဖွဲ့ချင်းဆိုရင်တော့ ရင်ဆိုင်ရမှာ ပြဿနာမရှိလောက်ပေမဲ့ပေါ့။