သစ်ပင်ကို ကိုင်လှုပ်ဖို့ ကြိုးစားနေသော ပုရွက်ဆိတ်
Vol. 165 Ch. 2461
ရွှစ်….
ဆူဇီမိုသည် ယခုတင် သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်ခါစဖြစ်ပြီး ကြွယ်ဝူယင်း၏ ဓားထံမှ ကျောက်စိမ်းရောင်အလင်းတစ်ခု ပျံသန်းလာကာ သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်သွား၏။
ထိုကျောက်စိမ်းရောင်အလင်းကား ကျောက်စိမ်းကျမ်းတစ်ခု ဖြစ်ပုံရသည်ကို ပကတိအင်မော်တယ်များစွာက တွေ့မြင်လိုက်ရ၏။
“ရွှေပုစဉ်း အရေခွံလဲခြင်းလား”
ကြွယ်ဝူယင်းက တီးတိုးရေရွတ်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အကြည့်တစ်ခု ပေါ်ထွက်လာ၏။
အရာရာတိုင်းက အလွန်တရာလျင်မြန်စွာ ဖြစ်ပွားခဲ့သည်။
ကြွယ်ဝူယင်းနှင့် ဆူဇီမိုက လွဲလျှင် ဘေးကနေ ရပ်ကြည့်နေသူများစွာက ဖြစ်ပျက်ခဲ့သည့်အရာကို မသိရှိခဲ့ကြပေ။
ကြွယ်ဝူယင်း ပြောသည်မှာ မှန်လေသည်။ ဆူဇီမိုသည် ယခုတွင် အန္တိနတ်ဘုရားစွမ်းအား ရွှေပုစဉ်း အရေခွံလဲခြင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။
ရွှေပုစဉ်း အရေခွံလဲခြင်းသည် အနည်းငယ်ထူးဆန်းလေသည်။
ဤနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ဖို့အတွက် မဖြစ်မနေရှိထားရမည့် လိုအပ်ချက်တစ်ခုရှိပြီး အဲဒါက သူတို့ကိုယ်ပိုင်ကိုယ်ပွားတစ်ခုကို ပိုင်ဆိုင်ထားရဖို့ဖြစ်သည်။
ထို့နောက် သူသည် ရွှေပုစဉ်း အရေခွံလဲခြင်းနှင့်အတူ ပြီးပြည့်စုံစွာ ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် သူ၏ ကိုယ်ပွားကို အသုံးချရပေလိမ့်မည်။
သူက သေကွင်းသေကွက်ကို တိုက်ခိုက်ခံရသည့်အခါ သူ၏ ကိုယ်ပွားက ပျက်စီးထိခိုက်မှုကို ခံယူပေးပြီး သူ၏ အစစ်အမှန်ခန္ဓာက ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
အဲဒါက ကြွယ်ဝူယင်းကို အံ့အားသင့်သွားစေသည့် အကြောင်းအရင်း မဟုတ်ပေ။
တစ်ယောက်ယောက်က ရွှေပုစဉ်း အရေခွံလဲခြင်းကို ထုတ်ဖော်မည်ဆိုလျှင်တောင် သူတို့သည် သူ၏ အရိပ်မဲ့ဓားချက်ကနေ လွတ်မြောက်နိုင်မည် မဟုတ်သောကြောင့်ပင်။
သူ၏ ဓားက အလွန်တရာမြန်ဆန်ပြီး စွမ်းအားကြီးမားကာ ဆူဇီမို၏ ကိုယ်ပွားနှင့် အစစ်အမှန်ခန္ဓာကိုပါ ထိုးဖောက်ဖို့အတွက် လုံလောက်လေသည်။ သူက ဆူဇီမို၏ အစစ်အမှန်ခန္ဓာကို ထွက်ပြေးလွတ်မြောက်ခွင့် လုံးဝပေးလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အလှည့်အပြောင်းတစ်ခုက ပေါ်ထွက်လာဆဲဖြစ်၏။
ထိုးချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ဖို့အတွက် ကြွယ်ဝူယင်းသည် ဆူဇီမို၏ အသိစိတ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့၏။
သူ၏ ဓားက ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားသည့်အခါ သူသည် သိပ်သည်းပြင်းထန်သော ခုခံမှုတစ်ရပ်ကို ခံစားခဲ့ရ၏။ ဓားဖျားက မာကျောသော အရာတစ်ခုနှင့် ထိခတ်သွားပုံရပြီး ဆက်လက်၍ မထိုးဖောက်နိုင်တော့ပေ။
အရိပ်မဲ့ဓားက ရပ်တန့်သွားသောကြောင့် သူ၏ ခန္ဓာကိုယ်က ပေါ်ထွက်လာခြင်းဖြစ်၏။
အရိပ်မဲ့ဓားသည် ရတနာသူတော်စင် ကျောက်စိမ်းကျမ်းကို ထိခတ်သွားခဲ့ခြင်းဖြစ်သည်။
ဖျက်ဆီးခံလိုက်ရသော ကိုယ်ပွားသည် ရတနာသူတော်စင် ကျောက်စိမ်းကျမ်းကို သုံးပြီး ဆူဇီမို စုဖွဲ့ထားသည့် ကမ္ဘာဦးခန္ဓာဖြစ်လေသည်။
အရိပ်မဲ့ဓားက ဘယ်လောက်ပင် ထက်ရှသည်ဖြစ်စေ… အဲဒါသည် ရတနာသူတော်စင် ကျောက်စိမ်းကျမ်းကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။
ဤကျောက်စိမ်းကျမ်းသည် ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့ပြီး အစကတည်းက ဖျက်ဆီး၍ မရနိုင်သော ရတနာတစ်ခုဖြစ်သည်။
ဧကရာဇ်လက်နက်များသာလျှင် အဲဒါကို ဖျက်ဆီးနိုင်ပေလိမ့်မည်။
ထိုတဒင်္ဂရပ်တန့်မှုမှာ ဆူဇီမိုက အသက်ကယ်ထွက်ပေါက်တစ်ခုကို ရှာဖွေပြီး သူ၏ တည်နေရာခုန်ကူးခြင်း နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ခဲ့လေသည်။ ထိုသို့ဖြင့် သူက ထွက်ပြေးလွတ်မြောက်၍ မိုချင်၏ ဘေးနားသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ထို့နောက် ရတနာသူတော်စင် ကျောက်စိမ်းကျမ်းက သူ၏ အသိစိတ်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။
သူ၏ ကမ္ဘာဦးခန္ဓာက ဖျက်ဆီးခံရမည်ဆိုလျှင်လည်း ကိစ္စမရှိပေ။ နောက်ရက်အနည်းငယ်ကြာလျှင် သူက အဲဒါကို နောက်တစ်ဖန်ထုတ်ဖော်နိုင်မည်ဖြစ်၏။
ဖြစ်စဉ်တစ်ခုလုံးက ရိုးရှင်းသည်ဟု ထင်ရသော်လည်း ဆူဇီမိုက အဲဒါကို ပြန်စဉ်းစားကြည့်ရင်း ရင်တစ်ချက်ထိတ်သွား၏။
သူ၏ အကဲဖြတ်မှုမှာ အတိမ်းအစောင်းတစ်ခု ရှိသွားမည်ဆိုလျှင်တောင် သူက နေရာမှာပင် သေရပေလိမ့်မည်။
“သူတော်စင်သုံးပါး ကျောက်စိမ်းကျမ်းထဲက ရတနာသူတော်စင် ကျောက်စိမ်းကျမ်းက မင်းလက်ထဲမှာ ရှိနေတာပဲ”
ကြွယ်ဝူယင်းက အလွန်တရာ ထက်မြက်ပြီး ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၏ ဇာစ်မြစ်ကို ချက်ချင်းပင် မှတ်မိသိရှိသွား၏။
ပကတိအင်မော်တယ်များစွာ၏ မျက်လုံးများကလည်း ထိုစကားကို ကြားသောအခါ ဝင်းလက်သွားကြ၏။
တဗူးဂမ္ဘီရကျင့်စဉ်၊ သူတော်စင်သုံးပါး ကျောက်စိမ်းကျမ်း…။
အဲဒါက အတွဲတစ်တွဲသာဖြစ်သော်လည်း အဲဒါသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ရူးသွပ်သွားစေနိုင်သည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်၏။
ရွှစ်….
ရုတ်တရက်ဆိုသလို…
ထက်ရှသော ဓားသွားတစ်ခု လေထုကို ဆုတ်ဖြဲလာသံက စူးရှစွာ ထွက်ပေါ်လာ၏။
လူတိုင်း ထိုအသံကို ကြားသည့်အချိန်မှာ ရွှေရောင်အလင်းက လေဟာနယ်ကို ဆုတ်ဖြဲလုနီးပါး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ချဉ်းကပ်လာခဲ့ပြီဖြစ်ပြီး ၎င်း၏ ပစ်မှတ်က ကြွယ်ဝူယင်းဖြစ်လေသည်။
အဲဒါက အရမ်းကိုမြန်ဆန်၏။
ဒါ့အပြင် ရွှေရောင်အလင်း၏ ချိန်သားကိုက် ဝင်ရောက်လာမှုကလည်း ပြီးပြည့်စုံလေသည်။
ကြွယ်ဝူယင်းသည် သူ၏ တိုက်ခိုက်မှုမှာ မအောင်မြင်ဘဲ သူ၏ ခန္ဓာကိုယ်က ပေါ်ထွက်လာခါစဖြစ်၏။ သူ၏ စိတ်အာရုံအများစုက ဆူဇီမိုနှင့် ရတနာသူတော်စင် ကျောက်စိမ်းကျမ်းအပေါ် ရောက်ရှိနေပြီး သူက အနည်းငယ် စိတ်အာရုံပျံ့လွင့်နေ၏။
ထိုစဉ်မှာပင် ရွှေရောင်အလင်းက ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
ကြွယ်ဝူယင်း၏ အမူအရာက တည်တံ့သွားပြီး သူ၏ တာအိုသစ်သီးကို လှည့်ပတ်ကာ သိပ်သည်းကြီးမားသော အစစ်အမှန်အမြုတေပမာဏတစ်ခုကို ထုတ်ဖော်လိုက်၏။ သူက အရိပ်မဲ့ဓားကို လက်ပြန်ဆုပ်ကိုင်ပြီး ရွှေရောင်အလင်းကို ခုတ်ပိုင်းချလိုက်၏။
ချွမ်း….
အရိပ်မဲ့ဓားက ရွှေရောင်အလင်းနှင့် ထိတွေ့ရိုက်ခတ်ပြီး စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။
ကြွယ်ဝူယင်းက ဆတ်ခနဲတုန်ယင်သွား၏။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်း၏ အစစ်အမှန်ပုံစံက ထွက်ပေါ်လာပြီး အဲဒါက ရွှေရောင်မြားတစ်စင်း ဖြစ်လေသည်။
ထိုမြား၏ စွမ်းအားက အရမ်းကို သန်မာနေ၏။
ကြွယ်ဝူယင်းက အဲဒါနှင့်ထိတွေ့မိသည့် ခဏမှာပင် သူက မြားအတွင်းမှာပါသည့် စွမ်းအားကို ကောင်းကောင်းမချေဖျက်နိုင်ဘူးဆိုတာ နားလည်သဘောပေါက်သွား၏။
ကြွယ်ဝူယင်း၏ ဓားအလျင်အဟုန်က ရုတ်တရက်ပြောင်းလဲသွားပြီး သူက ရွှေမြားကို သူ၏ ဦးခေါင်းထက်သို့ လမ်းလွှဲပေးလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကို ဝပ်ချလိုက်၏။
သူစီစဉ်ထားသည့်အတိုင်း ဖြစ်လာမည်ဆိုလျှင် မြားက သူလှုပ်ရှားသည့် အလျင်အဟုန်အတိုင်း လိုက်ပါပြီး သူ၏ ဦးခေါင်းထက်ကနေ ပျံသန်းသွားပေလိမ့်မည်။
သို့သော်လည်း ထိုစဉ်မှာပင် တိုက်ပွဲနယ်မြေမှာ အပြောင်းအလဲတစ်ရပ်ဖြစ်ပွားလာ၏။
ထိုအခြင်းအရာကို တွေ့မြင်သော လူတိုင်းနီးပါးသည် တိုက်ခိုက်သူနှင့် ကြွယ်ဝူယင်းက ထိုမြားကို ဘယ်လိုချေဖျက်မလဲ အလိုလိုသိချင်နေကြ၏။
သို့သော်လည်း ဆူဇီမိုက ကြွယ်ဝူယင်း၏ ပုံရိပ်ကို တစ်ချိန်လုံးစိုက်ကြည့်နေ၏။ သူ၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ်ထိုးတက်လာပြီး သူက တိုက်ခိုက်ဖို့ အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းနေခဲ့၏။
ကြွယ်ဝူယင်းသည် ယခုတင် သူ့အသက်ကို နှုတ်ယူခဲ့လုနီးပါးဖြစ်၏။ သူက အဲဒါကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်ပါ့မလဲ။
သို့သော်လည်း သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကို ကြီးမားနေသည်။ ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူ၏ နည်းလမ်းများထဲ မည်သည့်အရာကမှ ကြွယ်ဝူယင်းကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။ တကယ်ဆို သူသည် ကြွယ်ဝူယင်း၏ အဝတ်စထောင့်ကိုပင် ထိတွေ့နိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါ ကြွယ်ဝူယင်းသည် ထိုမြားချက်နှင့် ရင်ဆိုင်ရချိန်မှာ စိတ်အာရုံပျက်ယွင်းဖို့ အချိန်မရပေ။ အဲဒါသည် သူတိုက်ခိုက်ဖို့အတွက် ပြီးပြည့်စုံသော အခွင့်အလမ်းကောင်းဖြစ်၏။
“တဒင်္ဂအခိုက်အတန့်”
နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာက ဆူဇီမို၏ စိတ်ထဲမှာ တဖျပ်ဖျပ်ပေါ်ထွက်လာပြီးနောက် သူက နောက်ဆုံး ဤအန္တိမနတ်ဘုရားစွမ်းအားကို ရွေးချယ်လိုက်၏။
လူတိုင်းက မှင်တက်သွားလေသည်။
အရိပ်မဲ့ဓားချက်ကနေ ထွက်ပြေးလွတ်မြောက်လာကာစ ကောင်းကင်အင်မော်တယ်တစ်ယောက်သည် အထွတ်အထိပ်ပကတိအင်မော်တယ်ပညာရှင်တစ်ဦးကို တိုက်ခိုက်ရဲလိမ့်မည်ဟု ဘယ်သူကမှ ထင်မှတ်မထားကြပေ။
ကြွယ်ဝူယင်းပင်လျှင် အဲဒါကို ထင်မှတ်မထားပေ။
သို့သော်လည်း သူ၏ အမူအရာက တည်ငြိမ်နေပြီး လုံးဝစိုးရိမ်ပူပန်ခြင်း မရှိပေ။ ဆူဇီမိုကို လှည့်ပင်မကြည့်ဘဲ သူ၏ မျက်နှာပေါ်မှာ သရော်တော်တော်အမူအရာတစ်ခု ပေါ်ထွက်လာ၏။
အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို မပြောနှင့်… အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက် ထုတ်လွှတ်လိုက်သော အန္တိမနတ်ဘုရားစွမ်းအားကပင်လျှင် သူ့ကို ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။
ကောင်းကင်အင်မော်တယ်များနှင့် ပကတိအင်မော်တယ်များကြားမှာ ရင်ကြားမစေ့နိုင်သော ကွာဟချက်တစ်ခု ရှိနေသည်။
ကောင်းကင်အင်မော်တယ်များသည် သူတို့၏ နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်သည့်အခါ သူတို့သည် အခြေခံအုတ်မြစ်အဖြစ် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို အသုံးပြုရဆဲဖြစ်၏။
ပကတိအင်မော်တယ်ပညာရှင်များကတော့ သူတို့သည် သူတို့၏ တာအိုသစ်သီးများကို စုဖွဲ့ထားပြီး သူတို့ကို အစစ်အမှန်အမြုတေက ကာကွယ်ပေးထား၏။ သူတို့က လှုပ်ရှားခြင်း မရှိလျှင်တောင် ကောင်းကင်အင်မော်တယ်များ ထုတ်ဖော်လိုက်သည့် အန္တိမနတ်ဘုရားစွမ်းအားများကို ခုခံနိုင်ကြလေသည်။
ဒါ့အပြင် ကြွယ်ဝူယင်းက သုခဘုံလေဟာနယ် ပကတိအင်မော်တယ်တစ်ဦးဖြစ်၏။ သူ၏ တာအိုသစ်သီးကို ၎င်း၏ အကန့်အသတ်အထိ မြှင့်တင်ထားသည့်အခါ သူ၏ အစစ်အမှန်အမြုတေက ကြွယ်ဝသန့်စင်၍ သိပ်သည်းကျစ်လျစ်နေ၏။ အဲဒါက သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေပြီး ကောင်းကင်အင်မော်တယ်များ ခြိမ်းခြောက်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
“ဟီးဟီး”
လေထဲမှာ ဆူဇီမို၏ ပြုမူလှုပ်ရှားမှုကို တွေ့မြင်သည့်အခါ မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်များစွာက လှောင်ရယ်လိုက်ကြ၏။ သူတို့၏ မျက်လုံးထဲမှာ ဆူဇီမို၏ အပြုအမူသည် ကလေးဆန်၍ ရိုးအလွန်းနေ၏။
သစ်ပင်ကို ကိုင်လှုပ်ဖို့ ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်…။ ထိုစကားပုံက ဤမြင်ကွင်းနှင့် လွန်စွာလိုက်ဖက်ညီနေ၏။
ကြွယ်ဝူယင်းက တဒင်္ဂအခိုက်အတန့်ကို လုံးဝအလေးနက်ထားခြင်း မရှိပေ။ သူသည် သူ့ကိုယ်သူကာကွယ်ဖို့အတွက် သူ၏ အစစ်အမှန်အမြုတေကိုသာ အသုံးချလိုက်၍ သူက ဝင်ရောက်လာသော ရွှေမြားကိုသာ အပြည့်အဝ အာရုံစိုက်ထား၏။
ဒုံ…
တဒင်္ဂအခိုက်အတန့် ထွက်ပေါ်လာပြီး နောက်ထပ်ဗုံသံတစ်သံက လေဟာနယ်ထဲမှာ ထွက်ပေါ်လာ၏။
ရုတ်တရက် ကြွယ်ဝူယင်း၏ ခန္ဓာကိုယ်က မသိမသာယိမ်းထိုးသွား၏။
ဘန်း…
ရွှေမြားက သူ၏ ဦးခေါင်းထက်ကနေ ဖြတ်ကျော်ပြီး ကျယ်လောင်သော မြည်သံနှင့်အတူ မလှမ်းမကမ်းမှာရှိသော ကျောက်နံရံကို ပစ်စိုက်သွား၏။
ရွှေမြား၏ အမြီးတစ်ပိုင်းက ထွက်ပေါ်နေပြီး အဲဒါက အနည်းငယ် တုန်ခါနေဆဲဖြစ်၏။ ထိုရွှေမြား၏ စွမ်းအားက ဘယ်လောက်ကြောက်စရာကောင်းသလဲ သိသာလေသည်။
တဒင်္ဂအခိုက်အတန့်ပြီးနောက် ထွက်ပေါ်လာသော ဗုံသံသည် ကျယ်လောင်သော ထိုအသံကြားမှာ နစ်မြုပ်သွားပြီး မည်သူကမှ အဲဒါကို သတိမထားမိလိုက်ပေ။
ဆူဇီမိုက မလှမ်းမကမ်းမှာ ရှိသော ကြွယ်ဝူယင်းကို ကြည့်ကာ စိတ်ထဲကနေ ညည်းတွားလိုက်၏။
မည်သို့ပင်ဆိုစေ တဒင်္ဂအခိုက်အတန့်သည် ဆည်းဆာဗုံသံနှင့် ပြီးပြည့်စုံစွာ မပေါင်းစည်းနိုင်သေးဘဲ ကြွယ်ဝူယင်းကဲ့သို့ ပကတိအင်မော်တယ်ပညာရှင်တစ်ဦးကို မခြိမ်းခြောက်နိုင်ပေ။
ရွှစ်….
ထိုစဉ်မှာပင် ကြွယ်ဝူယင်း၏ ဦးခေါင်းပေါ်ရှိ ဝါးခမောက်က အပိုင်းပိုင်းပေါက်ကွဲထွက်သွား၏။
စောစောက ပျံသန်းသွားသော ရွှေမြားသည် သိပ်သည်းပြင်းထန်သော အင်အားနှင့်အတူ ဝါးခမောက်၏ ထောင့်စွန်းကိုသာ ဆုတ်ဖြဲသွားခဲ့၏။
ကြွယ်ဝူယင်းသည် အေးစက်စက်အကြည့်နှင့်အတူ နှုတ်ဆိတ်နေ၏။ သူ၏ မျက်နှာပေါ်ရှိ အနက်ရောင်ပိတ်စက သူ၏ တစ်မူထူးခြားသော အမူအရာနှင့် အနည်းငယ်နွမ်းနယ်နေသော မျက်နှာကို ဖုံးအုပ်ပေးထား၏။
သူက လျင်မြန်စွာ တုံ့ပြန်ပြီး သူ၏ သိုလှောင်အိတ်ထဲကနေ အသစ်စက်စက် ဝါးခမောက်တစ်လုံးကို ထုတ်ယူကာ နောက်တစ်ဖန်ဆောင်းလိုက်လေသည်။
“ဟမ်”
တိုတောင်းသော ထိုဖြစ်စဉ်အတွင်း ဆူဇီမိုက ထူးခြားမှုတစ်စုံတစ်ရာကို သတိထားမိလိုက်၏။
သူသည် ကြွယ်ဝူယင်း၏ နားထင်စပ်ပေါ်မှာ အဖြူရောင်စာသားတစ်ချို့ကို တွေ့မြင်ခဲ့ရ၏။
တဒင်္ဂအခိုက်အတန့်က ကြွယ်ဝူယင်းကို မသတ်ဖြတ်နိုင်ခဲ့သော်လည်း အဲဒါက သက်ရောက်မှုရှိခဲ့ဆဲ ဖြစ်လေသည်။