← Chapters

ကတိတစ်ခု

Vol. 165 Ch. 2472

ကတိတစ်ခု

Vol. 165 Ch. 2472

ရထားလုံးအတွင်းမှာ။

ပကတိအင်မော်တယ်ညသင်္ချိုင်းသည် ညောင်စောင်းပေါ်မှာ လှဲလျောင်းနေ၏။ သူ၏ မျက်နှာက ဖြူဆုတ်နေပြီး သူ၏ မျက်လုံးများကို မှိတ်ထား၏။ ခပ်ဖျော့ဖျော့အနက်ရောင်ချီတစ်ခုက သူ၏ နှာရောင်မှာ ရစ်သိုင်းနေပြီး သူက အသက်ငွေ့ငွေ့သာရှုတော့၏။

“စီနီယာ”

ဆူဇီမိုက အော်ခေါ်လိုက်၏။

ပကတိအင်မော်တယ်ညသင်္ချိုင်းထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။

ဆူဇီမိုက အသောကသစ်သီးတစ်လုံးကို ထုတ်ယူပြီး ၎င်း၏ အရေခွံကို ထိုးခွဲလိုက်၏။ သူက သစ်သီးရည်ကို ညှစ်ထုတ်ပြီး ပကတိအင်မော်တယ်ညသင်္ချိုင်းကို ဖြည်းဖြည်းချင်းတိုက်ကျွေးလိုက်၏။

အသောကသစ်သီးသည် အမြုတေစိတ်ဝိညာဥ်ဒဏ်ရာများကို ကုသပေးနိုင်သော်လည်း အဲဒါသည် ပကတိအင်မော်တယ်ညသင်္ချိုင်းကို ကယ်တင်ပေးနိုင်မည် မဟုတ်ပေ။

ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ဘဝသက်တမ်းက ကုန်ဆုံးသွားပြီဖြစ်ပြီး အသောကသစ်သီးက အဲဒါကို ဆွဲဆန့်မပေးနိုင်ပေ။

လူတစ်ယောက်၏ ဘဝသက်တမ်းကုန်ဆုံးသွားသည်နှင့် ဧကရာဇ်တစ်ပါးလို ပညာရှင်တစ်ဦးပင် သေခြင်းတရားနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သမိုင်းတစ်​လျှောက်မှာ နှစ်ပေါင်းများစွာအသက်ရှည်စွာ ရှင်သန်နေထိုင်ခဲ့သောလူများ ရှိခဲ့ဖူးလေသည်။ သို့သော်လည်း ထာဝရရှင်သန်နိုင်သောမည်သူ့ကိုမှ သူတို့မကြားဖူးပေ။

အသောကသစ်သီးမှာပါဝင်သော စွမ်းအားကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ ခဏနေပြီးနောက် ပကတိအင်မော်တယ်ညသင်္ချိုင်းသည် မှုန်ရီနေသောမျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ပြီး နိုးထလာခဲ့၏။

“မင်းကိုး”

ပကတိအင်မော်တယ်ညသင်္ချိုင်းက သူ့ဘေးမှာရှိသောဆူဇီမိုကို တွေ့​သောအခါ သူ၏ နှုတ်ခမ်းက အနည်းငယ်တုန်ယင်သွားပြီး သူက တီးတိုးရေရွတ်ပြောဆိုလိုက်၏။

“စီနီယာ... ကြည့်ပါဦး”

ပကတိအင်မော်တယ်ညသင်္ချိုင်းက အသိစိတ်တချို့ပြန်လည်ရရှိလာသည်ကို ဆူဇီမိုတွေ့မြင်သောအခါ သူက သူ၏ သိုလှောင်အိတ်ထဲကနေ မင်းသားယွမ်ကျော၏ ဦးခေါင်းကို ထုတ်ယူလိုက်၏။ ဦးခေါင်းပေါ်ရှိ သွေးများက စိုစွတ်နေဆဲဖြစ်သည်။

သေဆုံးသည့်အချိန်မှာပင် မင်းသားယွမ်ကျော၏ မျက်လုံးများက ပြူးကျယ်နေပြီး သူ၏ မျက်နှာက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ၏။ သူသည် မသေဆုံးခင် ဘယ်လောက်တောင် ကြောက်ရွံ့ထိတ်လန့်ခဲ့သလဲနှင့် သူက မကျေမချမ်းမှု ဘယ်လောက်များများကို တွေ့ကြုံခဲ့ရသလဲ မသိရပေ။

“ခင်ဗျားကို ဒုက္ခပေးခဲ့တဲ့ယွမ်ကျောကို ကျုပ်သတ်ခဲ့ပြီးပြီ”

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

ဖုန့်ကျစ်ရီ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲလက်သွားပြီးနောက် ပျောက်ကွယ်သွား၏။

သူမကလည်း ရင်တစ်ချက်ထိတ်သွား၏။

မင်းသားယွမ်ကျော... ။

သူမနှလုံးသားအနက်ပိုင်းထဲမှာ ဤလူသည် သူမ သတ်ရမည့်လူစာရင်းများထဲမှ ထိပ်ဆုံးတွင်ရှိလေသည်။ တကယ်ဆို ဘုရင်ကျင်းနှင့် ဘုရင်ကျင်း၏ အမွေဆက်ခံသူအထက်မှာပင် သူက ရှိလေသည်။

မင်းသားယွမ်ကျော၏ အသည်းအသန်လက်စားချေမှုကြောင့်မဟုတ်လျှင် အကြွင်းကျန်ညသည် ဤမျှအထိ သေကြေပျက်စီးထိခိုက်မှုနှင့်ကြုံတွေ့ရပြီး လုံးလုံးလျားလျားဖျက်ဆီးခံခဲ့ရလိမ့်မည် မဟုတ်ပေ။

ပကတိအင်မော်တယ်ညသင်္ချိုင်းသည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းမရှိဘဲ သူ၏ ဘဝသက်တမ်းက စောလျင်စွာ ကုန်ဆုံးခဲ့ရလိမ့်မည် မဟုတ်ပေ။

ဖုန့်ကျစ်ရီသည် အဲဒါကို ထုတ်ဖော်မပြောဆိုသော်လည်း သူမသည် အဆက်မပြတ် ကျင့်ကြံဖို့ သူမ၏ နှလုံးသားထဲမှာ ကျိန်ဆိုထားခဲ့၏။

သူမသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်၍ ပကတိအင်မော်တယ်တစ်ဦးဖြစ်လာပြီးနောက် သူမသည် အခွင့်အလမ်းတစ်ခုကိုရှာဖွေကာ မဟာကျင်းအင်မော်တယ်နိုင်ငံသို့ သွားရောက်ပြီး မင်းသားယွမ်ကျောကို လုပ်ကြံသတ်ဖြတ်မည်ဖြစ်၏။

သို့သော်လည်း မင်းသားယွမ်ကျောကို ဆူဇီမီုက သတ်ဖြတ်ပစ်လိုက်မည်ဟု သူမက ထင်မှတ်မထားပေ။

“ရှင်... ဘယ်လိုလုပ်ပြီး...”

ဖုန့်ကျစ်ရီက အဲဒါကို မယုံကြည်နိုင်သေးပေ။

ဆူဇီမိုက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။

သူက မင်းသားယွမ်ကျောကို ဘယ်လိုသတ်နိုင်ခဲ့တာလဲ။

မင်းသားယွမ်ကျောက မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပိုင်နက်နယ်မြေထဲကနေ ထွက်ခွာပြီး ဆူဇီမိုနှင့် ပက်ပင်းတိုးခဲ့တာလား။

“ယွမ်ကျောက သေပြီပဲ”

ပကတိအင်မော်တယ်ညသင်္ချိုင်း၏ မျက်လုံးက ဝင်းလက်သွား၏။

အစက မျှော်လင့်ချက်ကုန်ဆုံးနေသော သူ၏ စိတ်ဝိညာဥ်က ရုတ်တရက် စိတ်အားမာန်တက်ကြွလာပြီး သူက ခွန်အားတချို့ကို ရရှိလာသည့်ပုံပင်။ သူက သူ့ကိုယ်သူဖေးမပြီး ကုတင်ပေါ်ရှိခေါင်းအုံးကို မှီလိုက်၏။

ဆူဇီမိုက သူ၏ သိုလှောင်အိတ်ထဲကနေ ကောင်းကင်အာဏာပါးကွက်သားအစောင့်တပ်သား နှစ်ရာကျော်၏ တံဆိပ်ပြားများကို ထုတ်ယူပြီး ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ရှေ့မှာ သွန်ချလိုက်၏။

ဆူဇီမိုက ပြောလိုက်လေသည်။

“စီနီယာ ပကတိမိုးကြိုးမြို့တော်က အာဏာပါးကွက်သားနှစ်ရာကျော်ကိုလည်း ကျုပ် သတ်ခဲ့ပြီးပြီ”

“ဟားဟား”

ပကတိအင်မော်တယ်ညသင်္ချိုင်းက ရယ်မောလိုက်၏။

“ကောင်းတယ်ကွာ... အဲဒီမဟာကျင်းခွေးတွေက ဘာပဲပြောပြော ငါ့အရင်သေသွားရတာပဲ... ငါက သေပျော်ပါပြီ”

ယွင်ကျူးက သူမမျက်လုံးထဲရှိ ထူးဆန်းသောအကြည့်တစ်ခုနှင့်အတူ မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

အစကတော့ ဆူဇီမိုသည် ပကတိမိုးကြိုးမြို့တော်သို့ စိမ့်ဝင်ထိုးဖောက်ပြီး မင်းသားယွမ်ကျောကို တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟုသာ သူမကတွေးထင်ခဲ့၏။

သို့သော်လည်း ကြည့်ရသည်မှာ ပကတိမိုးကြိုးမြို့တော်မှ တိုက်ပွဲက အတော်လေးကြီးမားစွာ ဂယက်ရိုက်ခဲ့သည့်ပုံပင်။

အဲဒါကို ပြောပြီးနောက် ပကတိအင်မော်တယ်ညသင်္ချိုင်းက သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို အသုံးပြုပြီးသွားပုံရ၏။

“ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ ငါ့မျိုးဆက်က လူတွေထဲမှာ ရှင်သန်နေသေးတဲ့သူ တချို့တလေပဲရှိတော့တယ်”

ပကတိအင်မော်တယ်ညသင်္ချိုင်းသည် အဝေးတစ်နေရာကို ငေးကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

“ငါက... ညီကိုဖုန့်နဲ့ ညီကိုလင်းတို့ကို အဖော်မပြုပေးနိုင်တော့တာ နှမြောစရာပဲ”

ပကတိအင်မော်တယ်ညသင်္ချိုင်း၏ မျက်လုံးများက နေဝင်ချိန် ဆည်းဆာရောင်ခြည်လို တောက်ပလာခဲ့၏။

ငေးငိုင်စွာဖြင့် သူသည် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် နေရာတိုင်းမှာ စစ်ပွဲမီးတောက်များပေါ်ထွက်ခဲ့သည့် ရှေးဟောင်းခေတ်ကို ပြန်လည်ရောက်ရှိသွားသည့်အလားပင်။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းများကို နောက်တစ်ဖန်ပြန်လည်တွေ့မြင်လိုက်ရ၏။ အဲဒီမှာ ဆေဘာဧကရာဇ်၊ ဓားဧကရာဇ်နှင့် ဗုဒ္ဓဧကရာဇ်တို့ရှိနေ၏။ လူတိုင်းက မလှမ်းမကမ်းမှာ မတ်တတ်ရပ်ပြီး ဝိုင်ခွက်များနှင့် သူ့ကိုနှုတ်​ဆက်နေ၏။

“ညီကိုတို့... ဒီကိုငါရောက်လာပြီလေ”

ပကတိအင်မော်တယ်ညသင်္ချိုင်းက သူ့မျက်နှာပေါ်ရှိ စိတ်သက်သာရာရနေသော အပြုံးနှင့်အတူ တီးတိုးရေရွတ်ပြီး ကွယ်လွန်သွားလေသည်။

ဆူဇီမို၏ မျက်လုံးက မှေးမှိန်သွား၏။

“ဆရာ...”

ဖုန့်ကျစ်ရီ၏ နှုတ်ခမ်းက တုန်ခါသွားပြီး သူမက အော်ခေါ်လိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤအဖိုးအိုသည် သူ၏ မျက်လုံးများကို ထာဝရမှိတ်သွားပြီး ဘယ်တော့မှ ပြန်ထူးတော့မည်မဟုတ်ပေ။

“ဆရာ..”

ဖုန့်ကျစ်ရီ၏ မျက်လုံးက နီရဲလာပြီး သူမမှာ ဝမ်းနည်းပူဆွေးသော အမူအရာတစ်ခုရှိလာခဲ့၏။ သူမက ပကတိအင်မော်တယ်ညသင်္ချိုင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး အော်ခေါ်ကာ သူမ၏ မျက်နှာပေါ်မှာ မျက်ရည်များက စီးကျလာ၏။

စိတ်ခံစားချက်များကို ထုတ်ဖော်ပြသလေ့မရှိသော ဤအမျိုးသမီးသည် ဤအခိုက်အတန့်မှာ သူမ၏ နှလုံးသားအနက်ပိုင်းထဲမှ နာကျင်မှုကို ဆက်လက်၍ ဖိနှိမ်မထားနိုင်တော့ပေ။

ယွင်ကျူးက ညင်သာစွာသက်ပြင်းချပြီး အဲဒါကို ဆက်လက်၍ မကြည့်ရက်တော့ဘဲ တစ်ဘက်သို့ မျက်နှာလွှဲသွား၏။

ဆူဇီမိုက နှုတ်ဆိတ်၍ သူမကို နှစ်သိမ့်ဖို့ ရှေ့သို့တိုးသွားခြင်း မရှိပေ။

ဤနှစ်များအားလုံးမှာ ဖုန့်ကျစ်ရီသည် မည်သည့်အရာနှင့် ကြုံတွေ့ရသည်ဖြစ်စေ သူမသည် အဲဒါကို တစ်ယောက်တည်း ပခုံးထမ်းထားရပြီး သူမ၏ စိတ်ခံစားချက်များအားလုံးကို ထုတ်ဖော်ခြင်းမရှိဘဲ သူမ၏ ရင်ထဲမှာ ဖိနှိမ်ထားခဲ့ရ၏။

ယခု ဖုန့်ကျစ်ရီက သူမ၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်၍ အော်ငိုနေ၏။ သူမအတွက် ဤကဲ့သို့သော အခိုက်အတန့်မျိုး ရှိသင့်လေသည်။

ဆူဇီမိုနှင့် ယွင်ကျူးက ဘေးကနေ တိတ်တဆိတ်ဖြင့်သာ မတ်တတ်ရပ် စောင့်ကြည့်နေ၏။

အတန်ကြာပြီးနောက် ငိုသံက တဖြည်းဖြည်းရပ်တန့်သွား၏။

ဖုန့်ကျစ်ရီက မတ်တတ်ထရပ်လာပြီး သူမ၏ မျက်နှာက နောက်တစ်ဖန်အေးစက်သွား၏။ သို့သော်လည်း သူမသည် တစ်နည်းတစ်ဖုံ ပြောင်းလဲသွားပုံရလေသည်။

“ရှင်တို့နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်”

ဖုန့်ကျစ်ရီက ဆူဇီမိုနှင့် ယွင်ကျူးကို လေးနက်စွာဦးညွှတ်လိုက်သည်။

ဆူဇီမိုက ပြောလိုက်၏။

“သွားကြတာပေါ့... အင်မော်တယ်မိစ္ဆာအသူတရာချောက်နက်ဆီ ငါနင့်ကို လိုက်ပို့ပေးမယ်”

ဖုန့်ကျစ်ရီက ခေါင်းညိတ်ပြလိုက်၏။

ယွင်ကျူးက ရထားလုံးကို ထိန်းချုပ်ပြီး မြောက်အရပ်သို့ ဦးတည်လိုက်၏။

သိပ်မကြာခင် သူတို့၏ ရှေ့တည့်တည့်မှာ နက်မှောင်နေသော ဧရာမချောက်နက်တစ်ခုပေါ်ထွက်လာ၏။ အဲဒါသည် ကောင်းကင်ဘုံကမ္ဘာကို နှစ်ပိုင်းထိုးခွဲထားသည့်အလား မြေပြင်က ဆုတ်ဖြဲခံထားရ၏။

ချောက်နက်ထဲမှာ မြူခိုးများက ဖြာထွက်နေ၏။

အင်မော်တယ်မိစ္ဆာအသူတရာချောက်နက်ကို ဖြတ်ကျော်ပြီးလျှင် သူတို့သည် မိစ္ဆာမဟာနယ်မြေသို့ ရောက်ရှိသွားပေလိမ့်မည်။

“ရှင်တို့နှစ်ယောက်... ကျေးဇူးပြုပြီး ဒီနေရာမှာပဲ နေခဲ့ကြပါ”

ဖုန့်ကျစ်ရီက ညင်သာစွာခေါင်းညိတ်ပြပြီး ပကတိအင်မော်တယ်ညသင်္ချိုင်း၏ အလောင်းကို သယ်ဆောင်ကာ မိစ္ဆာမဟာနယ်မြေရှိရာဘက်သို့ ဦးတည်ပြီး သိပ်မကြာခင် မြူခိုးကြား တိုးဝင်ပျောက်ကွယ်သွား၏။

ဆူဇီမိုက အင်မော်တယ်မိစ္ဆာအသူတရာချောက်နက်အစပ်မှာ အတန်ကြာအောင်မတ်တတ်ရပ်ပြီးနောက် ပြန်လှည့်လာခဲ့လေသည်။

ယွင်ကျုးက ပြောလိုက်၏။

“ကြည့်ရတာ နင်က ပကတိမိုးကြိုးမြို့တော်မှာ ကောင်းကောင်းမွှေနှောက်ခဲ့တဲ့ပုံပဲ”

“အင်း”

ဆူဇီမိုက တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိပေ။ ထို့နောက် သူက ယွင်ကျူးကိုကြည့်ကာ ပြောလိုက်၏။

“ဖုန့်ကျစ်ရီကို အချိန်မီကယ်တင်နိုင်ခဲ့တာနဲ့ ကျုပ်ဒီနေရာကို အချိန်မီပြန််ရောက်လာနိုင်ခဲ့တဲ့အတွက် ခင်ဗျားကိုကျေးဇူးတင်ပါတယ်”

“နင်က ငါ့ကိုဘယ်လိုကျေးဇူးတင်နေတာလဲ”

ယွင်ကျူးက ပြုံး၍မေးလိုက်၏။

ဆူဇီမိုက မှင်တက်သွားလေသည်။

ယွင်ကျူးက ကျီစယ်လိုက်၏။

“ဘာလဲ... ငါက နင့်ကိုဒီလောက်အများကြီးကူညီပေးခဲ့တယ်... အဲဒါ နင့်ဆီကနေဒီလိုမျိုး ကျေးဇူးတင်စကားတစ်ခွန်းကို ရရှိဖို့အတွက်ပဲလား”

“အမ်..”

ဆူဇီမိုက ခါးသက်စွာရယ်မော၍ ခဏကြာသည်အထိ ထုံထိုင်းနေ၏။

ယွင်ကျူးသည် မဟာနတ်မိမယ်လေးပါးထဲမှာတစ်ပါးဖြစ်၏။ သူမသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးလည်းဖြစ်ပြီး သူမမှာ ကျင့်ကြံရေးအရင်းအမြစ်များနှင့် အမျိုးမျိုးသော သဘာဝရတနာများက ပြတ်လပ်မနေပေ။

ခဏကြာအောင် ဆူဇီမိုသည် ယွင်ကျူးကို ဘာနှင့်ကျေးဇူးတင်ရမလဲ စဥ်းစားမရပေ။

ယွင်ကျူးက ရယ်မောပြောဆိုလိုက်၏။

“ဒီလိုလုပ်လေ... ငါ့ကို ကတိတစ်ခုပေး”

“အဲဒါဘာကတိလဲ”

ဆူဇီမိုကမေးလိုက်၏။

ယွင်ကျူးက သူမ၏ မျက်လုံးကို ပုတ်ခတ်ပြီး သူမ၏ လှပသောမျက်လုံးများထဲတွင် ဉာဏ်နီဉာဏ်နက်များသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

“ငါအဲဒါကို အခုချိန်ထိတော့မစဥ်းစားရသေးဘူး... ငါအဲဒါကို စဥ်းစားပြီးရင် နင့်ကိုပြောမယ်လေ... နင်အရင်ဆုံး ကတိခံပေးထားခဲ့ရမယ်”

“အမ်.. ကောင်းပါပြီ”

သူတို့နှစ်ယောက်က ရထားလုံးထဲသို့ ပြန်လည်ရောက်ရှိလာပြီး သွမ့်ယွမ်မြို့​သို့ ဦးတည်လိုက်ကြ၏။

လမ်းတစ်လျှောက်မှာ ဆူဇီမိုသည် အလေးအနက်စဥ်းစားတွေးတောနေပုံရပြီး စိတ်အာရုံပျံ့လွင့်နေ၏။

“နင်ဘာတွေစဥ်းစားနေတာလဲ”

ယွင်ကျူးက မေးလိုက်၏။

ဆူဇီမို၏ စိတ်က မင်းသားယွမ်ကျောလက်ခံရရှိခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောစာအပေါ် ရောက်ရှိနေဆဲဖြစ်သည်။

ယွင်ကျူးသည် အလွန်တရာထက်မြက်ပြီး ကောင်းကင်ဘုံကမ္ဘာအပေါ် သူ့ထက် များစွာပိုမို နားလည်သဘောပေါက်ကြောင်း သူက သိရှိလေသည်။ သူမသည် သဲလွန်စတစ်ခုနှစ်ခုကို ရှာဖွေပေးနိုင်ကောင်းပေးနိုင်ပေလိမ့်မည်။

ထိုကြောင့် သူက အရင်တုန်းက သူကြုံတွေ့ခဲ့ရသည့်အရာရာတိုင်းကို အတိုချုံးပြန်ပြောပြလိုက်၏။

All Chapters