မဟာလောကသုံးထောင်မှ ကစဉ့်ကလျား
Vol. 165 Ch. 2473
“နင့်ရဲ့ခြေရာကိုကောက်နိုင်ပြီး နင်ရုပ်ဖျက်ထားတာတောင် နင့်ရဲ့ရုပ်ရည်သွင်ပြင်ကို မှတ်မိနိုင်တဲ့သူက ကောင်းကင်ဘုံကမ္ဘာမှာ သေချာပေါက် တစ်ယောက်မကရှိတယ်”
ယွင်ကျူးက လေးနက်စွာပြောလိုက်၏။
“ဒါပေမဲ့... အဲလိုနည်းလမ်းတွေကို ပိုင်ဆိုင်ထားနိုင်တဲ့ဘယ်သူမဆို အနိမ့်ဆုံး အင်မော်တယ်ဘုရင်အဆင့်မှာရှိတဲ့ ပညာရှင်တစ်ဦးပဲ... အဲဒီအချိန်တုန်းက နင်က ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပဲ... အင်မော်တယ်ဘုရင်တစ်ပါးက နင့်ကိုဘာလို့ပစ်မှတ်ထားရမှာလဲ”
ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအကြောင်း ယွင်ကျူးကို ပြောမပြနိုင်ပေ။ အဲဒါက သူ၏ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်ပြီး သူ့အတွက် ကပ်ဘေးတစ်ခုကို ယူဆောင်ပေးလာနိုင်၏။ သူက လူတိုင်းထံ အဲဒါကို ပြောမပြနိုင်ပေ။
ဆူဇီမိုက နှုတ်ဆိတ်နေသည်ကို ယွင်ကျူးတွေ့မြင်သောအခါ သူမက ပြုံး၍ဟာသနှောကာ ပြောလိုက်၏။
“ငါသိရသလောက်ဆိုရင် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အဲလိုမျိုးဆရာကြီးတစ်ပါး တကယ်ပဲရှိတယ်... သူကတက္ကသိုလ်ရဲ့ဂိုဏ်းချုပ်ပဲ... ဒါပေမဲ့ သူက အဲဒါကိုလုပ်ဖို့ ဘာအကြောင်းအရင်းမှမရှိဘူး”
“နောက်ပြီး အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲတုန်းက ငါကလည်း ရှိနေခဲ့တာပဲ... ဖြစ်စဥ်တစ်လျှောက်လုံးကို ကြိုတင်ခန့်မှန်းလို့ မရခဲ့ဘူး အလှည့်အပြောင်းတွေအများကြီး ပေါ်ထွက်လာခဲ့တယ်”
“နောက်ဆုံးမှာ ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်က နင့်ကိုကာကွယ်ပေးပြီး မင်းသားယွမ်ကျောက လက်ဗလာနဲ့ပြန်သွားခဲ့ရတယ်”
“အင်း...”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ သူဝင်ပါခဲ့စဥ်က သူ၏ မူလရည်ရွယ်ချက်သည် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းကို ဝင်ရောက်ဖို့ဖြစ်၏။
ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတချို့ကြောင့်သာ သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ခဲ့ရ၏။
“နင်ပိုင်ဆိုင်ထားတဲ့ ငရဲဖိနှိမ်မီးဖိုက အင်မော်တယ်ဘုရင်ပညာရှင်တွေကို တကယ်ပဲဆွဲဆောင်နိုင်တယ်... တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့အစွမ်းအစအရဆို သူ့အနေနဲ့ နင်က ငရဲဖိနှိမ်မီးဖိုကို ပိုင်ဆိုင်ထားတယ်ဆိုတာ ဗေဒင်တွက်ချက်ကြည့်ဖို့ ခက်ခဲမှာမဟုတ်ဘူး”
ယွင်ကျူးက ပြောလိုက်၏။
“ဒါပေမဲ့... သူက နင့်ရဲ့ငရဲဖိနှိမ်မီးဖိုနောက်ကို လိုက်နေတာဆိုရင် သူက အဲဒါကို အချိန်မရွေးတိုက်ခိုက်ယူနိုင်ခဲ့တာပဲ... သူ့မှာ အခွင့်အလမ်းတွေအများကြီးရှိတယ်... သူက အခုချိန်ထိစောင့်ဆိုင်းနေစရာ မလိုဘူး”
“ငါ့ရဲ့ကြိုတင်ခန့်မှန်းချက်ကတော့ နင်နဲ့ယွမ်ကျောအကြားက ရန်ငြိုးရန်စကို သိရှိထားတဲ့ အင်မော်တယ်ဘုရင်တစ်ပါးပဲ... အင်မော်တယ်ဘုရင်တစ်ပါးဆိုတဲ့ သူ့ရဲ့အဆင့်အတန်းကြောင့် သူ့အနေနဲ့ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်တဲ့ နင့်ကို တိုက်ခိုက်ဖို့က မသင့်လျော်ခဲ့ဘူး... အဲဒါကြောင့် သူက မင်းသားယွမ်ကျောဆီ စာတစ်စောင်ပို့ပြီး နင့်ကိုကိုင်တွယ်ခိုင်းခဲ့တာပဲ”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
ယွင်ကျူးပြောသည့်အတိုင်းသာဖြစ်မည်ဆိုလျှင် ကိစ္စများက ရိုးရှင်းလေသည်။
သူသည် ယခင်က အတွေးလွန်နေခဲ့ခြင်းသာဖြစ်ရပေမည်။
သူက တက္ကသိုလ်၏ ဂိုဏ်းချုပ်ကို သံသယဝင်ခဲ့သည့် အခိုက်အတန့် တကယ်ပင် ရှိခဲ့ဖူးလေသည်။
သို့သော်လည်း စေ့စေ့စပ်စပ်တွေးကြည့်လျှင် ကိစ္စများစွာက အကျိုးအကြောင်းဆီလျော်မှု မရှိတော့ပေ။
ပထမတစ်ချက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ မရမကကာကွယ်ပေးမှုကြောင့် သူသည် မင်းသားယွမ်ကျော၏ လိုက်လံဖမ်းဆီးမှုကနေ ရှောင်လွှဲပြီး ရှင်သန်နိုင်ခဲ့ခြင်းဖြစ်၏။
မဟုတ်ပါက သူသည် ထိုအချိန်ကတည်းက သေခဲ့ရပေလိမ့်မည်။
ဒုတိယအချက်...ယွင်ကျုးပြောသလိုပင် ထိုသူက တက္ကသိုလ်၏ ဂိုဏ်းချုပ်ဖြစ်သည်ဆိုပါက သူကဘာလုပ်ဖို့ကြိုးစားနေတာလဲ။
ငရဲဖိနှိမ်မီးဖိုဖြစ်စေ၊ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုဖြစ်စေ တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် အဲဒါကို အချိန်အတော်ကြာကတည်းက တိုက်ခိုက်ယူနိုင်ခဲ့၏။ သူက ယခုအချိန်ထိ ဘယ်လိုလုပ် အသက်ရှင်နေနိုင်ဦးမှာလဲ။
တတိယအချက်...တက္ကသိုလ်၏ ဂိုဏ်းချုပ်က သူ့ကို အမည်ခံတပည့်အဖြစ်လက်ခံခဲ့ရုံသာမက သူ့အသက်ကိုပင် ကယ်တင်ခဲ့ဖူး၏။
အရင်တုန်းက သူတို့အုပ်စုသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲမှာ ဝင်ပါပြီးနောက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ပြန်လာရာလမ်းမှာ အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦး၏ အမဲလိုက်ခြင်းခံခဲ့ရ၏။
တက္ကသိုလ်၏ ဂိုဏ်းချုပ်က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်သာ သူတို့က အသက်ချမ်းသာရာရခဲ့လေသည်။
ထိုအင်မော်တယ်ဘုရင်၏ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုသည် သူ့ကိုပစ်မှတ်ထားခြင်းဖြစ်ဖို့များသည်ဟု ဆူဇီမိုက တစ်ချိန်လုံးခံစားနေခဲ့ရ၏။
ဒါ့အပြင် တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် သူ့အား ပို့ဆောင်ရေးကျောက်စိမ်းအဆောင်တစ်ခုကိုပင် ပေးခဲ့လေသည်။
ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ထိုပို့ဆောင်ရေးကျောက်စိမ်းတံဆိပ်ပြားကြောင့် သူသည် ထောင်ယောင်ကို အန္တရာယ်ကနေ ခေါ်ထုတ်ပြီး တက္ကသိုလ်သို့ ပြန်လာနိုင်ခဲ့ခြင်းဖြစ်၏။
စတုတ္ထအချက် ထိုသူက တက္ကသိုလ်၏ ဂိုဏ်းချုပ်ဖြစ်မည်ဆိုလျှင် ထိုစာပေါ်ထွက်လာချိန်မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ဆူဇီမိုဝင်ရောက်သည့်အချိန်ထိ အရာရာတိုင်းသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ ထိန်းချုပ်မှုအောက်မှာ ရှိနေခဲ့ပေလိမ့်မည်။
သို့သော်လည်း အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ။
အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲ၌ အလှည့်အပြောင်းများစွာက ပေါ်ထွက်ခဲ့၏။
တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ တွက်ချက်မှုများမှာ ဘယ်လောက်ပင်တိကျသည်ဖြစ်စေ သူသည် ထိုအလှည့်အပြောင်းများအားလုံးကို ဘယ်လိုလုပ်ကြိုတင်သိရှိနိုင်ပါ့မလဲ။
ဒါ့အပြင် ဆူဇီမိုသည် အရင်ကတက္ကသိုလ်၏ ဂိုဏ်းချုပ်နှင့် ထိတွေ့ဆက်ဆံပြောဆိုခဲ့ဖူး၏။ သူသည် ဂိုဏ်းချုပ်ထံမှ မည်သည့်ရန်လိုမှုကိုမှ မခံစားရပေ။
သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ဝင်ရောက်ခဲ့ပြီးကတည်းက တက္ကသိုလ်က ဖြစ်စေ ဂိုဏ်းချုပ်ကဖြစ်စေ သူတို့သည် သူ့ကိုစိတ်ပျက်စေမည့် မည်သည့်အရာကိုမှ မပြုလုပ်ခဲ့ကြပေ။
သူ့အနေဖြင့် တက္ကသိုလ်၏ ဂိုဏ်းချုပ်ကို စတင်၍သံသယဝင်နေသည်မှာ အတော်လေးသဘောထားသေးသိမ်ရာကျလေသည်။
အရင်တုန်းက ဘုရင်ယွင်ရိုနှင့်အတူ သူ့ကို အမဲလိုက်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့်လူသည် မင်းသားယွမ်ကျောထံ စာပို့ပေးခဲ့သည့်သူ ဖြစ်ဖို့များသည်ဟု ဆူဇီမိုက ခံစားမိနေ၏။
သူသည် ထိုလူ၏ အသံကို အရင်ကကြားခဲ့ဖူး၏။ အဲဒါသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အသံ သေချာပေါက် မဟုတ်ပေ။
သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် သက်ရှိများအားလုံးကို ဗေဒင်တွက်ချက်နိုင်သည့် အစွမ်းအစကို ပိုင်ဆိုင်ထားလေသည်။ အဲဒါသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ နည်းလမ်းများနှင့် ဆင်တူသော်လည်း သူက အဲဒါကို ကောင်းကောင်းဖုံးကွယ်ထား၏။
အနည်းဆုံးတော့ ယွင်ကျူးသည် ထိုလူကို တစ်ခါမှမကြားဖူးပေ။
ဤလျှို့ဝှက်ဆန်းကြယ်သောလူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲအပြီး၌ လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုနှင့် ပတ်သက်ဆက်နွယ်မှုရှိနေမလား။
“ဂိုဏ်းချုပ်နဲ့ဆင်တူတဲ့နည်းလမ်းတွေနဲ့ အဲဒါကို ကောင်းကောင်းဖုံးကွယ်ထားတာက...”
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ စိတ်ထဲမှာ ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ လျှို့ဝှက်စံအိမ်များကို စောင့်ကြပ်နေသော လူအိုကြီးရွှမ်... ။
တက္ကသိုလ်မှ လူအိုကြီးရွှမ်၏ အဆင့်အတန်းအရ သူသည် လျှို့ဝှက်စံအိမ်များကို စောင့်ကြပ်နေသည့် အဖိုးအိုတစ်ယောက်မျှသာဖြစ်စရာအကြောင်းမရှိပေ။
သူသည် တာအိုနှလုံးသားလှေခါးမှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ခဲ့စဥ်က လူအိုကြီးရွှမ်ကလည်း ထိုနေရာမှာရှိနေခဲ့၏။
တက္ကသိုလ်၏ ဂိုဏ်းချုပ်အပေါ် လူအိုကြီးရွှမ်၏ စိတ်နေသဘောထားက အလွန်တရာအေးဆေးတည်ငြိမ်ပြီး မှင်သေသေဖြင့်ရှိနေ၏။ သူသည် တက္ကသိုလ်၏ ဂိုဏ်းချုပ်အဆင့်အတန်းကို လုံးဝအလေးအနက်ထားခြင်းမရှိသည့်အလားပင်။
တက္ကသိုလ်၏ ဂိုဏ်းချုပ်ကတော့ သူသည် အဲဒါကို တိတ်တဆိတ် သဘောတူလက်ခံထားသည့်အလား ဘာမှ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ လူအိုကြီးရွှမ်၏ အဆင့်အတန်းသည် အလွန်တရာထူးခြားနေ၏။ ဒါ့အပြင် ထိုသူက လေဟာနယ်ကိုဆုတ်ဖြဲ၍ထွက်ခွာသွားသည်ကို ဆူဇီမိုက မြင်တွေ့ခဲ့ရ၏။ သူက အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးဖြစ်သည်မှာ သိသာလေသည်။
“ဒါနဲ့...”
ရုတ်တရက်ယွင်ကျူးက ပြောလိုက်၏။
“ဒီနှစ်တွေထဲမှာ ငါက ရှေးဟောင်းစာအုပ်တချို့ကနေ လေ့လာရှာဖွေပြီး ရှေးဟောင်းအပျက်အစီးနယ်မြေတချို့ဆီကို ငါသွားရောက်လည်ပတ်ခဲ့တယ်... ငါက မဟာဧကရာဇ်အနန္တနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို ရှာတွေ့ခဲ့တယ်”
ယွင်ကျူး၏ စကားလုံးများက ဆူဇီမို၏ အတွေးများကို ဖြတ်တောက်လိုက်၏။
“ဘာသတင်းအချက်အလက်လဲ”
ဆူဇီမိုက အလိုလိုမေးလိုက်၏။
မည်သို့ပင်ဆိုစေ သူသည်လည်းပဲ မဟာဧကရာဇ်အနန္တအကြောင်းကို အလွန်တရာသိချင်လေသည်။
ယွင်ကျူးက ပြောလိုက်၏။
“မဟာဧကရာဇ်အနန္တရဲ့သေဆုံးမှုက မဟာလောကသုံးထောင်ကို တိုက်ခတ်ပြီး သက်ရှိတွေအားလုံးအပေါ်သက်ရောက်စေခဲ့တဲ့ ကစဉ့်ကလျားတစ်ခုနဲ့ ပတ်သက်ဆက်စပ်နေပုံရတယ်”
“ကစဉ့်ကလျားလား”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
ယွင်ကျူး၏ အမူအရာကလည်း စဥ်းစားရခက်နေပုံရ၏။
“ရှေးဟောင်းစာအုပ်တွေက အဲဒီကစဉ့်ကလျားအကြောင်း မရေမရာဖော်ပြထားတယ်... အခုချိန်ထိကို ငါက အဲဒါနဲ့ပတ်သက်ပြီး သေချာမပြောနိုင်ဘူး”
“နောက်ပြီး အဲဒီကစဉ့်ကလျားရဲ့ မူလဇာစ်မြစ်၊ ဖြစ်စဥ်နဲ့ အဆုံးသတ်အကြောင်း ဘာမှတ်တမ်းမှ မရှိဘူး”
“ငါက ရှေးဟောင်းအပျက်အစီးနယ်မြေတချို့မှာ ထူးဆန်း..ကစဉ့်ကလျား... ကောင်းကင်... မြေကြီး... မဟာ.. လောက.. အဲလိုမျိုး အဆက်အစပ်မရှိတဲ့ စကားလုံးတွေနဲ့ မရေမရာမှတ်တမ်းတချို့ကိုပဲ ရှာတွေ့ခဲ့တာ”
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။
“မဟာလောကလား... အဲဒါက မဟာလောကသုံးထောင်ကို ရည်ညွှန်းနေတာလား”
ယွင်ကျူးက ခဏမျှစဥ်းစားတွေးတောပြီး ရုတ်တရက်တည်တံ့စွာပြောလိုက်၏။
“အဲဒီမှာ နောက်ထပ်အချက်တစ်ချက်ရှိတယ်... ငါက လွန်ခဲ့တဲ့ခေတ်ဆယ်ခေတ်က ရှေးဟောင်းစာအုပ်တွေကို လေ့လာဖတ်ရှုခဲ့တယ်... ခေတ်တစ်ခေတ်ချင်းစီရဲ့ ယဥ်ကျေးမှုတွေက မတူကြဘူး... မှတ်တမ်းတင်ထားတဲ့စကားလုံးတွေကတောင်မှ ထူးဆန်းပြီးတော့ အမျိုးမျိုးကွဲပြားနေတယ်”
“ဒါပေမဲ့... အဲဒီမတူညီတဲ့ခေတ်တွေမှာ ဘုံ တူညီတဲ့စာလုံးနှစ်လုံးရှိနေတယ်... အဲဒါက မိစ္ဆာ သခင် ပဲ”
ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွား၏။
ဘာ့ကြောင့်ရယ်မသိ ထိုစကားလုံးနှစ်လုံးမှာ ထူးဆန်းသော ခြိမ်းခြောက်မှုတစ်ခုရှိနေပုံရပြီး သူ့ကိုမအီမသာခံစားရစေကာ သူက အဲဒါနှင့်ပတ်သက်ပြီး ထပ်မံမစဥ်စားချင်တော့ပေ။
“အဲဒီခေတ်တွေနဲ့ယဥ်ကျေးမှုတွေမှာ အဲဒီမိစ္ဆာသခင်နဲ့ပတ်သက်တဲ့ ဘာမှတ်တမ်းတွေရှိလဲ”
ဆူဇီမိုက မေးလိုက်၏။
ယွင်ကျူးက ခေါင်းခါပြလိုက်၏။
“မိစ္ဆာသခင်နဲ့ပတ်သက်ပြီး သိသာရှင်းလင်းတဲ့ ဘာမှတ်တမ်း.. ဘာသတင်းအချက်အလက်မှ မရှိဘူး”
ရုတ်တရက်ဆိုသလို... သူမက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ယွင်ကျူး၏ အမူအရာက ပြောင်းလဲသွား၏။
“ထောင်ယောင်တစ်ခုခုဖြစ်နေပြီ”
ယွင်ကျူးက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ဘာဖြစ်တယ်”
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး ရင်တစ်ချက်ထိတ်သွား၏။
ယွင်ကျူးက ပြောလိုက်လေသည်။
“ထောင်ယောင်ကို ငါတံဆိပ်ပြားတစ်ခုပေးထားတာ နင်မှတ်မိသေးလား... အဲဒီတံဆိပ်ပြားကို ကာကွယ်ရေးစိတ်ဝိညာဥ်ရတနာတစ်ခုလို့ဆိုနိုင်တယ်... အဲဒါက ပကတိအင်မော်တယ်ပညာရှင်တစ်ဦးစီက တိုက်ခိုက်မှုတစ်ရပ်ကို ခုခံပေးနိုင်တယ်”
“အခုပဲ အဲဒီတံဆိပ်ပြားကို စွမ်းအားကြီးမားတဲ့ အင်အားတစ်ခုရိုက်ခတ်သွားတာ ငါအာရုံခံမိလိုက်တယ်”
ဆူဇီမို၏ အမူအရာက တည်တံ့သွား၏။
သူက ရထားလုံးထဲကနေ ချက်ချင်းထွက်ခွာပြီး သွမ့်ယွမ်မြို့တော်ရှိရာသို့ သူ၏ အစွမ်းကုန်ဖြင့် ပြေးထွက်သွား၏။
သူသည် သွမ့်ယွမ်မြို့တော်သို့ ရောက်ရှိသည်နှင့် ပို့ဆောင်ရေးဝင်္ကပါကို အသုံးချကာ ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မြို့တော်သို့ သွားရောက်ပြီး သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာသို့ ချက်ချင်းပြန်သွားနိုင်မည်ဖြစ်၏။
ယွင်ကျုးက ဆူဇီမို၏ နောက်ကျောကို ကြည့်ပြီး သတိပေးလိုက်၏။
“နင်စိတ်ပူမနေပါနဲ့... အဲဒီစွမ်းအားရဲ့ရိုက်ခတ်မှုက ပကတိအင်မော်တယ်တစ်ယောက်ရဲ့အဆင့်ကို မရောက်သေးဘူး... ထောင်ယောင်က လောလောဆယ်မှာ အန္တရာယ်မရှိဘူး”
သူမက ရထားလုံးပေါ်မှာ မတ်တတ်ရပ်၍ ခဏမျှစဥ်းစားတွေးတောပြီးနောက် နောက်ကနေလိုက်ပါသွား၏။