← Chapters

ဘာလို့ ဒုက္ခခံနေမှာလဲ

Vol. 165 Ch. 2475

ဘာလို့ ဒုက္ခခံနေမှာလဲ

Vol. 165 Ch. 2475

“သခင်လေး”

ထောင်ယောင်က ထိုအသံကို ကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။

သူက မျက်ရည်များနှင့်အတူ လှည့်ကြည့်လိုက်လေသည်။

ဆူဇီမိုက ထောင်ယောင်၏ ဦးခေါင်းကို ညင်သာစွာ သပ်ပေးပြီး ပြုံးပြလိုက်၏။ သူက နွေးထွေးသော အမူအရာတစ်ခုနှင့်အတူ ညင်သာစွာ ပြောလိုက်လေသည်။

“အဆင်ပြေပါတယ်… ငါအဲဒါကို ကိုင်တွယ်လိုက်မယ်”

“ကောင်းပါပြီ”

ထောင်ယောင်က အားတက်သရော် ခေါင်းညိတ်ပြလိုက်၏။

ဘာကြောင့်ရယ်မသိ ဆူဇီမိုက သူ့ဘေးမှာ ရောက်ရှိလာသည်နှင့် စောစောက သူ၏ စိုးရိမ်ထိတ်လန့်မှုများက ချက်ချင်းပင် ပျောက်ကွယ်သွားပုံရပြီး သူက စိတ်သက်သာရာရလာခဲ့၏။

“စီနီယာအစ်ကို”

မင်းသမီးသက်တံနီနှင့် လျှိုဖျင်ကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

ဆူဇီမိုက သူတို့နှစ်ယောက်ကို ညင်သာစွာ ခေါင်းညိတ်ပြပြီး စိတ်ချလက်ချနေဖို့ အချက်ပြလိုက်၏။

“အို… အဲဒါက စီနီယာအစ်ကိုဆူမလား”

ဖန့်ချင်းယွင်၏ နောက်ဘက်မှာ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်က ပြုံးစစဖြင့် မေးလိုက်၏။

“စီနီယာအကိုဆူ… ခင်ဗျားက အချိန်မှန်ရောက်လာတာပဲ… ခင်ဗျားရဲ့ အစေခံက တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်ခဲ့တယ်… ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ ခင်ဗျားထင်လဲ”

“ငါတို့က ဘာများလုပ်ရဦးမှာလဲ… စီနီယာအကိုဆူ… ခင်ဗျားက တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ စိန်ခေါ်ဖို့ ရည်ရွယ်မထားဘူးမလား”

နောက်ထပ် တက္ကသိုလ်တပည့်ဂိုဏ်းသားတစ်ယောက်က မေးလိုက်၏။

“ဟဲဟဲ”

ပထမလူက ထူးဆန်းစွာ ရယ်မောလိုက်၏။

“ပြောလို့တော့မရဘူး… စီနီယာအကိုဆူက တာအိုနှလုံးသားလှေကားမှာ နဝမမြောက် ကျောက်လှေကားထစ်အပေါ် တက်လှမ်းပြီး ဒသမမြောက် ကျောက်လှေကားထစ်ကို စုဖွဲ့ခဲ့တဲ့ အနှိုင်းမဲ့ပါရမီရှင်ပဲ… သူက မောက်မာခက်ထန်တတ်တယ်လေ… တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အရေးလုပ်မှာ မဟုတ်ဘူး”

သူတို့နှစ်ယောက်က ထူးဆန်းသောပုံစံဖြင့် အတိုင်အဖောက်ညီစွာ ပြောဆိုလိုက်ကြ၏။

ဖန့်ချင်းယွင်က မှင်သေသေဖြင့် ပြုံးရုံသာပြုံးနေ၏။

ဆူဇီမိုက သူတို့ပြောသည့်အရာကို မကြားရသည့်အလား တစ်ဖက်လူများကို လှည့်ပင်မကြည့်ပေ။ သူက လျှိုဖျင်ကိုသာ ကြည့်ပြီး မေးလိုက်၏။

“လျှိုဖျင် ဘာဖြစ်သွားတာလဲ”

လျှိုဖျင်က အလောတကြီး ပြောပြလိုက်၏။

“ကောင်လေးထောင်နဲ့ ကျုပ်က အမြုတေစိတ်ဝိညာဉ်ဌာနရဲ့ရှေ့မှာ ဒီနှစ်ရဲ့ အမြုတေစိတ်ဝိညာဉ်ကျောက်တုံးတွေကို လာပြီးတော့ ယူတာ… သိပ်မကြာဘူး… စီနီယာအကိုဖန့်ရဲ့ အစေခံဆယ်ယောက်ကျော်က ကျုပ်တို့ကို ပိတ်ဆို့တားဆီးလာခဲ့တယ်”

“ဘာအကြောင်းရင်းမှမရှိဘဲ သူတို့တွေက ကောင်လေးထောင်ကို ကျိန်ဆဲပြီး ညစ်ညမ်းတဲ့စကားတွေနဲ့ အဆက်မပြတ် စော်ကားပြောဆိုခဲ့ကြတယ်”

ထိုနေရာရောက်တွင် လျှိုဖျင်က ထိုညစ်ညမ်းသော စကားများကို ပြန်လည်အမှတ်ရသွားသည်လား ခဏမျှ ရပ်တန့်လိုက်၏။ သူက မချင့်မရဲဖြစ်နေပြီး သူ့ရှေ့မှာရှိသော အစေခံများကို စိုက်ကြည့်နေ၏။

လျှိုဖျင်က ဆက်ပြောလိုက်၏။

“ကောင်လေးထောင်က ဒေါသထွက်လာလို့ သူ့ရှေ့မှာရှိတဲ့လူကို တွန်းဖယ်ပြီးတော့ ထွက်သွားချင်တာ… သူက အဲဒီလူကို လုံးဝထိခိုက်အောင် မလုပ်ခဲ့ဘူး”

“အဲဒီအချိန်မှာ စီနီယာအကိုဖန့်နဲ့ တခြားသူတွေက ရုတ်တရက်ပေါ်ထွက်လာပြီး ကျုပ်တို့ကို ဝိုင်းပတ်ပိတ်ဆို့လိုက်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ… ကောင်လေးထောင်က တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်ပြီး တက္ကသိုလ်မှာ ကိုယ့်သဘောနဲ့ကိုယ် တိုက်ခိုက်ခဲ့တယ်လို့ သူတို့က ပြောတယ်”

“စီနီယာအကိုဖန့်က ကောင်လေးထောင်ကို ရှင်းပြဖို့ အခွင့်အရေးတစ်ခုတောင် မပေးဘဲ သူ့ကို တိုက်ရိုက်တိုက်ခိုက်ခဲ့တယ်… ကံကောင်းလို့ ကောင်လေးထောင်ရဲ့ တံဆိပ်ပြားက အဲဒီတိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးပေးနိုင်ခဲ့တာ… အဲဒါကြောင့် သူက ရှင်သန်နိုင်ခဲ့တာ”

လျှိုဖျင်က ပဋိပက္ခကို အတိုချုံး လျင်မြန်စွာ ရှင်းပြလိုက်၏။

ဆူဇီမိုက ထိုစကားကို ကြားသွားသောအခါ သူက အချက်အလက်တချို့ကို ခန့်မှန်းမိသွားပြီဖြစ်၏။

တစ်ဖက်လူသည် သူ့အတွက် ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်၏။

ဖန့်ချင်းယွင်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဂျူနီယာညီလျှို… မင်းပြောတာကတော့ ရိုးရိုးလေးပဲ… ဒါပေမဲ့ ငါ့ရဲ့အစေခံက ဒဏ်ရာအပြင်းအထန်ရပြီး အခုသေတောင်သေသွားပြီ”

“ဘာဖြစ်တယ်”

လျှိုဖျင်က တုန်လှုပ်သွားပြီးနောက် ပြတ်သားစွာ ပြောလိုက်၏။

“ဘယ်လိုမှ မဖြစ်နိုင်ဘူး”

“သူ့ကို ခေါ်လာခဲ့ကြ”

ဖန့်ချင်းယွင်က သူ၏ လက်ကို ဝေ့ယမ်းပြလိုက်၏။

သူ၏ နောက်ဘက်မှ အစေခံတချို့က အစေခံတစ်ယောက်၏ အလောင်းကို သယ်ဆောင်လာကြ၏။ ဤလူသည် သိပ်မကြာသေးခင်ကမှ သေဆုံးသွားသည့်ပုံပေါ်လေသည်။

“အဲဒါ ကျုပ်မဟုတ်ဘူး… ကျုပ် သူ့ကို မသတ်ခဲ့ဘူး… ကျုပ်က သူ့ကို တွန်းရုံပဲ တွန်းလိုက်တာ”

ထောင်ယောင်က သူ၏ ခေါင်းကို အလောတကြီးခါပြီး ရှင်းပြဖို့ ကြိုးစားနေ၏။

“စီနီယာအကိုဖန့်က ကျစ်စာခဲကို တောင်တစ်လုံးဖြစ်အောင် လုပ်နေတာမဟုတ်ဘူး… တစ်ယောက်ယောက်က တကယ်သေသွားတာပဲ”

“အမှန်ပဲ… လူတစ်ယောက်သေသွားမယ်ဆိုရင် အဲဒါက ကိုယ့်သဘောနဲ့ကိုယ် တိုက်ခိုက်တာလောက် မရိုးရှင်းတော့ဘူး”

တက္ကသိုလ်မှာ အခြားသော တပည့်တစ်ယောက်က နှုတ်ခမ်းကို မဲ့ပြီး ခပ်တိုးတိုးပြောလိုက်၏။

“စီနီယာအကိုဖန့်ရဲ့ အစေခံက အဲဒီကလေး သတ်လို့သေတာလို့ မင်းတို့တွေ တကယ်ပဲ ထင်လို့လား”

“ဟမ်… မင်းစကားက ဘာအဓိပ္ပာယ်လဲ”

သူ့ဘေးမှာရှိသော လူတချို့က အလိုလို မေးလိုက်ကြ၏။

ထိုလူက လှောင်ရယ်ကာ ပြောလိုက်၏။

“စီနီယာအကိုဖန့်နဲ့ တခြားသူတွေက စီနီယာအကိုဆူကို ပြဿနာရှာဖို့ အဲဒီအစေခံကို သတ်လိုက်တယ်ဆိုတာ သိသာနေတာပဲ”

“ဘာပဲပြောပြော အဲဒါက မင်းရဲ့ခန့်မှန်းချက်ပဲလေ ဟုတ်တယ်မလား… မင်းမှာ ဘာသက်သေရှိလို့လဲ”

နောက်ထပ် လူတစ်ယောက်က မေးခွန်းထုတ်လိုက်၏။

ထိုလူက ပခုံးတွန့်ပြလိုက်၏။

“ဒီလိုမျိုးကိစ္စကို လုပ်တဲ့နေရာမှာ ဘယ်သူက သက်သေချန်ခဲ့မှာလဲ”

လျှိုဖျင်က အစေခံ၏ အလောင်းကို လက်ညှိုးထိုးပြီး အော်ပြောလိုက်၏။

“အဲဒီအချိန်တုန်းက ကျုပ်လည်း ရှိနေခဲ့တာပဲ… ကောင်လေးထောင် သူ့ကို တွန်းလိုက်ပြီးတဲ့နောက် သူက ဘာမှဖြစ်မသွားဘူး”

“အဓိပ္ပာယ်မရှိတာ… ညီအစ်ကိုဝမ်က အဲဒီအချိန်တုန်းက ဒဏ်ရာအပြင်းအထန်ရသွားပြီး သိပ်မကြာသေးခင်ကမှ သေသွားတာပဲ”

ဖန့်ချင်းယွင်၏ အစေခံများက ရှေ့သို့ အလောတကြီးထွက်ရပ်ပြီး ငြင်းဆန်ပြောဆိုကာ ရုတ်ရုတ်သဲသဲဖြစ်လာလေသည်။

ဆူဇီမိုက ဖန့်ချင်းယွင်ကို နောက်ဆုံးမှာ လှည့်ကြည့်လိုက်၏။

သူတို့၏ အကြည့်များသည် လေထဲမှာ တွေ့ဆုံသွားပြီး မည်သူကမှ မရှောင်လွှဲကြပေ။ အဲဒါက အလွန်တရာ တင်းမာနေကြ၏။

ဆူဇီမိုက ပြောလိုက်၏။

“ဖန့်ချင်းယွင် ငါ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးတဲ့နောက် မင်းနဲ့ ငါ့ရဲ့ရန်ငြိုးရန်စကို မဖြေရှင်းရသေးဘူး… အခုတော့ မင်းက ငါ့ကို အရင်ထပ်ပြီး ပြဿနာရှာပြန်ပြီပေါ့”

“အသက်တစ်သက်အတွက် အသက်တစ်သက်ပဲ… အဲဒါက ဖြစ်သင့်ဖြစ်ထိုက်တာပဲလေ… ငါဘာမှထပ်ပြောနေစရာ မလိုတော့ဘူး ဟုတ်ပြီလား”

ဖန့်ချင်းယွင်က တည်ငြိမ်သော အမူအရာဖြင့် သူ့၏ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်၏။

“အစေခံတစ်ယောက်ရဲ့ အသက်ဆိုတာလည်း အသက်တစ်သက်ပဲ… မင်းရဲ့အစေခံက တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖျက်ခဲ့တယ်… တခြားသူတစ်ယောက်ကို သတ်ဖြတ်တဲ့အတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

“သူ မသေဘူးဆိုရင် မင်းသေရမယ်”

တကယ်တော့ စီနီယာအစ်ကိုယွဲ့ဟွား၏ လှုံ့ဆော်မှု မရှိလျှင်တောင် ဖန့်ချင်းယွင်သည် ဆူဇီမိုကို ပြဿနာရှာဖို့ ပြင်ထားပြီဖြစ်၏။

အရင်တုန်းက သူသည် ယန်လောရှုနှင့် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် ထောင်ချောက်တစ်ခုကို ခင်းကျင်းခဲ့၏။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ထဲ မည်သူကမှ မသေဆုံးခဲ့ဘဲ ထန်ပန်ကသာ အပြင်ဘက်မှာ သေဆုံးခဲ့ရ၏။

သူထင်တာ မမှားဘူးဆိုလျှင် ထိုကိစ္စ၏ နောက်ကွယ်မှာ ကြိုးကိုင်ခြယ်လှယ်သူက သူဖြစ်သည်ဆိုတာကို ဆူဇီမိုက သိရှိပြီးလောက်ပြီဖြစ်၏။

သူတို့နှစ်ယောက်သည် အနှေးနဲ့အမြန်ဆိုသလို တိုက်ခိုက်ရပေလိမ့်မည်။

ဒါ့အပြင် ဖန့်ချင်းယွင်သည် ဆူဇီမိုထံမှာ ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ကို ခံစားနေရ၏။

ဆူဇီမို၏ ကျင့်ကြံမှုက အရမ်းကို မြန်ဆန်လေသည်။

သူသည် အတွင်းဂိုဏ်းသို့ ဝင်ရောက်လာသည်မှာ သိပ်မကြာသေးသောလည်း သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်သည်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်၏။

သူ့ကို နောက်ထပ်အချိန်ပေး၍ ဆက်လက်ကြီးထွားခွင့်ပေးလိုက်မည်ဆိုလျှင် အတွင်းဂိုဏ်း၏ နံပါတ်-၁ ဟူသော သူ၏ နေရာက အစားထိုးခံရပေတော့မည်။

ဖန့်ချင်းယွင်က ဆက်ပြောလိုက်၏။

“ဆူဇီမို… ငါတို့နှစ်ယောက်က ငါတို့ရဲ့ အစေခံတွေအတွက် ရပ်တည်ပေးလိုတယ်ဆိုမှတော့ ငါ့မှာ အကြံပြုစရာတစ်ခုရှိတယ်… ဓားဆွေးနွေးပြိုင်ပွဲကွင်းကို သွားပြီးတော့ ငါတို့ရဲ့ အငြိုးအတေးတွေကို ဖြေရှင်းကြတာပေါ့”

အဲဒါသည် သူ ကြိုတင်စီစဉ်ထားသည့် အကြံအစည် ဖြစ်လေသည်။ သူသည် ဆူဇီမို၏ ဒေါသကို ဆွပေးပြီး သူ့ကို ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်သို့ ဖိအားပေးခေါ်ယူနိုင်သည်နှင့် သူက ဆူဇီမိုကို မည်သည့်အခွင့်အရေးမှ ဆက်လက်ပေးတော့မည် မဟုတ်ပေ။

“စီနီယာအကိုဆူ… အဲဒါကို လက်မခံလိုက်နဲ့”

မင်းသမီးသက်တံနီနှင့် လျှိုဖျင်က သူ့ကို အလောတကြီး တားဆီးလိုက်ကြ၏။

သူတို့နှစ်ယောက်အတွက်တော့ ဆူဇီမိုသည် မည်သို့ပင်ဆိုစေ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်သာဖြစ်၏။

ဖန့်ချင်းယွင်ကတော့ သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်အထိ ကျင့်ကြံထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ သူသည် အတွင်းဂိုဏ်း၏ နံပါတ်-၁ ဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်စွမ်းအားက အတွင်းဂိုဏ်းမှာ အသန်မာဆုံးဖြစ်၏။ ဒါ့အပြင် သူသည် ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှာ အဆင့်-၁၀ ဝင်လေသည်။

သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းကို ကြီးမားနေ၏။ သူတို့သည် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်သို့ ရောက်ရှိသည်နှင့် ဆူဇီမိုက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

ဖန့်ချင်းယွင်က မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

“ဆူဇီမို မပူပါနဲ့… တက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ခွင့်ပြုမထားဘူး… ငါက အတတ်နိုင်ဆုံး ထိန်ချန်ပေးပြီး မင်းအသက်ကို ချမ်းသာပေးမှာပါ”

ဆူဇီမိုက အေးစက်နေသော အမူအရာတစ်ခုနဲ့အတူ ဖန့်ချင်းယွင်ကို တိတ်တဆိတ်ကြည့်နေ၏။

“စီနီယာအကိုဆူ…. ခင်ဗျား ကြောက်နေတာလား”

ဖန့်ချင်းယွင်၏ နောက်ဘက်မှ တပည့်ဂိုဏ်းသားတစ်ယောက်က တမင်ရည်ရွယ်ချက်ရှိရှိ အော်မေးလိုက်၏။

နောက်ထပ်လူတစ်ယောက်ကလည်း ပြောလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ… သူက တာအိုနှလုံးသားလှေကားမှာ ဒသမမြောက် ကျောက်လှေကားထစ်ကို စုဖွဲ့ခဲ့တဲ့ မကြုံစဖူး ထူးခြားတဲ့ အံ့မခန်းပါရမီရှင်ပဲ… သူက ဘယ်လိုလုပ် ကြောက်တတ်ပါ့မလဲ”

“ဓားဆွေးနွေးပြိုင်ပွဲကွင်း… ဓားဆွေးနွေးပြိုင်ပွဲကွင်း…”

တက္ကသိုလ်မှာ တပည့်တချို့က ထေ့ငေါ့ပြောဆိုလိုက်ကြပြီးနောက် ဘေးပတ်ဝန်းကျင်မှာရှိသော လူအုပ်ကြီးက စတင်၍ အော်ဟစ်အားပေးလာကြ၏။

“ဆူဇီမို လုပ်စမ်းပါ”

ဖန့်ချင်းယွင်၏ မျက်နှာက ပြုံးရွှင်နေ၏။

အရာရာတိုင်းသည် မည်သည့်အမှားအယွင်းမှ မရှိဘဲ သူ၏ အစီအစဉ်အတိုင်း ဖြစ်လာနေ၏။

“ဘာလို့ ဒုက္ခခံနေမှာလဲ”

ရုတ်တရက် ဆူဇီမိုက ပြောလိုက်၏။

သူ့စကား မဆုံးသေးခင်မှာပင် သူက ဖန့်ချင်းယွင်၏ ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိလာပြီး လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များရှေ့မှာပင် တိုက်ခိုက်လိုက်ပြီဖြစ်၏။

ဆူဇီမို၏ လက်ဝါးက ဖန့်ချင်းယွင်၏ ဦးခေါင်းကို ဖိခြေမည့် အပေါ်ကနေ အုပ်မိုးလာသော ဧရာမလက်တစ်ဖက်၏ အသွင် ပြောင်းလဲသွား၏။

ဖန့်ချင်းယွင်၏ သူငယ်အိမ်နှစ်ဖက်က တုန်လှုပ်စွာဖြင့် တင်းကျပ်သွား၏။

သူသည် အရာရာ​တိုင်းနီးပါးကို ကြိုတင်ခန့်မှန်းပြီး အလှည့်အပြောင်းအများစုကို ထည့်တွင်းတွက်ချက်ထားလေသည်။ သို့သော်လည်း ဆူဇီမိုသည် တက္ကသိုလ်မှာ သူ့ကို တိုက်ခိုက်လာရဲလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ဒါ့အပြင် အဲဒါက လူတိုင်း၏ ရှေ့မှောက်မှာ ဖြစ်နေသည်။

All Chapters