တိုက်ခိုက်ကြတော့မည့်ဆဲဆဲ
Vol. 165 Ch. 2469
ဝုန်း… ဝုန်း… ဝုန်း…
ပကတိမိုးကြိုးမြို့တော်တစ်ဝန်းမှာ စွမ်းအားကြီးမားသော အော်ရာများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြ၏။ အာဏာပါးကွက်သားအစောင့်တပ်သားများနှင့် ကောင်းကင်အင်မော်တယ် ပညာရှင်များစွာက သတင်းကို လက်ခံရရှိသွားပြီး ဤနေရာသို့ အသည်းအသန်လာနေကြသည်။
မင်းသားယွမ်ကျောက အလောတကြီး ပြောလိုက်၏။
“ဆူဇီမို ငါ့ကိုလွှတ်ပေးလိုက်… ဝိုင်းပတ်ပိတ်ဆို့မခံရခင် မင်းအခုနေ ထွက်ပြေးမယ်ဆိုရင် နောက်မကျသေးဘူး”
“ဟမ့်”
ဆူဇီမိုက လှောင်ရယ်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မင်းသားယွမ်ကျောအပေါ် ဝိညာဉ်ရှာဖွေခြင်းကို ထုတ်ဖော်လိုက်၏။
“အား...”
မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဉ်က နက်မှောင်နေသော ချည်မျှင်များဖြင့် ရစ်ပတ်ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်က အဆက်မပြတ်တုန်ခါကာ စူးစူးဝါးဝါးအော်ဟစ်နေ၏။
သူ၏ မှတ်ဉာဏ်များသည် ပုံရိပ်များစွာအဖြစ် ဆူဇီမို၏ စိတ်ထဲမှာ လျင်မြန်စွာ တဖျပ်ဖျပ်ပေါ်ထွက်လာ၏။
ဝိညာဉ်ရှာဖွေခြင်းအတတ်သည် ကျင့်ကြံသူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်အပေါ် အလွန်တရာ ပျက်စီးထိခိုက်စေပြီး ဖြစ်စဉ်တစ်ခုလုံးက အလွန်တရာ တိုတောင်းလေသည်။
ဆူဇီမိုအနေဖြင့် သူသည် မင်းသားယွမ်ကျော၏ မှတ်ဉာဏ်များအားလုံးကို လှန်လှောဖတ်ရှုနေနိုင်မည် မဟုတ်ပေ။
သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျယ်ပြောလှသော မှတ်ဉာဏ်ပင်လယ်ထဲမှာ အဓိကအချက်များကို တတ်နိုင်သမျှ မြန်မြန်ဆွဲထုတ်နိုင်ဖို့ဖြစ်၏။
ရုတ်တရက်ဆိုသလို….
ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး လှန်လှောကြည့်ရှုနေသော သူ၏ အလျင်အဟုန်က တဖြည်းဖြည်းနှေးကွေးသွား၏။
မင်းသားယွမ်ကျော၏ မှတ်ဉာဏ်အပိုင်းထဲမှ ဤအစိတ်အပိုင်းသည် အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမတိုင်ခင်က ဖြစ်လောက်လေသည်။
နေလတိုင်းပြည် စန်းယွီမြို့တွင်…
မင်းသားယွမ်ကျောသည် မှောင်မည်းနေသော ခန်းမထဲမှာ တစ်ယောက်တည်းထိုင်နေ၏။ ထိုစဉ်မှာပင် အာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်က သူ့လက်ထဲရှိ စာတစ်စောင်နှင့်အတူ အလောတကြီးပြေးဝင်လာ၏။
“အရှင်... အရှင်မင်းသား…”
“ဘာဖြစ်တာလဲ”
မင်းသားယွမ်ကျောက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“တစ်ယောက်ယောက်က ကျုပ်ကို ဒီစာပေးခိုင်းလိုက်တယ်… အဲဒါကို အရှင်မင်းသားက ကိုယ်တိုင်ဖွင့်ဖတ်ရမယ်လို့ပြောတယ်”
“သူက ဘယ်သူလဲ”
“ကျုပ်… ကျုပ်သေချာမပြောတတ်ဘူး”
“ဘာလို့လဲမသိဘူး… ကျုပ်က ခဏလောက် အသိစိတ်လွတ်သွားသလို ခံစားရတယ်… အဲဒီနောက် စာက ကျုပ်လက်ထဲမှာ ပေါ်ထွက်လာတာပဲ”
မင်းသားယွမ်ကျောနှင့် အာဏာပါးကွက်သားအစောင့်တပ်သားကြား အပြန်အလှန်စကားပြောဆိုမှုသည် ဆူဇီမို၏ ရှေ့မှာ ပေါ်ထွက်လာပုံရ၏။
လျှို့ဝှက်ချက်က ထွက်ပေါ်လာတော့မည့်ဆဲဆဲပင်။
ဆူဇီမိုက လက်သီနှစ်ဖက်ကို အလိုလိုဆုပ်ပြီး စိုးရိမ်ကြောင့်ကြစွာဖြင့် ဆက်လက်၍ စောင့်ကြည့်နေ၏။
မင်းသားယွမ်ကျောက စာကိုလက်ခံပြီး ဆူဇီမိုက သူ့မျက်လုံးထဲကနေတစ်ဆင့် အထဲမှာပါဝင်သော အကြောင်းအရာများကို သေသေချာချာ ဖတ်ရှုတော့မည့်ဆဲဆဲမှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု ဆင်းသက်လာပြီး စာက ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။
ထို့နောက် ချက်ချင်းပင် ဝုန်းခနဲမြည်သံနှင့်အတူ မင်းသားယွမ်ကျော၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာပင် ပေါက်ကွဲထွက်ကာ သူက သေဆုံးသွား၏။
ဆူဇီမိုက သုန်မှုန်နေသော အမူအရာဖြင့် သူ့မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။
ဝိညာဉ်ရှာဖွေခြင်းအတတ်သည် တကယ်ပင် ကျရှုံးနိုင်ခြေများလေသည်။
သို့သော်လည်း တစ်ယောက်ယောက်သည် စာထဲမှာ ပါဝင်သော အကြောင်းအရာများကို သူ့ကို မတွေ့မြင်စေချင်သည့်အလား စောစောက မြင်ကွင်းသည် တစ်စုံတစ်ရာဖြင့် ဟန့်တားနှောင့်ယှက်ခံခဲ့ရသည်မှာ သိသာလေသည်။
လူတစ်ယောက်က ကြားဝင်နှောင့်ယှက်ခဲ့ပြီး မင်းသားယွမ်ကျော၏ မှတ်ဉာဏ်များကို အတင်းအကျပ် ဖျက်ထုတ်သွားခဲ့၏။
စာပေါ်မှာ ဘာရေးထားသည်ကို ဆူဇီမိုက မသိလိုက်ရပေ။
သို့သော်လည်း သူက အချက်တစ်ချက်ကို သေချာသိရှိလိုက်၏။ မင်းသားယွမ်ကျောသည် ထိုစဉ်တုန်းက သူရောက်ရှိနေသည့်နေရာကို သိရှိခဲ့ပြီး သူက အင်မော်တယ်ဂိုဏ်းရွေးချယ်ပွဲမှာ ဝင်ပါနေသည်ဆိုတာကိုလည်း သိထားလေသည်။
ဒါ့အပြင် သူ၏ ရုပ်ဖျက်မှုကို ထိုသူ မှတ်မိသိရှိခဲ့သည့် အကြောင်းရင်းကလည်း ဤလျှို့ဝှက်ဆန်းကြယ်သောစာနှင့် ဆက်စပ်ပတ်သက်နေနိုင်၏။
သူတက်လှမ်းလာခဲ့ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်က ထောင့်တစ်နေရာမှာ ပုန်းကွယ်ပြီး သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာ ဖြစ်နိုင်လေသည်။
သူနှင့်ပတ်သက်သည့် အရာရာတိုင်းက ထိုလူ၏ စောင့်ကြည့်မှုအောက်မှာ ရှိနေ၏။
ထိုသို့တွေးပြီး ဆူဇီမိုက ကြက်သီးမွေးညင်းများ ထလာခဲ့သည်။
ဤကဲ့သို့သော အစွမ်းအစကို ဘယ်သူပိုင်ဆိုင်နိုင်မှာလဲ။
ဤလူသည် သူတက်လှမ်းစဉ်က ကြုံတွေ့ခဲ့ရသော လုပ်ကြံသတ်ဖြတ်ကြိုးပမ်းမှုနှင့် ပတ်သက်ဆက်စပ်နေလား။
ဘုရင်ယွင်ယိုအပြင် အရင်တုန်းက သူ့ကိုသတ်ဖို့ ကြိုးစားခဲ့သော နောက်ထပ်လူတစ်ယောက် ရှိလေသည်။
ထိုလူ၏ အသံကို သူက အရင်က ကြားခဲ့ဖူးပြီး အဲဒါကို သေချာပေါက် မေ့ပျောက်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုက အလေးအနက် စဉ်းစားတွေးတောသွားပြီး ဖြစ်နိုင်ခြေများစွာကို ကောက်ချက်ချနေ၏။ သို့သော်လည်း သူသည် သူရရှိထားသည့် သတင်းအချက်အလက်များကို ပြီးပြည့်စုံစွာ မဆက်စပ်နိုင်ပေ။
သူလွဲချော်နေသော အဓိကသတင်းအချက်အလက် သို့မဟုတ် သူမှားယွင်းအဓိပ္ပာယ်ကောက်မိသော အရာများ ရှိနေပုံရ၏။
အမှန်တရားက လက်တစ်ကမ်းအတွင်းမှာ ရှိနေပုံရ၏။
သို့သော်လည်း ဆူဇီမိုသည် အဲဒါကို ဖမ်းဆုပ်ဖို့ ကြိုးစားသည့်အခါ သူက မည်သည့်အရာကိုမှ ရရှိမလာပေ။
“ဆူဇီမို ပကတိမိုးကြိုးမြို့တော်ကို မင်းဘယ်လိုတောင် လာရဲတာလဲ… မင်းက တကယ်ကို သေချင်နေတာပဲ”
“မင်း… မင်းဘာလုပ်လိုက်တာလဲ… အထီးကျန်ကြယ်နဲ့ အရှင်မင်းသားယွမ်ကျော…”
ဒေါသတကြီးအော်ဟစ်သံက ဆူဇီမို၏ အတွေးများကို ဖြတ်တောက်လိုက်၏။
အရင်ဆုံးရောက်ရှိလာသော ကောင်းကင်အင်မော်တယ်များသည် ကြေမွနေသော ခန်းမနှင့် မင်းသားယွမ်ကျောနှင့် အထီးကျန်ကြယ်၏ အလောင်းနှစ်လောင်းကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။
ဤနေရာကို စုဝေးရောက်ရှိလာသော ကောင်းကင်အင်မော်တယ်ပညာရှင်များက ပို၍ပို၍များပြားလာ၏။
စစချင်း လူဆယ့်လေးငါးယောက်ကနေ ယခုအခါ အရေအတွက် ရာချီ သို့မဟုတ် တစ်ထောင်လောက် ရှိလာခဲ့၏။
သူတို့ထဲမှာ အဆင့်-၁ နှင့် အဆင့်-၂ ကောင်းကင်အင်မော်တယ်များစွာ ပါဝင်သော်လည်း ဤမျှများပြားသော ကောင်းကင်အင်မော်တယ်များ စုဝေးရောက်ရှိလာခြင်းသည် သိပ်သည်းပြင်းထန်သော စွမ်းပကားတစ်ရပ်ကို ဖြစ်ပေါ်လာစေ၏။
ဒါ့အပြင် သူတို့ကြားမှာ ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သား နှစ်ရာကျော် ပါဝင်နေ၏။
ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သားများ ဖြစ်လာနိုင်သော ထိုသူများအားလုံးသည် မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့ပြီး သေရေးရှင်ရေး အတွေ့အကြုံပေါင်းများစွာ ရရှိထားသည့် အဆင့်-၇၊ အဆင့်-၈နှင့် အဆင့်-၉ အမြင့်တန်းကောင်းကင်အင်မော်တယ်ပညာရှင်များ ဖြစ်ကြလေသည်။
မဟုတ်ပါက ဤလူများသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ အပြစ်ပေးခြင်းနှင့် သတ်ဖြတ်ခြင်းကို ပြုလုပ်ဖို့ အခွင့်အာဏာကို ရရှိထားလိမ့်မည် မဟုတ်ပေ။
အင်မော်တယ်များ၏ ဝိုင်းပတ်ပိတ်ဆို့ခံရချိန်မှာ ဆူဇီမို၏ တည်ငြိမ်နေသော အမူအရာဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး လူတိုင်း၏ ရှေ့မှာ မင်းသားယွမ်ကျော၏ ခေါင်းကို ဖြတ်လိုက်၏။
“ဆူဇီမို… မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
“မင်းက တော်တော်မောက်မာလွန်းနေတာပဲ… မင်းက ပကတိမိုးကြိုးမြို့တော်မှာ မင်းသားတစ်ပါးကို ဘယ်လိုတောင်လုပ်ကြံသတ်ဖြတ်ရဲတာလဲ… ငါတို့ မဟာကျင်းအင်မော်တယ်နိုင်ငံက ဒီကိစ္စကို ဒီတိုင်းပဲ လက်ပိုက်ကြည့်နေမယ် ထင်လို့လား”
ကောင်းကင်အင်မော်တယ်တချို့က အော်ပြောလိုက်ပြီး လူအုပ်ကြားထဲမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေ၏။
ဆူဇီမိုက သူ၏ ခေါင်းကို မော့ပြီး သူ၏ ဘေးပတ်လည်မှ ကောင်းကင်အင်မော်တယ်များကို တစ်ချက်ကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းတို့တွေကို ငါသတိပေးလိုက်မယ်… ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က မင်းသားယွမ်ကျောတောင်မှ အခုငါသတ်လို့ သေသွားပြီ… မင်းတို့ရဲ့အစွမ်းအစကို မင်းတို့မေးခွန်းထုတ်ကြည့်လိုက်… အလကားသက်သက်လာပြီး အသေမခံချင်နဲ့”
ထိုစကားများက ကောင်းကင်အင်မော်တယ်ပညာရှင်များစွာ၏ သွေးများကို အေးစက်သွားစေ၏။
တကယ်တမ်းမှာလည်း သူတို့ထဲ မည်သူကမှ အရူးများ မဟုတ်ကြပေ။ သူတို့သည် တစ်ချိန်လုံး မတိုက်ခိုက်သေးသည့် အကြောင်းရင်းမှာလည်း သူတို့က စိုးရိမ်ပူပန်မှု ရှိနေသောကြောင့်ဖြစ်၏။
ဆူဇီမို၏ အကြည့်က သူ၏ ဘေးပတ်လည်မှ အာဏာပါးကွက်သား အစောင့်တပ်သားများစွာအပေါ် ဆင်းသက်ရောက်ရှိသွားပြီး အေးစက်စွာ ပြောလိုက်၏။
“မပူပါနဲ့… မင်းတို့ အာဏာပါးကွက်သား အစောင့်တပ်သားတွေကတော့ တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… ငါက မင်းတို့တွေ အားလုံးကို သတ်ပြီး ပကတိအင်မော်တယ် ညသင်္ချိုင်းနဲ့အတူ မြုပ်နှံပေးမယ်”
ဆူဇီမိုက အဲဒါကို ပြောဆိုခြင်း မရှိလျှင်တောင် မြို့ထဲရှိ အာဏာပါးကွက်သား အစောင့်တပ်သား ၂၀၀ကျော်နှင့် ပကတိမိုးကြိုးမြို့တော်၏ ကောင်းကင်အင်မော်တယ် အစောင့်တပ်သားများက နောက်မဆုတ်နိုင်သလို နောက်ဆုတ်ရဲခြင်းလည်း မရှိပေ။
သူတို့က ယနေ့မှာ နောက်သို့ဆုတ်ခွာမည်ဆိုလျှင် သူတို့သည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အပြင်းအထန် အပြစ်ပေးခြင်းကို သေချာပေါက်ခံရပေလိမ့်မည်။ သူတို့သည် သေသည်ထက်ပင် ဆိုးဝါးသော ညှဉ်းပန်းနှိပ်စက်မှုနှင့်လည်း ကြုံတွေ့ရပေလိမ့်မည်။
ကောင်းကင်အာဏာပါးကွက်သား အစောင့်တပ်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က ရှေ့သို့ထွက်ပြီး သူ၏ ခါးမှ ကွပ်မျက်ဆေဘာကို ဆွဲထုတ်လိုက်၏။ သူက ဆူဇီမိုကို ဆေဘာဖြင့် ထိုးညွှန်ပြီး ပြောလိုက်၏။
“အားလုံးပဲ… သူခြောက်တိုင်း ကြောက်မနေကြနဲ့… သူက အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ပဲ”
“မင်းက အရှင်မင်းသားယွမ်ကျောနှင့် ခေါင်းဆောင်တပ်မှူး အထီးကျန်ကြယ်ကို သတ်ဖို့ ဘာနည်းလမ်းကို သုံးခဲ့သလဲ ငါမသိပေမဲ့ အဲ့လိုမျိုးနည်းလမ်းတွေက အရမ်းကို ရှားပါးတယ်… အချိန်တိုအတွင်းမှာ အဲဒါကို ထပ်ပြီးထုတ်ဖော်နိုင်မှာ မဟုတ်ဘူး… ဒီကောင်လေးက ရှေ့တင်မှာ သန်မာချင်ယောင်ဆောင်နေတာပဲ”
နောက်ထပ် အာဏာပါးကွက်သား ခေါင်းဆောင်တပ်မှူးတစ်ယောက်က ရှေ့သို့ထွက်လာပြီး သူ၏ လက်ကို ဝေ့ယမ်းကာ အော်ပြောလိုက်၏။
“အမှန်ပဲ… မြို့ထဲမှာ ကောင်းကင်အင်မော်တယ်ပညာရှင် တစ်ထောင်ကျော်ရှိတယ်… ငါတို့အကုန် တိုက်ခိုက်မယ်ဆိုရင် သူ့ကို ခြေကုန်လက်ပန်းကျပြီး သေသွားအောင်တောင် လုပ်လို့ရတယ်”
အစက နောက်ဆုတ်ဖို့ စဉ်းစားနေသော ကောင်းကင်အင်မော်တယ်များက နောက်တစ်ဖန် တွေဝေတုံ့ဆိုင်းသွားကြ၏။
ထိုစဉ်မှာပင် နောက်ထပ် အာဏာပါးကွက်သားအစောင့်တပ်သားတစ်ယောက်က ရုတ်တရက်ပြောလိုက်၏။
“မင်းတို့တွေ ခုထိမသိကြသေးဘူးလား… ဆူဇီမိုက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရထားတယ်”
ရတနာသူတော်စင်ကျောက်စိမ်းကျမ်း၊ တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု…။
ကောင်းကင်အင်မော်တယ်များစွာသည် စိတ်အားမာန်တက်ကြွလာပြီး သူတို့၏ အကြည့်များက ချက်ချင်းပင် တောက်လောင်ပြင်းပြလာ၏။
ထိုစကားလုံးများသည် အခြားမည်သည့်အရာထက်မဆို ပိုမိုအသုံးဝင်ပြီး လူတိုင်း၏ စိတ်နှလုံးသားကို ယိမ်းယိုင်သွားစေ၏။
ဆူဇီမိုသည် အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက် ဖြစ်သော်လည်း မင်းသားယွမ်ကျောနှင့် အထီးကျန်ကြယ်ကို သတ်ဖြတ်နိုင်ခဲ့သည့်အကြောင်းရင်းမှာ သူက တဗူးဂမ္ဘီရကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့်ဖြစ်ရမည်ဟု ကောင်းကင်အင်မော်တယ်များစွာက အလိုလိုတွေးထင်လိုက်ကြ၏။
“သူ့ကိုသတ်ပြီး အရှင်မင်းသားယွမ်ကျောအတွက် လက်စားချေရမယ်… ပြီးရင် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို လုယူကြမယ်”
“သူ့ကို သတ်”
လူအုပ်ထဲမှတစ်ယောက်က အော်ပြောလိုက်ပြီး ချက်ချင်းပင် ကောင်းကင်အင်မော်တယ်များစွာက တုံ့ပြန်လိုက်ကြ၏။ တိုက်ပွဲက ဖြစ်ပွားလာတော့မည့်ဆဲဆဲပင်။
“ဟား… ဟား… ဟား…”
ရုတ်တရက် ဆူဇီမိုက သူ၏ ခေါင်းကို မော့၍ အလွန်တရာကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်၏။
“ကောင်းတယ်ကွာ… ကောင်းတယ်… ကောင်းတယ်”
သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ဆူဇီမိုက အော်ပြောလိုက်၏။
“မင်းတို့တွေပြောတာ မှန်တယ်… ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ငါ့လက်ထဲမှာပဲ… မင်းတို့တွေက အဲဒါကို အဲလောက်ထိ အသည်းအသန်တွေ့မြင်ချင်နေတယ်ဆိုမှတော့ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းရဲ့ ဓမ္မတာအိုက ဘာလဲဆိုတာ ဒီနေ့ မင်းတို့တွေကို ငါပြပေးမယ်”