← Chapters

တရားမမျှတမှု

Vol. 165 Ch. 2464

တရားမမျှတမှု

Vol. 165 Ch. 2464

ဖုန့်ကျစ်ရီသည် တစ်ချိန်လုံးမည်သည့်စကားမှမဆိုဘဲ ပကတိအင်မော်တယ်ညသင်္ချိုင်းကိုသာ တိတ်တဆိတ်စောင့်ကြည့်နေ၏။ သူမက အမူအရာကင်းမဲ့နေပြီး သူမ၏ မျက်လုံးများမှာပင် မည်သည့်ဝဲဂယက်မှ ရှိမနေပေ။

သူမသည် အမြဲတမ်း ဤကဲ့သို့သာဖြစ်၏။

ဆူဇီမိုသည် သူမနှင့် သိလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး သူမနှင့်အရင်က ခရီးအတူသွားခဲ့ဖူး၏။ သူတို့သည် ခဏမျှသာထိတွေ့ဆက်ဆံခဲ့ရသော်လည်း သူက သူမ၏ မျက်နှာပေါ်မှာ စိတ်ခံစားချက်တစ်ခုခုကို တွေ့မြင်ရခဲလေသည်။ အစကတော့ သူမသည် ပင်ကိုယ်သဘာဝအလျောက် အေးစက်နေခြင်းဖြစ်သည်ဟု တွေးထင်ခဲ့၏။ သို့သော်လည်း သူမငယ်ရွယ်စဉ်ကတည်းက သူမ၏ မိသားစုက ဖျက်ဆီးခံခဲ့ရပြီး သူမ၏ မိဘများက ဆိုးဆိုးဝါးဝါးသေဆုံးသွားသည်ကို သူမက ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ကို နောက်ပိုင်းမှာ သူက သိရှိခဲ့ရ၏။ ထို့ကြောင့်ပင် သူမ၏ စိတ်နေစရိုက်က သိသိသာသာပြောင်းလဲသွားပြီး ဤကဲ့သို့ပုံစံဖြစ်လာခြင်းပင်။

“ခင်ဗျားတို့တွေ ဒီနှစ်တွေထဲမှာ ဘယ်နေရာတွေ ရောက်နေကြတာလဲ”

ဆူဇီမိုက မေးလိုက်၏။

“မိုးကြိုးဧကရာဇ်က သူ့ရဲ့ကောင်းကင်လိုဏ်ဂူကို စုဖွဲ့ပြီး ဘုရင်တစ်ပါးဖြစ်လာပြီးတဲ့နောက် သူက ခင်ဗျားတို့နဲ့ အကြွင်းအကျန်ညရဲ့အဖွဲ့ဝင်ဟောင်းတွေကို ရှာဖွေဖို့အတွက် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကို ရောက်လာခဲ့သေးတယ်... ဒါပေမဲ့ မဟာကျင်းအင်မော်တယ်နိုင်ငံက အင်မော်တယ်ဘုရင်ပညာရှင်တွေက သူ့ကို သတိထားမိသွားပြီး သူက ဘာမှမတတ်နိုင်ဘဲ မိစ္ဆာမဟာနယ်မြေကို ပြန်ဆုတ်ခွာသွားရတယ်”

“ဒီနှစ်တွေအားလုံးထဲမှာ ကျုပ်ကလည်း ယန်ယန်းအင်မော်တယ်နိုင်ငံနဲ့ ကျိရွှမ်အင်မော်တယ်နိုင်ငံက ယုံကြည့်စိတ်ချရတဲ့ ကျုပ်ရဲ့မိတ်ဆွေတွေကို အကူညီတောင်းပြီး ခင်ဗျားတို့တွေကို ရှာဖွေခဲ့တယ်.. ဒါပေမဲ့ ဘာသတင်းမှ မရခဲ့ဘူး”

ဖုန့်ကျစ်ရီက ပြောလိုက်၏။

“ကျွန်မတို့အရင်က... ခွဲခွာပြီးတဲ့နောက် မင်းသားယွမ်ကျောက အသည်းအသန်လက်စားချေပြီး အကြွင်းအကျန်ညက ကျန်နေတဲ့ကျင့်ကြံသူတွေအားလုံးကို အမဲလိုက်ခဲ့တယ်... ဆရာနဲ့ ကျွန်မက ပုန်းစရာနေရာမရှိဘဲ ထွက်ပြေးနေရတယ်”

“ထွက်ပြေးနေတဲ့အချိန်မှာ သူက ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကို အမှတ်တမဲ့ဝင်ရောက်မိသွားပြီး လောကနဲ့ ပိုင်းခြားခံခဲ့ရတယ်... သူက နှစ်ပေါင်းထောင်ချီကြာအောင်ကျင့်ကြံပြီးမှ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်”

“အဖိုးက မိစ္ဆာမဟာနယ်မြေမှာ နာမည်တစ်ခုရလာတာကို ဆရာနဲ့ကျွန်မကြားတဲ့အချိန်မှာ ကျွန်မတို့တွေက အကြွင်းအကျန်ညက အဖွဲ့ဝင်ဟောင်းတွေကို စုစည်းပြီး အဲဒီကို လိုက်သွားချင်ခဲ့တယ်... ဒါပေမဲ့ မင်းသားယွမ်ကျောက ထောင်ချောက်တစ်ခုကို ကြိုခင်းထားပြီးပြီ... သူက ကျွန်မနဲ့ဆရာကို မျှားခေါ်ထုတ်ဖို့အတွက် အကြွင်းအကျန်ညက အဖွဲ့ဝင်ဟောင်းတွေကို အသုံးချခဲ့တယ်”

“မင်းသားယွမ်ကျောပဲလား”

ဆူဇီမို၏ အမူအရာက အေးစက်လာပြီး သတ်ဖြတ်လိုစိတ်က သူ၏ မျက်လုံးထဲမှာ တဖျတ်ဖျတ်လက်လာ၏။ သူက အံကိုကြိတ်ပြီးပြောလိုက်၏။

“နှစ်ပေါင်းထောင်ချီကြာပြီးတာတောင် သူက ငါတို့ကို မရမကအမဲလိုက်နေတုန်းပဲလား”

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် မင်းသားယွမ်ကျော၏ စိတ်သဘောထားကို နားလည်သဘောလိုက်၏။

အရင်တုန်းက ဖုန့်စန်းထျန်သည် မင်းသားယွမ်ကျော၏ မျက်စိရှေ့မှာ ပကတိမိုးကြိုးမြို့တော်ကနေ ထွက်ပြေးလွတ်​မြောက်သွားခဲ့၏။ မင်းသားယွမ်ကျောသည် အတိုင်းအတာတစ်ခုအထိ အပြစ်တင်ခံခဲ့ရပြီး ထိုသို့ဖြင့် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်၏ မင်းသားအနေဖြင့် သူ၏ အဆင့်အတန်းက ဖယ်ရှားခံခဲ့ရ၏။

လက်ရှိမင်းသားယွမ်ကျောက မင်းသားတစ်ပါးဖြစ်နေသေးသော်လည်း သူ့မှာ မင်းသားတစ်ပါး၏ အစစ်အမှန်စွမ်းအား မရှိတော့ပေ။ သူ၏ အဆင့်အတန်းနှင့် စွမ်းအားက အရင်ကထက် များစွာနိမ့်ဆင်းသွားခဲ့၏။

သူသည် ဖုန့်စန်းထျန်ကို မျှားခေါ်ထုတ်ဖို့အတွက် ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်ညသင်္ချိုင်းကို ဖမ်းဆီးလိုသည့်အကြောင်းအရင်းမှာ အရင်တုန်းက သူ၏ အမှားကို ဖာထေးပြီး အစိမ်းရောင်တိမ်စိုင်ပြည်၏ မင်းသားအဖြစ် သူ၏ ရာထူးကို ပြန့လည်တောင်းဆိုချင်သောကြောင့်ဖြစ်၏။

ထို့ကြောင့်ပင် သူက နှစ်ပေါင်းထောင်ချီကြာပြီးတာတောင် လက်မလျှော့ခဲ့ခြင်းပင်။

“နောက်ပိုင်းဘာဆက်ဖြစ်သွားလဲ”

ဆူဇီမိုက မေးလိုက်၏။

ဖုန့်ကျစ်ရီက ပြောလိုက်လေသည်။

“နောက်ပိုင်... ဆရာက ကျွန်မကိုခေါ်ပြီး ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်ခဲ့တယ်... ဒါပေမဲ့ ကျွန်မတို့တွေက ဒဏ်ရာအပြင်းအထန်ရခဲ့တယ်... ဒီဲဒဏ်ရာတွေက အဲဒီတိုက်ပွဲကနေ ရလာခဲ့တာပဲ”

ဘေးတစ်ဘက်မှာ ပကတိအင်မော်တယ်ညသင်္ချိုင်းက ပြင်းထန်စွာချောင်းဆိုးပြီး မောဟိုက်နေ၏။

“ငါက... အရင်လို မဟုတ်တော့ဘူး ငါအရမ်းအိုနေပြီ….”

ဆက်လက်၍ မပြောလျှင်တောင် ဆူဇီမိုသည် နောက်ပိုင်းဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို အကြမ်းဖျင်းခန့်မှန်းမိနိုင်သွား၏။

မဟာကျင်းအင်မော်တယ်နိုင်ငံသည် ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်းကို အမဲလိုက်ဖို့အတွက် ကြွယ်ဝူယင်းနှင့် အခြားသောပကတိအင်မော်တယ်များကို စေလွှတ်ခဲ့သည်မှာ သူတို့သည် မင်းသားယွမ်ကျော၏ ပိတ်ဆို့ဖမ်းဆီးမှု ကျရှုံးသွားပြီးနောက် မည်သည့်အမှားအယွင်းမှ ထပ်မံမဖြစ်စေချင်သောကြောင့်ဖြစ်လေသည်။

မင်းသွားယွမ်ကျော၏ လက်ရှိအဆင့်အတန်းအရ သူသည် ဤပကတိအင်မော်တယ်များကို အမိန့်ပေးစေခိုင်းနိုင်မည် မဟုတ်ပေ။ မဟာကျင်းအင်မော်တယ်နိုင်ငံ၏ အင်မော်တယ်ဘုရင်ပညာရှင်များက ဤကိစ္စ၏ နောက်ကွယ်မှာ သေချာပေါက်ရှိနေ၏။

ပကတိအင်မော်တယ်ညသင်္ချိုင်း၏ မျက်လုံးများက မှုန်ရီနေပြီး သူက သူ့ကိုယ်သူအပြစ်တင်ဟန်ဖြင့် ရယ်မောကာ ညည်းတွားရေရွတ်လိုက်၏။

“နှစ်ပေါင်းများစွာကြာအောင် သန်မာတဲ့ရန်သူပေါင်းများစွာကို သတ်ဖြတ်ပြီးတဲ့နောက် ငါက... ကောင်းကင်အင်မော်တယ်နယ်ပယ်မှာရှိတဲ့ ဂျူနီယာတစ်အုပ်စုရဲ့လက်ထဲမှာ ကျဆုံးသွားရတာပါလား”

(မင်းသားယွမ်ကျောကို ဆိုလိုခြင်းဖြစ်သည်။)

ပကတိအင်မော်တယ်ညသင်္ချိုင်း၏ လေသံမှာ မချင့်မရဲဖြစ်မှုနှင့် ဝမ်းနည်းမှုအငွေ့အသက်တစ်ခုရှိနေ၏။

ဆူဇီမိုက သူ့ဘဝ၏ နေဝင်ချိန်မှာ ကုတင်ပေါ်တွင် လှဲလျောင်းနေသော အဖိုးအိုကိုကြည့်နေ၏။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် ဧကရာဇ်များစွာပေါ်ထွက်ခဲ့သည့် ခမ်းနားသော ရှေးဟောင်းခေတ်ကို ပြန်လည်အမှတ်ရသွား၏။

သူ့ရှေ့မှအဖိုးအိုသည် လျှို့ဝှက်မရဏဂိုဏ်းကိုတည်ထောင်ခဲ့သော ဧကရာဇ်များထဲမှတစ်ပါးဖြစ်ခဲ့ပြီး ထိုဂိုဏ်းကို ခေတ်အဆက်ဆက်တည်တံ့စေခဲ့၏။ ဤအဖိုးအိုသည် တစ်ခါက လူသားဧကရာဇ်၊ မိုးကြိုးဧကရာဇ်၊ ဆေဘာဧကရာဇ်၊ ဓားဧကရာဇ်၊ ဗုဒ္ဓဧကရာဇ်တို့နှင့် ယှဥ်နိုင်ခဲ့လေသည်။ လူသားမျိုးနွယ်ကို ရှင်သန်နိုင်စေဖို့အတွက် သူသည် ကမ္ဘာဦးမျိုးနွယ် ၉စုနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး သမိုင်းထဲမှာ ဒဏ္ဍာရီများစွာကို ကျန်ရစ်ခဲ့စေ၏။ သို့သော် ယခု သူ့ဘဝနေဝင်ချိန်မှာ သူရဲကောင်းတစ်ယောက်သည် ဤမျှအတိုင်းအတာအထိ အရှက်ခွဲခံခဲ့ရ၏။

တရားမမျှတမှု ခံစားချက်တစ်ခုက ဆူဇီမို၏ ရင်ထဲမှာ တလိပ်လိပ်လှိုက်တက်လာပြီး သူက အတန်ကြာသည့်အထိ စိတ်ကိုလျှော့မချနိုင်ပေ။

သူ၏ ရင်ဘတ်က တင်းကျပ်လေးလံလာသည်ဟုခံစားရပြီး ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ ရုတ်တရက် သူက မတ်တတ်ထရပ်ပြီး ရထားလုံးထဲကနေ ထွက်လိုက်၏။

အေးစက်စက်အမူအရာတစ်ခုနှင့်အတူ သူက အဝေးတစ်နေရာကို ငေးကြည့်နေ၏။

သိပ်မကြာခင် မိုချင်က ဘေးတစ်ဘက်ရထားလုံးထဲကနေ လျှောက်လှမ်းထွက်လာ၏။ သူမက ဆူဇီမိုကိုကြည့်ပြီး ညင်သာစွာပြောလိုက်၏။

“ငါပြန်တော့မယ်... မင်း သူတို့ကို မိစ္ဆာမဟာနယ်မြေဆီ လိုက်ပို့မှာလား”

“အင်း”

ဆူဇီမိုက စိတ်အာရုံပျံ့လွင့်စွာဖြင့် ပြန်ဖြေလိုက်၏။

မိုချင်က ခဏမျှစဥ်းစား​ပြီးနောက် ရုတ်တရက်ပြောလိုက်၏။

“ငါ့နောက်လိုက်ခဲ့ဦး... ငါနင့်ကို ပြောစရာရှိတယ်”

သူတို့နှစ်ယောက်က ရထားလုံးထဲကနေ ခုန်ဆင်းလိုက်ကြ၏။

ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ အင်ပါယာစစ်တပ်က ကျော်လွန်သွားပြီးနောက် မိုချင်က သူမ၏ သိုလှောင်အိတ်ထဲကနေ ပန်းချီကားတစ်ချပ်ကို ထုတ်ယူကာ ဆူဇီမိုကို ကမ်းပေးလိုက်၏။

မိုချင်က ပြောလိုက်၏။

“နင်က သူတို့ကို မိစ္ဆာမဟာနယ်မြေဆီ ပို့ပေးမယ်ဆိုမှတော့... ငါ့ကိုကူညီပြီး ဒီပန်းချီကားကို အထီးကျန်သိုင်းသခင်ဆီ ပေးပေးပါ”

“ကောင်းပါပြီ”

ဆူဇီမိုက သဘောတူစွာခေါင်းညိတ်လိုက်ပြီး အဲဒါကိုသိမ်းဆည်းဖို့ ပြင်လိုက်၏။

မိုချင်က မေးလိုက်လေသည်။

“နင် အဲဒါကို တစ်ချက်လောက် မကြည့်တော့ဘူးလား”

“ကျုပ်ကြည့်လို့ရလား”

ဆူဇီမိုက မှင်တက်သွား၏။

မိုချင်က ပြောလိုက်လေသည်။

“ရတာပေါ့... နင်က သူနဲ့ အရမ်းရင်နှီးတယ်ဆိုမှတော့... ပန်းချီကားက ဘယ်လိုနေလဲတစ်ချက်ကြည့်ပေး အဲဒါက သူနဲ့တူရဲ့လားလို့”

ဆူဇီမိုက နာခံလိုက်ပြီး ပန်းချီကားကို ဖြည်းဖြည်းချင်းဖွင့်လိုက်၏။

အဲဒါသည် ခရမ်းရောင်ဝတ်အမျိုးသားတစ်ဦး၏ ​ပန်းချီကားဖြစ်၏။ သူ၏ အဝတ်များက တဖျပ်ဖျပ်လွင့်နေပြီး သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေ၏။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ၏ မျက်နှာပေါ်မှာ ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားကာ အရပ်အမောင်းမြင့်မား၍ ဖြောင့်မတ်နေ၏။

ထိုမျက်လုံးများက လျှို့ဝှက်ဆန်းကြယ်ပြီး အေးစက်မှုတစ်စွန်းတစ်နှင့်အတူ နက်ရှိုင်းနေ၏။

ပန်းချီရှုထောင့်အရ ဤပန်းချီကားသည် သိုင်းတာအိုပင်မခန္ဓာကို ပြီးပြည့်စုံလုနီးပါး ရေးဆွဲထားပေးပြီး အသက်ဝင်နေ၏။

မိုချင်က သိုင်းတာအိုပင်မခန္ဓာကို ခဏမျှသာတွေ့ခဲ့ရပြီး သူမ၏ မှတ်ဉာဏ်များပေါ်မှီခို၍ ဤကဲ့သို့သောပန်းချီကားတစ်ချပ်ကို ရေးဆွဲနိုင်ခဲ့၏။ ပန်းချီအင်မော်တယ်ဟူသော သူမ၏ ဘွဲ့က တကယ်ပင် ထိုက်တန်မှုရှိလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ တစ်မူထူးခြားသော အော်ရာက​ပင်လျှင် ပန်းချီကားထဲမှာ ရောင်ပြန်ဟပ်နေ၏။

“အင်း... အဲဒါက သူနဲ့ တော်တော်တူတာပဲ”

ဆူဇီမိုက ခေါင်းညိတ်ပြီး ပန်းချီကားကို သိမ်းဆည်းလိုက်၏။

“ခင်ဗျားရဲ့အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

သူက သဘောတူလက်ခံလိုက်သော်လည်း သူသည် ဤပန်းချီကားကို သိုင်းတာအိုပင်မခန္ဓာထံ ပေးဖို့စိတ်ကူးမရှိပေ။

ဤပန်းချီကားကို သူမြင်ရခြင်းသည် သိုင်းတာအိုပင်မခန္ဓာက ဤပန်းချီကားကို တွေ့မြင်ရခြင်းနှင့် တူညီ၏။ သူ့အနေဖြင့် အဲဒါကို သိုင်းတာအိုပင်မခန္ဓာထံ ကိုယ်တိုင်ပေးရမည့် မလိုအပ်သော အပြုအမူကို ပြုလုပ်စရာမလိုပေ။

မိုချင်က ဆူဇီမိုကို မကျေနပ်သည့်ဟန်ဖြင့် ကြည့်လိုက်၏။

“ပြောရမယ်ဆိုရင် အဲဒါက နင့်အမှားပဲ.. ဒီနှစ်တွေထဲမှာ ငါက နင့်ကို အကြိမ်ကြိမ်လာရှာခဲ့တယ်... ဒါပေမဲ့ နင်ကငါ့ကို အမြဲတမ်းရှောင်နေခဲ့တယ်”

“နင်သာ... အထီးကျန်သိုင်းသခင်အ​ကြောင်း ငါ့ကိုပိုပြီးပြောပြခဲ့မယ်ဆိုရင် ဒီပန်းချီကားက အခုထက်ပိုပြီးကောင်းသွားမှာ”

“ဒါပေမဲ့ အခု ပန်းချီကားက ပုံသဏ္ဌာန်ပဲရှိတယ်... စိတ်ဝိညာဥ်အတော်များများက ကင်းမဲ့နေတယ်”

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

“ငါသွားတော့မယ်... နင်သူတို့ကို လိုက်ပို့ပေးပြီး တခြားဘာမှလုပ်စရာမရှိရင် တက္ကသိုလ်ကို ပြန်လာခဲ့”

မိုချင်က ပြောလိုက်၏။

“ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို နင်ပိုင်ဆိုင်ထားတဲ့လျှို့ဝှက်ချက်က ပေါက်ကြားသွားပြီ... နင်ကအပြင်မှာလျှောက်သွားနေရင် အန္တရာယ်နဲ့ကြုံတွေ့ရနိုင်တယ်”

“အခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်မ”

ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

မိုချင်က ခေါင်းညိတ်ပြီး လှည့်ထွက်ကာ သိပ်မကြာခင် ပျောက်ကွယ်သွား၏။

ဆူဇီမိုက ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ အင်ပါယာစစ်တပ်ရှိရာဘက်သို့ လှည့်ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

ဖျတ်ခနဲဆိုသူက သူတို့နောက်သို့ ပြေးလိုက်သွားလေသည်။

ဆူဇီမိုသည် ဖုန့်ကျစ်ရီရှိရာ ရထားလုံးထဲသို့မသွားတော့ဘဲ ယွင်ကျူး၏ ရထားလုံးတံခါးကို ခေါက်လိုက်၏။

“ဝင်ခဲ့လေ”

ယွင်ကျူး၏ အသံက ထွက်ပေါ်လာ၏။

ဆူဇီမိုက ရထားလုံးထဲသို့ ဝင်ရောက်သွား၏။

ယွင်ကျူးက သူမ၏ လက်ထဲရှိ စာအုပ်ကိုချပြီး သူ့ကို ပြုံးပြကာ ကျီစယ်လိုက်၏။

“ငါ့ညီမမိုချင်က တာအိုရောင်းရင်အထီးကျန်သိုင်းသခင်ကို တမ်းတနေတယ်ဆိုတာ ငါပြောနိုင်တယ်”

ဆူဇီမိုကလည်း အဲဒါကိုတွေးမိပြီး ခေါင်းကိုက်သွားလေသည်။

All Chapters