← Chapters

မိစ္ဆာမဟာနယ်မြေသို့ ပို့ပေးခြင်း

Vol. 165 Ch. 2463

မိစ္ဆာမဟာနယ်မြေသို့ ပို့ပေးခြင်း

Vol. 165 Ch. 2463

မဟာကျင်းအင်မော်တယ်စစ်တပ်က ဆုတ်ခွာသွားသည်ကို တွေ့မြင်သောအခါ ဆူဇီမိုနှင့် အခြားသူများသည် စိတ်သက်သာစွာသက်ပြင်းချလိုက်ကြ၏။

ပကတိအင်မော်တယ်ညသင်္ချိုင်းက ဖြစ်စဉ်တစ်ခုလုံးကို တွေ့မြင်ခဲ့ရပြီး စိတ်လှုပ်ရှားနေ၏။

သူတို့ကိုကယ်တင်ဖို့အတွက် ယန်ယန်းအင်မော်တယ်နိုင်ငံ၊ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် ကျိရွှမ်အင်မော်တယ်နိုင်ငံကပါ ဝင်ပါလာခဲ့၏။ သူနှင့် ဖုန့်ကျစ်ရီမှာ ဤကဲ့သို့သောစွမ်းအား မရှိပေ။

ထိုအရာများအားလုံးသည် လူတစ်ယောက်တည်းကြောင့်ဖြစ်သည်။

ဤလူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် မဟာကျင်းအင်မော်တယ်နိုင်ငံမှ ပကတိအင်မော်တယ်များနှင့် အာဏာပါးကွက်သားထောင်ချီက ဂုဏ်သိက္ခာကျဆင်းစွာဖြင့် ဆုတ်ခွာသွားရခြင်းဖြစ်လေသည်။

တကယ်ဆို ပကတိအင်မော်တယ်တစ်ဦး၏ အလောင်းကပင် ကျန်ရစ်ခဲ့၏။

အရင်တုန်းက ဤလူငယ်သည် ဆိုးဆိုးဝါးဝါးအခြေအနေမှာရှိနေခဲ့ပြီး ပုန်းစရာနေရာမရှိဖြစ်နေခဲ့၏။

နှစ်ထောင်ဂဏန်းတချို့မျှနှင့် အရင်တုန်းက အားနည်းခဲ့သော ထိုကျင့်ကြံသူက ဤမျှအတိုင်းအတာအထိ ကြီးပြင်းလာခဲ့ပြီး ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ထိပ်သီးအဖွဲ့အစည်းသုံးခုကိုပင် စစ်ကူတောင်းနိုင်ခဲ့သည်။

ဆူဇီမိုက ရှုကောဟန်ကို လက်နှစ်ဖက်ယှက်ပြပြီး လေးနက်စွာပြောလိုက်၏။

“ကျုပ်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဆူဇီမိုပါ... အခုလိုကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်တပ်မှူးရှု”

ရှုကောဟန်က ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်ရဲ့သခင်လေးက ခင်ဗျားနဲ့ နတ်မိမယ်မိုချင်ကို ဖိတ်ခေါ်ထားပါတယ်”

သူက ထိုသို့ပြောလိုက်စဉ် အင်ပါယာစစ်သည်တော်များက ဘေးတစ်ဘက်တစ်ချက်စီသို့ ချဲထွက်သွားပြီး အလယ်မှာရှိသော ရိုးရှင်းသောရထားလုံးထံ ဦးတည်နေသည့် စင်္ကြံလမ်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။

အခြားတစ်ယောက်ယောက်က သူမကို ဤရထားလုံးထဲသို့ ဖိတ်ခေါ်မည်ဆိုလျှင် နတ်မိမယ်မိုချင်က သူတို့ကို သေချာပေါက်လျစ်လျုရှုပေလိမ့်မည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ မိုချင်သည် ရထားလုံးထဲမှာရှိသောလူ၏ သရုပ်သကန်ကို ခန့်မှန်းမိနေပြီဖြစ်ပြီး သူမက ထိုတောင်းဆိုချက်ကို ငြင်းပယ်ခြင်းမရှိပေ။

ဆူဇီမိုက ရှဲ့ချင်းချန်၏ ပခုံးကိုပုတ်ပြီး ညင်သာစွာခေါင်းညိတ်ပြလိုက်၏။

“အစ်ကိုရှဲ့... ခဏလောက်စောင့်ပါ ကျုပ်ပြန်လာခဲ့မယ်”

ထို့နောက် သူက ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်းကို မစိုးရိမ်ရန် ခေါင်းညိတ်ပြလိုက်၏။

ဆူဇီမိုနှင့် မိုချင်က လျှောက်လှမ်းသွားပြီးနောက် အင်ပါယာစစ်သည်တော်များက သူတို့၏ နေရာများမှာ နောက်တစ်ဖန်ပြန်ယူကာ လူတိုင်း၏ မြင်ကွင်းကို ပိတ်ဆို့တားဆီးလိုက်၏။

ယန်လောရှု၊ ရှဲ့ချင်းချန်နှင့် အခြားသူများသည် ရထားလုံးထဲမှာရှိသော လျှို့ဝှက်ဆန်းကြယ်သောလူ၏ သရုပ်သကန်ကို မသိရှိကြသေးပေ။

ဆူဇီမိုနှင့် မိုချင်က ရထားလုံးထဲသို့ ဝင်ရောက်လာပြီး ဘေးတစ်ဘက်မှာထိုင်နေသော ရိုးရှင်းသောဝတ်စုံဝတ်အမျိုးသမီးက သူတို့ကို ပြုံး၍ကြည့်နေ၏။ အဲဒါက စာအုပ်အင်မော်တယ်ယွင်ကျူးဖြစ်လေသည်။

ကျိရွှမ်အင်မော်တယ်နိုင်ငံမှာ အင်ပါယာစစ်တပ်ကို ဆင့်ခေါ်နိုင်သောလူက များစွာမရှိပေ။

ခေါင်းဆောင်တပ်မှူး ရှုကောဟန်ကို အမိန့်ပေးနိုင်သောလူက ပို၍ပင်ရှားပါးလေသည်။

ယွင်ထင်ပင်လျှင် ထိုကဲ့သို့ပြုလုပ်ဖို့ အဆင့်မမီပေ။

“အစ်မ... တကယ်ပဲနင်လား”

မိုချင်က ယွင်ကျူးကို ပြုံးပြလိုက်၏။

အဝီစိမှာတုန်းက သူတို့သုံးယောက်သည် သေရေးရှင်ရေးအန္တရာယ်များကို အတူတကွတွေ့ကြုံဖြတ်ကျော်ခဲ့ရ၏။ ထိုသို့ဖြင့် နတ်မိမယ်နှစ်ဦးကြား ဆက်ဆံရေးက အလွန်တရာရင်းနှီးလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ညီအစ်မများဟု သတ်မှတ်ထားကြ၏။

သူမ၏ စိတ်နေစရိုက်ကြောင့် မိုချင်မှာ အပေါင်းအသင်းမိတ်ဆွေများစွာမရှိပေ။ အဝီစိသို့သွားရာခရီးစဉ်အပြီး၌ သူသည် ယွင်ကျူးကို သူမ ယုံကြည်စိတ်ချရသောလူအဖြစ် သတ်မှတ်ထားခဲ့၏။

ဆူဇီမိုသည် စီနီယာအစ်မမိုချင်၏ အပြုံးကို တွေ့မြင်ရခဲလေသည်။

ယခု.. စီနီယာအစ်မမိုချင်က ယွင်ကျူးကိုပြုံးပြနေပြီး သူက သဘောကျမိလာ၏။

'ငါက... စီနီယာအစ်မမိုချင်နဲ့ တက္ကသိုလ်မှာနေတဲ့အတွက် ငါတို့က မကြာခဏ တွေ့ဆုံရတတ်တယ်... ဒါတောင်မှ ငါက ဒီလိုခံစားရတယ်ဆိုရင် အပြင်လူတွေက ဒီအပြုံးကိုတွေ့ရင် ရူးသွားနိုင်လောက်တယ်'

ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲဝင်ရောက်လာ၏။

“နင်ဘာတွေစဉ်းစားနေတာလဲ... ငါကနင့်ကို ဒီလောက်ထိ ကူညီပေးထားတာတောင်မှ နင်ကငါ့ကို နှုတ်မဆက်တော့ဘူးလား”

ထိုစဉ်မှာပင် ယွင်ကျူး၏ အသံကထွက်ပေါ်လာ၏။

ဆူဇီမိုက ငေးငိုင်ရာကနေ နိုးထလာပြီး ညင်သာစွာချောင်းဟန့်ကာ ပြုံးပြလိုက်၏။

“တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ကျုပ်ကိုအပြစ်မတင်ပါနဲ့... ဒီနေ့ကိစ္စအတွက် ကျုပ်ကအများကြီးကျေးဇူးတင်ပါတယ်”

ယွင်ကျူးက ပြုံး၍ ဆူဇီမိုကို အခက်တွေ့အောင်မလုပ်တော့ပေ။

သူက မိုချင်ကို လှည့်ကြည့်ပြီး ပြောလိုက်၏။

“ငါက.. ရုပ်လုံးထွက်မပြချင်ဘူး အဲဒါကြောင့် နင်တို့နှစ်ယောက်ကို လှမ်းခေါ်လိုက်ရတာပဲ”

ဆူဇီမိုနှင့် မိုချင်က ဤကိစ္စကို နားလည်သဘောပေါက်လေသည်။

မိုချင်က ပြောလိုက်၏။

“ဒါပေမဲ့... နင့်ရဲ့အင်ပါယာစစ်တပ်က ဒီတစ်ခေါက်ပေါ်ထွက်လာပြီး သူတို့နှစ်ယောက်ကို ခေါ်သွားမယ်... မဟာကျင်းအင်မော်တယ်နိုင်ငံက ဒီကိစ္စနောက်ကို ဆက်လိုက်လာမယ်ဆိုရင် နင်က အဲဒါကို ဘယ်လိုကိုင်တွယ်မလဲ”

ယွင်ကျူးက ပြန်မဖြေပေ။ သူက ဆူဇီမိုကိုကြည့်ပြီးမေးလိုက်၏။

“နင်က သူတို့နှစ်ယောက်ကို ဘာလုပ်ဖို့ရည်ရွယ်ထားလဲ”

ဆူဇီမိုက ပြောလိုက်၏။

“ကျုပ်က သူတို့ကို မိစ္ဆာမဟာနယ်မြေကို ပို့ပေးချင်တယ်”

သူ၏ ရည်ရွယ်ချက်သည် ဖုန့်စန်းထျန်နှင့် ဖုန့်ကျစ်ရီ ပြန်လည်ဆုံစည်းနိုင်စေဖို့ဖြစ်၏။

ယွင်ကျူးက ဆူဇီမိုကို ပြုံးစစဖြင့် ကြည့်ပြီး တည့်တည့်ပင်မေးလိုက်၏။

“သူတို့ကို မိစ္ဆာမဟာနယ်မြေက ထျန်ဟွမ်ဂိုဏ်းကို ပို့ပေးမယ်လေ အဲဒါမှ သူတို့ကို အထီးကျန်သိုင်းသခင်က ကာကွယ်ပေးနိုင်မှာပေါ့... ဟုတ်တယ်မလား”

ဆူဇီမိုက မလုံမလဲခံစားသွားရပြီး စီနီယာအစ်မမိုချင်ကို တစ်ချက်ခိုးကြည့်လိုက်၏။

သူမက ထူးခြားမှုတစ်စုံတစ်ရာကို သတိမထားမိသည်ကို သူတွေ့မြင်ရသောအခါ သူကအထစ်ထစ်​အငေါ့ငေါ့ပြောလိုက်၏။

“ဖုန့်စန်းထျန်က အဲဒီမှာ ရှိနေတယ်လေ သူက ကောင်းကင်လိုဏ်ဂူဘုရင်တစ်ပါးဖြစ်နေပြီလို့ ကျုပ်ကြားထားတယ်... သူက သူတို့ကို ဂရုစိုက်ပေးမှာပါ”

ယွင်ကျူးက ဆူဇီမိုကို ဆက်လက်၍ကျီစယ်မနေတော့ဘဲ တည်တံ့စွာပြောလိုက်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံက ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းလာမယ်ဆိုရင် အဲဒါကို ကိုင်တွယ်ဖို့က လွယ်ပါတယ်... သူတို့နှစ်ယောက်ကို လမ်းမှာတခြားတစ်ဖွဲ့က ဖြတ်လုသွားတယ်... ဒါမှမဟုတ် တခြားအကြောင်းပြချက်တစ်ခု ပေးလိုက်ရုံပဲ”

“ငါတို့တွေက မိစ္ဆာမဟာနယ်မြေကို ဦးတည်မယ်ဆိုရင်လည်း ကျိရွှမ်အင်မော်တယ်နိုင်ငံဘက်ကနေ သွားလို့ရတာပဲ... ငါက သူတို့ကို လိုက်ပို့ပေးလိုက်မယ်... ဘာအန္တရာယ်မှရှိမှာ မဟုတ်ဘူး”

“ကောင်းပါပြီ”

ဆူဇီမိုက ကျေနပ်မိသွား၏။

“ကျုပ်... သူတို့ကို လိုက်လာခဲ့ဖို့ အခုချက်ချင်းပဲသွားပြီး စီစဥ်ပေးလိုက်မယ်”

သူတို့က ကျိရွှမ်အင်မော်တယ်နိုင်ငံသို့ ဦးတည်ပြီး စာအုပ်အင်မော်တယ်ယွင်ကျူးက သူတို့ကို လိုက်ပါပို့ဆောင်ပေးမည်ဆိုလျှင် ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ်ညသင်္ချိုင်းသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ စောင့်ကြည့်မှုနှင့် လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ပေလိမ့်မည်။

ဆူဇီမိုက မတ်တတ်ထရပ်ပြီး ရထားလုံးထဲကနေ ထွက်ခွာသွား၏။ သူက ရှဲ့ချင်းချန်ဘေးသို့ အရင်ဆုံးသွားပြီး ပြောလိုက်၏။

“အစ်ကိုရှဲ့... ဒီကိစ္စအတွက် ကျုပ်ခင်ဗျားကို တကယ်ပဲကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဒီနေ့ ခင်ဗျားက အခုလိုမျိုးဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်လို့ ကျုပ်ထင်မထားခဲ့ဘူး”

“ရပါတယ်... ဘာမှမဖြစ်ဘူး”

ရှဲ့ချင်းချန်က အေးအေးဆေးဆေးပင်လက်ကာပြီး ပြုံးပြလိုက်၏။

“ဒီဒဏ်ရာက မဆိုသလောက်ပါ ရက်အနည်းငယ်လောက်အနားယူလိုက်ရင် ငါပြန်ပြီးကောင်းသွားမှာ”

“အစ်ကိုရှဲ့... ကျုပ်မှာ တခြားလုပ်စရာကိစ္စတွေရှိနေလို့ ခင်ဗျားနဲ့ ဒီနေ့တော့ အေးအေးဆေးဆေးမသောက်စားနိုင်သေးဘူး... ကျုပ် ဒီနေရာကနေပဲ နှုတ်ဆက်လိုက်တော့မယ်”

ဆူဇီမိုက လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ဒါပေမဲ့... အစ်ကိုရှဲ့ ခင်ဗျားနောက်ပိုင်း တစ်ခုခုလိုအပ်တာရှိရင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ကျုပ်ကို အချိန်မရွေးလာရှာလှည့်ပါ... ကျုပ်တတ်နိုင်တာရှိရင် သေချာပေါက်အကောင်းဆုံးကြိုးစားပေးမယ်”

“အင်း”

ရှဲ့ချင်းချန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူက ခဏမျှ စဥ်းစားတွေးတောလိုက်၏။ သူက တစ်ခုခုကိုပြောချင်နေသော်လည်း တွေဝေတုံ့ဆိုင်းနေလေသည်။

ရှဲ့ချင်းချန်က စကားပြောချင်သော်လည်း ​တုံ့ဆိုင်းနေသည်ကို ဆူဇီမိုတွေ့မြင်သောအခါ သူကပြောလိုက်၏။

“အစ်ကိုရှဲ့.... ခင်ဗျားစိတ်ထဲမှာ ပြောစရာရှိရင် ပြောလိုက်စမ်းပါ”

ရှဲ့ချင်းချန်က ခဏမျှနှုတ်ဆိတ်နေပြီးနောက် ပြုံးပြလိုက်၏။

“ဘယ်ရယ်မဟုတ်ပါဘူး... ငါတို့အဲဒါကို နောက်မှပြောကြတာပေါ့”

ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ရှဲ့ချင်းချန်၏ စိတ်ထဲတွင် ပြောစရာတစ်ခုခုရှသိနေသည်မှာ သိသာလေသည်။ သို့သော်လည်း သူက အဲဒါကို ရှင်းရှင်းလင်းလင်း မပြောလိုဘူးဆိုမှတော့... ဆူဇီမိုကလည်း ထပ်မံ၍မမေးမြန်နိုင်တော့ပေ။

ရှဲ့ချင်းချန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြုံး၍ သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ညီကိုဆူ... မပူပါနဲ့ မင်းလုပ်စရာရှိတာကိုဆက်လုပ်... ငါလည်းဒီကနေ ပြန်တော့မယ်... ငါတို့ နောက်ကျမှထပ်ပြီးဆုံကြတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ကျုပ်ပြောသလိုပဲ... ခင်ဗျားမှာ အခက်အခဲတစ်ခုရှိမယ်ဆိုရင် ကျုပ်ကိုလာရှာလိုက်ပါ”

“ကောင်းပြီလေ... ဒီနေရာကနေပဲ နှုတ်ဆက်ကြတာပေါ့”

ရှဲ့ချင်းချန်က ယန်လောရှု၊ မင်းသမီးသက်တံနီနှင့် အခြားသူများထံ လက်နှစ်ဖက်ကိုနောက်တစ်ဖန်ယှက်ပြပြီး နှုတ်ဆက်လိုက်၏။ သူက သူ၏ လက်အောက်ရှိ ကောင်းကင်အင်မော်တယ်များကို ဦးဆောင်ကာ စိတ်ဝိညာဥ်ယာဥ်ပျံနှင့်အတူ ထွက်ခွာသွားလေသည်။

ယန်လောရှုနှင့် မင်းသမီးသက်တံနီကလည်း ဆူဇီမိုကိုနှုတ်ဆက်ပြီး လက်ချင်းတွဲကာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာဘက်သို့ ပြန်သွားလေသည်။

ဆူဇီမိုက ပကတိအင်မော်တယ်ညသင်္ချိုင်းကို ကူညီဖေးမပြီး ဖုန့်ကျစ်ရီနှင့်အတူ အင်ပါယာစစ်တပ်ကို ဖြတ်ကျော်လိုက်၏။

ရိုးရှင်းသောရထားလုံးဘေးမှာ ယွင်ကျူးသည် ကျယ်ဝန်း၍ ခမ်းနားသော နောက်ထပ်ရထားလုံးတစ်စင်းကို ပြင်ဆင်ပေးထားပြီဖြစ်၏။

ဆူဇီမိုက ပကတိအင်မော်တယ်ညသင်္ချိုင်းကို အထဲသို့ ကူညီပို့ဆောင်ပေးပြီး ဖုန့်ကျစ်ရီကလည်း နောက်ကနေ လိုက်ပါလာ၏။

ရထားလုံးက ပွင့်သွားပြီး အထဲမှာ အသုံးအဆောင်ပစ္စည်းများစွာရှိနေ၏။

ယွင်ကျူး၏ ရိုးရှင်းသောရထားလုံးနှင့်ယှဥ်လျှင် အတော်လေးကွာခြားနေလေသည်။

ပကတိအင်မော်တယ်ညသင်္ချိုင်း၏ အခြေအနေက ပို၍ဆိုးဝါးလာပြီး သူက မတ်တတ်ပင် မရပ်နိုင်တော့ပေ။ သူက ရထားလုံးထဲမှာ လှဲနေရပြီး သူ၏ မျက်လုံးထဲရှိ အလင်းရောင်က တဖြည်းဖြည်းမှိန်ဖျော့လာ၏။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ လျှို့ဝှက်မရဏဂိုဏ်းကို တည်ထောင်ခဲ့သော လုပ်ကြံသတ်ဖြတ်သူများ၏ ဧကရာဇ်ဖြစ်ခဲ့ပြီး ရှေးဟောင်းခေတ်စစ်ပွဲကို တွေ့ကြုံဆင်နွှဲခဲ့ဖူး၏။ သူအထက်ဘုံသို့ တက်လှမ်းလာ၍ နောက်ထပ်နှစ်လေးသိန်းအကြာမှာတော့ သူက သူ၏ လမ်းဆုံးသို့ ရောက်ရှိသွားရဆဲဖြစ်၏။

ပကတိအင်မော်တယ်ညသင်္ချိုင်းက သူ၏ လမ်းဆုံးသို့ ရောက်ရှိနေလေပြီ။

သူ့မှာ သူ၏ ဒဏ်ရာများကို ကုသဖို့အတွက် ခွန်အားပို မကျန်ရှိတော့ပေ။

ရထားလုံးကစတင်၍ ရွေ့လျားနေပြီဖြစ်၏။

သို့သော်လည်း အထဲမှာထူးခြားစွာ တိတ်ဆိတ်ငြိမ်သက်၍ ခွဲခွာခြင်း၏ ပူဆွေးဝမ်းနည်းမှုဖြင့် ပြည့်နှက်နေ၏။

All Chapters