ဆုတ်ခွာခြင်း
Vol. 165 Ch. 2462
ဆူဇီမိုက လွဲလျှင် ကြွယ်ဝူယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာထူးခြားနေသည်ကို တခြားမည်သူကမှ သတိမထားမိကြပေ။
ကြွယ်ဝူယင်းသည် ကျင့်ကြံရေးနည်းစနစ်များစွာကို ကျင့်ကြံထားပြီး အစကတည်းက သူ၏ အော်ရာကို ဖုံးကွယ်ထားနိုင်၏။
အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အန္တိမနတ်ဘုရားစွမ်းအားက သုခဘုံလေဟာနယ် ပကတိအင်မော်တယ်တစ်ယောက်အပေါ် သက်ရောက်စေနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ထိုအခိုက်အတန့်မှာ ကြွယ်ဝူယင်း၏ ရင်ထဲမှာ ဗလောင်ဆူနေ၏။
သူ၏ ဘဝသက်တမ်းက နှစ်ခြောက်သောင်း လျော့ကျသွားခဲ့သည်။
အစကတော့ သူ့အသက်က နှစ်သုံးသိန်းရှစ်သောင်းဖြစ်ပြီး နှစ်ငါးသိန်းဘဝသက်တမ်းရှိသော ပကတိအင်မော်တယ်တစ်ယောက်အတွက် သူ၏ အရွယ်ကောင်းမှာ ရှိနေသေး၏။
သို့သော်လည်း အသက်ရှုချိန်အနည်းငယ်မျှနှင့် သူ့အသက်က နှစ်လေးသိန်းလေးသောင်း ဖြစ်လာခဲ့၏။
သူ၏ တိုက်ခိုက်ရေးခွန်အားက ကျန်ရှိနေသေးပြီး လျော့ကျမှု မရှိသလောက်နီးပါးဖြစ်သော်လည်း ထိုအချိန်မှစ၍ သူသည် သူ၏ အရွယ်ကောင်းကို ကျော်လွန်ကာ အကျပိုင်းသို့ စတင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် ထိုရွှေမြားကို ကောင်းကောင်းရှောင်လွှဲနိုင်ခဲ့ပေလိမ့်မည်။
သူက သူ၏ တွက်ချက်မှုများအပေါ် ယုံကြည်မှုရှိလေသည်။
သို့သော်လည်း သူ့ဘဝသက်တမ်း လျော့ကျမှုကြောင့် သူ၏ ခွန်အားမှာ တိမ်းစောင်းမှုတစ်ခုဖြစ်သွားခဲ့၏။
ထို့ကြောင့်ပင် ရွှေမြားက သူ၏ ဝါးခမောက်ကို ဆုတ်ဖြဲသွားခဲ့ခြင်းဖြစ်လေသည်။
ကြွယ်ဝူယင်းနှင့် ဆူဇီမိုက လွဲလျှင် စောစောက သူ၏ ခန္ဓာကိုယ်ထဲမှ တိမ်းစောင်းမှုအနည်းငယ်ကို အခြားမည်သူကမှ မသိကြပေ။
“အဲဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
ကြွယ်ဝူယင်းက အဲဒါကို မယုံကြည်နိုင်ပေ။
အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက် ထုတ်ဖော်လိုက်သည့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုက သူ၏ ဘဝသက်တမ်းအပေါ် သက်ရောက်စေပြီး နှစ်ခြောက်သောင်းကျော်ကိုပင် လျော့ကျစေနိုင်သည်တဲ့လား။
အဲဒါက အန္တိမနတ်ဘုရားစွမ်းအားတစ်ခု လုံးဝမဟုတ်ဘဲ.. အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်မနေသရွေ့ပေါ့။
သို့သော်လည်း အဲဒါက အဓိပ္ပာယ်မရှိပေ။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများသည် အမြုတေစိတ်ဝိညာဉ်အတွက် လိုအပ်ချက် အလွန်တရာမြင့်မားလေသည်။ အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ကို မပြောနှင့်… အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ပင် အဲဒါကို ထုတ်ဖော်ပါက သူတို့၏ အမြုတေစိတ်ဝိညာဉ်က အားအင်ကုန်ခန်းပြီး နေရာမှာပင် သေဆုံးသွားရပေလိမ့်မည်။
ဒါ့အပြင် ကောင်းကင်အင်မော်တယ်တစ်ယောက်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများနှင့် ဘယ်လိုလုပ် ထိတွေ့ခွင့်ရနိုင်ပါ့မလဲ။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများသည် တဗူးဂမ္ဘီရကျင့်စဉ်များနှင့် ယှဉ်နိုင်လေသည်။
ပကတိအင်မော်တယ်အများစုက အဲဒါနှင့် ထိတွေ့နိုင်ဖို့ ခဲယဉ်းလေသည်။
သူတို့က အဲဒါကို နားလည်ဆင်ခြင်ပြီး ထုတ်ဖော်ဖို့နေနေသာ… အဲဒါနှင့် ထိတွေ့နိုင်မည်ဆိုလျှင်တောင်… သူတို့၏ ဘဝတစ်သက်လုံးကို ကုန်ဆုံးစေမည်ဆိုလျှင်တောင် အဲဒီကနေ အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိနိုင်ဖို့ မလွယ်ကူပေ။
ပကတိအင်မော်တယ်ပညာရှင်တစ်ဦးသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်မည်ဆိုလျှင်… သူသည် မျက်မှောက်ခေတ်၏ အန္တိမပကတိအင်မော်တယ်ဖြစ်ဖို့ သေချာသလောက်နီးပါးဖြစ်သည်ဆိုလျှင် ချဲ့ကားရာကျလိမ့်မည် မဟုတ်ပေ။
ကြွယ်ဝူယင်းသည် အကျိုးသင့်အကြောင်းသင့် မရှိဘဲ သူ့ဘဝသက်တမ်း နှစ်ခြောက်သောင်းကို ဆုံးရှုံးလိုက်ရ၍ ဒေါသထွက်နေသော်လည်း သူက ဆူဇီမိုကို ချက်ချင်းမတိုက်ခိုက်ပေ။
ပထမတစ်ချက်… ဆူဇီမိုသည် ပန်းချီအင်မော်တယ် မိုချင်၏ ဘေးမှာ မတ်တတ်ရပ်နေပြီဖြစ်၏။
ပန်းချီအင်မော်တယ် မိုချင်က နတ်ဘုရားတစ္ဆေအင်မော်တယ်မိစ္ဆာပန်းချီကားချပ်ကို ကိုင်စွဲထားပြီး သူ့မှာ မည်သည့်အခွင့်အရေးမှ ဆက်လက်၍ မရှိတော့ပေ။
ဒုတိယတစ်ချက်… စောစောက မြားပစ်လိုက်သောလူက သူ့အတွက် ခြိမ်းခြောက်မှု အကြီးမားဆုံးဖြစ်သည်။
ကြွယ်ဝူယင်းသည် ရွှေမြားလာရာဘက်ကို လှည့်ကြည့်လိုက်ပြီး ရာနှင့်ချီသော မြင်းစီးစစ်သည်တော်တစ်အုပ်စုက ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသည်ကို တွေ့မြင်လိုက်ရ၏။
သူတို့အားလုံးက တိုက်ပွဲဝင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး လှံများကို ကိုင်စွဲထားကြ၏။ သူတို့စီးနင်းလာသော မြင်းများက မြင့်မားပြီး တစ်မူထူးခြားလေသည်။ သူတို့သည် သူတို့၏ မြင်းခွာများပေါ်မှ မီးတောက်များနဲ့အတူ သူတို့မှာ စွမ်းအားကြီးမားသော အော်ရာများ ရှိနေ၏။ သူတို့က ဗီဇပြောင်း အင်မော်တယ်တောကောင်များဖြစ်သည်မှာ သိသာလေသည်။
သူတို့၏ ခေါင်းဆောင်က ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အရပ်မြင့်မြင့်နှင့် ဗလတောင့်တောင့်ဖြစ်လေသည်။ သူကလည်း မြင်းတစ်ကောင်ကို စီးနင်းလာလျှင်တောင် သူက အခြားလူများထက် များစွာသာလွန်နေ၏။
သူ့မှာ ကြည့်ကောင်းတင့်တယ်သော ရုပ်ရည်သွင်ပြင်ရှိပြီး သူ၏ မျက်လုံးများက ပင်လယ်ကဲ့သို့ အပြာရောင်ဖြစ်၏။ သူ၏ မျက်တွင်းအိမ်က အနည်းငယ်ချိုင့်ဝင်နေပြီး သူ၏ နက်ရှိုင်းသော အကြည့်နှင့် နှာတံမြင့်မြင့်က ထင်ရှားပေါ်လွင်နေ၏။
သူတို့၏ ခေါင်းဆောင်က နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ဦးဖြစ်လေသည်။
နတ်ဘုရားမျိုးနွယ်သက်ရှိသည် သူ၏ ကျောမှာ ရွှေမြားကျည်တောက်တစ်ခုကို လွယ်ထားပြီး သူ၏ မြင်းကုန်းနှီးပေါ်မှာ ရွှေရောင်လှံပုဆိန်တစ်လက်ကို တင်ထား၏။ သူ၏ လက်ထဲမှာတော့ ဧရာမလေးတစ်လက်ကို ကိုင်စွဲထားလေသည်။
သူတို့အဖွဲ့မှာ မြင်းစီးစစ်သည်တော်များစွာ မပါရှိသော်လည်း သူတို့က စည်းစနစ်တကျရှိပြီး သူတို့တစ်ယောက်ချင်းစီက စစ်မြေပြင်ကို ရောက်ရှိနေသည့်အလား သံမဏိသတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ထားကြ၏။
“အဲဒါက ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ အင်ပါယာစစ်တပ်ပဲ”
ယန်လောရှုက ခပ်တိုးတိုး ပြောလိုက်၏။
“ကြည့်ရတာတော့ သူတို့က ငါတို့ဘက်မှာ ရှိနေတဲ့ပုံပဲ… ဒီလိုမျိုးအင်အားတစ်ခုကို ဘယ်သူက ဖိတ်ခေါ်ခဲ့တာပါလိမ့်”
ဆူဇီမိုက လှမ်းကြည့်လိုက်၏။ အင်ပါယာစစ်သည်တော်များကြားမှာ ရထားလုံးတစ်လုံး ရှိနေပုံရသည်ကို သူက ခပ်ရေးရေးတွေ့မြင်နိုင်သော်လည်း အထဲမှာရှိသောလူကို သူက မတွေ့မြင်ရပေ။
ယန်လောရှုက ပြောလိုက်၏။
“ဦးဆောင်လာတဲ့ နတ်ဘုရားမျိုးနွယ်က ရှုကောဟန်ပဲ… အကြောင်းအရင်း တချို့ကြောင့် သူက ကျိရွှမ်အင်မော်တယ်နိုင်ငံကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ပြီး အင်ပါယာစစ်တပ်ရဲ့ ခေါင်းဆောင်တပ်မှူးတစ်ယေက် ဖြစ်လာခဲ့တယ်”
“အဲဒီလူက တိုက်ခိုက်လေ့ သိပ်မရှိဘူး… ဒါပေမဲ့ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ပကတိအင်မော်တယ်တွေကြားထဲမှာ ထိပ်ဆုံးငါးယောက်ထဲမှာ ရှိတယ်လို့ ပြောကြတယ်”
“ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ တော်ဝင်မိသားစုထဲက အရမ်းကို အဆင့်အတန်းမြင့်မားတဲ့ လူတစ်ယောက်ကပဲ အဲဒီလူကို ဆင့်ခေါ်နိုင်မယ်”
ထိုစကားကို ကြားသောအခါ ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရထားလုံးထဲမှာရှိသောလူ၏ သရုပ်သကန်ကို ခပ်ရေးရေး ခန့်မှန်းမိသွား၏။
ယန်လောရှုက စဉ်းစားရခက်စွာဖြင့် ပြောလိုက်၏။
“ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ စစ်တပ်တစ်တပ်ကို ဒီအထိရောက်အောင် ခေါ်လာဖို့ စွမ်းအားရှိတဲ့လူက ဘယ်သူလဲ မသိဘူး”
ဆူဇီမိုက နှုတ်ဆိတ်နေ၏။
မိုချင်ကသာလျှင် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ဆူဇီမိုကို တစ်ချက်ကြည့်လိုက်၏။
ယန်လောရှုက ခဏမျှ စဉ်းစားတွေးတောပြီးနောက် ပန်းချီအင်မော်တယ်မိုချင်ကို တစ်ချက်ကြည့်၍ ဆူဇီမိုထံ အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“အဲဒါက စီနီယာအစ်မမိုချင် ဖြစ်လိမ့်မယ်… သူ့မှာပဲ ဒီလိုမျိုး လွှမ်းမိုးနိုင်စွမ်းရှိမယ်”
“လက်စသတ်တော့ ခေါင်းဆောင်မှူးရှုပဲ… ဒီလိုမျိုး ခွန်အားနဲ့မြားကို ဘယ်သူကများ ပစ်နိုင်တာလဲလို့ ကျုပ်က စဉ်းစားနေတာ”
ကြွယ်ဝူယင်းက မလှမ်းမကမ်းမှာ ရှိသော ရှုကောဟန်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
“ခေါင်းဆောင်မှုရှု… ခင်ဗျားက ဒီနေရာကို ဘာကြောင့် ရောက်လာတာလဲ မသိဘူး”
“ငါက ဟိုလူနှစ်ယောက်ကို ခေါ်သွားမလို့ပဲ”
ရှုကောဟန်က ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ် ညသင်္ချိုင်းကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“မပူပါနဲ့”
ဆူဇီမိုက ဖုန့်ကျစ်ရီနှင့် ပကတိအင်မော်တယ် ညသင်္ချိုင်းထံ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပေးလိုက်၏။
“ကျိရွှမ်အင်မော်တယ်နိုင်ငံက လူတွေမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူး”
“ကျုပ်က သူတို့ကို ထည့်မပေးဘူးဆိုရင်ရော”
ကြွယ်ဝူယင်းက မျက်ခုံးအနည်းငယ်ပင့်ကာ မေးလိုက်၏။
ချွမ်း…
ရုတ်တရက် ရှုကောဟန်က သူ့ရှေ့မှာရှိသော လှံကို ဖြတ်ရိုက်ပြီး မှင်သေသေဖြင့် ပြောလိုက်၏။
“မင်း စမ်းကြည့်လိုက်လေ”
ရှုကောဟန်အပြင် ကျိရွှမ်အင်မော်တယ်နိုင်ငံဘက်မှ ပကတိအင်မော်တယ် ဆယ်ယောက်ထက် ပိုမရှိပေ။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် ကျိရွှမ်အင်မော်တယ်နိုင်ငံက ပူးပေါင်းမည်ဆိုလျှင်တောင် သူတို့သည် အရေအတွက်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံကို မယှဉ်နိုင်ပေ။
သို့သော်လည်း ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားလာမည်ဆိုလျှင် မဟာကျင်းအင်မော်တယ်နိုင်ငံသည် ကြီးမားသော ပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ရပြီး ရှုံးနိမ့်မှုဖြင့် ပြန်သွားရနိုင်ခြေ ရှိလေသည်။
ကြွယ်ဝူယင်းသည် အလွန်ဆုံး ရှုကောဟန်ကိုသာ ထိန်းထားနိုင်မည်ဖြစ်၏။ ထိုသို့ဆိုလျှင်တောင် သူအနိုင်ရဖို့ အခွင့်အရေးက မမြင့်မားပေ။
နတ်မိမယ်မိုချင်က သူမ၏ လက်ထဲရှိ ပန်းချီစာအုပ်ကို ဆုတ်ဖြဲပြီး စွမ်းအားကြီးမားသော ကြမ်းကြုတ်တောကောင်များနှင့် သက်ရှိများစွာကို ထွက်ပေါ်လာစေမည်ဆိုလျှင် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ ပကတိအင်မော်တယ်များက အဲဒါကို ခုခံနိုင်ဖို့ မလွယ်ပေ။
ကျိရွှမ်အင်မော်တယ်နိုင်ငံမှ အင်ပါယာစစ်တပ်ကြားတွင် ထူးဆန်းသော ရထားလုံးတစ်လုံးကလည်း ရှိနေ၏။ အဲဒါက မည်သည့်အဆင်တန်ဆာမှ မရှိဘဲ အလွန်တရာ ရိုးရှင်းသည့်ပုံပေါ်နေ၏။
သို့သော်လည်း ကြွယ်ဝူယင်းသည် ရထားလုံးထဲမှာရှိသောလူကို တိတ်တဆိတ်ဖြင့် ကြိမ်ဖန်များစွာ စစ်ဆေးကြည့်လိုက်သော်လည်း အချည်းနှီးသာဖြစ်ရ၏။
သူ၏ စိတ်ဝိညာဉ်အသိစိတ်က ရထားလုံးထဲသို့ ဝင်ရောက်သွားပြီးနောက် ပင်လယ်ထဲသို့ ကျဆင်းသွားသော ရွှံ့တုံးတစ်တုံးလို ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
ဘာမှန်းမသိရသော အရာများက အလှည့်အပြောင်းများဖြစ်လေသည်။
ကြွယ်ဝူယင်းသည် စစ်ပွဲတစ်ခုကို မဆင်မခြင် မစတင်ရဲပေ။
စောစောက သူပြောခဲ့သည့်စကားသည် တကယ်တော့ ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကို စမ်းသပ်ကြည့်ရုံမျှသာဖြစ်၏။
သို့သော်လည်း ရှုကောဟန်၏ ယိမ်းယိုင်မှု မရှိသော စိတ်သဘောထားက သူ့ကို နောက်ဆုတ်စေဖို့ ဖိအားပေးလာခဲ့၏။
ဒါ့အပြင် သူ၏ ဘဝသက်တမ်းသည် ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အန္တိမနတ်ဘုရားစွမ်းအားဖြင့် ထိခတ်ခံရပြီးနောက် နှစ်ခြောက်သောင်း လျော့ကျသွားခဲ့၏။
သူက ဤနေရာကနေ ပြန်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ မှားယွင်းမှုတစ်စုံတစ်ရာ ရှိသလားနှင့် သူဆုံးရှုံးခဲ့ရသော ဘဝသက်တမ်း နှစ်ခြောက်သောင်းကို ဘယ်လိုပြန်ရယူနိုင်မလဲ တတ်နိုင်သမျှမြန်မြန် စစ်ဆေးကြည့်ချင်နေ၏။
ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အန္တိမနတ်ဘုရားစွမ်းအားသည် သူ၏ ဘဝသက်တမ်း နှစ်ခြောက်သောင်းကို ရှင်းရှင်းလင်းလင်း နှုတ်ယူပြီး သူ့အပေါ် အစားထိုးမရသည့် ပျက်စီးထိခိုက်မှုကို ဖြစ်စေလိမ့်မည်ဟု သူက လက်မခံနိုင်သေးပေ။
“ခေါင်းဆောင်တပ်မှူးရှု… ခင်ဗျားက ဒီလောက်ထိ ပြတ်သားနေပြီဆိုမှတော့ ကျုပ်က ခင်ဗျားကို မျက်နှာသာပေးလိုက်မယ်”
ခဏမျှ အသံတိတ်နေပြီးနောက် ကြွယ်ဝူယင်းက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒါပေမဲ့ ခင်ဗျားကာကွယ်ဖို့ ရွေးချယ်လိုက်တဲ့ လူနှစ်ယောက်က မဟာကျင်းအင်မော်တယ်နိုင်ငံက အလိုရှိနေတဲ့ ရာဇဝတ်သားတွေဖြစ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့”
“ဒီကိစ္စကြောင့် ကျုပ်တို့အင်မော်တယ်နိုင်ငံနှစ်နိုင်ငံကြားမှာ ပဋိပက္ခတစ်ခုဖြစ်ပွားလာမယ်ဆိုရင် ခင်ဗျားက အဲဒါအတွက် တာဝန်မခံနိုင်မှာ ကျုပ်စိုးရိမ်မိတယ်”
ရှုကောဟန်က ယိမ်းယိုင်သွားခြင်း မရှိဘဲ မှင်သေသေဖြင့် ပြောလိုက်၏။
“မင်း ငါ့ကို စိုးရိမ်ပေးစရာ မလိုပါဘူး”
“ကောင်းပြီလေ”
ကြွယ်ဝူယင်းက လှောင်ရယ်လိုက်၏။
“ကျုပ်ပြန်သွားပြီးရင် ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာတိုင်းကို သေချာပေါက် အစီအရင်ခံတင်ပြပေးမယ်။ ခေါင်းဆောင်မှူးရှု… ကျုပ်က ဒီနေ့ ခင်ဗျားရဲ့မြားကို မှတ်ထားတယ်… ခင်ဗျား နောက်ပိုင်း အပြင်ဘက်မှာ သွားလာတဲ့အခါ ဂရုစိုက်ပါ”
ထိပ်သီးလုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ခြိမ်းခြောက်မှုမှာ ရှုကောဟန်၏ အမူအရာပင် အလိုလိုပြောင်းလဲသွားပြီး သူက မျက်မှောင်ကြုတ်လိုက်ရ၏။
ထိုသို့ပြောရင်း ကြွယ်ဝူယင်းက နေရာကနေ ဖျတ်ခနဲ ပျောက်ကွယ်သွား၏။
မဟာကျင်းအင်မော်တယ်နိုင်ငံမှ အခြားသော ပကတိအင်မော်တယ်ပညာရှင်များကလည်း အကြည့်ချင်းဖလှယ်ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံ ရှိရာဘက်ကို ပြန်လှည့်လိုက်ကြရ၏။
ထောင်နှင့်ချီသော အာဏာပါးကွက်သား အစောင့်တပ်သားများကလည်း ဒီရေလှိုင်းတစ်လှိုင်းကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာသွားကြလေသည်။