ချိန်းတွေ့ခြင်း
Vol. 25 Ch. 419
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီကြားက နားလည်မှုလွဲခြင်းက ဖြေရှင်းနိုင်သွားပြီဖြစ်၍ လူတိုင်း ပျော်ရွှင်သွားကြသည်။
ဒါပေမယ့်…
ကုန်းထျန်းဟောက်ရဲ့လှည့်ဖျားမှု ဖော်ထုတ်ခံလိုက်ရပြီးတော့ သူ ရှောင်မိသားစုကို ထပ်ပြီးခြေမချနိုင်တော့ပေ။
မေမေရှောင်က
“သခင်လေးကုန်း၊ မင်းလိုအရေးကြီးပုဂ္ဂိုလ်တစ်ယောက်အတွက် ကျွန်မတို့အိမ်က အရမ်းသေးလွန်းပါတယ်!”
ဖေဖေရှောင်ကလည်း
“သခင်လေးကုန်း၊ ကျွန်တော်တို့ကိုအခု အေးအေးဆေးဆေးပဲ ပေးနေပါတော့!”
ကုန်းထျန်းဟောက်၊ “…”
ဒီလိုဟာမျိုး ဖြစ်လာလိမ့်မယ်လို့ သူသိနေခဲ့သည်။
“ဦးလေး ဒေါ်လေး၊ ကျွန်တော် ရှင်းပြနိုင်ပါတယ်”
ကုန်းထျန်းဟောက်က ပြောလိုက်သည်။
သူနဲ့ ရှောင်လင်းယွီက နောက်ဆုံးမှာ ရင်တွင်းစကားတွေပြောခဲ့ကြသည်။ သူတို့ရဲ့ခံစားချက်အစစ်အမှန်တွေကို ပြသခဲ့ကြသည်။ ပြုမူပုံကတော့ အိမ်ထောင်ရေးကို လမ်းခင်းနေသည်။ ဒါပေမယ့်လည်း သူ့လျှို့ဝှက်ချက်ကို ရှောင်မိသားစုကိုလည်း ပြသခဲ့သည်။ ပြီးတော့ ၎င်းကလည်း သူ့ရဲ့နာမကျန်းဖြစ်မှုကို သူဟန်ဆောင်နေတဲ့အချိန်မှပဲဖြစ်သည်။
ကုန်းထျန်းဟောက်ရဲ့မျက်နှာက ပူပင်သောကတွေနဲ့ ပြည့်နေသည်။ ရှောင်မိသားစုက သူ့ကို သူတို့အိမ်ဆီလာဖို့ ငြင်းဆိုထားကြသည်။ သူတို့က သူ ရှောင်လင်းယွီကို တွေ့တာကိုတောင် တင်းတင်းမာမာတားဆီးထားသည်။
ဖန်တရာတေအောင်အချိန်တွေကုန်ပြီးသွားတော့ ကုန်းထျန်းဟောက်က ဧည့်ခန်းထဲမှာ စိတ်ပျက်စွာနဲ့ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ သူ့ဆံပင်ကို ခနလောက် ကုတ်လိုက်သည်။
ဧည့်ခန်းထဲမှာ တခြားလူတချို့ကလည်း ကုန်းထျန်းဟောက်ရဲ့အမူအယာကို မြင်ခဲ့ကြပြီး ကုန်းထျန်းဟောက်ရဲ့စိတ်ပျက်မှုနဲ့ စိုးရိမ်မှုကို လုံးဝလျစ်လျူရှူကာ သူတို့ရဲ့လက်ဖက်ရည်ကို အေးအေးဆေးဆေးသောက်နေခဲ့ကြသည်။ နောက်ဆုံးမှာတော့ သခင်ကြီးကုန်းက ဆက်ပြီး မခံနိုင်တော့ပေ။ သူက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်မှာထားလိုက်ပြီး မပျော်မရွှင်နဲ့
“ကုတ် ကုတ်၊ မင်းခေါင်းကို ဆက်ကုတ်နေရင် ဂတုံးဖြစ်သွားလိမ့်မယ်”
စစ်ထူရှင်းကလည်း ထောက်ခံကာ
“ဟုတ်တယ် ဟုတ်တယ်။ ဒါပေမယ့်လည်း ဘော့စ်လို ချောမောတဲ့သူတစ်ယောက်အတွက် ဂတုံးဖြစ်သွားရင်တောင် အချောဆုံးဂတုံးဖြစ်နေဦးမှာပဲ။ ဒါပေမယ့် မရီးက ဒါကို မကျေမနပ်ဖြစ်မလားဆိုတာတော့ ကျွန်တော်သိချင်မိတယ်”
“…”
ကုန်းထျန်းဟောက်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မပျော်မရွှင်ပြောကာ
“အဲ့ဒါမင်းရဲ့ငတုံးအကြံကြောင့်၊ ငါ့ကိုကူညီရမယ့်အစား မင်းကဒီမှာ ငေါ့တော့တော့ဝေဖန်ရေးတွေလုပ်နေတယ်။ မင်း အစားအသောက်တွေအတွက် ရှောင်မိသားစုကို ထပ်သွားချင်သေးလား?”
စစ်ထူရှင်းက ချက်ချင်းပင် သဘောမတူကြောင်း ထပြောလေသည်။
“ဘော့စ်၊ ဒါမကောင်းတဲ့အကြံမှမဟုတ်ဘဲ။ ကြည့်လေ ဒါက ဘော့စ်နဲ့ မရီးကြားက ပြဿနာကို ဖြေရှင်းပြီးပြီမဟုတ်ဘူးလား? အခု သူ့မှာ ဘော့စ်အတွက် ခံစားချက်တွေရှိမှန်း သိပြီပဲ။ ပြောရမယ်ဆိုရင် ဘော့စ်က ကျွန်တော့်ကို ကျေးဇူးတောင်တင်ဖို့ ရှိသေးတယ်”
သူ ဒီအကြံထွက်လာတုန်းက ဂယက်ရိုက်မှုတချို့ဖြစ်မည်ကိုတော့ မျှော်လင့်ခဲ့ပေမယ့် ဒါ သူ့အမှားမဟုတ်ဘူးလေ။
“ဘော့စ်၊ ဘော့စ်မှာ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ဖို့ရှိတယ်။ ဘော့စ်က လျှို့ဝှက်ချက်ကြီးနှစ်ခုကို လွှတ်ခနဲထွက်သွားပြီး သရုပ်ဆောင်မှုကလည်း အဖော်ခံလိုက်ရတယ်”
စစ်ထူရှင်းက သူ့ကိုယ်သူခုခံကာ
“မရီးက ဘော့စ်ကလေးကို လွယ်ထားပြီး ဘော့စ်က တရုတ်က အချမ်းသာဆုံးလူဆိုတာက ရှောင်မိသားစုအတွက် အံ့ဩစရာသတင်းတွေပဲ။ ကျွန်တော်သာ သူတို့မိသားစုဝင်ဆိုရင် ဘော့စ်ခြေထောက်ကို ချိုးပစ်မှာ။ ဘော့စ်ကို သူတို့အိမ်ထဲဝင်လာဖို့ တားမြစ်ထားလို့ပဲ ကံကောင်းသွားတယ်”
ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့ကလေးနဲ့ ကိုယ်ဝန်လွယ်နေရသည်။ ဒီကလေးဘယ်လိုပဲထွက်လာထွက်လာ ကလေးက သူ့ကလေးမှန်း ကုန်းထျန်းဟောက်သိပေမယ့် သူဘယ်တုန်းကမှ ရှောင်မိသားစု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို မပြောပြခဲ့ပေ။ အဲ့ဒီအစား သူက ရှောင်လင်းယွီကို အပြင်လူတွေဆီက အပြစ်တင်ဝေဖန်မှုတွေနဲ့ အထင်သေးမှုတွေကို ခံစားရစေခဲ့သည်။
ရှောင်မိသားစုက ဘယ်မိသားစုဝင်မဆို ဒေါသထွက်မည်သာဖြစ်သည်။ သူက ရည်ရွယ်ချက်ရှိရှိ သူတို့သမီးကို နာကျင်စေခဲ့တာလေ။ သူ့မှာလည်း သူ့အကြောင်းရင်းရှိလောက်ပေမယ့် ဒါက သူက ရှောင်လင်းယွီကို နာကျင်စေခဲ့တယ်ဆိုတဲ့အချက်ကိုတော့ မပြောင်းလဲနိုင်ပေ။
ရှောင်မိသားစုက သူတို့ရဲ့ကလေးကို အရမ်းချစ်သည်။ သူတို့က ကုန်းထျန်းဟောက်ကို လွယ်လွယ်ခွင့်လွှတ်မှာ မဟုတ်ပေ။
ငါးရက်မြောက်တောင် ရှိနေပြီဖြစ်သည်။ ဒီငါးရက်အတွင်းမှာ ရှောင်လင်းယွီကိုမြင်ရဖို့မပြောနဲ့ သူ ရှောင်မိသားစုထဲကိုတောင် ခြေမလှမ်းနိုင်ပေ။
ကုန်းထျန်းဟောက်ရဲ့စူးရှတဲ့အကြည့်က စစ်ထူရှင်းကို တစ်ချက်ကြည့်လိုက်ကာ
“မင်းကိုလည်း ကန်ထုတ်စေချင်တာလား? လန်ယွဲ့က မင်းကိုရှာနေတယ်လို့ ငါကြားတယ်…”
“ဘောစ့် မလုပ်ပါနဲ့!”
လန်ယွဲ့ဆိုတဲ့နာမည်ကိုကြားရုံနဲ့တင် စစ်ထူရှင်းရဲ့အမူအယာက သိသိသာသာပြောင်းလဲသွားသည်။
သူက စိုးရိမ်စွာနဲ့
“ကျွန်တော်အခု ပါးစပ်ပိတ်ထားမယ်”
သူသာ အဲ့ဒီရူးနေတဲ့မိန်းကလေးဆီမှာ မိသွားရင် သေချာပေါက် ကောင်းမွန်တဲ့ဘဝတစ်ခုရမှာ မဟုတ်ပေ။
ကုန်းထျန်းဟောက်က သူ့နှုတ်ခမ်းတွေကို ကွေးလိုက်ကာ
“မင်းကို ငါ ပါးစပ်မပိတ်စေချင်ဘူး။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ မင်းကိုရှာစေချင်တာ။ ငါအခုဘာလုပ်သင့်လဲ?”
“စစ်ထူရှင်း၊ မင်းကငါ့ကို ဟန်ဆောင်နေမကောင်းခိုင်းတဲ့သူလေ။ ဒီတော့ ဒါကိုဖြေရှင်းဖို့ မင်းနည်းလမ်းတစ်ခု စဉ်းစားရမယ်။ မဟုတ်ရင် ငါလန်ယွဲ့ကိုခေါ်…”
“ကျေးဇူးပြုပြီး ဘော့စ်၊ ကျွန်တော်အခုလုပ်မယ်!”
စစ်ထူရှင်းက ချက်ချင်းပြောလိုက်သည်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ သူ့ဟာသူရေရွတ်ကာ
“ဘော့စ်က အဲ့ဒီအကြံကို လက်ခံခဲ့တဲ့သူလေ။ ကိုယ့်ဟာကိုအထိန်းအချုပ်မဲ့ပြီး ဟန်ဆောင်နေမကောင်းတာကို ပြလိုက်ပြီးတော့ ဘာလို့များ ကျွန်တော့်ကို လာအပြစ်တင်နေရတာလဲ?”
ဒါပေမယ့် သူကဘော့စ်ဖြစ်နေတော့ သူလုပ်နိုင်တာဘာမှမရှိပေ။ မဟုတ်ရင် သူ့ဘော့စ်ဆီကဖုန်းတစ်ချက်နဲ့တင် သူ ဒီထောင်ယွမ်ရွာနဲ့ အစားအစာကောင်းတွေအများကြီးကို စွန့်ခွာခဲ့ရနိုင်သည်။
ကုန်းထျန်းဟောက်က စစ်ထူရှင်းကို ကြည့်လိုက်ပြီး သင်္ကာမကင်းနဲ့
“ဟေ့၊ မင်းဘာတွေရေရွတ်နေတာလဲ? မင်းငါ့ကို ကြိမ်းမောင်းနေတာလား?”
စစ်ထူရှင်းက ချက်ချင်းတုန်ယင်သွားကာ သူ့ခေါင်းကိုပြင်းပြင်းခန်ထန်ခါလိုက်သည်။
ပြီးနောက်မှာ သူက ရှက်တံ့တံ့အပြုံးနဲ့
“ဘော့စ်၊ ဘော့စ်ကကျွန်တော့်သူဌေးပဲလေ။ ဘာလို့ ဘော့စ်ကို ကြိမ်းမောင်းရမှာလဲ?”
နည်းလမ်းကျကျဆိုရင် သူက အထွန့်တက်နေတာဖြစ်သည်။
ကုန်းထျန်းဟောက်က သဘောကျစွာခေါင်းညိတ်ကာ
“ဒီလိုဆိုရင် ငါ့ကို ရှောင်မိသားစုထဲ ပြန်ဝင်ခွင့်ရဖို့ နည်းလမ်းတစ်ခု ကူစဉ်းစားပေး”
အဲ့ဒီအချိန်မှာ သူက ဘေးမှာအေးဆေးထိုင်နေတဲ့သခင်ကြီးကုန်းနဲ့ မှားသွားပြီလို့ခံစားနေတဲ့ စစ်ထူရှင်းကို တစ်ချက်ကြည့်လိုက်သည်။
သူက
“ရက်အများကြီးကြာပြီးတာတောင် အဘိုး ရှောင်မိသားစုကို ပြန်မသွားချင်ဘူးဆိုတာ ကျွန်တော်မယုံဘူး”
သခင်ကြီးကုန်းက ဒါကိုကြားတော့ အရမ်းဒေါသထွက်သွားသည်။
သူက အသံကျယ်ကျယ်နဲ့
“မင်းသေနာလေး၊ မင်းဘယ်လိုလုပ်ဒါကိုဆွဲထည့်နိုင်ရတာလဲ? အခုငါတောင် မင်းကြောင့် ရှောင်မိသားစုဆီကနေ စွန့်ပစ်ခံထားရတာ!”
ဒါပေမယ့်လည်း ကုန်းထျန်းဟောက်က လုံးဝအပြစ်ရှိတယ်လို့ မခံစားရပေ။
“အဘိုး၊ အဘိုးက အစကတည်းက ကျွန်တော့်ကြံရာပါလေ။ အဲ့ဒီလျှို့ဝှက်ချက်နှစ်ခုအကြောင်း သိသားပဲဥစ္စာ။ ရှောင်မိသားစုက အလိုလိုပဲ ကြံရာပါတွေကို ကရုဏာသက်မှာမဟုတ်ဘူး”
ကုန်းထျန်းဟောက်ရဲ့လျှို့ဝှက်ချက်ပေါ်သွားကတည်းက ရှောင်မိသားစုက သခင်ကြီးကုန်းကိုလည်း ဘာသနားကြင်နာမှုမှမပြပေ။ သူတို့က ဖရီးအစားအစာတွေအတွက်တောင် သူ့ကို ငြင်းဆိုခဲ့ကြသည်။ သခင်ကြီးကုန်းက သူ့မြေးချွေးမနဲ့ သူ့မြစ်လေးကို တွေ့ချင်တယ်လို့ ပြောခဲ့ပေမယ့် ၎င်းက ရှောင်မိသားစုကို ပိုပြီးတော့ပဲဒေါသထွက်စေခဲ့သည်။
စစ်ထူရှင်းအတွက်ကတော့ ကုန်းထျန်းဟောက်က သူ့ကို အလွယ်တကူပဲရောင်းထုတ်ပစ်လိုက်သည်။ သူက ဒီအကြံနဲ့လာတဲ့လူမှန်း ရှောင်မိသားစုသိသွားခဲ့သည်။
သခင်ကြီးကုန်းက ဆွံ့အသွားခဲ့သည်။ သူက သေနာလေးအတွက် လျှို့ဝှက်ချက်တွေဖုံးပေးခဲ့တာကို နောင်တရသွားသည်။ သူသာမဖုံးပေးခဲ့ရင် ရှောင်မိသားစုက သူ့ကိုအရမ်းစိတ်ဆိုးမှာမဟုတ်ပေ။ သခင်ကြီးကုန်းက ကုန်းထျန်းဟောက်ကို တစ်ချက်ကြည့်လိုက်ပြီး
“သေနာလေး၊ မင်းကငါ့ကို ဒီထဲဆွဲထည့်တာလေ။ ဒါကြောင့် ဒါမင်းအမှားပဲ။ မင်းဒါကို အမြန်ဆုံးဖြေရှင်းရမယ်။ မဟုတ်ရင်တော့ စောင့်သာကြည့်နေလိုက်တော့။ ကလေးမွေးလာရင်တောင် သူက မင်းနဲ့ဘာမှဆိုင်မှာ မဟုတ်တော့ဘူး!”
အဲ့ဒီညနေမှာ ရှောင်လင်းယွီက သူမရဲ့ဗိုက်ကိုပွတ်နေခဲ့ပြီး အရမ်းစိတ်သက်သာနေပုံပေါ်သည်။ သူမရဲ့ပါးစပ်ကိုသုတ်လိုက်ပြီးတော့ ရှောင်မိသားစုကိုပြောကာ
“အဖေ အမေ၊ သမီးလမ်းလျှောက်ထွက်လိုက်ဦးမယ်”
မေမေရှောင်ရဲ့အကြည့်က သူမကိုတစ်ချက်ကြည့်ရင်း အေးစက်နေကာ
“အရမ်းနောက်ကျနေပြီ။ ဘာလို့အပြင်ထွက်ချင်နေရသေးတာတုန်း?”
“သမီးကအခုမှစားပြီးတာလေ။ ပြီးတော့ ဗိုက်ကလည်းပြည့်နေတယ်။ ဒါပေ့ါ အစာကြေအောင်လို့ လမ်းတစ်ခေါက်ထွက်လျှောက်ရဦးမယ်။ ပြီးတော့ အခုမှ ခြောက်နာရီကျော်ရုံပဲရှိသေးတာ။ ကောင်းကင်က လင်းနေတုန်းပဲ။ ဘာမှနောက်မကျသေးဘူး”
မေမေရှောင်က ခေါင်းညိတ်ကာ
“ကောင်းပြီလေ။ ရှို့အာ၊ မင်းအစ်မနဲ့ လိုက်သွားလိုက်”
မေမေရှောင်က ဘေးမှာအသီးတွေစားနေတဲ့ ရှို့အာကို ခေါ်လိုက်သည်။ ရှောင်လင်းရှို့က ဖရဲသီးအေးအေးကိုကိုင်ထားပြီး ၎င်းကို ဖြည်းဖြည်းချင်းစားနေသည်။ ရုတ်တရက် သူက မေမေရှောင်ရဲ့အသံကိုကြားလိုက်ပြီး ခေါင်းထောင်လိုက်သည်။
သူက မတုံ့ပြန်မီ ခနလောက်အံ့ဩသွားကာ
“ဟုတ်ကဲ့ပါ အိုခေ!”
မေမေရှောင်က ချက်ချင်း သူ့ကိုညွှန်ကြားကာ
“ရှို့အာ၊ မင်းအစ်မက ကိုယ်ဝန်ရှိနေမှန်း မင်းသိတယ်နော်။ သူ့ကိုဘာမှဖြစ်လို့မရဘူး။ ဘာသက်ရှိမှ သူ့နားကပ်ခွင့်မပြုဘူး။ အဲ့ဒီခွေးတွေနဲ့ ကလေးတွေကို သေချာပေါက် သူ့နားကို ကပ်ခွင့်မပြုဘူးနော်။ အိုး အဲ့ဒီလူလိမ်ကြီးတွေကိုလည်း သူ့နားကိုကပ်ခွင့်မပြုဘူးနော်။ နားလည်ရဲ့လား?”
ရှောင်လင်းရှို့က သူ့အစ်မကို ကြည့်လိုက်ပြီး
“လူလိမ်ကြီး အဲ့ဒါကဘယ်သူလဲ?”
မေမေရှောင်က အပြုံးခပ်ရေးရေးနဲ့ “ဟင်း”
သူမရဲ့မျက်လုံးတွေက စူးရှနေသည်။
ရှောင်လင်းရှို့ရဲ့မျက်လုံးတွေက ပြန်မဖြေမီ ခနလောက်လက်ခနဲဖြစ်သွားကာ
“အိုး ကျွန်တော်သိပြီ။ ကျွန်တော် သေချာပေါက် ဒေါ်လေးပြောတာကိုနားထောင်ပြီး အစ်မနားကိုကပ်နေတဲ့ သက်ရှိအားလုံးကို တားဆီးပေးမယ်!”
ရှောင်လင်းရှို့က လမ်းဘေးဘက်ခြမ်းကို လျှောက်သွားရင်း သူ့အစ်မကို ကူညီပေးခဲ့သည်။ ပြီးနောက်မှာ သူပ သစ်ပင်ကြီးတစ်ပင်ဘေးမှာရပ်နေတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်သည်။
ရှောင်လင်းရှို့ရဲ့မျက်လုံးတွေက သူမပြောသေးမီ ခနလောကဝင်းလက်သွားပြီး
“အစ်မ အဲ့ဒီသစ်ပင်အောက်မှာ ခြင်တွေအများကြီးရှိတယ်။ ကိုယ်ဝန်သည်အမျိုးသမီးတွေက ခြင်တွေကိုပိုဆွဲဆောင်တယ်။ ဘာလို့ လမ်းရဲ့တခြားဘက်ခြမ်းကို မသွားကြတာလဲ?”
ရှောင်လင်းယွီက ဒီကလေးကို တစ်ချက်ကြည့်လိုက်ပြီး
“မစိုးရိမ်ပါနဲ့။ ငါ ခြင်တွေကိုမောင်းထုတ်ဖို့ မမိုဆာမြက်တချို့ သုံးခဲ့တယ်”
ရှောင်လင်းရှို့၊ “…”
အခု သူရဲ့အစ်မက သူမမိဘတွေရဲ့နောက်မှာ ချစ်သူနဲ့တိတ်တဆိတ်ချိန်းတွေ့နေရတဲ့ မိန်းကလေးတစ်ယောက်လိုဖြစ်နေသည်။ သူ့ရဲ့ဒုတိယဒေါ်လေးက သူ့အစ်မ နောက်ကလိုက်ဖို့ သူ့ကိုလွှတ်ခဲ့သည်။ သူ့ရဲ့အလုပ်က စုံတွဲကို အချင်းချင်းတွေ့ဆုံတာကို တားမြစ်ဖို့မှန်း သိသာလှသည်။
‘ဒါပေမယ့် တားရမလား မတားရဘူးလား?’
ရှောင်လင်းရှို့က သူ့ဟာသူတွေးလိုက်သည်။
ရှောင်လင်းရှို့ စဉ်းစားနေတုန်း သူတို့နှစ်ယောက်က သစ်ပင်ကြီးအောက်ကို ရောက်နေကြပြီဖြစ်သည်။ ပြီးနောက်မှာ ကုန်းထျန်းဟောက်က သူ့လက်ထဲမှာ တစ်စုံတစ်ခုနဲ့ အေးအေးဆေးဆေးလမ်းလျှောက်လာလိုက်သည်။
ရှောင်လင်းရှို့က ကုန်းထျန်းဟောက်ကိုမြင်လိုက်တော့ ချက်ချင်းရှောင်လင်းယွီရှေ့မှာ ရပ်လိုက်ကာ ကုန်းထျန်းဟောက်ကို
“အစ်ကိုကုန်း စိတ်မကောင်းပါဘူး။ ဒုတိယဒေါ်လေးရဲ့အမိန့်အရ ကျွန်တော့်အစ်မာနားလာတဲ့ သက်ရှိတွေအားလုံးကို တားမြစ်ထားတယ်။ အထူးသဖြင့် ကုန်းမျိုးရိုးနဲ့ လူလိမ်ကြီးတစ်ယောက်တဲ့”
ကုန်းမျိုးရိုးနဲ့လူလိမ်ကြီး “…”
ကုန်းထျန်းဟောက်က မျက်ခုံးပင့်လိုက်ပြီး သူ့နှုတ်ခမ်းတွေကို ကွေးလိုက်သည်။ သူက သူ့လက်ထဲက ပစ္စည်းကို ကြည့်လိုက်ပြီး အေးအေးဆေးဆေးပြောကာ
“ဒါဆိုရင်လည်း ငါ ဒီနောက်ဆုံးပေါ်ဂိမ်းစက်ကို လွှင့်ပစ်ရတော့မယ်နဲ့တူတယ်”
ရှောင်လင်းရှို့ရဲ့မျက်လုံးတွေ လက်ခနဲဖြစ်သွားသည်။ သူက စူးစမ်းစွာနဲ့
“ဂိမ်းစက်? ဘာဂိမ်းစက်လဲ?”
“ဒါပေါ့ ဒါ…”
ကုန်းထျန်းဟောက်က ငါးကိုချိတ်လိုက်ပြီး
“ငါဘာလို့ မင်းကိုပြောပြရမှာတုန်း?”
ရှောင်လင်းရှို့ “…”
ဘာတွေဖြစ်နေတာလဲ? အစ်ကိုကုန်းက ငါ့ကို လာဘ်ထိုးမလို့ မဟုတ်ဘူးလား? သူဘယ်လိုလုပ် အထက်စီးကို အရမ်းမြန်မြန်ရောက်သွားရတာလဲ?
ဒါပေမယ့်လည်း ဂိမ်းစက်ရဲ့ဖျာယောင်းမှုက အရမ်းကြီးမားလွန်းသည်။ ရှောင်လင်းရှို့က လှည့်ပတ်ကြည့်လိုက်ပြီး သူ့ဗိုက်ကိုကိုင်ထားရင်း အသံကျယ်ကျယ်နဲ့
“အိုင်ယိုး၊ ကျွန်တော့်ဗိုက်က အရမ်းနာနေပြီ။ အခုချက်ချင်း အီးပါမှရတော့မယ်။ အစ်မ ဒီမှာ ကျွန်တော့်ကို ခနလောက်စောင့်ဦး”
ဒါကိုပြောပြီးတော့ သူ့ကိုယ်ကိုကွေးလိုက်ပြီး အဝေးထွက်သွားသည်။
ဒါပေမယ့်လည်း သူပြေးသွားရင်း ကုန်းထျန်းဟောက်ရဲ့လက်ထဲက ဂိမ်းစက်ကိုယူပြီးတော့ ထွက်သွားသည်။ ပြီးနောက်မှာ သူက အရမ်းမနီးမဝေးမှာရပ်လိုက်ပြီး မြက်တွေပေါ်မှာထိုင်ကာ ဂိမ်းစက်ကို ပြင်းပြင်းထန်ထန်ကစားနေခဲ့သည်။
ရှောင်လင်းယွီက သူ့ကို ရယ်မောရင်း ကြည့်လိုက်ကာ
“ရှင်နဲ့ ရှင့်ရဲ့အတောမသတ်နိုင်တဲ့လာဘ်ထိုးမှုတွေ မနေ့က ကျွန်မညီမအတွက် မိတ်ကပ်ပစ္စည်းတွေဝယ်လာတယ်။ ပြီးတော့ တနေ့ကလည်း ကျွန်မအဘွားကို ချိုချဉ်တစ်ဘူးပေးခဲ့တယ်။ ဒီနေ့ကျ ကျွန်မမောင်လေးအတွက် ဂိမ်းစက်တစ်ခု ဝယ်လာပြန်ပြီ”
လာဘ်ထိုးခံလိုက်ရတဲ့ပါဝင်သူဆွေအားလုံးက ထွက်ခွာဖို့ ဆင်ခြေရှာပြီး စုံတွဲကို ထားရစ်ခဲ့သည်။
ကုန်းထျန်းဟောက်က သူ့လက်တွေကို ဖြန့်လိုက်ပြီး ပြုံးကာ
“ဒါသူတို့ရဲ့အားနည်းချက်တွေအားလုံးကိုပြောပြတဲ့ မင်းရဲ့ကျေးဇူးတွေလေ။ မဟုတ်ရင် ဒီအကောင်းဆုံးလာဘ်ပစ္စည်းတွေနဲ့ ကိုယ်ဘယ်လိုလာနိုင်ပါ့မလဲ?”
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီက ၎င်းအကြောင်း ပြောပြီးသွားတော့ ရှောင်လင်းယွီက ကုန်းထျန်းဟောက်ရဲ့သရုပ်ဆောင်မှုကို ခွင့်လွှတ်ပေးလိုက်သည်။ ၎င်းရဲ့နောက်ကွယ်က သူ့ရဲ့ရည်ရွယ်ချက်ကို သူမနားလည်ခဲ့သည်။
ဒါပေမယ့်လည်း ရှောင်မိသားစုကတော့ မတူပေ။ သူတို့က ကုန်းထျန်းဟောက်ရဲ့အထောက်အထားအကြောင်း သိပ်ဂရုမစိုက်ပေ။ ကုန်းထျန်းဟောက်က ရှောင်လင်းယွီဗိုက်ထဲက ကလေးက သူ့ကလေးဆိုတာသိနေရင်း သူမကို အရှက်တကွဲဖြစ်မှုတွေအားလုံးကို ခံစားစေခိုင်းခဲ့တယ်ဆိုတဲ့အချက်ကိုပဲ သူတို့က ပိုပြီးဂရုစိုက်ကြသည် သူ့ကိုခွင့်လွှတ်ပေးဖို့ကတော့ သူတို့အတွက် ခက်ခဲသည်။
သူသာ အရင်က ဝန်ခံခဲ့ရင် သူတို့စိတ်တော့စိတ်ဆိုးဦးမှာဆိုပေမယ့် ရှောင်လင်းယွီက သူ့ကလေးကို ကိုယ်ဝန်ဆောင်လိုက်ရတာက အစကတည်းကမတော်တဆပဲဖြစ်သည်။ နောက်ဆုံးကျရင် သူတို့တွေက သူ့ကို ခွင့်လွှတ်ပေးကြမည်။
ဒါပေမယ့် အခုကျ…
သူက ထောင်ယွမ်ရွာမှာ လချီရှိနေခဲ့ပြီး ရှင်းလင်းဖို့ သူ့မှာ အခွင့်အရေးတွေအများကြီးရခဲ့သည်။ သူက ဘာမှမပြောခဲ့တဲ့အတွက် သူတို့ကို အရမ်းဒေါသထွက်စေသည်။ ဒါကြောင့် ရှောင်မိသားစုက ရှောင်လင်းယွီကို အိမ်ပြန်ခေါ်ပြီးကတည်းက ကုန်းမိသားစုက ဘယ်သူမဆို သူတို့ဆီလာရောက်တာကို တားမြစ်ခဲ့သည်။
အဲ့ဒီကုန်းမိသားစုရဲ့မိသားစုဝင်တွေမှာ ဒါပေါ့ သခင်ကြီးကုန်း၊ စစ်ထူရှင်း၊ ရှောင်ဝမ်၊ ရှောင်ကျန်းနဲ့ တခြားသူတွေပါဝင်သည်။ ကုန်းထျန်းဟောက်အတွက်ကတော့ သူက အဓိကတရားခံပဲလေ။
ချစ်နေကြတဲ့လူငယ်စုံတွဲလေးကိုတော့ သနားပါရဲ့။
သူတို့က ရှောင်မိသားစုရဲ့ ချောင်းမြောင်းနေတဲ့မျက်လုံးတွေအောက်မှာ ချိန်းတွေ့ဖို့ နည်းလမ်းတွေအများကြီးရှိရသည်။ ဒါပေမယ့်လည်း မေမေရှောင်နဲ့ ဖေဖေရှောင်က အရမ်းသတိရှိသည်။ ရှောင်လင်းယွီ အပြင်သွားချင်တဲ့အချိန်တိုင်း ရှောင်လင်းယွီနောက်ကိုလိုက်ဖို့ တစ်ယောက်ယောက်ကို ပို့ကြသည်။ ဒီတော့ စုံတွဲတွေသီးသန့်ရှိနိုင်ဖို့ ခက်ခဲသည်။
ကုန်းထျန်းဟောက်နဲ့သီးသန့်ရှိဖို့ ရှောင်လင်းယွီက နည်းလမ်းတွေအများကြီးစဉ်းစားခဲ့သည်။ ဥပမာ သူမက လမ်းလျှောက်လာရင်းအလယ်မှာ ရေဆာတာအတွက် အထွန့်တက်လို့ရသည်။ သူမရဲ့အစောင့်ကို ရေပြန်ယူဖို့ လွှတ်လိုက်မည်။ အစောင့်ထွက်သွားတာနဲ့ ကုန်းထျန်းဟောက်ပေါ်လာပြီး ရှောင်လင်းယွီနဲ့ အမြန်ပျောက်သွားကြသည်။ အစောင့်ပြန်ရောက်လာတော့ ရှောင်လင်းယွီဘာလုပ်ခဲ့လဲဆိုတာ သူတို့သိသွားကြသည်။
မေမေရှောင်သိသွားပြီးတော့ သူမ ချက်ချင်းပဲ အပူထိန်းခွက်တစ်ခုပြင်လိုက်သည်။ ရှောင်လင်းယွီအပြင်သွားရင် သူမက ဓာတ်ဘူးနဲ့ မုန့်တွေသယ်သွားရသည်။ သူမ ထပ်ပြီးတော့ ဗိုက်ဆာတာ ရေဆာတာတွေကို အထွန့်မတက်နိုင်တော့ပေ။
၎င်းကထပ်ပြီး အလုပ်မဖြစ်မှတော့ ရှောင်လင်းယွီက တခြားတစ်စုံတစ်ခုကို စဉ်းစားရတော့သည်။
ကုန်းထျန်းဟောက်က ထွက်လာပြီး လာဘ်ထိုးမှုကို စဉ်းစားမိခဲ့သည်။ သူက အစောင့်တွေကို တစ်ယောက်ပြီးတစ်ယောက် လာဘ်ထိုးခဲ့သည်။ ဒီလိုချိန်းတွေ့တဲ့ပုံစံမျိူးက ရှောင်လင်းယွီအတွက် အရမ်းအဆင့်မြင့်ပြီး စိတ်လှုပ်ရှားစရာကောင်းသည်။
***