သတင်းအချက်အလက်ကို ဈေးမြင့်မြင့်နဲ့ဝယ်ယူခြင်း
Vol. 25 Ch. 424
ချင်ယန်တစ်ယောက် ချင်အိမ်ကနေထွက်လာပြီးနောက် ရပ်ကွက်အဟောင်းကို မောင်းသွားခဲ့သည်။ ချင်ယန်က နေကာမျက်မှန်တွေတပ်ထားခဲ့ကာ သီးသန့်စုံထောက်အေဂျင်စီဆီ လာခဲ့သည်။ သူမက လှည့်ပတ်ကြည့်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။ တံခါးပွင့်လာပြီးနောက် သူမ အထဲကို အမြန်ဝင်သွားခဲ့သည်။
သူမက ဖရိုဖရဲဖြစ်နေတဲ့ လင်ဖေးယန် ကိုမြင်တော့ စိတ်ပျက်တဲ့အကြည့်တစ်ခု သူမျက်လုံးထဲမှာ လက်ခနဲဖြစ်သွားသည်။
သူမက လျှောက်သွားလိုက်ပြီး ထိုင်လိုက်တော့မယ့်အချိန်မှာ ကုလားထိုင်က ဖုန်ဖြူဖြူတွေနဲ့ဖုံးနေတာကို မြင်လိုက်သည်။ သူမက အတော်လေးစက်ဆုပ်တဲ့မျက်နှာထားနဲ့
“ကျွန်မပြောမယ်။ တော်လှတဲ့စုံထောက်ကြီး။ ရှင်ဒီနေရာကို ရှင်းခဲ့တာ ဘယ်လောက်ကြာပြီလဲ? ဒီအခန်းကိုကြည့်ပါဦး။ ထိုင်ခုံတွေ၊ စားပွဲတွေနဲ့ စာအုပ်စင်တွေက ဖုန်တွေ အမှိုက်တွေနဲ့ ပြည့်နေတာပဲ”
လင်ဖေးယန်က သူ့လက်တွေကို ဖြန့်ပြလိုက်ပြီး အတော်လေးထေ့ငေါ့တဲ့လေသံနဲ့
“မိန်းကလေးချင်၊ ဒီနေရာကို ညစ်ပတ်တယ်လို့ မင်းထင်နေမှတော့ ဒီနေရာကို လာဖို့မလိုဘူး။ မင်းဒီကိုလာဖို့ ငါတောင်းပန်ထားတာမှမဟုတ်ဘဲ”
ချင်ယန်က စိတ်ဆိုးမာန်ဆိုးနဲ့
“ကျွန်မလည်း ဒီကိုလာချင်တယ်လို့ ရှင်ထင်နေလား?”
လင်ဖေးယန်က ပိုပြီးပျက်ရယ်ပြုတဲ့ အမူအယာနဲ့
“ကျစ် ကျစ်၊ မင်းရဲ့အကျည်းတန်တဲ့မျက်နှာကို မင်းရဲ့ပရိတ်သတ်တွေကို ငါမြင်စေချင်တယ်။ သူတို့ဘယ်လိုတုံ့ပြန်မယ်မှန်း ငါမသိတော့ဘူး။ မင်းက လှပတဲ့နတ်သမီးလေးတစ်ယောက်ပဲလို့ သူတို့ထင်ဦးမှာလား?”
ဒါကိုကြားပြီးတော့ ချင်ယန်ရဲ့မျက်နှာက ဖျော့တော့သွားပြီး နီရဲသွားသည်။ တစ်ချိန်တည်းမှာပဲ သူမက ရှက်ရွံ့ပြီး စိတ်တိုသွားသည်။ သူမက လင်ဖေးယန်ကို လက်ညှိုးထိုးလိုက်ပြီး တစ်ခုခုပြောချင်နေပေမယ့် အဆုံးမှာတော့ သူမရဲ့ဒေါသကို ထိန်းထားလိုက်သည်။
သူမက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး အေးစက်စက်မေးကာ
“ပြော၊ ရှင်လုပ်နေတာ ကြာလှပြီ။ အသုံးဝင်တာတစ်ခုခုရှာတွေ့လား?”
ဒါကိုပြောပြီးတော့ သူမက ခနလောက်ရပ်လိုက်ပြီး လင်ဖေးယန် ကို စူးရှတဲ့အကြည့်တစ်ခုနဲ့ကြည့်ကာ ကြမ်းကြမ်းတမ်းတမ်းနဲ့
“လင်ဖေးယန်၊ ကျွန်မ ရှင့်ကို သတိပေးနေတာ။ ကျွန်မ တစ်သန်းပေးထားတာ။ ရှင်ကျရှုံးရင် အကျိုးဆက်တွေကို ရှင်သိပါတယ်။ ရှင်အဲ့ဒီတော့ကျမှ ကျွန်မကို အပြစ်တင်လို့မရဘူး”
လင်ဖေးယန်က သူ့ပခုံးတွေကို တွန့်ပြလိုက်ပြီး ဖာသိဖာသာပြောကာ
“ဟားဟား၊ တခြားသူတွေက မင်းရဲ့တကယ့်မျက်နှာကို မသိလောက်ပေမယ့် ငါက ဘယ်လိုလုပ်မသိဘဲနေမှာလဲ? ပြီးတော့ မင်း နိုင်ငံခြားသွားနေတဲ့ နှစ်တွေတစ်လျှောက်လုံး…”
“ပိတ်ထားစမ်း!”
ချင်ယန်က ဒေါသတကြီးအော်ကာ
“လင်ဖေးယန်၊ ကျွန်မရှင့်ကို ထပ်ပြီး သတိပေးနေတာ။ အဲ့ဒီသတင်းရဲ့ဘယ်အရာကိုမဆို ရှင်ဖော်ရဲရင် ရှင့်ကို မြို့တော်ကနေပျောက်သွားအောင် ကျွန်မလုပ်ပစ်မယ်”
“အရမ်းကြောက်တာပဲ!”
လင်ဖေးယန်က လက်ပိုက်လိုက်ပြီး သူအရမ်းကြောက်နေသလို လုပ်လိုက်သည်။ ဒါပေမယ်လည်း သူ့မျက်နှာပေါ်မှာတော့ ကြောက်ရွံ့နေတဲ့ အရိပ်အယောင်မရှိပေ။ ပြီးနောက်မှာ လင်ဖေးယန်က သူ့လက်ကို ချလိုက်ပြီး အေးစက်ပြီး လေးနက်တဲ့အသံနဲ့
“မိန်းကလေးချင်၊ ငါတို့ အချင်းချင်းရဲ့ကိစ္စတွေကို ကြားမဝင်သင့်ဘူး။ ဒါဆိုရင် ငါလည်း မစ္စချင်ရဲ့ကိစ္စကို ဝင်စွက်ဖက်ဖို့ အကြောင်းမရှိဘူး။ ငါက မစ္စချင်လောက် အင်အားမရှိပေမယ့်လည်း ငါ့အလုပ်လမ်းကြောင်းမှာတော့ သေချာပေါက် အသက်ကယ်နည်းလမ်းတွေရှိတယ်”
ချင်ယန်က ၎င်းကို ယုံသည်။ မဟုတ်ရင် လင်ဖေးယန်က ဟိုးအရင်ကတည်းက အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံနေရလောက်ပြီဖြစ်သည်။
ချင်ယန်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး
“ကောင်းပြီ၊ လင်ဖေးယန်၊ ရှင်ပြောခဲ့တာကို အမှတ်ရပါ”
ပြီးနောက်မှာ သူမရဲ့လက်ကိုဆန့်လိုက်ပြီး အေးစက်စွာပြောကာ
“ကျွန်မကိုပေး”
သူမက စုံစမ်းစစ်ဆေးမှုရဲ့ရလဒ်တွေကို ဆိုလိုခြင်းဖြစ်သည်။
မမျှော်လင့်စွာဘဲ လင်ဖေးယန်က နှုတ်ခမ်းကွေးကာ
“အလျင်လိုဖို့ မလိုပါဘူး"
ချင်ယန်က အနည်းငယ် မျက်မှောင်ကျုံ့ကာ
“ရှင်ဘာကိုဆိုလိုတာလဲ?"
လင်ဖေးယန်က ခပ်ပေ့ါပေါ့ပြုံးကာ
“ဒီတစ်ကြိမ်တော့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းအပိုင်းအစတစ်ခုကို ငါတွေ့ထားတယ်။ မစ္စချင် လုံးဝစိတ်ဝင်စားမယ်လို့ ငါထင်တယ်”
ချင်ယန်ရဲ့အမူအယာက အနည်းငယ်နားလည်နိုင်ဖြစ်သွားကာ
“ဘာသတင်းလဲ?”
“ကုန်းထျန်းဟောက်!”
လင်ဖေးယန်က လိုရင်းကို ပြောလိုက်သည်။
ချင်ယန်ရဲ့သူငယ်အိမ်တွေတင်းကျပ်သွားပြီး မိုက်ခနဲဖြစ်သွားသည်။
လင်ဖေးယန်က ဆက်ကာ
“ငါတို့သဘောတူညီမှုအရတော့ မင်းက ငါ့ကို ကျန်းထောင်နဲ့ဆက်စပ်တဲ့ကိစ္စကိုပဲ စုံစမ်းခိုင်းထားတာ။ နောက်ဆုံးကျတော့ ငါက ကုန်းထျန်းဟောက်အကြောင်းကိုလည်း မတော်တဆတွေ့လိုက်တယ်။ ဒါ့ကြောင့် မစ္စချင်၊ မင်း ထပ်တိုးစုံစမ်းရေးကော်မရှင်ခပေးရလိမ့်မယ်လို့ ထင်တယ်…
မင်းက ကုန်းထျန်းဟောက်ရဲ့သတင်းကို စိတ်မဝင်စားရင်တော့ တမျိုးပေါ့”
ချင်ယန်ရဲ့ ကုန်းထျန်းဟောက်အပေါ် စိတ်ဝင်စားမှုကို တခြားသူတွေတော့ မသိလောက်ပေမယ့် သူက ဘယ်လိုလုပ်မသိဘဲနေမှာလဲ?
ချင်ယန်ရဲ့ ဖြူဖွေးပြီး လှပတဲ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ သူမ မထင်ခဲ့ပေ။ ဒါပေါ့ သူမက ကုန်းထျန်းဟောက်အကြောင်း အရာအားလုံးကို သိချင်တယ်လေ။ ချင်ယန်ရဲ့လှပတဲ့မျက်လုံးတွေထဲမှာ တောက်ပတဲ့အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။
သူမက အေးစက်စွာနဲ့
“ရှင်ဘယ်လောက်လိုချင်လဲ?”
လင်ဖေးယန်က သူ့လက်ထဲမှာ ဓာတ်ပုံတစ်ပုံကို ကိုင်ထားသည်။ စုံတွဲပုံဖြစ်သည်။ တစ်ယောက်က ကုန်းထျန်းဟောက်ဖြစ်သည်။ အမျိုးသမီးအတွက်ကတော့ သူမကို လင်ဖေးယန်ရဲ့ လက်ချောင်းတွေနဲ့ အုပ်ထားခဲ့သည်။ လင်ဖေးယန်က ပညာရှင်ဆန်ဆန်ပြုံးနေပေမယ့် ၎င်းက ထေ့ငေါ့တဲ့အပြုံးတစ်ခုနဲ့လည်း တူနေသည်။
သူက
“ဒါကဘယ်လောက်တန်တယ်လို့ မင်းထင်လဲ?”
အဲ့ဒီအချိန်မှာ သူကရပ်တန့်လိုက်ပြီး သတင်းတချို့ကို ရည်ရွယ်ချက်ရှိရှိဖော်ပြကာ
“အိုး ဟုတ်သားပဲ၊ သူ့ရဲ့ဒီအမျိုးသမီးနဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူး။ ပြီးတော့ ဒီအမျိုးသမီးက ကုန်းထျန်းဟောက်နဲ့တင် ဆက်စပ်နေတာမဟုတ်ဘူး။ သူက မင်းရဲ့သတို့သားလောင်း ကျန်းထောင်နဲ့လည်း ဆက်စပ်နေတယ်။ ဒီတော့ ကျွန်တော် ကျေနပ်လောက်မယ့် ဈေးနှုန်းကို မစ္စချင်ပေးသရွေ့ ဒီသတင်းတွေအားလုံးကို မင်းကိုရောင်းမယ်။ မဟုတ်ရင်လည်း ဒါကိုဝယ်ဖို့ဆန္ဒရှိနေကြတဲ့ မိန်းကလေးတွေ မြို့တော်မှာအများကြီးရှိမယ်မှန်း ငါသေချာတယ်”
“နှစ်သန်း!”
ချင်ယန်က ပြောလိုက်သည်။
လင်ဖေးယန်က ထိုင်ခုံမှာထိုင်လိုက်ပြီး လှည့်နေကာ သူ့ခေါင်းကို ခါလိုက်သည်။ သူက သိသိသာသာကို ဒီဈေးကို မကျေနပ်ပေ။
“နှစ်သန်းခွဲ”
လင်ဖေးယန်က ဘာအသံမှမပြုပေ။
“သုံးသန်း!”
ချင်ယန်က ပြောလိုက်ပြီး အနည်းငယ်စိတ်ဆိုးမာန်ဆိုးနဲ့
“လင်ဖေးယန်၊ ကျွန်မ ရှင့်ကို တစ်သန်းစရံပေးထားပြီးသား။ အခု ကျွန်မ သုံးသန်းထပ်ထည့်ထားတာ။ ဒါကျွန်မမှာရှိတဲ့ ငွေအကုန်ပဲ”
လင်ဖေးယန်က ချင်ယန်ကို အပြုံးရေးရေးနဲ့ ကြည့်လိုက်ပြီး ပေါ့ပေါ့ပြောဆိုကာ
“မစ္စချင်က ဒီသတင်းအကြောင်း ဂရုမစိုက်ပုံပဲ။ ဒီလိုဆိုရင် ကျွန်တော် ဒီသတင်းကို လီ…”
လီမိသားစုက အငယ်ဆုံးသမီးက ကုန်းထျန်းဟောက်ကို ကြိုက်နေမှန်း နာမည်ကြီးသည်။
“ငါးသန်း!”
ချင်ယန်က သူမသွားတွေကို ကြိတ်လိုက်ပြီး
“လင်ဖေးယန်၊ ကျွန်မ ဒီလောက်ပဲ ပေးနိုင်မယ်။ ခြောက်သန်းက ကျွန်မတတ်နိုင်တဲ့ ငွေအကုန်ပဲ”
ဒီပိုက်ဆံက သူမငယ်ငယ်လေးကတည်းက စုထားခဲ့တဲ့ မုန့်ဖိုးဖြစ်သည်။ သူမမှာ ကုမ္ပဏီတစ်ခု ဒါမှမဟုတ် အလုပ်တစ်ခု မရှိပေ။ သူမမိသားစုဆီက လစဉ်မုန့်ဖိုးကလွဲရင် သူမမှာ ဘာဝင်ငွေမှမရှိပေ။ သူမရဲ့နာမည်နဲ့ တိရစ္ဆာန်ရုံနဲ့ တိရစ္ဆာန်ဆေးရုံတွေကတော့ သူမရဲ့နာမည်ကိုတည်ဆောက်ဖို့ သူမရဲ့မိသားစုက အသုံးပြုထားတဲ့ ဂုဏ်သတင်းတည်ဆောက်ရေးနည်းလမ်းတွေပဲ ဖြစ်သည်။ သူမ ထိုစာရင်းရှိငွေတွေကို လက်မခံနိုင်ပေ။
လင်ဖေးယန်က ခနလောက်တွေးလိုက်ပြီး သူ့နှုတ်ခမ်းတွေကို ကွေးကာ
“မစ္စချင်က အရမ်းရိုးသားနေမှတော့လည်း ဒီအပေးအယူက ပြီးပြီပေါ့”
ပြီးနောက်မှာ သူက ဖုန်းတစ်ခုကို တွန်းပေးလိုက်သည်။
ချင်ယန်က ၎င်းကို ယူတော့မလို့မှာပဲ လင်ဖေးယန်က ၎င်းကို ဖိထားလိုက်သည်။
သူက ပြုံးကာ
“မစ္စချင်၊ မင်းမပေးရသေးဘူးလေ”
ချင်ယန်က သူမအံကြိတ်လိုက်ကာ
“မစိုးရိမ်ပါနဲ့။ ကျွန်မရှင့်ကို သေချာပေါက် ပိုက်ဆံပေးမှာ။ အရင်ကြည့်ပါရစေဦး”
“မရဘူး။ ငါပိုက်ဆံရမှပဲ မင်းဒါကိုကြည့်လို့ရမယ်။ မင်းစကားတွေကို ပြန်ရုပ်သိမ်းပြီး ငါ့ကိုပိုက်ဆံပေးဖို့ ငြင်းလိုက်ရင် ဘယ်လိုလုပ်မှာလဲ?”
ချင်ယန်က အရမ်းစိတ်တိုပြီး စတင်ဆဲရေးလိုက်သည်။
သူက အသံကိုမြှင့်ကာ
“လင်ဖေးယန်၊ ကျွန်မတို့ အခေါက်ပေါင်းများစွာ အတူတူအလုပ်လုပ်လာတာ။ ကျွန်မရှင့်ကို ဘယ်တုန်းကများ လိမ်ဖူးလို့လဲ?”
လင်ဖေးယန်က
“အဲ့ဒါက အရင်တုန်းကလေ။ ပြီးတော့ ဒါကအခုဥစ္စာ! ငါးသန်းက များပြားတဲ့ငွေပမာဏပဲ။ မင်းငါ့ကို လိမ်မလိမ် ဘယ်သူကသိမှာလဲ”
“ရှင်!”
ချင်ယန်က အရမ်းစိတ်တိုပြီး သူမမျက်နှာတောင် မှောင်မိုက်လာသည်။ ပြီးနောက်မှာ သူမရဲ့အိတ်ကိုကိုင်လိုက်ပြီး ဒေါသတကြီးနဲ့
“ကောင်းပြီ ရှင်စောင့်နေလိုက်!”
ဒါကိုပြောပြီးတော့ သူမ ထွက်သွားဖို့လုပ်ခဲ့သည်။ ဒါပေမယ့်လည်း သူမ လမ်းလျှောက်သွားနေတုန်း စာရွက်စာတမ်းအိတ်ကို တစ်ချက်ကြည့်လိုက်ကာ ခပ်တင်းတင်းသတိပေးလျက်
“လင်ဖေးယန်၊ ကျွန်မ မကြာခင်ပြန်လာမယ်။ ဒီအတောအတွင်း ရှင် ဒီသတင်းကို မရောင်းရဘူး။ မဟုတ်ရင် ရှင်ပေးဆပ်ရလိမ့်မယ်။ ရှင့်မှာ ဘယ်လို အသက်ကယ်ကြိုးရှိရှိ ကျွန်မဂရုမစိုက်ဘူး”
လင်ဖေးယန်က သူမရဲ့သတိပေးမှုကို လျစ်လျူရှုပြီး ခေါင်းညိတ်ကာ
“မစိုးရိမ်ပါနဲ့။ ငါက ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။ မင်းကိုငါ ဒီသတင်းကို ကတိပေးထားမှတော့ မင်းအတွက် ဖယ်ထားမယ်”
လင်ဖေးယန်ရဲ့အာမခံကို ချင်ယန် ရပြီးတဲ့နောက် ဒေါကန်ပြီး ထွက်လာခဲ့သည်။
......
ကုန်းထျန်းဟောက်နဲ့ ရှောင်လင်းယွီတို့ ထပ်ပြီး ချိန်းတွေ့နေကြသည်။ ဒီတစ်ကြိမ်တော့ သူတို့တွေ ၎င်းကို ပေါ်ပေါ်ထင်ထင်လုပ်နိုင်ပြီ။ သူတို့က မြစ်ဆီသွားပြီး ထိုင်နေခဲ့ကြသည်။
“ယွီအာ၊ ကိုယ်တို့က လက်ထပ်တော့မှာ။ ဒါကြောင့် မိသားစုသုံးယောက်ဘဝကို တည်ဆောက်ရတော့မယ်”
ရှောင်လင်းယွီက သူ့ရင်ဘတ်ပေါ်မှီထားလိုက်ပြီး ခေါင်းညိတ်ကာ
“အင်း၊ ကျွန်မတို့ မိသားစုတစ်ခုဖြစ်တော့မှာ။ ကျွန်မတို့မိသားစုက အနာဂတ်မှာ သေချာပေါက် ပျော်ရွှင်ရမှာ”
“ဟုတ်တယ်၊ ကိုယ်တို့ပျော်ရွှင်ရမှာ”
“ကုန်းထျန်းဟောက်၊ ရှောင်လင်းယွီ။ မင်းတို့တွေ…”
စိတ်ဆိုးမာန်ဆိုးအသံတစ်ခု၏အော်သံက ရုတ်တရက် ထွက်ပေါ်လို့လာခဲ့သည်။
***