← Chapters

အခန်း (၉၀၁-၉၀၅)

Vol. 61 Ch. 901-905

အခန်း (၉၀၁-၉၀၅)

Vol. 61 Ch. 901-905

အခန်း ၉၀၁ ချစ်သူအသစ်လား?

လင်ရှောင်းထင်ဘေးတွင် လှပသည့်အမျိုးသမီးတစ်ယောက်ရပ်နေသည်ကို မြင်လိုက်ရတော့ ရှုကျင်းလင် အံ့ဩမိသွားတော့သည်။

လင်ရှောင်းထင်ရဲ့ချစ်သူက ကုနင်းမဟုတ်ဘူးလား? ကုနင်းကြောင့် သူဒီကိုလိုက်လာတာ မဟုတ်ဘူးလား? ဘာလို့ တခြားအမျိုးသမီးတစ်ယောက်ရဲ့လက်ကို ကိုင်ထားရတာလဲ? ကုန်းဟောင်ဟိုတယ်ထဲမှာဆိုတော့ ကုနင်းနဲ့တည့်တည့်တိုးမှာ မကြောက်ဘူးလား?

ကုနင်းက အခုထိ “ထန်အိုက်နင်း”ပုံစံဖြင့်သာဖြစ်တာကြောင့် ရှုကျင်းလင်က သူမကိုမမှတ်မိခြင်းဖြစ်သည်။ ကောင်းယိနှင့်ချောင်ယကလဲ အခုကုနင်းအနားမှာရှိမနေဘူးမဟုတ်လား။

“ဟိုင်း၊ ရှောင်းထင်!” ရှုကျင်းလင်ကစပြီး လင်ရှောင်းထင်ကို နှုတ်ဆက်လိုက်ပေမည့် မသက်မသာခံစားနေရသည်။

“ဟိုင်း၊”

လင်ရှောင်းထင်အကြောင်း ရှုကျင်းလင်ကောင်းကောင်းကြီးသိကာ လင်ရှောင်းထင်က စကားများသူလဲမဟုတ်တာကြောင့် တိုတုတ်တုတ်နှုတ်ဆက်စကားကို နားလည်ပေးသည်။

“ဒီဘက်က?” ရှုကျင်းလင် ကုနင်းဘက်ကိုကြည့်လိုက်သည်။

“ငါ့ချစ်သူပါ။” လင်ရှောင်းထင်ပြန်ဖြေလိုက်ပေမည့် သူမနာမည်ကိုတော့ မပြောခဲ့ပေ။

“အိုး၊ ဟုတ်လား။” ရှုကျင်းလင်စိတ်ထဲ တုန်လှုပ်သွားပေမည့် အမူအရာတော့မပြပေ။ လင်ရှောင်းထင်က ကုနင်းနဲ့လမ်းခွဲပြီး နောက်ထပ်ချစ်သူအသစ်များရသွားတာလားဟု သူတွေးမိသွားသည်။ ဘယ်တုန်းကစလို့ လင်ရှောင်းထင်က မိန်းမလိုက်စားတဲ့လူဖြစ်သွားတာလဲ?

ရှုကျင်းလင် စိတ်ရှုပ်လာတော့သည်။

ရှုကျင်းလင်ဖြစ်သွားသည့်အမူအရာကိုကြည့်ကာ ကုနင်းကတော့ ရယ်ချင်နေပေမည့် ရှုကျင်းလင်ကို ဆက်ပြီးစနောက်နေတုန်းပင်၊ “ဘာလဲ? ကျွန်မက ရှောင်းထင်ရဲ့ချစ်သူလေ၊ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာများမှားနေလို့လဲ?”

“လုံးဝမမှားပါဘူး။” ရှုကျင်းလင် ချက်ချင်းကို ငြင်းဆန်တော့သည်။

“ရှင်က ရှောင်းထင်ရဲ့သူငယ်ချင်းဆိုမှတော့ အတူတူစားကြရင်မကောင်းဘူးလား?” ကုနင်းဆက်ပြောလိုက်သည်။

ရှုကျင်းလင် ငြင်းတော့မည့်အချိန်မှာပဲ လင်ရှောင်းထင်ကပါဝင်ပြောလာခဲ့သည်။ “ဟုတ်သားပဲ၊ ငါတို့နဲ့အတူတူစားလိုက်လေ။”

သူသည်လဲ ရှုကျင်းချန်နှင့်အတူ ကြီးပြင်းလာခြင်းဖြစ်သည်။ ရှုကျင်းချန်နှင့်လောက်တော့ သူတို့ချင်းအလွန်မရင်းနှီးသော်လည်း သူငယ်ချင်းကောင်းများ ဖြစ်နေကြစဲပင်။

“ကောင်း-ကောင်းပြီလေ။” ရှုကျင်းလင် လက်ခံလိုက်ရတော့သည်။

ထို့နောက် သူတို့တစ်ဖွဲ့လုံး ငါးလွှာသို့ ဓါတ်လှေကားဖြင့်တက်လာခဲ့ကြသည်။ သို့ပေမည့် ရှုကျင်းလင်ကတော့ လင်ရှောင်းထင်နှင့်ကုနင်းတို့အကြောင်းကိုသာ ဆက်တိုက်တွေးနေမိလေသည်။

“ကုနင်း၊ နင်ဘယ်တော့ပြန်မှာလဲ? ငါ့အဖေက မနက်ဖြန် ငါတို့မိသားစုအိမ်မှာ နင့်ကိုထမင်းစားဖိတ်ခိုင်းထားတယ်။” ရုတ်ရက် ဟဲစစ်ရင်၏စကားသံ ထွက်ပေါ်လာခဲ့သည်။

“ဘာ? ကု-ကုနင်းလား?” ထိုစကားကြောင့် ရှုကျင်းလင် အံ့ဩသွားတော့သည်။

သူက ချက်ချင်းဆိုသလို ကုနင်းနှင့်လုံးဝကွာခြားလွန်းသည့် “ထန်အိုက်နင်း”ကိုပါ လှည့်ကြည့်လိုက်သည်။

ဟဲစစ်ရင်ကလဲ ရှုကျင်းလင်ကို ကြည့်လာကာ ရှုကျင်းလင်ဘာကြောင့်နဲ့ ဤမျှပြင်းပြင်းထန်ထန်တုံ့ပြန်ရလဲကို နားမလည်နိုင်ဖြစ်နေသည်။ သူ့ပုံစံက ကုနင်းနဲ့သိသလိုဆိုပေမယ့် အရမ်းမရင်းနှီးတာများလား။

တကယ်တော့ အခုချိန်မှာ ကုနင်းက သူမ၏နဂိုသွင်ပြင်နှင့်မဟုတ်တာကြောင့် တခြားလူများ သူမကိုမမှတ်မိကြခြင်းဖြစ်သည်။

မကြာခင်မှာပဲ ဟဲစစ်ရင်လဲ ထိုအချက်ကိုသိသွားကာ အော်ရယ်နေတော့သည်။ “အိုး၊ ဒီတော့ သူက ကုနင်းမှန်း ရှင်မသိဘူးပေါ့?”

“မင်း-မင်းတကယ်ပဲ ကုနင်းလား?” ရှုကျင်းလင်က မယုံကြည်နိုင်စွာဖြင့် “ထန်အိုက်နင်း”ကို စူးစမ်းနေတော့သည်။

သူမရုပ်ဖျက်ထားတာလား?

“ဟ-ဟ၊ ဟုတ်တယ်၊ ကျွန်မကုနင်းပဲ။” ကုနင်းလဲ မရယ်ဘဲမနေနိုင်တော့ပေ။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း?” ရှုကျင်းလင် ထိတ်လန့်အံ့အားသင့်နေတော့သည်။

သူလဲ အံ့ဩထိတ်လန့်ဖွယ်ရာကိစ္စရပ်များစွာနှင့် ကြုံဆုံခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်ကတော့ သူ့ဘဝတစ်လျှောက်ထိတ်လန့်ခဲ့ရသမျှကို မမှီသေးပေ။

“ကမ္ဘာပေါ်မှာ မိတ်ကပ်ပညာလို့ခေါ်တဲ့ အင်အားကြီးနည်းပညာတစ်ရပ်ရှိသေးတယ်လေ။” ကုနင်း ရှင်းပြလိုက်သည်။

ထိုအချိန်မှာပဲ ဓါတ်လှေကားတံခါးက ပွင့်သွားကာ လင်ရှောင်းထင်လဲ ကုနင်း၏လက်ကိုဆွဲရင်း ချက်ချင်းထွက်သွားတော့သည်။

ဟဲစစ်ရင်နှင့်ရှုကျင်းလင်တို့လဲ နောက်မှချက်ချင်းလိုက်ထွက်ခဲ့ကြသည်။

“ဝိုး၊ တကယ်ကိုအံ့ဩဖို့ကောင်းတာပဲ!” ကုနင်း၏မိတ်ကပ်ပညာအပေါ် ရှုကျင်းလင် အတော်အံ့ဩနေမိသည်။

“တကယ်တော့၊ ကျွန်မကိုယ်တိုင်ကလဲ ရုပ်ဖျက်ထားတာကြောင့်ပါ။” မိတ်ကပ်တစ်မျိုးတည်းနှင့် ရုပ်ရည်သွင်ပြင်ကို လုံးဝပြောင်းလဲနိုင်ခြင်းမဟုတ်ပေ။

“ငါတော့ ပြောစရာစကားမဲ့နေပြီ။” ရှုကျင်းလင် မနေနိုင်စွာပြောမိသွားတော့သည်။

ခဏအကြာတွင်တော့ သူတို့အဖွဲ့ သီးသန့်ခန်းထဲသို့ရောက်သွားကြကာ ဟဲစစ်ရင်က စားပွဲထိုးတစ်ယောက်ကိုခေါ်ပြီးဟင်းပွဲများမှာလိုက်သည်။

“အခု မင်းရဲ့မိတ်ကပ်ဖျက်လိုက်ပါတော့လား?” လင်ရှောင်းထင်က ကုနင်းကိုပြောလိုက်သည်။ ကုနင်း၏တခြားအမျိုးသမီးတစ်ယောက်လို သွင်ပြင်မျိုးနှင့်မျက်နှာချင်းဆိုင်ရသည်က သူ့ကိုမသက်မသာခံစားစေရသည်။

“ဟုတ်ပါပြီ။” ကုနင်းပြုံးလိုက်ကာ ချက်ချင်းထပြီး သန့်စင်ခန်းဘက်သို့ထွက်သွားတော့သည်။

ကုနင်းထွက်သွားပြီးကာမှ ရှုကျင်းလင်လဲ ထပ်ပြီးစကားဟလာပြန်သည်။ “မင်းနောက်ချစ်သူအသစ်တစ်ယောက်ရသွားတယ်လို့ထင်လိုက်တာ!”

“အဲ့လိုဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။” လင်ရှောင်းထင်က လေးနက်ကာ ဆုံးဖြတ်ချက်ခိုင်မာဟန်ဖြင့် ပြန်ဖြေလိုက်သည်။

လင်ရှောင်းထင်၏သစ္စာရှိတရားကိုမြင်လိုက်ရတော့ ရှုကျင်းလင်ပင် လေးစားမိသွားသည်။ လင်ရှောင်းထင်၏သူငယ်ချင်းတစ်ယောက်အနေနှင့် သူလဲ လင်ရှောင်းထင်ကိုပျော်ပျော်ရွှင်ရွှင်နေနိုင်သွားဖို့ မျှော်လင့်မိသည်။ သို့သော်လည်း သူက ကုနင်းအကြောင်း အများကြီးမသိသေးပေ။ သူမက အရမ်းငယ်တာကြောင့် အနာဂါတ်မှာ ဘယ်လိုဘယ်ပုံဖြစ်လာမလဲက ပြောလို့မရသေးပေ။

ကုနင်းသာ လင်ရှောင်းထင်ကို လမ်းခွဲသွားခဲ့လျှင် လင်ရှောင်းထင်အတွက် နောက်ထပ်မိန်းကလေးတစ်ယောက်ကို ချစ်မိဖို့ဆိုသည်က လွန်စွာခက်ခဲသွားပေလိမ့်မည်။ ဒါကြောင့် သူ့လက်ကျန်ဘဝတစ်လျှောက်လုံး တစ်ယောက်တည်းနေသွားခြင်းမျိုးတောင်ဖြစ်နိုင်သည်။

“မင်းမိသားစုနဲ့ သူ့ကိုတွေ့ပေးပြီးပြီလား?”

“မတွေ့ပေးရသေးဘူး။” လင်ရှောင်းထင်ပြန်ဖြေလိုက်ပြီးကာမှ အနည်းငယ်ဝမ်းနည်းလာမိကာ၊ “သူတက္ကသိုလ်မတက်ခင်အထိ ငါ့မိသားစုဘက်ကို လိုက်လည်မှာမဟုတ်ဘူး။”

လင်ရှောင်းထင်၏အဖြေအရ ကုနင်းကို သူနက်နက်ရှိုင်းရှိုင်းချစ်နေကြောင်း ရှုကျင်းလင် ခံစားလိုက်ရသည်။

“သူ့မိသားစုဘက်ကိုကော မင်းသွားလည်ပြီးပြီလား?” ရှုကျင်းလင် ထပ်မေးလိုက်ပြန်သည်။

ကုနင်းက ငယ်သေးတာကြောင့် သူမမိသားစုဘက်က သူမကို ငယ်ငယ်ရွယ်ရွယ်နှင့် ချစ်သူထားခွင့်မပြုလောက်ဘူးဟု ရှုကျင်းလင် တွေးမိသည်။

“အွန်း၊ သွားပြီးပြီ။”

ထိုစကားကြောင့် ရှုကျင်းလင် အလွန်အံ့ဩသွားတော့သည်။ တစ်ချိန်တည်းမှာပဲ ကုနင်းက လင်ရှောင်းထင်နှင့်အတည်တွဲတာမှန်း သိလိုက်ရတာကြောင့် လင်ရှောင်းထင်အတွက် ဝမ်းသာမိသွားသည်။

“သူ့မိသားစုကရော ထောက်ခံကြရဲ့လား?” ရှုကျင်းလင် စိတ်ပူမိနေတုန်းပင်။

“အွန်း။” လင်ရှောင်းထင် ပြန်ဖြေလိုက်ကာမှ ရှုကျင်းလင်လဲ စိတ်ချသွားတော့သည်။

ရှုကျင်းလင်က သူ့ကိုဂရုစိုက်တာကြောင့် မေးခွန်းတွေအများကြီးမေးနေမှန်း လင်ရှောင်းထင်နားလည်၍ စိတ်ရှည်ရှည်နှင့်ပြန်ဖြေပေးနေခြင်းဖြစ်သည်။

***

အခန်း ၉၀၂ လင်ရှောင်းထင် သဝန်တိုနေပြန်ပြီ

၂မိနစ်ကြာပြီးနောက် ကောင်းယိနှင့်ချောင်ယတို့လဲ စားဖို့သောက်ဖို့အတွက် အခန်းထဲဝင်လာကြကာ စားသောက်ဖွယ်ရာများအားလုံးလဲ တည်ခင်းလို့ပြီးသွားပြီဖြစ်သည်။ ကုနင်းကတော့ မိတ်ကပ်ဖျက်ပြီးနောက် ဆံပင်ခပ်မြောက်မြောက်လေးစည်းလာခဲ့ကာ အဝတ်အစားတော့ မလဲခဲ့ပေ။

ကုနင်း၏နဂိုမျက်နှာကိုမြင်လိုက်သည်နှင့် အားလုံး၏အတွေးထဲက အခုပုံစံက ပိုကြည့်ကောင်းသည်ဟု တညီတညွတ်တည်းတွေးမိသွားကြသည်။

“ဝိုး၊ ကုနင်း၊ နင့်အသားအရေက အရမ်းကောင်းတာပဲ!” ဟဲစစ်ရင်တစ်ယောက် ကုနင်း၏မိတ်ကပ်မပါဘဲနှင့် ချောမွတ်နူးညံ့နေသည့်အသားအရေအပေါ် မနာလိုဖြစ်မိသွားတော့သည်။

ကုနင်းက အခုမှ၁၈နှစ်သာရှိသေးလို့ဆိုလျှင်တောင်မှ သူမနှင့်ရွယ်တူတခြားမိန်းကလေးများလို သူမ၏အသားအရေက မဆိုးပေ၊ ဒီလိုမျိုး အပြစ်အနာအဆာကင်းမဲ့သည့်အသားအရေမျိုးက မြင်ရခဲပေသည်။

“ငါက အမြဲတမ်းခိုကျီကိုပဲသုံးတာလေ။” ကုနင်းကတော့ သူမ၏အလှကုန်အမှတ်တံဆိပ်ကို ကြော်ငြာဝင်နေတုန်းပင်။

“တကယ်လား?” ဟဲစစ်ရင် စိတ်လှုပ်ရှားသွားတော့သည်။

“ခိုကျီလား? အဲ့ဒီဘရန်းက အခု မြို့တော်မှာ တော်တော်နာမည်ကြီးနေတယ်လို့ ငါကြားမိတယ်။” ရှုကျင်းလင် ဝင်ပြောလိုက်ခြင်းပင်။ “ငါ့အမေ၊ အဒေါ်နဲ့ ဝမ်းကွဲတွေအားလုံး ဒီဘရန်းကိုပဲ သုံးနေကြတာ။ နိုင်ငံတကာမှာနာမည်ကြီးနေတဲ့ဘရန်းတွေထက်တောင် ပိုကောင်းတယ်လို့တောင် ပြောနေကြသေးတယ်။ ပြောရရင် ငါကလဲ အဲ့ဒီဘရန်းတည်ထောင်သူရဲ့ ဖန်တစ်ယောက်ပဲ။”

ရှုကျင်းလင်က ခိုကျီတည်ထောင်သူကို အရမ်းလေးစားနေတာဖြစ်သည်။ သူ့ရှေ့မှာထိုင်နေတဲ့မိန်းကလေးက သူလေးစားနေသည့် တည်ထောင်သူမှန်းကို မသိဘဲနဲ့ပေါ့။

ရှုကျင်းလင် မသိမှတော့ ကုနင်းလဲ ကြွားဝါးမနေဘဲ တိတ်တဆိတ်သာနေလိုက်သည်။

“ခိုကျီရဲ့ မယုံနိုင်စရာအာနိသင်ထက်မှုအရ နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုအဖြစ် အရည်အသွေးပြည့်မီမှာ သေချာပေါက်ပဲ ဒါပေမယ့် သူ့ဈေးနှုန်းက နည်းနည်းနိမ့်နေတယ်။ အခုခေတ်ဝယ်သူတော်တော်များများက ပစ္စည်းအရည်အသွေးကို ဈေးနှုန်းပေါ်လိုက်ပြီး ဆုံးဖြတ်နေကြတာ၊ ဒါကြောင့် အဆင့်အတန်းမြင့်အမျိုးသမီးတွေနဲ့ နာမည်ကြီးအများစုကတော့ ခိုကျီဈေးနိမ့်နေတာကြောင့်နဲ့ မသုံးကြလောက်ဘူး။” ရှုကျင်းလင်က အသားအရေထိန်းအလှကုန်ဈေးကွက်ကို စိတ်ဝင်စားနေသူဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက စီးပွားရေးသမားတစ်ယောက်ပဲမဟုတ်လား။

ထိုအခါ ကုနင်းက၊ “ငွေကလွဲလို့ ကမ္ဘာပေါ်ကလူတိုင်း တညီတည်းကြိုက်တဲ့အရာရဲ့လို့ မရှိဘူးလေ။ ဒီကမ္ဘာပေါ်မှာတော့ ချမ်းသာတဲ့လူဦးရေက နည်းနည်းလေးပဲရှိတယ်။ ဒါကြောင့် ဒီဈေးနှုန်းက လူအများစုအတွက်တော့ သင့်တော်တယ်လို့ ထင်တယ်။”

“ဥပမာအားဖြင့်၊ အမျိုးသမီးအယောက်၁၀၀ရှိတယ်ပဲထားဦး၊ အဆင့်အတန်းမြင့်အမျိုးသမီးတွေနဲ့နာမည်ကြီးတွေဆိုတာက ၁၀ရာခိုင်နှုန်းလောက်ပဲပါတာ။ နောက်၂၀ရာခိုင်နှုန်းကတော့ အလှကုန်ဝယ်နေဖို့မတတ်နိုင်တဲ့ ဆင်းရဲတဲ့အမျိုးသမီးတွေ။ ဒါကြောင့် ဝယ်ယူသူဖြစ်လာနိုင်တဲ့လူက ၇၀ရာခိုင်နှုန်းတောင်ရှိသေးတယ်။ မြို့ငယ်လေးတွေကို ဖယ်လိုက်ရင် မြို့ကြီးတွေမှာတော့ ပျမ်းမျှလစာ ယွမ်၇ထောင်နဲ့၈ထောင်အထက်မှာရှိတယ်။ အသားအရေထိန်းအလှကုန်တစ်စုံလုံးက ယွမ်၃ထောင်ကနေ၄ထောင်ကြားရှိပြီး ၃-၄လအထိသုံးနိုင်တယ်။ တစ်ခါတစ်လေ နှစ်ဝက်လောက်အထိတောင် သုံးနိုင်သေးတယ်။ ဒါကြောင့် သူတို့သာ ခိုကျီကိုဝယ်မယ်ဆိုရင် လတိုင်းယွမ်၁ထောင်လောက်ပဲ ကုန်မှာ။”

“အမျိုးသမီးအားလုံးက သူတို့ရဲ့သွင်ပြင်အတွက်နဲ့ ငွေသုံးချင်ကြတဲ့လူတွေကြီးပဲ ဒါပေမယ့် အလှကုန်တွေအတွက်ပဲ အများကြီးသုံးဖြုန်းကြလိမ့်မယ်လို့တော့ မဆိုလိုဘူး။”

“ဝယ်သူဖြစ်နိုင်ချေရှိတယ် ၇၀ရာခိုင်နှုန်းထဲကမှ အသားအရေထိန်းအလှကုန်ဝယ်ဖို့ ယွမ်ထောင်ကျော်ဖြုန်းဖို့မလိုတဲ့လူက ၂၀ရာခိုင်နှုန်းဝန်းကျင်လောက်ရှိမယ်။ ဒါကြောင့် ခိုကျီကိုတစ်ကြိမ်သုံးပြီးရုံနဲ့ သစ္စာခံဖောက်သည်ဖြစ်လာနိုင်တဲ့လူက ၅၀ရာခိုင်နှုန်းရှိမယ်။”

ကုနင်းက လူချမ်းသာနှင့်သာမာန်လူကြားမှ အရေအတွက်ကွာဟချက်ကြီးမားပုံကိုကြည့်ပြီး လူအများစုအတွက်သင့်တော်နိုင်မည့် ဈေးနှုန်းကိုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

“အရည်အသွေးကိုတန်ဖိုးထားတဲ့လူအများစုကတော့ ဈေးနှုန်းကိုကြည့်ကြမှာမဟုတ်ဘူးလို့ထင်တယ်။” ကုနင်း ထိုစကားနှင့်အဆုံးသတ်လိုက်သည်။

“မင်းက စီးပွားရေးအကြံဉာဏ်လဲတော်တော်ကောင်းတာပဲ!” ရှုကျင်းလင် အလွန်အံ့ဩသွားသည်။

တကယ်တော့ သူတို့နှစ်ဖက်လုံးပြောတာမှန်ပေမည့် ဦးတည်ရာဖောက်သည်က မတူကြခြင်းသာဖြစ်သည်။

“စားကြရအောင်!” လင်ရှောင်းထင် စကားဖြတ်ပြောလိုက်သည်။ ကုနင်း သူ့ကိုလျစ်လျူရှုကာ တခြားယောက်ျားများနှင့်စကားပြောနေသည်က သူ့ကို လွန်စွာသဝန်တိုစေသည်။

ကုနင်းလဲ လင်ရှောင်းထင် မကျေမနပ်ဖြစ်နေသည်ကို ခံစားမိတာကြောင့် တခြားလူများနှင့်စကားများမနေတော့ဘဲ အစားကိုသာစစားတော့သည်။ ရှုကျင်းလင်သည်လဲ ပါးစပ်ပိတ်သွားပေပြီ။

……….

ကျိုးကျန်းဟွေ့ကိုဖမ်းမိကာ ဟဲရှီယန်ကလဲ ပြန်ရောက်လာပြီဖြစ်တာကြောင့် ဟဲမိသားစုအတွက် နောက်ခြေလှမ်းအနေဖြင့်ဟဲဟုန်ယွမ်ကို လက်စားပြန်ချေဖို့ဖြစ်သည်။

ဟဲဟုန်ကျဲ့က အစကတည်းက ဟဲဟုန်ယွမ်ကို စောင့်ကြည့်ဖို့ လူလွှတ်ထားပြီးဖြစ်သော်လည်း ဟဲရှီယန်ဘေးကင်းစေရန်အတွက် ဟဲဟုန်ယွမ်ကို ထိခိုက်အောင် မလုပ်သေးတာဖြစ်သည်။ အခုတော့ ဟဲရှီယန်လဲ ပြန်ရောက်လာပြီဖြစ်တာကြောင့် ဘာကိုမှနောက်ဆံတင်းစရာမလိုတော့ပေ။

သို့ပေမည့် ဟဲဟုန်ယွမ်ကတော့ ဟဲရှီယန်ပြန်ရောက်နေပြီကို မသိထားသေးဘဲ ဟဲရှီယန်ကို ကျွန်းပေါ်မှာသာ ဆက်ရှာခိုင်းနေသည်။ သူက ဟဲရှီယန်ကိုသာ ဓါးစာခံအဖြစ်လက်ကိုင်ထားပါက ဟဲဟုန်ကျဲ့ကို သေချာပေါက် ဆန့်ကျင်နိုင်မည်ဟု ယုံကြည်နေတာဖြစ်သည်။ ဒါကြောင့် သူ့အိမ်မှာပဲ အေးအေးလူလူနေ,နေခဲ့သည်။

……….

ဆင်ခြေဖုံးရပ်ကွက်မှ ဗီလာတစ်ခုတွင်တော့ ဟဲယီရှီနှင့်ဟဲဟုန်ယွမ်တို့နှစ်ယောက် ဧည့်ခန်းထဲမှာ တီဗီကြည့်နေကြသည်။

ရုတ်တရက်ဆိုသလိုပဲ အိမ်ပြင်ဘက်မှ ဆူညံသံများကိုကြားလိုက်ရတာကြောင့် ချက်ချင်းဆိုသလို ထကြည့်လိုက်ကြသည်။ သူတို့ဘက်မှသက်တော်စောင့်များက လူစိမ်းတစ်စုနှင့်တိုက်ခိုက်နေသည်ကို မြင်လိုက်သည်နှင့် လွန်စွာကြောက်လန့်သွားတော့သည်။

“အဖေ!” ဟဲယီရှီက ကြောက်လန့်ကာ ဟဲဟုန်ယွမ်နောက်သို့ရောက်သွားသည်။ အိမ်အကူများကလဲ မီးဖိုချောင်ဘက်သို့ ပြေးသွားကာ ပြန်ကိုပေါ်မလာကြတော့ပေ။

“ရပ်လိုက်၊ ရပ်လိုက်ကြစမ်း!” ဟဲဟုန်ယွမ် ဒေါသတကြီးအော်ဟစ်နေသော်လည်း ဘယ်သူကမှ သူ့စကားကိုနားမထောင်ကြပေ။ သူစိမ်းအဖွဲ့က တစ်ဖက်မှ သက်တော်စောင့်များအားလုံးကို အလဲမသိပ်မပြီးမချင်းမရပ်ခဲ့ကြပေ။

“မင်းတို့ဘယ်သူတွေလဲ? ဘာလာလုပ်ကြတာလဲ?” ဟဲဟုန်ယွမ် မေးမြန်းလိုက်သည်။

ထိုအချိန်မှာပဲ ဗီလာဝင်ပေါက်တွင်ရပ်ထားသည့် ကားက တံခါးဖွင့်လာကာ ဟဲဟုန်ကျဲ့ဆင်းလာခဲ့သည်။

ဟဲဟုန်ကျဲ့ကိုမြင်လိုက်ရသည်နှင့် ဟဲဟုန်ယွမ်နှင့်ဟဲယီရှီတို့လဲ အခြေအနေကို သဘောပေါက်သွားကြတော့သည်။

ဟဲရှီယန်ကို ဟဲဟုန်ကျဲ့ရှာတွေ့သွားပြီမှန်း သူတို့မသိသေးတာကြောင့်တော့ ဟဲဟုန်ကျဲ့ ဘာလို့ သူတို့ပိုင်နက်ကို လာရဲမှန်းနားမလည်နိုင်ဖြစ်နေသေးသည်။

ဟဲဟုန်ကျဲ့က ဒီကြံစည်မှု၏နောက်ကွယ်ကလူက သူဖြစ်မှန်းသိနေကြောင်းကို ဟဲဟုန်ယွမ်လဲ သိနေပေမည့် ဟဲဟုန်ကျဲ့မှာ ခိုင်လုံသည့်သက်သေမရှိပေ။

ဒါကြောင့် ဟဲဟုန်ကျဲ့ကိုခြိမ်းခြောက်ဖို့အတွက် ဟဲရှီယန်ကိုအသုံးချလို့ရနေသေးသည်ဟု ဟဲဟုန်ယွမ်ယုံကြည်နေခဲ့သည်။

***

အခန်း ၉၀၃ ဟဲဟုန်ယွမ်ကို ဖမ်းဆီး

အရင်ကတော့ ဟဲရှီယန်ကို ဟဲဟုန်ယွမ်က ဖမ်းထားတာကြောင့် ဟဲဟုန်ကျဲ့လဲ ဟဲဟုန်ယွမ်၏ပိုင်နက်ထဲသို့ ခြေမချရဲခဲ့ပေ။ သို့ပေမည့် အခုချိန်မှာတော့ အရာအားလုံးကွဲပြားသွားပြီဖြစ်သည်။

“ဟဲဟုန်ကျဲ့၊ မင်းငါ့အိမ်ကိုဘာလာလုပ်တာလဲ?” ဟဲဟုန်ယွမ်ကစကာ ဟဲဟုန်ကျဲ့ကို မေးခွန်းထုတ်လိုက်သည်။

“ငါဘာလာလုပ်တယ်လို့များထင်လဲ?” ဟဲဟုန်ကျဲ့ကလဲ အေးစက်စက်မျက်နှာထားဖြင့် ပြန်လည်စိုက်ကြည့်နေသည်။

“မင်းဘာကြောင့်လာမှန်း ငါကဘယ်လိုလုပ်သိမှာလဲ?”

“ဟဲဟုန်ယွမ်၊ မင်းရှီယန်ကို ပြန်ပေးဆွဲတာရော ငါ့အကြားအာရုံထိခိုက်အောင်ရော ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်လား!”

ဟဲဟုန်ယွမ် မျက်မှောင်တို့ကိုကြုတ်လိုက်ကာ ပြန်လည်ငြင်းဆန်ခဲ့သည်။ “ငါလုပ်ပါတယ်ဆိုတဲ့ သက်သေမင်းမှာရှိလို့လား?”

“ငါ့မှာတော့ မရှိပါဘူး ဒါပေမယ့် မင်းမှန်း ငါသိတယ်လေ။”

“အပြောတွေကတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ။ မင်းမှာ သက်သေမရှိဘူးဆိုမှတော့ ဒါက အသရေဖျက်စွပ်စွဲနေတာပဲနော်။”

“တကယ်လား?” ဟဲဟုန်ကျဲ့ နှာခေါင်းရှုံ့လိုက်ကာ၊ “ငါ့မိသားစုကို ထိခိုက်အောင် မင်းအလုံးစုံလုပ်ခဲ့မှန်း ငါသိနေမှတော့ မင်းသေချာပေါက် အဲ့ဒီအတွက် ပြန်ပေးဆပ်ရမယ်။ သက်သေတွေဘာတွေ ငါဂရုစိုက်မနေဘူး။”

“မင်း….” ဟဲဟုန်ယွမ် ဒေါသထွက်လာတော့သည်။ “ဟဲဟုန်ကျဲ့၊ မင်းမှာသက်သေလဲမရှိဘူး၊ ငါ့ကိုထိခိုက်အောင်လုပ်ရင် ဥပဒေနဲ့မလွတ်ကင်းတဲ့အပြုအမူဖြစ်သွားမယ်။”

ဟဲဟုန်ကျဲ့မှာ သက်သေလုံးဝမရှိလို့ ဟဲဟုန်ယွမ်ယုံကြည်နေတာကြောင့် ထိုသို့ပြောနေခြင်းဖြစ်သည်။

“အဲ့ဒါတွေ ဂရုစိုက်မနေဘူး!” ဟဲဟုန်ကျဲ့ ထပ်ပြီးနှာခေါင်းရှုံ့လိုက်ပြန်ကာ အမိန့်တစ်ခုကိုပါ တစ်ဆက်တည်းပေးလိုက်သည်။ “ဟဲမိသားစုရဲ့ဘိုးဘွားပိုင်အမွေအနှစ်ကိုပြန်ယူကြ!”

ဟဲမိသားစု၏ဘိုးဘွားပိုင်အမွေအနှစ်ကိုပြန်ယူသည်ဟု ပြောလိုက်သည်နှင့် ဒါက မိသားစုအတွင်းရေးဖြစ်သွားပေပြီ။ သူတို့ချင်း မသတ်ကြသေးသ၍ ရဲတွေတောင်မှ သူတို့ကြားဝင်ပါနိုင်ခြင်းမရှိတော့ပေ။ ဟဲဟုန်ကျဲ့အနေဖြင့် ဟဲဟုန်ယွမ်တို့ကို တစ်သက်လုံးပိတ်လှောင်ထားပစ်လို့တောင် ရပေသည်။

တကယ်တော့ ဟဲဟုန်ကျဲ့မှာ အစကတည်းက ဟဲဟုန်ယွမ်တို့ကို သတ်ဖို့အထိ စိတ်ကူးမရှိပေ။ သတ်ဖြတ်ခြင်းက မကောင်းသလို သူတို့မိသားစုဂုဏ်သိက္ခာကိုပါ ဖျက်ဆီးမိသွားနိုင်တာကြောင့်ဖြစ်သည်။

“မင်း…” ဟဲဟုန်ယွမ် ရုန်းကန်ထွက်ပြေးချင်ပေမယ့် သူက လူအိုကြီးတစ်ယောက်မျှသာဖြစ်ပေသည်။ ဒါကြောင့်အဆုံးမှာတော့ ဟဲဟုန်ယွမ်နှင့်ဟဲယီရှီတို့ အဖမ်းခံလိုက်ရတော့သည်။

………

ဟုန်ယွဲ့ဖေးသည်တော့ သူ့အိမ်မှာ ဒဏ်ရာသက်သာရန်အနားယူနေစဲဖြစ်တာကြောင့် ဟဲမိသားစုပြဿနာအကြောင်း လုံးဝအာရုံမရနေပေ။ တကယ်တော့ အနားယူရင်း ပျော်မြူးနေသည်ဟုတောင် ပြောလို့ရသည်။

ဟဲယီရှီက သူမဒီနေ့မအားကြောင်း သူ့ကိုပြောထားတာကြောင့် သူ့ကိုဖျော်ဖြေဖို့အတွက် အပျော်မယ်နှစ်ယောက်ကို ခေါ်ထားခဲ့သည်။ ထိုနှစ်ဦးနှင့် မောပန်း၍မလှုပ်နိုင်သည်အထိ ချစ်တင်းနှောကာ နောက်ဆုံးမောပန်းကာမှ ခနတဖြုတ်အိပ်ပြီး ဇာတ်လမ်းပြန်စရင်းဖြင့် မပျင်းအားနေပေ။

ညနေပိုင်းမှာတော့ ရုတ်တရက်ဆိုသလိုပဲ ဟဲမိသားစုပြဿနာအကြောင်း ဟုန်ယွဲ့ဖေးအမှတ်ရသွားကာ ဟဲယီရှီထံ ဖုန်းဆက်ခဲ့ပေမည့် ဘယ်လိုမှဆက်သွယ်လို့မရခဲ့ပေ။ ဒါကြောင့် ဟဲမိသားစုအခြေအနေအကြောင်း မေးဖို့ရန် သူ့အစ်ကိုဖြစ်သူကိုသာ ဖုန်းဆက်ရတော့သည်။

ဟုန်ယွဲ့ဟွမ်က ပြိုင်ပွဲတွင် ဟဲဟုန်ယွမ်ရှုံးခဲ့သည့်အကြောင်း ပြောပြခဲ့ကာ ဟဲယီရှီနှင့် ဆက်ပြီးမပတ်သတ်တော့ဖို့သာ သတိပေးခဲ့သည်။

ဤတစ်ကြိမ်မှာတော့ ရှားရှားပါးပါးဆိုသလို ဟုန်ယွဲ့ဟွမ်၏စကားကို ဟုန်ယွဲ့ဖေး နားထောင်ခဲ့ပေသည်။

တကယ်တမ်း ဟဲယီရှီအပေါ် ဟုန်ယွဲ့ဖေး သိပ်ပြီးခံစားချက်နက်နက်ရှိုင်းရှိုင်းမရှိနေဘဲ သူတို့နှစ်ဦးအိပ်ရာထက်အတူရှိချိန်အခိုက်အတန့်လောက်ကိုသာ နှစ်သက်ခဲ့ခြင်းဖြစ်သည်။ သူ့မိသားစု၏အကျိုးအမြတ်က ချစ်သူကောင်မလေးတစ်ယောက်ထက် အဆပေါင်းများစွာအရေးပါမှန်းလဲ သူသိတာကြောင့် ဟဲယီရှီကို စွန့်ပစ်လိုက်ဖို့ ချက်ချင်းဆုံးဖြတ်နိုင်ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့အနားမှာမိန်းမတစ်ယောက်လောက်အနည်းဆုံး မရှိတဲ့အချိန်ဆိုတာမှ မရှိဘဲ။

ဟုန်ရှီထျန်းကတော့ တစ်နေ့လုံးစဉ်းစားနေခဲ့ပေမည့် လူကိုယ်တိုင်မတောင်းပန်ချင်သေးပေ။ ထိုအစား နေ့လည်ပိုင်းမှာတော့ ဟဲဟုန်ကျဲ့ကို ဖုန်းသာဆက်ခဲ့သည်။

ဟုန်ရှီထျန်းကို ဟဲဟုန်ကျဲ့စိတ်ပျက်နေခဲ့ပြီဖြစ်သော်လည်း ထျန်းတိဟွေ့ကို ဆန့်ကျင်ဖို့မသင့်မှန်းလဲ သိနေသေးသည်။ ထျန်းတိဟွေ့ဆိုသည်က HKတွင် လွှမ်းမိုးမှုရှိသည့်ဂိုဏ်းကြီးတစ်ခုပဲမဟုတ်လား၊ ပြီးတော့ နောင်အနာဂါတ်မှာ သူတို့ချင်းဆက်လက်တွဲနေပါက အကူအညီအများကြီးဖြစ်နိုင်သေးသည်။

ဒါကြောင့် ထျန်းတိဟွေ့နှင့် စီးပွားရေးအရပူးပေါင်းခြင်းကို ဟဲဟုန်ကျဲ့မရပ်တန့်ခဲ့ပေမည့် သူတို့ကြားက ပုံမှန်လိုရင်းနှီးသည့်ဆက်ဆံရေးမျိုးကတော့ ရှိလာတော့မည်မဟုတ်ပေ။

………

စားသောက်ပြီးနောက်မှာတော့ ကုနင်းနှင့်လင်ရှောင်းထင်တို့ နှစ်ဦးသား ထွက်သွားကြဖို့ပြင်နေသည်။

ကောင်းယိနှင့်ချောင်ယတို့ကလဲ ချိန်းတွေ့ဖို့သွားကြမည်ဖြစ်ရာ ဟဲစစ်ရင်နှင့်ရှုကျင်းလင်နှစ်ယောက်သာ ကျန်ခဲ့တော့သည်။ သို့သော်လည်း ဟဲစစ်ရင် အိမ်ပြန်ဖို့လိုသလို ရှုကျင်းလင်ကလဲ ချိန်းထားတာရှိတာကြောင့် ကျန်ခဲ့သည့်အပေါ် သိပ်အလေးထားမနေပေ။

“အိုး၊ မင်းတို့မြို့ကို ဘယ်တော့ပြန်ကြမှာလဲ?” အားလုံးလမ်းမခွဲကြခင် ရှုကျင်းလင်က မေးလိုက်ခြင်းဖြစ်သည်။

“ငါတို့မနက်ဖြန် Mမြို့ကိုသွားဦးမှာ။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။

“ကောင်းတာပဲ။ ငါကတော့ မနက်ဖြန် မြို့တော်ကိုပြန်တော့မှာ။ မင်းတို့နှစ်ယောက် မြို့တော်ကိုရောက်ဖြစ်ရင် ငါ့ကိုဆက်သွယ်ဖို့မမေ့ကြနဲ့ဦး။”

“ကောင်းပြီလေ။ ဆက်သွယ်လိုက်ပါ့မယ်။”

ထို့နောက် ကိုယ့်လမ်းကို ဆက်သွားခဲ့ကြသည်။

“ကျွန်မတို့ လမ်းခနလျှောက်ကြရင်မကောင်းဘူးလား?” ကုနင်းက လင်ရှောင်းထင်ကို အကြံပြုလိုက်သည်။

“ကောင်းတာပေါ့။” လင်ရှောင်းထင်လဲ ကုနင်း၏လက်ကိုဆွဲကာ ဟိုတယ်ထဲမှ ထွက်ခဲ့သည်။

………..

ထိုနေ့လည်မှာပဲ ချောင်ဝမ်ရှင်းတစ်ယောက် ရှင်းပိုင်ရှိရာ မြို့တော်သို့သွားလည်ရန် လေယာဉ်လက်မှတ်ဖြတ်ခဲ့သည်။

ဤရက်များအတွင်း ရှင်းပိုင်က မြို့တော်တွင်ပဲနေ,နေကာ ချောင်ဝမ်ရှင်းကတော့အားနေတာကြောင့် သွားလည်ဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ချောင်ဝမ်ရှင်းလေယာဉ်ပေါ်မှဆင်းချိန်တွင် ရှင်းပိုင်က သူမကိုလေဆိပ်မှာစောင့်ကြိုနေခဲ့သည်။

သူတို့နှစ်ယောက်အတူ ညနေစာစားဖို့ သွားချိန်မှာပဲ စားသောက်ဆိုင်တွင် ယွီဝမ်ကျင်း၊ယွီဝမ်ခိုင်တို့နှင့် တည့်တည့်တိုးတော့သည်။

ယွီဝမ်ကျင်းက ဒီကနေ့မှဆေးရုံကဆင်းလာခြင်းဖြစ်ကာ ယွီဝမ်ခိုင်က သူမကိုစိတ်တက်ကြွစေရန်အတွက် အရသာရှိတာလိုက်စားဖို့ ခေါ်လာခြင်းဖြစ်သည်။ အံ့ဩစရာကောင်းစွာပဲ တိုက်တိုက်ဆိုင်ဆိုင်ကို ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းကိုတွေ့လိုက်ရသည်။

ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်ကို မြင်သည်နှင့် ယွီဝမ်ကျင်းမျက်ရည်များကျလာတော့သည်။

“ဝမ်ကျင်း။” ယွီဝမ်ခိုင်က တားလိုက်သည်။

ယွီဝမ်ကျင်းသည်လဲ ရှင်းပိုင်ဘေးမှမိန်းကလေးနှင့် အချေအတင်မဖြစ်သင့်မှန်း နားလည်တာကြောင့် သူမ၏ဝမ်းနည်းမှုများကို မြိုသိပ်ထားလိုက်ရသည်။

ယွီဝမ်ကျင်းကိုမြင်လိုက်သည်နှင့် ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းတို့၏စိတ်အခြေအနေကို ထိခတ်သွားစေသော်လည်း ဒီအတိုင်းလျစ်လျူသာရှုထားလိုက်သည်။

စားသောက်ကြပြီးနောက် လမ်းလျှောက်ဖြစ်ခဲ့ကြသည်။ ထို့နောက် ရှင်းပိုင်က ချောင်ဝမ်ရှင်းကို သူ့တိုက်ခန်းသို့ခေါ်သွားခဲ့ပေသည်။

အစကတော့ ရှင်းပိုင်၏တိုက်ခန်းသို့ ချောင်ဝမ်ရှင်းမလိုက်ချင်ဘဲ သူမကိုဟွမ်းဒင်ဟိုတယ်သို့သာ လိုက်ပို့ရန်ပြောပေမည့် ရှင်းပိုင်က ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ရှင်းပိုင်ကနေပြီး၊ “ငါတို့ ရောက်ကတည်းက အချိန်တိုတိုလေးပဲ အတူရှိခဲ့ရသေးတာနော်။ မင်းအခုနေ ငါ့ကိုထားသွားရင် ငါတို့အတူရှိမယ့်အချိန်က အရမ်းကိုတိုသွားမှာ!”

သူတို့မှာ နှစ်ယောက်တည်းအတွက်သီးသန့်အချိန်သိပ်မရှိမှန်း ချောင်ဝမ်ရှင်းနားလည်တာကြောင့် အဆုံးမှာတော့ ခေါင်းညိတ်လက်ခံလိုက်သည်။

သို့သော်လည်း သူတို့သာ တစ်ခန်းတည်းနေမည်ဆိုလျှင် ချစ်တင်းနှောမိမှာက မလွှဲမရှောင်သာပင်။ သူတို့အရင်ကလဲ အတူအိပ်ပြီးခဲ့ပြီဖြစ်ပေမည့် ချောင်ဝမ်ရှင်းကတော့ ထိုအကြောင်းတွေးမိတိုင်း ရှက်နေတုန်းပင်။

“ငါက မင်းချစ်သူမဟုတ်လို့လား?” ရှင်းပိုင် ဝမ်းနည်းနေဟန်ဖြင့်မေးလိုက်သည်။

“ဟုတ်တော့ဟုတ်တာပေါ့။”

“ဒါဆို ငါ့တိုက်ခန်းကိုပဲ သွားရအောင်ပါနော်။” ရှင်းပိုင် ခခယယတောင်းဆိုလာတာကြောင့် သူ့ကိုမနာကျင်စေချင်၍ ချောင်ဝမ်ရှင်း သဘောတူလိုက်သည်။

ရှင်းပိုင်ကတော့ ပျော်ရွှင်မှုကြောင့် ပြုံးရယ်နေတော့သည်။

***

အခန်း ၉၀၄ ကျွမ်းကျင်လောင်းကစားသမားများစုဝေး

နောက်တစ်နေ့မနက်မှာတော့ ဂုဏ်ပြုနေ့လည်စာစားပွဲတက်ရောက်ရန်အတွက် ဟဲမိသားစုအိမ်သို့ ကုနင်းနှင့်လင်ရှောင်းထင်တို့ သွားရောက်ခဲ့ကြသည်။

ကုနင်းနှင့်လင်ရှောင်းထင်တို့ ရောက်လာသည်နှင့် ဟဲဟုန်ကျဲ့က နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ဆက်ရင်း ကုနင်းကိုလဲ အကြိမ်ပေါင်းမနည်း စိတ်အားထက်သန်စွာ ကျေးဇူးတင်စကားပြောနေခဲ့သည်။ ကုနင်း ဟဲမိသားစုအတွက် လုပ်ပေးခဲ့သည့်ကိစ္စတိုင်းအတွက် အလွန်ကျေးဇူးတင်နေခြင်းဖြစ်သည်။

အခုထိတော့ အံ့စာနံပါတ်အတိအကျထိ ပြန်မကြားနိုင်သေးသော်လည်း အရင်ထက်တော့ ဟဲဟုန်ကျဲ့၏အကြားစွမ်းရည်က ပိုကောင်းလာခဲ့သည်။ သူ့အကြားစွမ်းရည် နဂိုအတိုင်းအပြည့်အဝပြန်ကောင်းလာဖို့အထိတော့ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ကုနင်းသူ့ကိုပေးသောဆေးကို သောက်ပြီးနောက်မှာတော့ သူ့အကြားစွမ်းရည်က အရင်လိုပြန်ကောင်းလာမလား အဲ့ထက်တောင်ပိုကောင်းလာမလား မမှန်းတတ်တော့ပေ။

မှော်စွမ်းအင်သလင်းကျောက်ဆိုတာက သာမာန်ဆေးတစ်မျိုးမှမဟုတ်ဘဲ။

ထို့နောက် လောင်းကစားလောကမှ ကျွမ်းကျင်လောင်းကစားသမားပေါင်းများစွာက ကုနင်းနှင့် လောင်းကစားလုပ်ဖို့ စိတ်ဝင်စားနေကြောင်း ဟဲဟုန်ကျဲ့ပြောပြခဲ့သည်။

ဟဲဟုန်ကျဲ့အမြင်မှာတော့ ကုနင်းကို Mမြို့လောင်းကစားဘုရင်ကိုယ်တိုင် ဖိတ်ခေါ်ထားပြီးမှတော့ တခြားသူများနှင့် လောင်းကစားလုပ်နေစရာမလိုတော့ဘူးဟု တွေးမိသည်။

ထိုကျွမ်းကျင်လောင်းကစားသမားများကလဲ လောင်းကစားလောကတွင် Mမြို့လောင်းကစားဘုရင်လိုမျိုး ကျော်ကြားကြပေမည့် သူတို့ကျွမ်းကျင်ရာ လောင်းကစားနည်းများကတော့ မတူကြပေ။

ဘာပဲဖြစ်ဖြစ် ဒါတွေက ဟဲဟုန်ကျဲ့အတွေးသာဖြစ်ပြီး ကုနင်း၏စိတ်ကူးမဟုတ်ပေ။

ကုနင်းကတော့ ဒါက ငွေရှာဖို့အခွင့်အလမ်းကောင်းကြီးဟုတွေးမတာကြောင့် ထိုလူများကို မငြင်းချင်ပေ။ ဘာပဲဖြစ်ဖြစ် သူမလဲ Mမြို့ကိုသွားရမည်ဖြစ်တာကြောင့် တခြားကျွမ်းကျင်လောင်းကစားသမားများနှင့်လဲ ထိုနေရာတွင်သာ တွေ့လိုက်နိုင်သည်။

သို့ပေမည့် တခြားကျွမ်းကျင်လောင်းကစားသမားများ၏စိတ်ခေါ်မှုကို လက်မခံခင် ယဲ့ချောင်ရှုံးကိုအရင်ပြောရပေမည်။ သူမ Mမြို့ကိုသွားတာက သူ့ကိုတွေ့ဖို့ဖြစ်တာကြောင့် သူမဘက်က လေးစားမှုပြသင့်သည်။

ယဲ့ချောင်ရှုံးကလဲ သူမ၏ဆုံးဖြတ်ချက်ကို သဘောတူခဲ့သည်။ “ထန်အိုက်နင်း”ဆိုသူက ထိုလောင်းကစားသမားအားလုံးကို အနိုင်ယူနိုင်မလားဆိုသည်ကို သူလဲ သိချင်နေသည်။ ဘာပဲဖြစ်ဖြစ် ယဲ့ချောင်ရှုံးကတော့ ကုနင်းကို သူ့အတွက်ခြိမ်းခြောက်မှုတစ်ခုအဖြစ် မတွေးထားပေ။

ယဲ့ချောင်ရှုံးဘက်က Mမြို့ရှိ ယဲ့မိသားစုပိုင်ကာစီနိုတွင် လောင်းကစားပြိုင်ပွဲကျင်းပလိုက်ဖို့ အဆိုပြုလာကာ ကုနင်းလဲ ထိုသို့အတွေးမျိုးရှိနေတာကြောင့် လက်ခံလိုက်သည်။

ယဲ့ချောင်ရှုံးနှင့်စကားပြောပြီးနောက် တခြားကျွမ်းကျင်လောင်းကစားသမားများနှင့် လောင်းကစားလုပ်ချင်ကြောင်း ဟဲဟုန်ကျဲ့ကို ပြန်ပြောလိုက်သည်။

ထိုကျွမ်းကျင်လောင်းကစားသမားများကတော့ ကုနင်း၏အဖြေကိုကြားကာ စိတ်လှုပ်ရှားမှုအပြည့်နှင့် မျှော်လင့်နေကြတော့သည်။ သူတို့က ဖန်းကျီဟောက်ထက် မဆိုးတာကြောင့် ဖန်းကျီဟောက်ကို အပြတ်အသတ်နိုင်သွားသည့် “ထန်အိုက်နင်းကို” စိန်ခေါ်ရဲကြခြင်းဖြစ်သည်။

သူတို့သာ “ထန်အိုက်နင်း”ကို နောက်လောင်းကစားပြိုင်ပွဲတွင် အနိုင်ယူလိုက်နိုင်ပါက သူတို့၏ကျော်ကြားမှုက အတိုင်းအဆမဲ့တိုးပွားသွားပေလိမ့်မည်။

ဟဲဟုန်ကျဲ့သည်လဲ Mမြို့မှာကျင်းပမည့် လောင်းကစားပြိုင်ပွဲကို အလွန်စိတ်ဝင်စားနေပေမည့် HKတွင် သူ့မိသားစုပြဿနာများ ဖြေရှင်းဖို့ ရှိနေသေးတာကြောင့် လက်လွှတ်ရပေမည်။

………

‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားကို အသံသွင်းဖို့ ရက်များစွာလိုပေမည့် ကြားမှာလဲ အတားအဆီးတစ်ခုနှင့်ကြုံတွေ့ခဲ့ရသည်။ အကြောင်းကတော့ ဇာတ်ကားက အလွန်ကြောက်စရာကောင်းနေတာကြောင့် အသံသရုပ်ဆောင်များစွာ ကြောက်လန့်နေခဲ့ကြ၍ အသံသရုပ်ဆောင်များ သူတို့အလုပ်ကိုပြီးမြောက်ဖို့အတွက် ပုံမှန်အချိန်ထက် ပို၍အချိန်များစွာပိုယူခဲ့ရသည်။

လုကျန်းလဲ ထိုဇာတ်ကားကိုကြည့်တိုင်း အကြိမ်များစွာကြောက်လန့်ခဲ့ရတာကြောင့် အသံသရုပ်ဆောင်များ၏ခံစားချက်ကို ကောင်းကောင်းကြီးနားလည်ပေသည်။

***

အခန်း ၉၀၅ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကား ရုံတင်နိုင်ပါ့မလား?

ရက်အနည်းငယ်ကြာပြီးနောက် ဇာတ်ကားကို အပြီးသတ်နိုင်သွားကာ တာဝန်ရှိသူများထံ စစ်ဆေးဖို့ပေးလိုက်သည်။

ဇာတ်ကားက အဆုံးသတ်တည်းဖြတ်ပြီးမှာတော့ ပိုလို့တောင်မှ ကြောက်စရာကောင်းလာခဲ့သေးသည်။

ထန်ပင်းစန်ကြောင့် ဇာတ်ကားသည် ဆင်ဆာလုပ်ငန်းစဉ်ကို မဖြတ်ကျော်နိုင်ခဲ့ဘဲ ဖယ်ထုတ်ခံလိုက်ရသည်။

လုကျန်းကို ဖျော်ဖြေရေးနယ်ပယ်မှ ကန်ထုတ်ခဲ့သူမှာ ထန်ပင်းစန်ဖြစ်ကြောင်း ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းမှလူတိုင်း သိထားတာကြောင့် ဒါက အံ့ဩဖွယ်ရာရလဒ်တစ်ခုတော့မဟုတ်ပေ။ သို့သော်လည်း သူတို့ဘက်က အခွင့်ကောင်းယူကာ ဒီဇာတ်ကားကို လူစိတ်ဝင်စားမှုများစွာရအောင် လုပ်ခဲ့သည်။

ဆင်ဆာလုပ်ငန်းစဉ်ကို မဖြတ်ကျော်နိုင်ခဲ့သော်လည်း သူတို့အနေနှင့် အင်တာနက်ပေါ်တွင် နမူနာဇာတ်လမ်းတိုတင်ကာ လူထုကိုကြော်ငြာနိုင်သေးသည်။

အရင်ကတည်းကလဲ ဒီဇာတ်လမ်းက လူအာရုံစိုက်မှုများစွာ ရရှိထားပြီးဖြစ်တာကြောင့် ဆိုရှယ်မီဒီယာတွင် လူပြောများသည့်သတင်းတစ်ခုဖြစ်လာအောင်လုပ်ဖို့က လွယ်ကူလှသည်။

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၊ လုကျန်း၊ ဖန့်ထန်၊ လုယဲ့ကျီအပါအဝင် စသည့်Weiboပေါ်မှ လွှမ်းမိုးမှုရှိသူများစွာက နမူနာဇာတ်လမ်းတိုကို ပြန်လည်တင်ပေးခဲ့ကြသည်။

ဒါကြောင့်မကြာခင်အချိန်အတောအတွင်းမှာပဲ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’အကြောင်း အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားတော့သည်။

‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားနမူနာကို ကြည့်ပြီးနောက်မှာတော့ လူများစွာကြောက်လန့်သွားကြသလို စိတ်လဲဝင်စားသွားကြသည်။

အင်တာနက်အသုံးပြုသူမြောက်မြားစွာက အပြုသဘောဆောင်သည့်မှတ်ချက်များစွာကို ရေးချန်ပေးခဲ့ကြသည်။

“အိုးမိုင်ဂေါ့ဒ်၊ ငါနမူနာကိုကြည့်ပြီး ကြောက်လွန်းလို့သေတော့မလို။ ငါကြည့်ဖူးသမျှထဲမှာ ဒါကကြောက်စရာအကောင်းဆုံးဇာတ်လမ်းပဲ!”

“ငါတော့ ရုံမှာသာသွားကြည့်ရရင် ကြောက်လွန်းလို့ ဆက်တိုက်အော်ဟစ်နေမိမှာ စိုးတယ်။”

“ငါရောပဲ!”

“ငါလဲ ဒီဇာတ်ကားကိုသဘောကျနေပြီ၊ ဇာတ်ကားတစ်ခုလုံးအပြည့် ကြည့်ရဖို့ မျှော်နေပြီနော်!”

“ဒီသည်းထိတ်ရင်ဖိုကားက ကောင်းကောင်းတည်းဖြတ်ထားတာပဲ။ ဟောလိဝုဒ်ဇာတ်ကားကြီးတွေနဲ့တောင် တူသေးတယ်။”

“ဟုတ်တယ်၊ ဟုတ်တယ်!”

“ဇာတ်ကားထဲက သရဲမကလဲ အရမ်းလှတာပဲ!”

“ခေါင်းဆောင်မင်းသမီးက စုထုံနျိုလေ။”

“ငါသူ့ကိုအရမ်းကြိုက်တာ။”

“ဒီဇာတ်ကားကို ဘယ်တော့မှရုံမှာကြည့်လို့ရမှာလဲ?”

“မစောင့်နိုင်တော့ဘူး၊ အရမ်းကြည့်ချင်နေပြီ။”

လူတိုင်းက ဇာတ်ကားရုံတင်မည့်ရက်အကြောင်း မေးမြန်းနေချိန်မှာပဲ တစ်စုံတစ်ယောက်၏အပြောက သူတို့ကို စိတ်ပျက်သွားစေခဲ့သည်။

“ငါတို့ ဒီဇာတ်ကားကို ရုပ်ရှင်ရုံမှာကြည့်လို့ရနိုင်မယ်လို့မထင်ဘူး။ ဒီကားရဲ့ဒါရိုက်တာက လုကျန်းလေ။ သူက ရုပ်ရှင်နယ်ပယ်ကနေ ဖယ်ထုတ်ခံထားရပြီးသားလူပဲ။”

“ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်က တစ်ခုခုမလုပ်ပေးနိုင်လောက်ဘူးလား?”

“မြို့တော်က အာဏာရှိတဲ့လူတစ်ယောက်ကို လုကျန်း သွားထိမိတာလို့ ငါကြားတယ်နော်၊ ဒါကြောင့် ပြောဖို့ခက်တယ်။”

“……”

အချိန်တိုလေးအတွင်းမှာပဲ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ကို ရုပ်ရှင်ရုံများတွင် မပြသနိုင်ဘူးဆိုသည့် သတင်းများက ပျံ့သွားခဲ့ပြန်သည်။ တစ်ချိန်တည်းမှာပဲ အင်တာနက်အသုံးပြုသူများကလဲ ထိုအကြောင်းကို ပိုလို့ပိုလို့ ဆွေးနွေးပြောဆိုလာကြသည်။

လူအများစုကတော့ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ကို ရုံတင်ပြသဖို့ မဖြစ်နိုင်လောက်ဘူးဟု ယုံကြည်နေကြပြီဖြစ်သည်။

………

ထန်ပင်းစန်က တစ်ချိန်လုံးထိုဇာတ်ကားပေါ်တွင် အာရုံထားနေခဲ့တာဖြစ်သည်။ အင်တာနက်အသုံးပြုသူများ၏ဆွေးနွေးပြောဆိုနေသည့် မှတ်ချက်များက သူ့အပေါ် သက်ရောက်မှုမရှိတာကြောင့် ဂရုစိုက်မနေပေ။

ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်ကသာ သူ့ကိုဆန့်ကျင်သည့်အပြုအမူမျိုးလုပ်ရဲလာလျှင် သူကလဲ ထိုသူဘက်ကို သင်ခန်းစာကောင်းကောင်းပေးပစ်ပေမည်။ ဖန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက အားမနည်းဘူးဆိုတာ သူသိသော်လည်း သူ့ပြိုင်ဘက်ဖြစ်လောက်သည်အထိအဆင့်ရှိမည်ဟုတော့ မထင်ပေ။

……..

နေ့လည်ပိုင်းမှာတော့ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’အကြောင်းက ဆိုရှယ်မီဒီယာထက်တွင် အုံကြွမှုအကြီးကြီးဖြစ်သွားစေပြန်သည်။

ရှန်းရှစ်လုပ်ငန်းစု၊ ထန်ဟွမ်လုပ်ငန်းစု၊ ကျင်းလင်လုပ်ငန်းစု၊ ချင်းဟွာလုပ်ငန်းစု၊ ဟေးချီလုပ်ငန်းစု၊ JadeBeautyလက်ဝတ်ရတနာ၊ ကိုလိန်းဆေးဝါးကုမ္ပဏီ၊ Charmနှင့်စသည့် နာမည်ကြီးကုမ္ပဏီများစွာကလဲ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားနမူနာကို ပြန်လည်တင်ပေးခဲ့ကြသည်။

ကုနင်းကိုယ်တိုင်တောင်မှ ပြန်တင်ပေးခဲ့ပေသည်။

“ဘုရားရေ၊ ငါဘာတွေမြင်နေရတာလဲ!”

“ဖုန့်ဟွာဘက်မှာ နာမည်ကြီးလုပ်ငန်းစုကြီးတွေ ကုမ္ပဏီတွေအများကြီး ရှိနေကြတာပဲ!”

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ သတင်းထုတ်ပြန်ပွဲအခမ်းအနားကိုတောင် ငါအမှတ်ရသွားတယ်။”

“ကုနတ်ဘုရားမမှာ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနဲ့ဆက်နွှယ်မှုတစ်ခုခုရှိနေတာများလား?”

“ငါလဲ အဲ့လိုခံစားမိတယ်။”

“မဖြစ်နိုင်တာ! ကုနတ်ဘုရားမက လက်ဝတ်ရတနာနဲ့အဝတ်အထည်နယ်ပယ်မှာပဲ ပါဝင်တာပါ။”

“တခြားနယ်ပယ်တွေမှာလဲ သူဝင်နိုင်တာပဲ။”

“အိုး၊ ကုနတ်ဘုရားမက အခုပဲ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ဇာတ်ကားနမူနာကို ပြန်တင်ပေးလိုက်ပြီ!”

“အိုးမိုင်ဂေါ့ဒ်၊ ကုနတ်ဘုရားမကတောင် ထောက်ခံပေးနေတာလား။”

“ကြည့်ရတာ ငါတို့‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ကို ရုံမှာကြည့်နိုင်ဖို့ အခွင့်အရေးများနေပြီထင်တယ်နော်။”

“လုကျန်း ရန်စခဲ့မိတဲ့မြို့တော်ကလူဆိုတာ ဒီလုပ်ငန်းစုကြီးတွေကုမ္ပဏီတွေအားလုံးထက်တော့ ပိုပြီးအင်အားကြီးလိမ့်မယ် မထင်ူဘး။”

“ငါ့ရဲ့ ကုနတ်ဘုရားမက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနဲ့ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ ခံစားချက်ကြီးက ပိုပြီးပြင်းထန်လာပြီ။”

“ငါရောပဲ။”

“@ကုနင်း၊ ကုနတ်ဘုရားမ၊ မင်းနဲ့ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက ဘယ်လိုပတ်သတ်မှုရှိနေတာလဲ?”

“……….”

အင်တာနက်အသုံးပြုသူများစွာက Weiboပေါ်ကနေပြီး ကုနင်းကို @ဖြင့်ခေါ်နေကြပေမည့် ကုနင်းကတော့ ဘာတုံ့ပြန်ချက်မှုမပြုလုပ်ခဲ့ပေ။

အခုချိန်မှာတော့ ကုနင်းသည် Mမြို့သို့သွားသည့်လမ်းမှာရှိနေခြင်းဖြစ်သည်။ သူမသင်္ဘောပေါ်သို့မတက်ခင်ကတည်းက “ထန်အိုက်နင်း”အဖြစ်လဲ ရုပ်ဖျက်ထားခဲ့သည်။

မိတ်ကပ်လိမ်းရတာ နည်းနည်းဒုက္ခရောက်ပေမည့် ဒီမိတ်ကပ်တစ်မျိုးတည်းကသာ သူမ၏ရုပ်အစစ်အမှန်ကို လူအများမသိအောင် ကာကွယ်ပေးနိုင်ခြင်းဖြစ်သည်။

HKက Mမြို့နှင့်အလွန်နီးတာကြောင့် လေယာဉ်စီးဖို့အထိ မလိုအပ်ပေ။

All Chapters