← Chapters

အခန်း (၉၁၁-၉၁၅)

Vol. 61 Ch. 911-915

အခန်း (၉၁၁-၉၁၅)

Vol. 61 Ch. 911-915

အခန်း ၉၁၁ ညမုန့်ဈေးတန်းမှပြင်းထန်သည့်အငြင်းပွားမှု

နောက်ထပ် ကုနင်းနှင့်ယှဉ်ပြိုင်မည့်သူကတော့ ယဲ့ချောင်ရှုံးပင်ဖြစ်သည်။

အခုချိန်မှာ သူ ကုနင်းကိုအနိုင်ယူနိုင်လိမ့်မည်ဟု ဘယ်သူမှမတွေးကြသော်လည်း ယဲ့ချောင်ရှုံးအနိုင်ရဖို့ မျှော်လင့်နေကြတုန်းပင်။ ဘာပဲဖြစ်ဖြစ် သူက Mမြို့လောင်းကစားဘုရင်ပဲမဟုတ်လား။

တချို့ကတော့ “ထန်အိုက်နင်း”ကို ယဲ့ချောင်ရှုံးအနိုင်ယူနိုင်ဖို့ မျှော်လင့်နေသည်။ ဒါမှသာ သူတို့ရှုံးခဲ့သမျှကို အနည်းငယ်လောက် စိတ်သက်သာရာရမှာပေါ့။

သို့ပေမည့် တချို့ကတော့ “ထန်အိုက်နင်း”နိုင်ဖို့ မျှော်လင့်နေစဲပင်။ ယဲ့ချောင်ရှုံးသည်လဲ ပြိုင်ပွဲမှာရှုံးသွားပါက သူတို့အရှုံးသမားဖြစ်နေတာ သိပ်ပြီးရှက်ဖို့ကောင်းတော့မည်မဟုတ်ပေ။

“ငါ့မှာအနိုင်ရဖို့ ယုံကြည်ချက်တော့မရှိပေမယ့် ဒီကစားပွဲကို အရမ်းစိတ်ဝင်စားနေပြီ။” ယဲ့ချောင်ရှုံးပြောလိုက်သည်။

သူက ဒီလိုမြင့်မားသည့်နေရာမျိုးမှာ အချိန်အကြာကြီးနေခဲ့ရပြီဖြစ်တာကြောင့် အနိုင်ရဖို့ထက် ရှုံးသွားဖို့ကို ပိုဖြစ်ချင်နေသည်။ သို့သော်လည်း သူ့ပြိုင်ဘက်ကို အရှုံးကလဲမပေးချင်ပြန်ပေ။

ကုနင်းပြုံးသာပြုံးလိုက်ပြီး တိတ်ဆိတ်လို့နေသည်။

သူတို့ပုံမှန်အတိုင်း စစ်ပေါ်ပဲကစားကာ ယဲ့ချောင်ရှုံးကအရင် အံစာခေါက်သည်။ ကုနင်းကလဲ မှန်ကန်သည့် စုပေါင်းတန်ဖိုးနှင့် နံပါတ်အတိအကျကိုပြောခဲ့ပြန်သည်။

အခုတော့ ဘယ်သူမှထပ်ပြီးမအံ့ဩမိကြတော့ပေ။

ဘာပဲဖြစ်ဖြစ် ယဲ့ချောင်ရှုံးက လောင်းကစားဘုရင်တစ်ယောက်ဖြစ်တာကြောင့် အခန်းထဲမှ ကျန်သည့်ကျွမ်းကျင်လောင်းကစားများထက်တော့ သာလွန်ကာ ပထမပွဲမှာသရေပွဲဖြစ်ခဲ့သည်။

သို့သော်လည်း သူဘယ်လောက်ပဲအကောင်းဆုံးလုပ်နေပါစေ ကျောက်စိမ်းမျက်ဝန်းရှိသည့် ကုနင်းကိုတော့ မယှဉ်နိုင်ဖြစ်နေတုန်းပင်။

ကုနင်းက အကြိမ်တိုင်းစုပေါင်းတန်ဖိုးမှန်မှန်ကန်ကန်နှင့် နံပါတ်အတိအကျကို ပြောနိုင်နေစဲဖြစ်ကာ ယဲ့ချောင်ရှုံးကတော့ ထိုသို့မလုပ်နိုင်တာကြောင့် တစ်ကြိမ်တစ်လေ ရှုံးခဲ့သည်။

သူတို့ စစ်ပေါ်၁၀ပွဲကစားခဲ့ကာ ၆ပွဲက သရေကျခဲ့သည်။

ယဲ့ချောင်ရှုံးက လေးပွဲရှုံးခဲ့ပေမည့် စုပေါင်းတန်ဖိုးမှားပြောမိလို့တော့မဟုတ်ဘဲ နံပါတ်အတိအကျမပြောနိုင်တာကြောင့်သာ ရှုံးသွားခဲ့ခြင်းဖြစ်သည်။

ပထမပွဲမှနောက်ဆုံးပွဲအထိ ယဲ့ချောင်ရှုံးက သူ့စိတ်အာရုံအလုံးစုံကို အံစာခွက်အပေါ်မှာပဲ ပုံအောထားကာ တစ်ချိန်လုံးစိတ်လှုပ်ရှားနေပုံလဲရသည်။ အရင်ကဆိုလျှင် ဒီလောက်ပျော်ဖို့ကောင်းသည့်ကစားပွဲမျိုး မကစားခဲ့ရတာကြောင့် သူရှုံးနိမ်ခဲ့တာတောင်မှ နည်းနည်းလေးမှမပျော်မရွှင်မဖြစ်ခဲ့ပေ။ “မိန်းကလေးထန်၊ မင်းကငါတွေ့ဖူးသမျှထဲမှ အတော်ဆုံးလောင်းကစားသမားတစ်ယောက်ဆိုတာ ငါလက်ခံသွားပြီ!”

“သခင်ကြီးယဲ့ မြှောက်နေပြန်ပါပြီ။” ကုနင်းယဉ်ယဉ်ကျေးကျေးသာပြန်ပြောခဲ့သည်။

ကုနင်းတစ်ပွဲမှမရှုံးခဲ့တာကြောင့် အခန်းထဲရှိတခြားလူများလဲ ယဲ့ချောင်ရှုံး၏သဘောကို လက်ခံထားကြပြီဖြစ်သည်။

ထို့နောက် ယဲ့ချောင်ရှုံးက ကုနင်းနှင့်ဆက်ပြီး ငါးချပ်ပိုကာနှင့်ဘာကာရက်ကိုကစားခဲ့သည်။ ဒါလဲ မှန်းနေစရာမလိုစွာဘဲ ကုနင်းသာထပ်နိုင်ခဲ့ပြန်သည်။

အဆုံးမှာတော့ ကုနင်းက ယဲ့ချောင်ရှုံးထံမှ ယွမ်၁၀သန်းအနိုင်ရသွားသည်။

အားလုံးထဲမှ ယဲ့ချောင်ရှုံးက ဆုံးရှုံးမှုအနည်းဆုံးပင်။

လောင်းကစားပြိုင်ပွဲပြီးဆုံးသွားချိန်မှာတော့ ကုနင်းဘက်က စုစုပေါင်း ယွမ်၆၀၆သန်းအနိုင်ရရှိသွားသည်။

“မိန်းကလေးထန်ကတော့ လောင်းကစားနတ်ဘုရားအသစ်ပဲဟေ့!”

“လောင်းကစားလောကမှာ မိန်းကလေးထန်က နံပါတ်တစ်လောင်းကစားသမားဖြစ်လာတော့မယ်ထင်တယ်။”

“……..”

အားလုံးက ပြီးခဲ့သည့်ကစားပွဲစဉ်အတွင်း ကုနင်းကြောင့် အံ့အားသင့်ခဲ့ရပုံများကို လေးစားသဘောကျမှုများဖြင့် ပြန်လည်ပြောကြသည်။

“ဒါနဲ့ ကျွန်မအားလုံးဆီက အကူအညီတစ်ခုတောင်းလို့ရမလား။” ရုတ်တရက် ကုနင်း၏အပြောက အားလုံးကိုတိတ်ဆိတ်သွားစေသည်။

“ရတာပေါ့။” ယဲ့ချောင်ရှုံးကပဲ ဦးဆောင်ကာပြန်ဖြေလိုက်သည်။

“ကျွန်မက ပြဿနာတွေထဲဝင်တိုးရတာ သဘောမကျလို့ ဒီနေ့ကိစ္စကို လျှို့ဝှက်ချက်တစ်ခုအဖြစ်ထားပေးကြလို့ရမလား။” ကုနင်း ပွင့်ပွင့်လင်းလင်းပဲပြောလိုက်သည်။ ထိုစကားက အမှန်လဲဖြစ်သလို လောင်းကစားပညာရှင်များမျက်နှာမပျက်စေရန်အတွက်လဲဖြစ်သည်။

ကုနင်း သူတို့ကိုသေချာမသိပေ။ တကယ်လို့ ဒီနေ့ သူမဆီမှာငွေတွေအများကြီးရှုံးသွားလို့ဆိုပြီး လက်စားပြန်ချေလာကြရင်ဘယ်လိုလုပ်မလဲ?

သူမကတော့ ရုပ်ဖျက်ထားတာကြောင့် သေချာပေါက် သူတို့ သူမကိုရှာတွေ့သွားမည်အား မစိုးရိမ်သော်လည်း လင်ရှောင်းထင်တော့ တကယ့်ရုပ်အစစ်နှင့်လာခဲ့ခြင်းဖြစ်သည်။ သူတို့သာ လင်ရှောင်းထင်၏နောက်ခံအကြောင်းသိသွားပါက ကောင်းတာမရှိပေ။

တကယ်တော့ ကုနင်း ဒီအခွင့်အရေးကိုအသုံးချကာ လောင်းကစားလောကတွင် အောင်မြင်မှုရယူမည်ဟု အားလုံးယုံကြည်ထားကြပေမည့် ကုနင်းကတော့ ဆန့်ကျင်ဘက်လုပ်သွားခဲ့သည်။

ဒီလောက်အခွင့်ကောင်းကြီးကို ကုနင်းလက်လွှတ်ခံလိမ့်မည်ဟု သူတို့မယုံကြည်နိုင်ကြပေ။ ဘာပဲဖြစ်ဖြစ် အောင်မြင်ကာချမ်းသာလာမည့်အခွင့်အရေးကို ဘယ်သူကမှပုတ်ထုတ်ချင်ကြတာမှမဟုတ်တာ။

တကယ်တော့ သူတို့ပြောတာလဲမမှားပေ၊ လက်ရှိလူမှုအသိုင်းအဝိုင်းကိုက ထိုသို့သာဖြစ်နေခြင်းဖြစ်သည်။ လူတိုင်းက အောင်မြင်ကျော်ကြားမှုနှင့် ငွေကြေးကို အရာအားလုံးထက်တန်ဖိုးထားနေကြကာ ဘယ်သူကမှ ထိုအခြေအနေကို မငြင်းဆန်နိုင်ကြပေ။

ကျွမ်းကျင်လောင်းကစားသမားများမှာ အနည်းငယ်ပင် အရှက်ရမိသွားကြသည်။

သို့ပေမည့် ယဲ့ချောင်ရှုံးကတော့ ကုနင်း၏ရည်ရွယ်ချက်ကိုနားလည်သည်။ သူမက သူတို့မျက်နှာကိုထောက်ကာ လေးစားသည့်အနေနှင့်လုပ်ပေးခြင်းဖြစ်ကြောင်း သူသိပေသည်။

သူမတကယ်ကို ထက်မြက်ပြီး တွေးခေါ်တတ်တဲ့မိန်းကလေးပဲ။ ဟု ယဲ့ချောင်ရှုံးတွေးလိုက်သည်။

သူမျက်နှာပျက်တာမပျက်တာကို ယဲ့ချောင်ရှုံးဂရုမစိုက်ပေမည့် တခြားလူတွေအတွက်လဲ ထည့်စဉ်းစားပေးသင့်ပေသည်။ ဒါကြောင့် ယဲ့ချောင်ရှုံးလဲ ကုနင်း၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။

ထို့နောက် ကုနင်းက အခန်းထဲမှပြန်ထွက်သွားကာ ယဲ့ကျားရှန်းက သူမကိုဟိုတယ်သို့ပြန်လိုက်ပို့ပေးသည်။

“မိန်းကလေးထန်၊ ငါအခုတော့ မင်းရဲ့ပရိတ်သတ်ဖြစ်သွားပြီ!” ယဲ့ကျားရှန်းကပြောလိုက်သည်။ “ဒါနဲ့ မင်းပြဿနာဖြစ်မှာစိုးတာနဲ့ ဒီလိုနာမည်ကြီးနိုင်တဲ့အခွင့်ရေးကြီးကို တကယ်ပဲလက်လွှတ်လိုက်တော့မလို့လား?” ဒါက ထင်သလောက်မရိုးရှင်းဘူးဟု ယဲ့ကျားရှန်းတွေးမိသည်။

ကုနင်းလဲ သူ့ကိုလိမ်ညာမနေပေ။ “ကျွန်မငွေတွေအများကြီး သူတို့ဆီကနိုင်လာတာဆိုတော့ ပြဿနာဖြစ်မှာစိုးတာပါ။ သူတို့ဘက်က လက်စားပြန်ချေတာမျိုးတွေလဲ ဖြစ်နိုင်တယ်လေ။ ပြီးတော့ ကျွန်မက လောင်းကစားဘက်ကို အရမ်းကြီးစိတ်မဝင်စားဘူး၊ ဒီတော့ ဒီနယ်ပယ်မှာအောင်မြင်ကျော်ကြားလာဖို့လဲ စိတ်ကူးမရှိဘူး။”

ဘာ? သူက လောင်းကစားလုပ်တာကို အရမ်းစိတ်မဝင်စားဘူးတဲ့လား? ယဲ့ကျားရှန်းထိတ်လန့်လို့သွားတော့သည်။

“ထန်အိုက်နင်း”ရဲ့ မယုံနိုင်စရာထူးချွန်လှသည့် လောင်းကစားစွမ်းရည်အရ သူမ ဒီနယ်ပယ်ထဲသို့ နက်နက်နဲနဲဝင်ရောက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ ယုံဖို့ခက်လှသည်။

ကုနင်းကို ဟိုတယ်သို့ပြန်လိုက်ပို့ပြီးနောက်မှာတော့ ယဲ့ကျားရှန်းပြန်လာခဲ့သည်။

ယဲ့ကျားရှန်းက သူတို့ကိုMမြို့မှာ ရက်နည်းနည်းဆက်နေဖို့ ဖိတ်ကာ သူကိုယ်တိုင် နေရာအနှံ့လိုက်ပြပေးနိုင်ပါသည်ဟု ပြောပေမည့် ကုနင်းကတော့ မနက်ဖြန်မနက်ဆိုလျှင် ပြန်လည်ထွက်ခွာတော့မည်ဆိုကာ ယဲ့ကျားရှန်း၏ဖိတ်ခေါ်မှုကို ငြင်းဆိုလိုက်သည်။

ကုနင်းမှာလုပ်စရာရှိနေသေးသည်ဆိုမှတော့ ယဲ့ကျားရှန်း ဆက်နေဖို့မတိုက်တွန်းတော့ဘဲ သူမတို့အတွက် လေယာဉ်လက်မှတ်သာဖြတ်ပေးပါရစေဟု ထပ်ကမ်းလှမ်းလိုက်သည်။

ကုနင်းက HKမှာရတနာသေတ္တာတွေသွားရှာမည်ဖြစ်တာကြောင့် သူမHKသို့သွားမည်ဟု ပြောထားသည်။ ထို့နောက် ယဲ့ကျားရှန်းက သူမတို့အတွက်လှေတစ်စီးစီစဉ်ပေးမည်ဟု ပြောလာခဲ့သည်။

နောက်ဆုံးမှာတော့ ကုနင်းတို့ နောက်နေ့,နေ့လည်၁နာရီမှာ HKသို့ပြန်ဖို့ အတည်ဖြစ်သွားခဲ့သည်။

ဟိုတယ်သို့ပြန်ရောက်ချိန်တွင် ည၁၀နာရီထိုးခါနီးပြီဖြစ်သည်။ ကုနင်းက ဗိုက်နည်းနည်းပြန်ဆာလာတာကြောင့် အားလုံးကိုခေါ်ကာ ညပိုင်းမုန့်ထွက်စားဖို့ခေါ်လိုက်သည်။ သူမ၏နိုင်ပွဲများအတွက် အောင်ပွဲခံတာလဲပါတာပေါ့။

သူတို့အဖွဲ့ ဒေသထွက်စားစရာများရသည့်ညမုန့်ဈေးတန်းတစ်ခုသို့သွားလိုက်သည်။ ကံမကောင်းစွာဖြင့် ထိုနေရာမှာ ပြဿနာတစ်ခုနှင့်ကြုံခဲ့ရသည်။ ကုနင်းတို့အဖွဲ့က ပြဿနာမဖြစ်ခဲ့ပေမည့် သူမတို့ဘေးမှစားပွဲနှစ်ဝိုင်းကတော့ ဖြစ်ခဲ့ကြသည်။

သူမတို့ဘယ်ဘက်ရှိစားပွဲဝိုင်းမှာထိုင်သည့်လူများက တခြားမြို့မှဖြစ်ကာ သူမတို့ညာဘက်စားပွဲမှာထိုင်သည့်လူများကတော့ ဒေသခံများဖြစ်သည်။

အချိန်တစ်ခုအထိစားသောက်နေကြပြီးနောက် မြို့ခံများက ရုတ်တရက်ကြီး တခြားမြို့မှလာသူများကို ပြစ်တင်ဝေဖန်လာခဲ့သည်။

လာရောက်လည်ပတ်သူများကလဲ ပြဿနာမဖြစ်ချင်တာကြောင့် သည်းခံခဲ့ပေမည့် မြို့ခံများက သူတို့ကိုဆဲရေးနေသည်အားမရပ်တန့်ခဲ့ပေ။ အချိန်ခနအကြာမှာတော့ လည်ပတ်သူများဘက်ကလဲ ဆက်ပြီးသည်မခံနိုင်တော့ဘဲ မြို့ခံများနှင့်အကြီးအကျယ်စကားများကြတော့သည်။

***

အခန်း ၉၁၂ ဝမ်ပေါင်ကျား

နှစ်ဖက်လုံး ပြောဆိုနေသည့်အရှိန်က ဘယ်လောက်ပဲ မြင့်လာပါစေ ကြားဝင်ပေးသည့်လူတစ်ယောက်မှမရှိပေ။ စားသောက်ဆိုင်ပိုင်ရှင်တောင်မှပဲ အေးစက်စက်မျက်နှာထားနှင့်ဘေးထွက်ကာ ကြည့်နေသည်။

မြို့ခံအုပ်စုဘက်က ပိုပိုပြီးတရားလွန်လာချိန်မှာတော့ ကုနင်းရော လင်ရှောင်းထင်ပါ ဒေါသထွက်လာမိတော့သည်။ လင်ရှောင်းထင်လို နိုင်ငံအတွက်တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ယောက်အနေနဲ့ ဒီလိုနိုင်ငံအပေါ်အရှက်ခွဲနေမှုမျိုးကို ဘယ်လိုမှသည်းခံမပေးနိုင်ပေ။

ထိုအချိန်မှာပဲ မြို့ခံငါးယောက်က စုဝေးလိုက်ကာ လာရောက်လည်ပတ်သူဘက်မှသုံးယောက်ကို ရိုက်နှက်ဖို့ပြင်လာကြသည်။ သူတို့သာ တကယ်ပဲ ခိုက်ရန်ဖြစ်ပွားကြမည်ဆိုလျှင် လည်ပတ်သူများဘက်က အနိုင်ရနိုင်ချေလုံးဝမရှိပေ။ သို့သော်လည်း လည်ပတ်သူသုံးယောက်ဘက်လဲ အလျှော့ပေးမည့်အရိပ်အယောင်မရှိပေ။ ဒါက သူတို့နိုင်ငံဂုဏ်သိက္ခာနဲ့သက်ဆိုင်သည်ပဲ။

ထိုပုံစံကြောင့် ကုနင်း သူမခြေထောက်ကိုဆန့်ထုတ်ကာ ကျန်လူများကိုဦးဆောင်နေသည့် မြို့ခံအဖွဲ့ခေါင်းဆောင်ကို ပိတ်ကန်ပစ်လိုက်သည်။

ရုတ်တရက်အခြေအနေကြောင့် ထိုလူလဲ ကြောင်အက ပစ်လဲသွားတော့သည်။ အဆိုးဆုံးကတော့ သူလဲကျချိန်မှာ သူ့နောက်မှနှစ်ယောက်ကိုပါ တိုက်မိသွားပြီး အားလုံးအတုံးအရုန်းလဲကျသွားခြင်းပင်။

ချက်ချင်းဆိုသလို အော်ဟစ်သံများထွက်ပေါ်လာကာ တစ်ယောက်ပြီးတစ်ယောက်လဲကျသွားတော့သည်။

ဖြစ်ပျက်သွားသည့်အခြေအနေက အလွန်မြန်ဆန်တာကြောင့် လူတိုင်းအံ့အားသင့်ကာကျနေခဲ့တော့သည်။

ကုနင်းကြောင့် ဤသို့ဖြစ်သွားမှန်း သိလိုက်ကြချိန်မှာတော့ မြို့ခံအဖွဲ့မှာဒေါသထွက်သွားကာ၊ “မင်းဘာလုပ်တာလဲ?”

ထိုအခါမှပဲ ကုနင်းလဲ သူမ၏အပေါင်းအဖော်များနှင့်အတူ မတ်တပ်ထလာတော့သည်။ သူမတို့က ဒေါသထွက်နေသည့်မြို့ခံအဖွဲ့နှင့်မျက်နှာချင်းဆိုင် တန်းစီရပ်လိုက်ကြသည်။

လင်ရှောင်းထင်၊ ကောင်းယိနှင့် ချောင်ယတို့က သာမာန်လူတွေမဟုတ်တာကြောင့် သူတို့သုံးယောက်၏စိုက်ကြည့်ခြင်းခံလိုက်ရချိန်တွင် မြို့ခံအဖွဲ့မှာ အနည်းငယ်ကြောက်လန့်သွားကြသည်။ ထိုသုံးယောက်ကို ကုနင်း၏သက်တော်စောင့်များဖြစ်လောက်သည်ဟုလဲ တွေးမိလိုက်ကြသည်။

သက်တော်စောင့်တွေအားလုံးက အတိုက်အခိုက်တော်ကြကာ သူတို့ကတော့ သာမာန်မြို့သားလေးတွေသာဖြစ်သည်။

ကုနင်း ထိုအဖွဲ့ကိုကြည့်လိုက်ကာ အေးစက်လှသည့်အသံအနေအထားနှင့် ဤသို့ပြောလိုက်သည်။ “မင်းတို့တွေက တခြားမြို့ကလူတွေနဲ့ယှဉ်ရင် အရမ်းကြီးမြတ်နေတယ်လို့ ထင်နေကြတာလား? အိပ်မက်ကနေနိုးထလိုက်ကြတော့၊ တစ်ဖက်နဲ့တစ်ဖက်လေးစားမှုလေးလဲရှိဦး။ မင်းအရမ်းချချင်နေရင် ငါနဲ့လာတိုက်!”

ကုနင်း ဤတစ်ကြိမ်မှာတော့ သူမကလဲ တခြားမြို့မှ အလည်အပတ်လာရောက်သူဖြစ်တာကြောင့် Mမြို့စကားဖြင့်မပြောတော့ပေ။

ကုနင်းက သူတို့ဘက်မှရပ်တည်ပေးနေကြောင်းသိလိုက်ရမှ လည်ပတ်သူသုံးယောက်လဲ ပိုပြီးယုံကြည်ချက်ရှိလာတော့သည်။

သို့ပေမည့် မြို့ခံအဖွဲ့က ကုနင်းကို တကယ်ကြီး ရိုက်နှက်ရန်ပြေးဝင်လာခဲ့သည်။ ဒါပေမယ့် သူတို့အနားရောက်ရုံရှိသေး ကောင်းယိနှင့်ချောင်ယတို့က အားပြင်းပြင်းနှင့်ပြန်ကန်လွှတ်လိုက်သည်။

“ဘုရားရေ!”

လူတိုင်း လွန်စွာအံ့အားသင့်သွားကြသည်။ လူတစ်ယောက်ကို မီတာပေါင်းများစွာအထိ လွင့်ထွက်အောင် ကန်နိုင်သည်အား အရင်က သူတို့တစ်ခါမှမမြင်ဖူးပေ။

လည်ပတ်သူသုံးယောက်လဲ စိတ်လှုပ်ရှားလာကြသည်။ ကောင်းယိနှင့်ချောင်ယတို့က အားနည်းသူများမဟုတ်တာကြောင့် အနည်းငယ်ပင် ဂုဏ်ယူမိသွားသည်။

“ကြည့်စမ်းပါဦး၊” ကုနင်း မြို့ခံအဖွဲ့ကို ကြည့်ကာနှာခေါင်းရှုံ့လိုက်သည်။

“မင်းတို့ကများ ငါ့ကိုထိခိုက်အောင်လုပ်ရတယ်ပေါ့! ငါဘယ်သူလဲသိရဲ့လား?” လူငယ်တစ်ယောက်က ကုနင်းကိုခြိမ်းခြောက်သလိုအော်ဟစ်လိုက်သည်။

သူကတော့ ကုနင်းကန်ထုတ်ခြင်းကိုခံလိုက်ရသည့်လူပင်ဖြစ်သည်။ ကြည့်ရတာ ထိုလူငယ်က အင်အားကြီးမိသားစုတစ်ခုမှဖြစ်ပုံရသည်။ သို့သော်လည်း ကုနင်းကတော့ သူ့ဘာသာဘယ်မိသားစုကဖြစ်ဖြစ် ဂရုစိုက်နေမည့်လူမဟုတ်ပေ။

“မင်းဘာသာမင်းဘယ်သူဖြစ်ဖြစ် ဂရုစိုက်မနေဘူး၊ ဒါပေမယ့် လူကြားထဲ လာရောက်လည်ပတ်သူတွေကို အရှက်မခွဲနဲ့!”

လူငယ်အလွန်ဒေါသထွက်လာတော့သည်။ “ငါက ဝမ်မိသားစုရဲ့အကြီးဆုံးသားပဲ။ မင်းဝမ်မိသားစုကို သိရဲ့လား? ငါ့မိသားစုက Mမြို့က တတိယမြောက်အကြီးဆုံးကာစီနိုဖြစ်တဲ့ ဝမ်ဟွမ်ကာစီနိုရဲ့ပိုင်ရှင်ပဲ။ မင်းငါ့ကို ထိခိုက်အောင်လုပ်တဲ့အတွက် သေချာပေါက်အလွတ်မပေးဘူး!” လူငယ်က ကုနင်းကိုထပ်ပြီးခြိမ်းခြောက်ပြန်သည်။

ထိုလူငယ်က သခင်လေးဝမ်ဖြစ်ကြောင်းကြားလိုက်ရသည်နှင့် ဘေးမှဖြတ်လျှောက်များအားလုံး အံ့ဩသွားတော့သည်။ ဝမ်မိသားစုဆိုတာ Mမြို့မှာတော့ လူသိများသည့်ကျိကျိတက်ချမ်းသာသော မိသားစုကြီးတစ်ခုပဲမဟုတ်လား။

ရုတ်တရက်ဆိုသလို ကုနင်းတော့ ပြဿနာကြီးကြီးတက်ပြီဟုတွေးလိုက်မိကာ သူမကိုသနားမိသွားကြသည်။

ကုနင်းက သာမာန်လာရောက်လည်ပတ်သူတစ်ယောက်ဖြစ်တာကြောင့် ဒီနေရာကနေ ထွက်ခွာသွားဖို့ မဖြစ်နိုင်တော့ပေ။

အံ့ဩစရာကောင်းသည်က ကုနင်းက အထင်သေးသလိုပုံစံနှင့်နှာခေါင်းရှုံ့လိုက်ခြင်းဖြစ်သည်။ “အိုး၊ တကယ်လား? ငါ့ကိုဘယ်လိုမျိုးအလွတ်မပေးမှာလဲဆိုတာ လက်တွေ့ပြပါဦး။”

ကုနင်း ဒီနေ့လောင်းကစားပြိုင်ပွဲတွင်တွေ့ခဲ့ရသည့် ဒုတိယယှဉ်ပြိုင်သူက ဝမ်မိသားစုခေါင်းဆောင်မှန်း အမှတ်ရလိုက်သည်။

ဝမ်မိသားစုက တကယ်ပဲ သူမကို အပြစ်ပေးဖို့လုပ်မည်ဆိုလျှင်တောင်မှ သူတို့မှာ ထိုသို့လုပ်နိုင်စွမ်းမရှိလောက်ပေ။

ဝမ်ပေါင်ကျား မယုံမကြည်နိုင်ဖြစ်နေတော့သည်။ သူ့မိသားစုက Mမြို့မှာတော့ အာဏာရှိသူများဖြစ်ကာ သူ့ကိုဘယ်သူကမှ ရန်မစရဲကြပေ။ ဒါကြောင့် ကုနင်းကို ဆက်ပြောလိုက်သည်။ “ကောင်းတယ်၊ မင်းထွက်ပြေးရဲပြေးကြည့်စမ်း!”

“မင်းကိုယ်မင်းဘယ်သူများထင်နေလဲ? ငါတို့က ဘာလို့ ဒီမှာစောင့်နေပေးရမှာလဲ?” ကုနင်းမျက်လုံးသာလှန်မိသွားတော့သည်။

ဝမ်ပေါင်ကျားဘာပြန်ပြောလို့ပြောရမှန်းမသိတော့ပေ။ ကုနင်းတို့ကို သူလွတ်မပေးချင်ပေမည့် သူမတို့ကို သူအနိုင်မတိုက်နိုင်တာကလဲ အသိသာပင်။ ကောင်းယိနှင့်ချောင်ယ၏ အစောကန်ချက်က သူ့ကိုကြောက်ရွံ့နေစေမိတုန်းပင်။

“ငါတို့ကိုရိုက်ချင်တိုင်းရိုက်ပြီး မင်းထွက်ပြေးလို့ရမလား?” ဝမ်ပေါင်ကျား၏သူငယ်ချင်းက ဒေါသတကြီးဝင်ပြောလာတော့သည်။

“ဒါဆိုလဲ ငါတို့ကိုဒီမှာဆက်နေအောင် ဆွဲထားဖို့အရည်အချင်းရှိကြရင် ကြိုးစားကြည့်လေ။” ကုနင်း၏စကားကြောင့် ဝမ်ပေါင်ကျား၏သူငယ်ချင်းလဲ ကြောင်အသွားတော့သည်။

သူတို့က အရိုက်ခံရရုံတင်မကဘူး ကုနင်းနှင့်စကားစစ်ထိုးရမှာပါ ကျရှုံးခဲ့ပြန်ပြီ။ ဒါကြောင့် သူတို့ရဲ့ဒေါသအရှိန်အဟုန်က ပိုလို့သာမြင့်တက်လာတော့သည်။

“ပေါင်ကျား၊ ငါအကူအညီတွေလှမ်းခေါ်လိုက်ရမလား?” တစ်ယောက်က ဝမ်ပေါင်ကျားကိုမေးလိုက်သည်။

“မေးနေစရာလား၊ မြန်မြန်လုပ်လေ!” ဝမ်ပေါင်ကျား အော်ဟစ်လိုက်သည်။ သူ့ဒေါသတွေက ဘေးကသူငယ်ချင်းဖြစ်သူထံ ပေါက်ကွဲပစ်ခြင်းသာဖြစ်သည်။ သူ့ဒေါသတွေကို ဒီအတိုင်းတော့ မမြိုသိပ်ထားနိုင်တာကြောင့် ကုနင်းကိုသေချာပေါက် ပညာပေးရန်စိတ်ဆုံးဖြတ်ထားလိုက်သည်။

ဤအချိန်မှာတော့ စားသောက်ဆိုင်ပိုင်ရှင်လဲ စကားဝင်ပြောလာပေပြီ။ သူက ကုနင်းကိုတောင်းဆိုလိုက်သည်။ “ကျွန်တော့်စားသောက်ဆိုင်ထဲမှာတော့ ပြဿနာမဖြစ်ကြပါနဲ့။ အပြင်ဘက်ကိုရွှေ့ပေးလို့ရမလား?”

***

အခန်း ၉၁၃ ကျီမန့်လင်းနှင့်စကားများခြင်း

ကုနင်းကလဲ အပြစ်မဲ့သူများကိုပါ ပြဿနာမဖြစ်စေလိုတာကြောင့် ဆိုင်ရှင်၏တောင်းဆိုချက်ကို လက်ခံလိုက်သည်။

ထို့နောက် ဝမ်ပေါင်ကျားဘက်ကို ပြန်ကြည့်ကာ၊ “မင်းတကယ်ပဲ ငါတို့ကိုမလွှတ်ပေးဘူးဆိုတာ သေချာပြီလား?”

ထိုစကားကြောင့် ဝမ်ပေါင်ကျားထပ်ပြီးဒေါသထွက်လာပြန်တော့သည်။ “မင်းကအရင် ငါတို့ကိုထိခိုက်အောင်လုပ်ထားတာလေ၊ ထွက်သွားဖို့ စိတ်တောင်မကူးနဲ့!”

“မင်းဘက်ကအရင် ငါတို့ကိုလူကြားထဲ စော်ကားခဲ့တာလေ။ ဒါကိုကျ လက်ခံပေးရမှာလား?” ကုနင်းပြန်မေးလိုက်သည်။

ရုတ်တရက် ဝမ်ပေါင်ကျား ကြောင်အသွားရသည်။ သူလုပ်ခဲ့တာမမှားဘူးဟု ခံစားမိသော်လည်း ကုနင်းသူ့ကိုမေးခွန်းထုတ်လိုက်ချိန်မှာတော့ အနည်းငယ်အပြစ်ရှိစိတ်ဝင်လာခဲ့သည်။

“ပေါင်ကျား၊ ငါတို့ အကူအညီခေါ်ရမှာလား မခေါ်ရဘူးလား?” ဝမ်ပေါင်ကျား၏သူငယ်ချင်းက ထပ်မေးလာပြန်သည်။

ဝမ်ပေါင်ကျားလဲ ဘယ်လိုပြန်ဖြေရမှန်းမသိတော့ပေ။

“မင်းတို့ တခြားလူကို ကူညီဖို့လှမ်းခေါ်မယ်ဆိုရင်တောင် အရင်ဆုံး ငါတို့ကိုဒီနေရာမှဆက်ရှိအောင် တားထားနိုင်မယ့် အရည်အချင်းရှိရဦးမှာနော်။”

ဝမ်ပေါင်ကျားလဲ ကုနင်းပြောတာက ကျိုးကြောင့်သင့်သည်ဟု တွေးမိသည်။

“ကောင်းပြီလေ၊ ဒီကိစ္စကို မေ့လိုက်ကြတာပေါ့။” အဆုံးမှာတော့ ဝမ်ပေါင်ကျား ထိုစကားသာပြန်ပြောလိုက်တော့သည်။

“ဒါဆို အခုငါတို့ဘာလုပ်ကြမှာလဲ?” ဝမ်ပေါင်ကျား၏သူငယ်ချင်းက မေးလိုက်သည်။

“ဒါက…” ဝမ်ပေါင်ကျားစိတ်ရှုပ်သွားတော့သည်။ ကုနင်းတို့ကို လွှတ်မပေးလိုက်ချင်သော်လည်း သူမတို့ကို ဆက်ဆွဲထားဖို့ကလဲ မဖြစ်နိုင်ပေ။

ရုတ်တရက်ဆိုသလို တစ်ဖက်ကကုနင်းကတော့ ဝမ်ပေါင်ကျားက တော်တော်လေးရယ်စရာကောင်းသည်ဟု တွေးနေမိသည်။ သူက တကယ်တော့ လူဆိုးလေးတစ်ယောက်နဲ့ မတူဘူးပဲ။ ပြီးတော့ သူတို့ပဲ အကန်ခံရပြီး လွင့်သွားခဲ့တာ။

“မင်းတို့ဘက်ကအရင် ငါတို့ကိုစော်ကားခဲ့လို့ ငါတို့ကပြန်ပြီး မင်းတို့ကိုနာကျင်အောင်လုပ်တာ။ ဒီအတိုင်းပဲ ကျေအေးလိုက်ကြတာမကောင်းဘူးလား? မင်းတို့လဲ ဒဏ်ရာဆိုးဆိုးဝါးဝါးရသွားကြတာမှမဟုတ်ဘဲ။” ကုနင်းဆက်ပြောလိုက်သည်။

သူတို့က အကန်ခံရ၍ နည်းနည်းပါးပါးနာသွားကြရုံသာဖြစ်တာကြောင့် အခုလို ကုနင်းနှင့်ရန်ဖြစ်ဖို့အင်အားကျန်နေကြခြင်းဖြစ်သည်။ ထို့အပြင် အားလုံးက လူငယ်တွေသာဖြစ်တာကြောင့် မကြာခင်ပြန်ကောင်းသွားကြမည်သာ။

ဝမ်ပေါင်ကျားလဲ ခေါင်းညိတ်ကာလက်ခံလိုက်သည်။ “ကောင်းပြီလေ၊ မင်းတို့သွားလို့ရပြီ။”

ထိုစကားကြောင့် ရန်ပွဲအကြီးကြီးဖြစ်တော့မည်ဟု တွေးထားကြသည့်ဖြတ်လျှောက်များခဗျာ လွန်စွာအံ့ဩမိသွားကြတော့သည်။

ဝမ်ပေါင်ကျားက သူ့သူငယ်ချင်းအဖွဲ့ထဲမှာဆို ဦးဆောင်သူဖြစ်တာကြောင့် သူ့သူငယ်ချင်းများကလဲ သူ့စကားကိုနားထောင်ကြသည်။ ထို့နောက် သူတို့တွေက ဆေးရုံသို့သွားကြကာ ကုနင်းတို့ကတော့ ဆက်လက်စားသောက်ကြသည်။

ဝမ်ပေါင်ကျားတို့သူငယ်ချင်းတစ်စုထွက်သွားသည်နှင့် လည်ပတ်သူသုံးယောက်က ကုနင်းဆီသို့ရောက်လာကာ ကျေးဇူးတင်စကားပြောကြတော့သည်။ “မိန်းကလေး၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“မင်းတို့ရဲ့တိုက်ရည်ခိုက်ရည်က တော်တော်ကောင်းတာပဲ။”

“ငါတို့သာ သူတို့နဲ့တကယ်တိုက်ကြရင် သေချာပေါက် ငါတို့နိုင်မှာမဟုတ်ဘူး။”

……..

မုန့်စားပြီးနောက်မှာတော့ ကုနင်းတို့အဖွဲ့ ဟိုတယ်သို့သာ ပြန်လာခဲ့ကြသည်။

ကံမကောင်းစွာဘဲ သူမတို့လမ်းမှာ နောက်ထပ်ပြဿနာတစ်ခုက စောင့်ကြိုလို့နေပြန်သည်။

ကုနင်း ဟိုတယ်ခန်းမထဲဝင်လိုက်သည်နှင့် ရုတ်တရက်ဆိုသလို အမျိုးသမီးတစ်ဦးက သူမဆီသို့အပြေားရောက်လာသည်။ သူမကတော့ ယဲ့ကျားရှန်းကို သဘောကျနေသည့် ကျီမန့်လင်းပင်ဖြစ်သည်။

လင်ရှောင်းထင်က မျက်မှောင်ကြုတ်လိုက်ကာ သူမကိုဖယ်ထုတ်ဖို့ကြံလိုက်ပေမည့် ကုနင်းက တားထားလိုက်သည်။ ကျီမန့်လင်း ဘာတွေများလုပ်မလဲဆိုတာ သူမသိချင်သေးသည်။ ယဲ့ကျားရှန်းနဲ့တော့ သေချာပေါက်ပတ်သတ်နေမှာပေါ့။

“ငါ့ကိုပြော နင်နဲ့ကျားရှန်းဘယ်လိုပတ်သတ်နေလဲ?” ကျီမန့်လင်းက ချက်ချင်းပင် ကုနင်းကိုမေးမြန်းလိုက်သည်။

ကုနင်းကလဲ နားလည်မှုလွဲတာမျိုးမဖြစ်ချင်တာကြောင့် စိတ်ရှည်လက်ရှည်ပဲ ပြန်ရှင်းပြလေသည်။ “ကျွန်မတို့က အသိမိတ်ဆွေတွေပါပဲ။”

“နင်လိမ်နေတာ! နင်သာ သူနဲ့မရင်းနှီးဘူးဆိုရင် သူ့ကားနဲ့ နင့်ကိုဘာလို့ အကြိုအပို့လုပ်ပေးနေမှာလဲ?” ကုနင်း၏စကားများကို ကျီမန့်လင်းမယုံပေ။ ကုနင်း၏နောက်ခံကိုလဲ သူမရှာလို့မရတာကြောင့် တံခါးကနေသာ စောင့်ဖို့ဖို့ လူတစ်ယောက်ကိုညွှန်ကြားထားခဲ့သည်။

ထိုလူက ကုနင်းနှင့်သူမသူငယ်ချင်းများကို ယဲ့ကျားရှန်းက ကိုယ်တိုင်ပြန်လိုက်ပို့ကာ မကြာခင်မှာပဲ ကုနင်းတို့ ညဈေးတန်းဘက်ထွက်သွားသည့်အကြောင်း ပြောပြခဲ့သည်။

ဒါကြောင့် ကျီမန့်လင်းလဲ ဟိုတယ်သို့ ချက်ချင်းပြေးလာခဲ့ခြင်းဖြစ်သည်။ ကုနင်းပြန်လာဖို့ တစ်နာရီလုံး သူမစောင့်နေခဲ့ရသည်။

ကုနင်း ရယ်ချင်သွားကာ၊ “မိန်းကလေးကျီ၊ ရှင်က အဖြေကိုလဲသိချင်သေးတယ် ယုံလဲမယုံချင်ဘူး၊ ဒါနဲ့များ ဘာလို့ ကျွန်မကို လာမေးနေရသေးတာလဲ?”

“ဒါဆိုလဲ ပြောကြည့်လေ၊ သူက ဘာလို့ နင့်ကိုကိုယ်တိုင်လာကြိုပြီး ကိုယ်တိုင်ပြန်ပို့ပေးနေရတာလဲ?” ကျီမန့်လင်း ထပ်မေးလိုက်ပြန်သည်။

ယဲ့ကျားရှန်းနား တခြားအမျိုးသမီးတစ်ယောက် နီးနီးကပ်ကပ်လမ်းလျှောက်မိသည်နှင့် သူမကတော့ အကြောင်းစုံကို စုံစမ်းဖော်ထုတ်မည်သာ။

ကျီမန့်လင်းက ကျိုးကြောင်းဆင်ခြင်မှုမရှိကြောင်း ကုနင်းနားလည်လိုက်သည်နှင့် ဆက်ပြီးရှင်းပြမနေတော့ပေ။ “ဒါ ရှင့်ကိစ္စမဟုတ်ဘူး။”

“ငါက သူ့ရဲ့အနာဂါတ်ဇနီးလောင်းပဲ၊ ဒီတော့ ဒါငါ့ကိစ္စပေါ့!” ကျီမန့်လင်းက ဝံ့ကြွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

“တကယ်ကြီးလား?” ကုနင်း နှာခေါင်းသာရှုံ့လိုက်မိတော့သည်။ “မိန်းကလေးကျီ၊ ဒီနေ့အစောတုန်းကလေးပဲ ဒီနေရာမှာတင် ယဲ့ကျားရှန်းက ရှင့်ကိုစိတ်မဝင်စားပါဘူးလို့ ပြောခဲ့တယ်မလား? ဒါတောင် ရှင့်ကိုယ်ရှင် အနာဂါတ်ဇနီးလောင်းအဖြစ် ထုတ်ဖော်ပြောဆိုတာက အရှက်မဲ့လွန်းရာကျတယ်လို့မထင်ဘူးလား? ကျွန်မကိုလာမရှုပ်နဲ့ မဟုတ်လို့ ကျွန်မဘက်က တစ်ခုခုပြန်လုပ်မှာ ကျွန်မအဆိုးမဆိုနဲ့နော်။”

ကျီမန့်လင်း ဒေါသထွက်သွားကာ၊ “ငါ့ကိုဘယ်လိုတောင် ပြောရဲတာလဲ? ငါ့ကိုဒေါသထွက်အောင်လုပ်တဲ့ အကျိုးဆက်ကို နင်ခံနိုင်မတဲ့လား!”

ကုနင်းမျက်လုံးလှန်လိုက်မိသည်။ ဒီလူတွေက အချစ်အတွက်နဲ့ တခြားတစ်ယောက်ကို ခြိမ်းခြောက်ချင်ရင် ဘာလို့သူတို့ရဲ့နောက်ခံမိသားစုကို သုံးနေရတာလဲ?

ကုနင်းကို ကျီမန့်လင်း ခြိမ်းခြောက်နေသည်အား ကြားရချိန်မှာတော့ လင်ရှောင်းထင် မျက်မှောင်မကြုတ်မိဘဲ မနေနိုင်တော့ပေ။

“မိန်းကလေးကျီ၊ လူကြားထဲ ရှင်နဲ့အငြင်းပွားရင်း ကျွန်မအချိန်တွေမကုန်ချင်ဘူး။ ဒါက ကျွန်မချစ်သူပဲ။ စဉ်းစားကြည့်ပါဦး၊ ကျွန်မလူက ယဲ့ကျားရှန်းထက် ပိုပြီးကြည့်ကောင်းတယ်လို့ မထင်ဘူးလား?” ကုနင်းက လင်ရှောင်းထင်၏လက်မောင်းကို ကိုင်ကာပြောလိုက်သည်။

ထိုစကားက လင်ရှောင်းထင်ကို ပျော်ရွှင်ဝမ်းမြောက်သွားစေခဲ့သည်။ သူ့ကောင်မလေးက သူ့ကိုချီးကျူးနေတာပဲ။

***

အခန်း ၉၁၄ အရှက်မဲ့လွန်းသည့်အမျိုးသမီး

လင်ရှောင်းထင်၏အတွေးများကို ကုနင်းသိပေ၊ မဟုတ်ပါက ဒီလူတော်တော်ကလေးဆန်တာပဲလို့ သူမတွေးမိလောက်သည်။ သို့ပေမည့် လင်ရှောင်းထင် ဘယ်လောက်ပဲ ကလေးဆန်နေပါစေ သူမကတော့ ချစ်နေတုန်းပင်။

ယောက်ျားလေးတစ်ယောက် သူ့ချစ်သူက သူ့ကို ချီးမွမ်းလိုက်လျှင် ပျော်ရွှင်တယ်ဆိုတာက ချစ်သူကို ဂရုစိုက်လို့ပင်ဖြစ်သည်။

ထိုအခါမှသာ ဘေးနားမှလင်ရှောင်းထင်ကို ကျီမန့်လင်း သတိထားမိသွားပြီး ချောမောလှသည့်ရုပ်ရည်ကြောင့် မှင်သက်အံ့ဩသွားတော့သည်။

ဘုရားရေ ဒီလူအရမ်းချောတာပဲ! ယဲ့ကျားရှန်းထက်တောင်မှ ပိုအရပ်ရှည်သေးတယ်။

ကျီမန့်လင်းမှာ လင်ရှောင်းထင်ထံမှ အကြည့်တောင်မလွှဲနိုင်တော့ပေ။

ကျီမန့်လင်း၏အမူအရာကြောင့် ကုနင်း စိတ်တိုသွားသော်လည်း ဘာမှတော့မပြောဘဲ လင်ရှောင်းထင်ကိုဆွဲကာ ထွက်သွားတော့သည်။

“ဟေ့!” ကျီမန့်လင်း တားချင်နေသည်။ လင်ရှောင်းထင်ကို ဒီအတိုင်းတော့ သူမမလွှတ်ပေးလိုက်နိုင်ပေ။

သို့သော်လည်း သူမရှေ့တစ်လှမ်းတိုးတော့မည့်အချိန်မှာပဲ ကောင်းယိနှင့်ချောင်ယတို့က သူမကို အေးစက်စက်စိုက်ကြည့်လာတာကြောင့် ကျီမန့်လင်းလဲ ကြောက်လန့်သွားကာ နေရာမှမလှုပ်နိုင်တော့ဘဲ ကုနင်းတို့အဝေးရောက်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။

တစ်ပြိုင်တည်းဆိုသလို ကုနင်းကို မနာလိုဖြစ်လာတော့သည်။ လင်ရှောင်းထင်၏အဝတ်အစားများက ဒီဇိုင်နာချုပ်အလွန်ဈေးကြီးသည့်အထည်ဖြစ်ကြောင်းကိုလဲ သူမသတိထားမိလိုက်သည်။ ဒီတော့ သူကလူချမ်းသာတစ်ယောက်ပေါ့၊ အရပ်ကလဲရှည် ချောကလဲချောရုံတင်မကဘူး ချမ်းလဲချမ်းသာသေးတယ်။ ဒီလိုလူမျိုးကို မကြိုက်မိသည့်အမျိုးသမီးဟူ၍ရှိမည်မဟုတ်ပေ။

ကျီမန့်လင်းသည် သူမကိုယ်သူမ အလွန်လှပသည်ဟု တွေးထားကာ ချမ်းသာသည့်မိသားစုကလဲ ဖြစ်သေးပေမည့် သူမနှင့်အဆင့်အတန်းတူသည့် အရည်အချင်းပြည့်မီသောအမျိုးသားတစ်ယောက်ကို မတွေ့နိုင်ခဲ့ပေ။

ယဲ့ကျားရှန်းကသာ Mမြို့တွင် သူမ၏ချစ်သူဖြစ်ဖို့စံနှုန်းမီသည့်တစ်ယောက်တည်းသောသူဖြစ်ပြီး သူ့အပေါ် သူမကြိုက်နှစ်သက်မှုတော့မရှိပေ။

ယဲ့ကျားရှန်းသည် Mမြို့ရှိလူငယ်မျိုးဆက်များကြားတွင် အထူးချွန်ဆုံးလူဖြစ်တာကြောင့် သူ့ကို သူမ၏ချစ်သူဖြစ်ဖို့အရည်အချင်းပြည့်မီသည်ဟု ကျီမန့်လင်းတွေးခဲ့တာဖြစ်သည်။

သို့သော် ယဲ့ကျားရှန်းကတော့ သူမကိုစိတ်မဝင်စားပေ။ တကယ်တော့ သူမလဲ ထိုအချက်ကိုရှင်းရှင်းလင်းလင်း သိပေမည့် ဂရုမစိုက်ခြင်းသာဖြစ်သည်။ သူမသာ ယဲ့ကျားရှန်းကို လိုချင်စိတ်ရှိနေသ၍ အနှေးနှင့်အမြန်ရလာမည်သာဖြစ်သည်။

ဒီအတွေးတွေကလဲ လင်ရှောင်းထင် သူမအမြင်အာရုံထဲမပေါ်လာခင်အထိသာဖြစ်သည်။ အခုတော့ ယဲ့ကျားရှန်းနေရာတွင် လင်ရှောင်းထင်က အစားထိုးဝင်ရောက်သွားပြီဖြစ်ကာ သူမ၏ပစ်မှတ်ဖြစ်သွားတော့သည်။ တကယ်လို့များ သူမ၏ခန္ဓာကိုယ်ကိုသုံးလို့ လင်ရှောင်းထင်၏နှလုံးသားကို ရနိုင်မည်ဆိုလျှင် ချက်ချင်းပင် လင်ရှောင်းထင်၏ကုတင်ပေါ်သို့ ပြေးတက်ပေးလိုက်ဦးမည်။ သို့ပေမည့် လင်ရှောင်းထင်အနားတွင် သက်တော်စောင့်နှစ်ယောက်ရှိနေတာကြောင့် သူမအကြံအကောင်အထည်ဖော်ဖို့က မလွယ်ကူပေ။

ကုနင်းတို့ ဓါတ်လှေကားထဲဝင်သွားသည်နှင့် သူမတို့ဘယ်အထပ်ကိုသွားလဲသိရအောင် ကျီမန့်လင်း ချက်ချင်းသွားကြည့်လိုက်သည်။

ဒီလူက အရမ်းချမ်းသာတာဆိုတော့ အထူးခန်းတွေရှိတဲ့အထပ်မှာပဲ တည်းလောက်တယ်!

သူမထင်မှန်စွာဘဲ ဓါတ်လှေကားက အထူးခန်းများရှိသည့် ၁၆လွှာတွင် ရပ်သွားခဲ့သည်။

ထို့နောက် ကျီမန့်လင်းလဲ ဧည့်ကြိုဌာနသို့ပြန်သွားကာ ၁၂လွှာတွင် သူမအတွက် သီးသန့်ခန်းတစ်ခန်းငှားလိုက်သည်။

လင်ရှောင်းထင်၏အခန်းနံပါတ်ကို သူမမသိသလို ဧည့်ကြိုများကလဲ မပြောပြမည်မှန်း သိနေတာကြောင့် သူမဘာသာပဲ လင်ရှောင်းထင်ကို စောင့်နေဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။

နောက်တစ်နေ့မနက်စောစောတွင်ပဲ လင်ရှောင်းထင်အောက်ဆင်းလာမည့်အချိန်ကို ကျီမန့်လင်း စောင့်ဆိုင်းနေခဲ့သည်။ သို့ပေမည့် လင်ရှောင်းထင်က နေ့လည်၁၂နာရီအထိ ပေါ်မလာခဲ့ပေ။ ကျီမန့်လင်း စိတ်မရှည်တော့သော်လည်း ထွက်သွားဖို့တော့ စိတ်ကူးမရှိပေ။

၁၂နာရီကျော်ရုံလေးတွင်တော့ ယဲ့ကျားရှန်းရောက်လာခဲ့သည်။

ယဲ့ကျားရှန်းကို ကျီမန့်လင်း မြင်လိုက်ရချိန်တွင် အနည်းငယ်စိတ်ဝင်စားမှုကျန်ရှိနေသးပေမည့် လင်ရှောင်းထင်ကို စိတ်ဝင်စားနေသည့်စိတ်က ပိုများတာကြောင့် ပထမဆုံးအကြိမ်အဖြစ် ယဲ့ကျားရှန်းကို လျစ်လျူရှုထားခဲ့သည်။

ယဲ့ကျားရှန်းကတော့ ကုနင်းကိုကြိုဖို့ ရောက်လာခဲ့ခြင်းပင်။ သူဟိုတယ်ထဲဝင်လိုက်သည်နှင့် ကျီမန့်လင်းကို သတိထားမိသွားသည်။ ကျီမန့်လင်း သူကိုစောင့်နေတာဖြစ်လောက်သည်ဟု တွေးလိုက်မိတာကြောင့် တစ်ဖက်ကလှည့်ကာ ချက်ချင်းပင် ထွက်သွားတော့သည်။

အံ့ဩစရာကောင်းစွာဘဲ ဒီတစ်ကြိမ်မှာတော့ ကျီမန့်လင်းက သူ့နောက်ကို လိုက်မလာခဲ့ပေ။

၅မိနစ်ကြာပြီးနောက်မှာတော့ ကုနင်းတို့အဖွဲ့ထွက်လာခဲ့သည်။ လင်ရှောင်းထင်ထွက်လာသည်ကို ကျီမန့်လင်းမြင်လိုက်သည်နှင့် အပြေးအလွှားကို အရောက်သွားတော့သည်။

ကျီမန့်လင်းကို မြင်လိုက်ရသည်နှင့် ကုနင်းနှင့်ကျန်လူများအားလုံး စိတ်အနှောက်အယှက်ဖြစ်မိသွားကြသည်။ ဒါ့အပြင် သူမက တစ်ချိန်လုံး လင်ရှောင်းထင်ကိုသာ အာရုံရောက်နေသည်အား မြင်လိုက်ရချိန်မှာတော့ လင်ရှောင်းထင်ကြောင့် ရောက်လာမှန်း ကုနင်းနားလည်လိုက်တော့သည်။

“ဟိုင်း၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မနာမည်က ကျီမန့်လင်းပါ၊ Mမြို့ကျီမိသားစုရဲ့ သမီးပါ။” ကျီမန့်လင်းက လင်ရှောင်းထင်နှင့်မိတ်ဆက်ကာ နူးညံ့ကြင်နာတတ်သည့်ပုံစံမျိုး ဟန်ဆောင်လိုက်သည်။

“ဖယ်ပေးပါ။” လင်ရှောင်းထင်ကတော့ ကျီမန့်လင်းကို တစ်ချက်လေးပင် ကြည့်မလာခဲ့ပေ။

ကျီမန့်လင်း ကြောင်အလို့သွားတော့သည်။ အရင်က သူမကို ဘယ်ယောကျ်ားကမှ လူကြားထဲမှာ ဒီလိုမျိုးမဆက်ဆံဖူးဘူး!

“မိန်းကလေးကျီ၊ ရှင်ဘာလုပ်ချင်နေတာလဲ? ကျွန်မရှေ့မှာပဲ ကျွန်မချစ်သူကို စနိုက်ကြော်ဖို့ ကြိုးစားနေတာလား?” ကုနင်း ဒေါသထွက်လာတော့သည်။ ကျီမန့်လင်း၏အပြုအမူက စည်းကျော်လွန်းနေပေပြီ။

ကျီမန့်လင်း ရှက်သွားပေမည့် ပြန်လည်ငြင်းဆန်နေတုန်းပင်။ “ငါစနိုက်ကြော်နေတာမဟုတ်ဘူး! ဘာလို့ လွန်လွန်ကြူးကြူးတွေလာပြောနေတာလဲ! နင်တို့တွေက လက်ထပ်ထားကြတာမှမဟုတ်တာ။ သူ့အချစ်ကိုရဖို့ ငါက ဘာလို့မယှဉ်ပြိုင်နိုင်ရမှာလဲ?”

ထိုစကားကြောင့် ဤတစ်ခါကြောင်အသွားကြရသူတွေကတော့ လူတိုင်းပင်ဖြစ်သည်။

သူမက တခြားမိန်းကလေး၏ချစ်သူကို ထိုမိန်းကလေးရှေ့မှာတင် လုယူဖို့ကြိုးစားနေပြီး ကိုယ့်အမှားလို့ မထင်ဘူးပေါ့?

ဖြတ်လျှောက်များခဗျာ ဒီလောက်ဆိုးဝါးလွန်းသည့် ဇာတ်လမ်းကိုမယုံကြည်နိုင်စွာကြည့်နေမိကြသည်။ အထူးသဖြင့် ကျီမန့်လင်း အရင်ကတချိန်လုံး ယဲ့ကျားရှန်းကို ပစ်မှတ်ထားခဲ့သည်အား သိနေကြသည့် ဧည့်ကြိုဝန်ထမ်းများ၏ အံ့ဩမှင်သက်မှုကတော့ ဖော်ပြ၍မရနိုင်အောင်ပင်။

ယဲ့ကျားရှန်းတောင်မှ မယုံကြည်နိုင်ဖြစ်လို့နေသည်။ ဘာပဲဖြစ်ဖြစ် ကျီမန့်လင်း ပစ်မှတ်ပြောင်းလိုက်တာက သူ့အတွက်တော့ မကောင်းတာမဟုတ်ပေ။

“ဒါကတော့ ရှင်စိတ်ပျက်သွားရမှာ စိုးမိတယ်။” ကုနင်း နှာခေါင်းရှုံ့လိုက်သည်။ ကျီမန့်လင်းလောက် အရှက်မရှိတဲ့လူရော ရှိသေးရဲ့လား!

“အိုး၊ ဘာလို့လဲ? နင်က ငါ့ထက်ပိုသာနေတယ်လို့လဲ မထင်မိပါဘူး။” ကျီမန့်လင်းက မောက်မာစွာပြန်ပြောလိုက်သည်။

ဒီတော့ ကုနင်းကလဲ လင်ရှောင်းထင်ဘက်ကို လှည့်ကြည့်ကာ၊ “ရှင် အဖြေကို သိချင်နေရင် သူ့ကိုကိုယ်တိုင်ပဲ မေးကြည့်လိုက်ပါလား။”

လင်ရှောင်းထင်၏ကုနင်းအပေါ် သစ္စာရှိမှုကတော့ ပြန်တွေးကြည့်နေစရာပင်မလိုပေ။ ကျီမန့်လင်းကသာ ဒီလိုပြဿနာကိုဖြစ်စေသူဖြစ်တာကြောင့် လင်ရှောင်းထင်လဲ သူမကိုလုံးဝအမြင်မကြည်တော့ပေ။

“ထွက်သွားစမ်း!”

လင်ရှောင်းထင်၏ အေးစက်မာထန်လှသည့်စကားကြောင့် ကျီမန့်လင်း ကြောက်လန့်တုန်လှုပ်သွားကာ ထွက်ပြေးမိလုနီးပါးပင်ဖြစ်သွားသည်။

***

အခန်း ၉၁၅ ထပ်မံရေငုပ်ခြင်း

လင်ရှောင်းထင်၏ဒေါသနှင့်ကြုံလိုက်ရချိန်တွင် ယဲ့ကျားရှင်းတောင်မှ မသက်မသာခံစားသွားရသည်။ လင်ရှောင်းထင်ဆိုသူကတော့ ယောက်ျားတစ်ယောက်၏စွမ်းအားအပြည့်ဖြင့် မွေးဖွားလာသူပင်။

ထို့နောက် သူက ကျီမန့်လင်းကို လျစ်လျူရှုကာ ကုနင်း၏လက်ကို ဆွဲပြီး တံခါးရှိရာသို့လျှောက်သွားသည်။ ကောင်းယိနှင့်ချောင်ယသည်လဲ နောက်မှလိုက်ပါသွားခဲ့သည်။ ထိုအခါမှ ယဲ့ကျားရှန်းလဲ နောက်မှအမြန်လိုက်သွားတော့သည်။

ကျီမန့်လင်းကတော့ ကုနင်းတို့ထွက်သွားပြီးသည်အထိ အသိစိတ်ပြန်မကပ်ခဲ့ပေ။ သူမက ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေမိသည်။

အနားရှိလူများကလဲ သူမကို စတင်ပြစ်တင်လာကြတော့သည်။

“တကယ်ကိုအရှက်မရှိတာပဲ!”

“တစ်ဖက်မိန်းကလေးရှေ့မှာတင် သူများချစ်သူကို စနိုက်ကြော်ဖို့ ဘယ်လိုတောင် တွေးရဲတာလဲပဲ?”

“သူ့ကိုယ်သူတောင် သေချာမသိဘူးပဲ။ ဟိုမိန်းကလေးထက် သူကပဲ ပိုလှတယ်များ ထင်နေလိုက်သေးတယ်။”

“ဟုတ်ပါ့။”

“ကိုယ့်သိက္ခာကိုထိန်းရမယ်ဆိုတဲ့ အခြေခံအသိအမြင်တောင်မရှိဘူးပဲ။”

“ဟိုကိုလူချောက သူ့ကိုတစ်ချက်လေးတောင် မကြည့်သွားဘူး။”

“သူ ဒီလောက်လွယ်တဲ့မိန်းမဖြစ်နေရင် အရင်ကလဲ ယောက်ျားပေါင်းများစွာနဲ့ အိပ်ဖူးလောက်တယ်။”

“ရွံစရာကောင်းလိုက်တာ။”

…….

လူအများ၏ဆွေးနွေးပြောဆိုနေသံများက ကျီမန့်လင်းကို ဒေါသထွက်လာခဲ့ပေမည့် ထိုလူများကို ပြန်လည်ချေပဖို့ အင်အားမရှိခဲ့ပေ။

အခုထိလဲ သူမလုပ်ရပ်က မှားသည်ဟု မထင်ခဲ့ပေ။ သူမက သူမအချစ်ရှိရာကို လက်လှမ်းချင်သူသာဖြစ်ပြီး သူမအမှားမှမဟုတ်ဘဲ။ ဒီလိုပါပဲ တစ်ကိုယ်ကောင်းဆန်သည့် လူတွေကတော့ သူ့တို့အမြင်ကို လွယ်လွယ်ပြောင်းလဲတတ်ကြသူတွေ မဟုတ်ပါဘူး။

……..

ကုနင်းတို့ ဆိပ်ကမ်းသို့ရောက်ချိန်တွင်တော့ ယဲ့ချောင်ရှုံးက ဖုန်းဆက်လာခဲ့သည်။ ယဲ့ချောင်ရှုံးက သူမအားလျှင် Mမြို့သို့ ထပ်လာလည်ဖို့ ဖိတ်ကြားနေခြင်းဖြစ်သည်။

ကုနင်းလဲ ယဉ်ကျေးမှုအရ လက်ခံလိုက်ပေမည့် နောက်တစ်ခေါက် ပြန်လာဖြစ်မလာဖြစ်ကတော့ သူမစိတ်အခြေအနေပေါ်သာ မူတည်ပေသည်။

ကုနင်းတို့ကို ယဲ့မိသားစုမှစီစဉ်ပေးထားသည့် လှေပေါ်သို့ မတင်ပေးပြီးမချင်း ယဲ့ကျားရှန်း မပြန်သွားခဲ့ပေ။

ယဲ့ကျားရှန်း အိမ်ပြန်ရောက်သည်နှင့် ယဲ့ချောင်ရှုံးက သူ့ကိုမေးလာခဲ့သည်။ “ဘယ်လိုလဲ?”

ထိုအခါ ယဲ့ကျားရှန်းက၊ “သူ့မှာ ချစ်သူရှိပြီးသား၊ သူ့ရဲ့သက်တော်စောင့်ထဲကတစ်ယောက်လေ။ သူက ကျွန်တော့်ထက် ပိုအရပ်ရှည် ပိုချောတဲ့အပြင် လွှမ်းမိုးနိုင်စွမ်းလဲ ပိုကြီးသေးတယ်။ သေချာပေါက် သာမာန်လူတစ်ယောက်တော့ မဟုတ်လောက်ဘူး။”

ယဲ့ချောင်ရှုံးက ယဲ့ကျားရှန်းကို ကုနင်းအားပိုးပန်းစေလိုနေခြင်းဖြစ်သည်။ ကုနင်း၏လောင်းကစားစွမ်းရည်က အလွန်ကောင်းလှသည်။ သူမသာ ယဲ့မိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာပါက ယဲ့မိသားစု၏စီးပွားရေးမှာ ပိုလို့အောင်မြင်လာပေလိမ့်မည်။

ဒါက သူမကိုအသုံးချလိုသည့်အတွက်မဟုတ်ဘဲ “ထန်အိုက်နင်း”အပေါ် အမြင်ကောင်းရှိနေသည့်အတွက်ကြောင့်သာဖြစ်သည်။ သူမသာ ယဲ့မိသားစုထဲသို့ လက်ထပ်ဝင်ရောက်လိုလျှင် သူတို့ဘက်ကလဲ သူမကို အကောင်းဆုံးဆက်ဆံမည်သာဖြစ်သည်။

ယဲ့ကျားရှန်းသည်လဲ ကုနင်းကို လေးစားသဘောကျမိတာကြောင့် သူမကိုပိုးပန်းမည့်ကိစ္စကို သဘောတူခဲ့သည်။ ကံမကောင်းစွာဘဲ သူမမှာက ချစ်သူရှိနှင့်နေပေပြီ။ ထို့အပြင် သူမချစ်သူက သူ့ထက်တောင်မှ ပိုပြီးဆွဲဆောင်မှုရှိသေးသည်။

ယဲ့ကျားရှန်း အနည်းငယ်စိတ်ပျက်သွားခဲ့ပေမည့် မကြာခင်မှာပဲ အဖြစ်မှန်ကို လက်ခံသွားနိုင်ခဲ့သည်။

နာရီဝက်အကြာမှာတော့ ကုနင်းတို့အဖွဲ့ HKသို့ရောက်သွားခဲ့သည်။ သူမက လုပ်စရာရှိသေးတာကြောင့် ကောင်းယိ၊ ချောင်ယနှင့် လင်ရှောင်းထင်တို့ကို ဟိုတယ်အရင်ပြန်နှင့်ကြဖို့ ပြောလိုက်သည်။

လင်ရှောင်းထင်က သူမကိုစိုးရိမ်သော်လည်း ကုနင်းက အတင်းအကျပ်ပြန်ခိုင်းနေတာကြောင့် နောက်ဆုံးမှာတော့ ပြန်သွားခဲ့တော့သည်။

ထို့နောက် ကုနင်းက သူမဘာသာတစ်ယောက်တည်း ရွက်လွှင့်ဖို့ရန် ရွက်လှေငယ်တစ်စီးငှားဖို့ သွားခဲ့သည်။

သူမ၏အရင်ဘဝက ကျွမ်းကျင်လူသတ်သမားတစ်ယောက် ဖြစ်ခဲ့တာနှင့်အညီ ခေတ်မှီ သယ်ယူပို့ဆောင်ရေးယာဉ်အားလုံးကို ဘယ်လိုမောင်းနှင်ရမလဲ သူမသင်ယူခဲ့ရသည်။

မိနစ်နှစ်ဆယ်အတွင်းမှာပဲ ကုနင်း ကျွန်းငယ်အနားမှတစ်နေရာသို့ ရောက်ရှိခဲ့သည်။ သူမက ရေငုပ်ဝတ်စုံကို ဝတ်ဆင်လိုက်ပေမည့် အောက်စီဂျင်မက်စ်နှင့်အခြားသော ရေငုပ်ကိရိယာများကတော့ သူမအတွက် မလိုအပ်တာကြောင့် တပ်ဆင်ခြင်းမပြုခဲ့ပေ။

ကုနင်း ပင်လယ်ထဲဆင်းသည်နှင့် ရွက်လှေကို စိတ်စွမ်းအင်အာကာပြင်ထဲသို့ ထည့်သိမ်းလိုက်သည်။

သူမ၏စိတ်စွမ်းအင်အာကာပြင်က အခုဆိုလျှင် စတုရန်းမီတာ၄၀အထိ ကျယ်ဝန်းနေပြီဖြစ်တာကြောင့် ၄မီတာရှည်ကာ ၂မီတာသာကျယ်သည့် ရွက်လှေတစ်စီးအတွက်တော့ အသာလေးဆန့်ပေသည်။

ဒီလိုနဲ့ပဲ ကုနင်း ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားသည်နှင့် ရွက်လှေကလဲ ချက်ချင်းဆိုသလို ပင်လယ်ပြင်မှပျောက်ကွယ်သွားတော့သည်။

ကုနင်း ကျွန်းပေါ်မှ ချန်ထားခဲ့သည့်လူများမှာ အခုချိန်ထိ ရှိနေကြစဲပင်။ သူတို့ကို တုပ်နှောင်ထားသည့် ကြိုးများမှ လွတ်မြောက်သွားကြပြီဆိုသော်လည်း သူတို့ကိုကယ်ဖို့တော့ ဘယ်သူမှရောက်မလာခဲ့ပေ။ ဒါကြောင့် သင်္ဘောတစ်စီးစီး ဒါမှမဟုတ် တခြားလှေတစ်စီးစီးကို မြင်ရဖို့ မျှော်လင့်ကာ ကမ်းခြေမှာ စောင့်ဆိုင်းလို့နေခဲ့ကြသည်။

ရွက်လှေတစ်စီး ကျွန်းနားကပ်လာသည့်အချိန်မှာတော့ သူတို့တွေ စိတ်လှုပ်ရှားကုန်ကြပေမည့် မကြာခင်တွင်ပဲ ထိုရွက်လှေက ပျောက်ကွယ်သွားခဲ့သည်။ ရွက်လှေက ရုတ်တရက်ကြီး လေထဲပျောက်သလိုပျောက်သွားသည်အား သူတို့ကိုယ်တိုင် မမြင်လိုက်ရတာကြောင့် ကျွန်း၏အခြားတစ်ဖက်ဖက်မှာ သွားရပ်ခြင်းဖြစ်မည်ဟု တွေးလိုက်ကြကာ လိုက်ရှာကြည့်ခဲ့ပေမယ့်လဲ မတွေ့ခဲ့ကြပေ။

ကုနင်းကတော့ ပင်လယ်ထဲမှနေပြီး ဂူလမ်းကြောင်းရှိရာသို့ ချက်ချင်းကူးခတ်သွားခဲ့သည်။

ကျောက်တန်းများနားတွင် ရေလှိုင်းတွေက ခပ်ကြမ်းကြမ်းရိုက်ခတ်နေသည်။ ကုနင်းမှာသာ သူမကိုကာကယ်ပေးထားသည့် မှောင်စွမ်းအားရှိမနေပါက လှိုင်းပုတ်သည့်ဒဏ်ကြောင့် ရှေ့ရောက်နိုင်မည်မဟုတ်ပေ။

ဝင်ပေါက်နေရာတွင် များပြားလှသည့် ပင်လယ်ရေမှော်ပင်များရှိနေတာကြောင့် ဂူလမ်းကြောင်းထဲသို့ဝင်ဖို့ကလဲ မလွယ်ကူလှသေးပေ။

ကုနင်း ပင်လယ်ရေမှော်ပင်များကို ဖယ်လိုက်သည်နှင့် ရုတ်တရက်ဆိုသလို ငါးတစ်အုပ်က ထိုးထွက်လာကြသည်။ ထိုသို့ ငါးအုပ်လိုက်ကြီးအတိုးခံရသည်က သူမကို မနာကျင်မိဘဲ မနေစေပေ။

ငါးအုပ်ကြီးထွက်သွားပြီးကာမှ ကုနင်းအထဲသို့ ဆက်ဝင်လာခဲ့သည်။

လှေလမ်းကြောင်းက ထွက်ပေါက်နေရာတွင် ကျောက်ဆောင်ကြီးတစ်ခုဖြင့် ပိတ်ပင်ခြင်းကို ခံထားရသည်။ ပင်လယ်အောက်မှ လမ်းကြောင်းထဲသို့ သုံးမီတာလောက်ဝင်သွားပြီးနောက်မှာတော့ ပိတ်ဆို့ထားသည့်နေရာကို သူမဖြတ်ကျော်ကသွားနိုင်ကာ လှေလမ်းကြောင်းရှိရာသို့ ရောက်သွားသည်။ အခုတော့ ရေထဲကထွက်ရမယ့်အချိန်ပဲ။

သို့ပေမည့် လမ်းကြောင်းတစ်လျှောက် ရှည်လျား၊ အေးစက်ကာ မဲမှောင်လို့နေသည်။ ကံကောင်းစွာဖြင့် ကုနင်းတွင်က မှော်စွမ်းအင်ရှိတာကြောင့် သူမခန္ဓာကိုယ်ကိုကာကွယ်ထားနိုင်၍ ထိခိုက်မှုမရှိပေ။

ကုနင်းထွက်ပေါက်သို့ရောက်ခါနီးမှာပဲ သူမခြေထောက်နားမှာ တစ်လှုပ်လှုပ်ဖြစ်နေသည့်အရာရှိနေသည်ကို ခံစားလိုက်ရကာ ချက်ချင်းပင် ကြောက်လန့်တကြားငုံ့ကြည့်လိုက်သည်။ ထိုအရာက ပင်လယ်မြွေဖြစ်ကြောင်း တွေ့လိုက်ရချိန်မှာတော့ ကုနင်းရွံရှာသွားတော့သည်။ သူမက တစ်ချက်လေးပင်မတုံ့ဆိုင်းဘဲ သူမ၏မှော်စွမ်းအင်ကို ပစ်လွှတ်ကာ သူမကိုကိုက်တော့မည့် မြွေကို အေးခဲသွားစေပြီး ဓားမြှောင်ကိုထုတ်ကာ ထက်ပိုင်း,ပိုင်းချလိုက်တော့သည်။

တစ်ချိန်တည်းမှာပဲ ကုနင်း အရိုးများစွာကိုတွေ့လိုက်ရသည်။

ထိုအရိုးတွေက ဒီလှေလမ်းကြောင်းကို လုပ်ခဲ့သည့်လူများ၏အရိုးဖြစ်နိုင်သလို ဒီနေရာသို့ ရတနာရှာဖို့လာကြသည့်လူများ၏အရိုးလဲဖြစ်နိုင်ပေသည်။

ဒီလိုနေရာကနေပြီး သာမာန်လူများအနေဖြင့် ရှင်သန်လွတ်မြောက်ဖို့က မဖြစ်နိုင်ပေ။

***

စာစဉ် ၆၁ ပြီး၏။

All Chapters