အခန်း (၉၁၆-၉၂၀)
Vol. 62 Ch. 916-920
အခန်း ၉၁၆ နတ်ဆိုးကျောင်းကို လွှတ်ပေး
ကုနင်းမှာက သူမကိုကာကွယ်ပေးထားသည့် မှော်စွမ်းအားရှိနေတာကြောင့် သူမဘေးကင်းကင်းရှိနေနိုင်တာဖြစ်သည်။
သူမခြေထောက်ဘက်ကို နောက်ထပ်ဘာကောင်မှတိုက်ခိုက်မခံရစေရန်အတွက် ရေထဲမှာ ဆက်မျောမနေဖို့ ကုနင်းဆုံးဖြတ်ချက်ချလိုက်ကာ ရှေ့သို့ဆက်ကူးသွားတော့သည်။
ရှေ့သို့ မီတာ၂၀မျှကူးခတ်ပြီးသွားချိန်မှာတော့ လမ်းကြောင်းက ပိုကျယ်လာပြီး နောက်ဆုံးမှာတော့ တွင်းပေါက်အောက်ခြေကို သူမရောက်ရှိသွားတော့သည်။
ကုနင်း ရေထဲကထွက်လိုက်သည်နှင့် အနားတစ်ဝိုက်မှ လင်းနို့အုပ်ကြီးက ရုတ်တရက် ပျံထွက်လာကာ ဆူညံသွားစေတော့သည်။ ကုနင်းလဲ လင်းနို့များကို အလင်းရောင်ဖြင့် မောင်းထုတ်ဖို့ရန်အတွက် ညလင်းပုလလဲကို ချက်ချင်းထုတ်ယူလိုက်တော့သည်။
ရတနာတွေရဖို့က တော်တော်ခက်တာပဲ။ အထဲမှာတော့ အပြင်ဘက်သို့ မပျံသန်းနိုင်ကြသည့် လင်းနို့ပေါင်းများစွာ ပိတ်မိလို့နေသေးသည်။
နောက်ဆုံးတော့ သင်္ဘောကြီးကို သူမမျက်စိရှေ့မှာပဲ ရှင်းရှင်းလင်းလင်းမြင်သွားနိုင်တော့သည်။ ထိုအချိန်မတိုင်ခင်အထိ သင်္ဘောပေါ်တွင် အရိုးနှစ်ချောင်းကြက်ခြေခတ်ကာ အလယ်မှာတော့ အရိုးခေါင်းတစ်ခုရှိနေသည့် အလံတစ်ခုရှိနေကြောင်း သူမသတိမထားခဲ့မိပေ။ ထိုအခိုက်အတန့်မှာပဲ ဒီသင်္ဘောက ပင်လယ်ဓါးပြသင်္ဘောမှန်း ကုနင်းသိသွားတော့သည်။
တစ်နည်းပြောရရင် ဒီကျွန်းက တစ်ချိန်တုန်းက ပင်လယ်ဓားပြတွေ အခြေချရာကျွန်းတစ်ကျွန်းဖြစ်ခဲ့တာပေါ့။
ဒါက ပင်လယ်ဓားပြသင်္ဘောဆိုမှတော့ သေချာပေါက် တန်ဖိုးကြီးပစ္စည်းတွေအများကြီး ရှိနေမှာပဲ။
သင်္ဘောက ဤနေရာတွင် ရပ်ထားသည်က အချိန်အတော်ကြာနေပြီဖြစ်တာကြောင့် ပျက်စီးယိုယွင်းနေသည့်သစ်သားနေရာကလဲ တော်တော်ကြီးလှသည်။ ကုနင်းကတော့ သူမသာ ရုတ်တရက်လှမ်းတက်သွားခဲ့ရင် ကျွံကျသွားမလားတောင် မမှန်းတတ်တော့ပေ။ တကယ်လို့များ ကျွံကျသွားမယ်ဆိုရင်တော့ တန်ဖိုးကြီးပစ္စည်းတွေကလဲ ရေထဲသို့ ကျသွားနိုင်ကာ တချို့ဆိုလျှင် ပြန်ဆယ်မရလောက်အောင် ပျက်စီးသွားနိုင်ပေသည်။
ဒါ့အပြင် သင်္ဘောက နည်းနည်းလေးမြင့်နေကာ သူမကတော့ ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေရတာကြောင့် အဲ့လောက်အမြင့်ကြီးပေါ် မတတ်နိုင်ပေ။ ကံကောင်းစွာဖြင့် လှိုင်ဂူက တော်တော်ကြီးကာ သင်္ဘောဘေးတွင် သူမ၏ရွက်လှေကို နေရာချနိုင်လောက်သည်အထိ နေရာလွတ်ရေပြင်ရှိနေသေးသည်။
အခုမှပဲ ဒီလမ်းကြောင်းထဲစဝင်လာကတည်းက သူမ၏ရွက်လှေကို ထုတ်ထားခဲ့သင့်ကြောင်း ကုနင်း သတိရသွားတော့သည်။
ပြီးခဲ့တာတွေလဲ ပြီးခဲ့ပါစေတော့၊ ကုနင်း အခုဆို ရွက်လှေပေါ်ကနေတက်ကာ ပင်လယ်ဓားပြသင်္ဘောပေါ်သို့ စတင်စစ်ဆေးကြည့်နေပြီဖြစ်သည်။ သူမ ထိုသင်္ဘောပေါ်သို့ ခြေချလို့ရသလားရယ် သင်္ဘောပေါ်မှ ပစ္စည်းဘယ်လောက်များများ သယ်သွားလို့ရနိုင်မလဲဆိုသည်ကိုရယ် သိထားဖို့လိုသည်။
မကြာခင်မှာပဲ အရင်က သူမသွားရှာခဲ့သည့် နှစ်မြုပ်နေသည့်သင်္ဘောထဲကထက် ဒီပင်လယ်ဓားပြသင်္ဘောပေါ်မှာ ပိုတန်ဖိုးကြီးသည့် ပစ္စည်းများစွာရှိနေကြောင်း သိလိုက်ရတော့သည်။ အရေးအကြီးဆုံးကတော့ ဒီသင်္ဘောအခြေအနေက တော်တော်ကောင်းနေသေးတုန်းပင်။
ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများ၊ အိုးများ၊ ငွေထည်များ၊ စာအုပ်များ၊ ပန်းချီများ၊ အဝတ်အထည်များ၊ ရှေးဟောင်းဒင်္ဂါများအပါအဝင် ပစ္စည်းပေါင်းများစွာက အစုလိုက်အပုံလိုက်ရှိလို့နေသည်။ ထိုပစ္စည်းများကို သေတ္တာပေါင်းတစ်ဒါဇင်လောက်နှင့် ထည့်သိမ်းထားကာ ထိုခေတ်အခြေအနေအရ အဓိကရောင်းဝယ်ရေးပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာတွေကတော့ အများဆုံးပါဝင်သည်။
ရုတ်ချည်းဆိုသလို ကုနင်းအကြံတစ်ခုပေါ်လာတော့သည်။ သူမ အခုထိ ရှာလို့ရထားသမျှ ရှေးဟောင်းပစ္စည်းအစစ်တွေနဲ့ဆိုရင် ကိုယ်ပိုင်ပြတိုက်တစ်ခုတောင်ဖွင့်နိုင်နေပြီပဲ။ ဒါက ကုနင်းစိတ်ကူးထဲမှာတော့ မကောင်းတာမျိုးမဟုတ်ပေ။ ဒီလိုသာဆို လာရောက်လည်ပတ်သူတွေကို သူမလက်မှတ်တွေရောင်းလို့ရနိုင်တာပေါ့။
အခုမတိုင်ခင်အထိ တန်ဖိုးအကြီးဆုံးငွေထည်ပစ္စည်းတွေဆိုရင် လေလံပွဲလုပ်ပြီးရောင်းနိုင်မယ်လို့ပဲ တွေးမိခဲ့ပေမယ့် အခုတော့ သူမကိုယ်ပိုင်ပြတိုက်တစ်ခုသာဖွင့်လိုက်မယ်ဆိုရင် ပိုလို့ဆွဲဆောင်နိုင်စွမ်းရှိလိမ့်မည်ဟု ခံစားမိလာတော့သည်။ သို့ပေမည့် ဂူသင်္ချိုင်းဖောက်ခြင်းက တရားမဝင်လုပ်ရပ်ဖြစ်တာကြောင့် ကိုယ်ပိုင်ပြတိုက်ဖွင့်ဖို့ဆိုတာက လွယ်ကူသည့်ကိစ္စရပ်တော့မဟုတ်ပေ။
လင်ရှောင်းထင်ကတော့ သူမကိုကူညီပေးနိုင်ပေမည့် ထိုသို့ဖြင့် လင်ရှောင်းထင်ကိုပါ ပြဿနာထဲဆွဲသွင်းမိသလို ဖြစ်သွားမည်ကို စိုးရိမ်မိသေးသည်။
ဒါကြောင့် သူမပြန်ရောက်ခါမှ လင်ရှောင်းထင်ကို မေးကြည့်ဖို့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သင်္ဘောတစ်ခုလုံးကို စစ်ဆေးကြည့်ပြီးနောက် သင်္ဘောအောက်ခြေကတော့ နှစ်ပေါင်းများစွာ ရေထဲနစ်မြုပ်နေရတာကြောင့် ဆွေးမြည့်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့ပေမည့် ရေထဲမနစ်နေသေည့်အပေါ်ပိုင်းသစ်သားတွေကတော့ ကောင်းမွန်နေစဲပင်။
ဒါကြောင့် သူမသာ သေချာသတိထားကာ ခြေလှမ်းမည်ဆိုလျှင် ကျွံကျတာမျိုးမဖြစ်နိုင်လောက်ဟု တွေးမိသွားသည်။
ထို့နောက် ကုနင်း တိုက်ရိုက်ဆိုသလိုပဲ သူမ၏ရွက်လှေနှင့်ပင်လယ်ဓားပြသင်္ဘောကြားမှ အဟကို ခုန်ကျော်လိုက်တော့သည်။ ကွာဟနေသည့်နေရာက သိပ်မကျယ်ဘဲ ၃၀စင်တီမီတာလောက်သာရှိသည်။ ဒါကြောင့် ကုနင်းအလွယ်တကူပဲ ဖြတ်ကျော်သွားနိုင်ခဲ့သည်။
ကုနင်း ကိုယ်ဖော့က ဖြည်းဖြည်းချင်းလျှောက်သွားလိုက်သည်။ သင်္ဘောပေါ်မှပြန်မဆင်းခင် ရတနာသေတ္တာတွေအားလုံးကို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲ သေချာထည့်ခဲ့လေသည်။
ရုတ်တရက်ဆိုသလို သူမ၏စိတ်စွမ်းအင်အာကာပြင်ထဲမှ သရဲထီးနှင့်နတ်ဆိုးကျောင်းတို့ကို ကုနင်းအမှတ်ရသွားခဲ့သည်။ ဒီနေရာမှာဆိုလျှင်တော့ သူတို့နှစ်ယောက်နဲ့ စကားနည်းနည်းပါးပါးပြောလို့ရနိုင်လောက်သည်ဟုလဲ သူမတွေးမိသွားသည်။
ဒီနေရာက အပြင်ဘက်နှင့်သီးခြားဖြစ်နေတာကြောင့် ထိုနှစ်ယောက် ဒေါသထွက်ကာပေါက်ကွဲခဲ့လျှင်တောင်မှ အပြစ်မဲ့သည့်လူများကို ဒုက္ခဖြစ်စေမည်မဟုတ်ပေ။
ထိုသို့တွေးမိသည်နှင့် ကုနင်း သူမရွက်လှေကို ဖယ်ကာ လမ်းကြောင်း၏အခြားတစ်ဖက်သို့ ရေကူးသွားလိုက်သည်။ သူတို့နှစ်ဦးကို ပင်လယ်ထဲမှာမဟုတ်ဘဲ မြေပေါ်မှာလွှတ်ပေးဖို့ကြံထားခြင်းဖြစ်သည်။
ကမ်းပေါ်သို့တက်ပြီးသည်နှင့် နတ်ဆိုးကျောင်းကို မလွှတ်ပေးခင် ကုနင်း ဆယ်မီတာလောက်ဝေးအောင် လျှောက်လိုက်သေးသည်။ နတ်ဆိုးကျောင်းက လွတ်သွားသည်နှင့် ပြဿနာကြီးရှာနိုင်ပေသည်။
နတ်ဆိုးကျောင်းအပြင်ရောက်လာသည်နှင့် သူရောက်နေသည့်နေရာက ပင်လယ်ကြမ်းပြင်မှာမဟုတ်တော့ကြောင်း သိလိုက်ရ၍ အလွန်အံ့ဩသွားတော့သည်။ ဒါ့အပြင် ကုနင်းကို မတူညီသည့်အဝတ်အစားဖြင့်ပါ တွေ့လိုက်ရတာကြောင့် အံ့ဩသွားရပြန်သည်။
ကုနင်းက ပင်လယ်ထဲမဆင်းခင် “ထန်အိုက်နင်း”အဖြစ်ရုပ်ဖျက်ထားသည့် မိတ်ကပ်ကို ဖျက်ထားပြီးဖြစ်တာကြောင့် အခုချိန်မှာ သူမ၏နဂိုရုပ်ရည်အတိုင်းရှိလို့နေလေသည်။
နတ်ဆိုးကျောင်း စိတ်စွမ်းအင်အာကာပြင်ထဲ ရောက်သွားသည်ကနေ အခုပြန်လွတ်လာချိန်အထိ ၎င်း၏မှတ်ဉာဏ်များက ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် လက်ရှိပြောင်းလဲသွားသည့် မြင်ကွင်းများအရ ကုနင်း၏အဝတ်အစားများကို နတ်ဆိုးကျောင်းသတိထားမိသွားကာ တစ်ခုခုတော့ ဖြစ်သွားမှန်း သိလိုက်ရသည်။
“ဘာတွေဖြစ်ကုန်တာလဲ ပြောစမ်း? ငါကဘာလို့ ဒီရောက်နေတာလဲ? မင်းအဝတ်တွေကရော ဘာလို့ပြောင်းသွားတာလဲ?” နတ်ဆိုးကျောင်းက ကုနင်းကိုမေးခွန်းထုတ်တော့သည်။
“နင့်ကို ငါတစ်နေရာပစ်ထည့်လိုက်ပြီး ဒီကိုခေါ်လာလိုက်တာလေ။”
“ဘာ? မင်းက ငါ့ကို တစ်နေရာကိုပစ်ထည့်လိုက်တယ်?” ကုနင်း၏အဖြေကြောင့် နတ်ဆိုးကျောင်းထိတ်လန့်သွားတော့သည်။
“ဟုတ်တယ်လေ။ နင် ငါ့ရဲ့ညလင်းပုလဲကို စားဖို့လုပ်နေတဲ့အချိန် နင့်ရဲ့မုတ်ဆိတ်မွေးကို ဖမ်းမိသွားတာ။”
ထိုစကားကိုကြားကာမှ ကုနင်း သူ့ကိုထောင်ချောက်ဆင်ဖမ်းခဲ့မှန်း နတ်ဆိုးကျောင်း သဘောပေါက်သွားတော့သည်။
“မင်းကများ ငါ့ကိုထောင်ချောက်ဆင်ရဲတယ်ပေါ့!” နတ်ဆိုးကျောင်း အလွန်ဒေါသထွက်လာတော့သည်။
“နင့်ဘက်ကအရင် ငါ့ညလင်းပုလဲကို စားချင်နေတာလေ! နင်လာစားတာထိုင်စောင့်နေရတဲ့အထိတော့ ငါမတုံးသေးဘူး။”
“မင်း….” နတ်ဆိုးကျောင်း သည်းမခံနိုင်တော့ပေ။ “ငါ့ကိုညလင်းပုလင်းပေးစမ်း၊ မဟုတ်လို့ကတော့ မင်းကိုမြိုချပစ်မယ်။”
“ဟမ့်…. တကယ်တော့ နင်သာ ငါ့ကိုထိလိုက်တာနဲ့ နင့်ကိုနောက်တစ်ကြိမ်ထပ်ပြီး အဝေးပို့ပစ်လိုက်လို့ရတယ်နော်။”
***
အခန်း ၉၁၇ နတ်ဆိုးကျောင်းကို သိမ်းသွင်းကာ သရဲထီးကိုတော့ ရှင်းပစ်ခြင်း
နတ်ဆိုးကျောင်း အလွန်ဒေါသထွက်နေပေမည့် တစ်ဖက်မှာလဲ ကြောက်ရွံ့လာခဲ့သည်။ “မင်း… မင်းဘာလိုချင်တာလဲ?”
“ငါ နင့်ရဲ့အတွင်းပိုင်းစည်းမျဉ်းတွေအတွက် ငါ့မှော်စွမ်းအားကို ထောက်ပံ့ပေးနိုင်တယ်၊ ဒါပေမယ့် အဲ့ဒါမတိုင်ခင် ငါ့အမိန့်တွေကိုတော့ နာခံရမယ်။”
ကုနင်းက သူမ၏မှော်စွမ်းအားကို ထောက်ပံ့ပေးမည်ဟုပြောလာသည်ကို ကြားလိုက်ရချိန်တွင် နတ်ဆိုးကျောင်း ဝမ်းမြောက်သွားပေမည့် ကုနင်းက သူမအမိန့်တွေကို နာခံရမည့်အကြောင်းပါ ပြောလာချိန်မှာတော့ ဒေါသထွက်သွားတော့သည်။ “ဘာ? မင်းက ငါ့ကို အချိန်မရွေးမင်းအမိန့်တွေ နာခံစေချင်နေတာလား?”
“အနာမခံပဲနဲ့တော့ အသာမစံရဘူးလေ။ ဒီကမ္ဘာပေါ်မှာ အလကားစားရတဲ့ နေ့လည်စာရယ်လို့မရှိဘူး။”
နတ်ဆိုးကျောင်းမှာ မှင်သက်နေတော့သည်။ ၎င်းက သူလိုချင်တဲ့အရာအတွက် ဘယ်လိုပြန်ပေးရမလဲဆိုတာ မသိခဲ့ဘဲ သူလိုချင်တာမှန်သမျှကို လုယူခဲ့ဖူးသူသာဖြစ်သည်။
နတ်ဆိုးကျောင်း၏အမူအရာကို မြင်ပြီး ကုနင်းကတော့ စိတ်ဆင်းရဲသွားတော့သည်။ “ဘာပဲဖြစ်ဖြစ်ပါလေ၊ ဒါက ငါ့ဘက်က အလုပ်ပေးနိုင်ဆုံး အခြေအနေပဲ။ နင့်ကို ငါ့မှော်စွမ်းအားထောက်ပံ့ပေးမယ်၊ နင်ကတော့ ငါလိုအပ်တဲ့အချိန်တိုင်း ဘာမှစောဒကမတက်ဘဲ ငါ့ကိုအလုပ်အကျွေးပြုရမယ်၊ မဟုတ်ရင်တော့ နင့်ကိုထပ်ပြီး အဝေးပို့ပစ်မယ်။”
“မင်းတော့….” ကုနင်း၏ခြိမ်းခြောက်စကားကြောင့် နတ်ဆိုးကျောင်း ဒေါသထွက်နေပေမည့် ဒါက မကောင်းတဲ့အကြံတော့ မဟုတ်ဘူးလို့လဲ တွေးနေမိသည်။ သူ့အတွက် မှော်စွမ်းအားရှာရတာက အလွန်ခက်ခဲသလို ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲ နောက်တစ်ကြိမ်လဲ အထည့်မခံလိုပေ။
အချိန်တစ်ခုလောက် တုံ့ဆိုင်းနေပြီးနောက်မှာတော့ နတ်ဆိုးကျောင်း သဘောတူလိုက်တော့သည်။ “ကောင်းပြီ။ သဘောတူတယ်။”
“သစ္စမဖောက်နဲ့၊ ဒီတစ်ခုကိုတော့ မြဲမြဲမှတ်ထား။” ကုနင်း သတိပေးလိုက်သေးသည်။
“ငါသိပါတယ်၊ ငါက ငါ့စကားငါတည်တဲ့သူပဲ။” နတ်ဆိုးကျောင်းက ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
ကုနင်းကတော့ ပြုံးသာပြုံးလိုက်ပြီး ဘာမှမပြောတော့ပေ။
“ကောင်းပြီ။ အခုလောလောဆယ်တော့ နင့်ကိုငါ့ရဲ့စိတ်စွမ်းအင်အာကာပြင်ထဲ ခဏထည့်ထားဦးမယ်။ အထဲမှာက မှော်စွမ်းအားတွေအပြည့်ဘဲ ဒီတော့ နင်အလိုအလျောက်တောင် မှော်စွမ်းအားတွေ စုပ်ယူနိုင်နေမှာ။ ငါ့နေရာပြန်ရောက်ခါမှ နင့်အတွက် တခြားအစီအစဉ်တစ်ခုလုပ်ပေးတော့မယ်။”
စိတ်စွမ်းအင်အာကာပြင်ထဲတွင် နတ်ဆိုးကျောင်းက မှော်စွမ်းအားများ စုပ်ယူနိုင်ပေမည့် ၎င်း၏အတွင်းပိုင်းစည်းမျဉ်းများအတွက်တော့ အသုံးမပြုနိုင်ပေ၊ ၎င်းက အပြင်ဘက်ကမ္ဘာမှာသာ လုပ်လို့ရနိုင်တာဖြစ်သည်။
နတ်ဆိုးကျောင်းက ပင်လယ်ထဲမှာနေခဲ့တာကြောင့် ရေကိုလိုအပ်သည်။ ရေသာမရှိပါက ၎င်းမှာ အများဆုံးသုံးရက်လောက်သာ ရှင်သန်နိုင်ပေမည်။
ဒါကြောင့် ကုနင်းက ၎င်းကို နေ့အချိန်မှာ စိတ်စွမ်းအင်အာကာပြင်ထဲထားကာ ညအချိန်မှာတော့ ရေကူးကန်ထဲထားဖို့ စီစဉ်ထားသည်။
“ငါ့ကို အထဲပြန်သွင်းပြီးရင် ပြန်တော့ထုတ်ပေးမှာပါနော်?” နတ်ဆိုးကျောင်းက သတိထားကာ ပြန်မေးလိုက်သည်။
“နင့်ကို ငါ့ကိစ္စတွေခိုင်းဖို့လိုသေးတာပဲ၊ ဒီတော့ သေချာပေါက် ပြန်ထုတ်ပေးမှာပေါ့။” ကုနင်းရယ်ချင်စိတ်ကိုအောင့်ကာ ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ။” ဒီတော့မှ နတ်ဆိုးကျောင်းလဲ လက်ခံသွားတော့သည်။
ထို့နောက် ကုနင်းက ရှေ့သို့လျှောက်သွားကာ နတ်ဆိုးကျောင်း၏လက်သည်းကို ကိုင်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ နတ်ဆိုးကျောင်း ပြန်လည်ပျောက်ကွယ်သွားတော့သည်။
ဒီတစ်ခေါက်ကတော့ သရဲထီးအလှည့်ပင်။
သရဲထီးထွက်လာသည်နှင့် သူသည်လဲ ပြောင်းလဲသွားသည့်မြင်ကွင်းနှင့်ကုနင်း၏အဝတ်အစားများကြောင့် အံ့ဩသွားခဲ့သည်။ “ဘာဖြစ်သွားတာလဲ? ငါဘာလို့ဒီနေရာရောက်နေတာလဲ? မင်းကကော ဘယ်အချိန်အဝတ်သွားလဲလိုက်တာလဲ?”
“နင့်ကို တစ်နေရာမှာထည့်ပြီး ဒီခေါ်လာတာလေ။” ကုနင်း သရဲထီးကိုလဲ အတူတူပဲ ပြန်ဖြေလိုက်သည်။
“ဘာ? ငါ့ကိုတစ်နေရာရာမှာထည့်ခဲ့တာ?” သရဲထီးအလွန်အံ့အားသင့်သွားကာ ကြောက်လန့်တကြား နောက်သို့ပင် ဆုတ်မိသွားသည်။ ကုနင်း သူ့ကိုဖမ်းလိုက်သည့်အချိန်တုန်းက သူ့အသိစိတ်တွေလွတ်သွားကြောင်း မှတ်မိနေတုန်းပင်။
“မင်းဘယ်သူလဲ?” သရဲထီးကမေးလိုက်သည်။
သူကတော့ ကုနင်းကိုလုံးဝမယုံကြည်ပေ။
“ဒါအရေးမကြီးပါဘူး။ အခု နင့်ကို ရွေးချယ်စရာနှစ်ခုပေးမယ်။ ပထမက လုံးဝပျောက်ကွယ်သွားမလား၊ ဒုတိယကတော့ ငါ့ဆီအညံ့ခံမလား။”
သရဲထီးကြောင်အသွားတော့သည်။ ဒီမိန်းမငယ်လေးက ဒီလောက်အင်အားကြီးပြီး ခြိမ်းခြောက်နိုင်စွမ်းရှိမည်ဟု သူမယုံကြည်နိုင်ပေ။ တကယ်တော့ သူဒီကမ္ဘာမှာရှိနေခဲ့တာက ကွန်မန်ဒါဟူ၏ကျန်ရစ်ပစ္စည်းများကို ကာကွယ်ဖို့အတွက်သာဖြစ်သည်။ ဒါကြောင့် တခြားဘာကိုမှဂရုမစိုက်ပေ။
အိုး… ဟုတ်သားပဲ၊ ကွန်မန်ဒါဟူရဲ့ပိုင်ဆိုင်မှုတွေဘယ်ရောက်သွားလဲ?
ချက်ချင်းပင် သရဲထီးက ကုနင်းကိုစိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ “မင်း ကွန်မန်ဒါဟူရဲ့ပိုင်ဆိုင်မှုတွေကို ယူသွားပြီလား?”
“အွန်း၊ ယူသွားပြီလေ။ ဒါကမမှန်မှန်းသိပေမယ့် ပြန်သွားထားပေးမှာတော့ မဟုတ်ဘူး။ နှစ်ပဲရာကျော်နေပြီ။ ဘာလို့ အဲ့ဒါတွေကို စောင့်ရှောက်နေသေးတာလဲ? ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန် တစ်ယောက်ယောက်က လာယူသွားမှာပဲကို။ နင် ငါ့ကိုမုန်းရင်လဲ လက်စားချေလို့ရတယ်။ ဒါပေမယ့် နင်နိုင်မှာတော့ မဟုတ်ဘူးနော်။ နင့်ကို တစ်သက်လုံး အာကာပြင်ထဲမှာပိတ်လှောင်ထားပစ်လိုက်လို့ရသလို နင်မပျောက်ကွယ်မသွားမချင်း မီးလောင်တိုက်သွင်းပေးလိုက်လို့လဲရတယ်။” ကုနင်း ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည်။
ကုနင်း စနောက်နေခြင်းမဟုတ်မှန်း သရဲထီးကလဲ နားလည်ပေသည်။ ကွန်မန်ဒါဟူ၏ပိုင်ဆိုင်မှုများကို ကုနင်းယူသွားပြီဆိုမှတော့ သူလဲ ဒီကမ္ဘာပေါ်မှာ ဆက်ရှိနေစရာအကြောင်း မရှိတော့ပေ။ ဒါကြောင့် သူပျောက်ကွယ်သွားဖို့ကိုသာ ရွေးချယ်လိုက်တော့သည်။
“ကွန်မန်ဒါဟူရဲ့ပိုင်ဆိုင်မှုတွေကို ငါဆုံးရှုံးလိုက်ရတာအတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် တစ်ယောက်တည်းဆက်နေဖို့ထက် ပျောက်ကွယ်သွားဖို့ကိုပဲ ရွေးမယ်။” သရဲထီးက ထိုသို့ပြောပြီးသည်နှင့် ငြိမ်နေလိုက်သည်။ ပြန်လည်တိုက်နေလို့လဲ အကျိုးမရှိကြောင်းသူသိပေသည်။
သရဲထီး၏ကွန်မန်ဒါဟူအပေါ် သစ္စာရှိမှုကြောင့် ကုနင်းပင်အံ့ဩသွားရတော့သည်။
သရဲထီးမှာ အပြစ်ရှိစိတ်ပြင်းပြစွာခံစားနေရတာကြောင့် သူကိုယ်တိုင်မပျောက်ကွယ်သွားနိုင်ပေ။ ဒါကြောင့် ကုနင်းလဲ ၎င်းကို မီးတောက်ဖြင့်သာ လောင်ကျွမ်းအောင် လုပ်ပေးနိုင်တော့သည်။
“သေချာပြီလား? မီးလောင်တာက အရမ်းနာမှာနော်။” ကုနင်း အလေးအနက်ထားကာမေးလိုက်သည်။
“သိပါတယ်။ ငါမကြောက်ဘူး။” သရဲထီးကလဲ ဆုံးဖြတ်ချက်ပြတ်သားလို့နေသည်။
“ကောင်းပြီလေ။” ဒါက သရဲထီး၏ရွေးချယ်မှုဖြစ်နေမှတော့ ကုနင်းလက်ခံလိုက်တော့သည်။
နောက်တစ်စက္ကန့်မှာပဲ မီးမှုတ်ကိရိယာနှင့်ဂက်စ်ဘူးတစ်ခုက သူမလက်များထဲပေါ်လာခဲ့သည်။
ထိုမြင်ကွင်းကြောင့် သရဲထီးအလွန်အံ့ဩသွားပြန်သည်။ ဒါက မျက်လှည့်ပြပွဲနဲ့တူမနေဘူးလား။
သရဲထီးက လုံးဝမရွေ့ဘဲ ကုနင်း သူ့ခန္ဓာကိုယ်ပေါ် ဓါတ်ဆီလောင်းကာ မီးရှို့ခွင့်ပေးထားသည်။ သရဲထီး၏ မီးတောက်များကြားမှု အော်ဟစ်ညည်းညူသံတွေကတော့ လွန်စွာကြောက်မက်ဖွယ်ကောင်းလှပေသည်။
ကုနင်းက ဒါတော်တော်နားညည်းစရာကောင်းတာပဲဟု တွေးမိတာကလွဲလို့ တခြားခံစားချက်တော့မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ကျွန်းပေါ်မှာရှိနေသည့် အခြားလူများကတော့ လွန်စွာကြောက်လန့်နေကြတော့သည်။
သူတို့ ဒေါသတကြီးဟိန်းဟောက်သံများကြားနေရကာ မြေပြင်ကပင် တုန်ခါလို့လာသည်။ ဒါက မြေငလျင်တစ်ခုနှင့်ပင်တူနေကာ ကျွန်းကြီးရုတ်တရက်နစ်မြုပ်သွားမည်အား စိုးရိမ်လာမိကြတော့သည်။
ဒီကျွန်းက သိပ်မကြီးတာကြောင့် တစ်နေ့နေ့တစ်ချိန်ချိန် နစ်မြုပ်သွားနိုင်ချေက အရမ်းများလှသည်။
***
အခန်း ၉၁၈ ငရဲမှ
“ဘာဖြစ်သွားတာလဲ?”
“မသိဘူး၊ ကြောက်စရာကောင်းလိုက်တာ!”
“ငရဲကလာတဲ့အသံကြီးနဲ့တောင် တူတယ်။”
“ငါ့ကိုခြောက်မနေကြနဲ့၊ ဒီကမ္ဘာပေါ်မှာ ဘာငရဲမှမရှိဘူး။”
“ငရဲကလား ဘာလားတော့မသိဘူး၊ ဒါပေမယ့် မြေပြင်ကတော့ လှုပ်နေတယ်။ ငလျင်များလားပဲ?”
“ဘာ၊ ငလျင်? ဒီကျွန်းငယ်လေး မြုပ်သွားတော့မှာလား? ငါငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးဘူး!”
“ငါလဲမသေချင်ဘူး! တခြားလူတွေကရော သေချင်နေလို့လား?”
………..
မိနစ်၂၀ကြာပြီးနောက် သရဲထီး၏ရုန်းကန်နေမှုများရပ်တန့်သွားကာ အပြည့်အဝလောင်ကျွမ်းပြီးသွားတော့သည်။
ထို့နောက် ကုနင်းပြန်ထွက်လာခဲ့သည်။ ကုနင်း ရွက်လှေကိုထုတ်လိုက်ပြီး လမ်းကြောင်းထဲက ပိတ်ဆို့နေသည့်နေရာသို့ သွားလိုက်သည်။ ထိုနေရာသို့ရောက်ချိန်မှာတော့ ရွက်လှေကို စိတ်စွမ်းအင်အာကာပြင်ထဲပြန်ထည့်ကာ ရေထဲသို့ဒိုင်ဗင်ထိုးလိုက်ပြန်သည်။ လမ်းကြောင်းနေရာကို ကျော်ပြီး ကမ်းခြေဘက်ပြန်ရောက်လာခဲ့သည်။
ကုနင်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။ သူမအမြင်အာရုံထဲ လူတစ်ယောက်မှရှိမနေမှန်း သေချာကာမှ ရွက်လှေကိုပြန်ထုတ်ကာ ရွက်လွှင့်လာခဲ့သည်။
အစကတော့ ကျွန်းငယ်ပေါ်မှလူများမှာ သတိမထားမိခဲ့ကြဘဲ ရွက်လှေတော်တော်ဝေးဝေးကို ရောက်ချိန်မှာတော့ သတိထားမိသွားကာ စတင်အော်ဟစ်ကြတော့သည်။
သို့ပေမည့် သူတို့ဘယ်လောက်ပဲ အသံကွဲအောင်အော်နေပါစေ ပင်လယ်လေသံကြောင်း ကုနင်းကတော့ မကြားနိုင်ခဲ့ပေ။ တကယ်လို့များ သူမကြားနိုင်ခဲ့ရင်တောင်မှ သေချာပေါက် လျစ်လျူရှုထားမည်သာဖြစ်သည်။
ကုနင်း ဆိပ်ကမ်းနားပြန်ရောက်ခါနီးမှာတော့ “ထန်အိုက်နင်း”အဖြစ် ပြန်လည်ရုပ်ဖျက်ကာ လှေပြန်အပ်လိုက်သည်။
ရွက်လှေပြန်အပ်ပြီးနောက်မှာတော့ တက္ကစီတစ်စီးငှားကာ ကုန်းဟောင်ဟိုတယ်သို့ ပြန်လာခဲ့တော့သည်။
……..
အာဏာရှိသည့်လူများစွာ၏ထောက်ခံပေးမှုကြောင့် “အသည်းတထိတ်ထိတ်ရင်တဖိုဖို”ဇာတ်ကားမှာ အချိန်တိုအတွင်း ဆင်ဆာဖြတ်ကျော်သွားနိုင်ခဲ့သည်။
ဆင်ဆာစစ်ပေးရသည့်တာဝန်ရှိသူဆိုလျှင် ဇာတ်ကားကိုကြည့်ကာ အလွန်ကြောက်လန့်ခဲ့ရပေမည့် ဒီဇာတ်ကား အောင်မြင်မှုကြီးကြီးမားမားရမည်မှန်းလဲ ယုံကြည်ခဲ့သည်။
ဆင်ဆာဖြတ်ကျော်သွားသည်နှင့် လာမယ့်စနေနေ့မှာ ရုံတင်ပြသဖို့ သတ်မှတ်ခံလိုက်ရတော့သည်။
ဒီဇာတ်ကားကတော့ ရုံတင်ပြသခွင့်ရဖို့ အချိန်အတိုဆုံးသာယူသည့်ဇာတ်ကားပင်။
ထို့နောက် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်မှ ကြော်ငြာမှုများ တွင်တွင်ကျယ်ကျယ်လုပ်လာတော့သည်။ “အသည်းတထိတ်ထိတ်ရင်တဖိုဖို”က အင်တာနက်ပေါ်တွင် နာမည်ကြီးနေစဲဖြစ်တာကြောင့် လူများစွာကို ဆွဲဆောင်နိုင်နေတုန်းပင်။
လူအများစုက ဇာတ်ကားကိုစိတ်ဝင်စားတာအတွက်ကြောင့်ဖြစ်ပြီး ကျန်လူအချို့ကတော့ ကုနင်း ဒါမှမဟုတ် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းအကြောင်း သိချင်နေကြ၍ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် “အသည်းတထိတ်ထိတ်ရင်တဖိုဖို”ဇာတ်ကားက အခုချိန်မှာ အကျော်ကြားဆုံးဖြစ်နေကာ အဓိကဇာတ်ဆောင်များသည်လဲ အာရုံစိုက်ခံနေကြရသည်။
ချူးဖေ့ဟန်တို့ သူငယ်ချင်းတစ်စု၏မျက်နှာများသည်လဲ ဇာတ်ကားထဲတွင် ပါဝင်လာတာကြောင့် Fမြို့မှကျောင်းသားများစွာက သူတို့ကိုမှတ်မိကုန်ကြသည်။
ဇာတ်ကားထဲတွင် သူတို့သရုပ်ဆောင်သည့်နေရာက အရေးပါလှသည်မဟုတ်သော်လည်း မကြာခင်မှာပဲ သူတို့အားလုံး Fမြို့မှ အထက်တန်းကျောင်းများအားလုံးတွင် နာမည်ကြီးလာတော့သည်။
ကျောင်းတူသူငယ်ချင်းများဆိုလျှင်လဲ ကုနင်းနှင့် ဖုန့်ဟွာကြားပတ်သတ်မှုတစ်ခုခုရှိလား မေးမြန်းခဲ့ကြကာ သူတို့ကလဲ ကုနင်း၏ခွင့်ပြုချက်ဖြင့် အမှန်အတိုင်းပြန်ဖြေပေးခဲ့ကြသည်။
ဒါကြောင့် မကြာခင်အချိန်အတွင်းမှာပဲ တစ်စုံတစ်ယောက်က ထိုအကြောင်းကို အင်တာနက်ပေါ်တွင် သတင်းလွှင့်လိုက်ကာ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းကို ကုနင်းပိုင်သည်ဟု ပြောထားခဲ့သည်။
ထိုသတင်းထွက်သွားသည်နှင့် အချိန်တိုအတွင်း လူများစွာကြားထဲ ပျံ့နှံ့သွားကာ ကုနင်းသည်လဲ ချက်ချင်းဆိုသလို ဆိုရှယ်မီဒီယာပေါ်တွင် လူပြောအများဆုံးသတင်းတစ်ပုဒ်ဖြစ်လာပြန်သည်။
“အိုးမိုင်ဂေါ့ဒ်၊ မိန်းကလေးကုက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းရဲ့ ဘော့စ်ပေါ့။”
“ဘုရားရေ၊ သူအရမ်းတော်တာပဲ! JadeBeauty,Charmနဲ့ ဖုန့်ဟွာအထိတောင် ပိုင်တာပဲ!”
“အရမ်းကိုချမ်းသာလွန်းတယ်။”
“ငါကတော့ ဖုန့်ဟွာလဲ ကျော်ကြားလာတော့မယ်လို့ အာရုံရနေပြီ။”
“အခုလဲ ကျော်ကြားနေပြီးသားပါနော်။”
“ပြီးနောက် နောင်ဆက်ပြီးလဲ ပိုကျော်ကြားလာဦးမှာ။”
“တကယ်တော့ ကုနတ်ဘုရားမကြောင့် ငါသရုပ်ဆောင်မင်းသားလုပ်ချင်လာပြီ။ ဒါဆို သူငါနဲ့စာချုပ်ချုပ်ဖို့ မျှော်လင့်လို့ရတယ်။”
“အဲ့လောက်လွယ်မနေဘူး။”
“ကြိုးစားထား! မင်း ကုနတ်ဘုရားမနဲ့ စာချုပ်ချုပ်ချင်ရင် ကိုယ်နဲ့အဆင့်တူတွေထဲမှာမှ ပိုပြီးအများကြီးထူးချွန်နေမှရမှာ။”
“ငါ့အထင်တော့၊ ကုနတ်ဘုရားမက ရုပ်ရည်ထက် အရည်အချင်းနဲ့ စွမ်းဆောင်ရည်ကို ပိုတန်ဖိုးထားပုံပဲ။”
“ငါလဲ အဲ့လိုပဲထင်တယ်။”
…….
ကုနင်းက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ပိုင်ရှင်ဖြစ်သည်ဆိုသော သတင်းက အချိန်တိုအတွင်းမှာပဲ Weiboပေါ်တွင် လူပြောအများဆုံးခေါင်းစည်းဖြစ်လာခဲ့ပြန်သည်။
ကုနင်းက ဒီလူပြောအများဆုံးစာရင်းမှာ မကြာခဏပါဝင်လေ့ရှိသည့်ဧည့်သည်တစ်ယောက်လိုပင် ဖြစ်နေတော့သည်။ အခုဆိုလျှင် သူမနာမည်က စာရင်းတစ်ဝက်ကျော်လောက်တွင် ပါဝင်နေပေပြီ။
ဆယ်လီများစွာကတော့ သူမကိုထပ်ပြီးမနာလိုဖြစ်ကြရပြန်သည်။
……
မြို့တော် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏ ကုမ္ပဏီတွင်….
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းမှဝန်ထမ်းများမှာ သူတို့ကုမ္ပဏီအကြောင်း တစ်ချိန်လုံးအာရုံစိုက်နေခဲ့ကြသည်။ အခုချိန်မတိုင်ခင်အထိ သူတို့၏တကယ့်ဘော့စ်က ၁၈နှစ်အရွယ်မိန်းကလေးဖြစ်နေမည်ဟု မသိခဲ့ကြပေ။
သို့သော်လည်း ထိုမိန်းမငယ်လေးက သူတို့ဘော့စ်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဟု မတွေးကြပေ။ ဒီရက်ပိုင်းအတွင်း ကုနင်းက အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေခဲ့တာမဟုတ်လား။ ထို့အပြင် ဝန်ထမ်းအများစုက အရင်ကတည်းက ကုနင်း၏အောင်မြင်မှုများအကြောင်း ကြားသိထားကြကာ သူမ၏ပရိသတ်များပင်ဖြစ်နေကြသေးသည်။
ထို့ကြောင့် သူတို့ဘော့စ်က ကုနင်းမှန်းသိလိုက်ကြချိန်တွင် အလွန်ဂုဏ်ယူသွားကြကာ ပိုလို့တောင် အလုပ်ကြိုးစားလာကြသည်။
အခုချိန်ထိ ဖုန့်ဟွာတွင် စာချုပ်ချုပ်ထားသည့် အနုပညာရှင်ဟူ၍ စုထုံနျိုနှင့်ရှားယီချူးနှစ်ယောက်သာ ရှိသေးကာ သူတို့နှစ်ယောက်ကလဲ ဆက်ဆံရေးကောင်းကြသည်။
သူတို့လက်တွေ့အပြင်မှာ ပထမဆုံးအကြိမ် မတွေ့ဆုံကြခင်ကတည်းက အချင်းချင်းသတင်းများကြားဖူးထားကြကာ တစ်ယောက်ဘဝကိုတစ်ယောက် စာနာနေကြသည်။
ဒီညမှာတော့ သူတို့အတူတူညစာစားဖို့ ချိန်းဆိုထားခဲ့ပေမည့် ရုတ်တရက်ကြီး ရှားယီချူးက လုပ်စရာပေါ်လာခဲ့သည်။
ရှားယီချူး၏မောင်ဖြစ်သူ ရှားယီသုန့်က မကြာသေးခင်တုန်းက “ရည်စူး၍…”ဆိုသော အမည်ဖြင့် သီချင်းတစ်ပုဒ်ရေးခဲ့သည်။ ဒါကို ရှားယီချူးက နမူနာအသံသွင်းကာ အွန်လိုင်းပေါ်တင်ခဲ့ပြီးနောက် တီဗီဇာတ်လမ်းတွဲအသစ်၏ ဒါရိုက်တာတစ်ယောက်က တွေ့သွားကာ သဘောကျသွားခဲ့သည်။
***
အခန်း ၉၁၉ ထူးဆန်းသည့်ပုံရိပ်
ရှားယီသုန့်ရေးသည့် သီချင်းက တီဗီစီးရီးအတွက် အလွန်သင့်တော်နေတာကြောင့် တစ်ဖက်က ရှိုးတွင်ထည့်မည့်သီချင်းတစ်ပုဒ်အဖြစ်ဝယ်ယူလိုနေကြသည်။
ရှိုးပြနေတုန်းထည့်သည့်သီချင်းက အလွန်အရေးကြီးလှသည်မဟုတ်ပေမည့် တကယ်တမ်း အဖွင့်သီချင်း၊အပိတ်သီချင်းတို့ထက်ပင် ထိုသီချင်းက အကြိမ်ရေပိုဖွင့်တက်ပေသည်။
အခုခတ်မှာ လူများစွာက တီဗီရှိုးတွေကို အင်တာနက်ပေါ်ကနေတစ်ဆင့် အကြည့်များကြကာ ပုံမှန်ဆိုလျှင် အစပိုင်းကိုမကြည့်ဘဲ ရှိုးနေရာရောက်သည်အထိ ကျော်ပစ်တတ်ကြသည်။
တစ်ခါတစ်လေ အဖွင့်သီချင်း ဒါမှမဟုတ် အပိတ်သီချင်းကိုလဲ ရှိုးထဲမှာဖွင့်ပြသည့်သီချင်းအဖြစ် သုံးလေ့ရှိတာကြောင့် အောင်မြင်မှုရမလား မရလားဆိုတာက သီချင်း၏အရည်အသွေးပေါ်သာမတူတည်ပေသည်။
ရှားယီချူးက ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းနှင့် စာချုပ်ချုပ်ထားသူဖြစ်ကာ ရှားယီသုန့်ကတော့ သူ့အစ်ဖြစ်သူ၏အလုပ်အကိုင်ကို အလေးထားတာကြောင့် သီချင်းကို ဝယ်ယူချင်နေသည့် ဒါရိုက်တာအား ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်း၏သဘောတူညီချက်ကိုသာ တောင်းဖို့ရန်ပြောလိုက်သည်။ ဒီသီချင်းအတွက် အဆိုတော်ကတော့ ရှားယီချူးသာ ဖြစ်ရပေမည်။
ထို့နောက် ဒါရိုက်တာက သီချင်းအကြောင်း ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းဘက်နှင့် ဆွေးနွေးခဲ့သည်။
ဖုန့်ဟွာဖျော်ဖြေရေးဘက်ကလဲ ဒီအဆိုပြုချက်ကို ငြင်းပယ်စရာအကြောင်းမရှိတာကြောင့် ယနေ့မှာ သူတို့ချင်းတွေ့ဆုံကာ အသေးစိတ်အကြောင်းအရာများဆွေးနွေးကြတော့မည်ဖြစ်သည်။
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက သူတို့၏အနုပညာရှင်များကို ဖော်ပြမထားသည့် ဘေးဖြစ်စေသောစည်းမျဉ်းများထံမှ ကာကွယ်ပေးမည်ဖြစ်သော်လည်း တချို့တွေ့ဆုံပွဲတွေကိုတော့ လူလုံးထွက်ပြဖို့လိုအပ်နေတုန်းပင်။
ရှားယီချူးသည် အခုထိ ပွဲဦးထွက်မလုပ်ရသေးသောအဆိုတော်တစ်ယောက်ဖြစ်တာကြောင့် သူမအနေနှင့် သူမကိုအာရုံစိုက်ခံရနိုင်မည့် အခြေအနေတိုင်းအား အမိအရဖမ်းဆုပ်ထားရမည်ဖြစ်သည်။ သူမသာ ယခုတွေ့ဆုံပွဲကိုမသွားခဲ့ပါက သူမနှင့်ပူးပေါင်းလုပ်ကိုင်လိုသူများထံ မကောင်းသည့်အမြင်များရှိသွားစေလိမ့်မည်။
သူမဂုဏ်သတင်းတစ်ကြိမ်လောက်ပျက်စီးသွားသည်နှင့် သူမ၏အလုပ်အကိုင်ကလဲ လုံးဝပျက်စီးသွားပေလိမ့်မည်။
တကယ်တော့ ယနေ့တွေ့ဆုံပွဲတွင် ရှားယီချူးနှင့်သူမကိုယ်စားလှယ်တို့ရှိနေလျှင် လုံလောက်ပြီဖြစ်သော်လည်း လုရှောင်းကပါ သူမတို့နှင့်အတူသွားမည်ဟု ပြောလာတာကြောင့် အံ့ဩမိနေကြတော့သည်။
“မန်နေဂျာလု၊ ကျွန်မတို့နဲ့အတူလိုက်မလို့လား?” ရှားယီချူးမယုံနိုင်ဟန်ဖြင့်မေးလိုက်သည်။
လုရှောင်းကတော့ မျက်မှောင်ကြုတ်သွားကာ၊ “လိုက်လို့မရဘူးလား?”
“မဟုတ်တာ၊ ရတာပေါ့၊ ဒါပေမယ့်…..” ရှားယီချူး ချက်ချင်းအမြန်ပြန်ငြင်းလိုက်ရသည်။ ဒါက ကိစ္စကြီးတစ်ခုမဟုတ်သလို ကုမ္ပဏီ၏အထွေထွေမန်နေဂျာဖြစ်သည့် လုရှောင်းကိုယ်တိုင် လိုက်ပါဖို့လဲ မလိုအပ်ပေ။
လုရှောင်း အတူလိုက်ချင်တာက သူမကြောင့်ဖြစ်ကြောင်းကိုတော့ ရှားယီချူးမသိခဲ့ပေ။ လုရှောင်းသည် သူကိုယ်တိုင်တောင် မသိလိုက်ခင်မှာဘဲ ရှားယီချူးကို ချစ်မိသွားခဲ့တာဖြစ်သည်။
ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းမှာက အနုပညာလောကမှဖော်ပြမထားသော စည်းမျဉ်းများမရှိရင်တောင်မှ အလုပ်အပ်သူများဘက်က မသင့်တော်တာတစ်ခုခုလုပ်လာနိုင်တာကြောင့် ရှားယီချူးလုံခြုံရေးအတွက် လုရှောင်းစိုးရိမ်ခဲ့သည်။
ရှားယီချူး၏ကိုယ်စားလှယ်ကတော့ တစ်ခုခုသတိထားမိနေပေမည့် မသေချာသေးပေ။ ရှားယီချူး၏ကိုယ်စားလှယ်သည်လဲ လုရှောင်းကိုယ်တိုင်ခန့်အပ်ထားသည့် အမျိုးသမီးတစ်ယောက်ပင်ဖြစ်သည်။ သူက ရှားယီချူးနှင့်အလုပ်တွဲလုပ်ဖို့ အမျိုးသားတစ်ယောက်မစီစဉ်ပေးလိုခဲ့ခြင်းသာဖြစ်သည်။
……..
ကုနင်း ကုန်းဟောင်ဟိုတယ်သို့ ပြန်ရောက်လာချိန်တွင် ညနေ၅နာရီခွဲခါနီးနေပြီဖြစ်တာကြောင့် ချက်ချင်းပဲ သီးသန့်ခန်းတစ်ခန်းငှားထားလိုက်သည်။
ထို့နောက် လင်ရှောင်းထင်၊ ကောင်းယိနှင့်ချောင်ယတို့ကို ဖုန်းခေါ်ဖို့ တွေးလိုက်ပေမည့် သူမအခန်းမှာပြီးလို့ ပြန်လှည့်လိုက်ချိန်မှာပဲ ဟဲစစ်ရင်ကို တွေ့လိုက်သည်။
ဟဲစစ်ရင်က သူမသူငယ်ချင်းနှစ်ယောက်နှင့် ဟိုတယ်ထဲသို့ဝင်လာခြင်းဖြစ်ကာ ကုနင်းကိုလဲ သတိထားမိသွားခဲ့သည်။
ကုနင်း Mမြို့ကိုသွားပြီးသည်နှင့် Bမြို့ကိုလေယာဉ်ဖြင့်တန်းပြန်လိမ့်မည်ဟု ဟဲစစ်ရင်တွေးထားခဲ့တာကြောင့် အခုလိုမြင်လိုက်ရချိန်မှာ သူမအံ့ဩသွားရသည်။
“ဟေး၊ နင်Mမြို့ကနေ Bမြို့ကို တိုက်ရိုက်လေယာဉ်စီးသွားမယ်ထင်နေတာ။ HKမှာ လုပ်စရာတစ်ခုခုရှိနေသေးလို့လား?” ဟဲစစ်ရင်က ချက်ချင်းပင် ကုနင်းအနားသို့သွားလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမယ့် လုပ်ပြီးသွားပါပြီ။ မနက်ဖြန်မနက်ပဲ Bမြို့ကိုပြန်တော့မှာ။”
“ညနေစာစားပြီးသွားပြီလား? ငါတို့နဲ့အတူလိုက်စားပါလား?”
“မစားတော့ပါဘူး။ ငါ့သူငယ်ချင်းတွေနဲ့အတူစားဖို့ သီးသန့်ခန်းတစ်ခန်းမှာထားပြီးပြီ။”
ဟဲစစ်ရင်လဲ အတင်းမတိုက်တွန်းတော့ပေ။ “ဟုတ်ပါပြီ။ ဒါဆို ဒီညရော? နင်အားရင် ငါ့မိသားစုကလပ်မှာ ငါတို့နဲ့လိုက်စားပါလား။”
“ကျေးဇူးပါပဲ၊ ဒါပေမယ့် မနက်ဖြန်မနက်အစော လေယာဉ်စီးရဦးမှာဆိုတော့ ငါတို့ကောင်းကောင်းအနားယူဖို့လိုတယ်။” ကုနင်းထပ်ငြင်းလိုက်ပြန်သည်။
အဆုံးမှာတော့ ဟဲစစ်ရင်လဲ ကုနင်းကို ထပ်လာလည်ဖို့သာ ဖိတ်ကြားလိုက်ရတော့သည်။
“ဒါဆိုလဲ၊ နောက်နင်အားတဲ့အချိန် HKကိုလာခဲ့ဦးပေါ့။”
“လာခဲ့ပါ့မယ်။”
ထို့နောက် နှစ်ဦးသားလမ်းခွဲလိုက်ကြကာ ကုနင်းလဲ လင်ရှောင်းထင်၊ ကောင်းယိနှင့် ချောင်ယတို့ကို ညနေစာအတူစားဖို့ ဖုန်းဆက်ခေါ်လိုက်သည်။
ဟင်းပွဲများမှာယူပြီးနောက် လေယာဉ်လက်မှကြိုတင်မှာထားဖို့ရန် ချောင်ယကို သူမပြောလိုက်သည်။
သူမတို့ညနေစာစားပြီးတာတောင်မှ ည၇နာရီထိုးပြီးရုံသာရှိသေးတာကြောင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ကားလျှောက်စီးဖို့ အပြင်ထွက်လာခဲ့ကြသည်။
ကုနင်းက ကမ်းခြေမှာလမ်းလျှောက်ချင်နေတာကြောင့် လင်ရှောင်းထင်လဲ ဟိုတယ်မှကားတစ်စီးငှားကာ ပင်လယ်ကမ်းစပ်ဖက်ဖို့ကို ထွက်လာခဲ့သည်။
မြို့လယ်ခေါင်နှင့်နီးသည့်ကမ်းခြေမှာက လူများလွန်းတာကြောင့် ကုနင်းတို့လဲ လူအုပ်ကြီးနှင့်အလှမ်းဝေးသည့်ဘက်ကို ဆက်ထွက်ခဲ့ကြသည်။ ကမ်းရိုးတန်းတစ်လျှောက်သာ သူတို့လမ်းလျှောက်မည်ဆိုလျှင် ပိုလို့တိတ်ဆိတ်ပေလိမ့်မည်။
လင်ရှောင်းထင်လဲ လမ်းဘေးတွင်ကားကိုထိုးရပ်လိုက်ကာ ကုနင်း၏လက်ကို ဆုပ်ကိုင်ရင်း ကမ်းခြေတစ်လျှောက် လမ်းလျှောက်လာခဲ့သည်။
“ရှောင်းထင်၊ ကျွန်မတစ်ခုမေးလို့ရမလား?” ကုနင်း စကားစလိုက်သည်။
ကုနင်း၏အလေးအနက်ထားသံကြောင့် လင်ရှောင်းထင် စိတ်လှုပ်ရှားလာခဲ့သည်။ “ရတာပေါ့။ မေးလေ။”
“အွန်၊ ကျွန်မမှာ အခုဆို ရှေးဟောင်းပစ္စည်းအစစ်တွေအများကြီးရှိနေပြီလေ၊ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်ဖွင့်ပြီး ရောင်းနေလို့ကတော့ အမြတ်အများကြီးရမှာမဟုတ်ဘူးလို့ ထင်မိတယ်၊ ဒါကြောင့် ကိုယ်ပိုင်ပြတိုက်တစ်ခုဖွင့်ဖို့ ရည်ရွယ်ထားတယ်။ ဒီလိုဆို တပြိုင်တည်းလက်မှတ်ရောင်းလို့ရသလို ရှေးဟောင်းပစ္စည်းအစစ်လဲ ရောင်းလို့ရမယ်လေ။ ဒါပေမယ့် ရှင်သိတဲ့အတိုင်းပဲ ကျွန်မရထားတဲ့ ရှေးဟောင်းပစ္စည်းအစစ်တွေက ဂူဖောက်ပြီးရတာတွေလေ။ ဥပဒေနဲ့မညီတာက ပြဿနာကြီးပဲ၊ ဒါကြောင့် ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းလေးများရှိလား?”
“ဒါကလွယ်ပါတယ်။” လင်ရှောင်းထင်က ချက်ချင်းပင်ပြန်ဖြေလာခဲ့သည်။ “ကိုယ်တို့ တာဝန်ရှိသူတွေဘက်ကို အမှန်အတိုင်းပြောဖို့မလိုအပ်ဘူး။ ကိုယ်တို့ဘက်က စေတနာကိုပြတဲ့အနေနဲ့ နိုင်ငံပြတိုက်ဘက်ကို ပစ္စည်းတချို့တလေလှူပေးလိုက်လို့ရတယ်။ ဒီလိုဆို အစိုးရဘက်က ခွင့်ပြုမိန့်ပေးလိမ့်မယ်လို့ထင်တယ်။”
ထိုစကားကိုနားထောင်ပြီးနောက် ကုနင်းခေါင်းညိတ်လိုက်သည်။ “ဒါဆို ကျွန်မကိုကူညီပေးပါလား။”
“ကူပေးမှာပေါ့။” လင်ရှောင်းထင်လောက် ကုနင်းကိုကူညီပေးချင်လွန်းနေမည့်သူ မရှိလောက်တော့ပေ။
ကုနင်းနှင့်လင်ရှောင်းထင်တို့ တော်တော်ဝေးဝေးကို လျှောက်လာခဲ့ပြီးနောက် လမ်းမီးတွေကလဲ မရှိတော့တာကြောင့် ပိုမှောင်မဲလာသည်။
သူမတို့ပြန်တော့မည့်အချိန်မှာပဲ ထူးဆန်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့သည်။
အနက်ရောင်ပုံရိပ်တစ်ခုက သစ်တောအုပ်အနီးမှာ ဖြတ်ခနဲပြေးသွားခဲ့သည်။ သူ့အရှိန်က သာမာန်လူတွေလုပ်နိုင်လောက်သည့်အရှိန်မျိုးမဟုတ်ပေ။ ဒါကထူးဆန်းရုံတင်မကဘူး ကြက်သီးထစရာလဲကောင်းလှသည်။
ရုတ်တရက်ဆိုသလို ကုနင်းကြိုတင်မှန်းချက်တစ်ခုရလိုက်တာကြောင့် လင်ရှောင်းထင်ကို သူမနှင့်အတူလိုက်ခဲ့ဖို့ရန်ပြောလိုက်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့၏ပြေးနှုန်းမှာ သာမာန်လူများထက် အဆများစွာပိုမြန်ကြပေမည့် အနက်ရောင်ပုံရိပ်ထက်တော့ နှေးနေကြတုန်းပင်။ စက္ကန့်ပိုင်းအတွင်းမှာပဲ သူမတို့နှင့်အနက်ရောင်ပုံရိပ်ကြားက အကွာအဝေးက ပိုလို့ဝေးကွာလာကြသည်။
***
အခန်း ၉၂၀ နတ်ဆိုးကျင့်ကြံရေး
လင်ရှောင်းထင်က သူမဘေးမှာပါနေတာကြောင့် ကုနင်း သူမမှော်စွမ်းအားကိုသုံးကာ ပြေးနှုန်းကို မြှင့်လိုက်လို့မရပေ။
ဒါကြောင့် အနက်ရောက်ပုံရိပ်နောက် လိုက်နေရင်း သူမကျောက်စိမ်းမျက်ဝန်းကိုသုံးကာ ကြည့်လိုက်ချိန်တွင် ထိုအနက်ရောင်ပုံရိပ်တွင် ယင်စွမ်းအင်များဖုံးလွှမ်းနေတာကြောင့် အံ့ဩသွားရတော့သည်။
ဘာတွေဖြစ်ကုန်တာလဲ?
ဒါက ယင်စွမ်းအင်သက်ရောက်ခံရလို့ ဘေးတွေ့နေသည့်လူတစ်ယောက်နှင့်လဲ မတူပေ။ ယင်စွမ်းအင်သက်ရောက်ခံရသူဆိုလျှင် အားအင်ကုန်ခမ်းနေပေလိမ့်မည်။ ဒီလူကတော့ လုံးဝပြောင်းပြန်ပင်။ ယင်စွမ်းအင်က သူ့အတွက် ခွန်အားလိုတောင် ဖြစ်နေသေးသည်။ ဒါပေမယ့် သူက လူသားတစ်ယောက်ပဲလေ။
ဒီလိုထူးဆန်းတဲ့အရာနှင့် ကုနင်းပထမဆုံးအကြိမ်တွေ့ရတာကြောင့် အကြောင်းအရင်းကို မဖော်ထုတ်နိုင်ခဲ့ပေ။
ထိုလူ၏ပုခုံးပေါ်တွင်တော့ နောက်ထပ်လူတစ်ယောက်ရှိနေကာ ထိုလူ၏မျက်နှာကို မြင်ပြီး ကုနင်းထိတ်လန့်သွားတော့သည်။
ထိုလူ၏မျက်နှာတစ်ပြင်လုံးက ဖြူဖွေးနေကာ မျက်လုံးတွေကလဲ ပြူးထွက်နေပြီး အလွန်ကြောက်စရာကောင်းလှသည်။ ထိုလူသေခန္ဓာကိုယ်က မိန်းမငယ်လေးတစ်ယောက်၏ခန္ဓာကိုယ်ပင်။
အနက်ရောင်ပုံရိပ်က သူ့နောက်ကို ကုနင်းနှင့်လင်ရှောင်းထင်တို့ လိုက်နေကြောင်း သတိထားမိသွားတာကြောင့် လူသေကောင်မလေးကို ပစ်ချခဲ့ကာ ပြေးနှုန်းကိုမြှင့်လိုက်ပြီး ထွက်ပြေးတော့သည်။
ထွက်ပြေးသည်ကို မြင်ပြီးနောက်မှာတော့ ကုနင်းလဲ သူတို့မဖမ်းနိုင်တော့ကြောင်းသိ၍ လက်လျှောက်လိုက်ကာ သေနေတဲ့ကောင်မလေး၏အခြေအနေကို ကြည့်ဖို့သာ သွားကြတော့သည်။ ဒါက ရိုးရိုးတန်းတန်းသေဆုံးမှုမျိုးမဖြစ်နိုင်ပေ။
လင်ရှောင်းထင်သည်လဲ လူသေကောင်မလေး၏မျက်နှာကိုမြင်လိုက်ရသည်နှင့် အနည်းငယ်ကြောက်လန့်သွားမိသည်။ ဒီလောက်ကြောက်စရာကောင်းလှသည့်မျက်နှာမျိုး သူတစ်ခါမှမတွေ့ကြုံခဲ့ဖူးပေ။
ထိုလူသေကောင်မလေး၏ခန္ဓာကိုယ်တွင်လဲ ယင်စွမ်းအင်ရှိနေကြောင်း ကုနင်းသတိပြုမိလိုက်သည်။ အနက်ရောင်ပုံရိပ်နှင့်မတူစွာဘဲ ကောင်မလေးကတော့ ထိုယင်စွမ်းအင်ကြောင့် သေဆုံးသွားခြင်းဖြစ်သည်။
အချိန်တစ်ခုအထိ လေ့လာစမ်းစစ်ပြီးနောက်မှာတော့ ကောင်မလေး၏လည်ပင်တစ်ဝိုက်တွင် ကိုက်ရာများ၊ ပြတ်တောက်နေသည့်သွေးကြောများရှိနေသည်ကို ကုနင်းရှာတွေ့သွားခဲ့သည်။ ချက်ချင်းဆိုသလို သွေးစုပ်သည်ဟူသည့် စကားလုံးက သူမစိတ်ထဲပေါ်လာမိတော့သည်။
သွေးစုပ်တယ်လား? မဟုတ်မှ သူက ဗန်ပိုင်းယား(သွေးစုပ်ဖုတ်ကောင်)လား?
ဇွန်ဘီတွေ၊ သရဲတွေတင်မကဘဲ နတ်ဆိုးကျောင်းကိုတောင် မျက်မြင်တွေ့ပြီးနောက်မှာတော့ ဗန်ပိုင်းယားတစ်ကောင်နှင့်ပါ တွေ့ရလို့လဲ ကုနင်းအံ့ဩမိတော့မည်မဟုတ်ပေ။ ဒါပေမယ့်လဲ ချက်ချင်းကြီးကတော့ ဗန်ပိုင်းယားပါလို့ သက်သေပြစရာမရှိပေ။
နောက်ထပ် အချက်အလက်များများပိုသိရအောင် ကုနင်း ဖုန်းကိုထုတ်ကာ အင်တာနက်ပေါ်မှ ရှာဖွေတော့သည်။ အင်တာနက်ပေါ်ကနေဆိုလျှင်တော့ အသုံးဝင်မယ့်သတင်းနည်းနည်းပါးပါး ရနိုင်လောက်ပေသည်။
ကုနင်း လုပ်နေသည့်ကိစ္စများကိုကြည့်ကာ လင်ရှောင်းထင်ကတော့ နားမလည်နိုင်ဖြစ်နေပေမည့် ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။
ကုနင်း ဗန်ပိုင်းယားအကြောင်း သတင်းအပိုင်းအစများစွာကို ဖြတ်ပြီး နတ်ဆိုးကျင့်ကြံရေးအကြောင်းကိုပါ သိလိုက်ရသည်။
နတ်ဆိုးကျင့်ကြံရေးကို ဝင်ရောက်ထားသူများသည် အပျိုစင်များ၏သွေးကိုစုပ်ကာ သူတို့၏အတွင်းစည်းကို ကျင့်ကြံကြသူများဖြစ်သည်။ နစ်နာသူက သူမသွေးတွေအားလုံးကို စုပ်ယူခံလိုက်ရသည်နှင့် သူမအသားအရေက လုံးဝဖြူစွပ်သွားပေလိမ့်မည်။
ဒီသေဆုံးသွားတဲ့ကောင်မလေးက ၁၇နှစ်လောက်ပဲရှိသေးတာကြောင့် အပျိုစင်ဖြစ်ဖို့များသည်။ ဒါကြောင့် အနက်ရောင်ပုံရိပ်က နတ်ဆိုးလေ့ကျင့်ရေးမှ အဖွဲ့ဝင်တစ်ဦးဖြစ်မည်ဟု ကုနင်းတွေးလိုက်မိသည်။
ဒီထိတ်လန့်စရာအမှန်တရားက ကုနင်းအဖို့ အတိုချုပ်ရှင်းပြဖို့ရန် ခက်ခဲလှသည်။
“ဘာတွေရလဲ?” လင်ရှောင်းထင်မေးလိုက်သည်။
“ဒီအကြောင်း နောက်မှပြောကြတာပေါ့၊ ဒါက အရမ်းထူးဆန်းပြီး ကြက်သီးထဖို့ကောင်းတယ်။ ကျွန်မတို့ဝင်မပါတာပိုကောင်းမယ်။”
လင်ရှောင်းထင်သည်လဲ ဒီမှုခင်းက သာမာန်မဟုတ်ကြောင်း ခံစားမိပေမည့် အကြောင်းအရင်းကိုတော့ မသိပေ။
သူတို့နှစ်ဦး ခပ်ဝေးဝေးကိုပြန်လျှောက်လာပြီးနောက်မှာတော့ ကုနင်းက လင်ရှောင်းထင်ကို တည်ကြည်လေးနက်စွာမေးလိုက်သည်။ “ရှောင်းထင်၊ ရှင် ဇွန်ဘီတွေကို ကိုယ်တွေ့မမြင်ခင်တုန်းက သရဲတွေ၊ မကောင်းဆိုးဝါးတွေ ရှိတယ်ဆိုတာ ယုံခဲ့ဖူးလား?”
“မယုံခဲ့ဘူး။”
လင်ရှောင်းထင်က အလွန်ဉာဏ်ကောင်းသူဖြစ်ကာ ကုနင်းဒီအကြောင်းတွေ သူ့ကိုလာပြောမှတော့ ဒီအမှုကလဲ ထိုနတ်ဆိုးဆန်သည့်အရာများနှင့် ပတ်သတ်မှုရှိနေလောက်မှန်း ခန့်မှန်းမိသွားသည်။
“ပုံမှန်ဆိုရင် သရဲတွေ မကောင်းဆိုးဝါးတွေဆိုတာ ပုံပြင်တွေ ဇာတ်လမ်းတွေမှာပဲ ပေါ်လာတတ်တာလေ။ ဒါပေမယ့် အခုတော့ ကျွန်မတို့လက်တွေ့ဘဝမှာပါ တွေ့မြင်လာရပြီ။ ဒါကြောင့် ဒီကမ္ဘာကြီးမှာ ထူးခြားတာတစ်ခုခုဖြစ်လာတော့မယ်လို့ ကျွန်မခံစားနေရတယ်။”
သူမပြန်လည်မွေးဖွားလာပြီးကတည်းက ဇွန်ဘီ၊ သရဲနှင့်နတ်ဆိုးကျောင်းတို့ကို ကြုံတွေ့ခဲ့ကာ အခုလဲ နတ်ဆိုးလေ့ကျင့်ရေးအဖွဲ့ဝင်တစ်ဦးနှင့် တွေ့ရပြန်ပြီ။
နတ်ဆိုးလေ့ကျင့်ရေးမှာ အဖွဲ့ဝင်တစ်ယောက်မကရှိနိုင်ကာ သူတို့လဲ သူတို့ကိုယ်ပိုင်လှုပ်ရှားမှုများ ရှိထားလောက်သည်။
ကုနင်းကတေ့ သူမပြန်လည်မွေးဖွားလာမှုကြောင့် လိပ်ပြာသက်ရောက်မှု(အခြေအနေတစ်ခု၏အနည်းငယ်ပြောင်းလဲမှုသည် နောက်ပိုင်းကြီးစွာသော အပြောင်းအလဲများဖြစ်ပေါ်စေမည့် ကနဦးအစပြုအခြေအနေတစ်ခု) ဖြစ်လာတာဟု တွေးနေမိသည်။
လင်ရှောင်းထင်ကတော့ စိုးရိမ်စိတ်ဖြင့် ကုနင်း၏လက်ကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားမိတော့သည်။ ကုနင်းတွင် တမူထူးခြားသည့်သိစတ်ရှိကြောင်း သူသေချာသိနေသည်။ ဒါကြောင့် ဒီပြဿနာထဲ ကုနင်းရောပါသွားမည်ကို သူစိုးရိမ်သွားမိသည်။
“ကျွန်မအခုပဲ အင်တာနက်ပေါ်ကနေရှာလိုက်တာ၊ ဒါက နတ်ဆိုးလေ့ကျင့်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ယောက်ရဲ့လက်ချက်ဖြစ်နိုင်ချေများတယ်။ နတ်ဆိုးလေ့ကျင့်ရေးအဖွဲ့ဝင်တွေက သူတို့ရဲ့အတွင်းစည်းကိုကျင့်ကြံဖို့ အပျိုစင်သွေးကို သောက်သုံးကြတယ်တဲ့။ ဒီသေသွားတဲ့ကောင်မလေးကလဲ အရမ်းငယ်တယ်၊ ၁၇နှစ်လောက်ပဲ ရှိဦးမယ်။”
ထိုစကားကြောင့် လင်ရှောင်းထင်ပင် ထိတ်လန့်သွားသည်။
“နတ်ဆိုးလေ့ကျင့်ရေးဆိုတာကို မင်းယုံနေတာလား?”
“ကျွန်မလဲ သေချာမတွေးတတ်တော့ဘူး။” ကုနင်း သူမသရဲတွေနဲ့နတ်ဆိုးကျောင်းကို တွေ့ဆုံခဲ့သည့်အကြောင်း လင်ရှောင်းထင်အားပြောပြလိုက်ဖို့ တုံ့ဆိုင်းနေမိသည်။
“စိတ်မပူပါနဲ့၊ ကိုယ်မင်းကိုကာကွယ်ပေးမှာပါ။” လင်ရှောင်းထင်က ကုနင်းကို နှစ်သိမ့်ပေးလိုက်သည်။
နောက်တစ်နေ့မနက်မှာတော့ မနက်၇နာရီမှာပဲ လေဆိပ်သို့သွားဖို့ရန် ကုနင်းတို့အဖွဲ့ဟိုတယ်မှထွက်လာကြပေမည့် ရဲ၄ဦး၏တားမြစ်ခြင်းကိုခံလိုက်ရသည်။
သူတို့ဘာအမှားလုပ်ခဲ့မိလဲ သူတို့ကိုယ်တိုင်တောင် မသိပေ။
“မင်္ဂလာနံနက်ခင်းပါ၊ ကျွန်တော်တို့က မြို့နယ်ရဲစခန်းကနေလာကြတာပါ။” ဦးဆောင်လာသည့်လူငယ်ရဲအရာရှိက သူ့ရဲ့အမှတ်တံဆိပ်ကိုပြကာ ပြောလိုက်သည်။ “ကျွန်တော်တို့ မနေ့ညကပဲ ကမ်းခြေနားကသစ်တောထဲမှာ မိန်းကလေးအလောင်းတစ်လောင်းတွေ့ခဲ့တယ်။ ဒါနဲ့ လုံခြုံရေးကင်မရာတွေကို စစ်ကြည့်လိုက်ကြသည်။ ခင်ဗျားတို့နှစ်ယောက်ပဲ အဲ့ဒီနေရာမှာရှိနေကြတာ၊ ဒါကြောင့် စုံစမ်းမေးမြန်းဖို့အတွက် ရဲစခန်းကိုလိုက်ခဲ့ပေးကြပါ။”
ထိုရဲသားက အလွန်ယဉ်ကျေးလှသည်။
ထိုအချိန်မှာပဲ ရဲမေတစ်ယောက်က ထွက်လာကာ၊ “ရဲသားကျောင်း၊ အချိန်ဖြုန်းမနေပါနဲ့။ မနေ့ညက သူတို့နှစ်ယောက်ပဲရှိနေတယ်ဆိုမှတော့ သူတို့ပဲ လူသတ်သမားတွေဖြစ်မှာ။ သူတို့ထွက်မပြေးခင် ချက်ချင်းဖမ်းလိုက်သင့်တယ်။”