အခန်း (၉၂၆-၉၃၀)
Vol. 62 Ch. 926-930
အခန်း ၉၂၆ စိတ်ရောဂါရှင်
“ဆေးရုံသွားဖို့တော့ မလိုတော့ဘူး။ ကျွန်မပေးတဲ့ဆေးနဲ့တင် ပြန်ကောင်းလာဖို့လုံလောက်ပြီ။”
“ကျေးဇူးပါ!” ကုနင်းပြောသည့်စကားကို ထန်ရှောင်ရှောင်က တန်းယုံပေးလိုက်သည်။
ထို့နောက် ကုနင်းထွက်သွားခဲ့ကာ လင်းလုလဲ ထန်ရှောင်ရှောင်၏ဒဏ်ရာကို ပတ်တီးစည်းပေးဖို့လုပ်တော့သည်။
လောင်ကျွမ်းခဲ့သည့်ဒဏ်ရာအား နောက်တစ်ကြိမ်မြင်လိုက်ရချိန်မှာတော့ အလွန်အံ့ဩသွားခဲ့သည်။ မိနစ်ပိုင်းလေးအတွင်းမှာပဲ လောင်ကျွမ်းဒဏ်ရာက အများကြီးသက်သာသွားတာပါလား!
“ဝိုး၊” ထန်ရှောင်ရှောင်လဲ တော်တော်အံ့ဩသွားကာ မယုံနိုင်စွာကြည့်နေမိသည်။
“ဟုတ်သား၊ ငါလဲ အစောက နင့်ကိုဖမ်းလိုက်တဲ့အချိန် လက်ဖမိုးကိုထိသွားသေးတယ်။ မိန်းကလေးကုရဲ့ဆေးကိုသုံးလိုက်တာနဲ့ မြန်မြန်ဆန်ဆန်ပဲ ပျောက်သွားခဲ့တာ။” လင်းလုက ပြောရင်းဖြင့် သူမလက်ကို ထုတ်ပြလိုက်သည်။
“ဘုရားရေ၊ အမာရွတ်က ပိုတောင်မှိန်သွားသေးတာပဲ! အံ့ဩဖို့ကောင်းလိုက်တာ။ ဒီဆေးနဲ့ဆိုရင် ဒီအမာရွတ်ကို လုံးဝမကျန်အောင်တောင် ပျောက်သွားစေနိုင်မယ်လို့ ယုံသွားပြီ။”
လင်းလု၏ဒဏ်ရာက အပေါ်ယံသာဖြစ်တာကြောင့် အချိန်တိုအတွင်း ပြန်ကောင်းသွားတာဖြစ်သည်။
“ဒီလိုသာဆို ငါ့ကိုယ်ပေါ်က ဒဏ်ရာလဲ ပျောက်နိုင်တာပေါ့!” ထန်ရှောင်ရှောင် စိတ်လှုပ်ရှားသွားသည်။ ကံကောင်းစွာဖြင့် သူမမျက်နှာကို မထိသွားလို့ပေါ့ မဟုတ်လို့ကတော့ သူမအတွက် ဆုံးရှုံးနစ်နာမှုကြီးပင်။
“မိန်းကလေးကုက ဆေးရုံသွားဖို့မလိုဘူးလို့ ပြောနေမှတော့ ဒီဆေးနဲ့တင် နင့်ကိုလုံးဝပျောက်ကင်းသွားအောင် ကုပေးနိုင်လောက်တယ်။”
ထို့နောက် လင်းလုက ထန်ရှောင်ရှောင် စာချုပ်ဖျက်သိမ်းတော့မည့်အကြောင်းပြောရန် ကုမ္ပဏီကို ဖုန်းခေါ်လိုက်သည်။
ထန်ရှောင်ရှောင် အလုပ်လုပ်သည့်ကုမ္ပဏီက Bမြို့မှာတည်ရှိတာမဟုတ်ပေမယ့် မတော်တဆမှုဖြစ်ပြီးချိန်မှာ ထန်ရှောင်ရှောင်ကို အလုပ်ဖြုတ်ပစ်ဖို့ ဆက်ပြီးမစောင့်နိုင်တော့ဟန်ဖြင့် မကြာခင်မှာပဲ လူတစ်ယောက်ပို့ပေးလာခဲ့သည်။
………
ကုနင်း သူမအဖွဲ့နှင့်အတူ နေ့လည်စာစားမည့် သီးသန့်ခန်းထဲသို့ဝင်လာချိန်တွင် ချောင်ယကလဲ အက်ဆစ်လောင်းခဲ့သည့် အမျိုးသမီးကို ဖမ်းမိထားပြီးပြီဖြစ်သည်။
“လေဒီနင်း၊ သူ့မှာ စိတ်ရောဂါရှိနေတယ်။” ကုနင်းအခန်းထဲသို့ဝင်ဝင်ခြင်း ချောင်ယကပြောပြလိုက်သည်။
ကုနင်းမလာခင်က ဒီအမျိုးသမီးကို ချောင်ယမေးခွန်းများမေးခဲ့ကာ ဒီအမျိုးသမီးစိတ်မမှန်ကြောင်း သိခဲ့ရသည်။
“စိတ်ရောဂါရှိနေတာလား?” ကုနင်း မျက်မှောင်ကြုတ်သွားတော့သည်။ ဥပဒေအရဆိုလျှင် ရူးနေတဲ့မိန်းမတစ်ယောက်ကို သူမလုပ်ရပ်အတွက် များစွာတာဝန်ယူခိုင်းနိုင်မည်မဟုတ်ပေ။
သူမက ထန်ရှောင်ရှောင်နှင့် စာချုပ်ချုပ်တော့မည့်သူဖြစ်တာကြောင့် ဆာလ်ဖျူရစ်အက်ဆစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုကို ပြန်လည်လက်စားချေဖို့လိုသည်ဟု ခံစားမိသည်။
“သူ့ခင်ပွန်းက မယားငယ်တစ်ယောက်အတွက် သူ့ကိုစွန့်ပစ်သွားတာကြောင့် ‘မယားငယ်’ဆိုတဲ့ စကားမျိုးကြားရင် သည်းမခံနိုင်ဘူးလို့ပြောတာကနေ သိလိုက်…”
ချောင်ယစကားမဆုံးခင်မှာပင် အမျိုးသမီးက တဖန်ရူးသွပ်လာပြန်သည်။ “မြေခွေးမ! ငါ့ယောက်ျားကိုများ ခိုးရဲတယ်! နင့်ကိုသတ်ပစ်မယ်။ သတ်ပစ်မယ်!”
ထိုစကားကြောင့် လင်ရှောင်းထင်တစ်ယောက် ဒေါသထွက်သွားကာ အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ ဒီအမျိုးသမီးမှာ စိတ်ရောဂါရှိနေတယ်ဆိုရင်တောင်မှ လင်ရှောင်းထင်၏အကြည့်မှဖိအားကိုခံစားမိသေးကာ ချက်ချင်းပင် အသံတိတ်သွားတော့သည်။
လင်ရှောင်းထင်အနေနှင့် ကုနင်းကို တခြားသူများဆဲဆိုမည်ကို ခွင့်ပြုထားမည်မဟုတ်ပေ။ ဒီအမျိုးသမီးမှာ စိတ်ရောဂါရှိနေတယ်ဆိုရင်တောင်မှ ကုနင်းလို အပြစ်မရှိတဲ့လူကိုတော့ မဆဲဆိုသင့်ပေ။
“သူ့စိတ်ကို ပုံမှန်ပြန်ဖြစ်အောင် ငါလုပ်နိုင်တာပဲ။” ကုနင်း နှာခေါင်းရှုံ့လိုက်ကာ ထိုအမျိုးသမီး၏ပါးစပ်ထဲ စိတ်စွမ်းအင်သလင်းကျောက်တစ်လုံး ထိုးထည့်ပေးလိုက်သည်။
ဆေးတစ်လုံးတည်းနဲ့တော့ အကူအညီမရတာကြောင့် ကုနင်းက ထိုအမျိုးသမီး၏ပုခုံးကိုဖမ်းချုပ်ကာ မှော်စွမ်းအားများပါ ထည့်သွင်းပေးလိုက်သည်။
ထိုအမျိုးသမီးမှာ တော်တော်လေးသနားဖို့ကောင်းပေမည့် သူမလုပ်ရပ်ကို အလွယ်တကူရှောင်လွှဲလို့ရနိုင်မယ်လို့တော့ မဆိုလိုပေ။
မှော်စွမ်းအင်များ ထိုအမျိုးသမီး၏ကိုယ်ထဲရောက်သွားသည်နှင့် သူမ၏အရမ်းမဆိုးရွားသေးသော စိတ်အခြေအနေကို ကုသပေးနေကာ မိနစ်ပိုင်းအတွင်းမှာပဲ ပုံမှန်စိတ်ပြန်ဖြစ်သွားတော့သည်။
အခုကစပြီး ဒီအမျိုးသမီးမှာ စိတ်ရောဂါရှိခဲ့ဖူးတာတောင် ဘယ်သူမှသိနိုင်တော့မည်မဟုတ်ပေ။
“နင်ဘာတွေလုပ်လိုက်တာလဲ?” အမျိုးသမီးမှာ ပုံမှန်စိတ်ပြန်ဖြစ်သွားသည်နှင့် ကုနင်းကိုကြောက်လန့်တကြားကြည့်လိုက်သည်။ သူမလုပ်ခဲ့သမျှကို မှတ်မိနေသေးတာကြောင့် ကုနင်း သူမကိုဖမ်းထားသည်အား မြင်ရချိန်တွင် ထိတ်လန့်နေခဲ့သည်။
“ပြောပါဦး ထန်ရှောင်ရှောင်ကို ဆာလ်ဖျူရစ်အက်ဆစ်နဲ့ပတ်ဖို့ ရှင့်ကိုဘယ်သူခိုင်းလိုက်တာလဲ?” ကုနင်း ထိုအမျိုးသမီးကို စိုက်ကြည့်ကာ စစ်ဆေးမေးမြန်းတော့သည်။
ဒီကိစ္စမှာ သခင်ခန် ဒါမှမဟုတ် ဖန်းရှီရွှမ် တစ်ယောက်ယောက် ပါဝင်နေလောက်သည်။ ဒီအမျိုးသမီးလဲ တစ်ခုခုသိလောက်တာကြောင့် သက်သေရရန် အသံသွင်းထားဖို့လိုသည်။
“ငါမသိဘူး။ နင်ဘာတွေပြောနေလဲ တကယ်ကိုမသိဘူး။” အမျိုးသမီးက ဆက်တိုက် သူမခေါင်းကိုခါယမ်းနေတော့သည်။
ထန်ရှောင်ရှောင်ကို ဆာလ်ဖျူရစ်အက်ဆစ်နှင့် လောင်းမိဖို့ရန် သူမကို ယောက်ျားတစ်ယောက်က လှည့်စားခဲ့ခြင်းက အမှန်တရားပင်။ ထိုလူက သူမယောက်ျားကို ခိုးယူသွားသည့် မယားငယ်အား သူရှာတွေ့ထားသည်ဟု လိမ်လည်ခဲ့တာကြောင့် သူမလဲ ဒေါသထွက်ကာ ဆာလ်ဖျူရစ်အက်ဆစ်ကိုယူပြီး ထန်ရှောင်ရှောင်ကို ထိခိုက်စေခဲ့ခြင်းဖြစ်သည်။ သို့ပေမည့် ထိုလူဘယ်သူလဲဆိုတာကိုတော့ သူမတကယ်မသိပေ။
“သူ ရှင့်ကိုဘယ်လိုတွေ့သွားတာလဲ?” ကုနင်းမေးလိုက်သည်။
“ငါ ဒီနေ့ ၁၁နာရီလောက်က စိတ်ရောဂါကုဆေးရုံမှာရှိနေခဲ့တာ အဲ့အချိန်မှာ ယောက်ျားတစ်ယောက်က ရုတ်တရက်ကြီးရောက်လာပြီး ငါ့ယောက်ျားကိုခိုးသွားတဲ့ မယားငယ်ကို သူရှာတွေ့ထားတယ်လို့ ပြောခဲ့တယ်။ ငါလဲ ဒေါသထွက်သွားရော သူက ကောင်မလေးအပေါ် ဆာလ်ဖျူရစ်အက်ဆစ်နဲ့ လောင်းဖို့ငါ့ကိုလှည့်စားသွားတာ။”
“ဟုတ်သားပဲ၊ သူ့ကားရဲ့လိုင်စင်နံပါတ်ပြားက xxxxxပဲ။”
“သူ့ကိုရဲစခန်းပို့လိုက်။” ကုနင်း ချောင်ယကိုလှည့်ပြောလိုက်သည်။
“ကောင်းပါပြီ။” ချောင်ယလဲ အမျိုးသမီးကို ဖမ်းချုပ်ကာ ပြန်ဖြေလိုက်သည်။
“မလုပ်ပါနဲ့။ ငါ့ကိုလွှတ်ပေးပါ။ ငါဘာလုပ်လို့လုပ်မိခဲ့မှန်း တကယ်မသိခဲ့ပါဘူး…” အမျိုးသမီးက ငိုယိုကာ ကုနင်းကိုတောင်းပန်တော့သည်။
သို့ပေမည့် ကုနင်းကတော့ သနားစိတ်လေးအနည်းငယ်ပင် မဝင်မိဘဲ ချောင်ယကို ဆွဲထုတ်သွားစေခဲ့သည်။
ထို့နောက် ကုနင်းက ကေ့ကို ဖုန်းထပ်ဆက်ပြန်ကာ စိတ်ရောဂါကုဆေးရုံမှ လုံခြုံရေးကင်မရာများကို ဟက်ခ်စေပြီး လိုင်စင်နံပါတ်xxxxxရှိသည့် ကားကိုစုံစမ်းကြည့်ဖို့ပါ ပြောလိုက်သည်။
ဟင်းပွဲများ စားပွဲပေါ်မှာစုံသွားချိန်တွင်တော့ ချောင်ယလဲ ပြန်ရောက်လာခဲ့သည်။ ရဲစခန်းက သိပ်မဝေးတာကြောင့် ချောင်ယအလုပ်ပြီးဖို့ အချိန်သိပ်မကုန်ခဲ့ပေ။
ထိုအမျိုးသမီးအပေါ် ကုနင်းမသနားမိသော်လည်း သူမဆေးကြောင့် ထန်ရှောင်ရှောင်၏ဒဏ်ရာက သိပ်မပြင်းတော့တာကြောင့် ထိုအမျိုးသမီး ပြစ်ဒဏ်ကြီးကြီးမားမား အပေးမခံရလောက်မှန်းတော့ သိနေသည်။
………..
တစ်ချိန်တည်းမှာပဲ ထန်ရှောင်ရှောင်အကြောင်း အတင်းအဖျင်းသတင်းများက အင်တာနက်ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။
ထန်ရှောင်ရှောင်နှင့်သခင်ခန်ကြားမှ ဆက်ဆံရေးအကြောင်း ကောလဟာလမှာ အာရုံစိုက်မှုများစွာရနေတာကြောင့် လူအများကတော့ အမှန်တရားဟု ယုံကြည်နေကြသည်။
သို့ပေမည့် ဒါက သူတို့ထမင်းအတူစားသည့် ဓါတ်ပုံများသာဖြစ်ကာ သူတို့ဟိုတယ်တစ်ခုတည်းတွင် နေခဲ့ကြသည်ဟုဆိုပြီးတော့ သက်သေပြစရာတော့မရှိပေ။
ထန်ရှောင်ရှောင်က ဖန်းရှီရွှမ်၏ဇာတ်ကောင်နေရာကို ခိုးယူခဲ့သည်ဟူသော သတင်းအတွက်ကတော့ ဇာတ်လမ်းတွဲ၏တရားဝင်အကောင့်ကိုယ်တိုင်က နှုတ်ပိတ်နေခဲ့သည်။ ဖန်းရှိရွှမ်၏ပရိသတ်များက ငြင်းခုံရင်း ထန်ရှောင်ရှောင်ကို အပြစ်တင်နေကြကာ ထန်ရှောင်ရှောင်၏ပရိသတ်များနှင့် အင်တာနက်အသုံးပြုသူများစွာကတော့ ထိုသတင်းကို မယုံကြည်ကြပေ။
***
အခန်း ၉၂၇ ဖန်းရှီရွှမ်
ထို့အပြင် ဖန်းရှီရွှမ်သည် ထန်ရှောင်ရှောင်နှင့်ယှဉ်လျှင် တော်တော်များများနိမ့်ကျနေသူဖြစ်တာကြောင့် လူများစွာက ဇာတ်ကောင်နေရာသည် ဖန်းရှီရွှမ်ထက် ထန်ရှောင်ရှောင်နှင့်ပိုသင့်တော်သည်ဟု တွေးမိကြသည်။
မရေမရာသံသယစိတ်များရှိနေကြသည့် လူများစွာလဲရှိနေတုန်းပင်။
ဇာတ်လမ်းတွဲ၏တရားဝင်အကောင့်ကတော့ လူစိတ်ဝင်စားမှုပိုတိုးပွားလာစေရန်အတွက် ဘာကြေညာချက်မှမထုတ်ပြန်ခဲ့ပေ။
လက်ရှိသတင်းတွေကို လူစိတ်ဝင်စားမှုပိုများလာလေ သူတို့ဇာတ်လမ်းတွဲအောင်မြင်နိုင်နှုန်းကလဲ ပိုများလာပေလိမ့်မည်။
လက်ရှိ ထန်ရှောင်ရှောင်၏ကျော်ကြားမှုအရ သတင်းသည် အချိန်တိုလေးအတွင်းမှာပဲ ဆိုရှယ်မီဒီယာပေါ်တွင် လူပြောအများဆုံးစာရင်းများကြား ဝင်ရောက်သွားတော့သည်။
နောက်ဆုံးရသတင်းကတော့ ဇာတ်လမ်းတွဲဒါရိုက်တာ၏ ရှင်းပြချက်ပင်ဖြစ်သည်။ ဖန်းရှီရွှမ်ကို ရွေးပြီးကာမှ သခင်ခန်က ထန်ရှောင်ရှောင်ကို ထောက်ခံပေးခဲ့တာကြောင့် သူ့ရွေးချယ်မှုကိုပြောင်းလဲပစ်ခဲ့သည်ဟု ပြောထားသည်။
ထန်ရှောင်ရှောင်ကို ခန်မိသားစု၏တတိယလူဟု ဒါရိုက်တာက တိုက်ရိုက်မပြောထားသော်လည်း သူ့ဖြေရှင်းချက်အရ သခင်ခန်နှင့်ထန်ရှောင်ရှောင်ကြား ဆက်ဆံရေးမှာ အတိုင်းအတာတစ်ခုထိရှိသည်ဟု သက်သေပြပေးသွားသည်။
ခန်ယန်ဟန်သည်လဲ အင်တာနက်အသုံးပြုသူများထံမှ ဝေဖန်ပြစ်တင်မှုများကို ခံနေရပေမည့် လူချမ်းသာတစ်ဦးတွင် မယားငယ် တစ်ယောက်နှစ်ယောက်လောက်ရှိမြဲဖြစ်တာကိုတော့ အားလုံးသိထားကြသည်။ ယောက်ျားတွေက သူတို့လက်တွဲဖော်အပေါ် လိမ်ညာဖောက်ပြန်ခဲ့လျှင်တောင် လွယ်လွယ်ကူကူခွင့်လွှတ်ခံရပေမည့် အမျိုးသမီးတွေရဲ့အခြေအနေကတော့ လုံးဝဆန့်ကျင်ဘက်ပင်။
ခန်ယန်ဟန်၏ဇနီးက သူမခင်ပွန်းအကြောင်းကောင်းစွာသိကာ အပြင်ဘက်မှာတော့ သူတို့ချင်းလွန်စွာစည်းလုံးရင်းနှီးကြပုံပေါ်ပေမည့် တကယ်တမ်း သူတို့နှလုံးသားတွေက ကွဲကွာသွားသည်မှာ ကြာမြင့်လို့နေပေပြီ။ သူတို့အတူမနေတော့တာတောင် ကြာလှနေပြီဖြစ်တာကြောင့် ဒီလိုကောလဟာလမျိုးက သူ့ဇနီးဖြစ်သူအပေါ် သက်ရောက်မှုမရှိတော့ပေ။
“ဘာပြောလိုက်တယ်? ထန်ရှောင်ရှောင် ဒီခွေးမကတော့! ငါတို့ရှီရွှမ်အပေါ် ဘာလို့ဒီလိုလုပ်နိုင်ရတာလဲ?”
“ငါတော့ ရှီရွှမ်ကို အရမ်းသနားတာပဲ။”
“စိတ်ခိုင်ခိုင်ထားနော် ရှီရွှမ်ရေ ငါတို့အမြဲနင့်နောက်မှာရှိတယ်။”
“အခုမှပဲ ထန်ရှောင်ရှောင် ဘာလို့မြန်မြန်ကြီး နာမည်ကြီးလာလဲသိသွားတော့တယ်။”
“ကြည့်တော့သာ ဖြူဖြူစင်စင်ကောင်မလေးလိုလိုနဲ့ တကယ်တော့ အတွင်းထဲထိပုပ်သိုးနေတဲ့မိန်းမပျက်ပဲ!”
“ငါတော့ သူ့ပရိသတ်ဆက်မလုပ်နိုင်တော့ဘူး!”
……..
ထို့နောက်မှာတော့ Weiboပေါ်မှ ထန်ရှောင်ရှောင်၏ဖန်အရေအတွက်မှာ သိသိသာသာလျော့ကျသွားတော့သည်။
“ရယ်ရတယ်! ရှောင်ရှောင်က ဖန်းရှီရွှမ်ထက် ပိုနာမည်ကြီးပြီး ပိုလဲလှတယ်။ ‘နန်းတော်’ဇာတ်လမ်းအတွက် ခေါင်းဆောင်မင်းသမီးနေရာအဖြစ်ရွေးဖို့ဆို ငါတို့ရှောင်ရှောင်က အသင့်တော်ဆုံးပဲ။ ငါ့အထင်တော့ အဲ့ဒီဒါရိုက်တာဆိုတဲ့လူက ဖန်းရှီရွှမ်နဲ့အိပ်ရာပေါ်က ဆက်ဆံရေးမျိုးရှိလို့ ဒီလောက်လိုက်ကာကွယ်ပေးနေတာပဲဖြစ်မယ်။”
“ဒီအချက်တော့ ငါလဲထောက်ခံတယ်! သခင်ခန်က ထန်ရှောင်ရှောင်ကို ထောက်ခံပေးခဲ့ရုံနဲ့ သူတို့ကြားမှာ ထူးထူးခြားခြားဆက်ဆံရေးမျိုးရှိနေတယ်ဆိုပြီး ပြောလို့မရဘူးလေ။ သူက စီးပွားရေးသမားတစ်ယောက်ပဲကို၊ ထန်ရှောင်ရှောင်သာဆို သူ့အတွက်ငွေတွေအများကြီးပိုတောင် ရှာပေးနိုင်သေးတယ်။”
“ရှောင်ရှောင်က အေအဆင့်မင်းသမီးတစ်လက်ဖြစ်နေပြီ။ သူ့အနေနဲ့ ဖန်းရှီရွှမ်နဲ့ လိုက်ပြီးယှဉ်ပြိုင်နေစရာတောင် မလိုတော့ဘူး။”
“ငါက သူတို့နှစ်ယောက်လုံးရဲ့ပရိသတ်တော့မဟုတ်ဘူး၊ ဒါပေမယ့် ဖန်းရှီရွှမ်ထက်တော့ ထန်ရှောင်ရှောင်ကပိုလှပြီး ဇာတ်ကောင်နေရာနဲ့ပိုသင့်တော်တယ်လို့ တွေးမိတယ်။”
ဖန်းရှီရွှမ်က အင်တာနက်ပေါ်မှ သူမတို့သတင်းမှန်သမျှကို အချိန်ပြည့်အာရုံစိုက်နေတာကြောင့် အပေါ်မှမှတ်ချက်များကို ဖတ်ပြီးချိန်တွင် လွန်စွာဒေါသထွက်သွားတော့သည်။
သူမကို ဒီလိုမျိုးထန်ရှောင်ရှောင်နဲ့ နှိုင်းယှဉ်ပြီးနှိမ့်ချနေတာမျိုးကို တကယ်မုန်းမိသည်။ ထန်ရှောင်ရှောင်ကို ကျော်နိုင်အောင် သူမနည်းမျိုးစုံသုံးခဲ့သည်။ ဒါပေမယ့်လဲ လူပေါင်းများစွာကတော့ ထန်ရှောင်ရှောင်က သူမထက်ပိုသာသည်ဟု ယုံကြည်နေကြတုန်းပင်။
ထန်ရှောင်ရှောင်၏ဂုဏ်သတင်းက တောက်လျှောက်ကောင်းမွန်ခဲ့တာကြောင့် ဒီလိုမကောင်းသတင်းလေးတစ်ခုလောက်နှင့် သူမအလုပ်အကိုင်လမ်းကြောင်းကိ ဖျက်ဆီးပစ်ဖို့က ခက်ခဲလှသည်။
ဖန်းရှီရွှမ်မှာက သခင်ခန်၏ထောက်ပံ့မှုရှိနေတာကြောင့် တစ်နေ့နေ့မှာ ထန်ရှောင်ရှောင်နေရာကို သူမအစားထိုးဝင်ရောက်နိုင်ပေမည့် အခုချက်ချင်းကြီးတော့ မရသေးပေ။
ဖန်ရှီရွှမ်က သူမမှန်းဘယ်သူမှမသိသည့် အကောင့်တစ်ခုကိုသုံးကာ မှတ်ချက်တစ်ခုရေးသားခဲ့သည်။ “ထန်ရှောင်ရှောင်ကို ကာကွယ်ပေးမနေကြနဲ့တော့။ သခင်ခန်နဲ့ထန်ရှောင်ရှောင်ကြားမှာ အထူးတလည်ဆက်ဆံရေးမျိုးရှိမနေဘူးဆိုရင် သခင်ခန်က ဘာလို့ဒီလိုမျိုးနှုတ်ဆိတ်နေမှာလဲ?”
“ဟုတ်တယ်၊ ဟုတ်တယ်၊ သူတို့မှာဖုံးကွယ်ထားချင်တာတစ်ခုခုရှိလို့ပဲဖြစ်မယ်!”
ဖန်းရှီရွှမ်၏ပရိသတ်တွေက သူမကိုသေချာပေါက် ထောက်ခံပေးကြသလို တပြိုင်တည်းမှာပဲ ထန်ရှောင်ရှောင်၏ပရိသတ်များကလဲ ထန်ရှောင်ရှောင်ဘက်က ကာကွယ်ပေးကြသည်။
ထန်ရှောင်ရှောင်၏ပရိတ်သတ်အများစုက သူမကိုကာကွယ်ပေးနေကြစဲဖြစ်ကာ သူမကိုစိတ်ပျက်ကာ စွန့်ပစ်သွားသည့်ပရိသတ်ပမာဏက အနည်းအကျဉ်းသာရှိသည်။
အင်တာနက်အသုံးပြုသူများစွာကလဲ အတင်းအဖျင်းသတင်းရှိသည်နှင် လိုင်းတက်လာကာ ဖရဲသီးထိုင်စားနေကြတော့သည်။ (အတင်းအဖျင်းသတင်းများဝင်ကြည့်)
“ငါအခုပဲ တစ်ခုတွေးမိသွားတယ်။ ဖန်ရှောင်ရှောင်ကသာ သခင်ခန်နဲ့တစ်ခုခုရှိနေတာမဖြစ်နိုင်ဘူးလား? ဒါက သူထန်ရှောင်ရှောင်ကို လုပ်ကြံတာမျိုးဖြစ်နိုင်တယ်။ ငါကြားသလောက်တော့ သူတို့က တက္ကသိုလ်မှာ အတန်းဖော်တွေဖြစ်ခဲ့ပြီး အရမ်းလဲရင်းနှီးခဲ့ကြတယ်တဲ့။ ဒါပေမယ့် ထန်ရှောင်ရှောင်မှာ ဇာတ်ကောင်ကမ်းလှမ်းချက်တွေလဲ အများကြီးရလာရော ဖန်ရှီရွှမ်က မနာလိုတွေဖြစ်ပြီး သူတို့ဆက်ဆံရေးပြတ်တောက်သွားတယ်လို့ကြားတယ်။”
ထိုမှတ်ချက်ကိုဖတ်ပြီးသည်နှင့် ဖန်ရှီရွှမ် ထိတ်လန့်သွားတော့သည်။ ထန်ရှောင်ရှောင်လဲ သူမကိုလူမသိသည့်အကောင့်တစ်ခုနှင့် တိုက်ခိုက်နေခြင်းဟု ထင်မိသွားသည်။
ဖန်ရှီရွှမ်မှာ ထန်ရှောင်ရှောင်ကို အင်တာနက်ပေါ်ကနေ တိုက်ခိုက်ဖို့ အကောင့်တုတစ်ခုရှိသလို ထန်ရှောင်ရှောင်မှာလဲ ရှိနိုင်တာပဲလေ။
သို့ပေမည့် ဖန်ရှီရွှမ်က သူမမှာအခုဆို သခင်ခန်၏ထောက်ပံ့မှုရှိနေတာကြောင့် ကြောက်ရွံ့သွားခြင်းတော့မရှိပေ။ သခင်ခန်၏အာဏာကြောင့် ထန်ရှောင်ရှောင်အလုပ်လုပ်သည့်ကုမ္ပဏီကလဲ မကြာခင်အချိန်အတွင်း သူမကို စွန့်ပစ်တော့မည်မှန်း ယုံကြည်နေသည်။
ထန်ရှောင်ရှောင်၏အဆက်အသွယ်တွေဆိုတာ သခင်ခန်ကိုဘယ်ယှဉ်လို့ရပါ့မလဲ၊ ဒါကြောင့်ပဲ ထန်ရှောင်ရှောင်ကို တိုက်ရိုက်ဖုန်းဆက်ကာ ဒီပြဿနာက သူမအကြံအစည်ဖြစ်ကြောင်း ဖန်ရှီရွှမ်ပြောရဲခဲ့ခြင်းဖြစ်သည်။
ဖန်ရှီရွှမ်လဲ လုပ်စရာလေးတွေရှိနေသေးတာကြောင့် နောက်ဆုံးမှာတော့ သူမဖုန်းကို ချထားလိုက်တော့သည်။
“ဒီအတွေးက နည်းနည်းမြင့်လွန်းပေမယ့် ဖြစ်နိုင်ချေတော့ရှိသား။”
ဖန်ရှီရွှမ်ကသာ သခင်ခန်နဲ့တစ်စုံတစ်ရာဆက်ဆံရေးရှိကာ ထန်ရှောင်ရှောင်ကို လုပ်ကြံခြင်းဟူသည့် ခန့်မှန်းချက်ကို လူများစွာက ထောက်ခံလာကြသည်။
သို့သော်လည်း ဘယ်ဟာကမှ သက်သေအတိအကျမရှိတာကြောင့် ဘယ်သူမှအမှန်တရားကို မသိကြပေ။
“ကောလဟာလကို လမ်းကြောင်းလွှဲဖို့ ကြိုးစားမနေကြနဲ့။ အသုံးမဝင်ဘူး။”
“ဟေး! ဟွမ်းဒင်ဟိုတယ်အပြင်ဘက်မှာ အမျိုးသမီးတစ်ယောက်က ထန်ရှောင်ရှောင်ကို ဆာလ်ဖျူရစ်အက်ဆစ်နဲ့ပတ်လိုက်လို့ ကုနတ်ဘုရားမဝင်ကယ်သွားတယ်ဆိုတဲ့ သတင်းဖတ်ပြီးကြပြီလား?”
ထိုသတင်းကိုမြင်သည်နှင့် လူတိုင်းစိတ်လှုပ်ရှားသွားကြသည်။
“တကယ်လား? ငါ့ကိုသတင်းလင့်ခ်ပို့ပေးကြဦး!”
“ငါ့ကိုလဲ ပို့ပေးကြပါဦး!”
…….
အင်တာနက်အသုံးပြုသူများမှာ ကုနတ်ဘုရားမပါဝင်လာသည့်သတင်းကို သဲကြီးမည်းကြီးဖတ်ကြတော့သည်။
***
အခန်း ၉၂၈ ကုနင်း၏လွှမ်းမိုးနိုင်စွမ်း
သတင်းစာသားနှင့်အတူ အမျိုးသမီးတစ်ယောက်က ထန်ရှောင်ရှောင်ကို ဆာလ်ဖျူရစ်အက်ဆစ်နှင့်ပတ်လိုက်ရာက နာကျင်စွာအော်ဟစ်သံများပါသည့် ဗီဒီယိုတစ်ခုသည်လဲ တွဲလျက်ပါလာခဲ့သည်။
ထိုမြင်ကွင်းက လူတိုင်းကိုကြောက်လန့်သွားစေဖို့ လုံလောက်ခဲ့သည်။
နောက်တစ်စက္ကန့်မှာပဲ ကုနင်းပေါ်လာကာ ထန်ရှောင်ရှောင်ကိုကယ်ခဲ့သည်။
ထန်ရှောင်ရှောင်ကို ကုနင်း သူမလက်မောင်းများကြားသယ်သွားသည်ကိုကြည့်ပြီး သူမ၏ရဲရင့်သည့်လှုပ်ရှားပုံက မိန်းကလေးများစွာကို ဆွဲဆောင်သွားခဲ့သည်။
“ဝါး၊ ကုနတ်ဘုရားမအရမ်းမိုက်တာပဲ! ထန်ရှောင်ရှောင်ကိုတောင် အလွယ်လေးပွေ့သွားတယ်။”
“ဘုရားရေ! အရမ်းကြောက်ဖို့ကောင်းတာပဲ! သူ့မျက်နှာပေါ်သာ ဆာလ်ဖျူရစ်အက်ဆစ်တွေအလောင်းခံလိုက်ရရင် ဘယ်လိုများလုပ်မလဲ။”
“ထန်ရှောင်ရှောင်ကို သနားလိုက်တာ။”
“သနားပါတယ်။”
“ကုနတ်ဘုရားမဆိုတာ တရားမျှတမှုခံစားနိုင်စွမ်းမြင့်မားတဲ့မိန်းကလေးမဟုတ်လား။ သူကတော့ မယားငယ်တစ်ယောက်ကို ကယ်တင်ပေးမှာမဟုတ်ဘူး။ ဒီတော့ ထန်ရှောင်ရှောင်က သခင်ခန်တို့မိသားစုရဲ့ တတိယလူဆိုတဲ့သတင်းက သတင်းမှားဖြစ်နိုင်တာပဲ။”
“ငါတော့မထင်ဘူး။ ကုနင်းက မင်းတို့တွေ အထင်ကြီးနေသလောက်ကြီးလဲ မဟုတ်ပါဘူး။”
ကုနင်းကို မကောင်းပြောသည့်မှတ်ချက်တစ်ခုထွက်လာသည်နှင့် ကုနင်း၏ပရိသတ်တွေက ချက်ချင်းဆိုသလို ထိုအင်တာနက်အသုံးပြုသူက တိုက်ခိုက်တော့သည်။
“ကုနတ်ဘုရားမကိုများ မင်းကဘယ်လိုတောင် မကောင်းပြောရဲတာလဲ?”
“မင်းဘယ်သူလဲ အခုချက်ချင်းပြော၊ မင်းနောက်ကြောင်းအကုန် စုံစမ်းပစ်မယ်။”
“မင်းဆီ ဓါးတစ်ချောင်းပို့လိုက်မယ်၊ ပြောစမ်း!”
……..
ကုနင်း၏လွှမ်းမိုးနိုင်စွမ်းကို မျက်မြင်တွေ့လိုက်ရသည်နှင့် ထိုအင်တာနက်အသုံးပြုသူလဲ ကုနင်းမကောင်းကြောင်းထပ်ပြီးမရေးရဲတော့ပေ။
“မျှမျှတတပြောရရင် ကုနင်းက တရားမျှတမှုဘက်ရပ်တည်တဲ့ ထူးချွန်တဲ့မိန်းကလေးဖြစ်မှန်း ငါလဲထောက်ခံပါတယ်။ ဒါပေမယ့် ထန်ရှောင်ရှောင်ကို ကုနင်းကယ်ပေးလိုက်ရုံနဲ့တော့ ထန်ရှောင်ရှောင်ကပါ မိန်းမကောင်းလေးပါဆိုပြီး မသက်ရောက်သွားဘူးလေ။ ဒီနှစ်ခုက ဘယ်လိုမှဆက်စပ်မှုမရှိဘူးလေ။”
“ဒါတော့ဟုတ်တယ်။ အခုက အရေးပေါ်အခြေအနေဖြစ်သွားတာမဟုတ်လား။”
“ကုနတ်ဘုရားမ အခုလိုထွက်ကူပြီးမှတော့ ထန်ရှောင်ရှောင်က ကုနတ်ဘုရားမအတွက် အလုပ်လုပ်ပေးလောက်တော့မယ်လို့ ငါတော့အာရုံရနေမိပြီ။ ဒါက စုထုံနျိုတို့ ရှားယီချူးတို့ရဲ့အဖြစ်နဲ့ တူမနေဘူးလား။”
“အိုး၊ ဟုတ်သားပဲ၊ ဒါပေမယ့် အရင်ဆုံးတော့ ဒီပြဿနာ သူကအပြစ်ကင်းတဲ့လူဖြစ်ကြောင်း ထန်ရှောင်ရှောင် လုပ်မှရဦးမယ်။”
“ငါလဲ ကုနတ်ဘုရားမနဲ့တွေ့ပြီး ငါ့ရဲ့ဒီသနားစရာကောင်းလှတဲ့ဘဝကြီးထဲကနေ ကယ်တင်ပေးသွားဖို့ မျှော်လင့်နေပြီ။”
“ဟ-ဟ အိပ်မက်သာမက်နေလိုက်တော့!”
……….
ကုနင်း၏လွှမ်းမိုးနိုင်စွမ်းကြောင့် အခုဆိုလျှင် ထန်ရှောင်ရှောင်ကို ဝေဖန်တိုက်ခိုက်သူများ ပိုနည်းသွားသော်လည်း သူမကိုဆက်လက်ပြစ်တင်နေသူတွေက အများအပြားရှိနေတုန်းပင်။
အစပိုင်းမှာတော့ အင်တာနက်ပေါ်မှ ထိုရန်လိုသည့်မှတ်ချက်များကိုမြင်ကာ ထန်ရှောင်ရှောင်နှင့်လင်းလုတို့ ဒေါသထွက်မိကြပေမည့် ကုနင်းကိုယုံကြည်ထားကာ ကုနင်းဖြေရှင်းနိုင်မည်ဟု စိတ်ဒုန်းဒုန်းချပုံအပ်ထားလိုက်တော့သည်။
……..
မကြာခင်မှာပဲ ခန်ယန်ဟန်နှင့်ဖန်းရှီရွှမ်တို့အကြောင်း အသေးစိတ်အချက်အလက်များကို ကေရှာတွေ့သွားခဲ့သည်။ ထို့နောက် ထိုလူနှစ်ဦးအချင်းချင်းဆက်သွယ်ပြောဆိုသည့် မှတ်တမ်းများကိုပါ စစ်ဆေးကြည့်လေသည်။
ခန်ယန်ဟန်နှင့်ဖန်းရှီရွှမ်တို့က သူတို့ကြားမှဖောက်ပြန်မှုကို သေချာဖုံးကွယ်ထားခြင်းမရှိတာကြောင့် သူတို့ရဲ့ဖုန်းနံပါတ်အစစ်များဖြင့်သာ ဆက်သွယ်ပြောဆိုကြသည်။ ဒါကြောင့်ပဲ ကေအတွက် သက်သေရှာဖို့ မခက်ခဲတော့ပေ။
ထို့နောက် ကေက သူတို့နေထိုင်ရာ တွေ့ဆုံရာနေရာဝန်းကျင်မှ လုံခြုံရေးကင်မရာများကိုပါ စစ်ဆေးကြည့်ခဲ့သည်။
သူတို့မကြာခဏတွေ့ဖြစ်ကြသည့်နေရာမှာ မြို့စွန်မှ ခန်ယန်ဟန်၏ဗီလာတွင်ဖြစ်သည်။ ဗီလာအပြင်ဘက်မှ လုံခြုံရေးကင်မရမှနေပြီး ဖန်းရှီရွှမ်၏ကားက ညအချိန်များတွင် မကြာခဏရောက်လာသလို ခန်ယန်ဟန်သည်လဲ သူမရောက်လာသည့်အကြိမ်တိုင်း ပေါ်လာတတ်ကြောင်း မှတ်တမ်းတင်ထားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အပြင်ဘက်မှ လုံခြုံရေးကင်မရာတစ်လုံးက ဒုတိယထပ်မှမာစတာအိပ်ခန်းကို ချိန်ထားသည်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်၏အိပ်ရာပေါ်မှအခြေအနေမှတ်တမ်းကို ကေလဲ အလွယ်တကူကူးယူထားလိုက်နိုင်သည်။
လုံခြုံရေးကင်မရာက အနည်းငယ်ဝေးကွာကာ ဗီဒီယိုထဲမှာ သူတို့မျက်နှာများကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း ဗီလာတံခါးမှလုံခြုံရေးကင်မရာများမှတစ်ဆင့် ရှင်းရှင်းလင်းလင်းမိထားပြီးပြီဖြစ်သည်။
ဒါကြောင့် ကေကူးယူလိုက်သည့်မှတ်တမ်းနှင့် သူတို့မျက်နှာများကို ဖော်ထုတ်လိုက်သည်နှင့် ငြင်းဆန်ဖို့ခက်ခဲပေလိမ့်မည်။
ငတုံးမဟုတ်သည့်ဘယ်သူမဆို ခန်ယန်ဟန်တို့မိသားစု၏တတိယလူက ဘယ်သူဖြစ်ကြောင်း သိကြပေမည်။
ကုနင်း၏ရည်ရွယ်ချက်က ထန်ရှောင်ရှောင်၏နာမည်ကို ရှင်းလင်းပေးကာ ခန်ယန်ဟန်နှင့်ဖန်ရှီရွှမ်တို့လုပ်ရပ်ကို ပြန်ပေးဆပ်စေမည်ဖြစ်သည်။ ထန်မိသားစု၏အကျိုးစီးပွားကို ထိခိုက်အောင်လုပ်လိုသည့်စိတ်ကူးမရှိတာကြောင့် ဒီလောက်သက်သေနှင့်လုံလောက်ပေပြီ။
ကေက ထန်ရှောင်ရှောင်ကို ဆာလ်ဖျူရစ်အက်ဆစ်နှင့်ပတ်ခဲ့သည့် အရူးအမျိုးသမီးအား ထောင်ချောက်ဆင်ခဲ့သည့်အမျိုးသားက ဖန်းရှီရွှမ်၏သူငယ်ချင်းဖြစ်ကြောင်း သိရှိခဲ့ကာ ဖန်ရှီရွှမ်၏ယခင်နှစ်များက ပြုလုပ်ခဲ့သောမကောင်းမှုမှန်သမျှကိုလဲ ရှာတွေ့ခဲ့သည်။
ဖန်းရှီရွှမ်က ဇာတ်ကောင်နေရာအတွက် တခြားသောသရုပ်ဆောင်များစွာကိုလဲ လုပ်ကြံခဲ့ဖူးသည်။
သို့ပေမည့် ဖန်းရှီရွှမ်ယခင်က လုပ်ခဲ့သမျှက ယခုကိစ္စနှင့်မသက်ဆိုင်တာကြောင့် အဲ့ဒါတွေကို ကုနင်းသိပ်အာရုံထားမနေပေ။
……
ကုနင်းတို့အဖွဲ့ ထန်မိသားစုအိမ်သို့ လာခဲ့ကြသည်။
အိမ်မှာတော့ ထန်ဟိုင်ဖုန်း၊ ကျန်းလီဟွာနှင့် ကုမန့်တို့သာရှိနေကာ ကျန်လူများကတော့ အလုပ်သွားနေကြသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ အိမ်ထဲဝင်လာသည်နှင့် လူကြီးများက ချက်ချင်းသတိပြုမိသွားကြကာ ဒီတစ်ခေါက်လဲ ကုနင်းထက်အရင် လင်ရှောင်းထင်ကို ကြိုဆိုခဲ့ကြသည်။
တကယ်တော့ သူတို့ ကုနင်းကို လျစ်လျူရှုထားတာမဟုတ်ဘဲ ကုနင်းက သူတို့မိသားစုဝင်ဖြစ်ကာ လင်ရှောင်းထင်ကတော့ ဧည့်သည်ဖြစ်တာကြောင့် ဦးစားပေးခြင်းဖြစ်သည်။
“နင်းနင်း၊ အမေ မနေ့ကဖန်ရှန်းဈေးဝယ်စင်တာကို သမီးအဒေါ်နဲ့ဈေးဝဉ်ထွက်ဖို့သွားရင်း Kameiအလှပြင်ဆိုင်နာမည်နဲ့ အလှပြင်ဆိုင်တစ်ဆိုင်တွေ့ခဲ့တယ်။ သူတို့လဲ ခိုကျီကိုပဲ သုံးကြတာ။ အဲ့ဆိုင်က သမီးနဲ့သက်ဆိုင်မှုရှိလား?” ကုမန့်မေးလိုက်သည်။
ကုမန့်က စောစောစီးစီးတွေ့ရှိသွားပြီဖြစ်၍ ကုနင်းအံ့ဩသွားခဲ့သည်။ ထိုဆိုင်ကို မကြာခင်ကျရောက်တော့မည့် ကုမန့်၏မင်္ဂလာလက်ဖွဲ့အနေနှင့်ပေးဖို့ သူမစီစဉ်ထားခဲ့တာမဟုတ်လား။
သို့သော်လည်း Kameiအလှပြင်ဆိုင် အလွန်နာမည်ကြီးနေကာ လျှို့ဝှက်ထားလို့ရသည့်အရာမဟုတ်တော့ပေ။ ခိုကျီဆိုလျှင် ပိုလို့တောင်နာမည်ကြီးနေပေပြီ။
“အွန်း၊ အဲ့ဆိုကို သမီးပိုင်တာပါ၊ ဒါပေမယ့် အမေ့ကိုမင်္ဂလာလက်ဖွဲ့အဖြစ်ပေးဖို့ တွေးထားတာ။ အမေက သိသွားပြီဆိုတော့ အံ့ဩသွားတာပဲ။”
***
အခန်း ၉၂၉ အမှန်တရားပေါ်ဖို့ မကြာပါဘူး
ခိုကျီကို တည်ထောင်ထားသူက ကုနင်းမှန်း သူတို့သိကြသလို ကုမန့်တွင်လဲ Kameiဟုခေါ်သည့် အလှပြင်ဆိုင်တစ်ဆိုင်ရှိမှန်းလဲသိတာကြောင့် ဖန်ရှန်းဈေးဝယ်စင်တာတွင် နောက်ထပ်Kameiအလှပြင်ဆိုင်တစ်ဆိုင် တွေ့ရချိန်၌ သိချင်သွားခဲ့ကြသည်။
ကုနင်း အတည်ပြုပေးလိုက်ချိန်မှာတော့ အရမ်းမအံ့ဩသွားကြတော့ပေ။ သို့သော်လည်း ကုနင်း၏ ဆိုင်အတွက် အစီအစဉ်ကို ကြားရချိန်မှာတော့ အားလုံးရင်ထဲခံစားသွားကြကာ ကုမန့်ဆိုလျှင် ငိုလုနီးနီးပင်။
ကုနင်းက ကုမန့်ကို သူမကိုယ်ပိုင်အလုပ်အကိုင်နှင့် သူမဘာသာရပ်တည်နိုင်ဖို့ မျှော်လင့်ထားခြင်းဖြစ်ကြောင်း သူတို့လဲ နားလည်ကြသည်။
ကုမန့်မှာ ဘာအလုပ်အကိုင်မှမရှိဘဲ ချမ်းသာသည့်မိသားစုများမှ အဆင့်အတန်းမြင့်အမျိုးသမီးတစ်ဦးလို အချိန်ဖြုန်းနေမည်ဆိုလျှင်တောင် ထန်မိသားစုက ဘာမှပြောမည်မဟုတ်သော်လည်း အချိန်ကုန်လာသည်နှင့်အမျှ ကုမန့် ပျင်းရိငြီးငွေ့လာမည်ကိုတော့ စိုးရိမ်မိကြသည်။
“နင်းနင်း၊ ခိုကျီက သမီးတည်ထောင်ပြီးသိပ်တောင်မကြာလိုက်ဘဲ အရမ်းကိုနာမည်ကြီးနေပြီနော်။ အံ့ဩဖို့ကောင်းလိုက်တာ!” ကျန်းလီဟွာကတော့ ကုနင်းအတွက် ဂုဏ်ယူလို့နေသည်။ သူမသူငယ်ချင်းများကိုလဲ ခိုကျီသုံးဖို့ဆွဲဆောင်ခဲ့ကာ အခုဆိုလျှင် သူမသူငယ်ချင်းတွေအားလုံးလဲ ခိုကျီပရိသတ်များဖြစ်လို့နေကြပေပြီ။
ကုနင်းက လတ်တလောကမှာ သူမကိုယ်သူမဖော်ထုတ်ဖို့ မရည်ရွယ်ထားသေးတာကြောင့် သူမက ခိုကျီတည်ထောင်သူဖြစ်ကြောင်းကိုတော့ ကျန်းလီဟွာ မပြောပြခဲ့ပေ။
“သမီးလဲ ခိုကျီဒီထက်မက ပိုမိုအောင်မြင်ပြီး အမြတ်တွေအများကြီးရလာဖို့ မျှော်လင့်ပါတယ်။” ကုနင်းပြုံးကာပြန်ပြောလိုက်သည်။
လူတိုင်း ဧည့်ခန်းထဲမှာပဲ ပျော်ပျော်ပါးပါး လက်ဖက်ရည်သောက်ရင်း စကားပြောနေကြကာ လေထုသည်လဲ စိတ်အေးချမ်းသာဖွယ်ကောင်းလို့နေတော့သည်။
ညနေ၄နာရီဝန်းကျင်မှာတော့ ကုနင်းကို လင်းလုဖုန်းဆက်လာခဲ့သည်။ ထန်ရှောင်ရှောင်က သူမကုမ္ပဏီနှင့်စာချုပ်ဖျက်သိမ်းခြင်း ပြီးစီးသွားပြီဖြစ်ကြောင်း ပြောလာခဲ့ခြင်းပင်။
ခဏအကြာမှာတော့ ကေကလဲ သူစုံစမ်းထားမိသမျှအကြောင်းအရာများကို ကုနင်းထံ တင်ပြခဲ့သည်။ ကုနင်းလဲ သူမစိတ်ကူးကို ကေအားပြောပြလိုက်ပြီး အစားလုပ်စေလိုက်သည်။
……….
အင်တာနက်ပေါ်တွင် ထန်ရှောင်ရှောင်အကြောင်းသတင်းများမှာ အခုထိ လူပြောများနေစဲဖြစ်ပြီး ဖန်းရှီရွှမ်၏ပရိသတ်များကလဲ အရင်အတိုင်း သူမကိုပဲ အပြစ်တင်ဝေဖန်နေကြစဲပင်။
အင်တာနက်အသုံးပြုသူအများစုကတော့ တရားဝင်ဖြေရှင်းချက် ထုတ်သည်ကိုသာ စောင့်ဆိုင်းလို့နေကြသည်။
၅နာရီလောက်မှာတော့ ဖျော်ဖြေရေးအသိုင်းအဝိုင်းမှ နာမည်ကြီးတစ်ယောက်က ထန်ရှောင်ရှောင်၏နာမည်ကိုရှင်းလင်းပေးရန်ဆိုကာ ဓါတ်ပုံများစွာနှင့်သတင်းအရှည်ကြီးတစ်ခုတင်လာခဲ့သည်။ ထိုသတင်းတွင် ထန်ရှောင်ရှောင်နှင့်ဖန်းရှီရွှမ်ကြားမှ မကျေလည်မှုနှင့် ဖန်းရှီရွှမ်ကသာ ခန်ယန်ဟန်၏မယားငယ်အစစ်ဖြစ်ကြောင်းကိုသာ အဓိကရှင်းလင်းပြထားသည်။
ဓါတ်ပုံတွေကတော့ လုံခြုံရေးကင်မရာ၏ဗီဒီယိုများမှ နေ့ရက်အတိအကျနှင့်အတူ ထိုနှစ်ယောက်၏ဓါတ်ပုံများပင်ဖြစ်သည်။
သုံးပုံကတော့ ဖန်းရှီရွှမ်နှင့်ခန်ယန်ဟန်တို့ အိမ်ထဲအတူဝင်သွားကြပုံများဖြစ်သည်။ ရက်စွဲကတော့ လွန်ခဲ့သည့်တစ်နှစ်၊ လွန်ခဲ့သည့်နှစ်ဝက်ကနှင့် ရက်ပိုင်းလောက်ကပုံများဖြစ်သည်။
လေးပုံမြောက်၊ ငါးပုံမြောက်နှင့် ခြောက်ပုံမြောက်ကတော့ ဖန်းရှီရွှမ်နှင့် ခန်ယန်ဟန်တို့ အိပ်ရာပေါ်အတူရှိနေကြချိန်ကို ရိုက်ကူးထားခြင်းဖြစ်သည်။ သူတို့မျက်နှာတွေကို ဝါးထားတာတောင်မှ ထိုလူနှစ်ယောက်၏ပုံစံက ဖန်းရှီရွှမ်နှင့်ခန်ယန်ဟန်တို့နှင့် ဆင်တူကြောင်းသိသာလှသည်။
ခုနှစ်ပုံနှင့်ရှစ်ပုံမြောက်တို့ကတော့ ထန်ရှောင်ရှောင်ကို အက်ဆစ်နှင့်လောင်းရန် အရူးမအားသွေးထိုးခဲ့သည့် အမျိုးသားနှင့် ဖန်းရှီရွှမ်တို့ စကားပြောနေကြသည့်ပုံများပင်။ ကိုးပုံများကတော့ ထိုအမျိုးသားနှင့် ရူးနေသည့်အမျိုးသမီးတို့အတူရှိနေကြချိန်ကို ပြထားသည်။
ဒီထက်ပိုပြီး အမှန်တရားကိုထုတ်ပြဖို့မရှိတော့ပေ။
ထိုသတင်းထွက်လာသည်နှင့် Weiboပေါ်တွင် ဆူပွက်သွားကြပြန်သည်။
“အိုးမိုင်ဂေါ့ဒ်၊ ဒါကြီးက ထန်ရှောင်ရှောင်ကို တမင်လုပ်ကြံထားတာပဲ!”
“ဖန်းရှီရွှမ်ကမှ ခန်ယန်ဟန်ရဲ့ မယားငယ်ပေါ့? ဒီထက်လန့်စရာရောရှိသေးလား!”
“ခွေးမ! သူကများ ငါတို့ရှောင်ရှောင်အပေါ် အကွက်ချရဲတယ်လား?”
“အခုတော့ သူ့ဂုဏ်သိက္ခာကော အလုပ်အကိုင်ပါ လုံးဝအဖက်ဆယ်လို့မရတော့ဘူးပဲ!”
“သူ့ထိုက်နဲ့သူ့ကံပဲ!”
“ငါတို့ထန်ရှောင်ရှောင်ကို ပြန်တောင်းပန်သင့်တယ်လို့ထင်တယ်။”
……..
အစောပိုင်းတုန်းက ထန်ရှောင်ရှောင်ကို ပြစ်တင်ဝေဖန်ခဲ့ကြသည့်လူများစွာက အခုတော့ သူမကိုပြန်တောင်းပန်လာကြသည်။
“ဒီနှစ်အတွင်း ဖန်းရှီရွှမ် ဒီလောက်မြန်မြန်ကျော်ကြားလာတာ အံ့ဩစရာမရှိတော့ပါဘူး။ သူ့မှာ ခန်ယန်ဟန်နောက်ခံကြီးရှိနေတာပဲ!”
“တကယ်တမ်း သူကအရမ်းလဲမလှသလို သရုပ်ဆောင်တာကလဲ မကောင်းဘူး။”
“ရွံ့ဖို့ကောင်းလိုက်ကြတာ!”
“ငါတော့ သူ့ပရိသတ်ဆက်မလုပ်တော့ဘူး။”
“နေပါဦး၊ ဒီပုံတွေက တကယ်အစစ်ရောဟုတ်ရဲ့လား?”
………
ဖန်းရှီရွှမ်၏ပရိသတ်တွေကတော့ သူတို့အိုင်ဒေါကို ဆက်ပြီးကာကွယ်ပေးနေကြတုန်းပင်။
“မင်းတကယ်ပြောနေတာလား? မျက်စိကန်းနေတာပဲဖြစ်မယ်။ ဒီပုံတွေက လုံခြုံရေးကင်မရာရဲ့ ဗီဒီယိုကနေယူထားတာလေ!”
“ဖန်းရှီရွှမ်ရဲ့ပရိသတ်တွေက အရမ်းမိုက်မဲတာပဲ အမှန်တရားနဲ့ထိပ်တိုက်ကြီးတွေနေတာတောင် လက်မခံနိုင်ကြသေးဘူး။”
အခုဆိုလျှင် ဖန်းရှီရွှမ်၏ပရိသတ်များကတလှည့် ပြစ်တင်ဝေဖန်ခံနေကြရပေပြီ။
“ရုတ်တရက်ဖြစ်ပျက်သွားတာတွေက အရမ်းမြန်တာပဲ!”
“ဟုတ်တယ်။ ဒီမနက်တင်ပဲ ကောလဟာထွက်ရုံရှိသေး နေ့ခင်းလဲရောက်ရော အမှန်တရားကပေါ်လာရောပဲ။”
“ဒီအရှုပ်ထုပ်ထဲကလူတွေ တစ်ယောက်မှဘာလို့မပေါ်လာကြတာပါလိမ့်?”
“ထန်ရှောင်ရှောင်က ဒဏ်ရာရထားတာ သူ့လက်ရှိအခြေအနေကို မသိရသေးဘူး။ ဖန်းရှီရွှမ်နဲ့ခန်ယန်ဟန်ကတော့ ပေါ်လာဖို့အရှက်ရှိသေးလို့နေမှာပေါ့။”
“အခုမှ ထန်ရှောင်ရှောင်ကိုတော့ စိုးရိမ်လာမိပြီ။”
“ငါလဲ သူ့ကိုသနားမိတယ်။”
“ထန်ရှောင်ရှောင်မှာ အင်အားကြီးနောက်ခံတစ်ခုလောက်ရှိလာဖို့ ငါမျှော်လင့်တယ်။ သူဒီတစ်လျှောက် အရမ်းကြိုးစားခဲ့ပြီးပြီပဲ!”
…….
ဆက်တိုက်ဆိုသလို ထန်ရှောင်ရှောင်ကို သနားဂရုဏာသက်ကြသည့် မှတ်ချက်ပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
***
အခန်း ၉၃၀ ဖန်းရှီရွှမ် ကျရှုံးအလှည့်
“ဒီလို အမှန်တရားပေါ်ထွက်လာတဲ့လမ်းကြောင်းကြီးကို ငါဘာလို့များရင်းနှီးသလို ခံစားနေမိပါလိမ့်?”
“ဘယ်လိုမျိုးလဲ သေချာပြောကြည့်စမ်းပါ!”
“ပြောကြည့်၊ ပြောကြည့်၊ သိချင်လာပြီ။”
“ဒါမျိုး စုထုံနျိုနဲ့ ရှားယိချူးတို့မှာလဲ အရင်ကဖြစ်ခဲ့ဖူးတယ်လေ။ သူတို့လဲ ဒီလိုထောင်ချောက်မျိုးမိပြီး နောက်ကျ ကုနတ်ဘုရားမရဲ့အကူအညီနဲ့ သက်သေအတိအကျထုတ်ပြခံရပြီး လွတ်မြောက်သွားကြတယ်လေ။”
“ဒီတော့ အခုတစ်ခေါက်မှာလဲ ကုနတ်ဘုရားမပါဝင်နေတယ်ဆိုတဲ့သဘောလား?”
“ထင်တော့ထင်ပေမယ့် မသေချာဘူး။”
“ဒီမနက်တုန်းက ထန်ရှောင်ရှောင်ကို ကုနတ်ဘုရားမကယ်ပေးခဲ့တာကို ပြန်အမှတ်ရသွားပြီ။”
“ဒီတစ်ခေါက်လဲ ကုနတ်ဘုရားမက ထန်ရှောင်ရှောင်ကို ကယ်ထုတ်ပေးခဲ့တာပဲဖြစ်ရမယ်။”
“ဝိုး၊ ဒါတကယ်သာဆို ကုနတ်ဘုရားမရဲ့အံ့ချီးဖွယ်ရာထဲ နောက်တစ်မျိုးတိုးပြန်ပြီပေါ့!”
“ဒီလောက်အချိန်တိုလေးအတွင်း လုံခြုံရေးကင်မရာတွေကို ဘယ်လိုများတွေ့သွားတာပါလိမ့်? ထန်ရှောင်ရှောင်နဲ့ကော စာချုပ်ချုပ်တော့မှာများလား?”
“ဒါလဲ အကြံကောင်းပဲ၊ ကုနတ်ဘုရားမရဲ့အထောက်အပံ့နဲ့သာဆိုရင် ထန်ရှောင်ရှောင်ကို ဒီလိုမျိုးဘယ်သူမှထပ်ကြံစည်ရဲမှာမဟုတ်တော့ဘူး။”
“ကုနတ်ဘုရားမက တစ်ချိန်တည်းမှာပဲ မယုံနိုင်စရာရော ကြောက်ဖို့ပါကောင်းတယ်။ သူ့ကို စိတ်အနှောက်အယှက်ပြုမိတဲ့ဘယ်သူမဆို အကျိုးဆက်ကို ခံနိုင်ကြမှာမဟုတ်ဘူး။”
“မကောင်းတဲ့လူတွေက သေချာပေါက် အပြစ်ပေးခံရသင့်တယ်!”
“ဟုတ်တယ်၊ သူတို့လုပ်ရပ်အတွက် ပြန်ခံကြရတာပဲ။”
……..
ထန်ရှောင်ရှောင်နှင့် လင်းလုတို့က တစ်ချိန်လုံး အင်တာနက်ပေါ်မှာ သတင်းများကို စောင့်ကြည့်နေခဲ့ပေမည့် ကုနင်းစကားကိုနားထောင်ကာ အလျင်စလိုဖြင့် မှတ်ချက်များကို ပြန်လည်တုံ့ပြန်ခြင်းမလုပ်ခဲ့ပေ။
သို့သော်လည်း လက်ရှိဖြေရှင်းချက်ထွက်လာချိန်မှာတော့ သူတို့ကိုယ်တိုင်လဲ အံ့ဩသွားကြရသည်။
သူတို့ကိုအလွန်အံ့အားသင့်စေသည်ကတော့… ဒီလောက်နာရီပိုင်းလေးအတွင်း ကုနင်း သက်သေတွေစုနိုင်ခဲ့တယ်ပေါ့!
“ရှောင်ရှောင်၊ ဒီတစ်ကြိမ်တော့ ငါတို့အရမ်းကံကောင်းသွားတယ်!” လင်းလုကပြောလိုက်သည်။
“ကုနင်းက ငါ့အသက်သခင်ဖြစ်သွားပြီ! ပြီးခဲ့တဲ့နာရီပိုင်းအတွင်း ဖြစ်ပျက်သွားတာတွေက အိပ်မက်လားတောင် ထင်ရတယ်။” ထန်ရှောင်ရှောင်သည်လဲ အလွန်စိတ်လှုပ်ရှားလို့နေသည်။
“ဘာပဲဖြစ်ဖြစ်ပါလေ၊ သူ့ရဲ့အထောက်အပံ့နဲ့သာဆိုရင် ငါတို့ပိုပြီးအောင်မြင်လာကြတော့မှာ!” လင်းလုပျော်ရွှင်စွာပြောလိုက်သည်။
…………
ထန်ရှောင်ရှောင် အလုပ်လုပ်ခဲ့သည့်ကုမ္ပဏီကတော့ သူမအကြောင်း နောက်ဆုံးရသတင်းများကိုဖတ်ပြီးနောက် လွန်စွာအံ့အားသင့်နေကြလေသည်။
အခုဆိုလျှင် ကုနင်းက ထန်ရှောင်ရှောင်၏ဘော့စ်အသစ်ဖြစ်လာတော့မည်။
တကယ်တော့ ကုမ္ပဏီဘက်က ထန်ရှောင်ရှောင်နှင့်စာချုပ်ဖျက်သိမ်းဖို့ တွန့်ဆုတ်နေခဲ့ပေမည့် သခင်ခန်ဘက်က ဖိအားပေးနေတာကြောင့် ရှောင်လွှဲလို့မရခဲ့ပေ။
ထန်ရှောင်ရှောင်က သူတို့အတွက် ငွေပေါင်းများစွာရှာပေးခဲ့သူဖြစ်တာကြောင့် သူမကိုစွန့်ပစ်ဖို့ဆိုတာက လွယ်ကူသည့်ဆုံးဖြတ်ချက်တော့မဟုတ်ပေ။
ကြည့်ရတာ ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းက ထန်ရှောင်ရှောင်နဲ့ စာချုပ်ချုပ်တော့မည့်ပုံပင်၊ အခုဆိုရင် ဖုန့်ဟွာဖျော်ဖြေရေးလုပ်ငန်းသည် ဒီနယ်ပယ်မှာ နာမည်ကြီးနေပြီပင်။
ဖုန့်ဟွာ၏အကူအညီနှင့်သာဆိုလျှင် ထန်ရှောင်ရှောင်မှာ အခွင့်ကောင်းများပိုရလာနိုင်ပေမည်။ ကောလဟာလများ ဖြေရှင်းပြီးသွားသည့်နောက် ထန်ရှောင်ရှောင်၏အနာဂါတ်ဟာလဲ ပိုလို့ထွန်းတောက်လာပေပြီ။
……..
ဖန်းရှီရွှမ်ကတော့ ထိုဓါတ်ပုံများပေါ်ထွက်လာချိန်တွင် အလုပ်လုပ်နေစဲဖြစ်တာကြောင့် သတင်းထွက်လာသည်ကို မသိရှိခဲ့ပေ။
သူမလက်ထောက်ကတော့ မြင်ခဲ့သော်လည်း သူမအလုပ်ကိုမနှောက်ယှက်ရဲတာကြောင့် အလုပ်ပြီးသွားမှပြောရန်သာ စောင့်နေနိုင်တော့သည်။
ဖန်းရှီရွှမ်၏လက်ထောက်တစ်ယောက်အနေနှင့် ဖန်းရှီရွှမ်၏ကိုယ်ရေးကိုယ်တာကိစ္စအချို့ကို သိထားတာကြောင့် ဖန်းရှီရွှမ်က ခန်ယန်ဟန်၏မယားငယ်ဖြစ်ကြောင်း သိရချိန်မှာ မအံ့ဩသွားခဲ့ပေ။ သို့သော်လည်း သူမက ဖန်းရှီရွှမ်နှင့်ယုံကြည်မှုသဘောတူညီချက်စာချုပ်ချုပ်ဆိုထားတာကြောင့် သူမဘယ်လောက်ပဲ သိထားထား ထုတ်မပြောနိုင်ပေ။ သူမသာ ထိုသတင်းများကို ဖော်ထုတ်လိုက်ပါက သူမလဲအထိနာပေလိမ့်မည်။
ဖော်ထုတ်လိုက်သည့်သတင်းကို ဖန်းရှီရွှမ်တွေ့သွားချိန်မှာတော့ ထိတ်လန့်ကာ ကြောက်လန့်တုန်ရီလာတော့သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
ဒါသာအမှန်ဆို သူမအလုပ်ကော သူမဘဝပါပျက်စီးသွားမည်ဖြစ်တာကြောင့် မယုံကြည်နိုင်ဖြစ်နေသည်။
“ရှီရွှမ်၊ အဆင်ပြေရဲ့လား?” သူမလက်ထောက်က ချက်ချင်း ကူတွဲပေးလေသည်။
သို့ပေမည့် ဖန်းရှီရွှမ်ကတော့ ချက်ချင်းပင် ဖုန်းကိုထုတ်ကာ ခန်ယန်ဟန်ကို ဆက်သွယ်လိုက်ပေမည့် တဖက်ကဖုန်းပိတ်ထားသည်နှင့် ကြုံခဲ့ရသည်။
ထိုအခိုက်အတန့်လေးမှာပဲ ဖန်းရှီရွှမ်တစ်ယောက် ဘာဆက်လုပ်လို့လုပ်သင့်မှန်း မစဉ်းစားနိုင်အောင်ဖြစ်သွားသည်။
“ရှီရွှမ်၊ ငါတို့နင့်တိုက်ခန်းကိုအရင်ပြန်ကြရင်မကောင်းဘူးလား? အနုပညာသတင်းထောက်တွေ မကြာခင်ရောက်လာကြလောက်တယ်။” သူမလက်ထောက်က အကြံပေးလိုက်သည်။
“ဟုတ်တယ်။ ငါတို့အရင်ပြန်ရမယ်။” ဖန်းရှီရွှမ်လဲ ထိုတော့မှအသိစိတ်အနည်းငယ်ပြန်ဝင်ကာ သူမလက်ထောက်နှင့်အတူ ထွက်လာခဲ့သည်။
သူမတို့ထွက်လာသည့်လမ်းတစ်လျှောက်လုံး တခြားသောဝန်ထမ်းများက သူတို့ကို အထင်သေးစွာဖြင့်ကြည့်လို့နေကြသည်။
“ဖန်းရှီရွှမ်က သခင်ခန်ရဲ့မယားငယ်ဆိုပြီးတက်လာတယ်နော်။ သူဒီနှစ်အတွင်း အရမ်းနာမည်ကြီးလာတာ အံ့ဩစရာမရှိတော့ပါဘူး။ သူ့မှာ သခင်ခန်ရဲ့အထောက်အပံ့ရှိနေတာပဲ!”
“သူက အရမ်းလဲမလှဘူး၊ သရုပ်ဆောင်ကလဲ မကောင်းပြန်ဘူး။ ဒီလောက်အောင်မြင်လာအောင် ဘာနဲ့များလုပ်နိုင်မှာတဲ့လဲ?”
“ဟုတ်တယ်။ သူ့ခန္ဓာကိုယ်နဲ့ အောင်မြင်မှုကို လဲလှယ်လာတာပဲ။”
“ရွံ့စရာကောင်းလိုက်တာ။”
“သူက ထန်ရှောင်ရှောင်ကိုတောင် လွှဲချဖို့ကြံလိုက်သေးတယ်။ ထန်ရှောင်ရှောင်က ငါ့အိုင်ဒေါပဲ!”
“အရမ်းအရှက်မဲ့တာပဲ။”
ဖန်းရှီရွှမ်က ထိုသူများ၏ပြောစကားများကို ကြားနေရပေမည့် ပြန်လည်ငြင်းခုံရဲသည့်သတ္တိမရှိခဲ့ပေ။
ကံမကောင်းစွာဘဲ အဆောက်အအုံ့၏အပြင်ဘက်တွင် သူမကို အနုပညာသတင်းထောက်များက ကြိုစောင့်လို့နေကြပေပြီ။ သူမထွက်လာသည်နှင့် သူမနားကို ကင်မရာများဝိုင်းဝိုင်းလည်သွားတော့သည်။
“မိန်းကလေးဖန်း၊ မင်းက သခင်ခန်ရဲ့မယားငယ်ဆိုတဲ့သတင်းက အမှန်ပဲလား?”
သူတို့ အဖြေကိုသိနှင့်ထားပြီးသားဆိုရင်တောင်မှ ဒါကိုမေးခွန်းတစ်စိတ်တစ်ပိုင်းအနေနှင့် ထည့်မေးဖို့က သူတို့အလုပ်ဖြစ်နေတုန်းပင်။