ပြန်ပေးဆွဲမှုမှ သဲလွန်စများ
Vol. 11 Ch. 101
နောက်တစ်နေ့နံနက်တွင် ကျန်းကျင်းခိုင် ရုံးသို့ ရောက်လာ၏။ သူ့မျက်နှာမှာ မနေ့ကထက် ပိုမိုပင်ပန်းနွမ်းနယ်နေပုံရသည်။ သူသည် ကုလားထိုင်တွင် ထိုင်လျက် တွေဝေငေးမောနေ၏။ သူ့အာရုံထဲတွင် အားကျောက် ပြန်ပေးဆွဲခံရသည့် မြင်ကွင်းကို ပြန်လည်မြင်ယောင်နေလေသည်။
ထိုအခိုက်မှာပင် လူရှောက်ချိန် အခန်းထဲသို့ ဝင်လာ၏။ သူက ကျန်းကျင်းခိုင်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို တချက်ကြည့်ပြီး ခနမျှ တုံ့ဆိုင်းနေသည်။ ထို့နောက် သူက ပြောလိုက်၏။
"အင်စပက်တာကျန်း ကော်မနာရှင်နာယောက် မိန်းကလေးယင် ပြန်ပေးဆွဲခံရတဲ့အကြောင်းကို သိသွားပြီ ခနနေရင် သူ ဒီကိုလာလိမ့်မယ်"
"ဟုတ်လား"
ကျန်းကျင်းခိုင်၏ လေသံကတော့ ပုံမှန်အတိုင်း ရှိနေပေသည်။
သူ ဘယ်လိုလုပ် ဒီလောက်မြန်မြန်သိသွားတာလဲ"
"ဘာလဲ ငါက မသိရဘူးလား"
အထက်ပါအတိုင်း အော်ဟစ်ပြောဆိုသံနှင့်အတူ ကော်မရှင်နာယောက်ထန်းယု အခန်းထဲသို့ ဝင်လာ၏။ ရုတ်တရက်ဝင်လာခြင်းကြောင့် ကျန်းကျင်းခိုင်နှင့် လူရှောက်ချိန်တို့နှစ်ဦးလုံး အတော်လေးထိတ်လန့်သွားလေသည်။ သူတို့နှစ်ယောက် ကမန်းကတန်းနှင့် ယောက်ထန်းယုကို ခရီးဦးကြိုပြုလိုက်ကြ၏။
"ဟေ့ ကျင်းခိုင် မင်း ဘယ်လိုရဲလဲကွ ကိုယ့်ကောင်မလေးတောင် ကိုယ်မကာကွယ်နိုင်ဘူးလား မင်း လုပ်သက်ကမနည်းလှတော့ဘူး ခုထိ ဘာမှမသင်ယူနိုင်သေးပါလား"
ယောက်ထန်းယူတယောက် အခန်းထဲရောက်သည်နှင့် ကျန်းကျင်းခိုင်ကို တရစပ်ဆူပူတော့သည်။
"မင်းလိုယောက်ျားမျိုးကို ရထားတဲ့ မိန်းကလေး ကံဆိုးတာပဲကွ မင်းရဲ့ကောင်မလေးကို သူတို့ခေါ်သွားတာ ဒီတိုင်း ရပ်ကြည့်နေရသလား မင်းရဲ့သေနတ်ကို ထုတ်မသုံးဘူးလား သေနတ်ကိုထုတ်မသုံးပဲ အလှကြည့်နေတာလားကွ"
"ကျွန်တော်..."
ကျန်းကျင်းခိုင် ဘာမှပြန်မပြောနိုင်ဘူး ကြက်ကြီးလည်လိမ်ထားသကဲ့သို့ ဖြစ်နေလေသည်။ ထို့နောက် သူ့စိတ်အာရုံမှာလည်း အဝေးဆီသို့ ပျံ့လွင့်သွားတော့သည်။ ယောက်ထန်းယု သူ့ကိုဆက်လက်ဆူပူနေသည့်တိုင် သူ ဘာမှမကြားတော့။
သူ၏စိတ်ထဲတွင်လည်း အောက်ပါအတိုင်း တွေးမိနေလေသည်။
ဟုတ်သားပဲ...ငါ လက်နက် ကိုင်ထားတယ်...ဘာလို့မပစ်ခဲ့တာလဲ... ဒါပေမယ့် ပစ်ခွင့်ကောရှိလို့လား...ရဲစည်းမျဉ်းနဲ့ကော ကိုက်ညီလို့လား...
သူ အပြင်းအထန် ဆူပူကြိမ်းမောင်းနေသည့်တိုင် ကျန်းကျင်းခိုင်တယောက် တုံဏှိဘာဝေဖြစ်နေသည်ကို မြင်သောအခါ ယောက်ထန်းယုက ကျန်းကျင်းခိုင်ရင်ဘတ်ကို ခပ်ဆတ်ဆတ်လေး ထိုးလိုက်၏။
"ငါပြောတာကို သေချာနားထောင် မိန်းကလေးယင် ဘာဖြစ်သွားလဲဆိုတာ မင်းစုံစမ်း ငါ အဖြေလိုချင်တယ် ဟုတ်ပြီလား"
ထို့နောက် ယောက်ထန်းယုက အခန်းထဲမှ ဒေါကြီးမောကြီးနှင့်ထွက်သွား၏။ အပြင်ရောက်သည်နှင့် သူက လူရှောက်ချိန်ကို လက်ရပ်ခေါ်ရင်း ပြောလိုက်၏။
"သူ့ကို စောင့်ကြည့် ရူးကြောင်ကြောင်တွေမလုပ်မိစေနဲ့ ကျုပ် ခုနက ဆူလိုက်တဲ့အတွက် သူ စိတ်နဲ့ကိုယ် ပြန်ကပ်သွားလိမ့်မယ်"
အထက်ပါအတိုင်းမှာကြားပြီးနောက် ယောက်ထန်းယုတယောက် အခန်းထဲမှ ထွက်ခွာသွား၏။ အခန်း ထဲတွင် ကျန်ရစ်ခဲ့သော ကျန်းကျင်းခိုင်သည်လည်း ထိုအခါကျမှပင် စိတ်နှင့်ကိုယ် ပြန်ကပ်သွားတော့သည်။ ယောက်ထန်းယု ပြောသည်မှာ မှန်နေပုံရ၏။ မိမိကိုယ်ကို အပြစ်တင်ခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိ။ အထူးသဖြင့် အားကျောက်အတွက် ပို၍ပင်အကျိုးမရှိမှန်း သူ နားလည်သွားခဲ့လေပြီ။ လက်ရှိတွင် သူ့၏အဓိကတာဝန်မှာ အားကျောက် ဘာကြောင့် ပြန်ပေးဆွဲခံရမှန်း ဖော်ထုတ်ရန်ပင် မဟုတ်ပါလား။
သို့ဆိုလျင် အားကျောက် ဘာကြောင့် ပြန်ပေးဆွဲခံရသနည်း။ ကျန်းကျင်းခိုင်သည် ထိုင်နေရင်း စဉ်းစားနေခဲ့သည်။ သူ့ မျက်လုံးထဲတွင် ပထမဆုံး ပြေးမြင်မိသူမှာ လီဟုန်းပင်ဖြစ်သည်။ လီဟုန်းပင်သည် အားကျောက်ကို နှောင့်ယှက်သည့်အတွက် အားမင်၏ ထိုးကြိတ်မှုကို ခံခဲ့ရသည်မဟုတ်ပါလား။ ထိုအတွက် ၎င်းသည် အားကျောက်အပေါ် အငြိုးရှိနိုင်၏။
ထိုအခါ သူက လူရှောက်ချိန်ကို ခေါ်ပြီး အမိန့်ပေးလိုက်၏။
"ရှောက်ချိန် မင်းက ရဲအရာရှိနှစ်ယောက်ကို ခေါ်ပြီး အရပ်ဝတ်လဲ ပြီးရင် မင်းတို့သုံးယောက် ဒီစာရွက်ထဲမှာ ရေးထားတဲ့ကောင် အကြောင်းကို စုံစမ်းစမ်းကွာ"
လီဟုန်းပင်နှင့် ပတ်သက်သည့် အချက်အလက်များ ရေးမှတ်ထားသည့်စာရွက်က်ို လူရှောက်ချိန်လက်ထဲ ထည့်ပေးရင်း ကျန်းကျင်းခိုင်က ပြောလိုက်ခြင်း ဖြစ်သည်။
"ဒါပေမဲ့ မင်းမှတ်ထားဖို့က ဒီစစ်ဆင်ရေးကို လျှို့ဝှက်ထားရမယ် မင်းနဲ့ အလုပ်လုပ်တဲ့ ရဲအရာရှိနှစ်ယောက်ကလွဲလို့ တခြားဘယ်သူ့ကိုမှ မပြောနဲ့ ဟုတ်ပြီလား"
"ဟုတ်ကဲ့ အင်စပက်တာ"
လုရှောက်ချိန် ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်ခွာသွား၏။
လူရှောက်ချိန် ထွက်သွားပြီးနောက် ကျန်းကျင်းခိုင်သည် ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။ သူ့ခေါင်းထဲတွင်ကား ရှောင်လွှဲမရနိုင်သော ဖြစ်နိုင်ခြေတစ်ခုကို တွေးတောနေ၏။ ၎င်းမှာ ကျန်းကျင်းခိုင် မစဉ်းစားချင်သောအရာဖြစ်သည်။ သို့သော် သူ့အနေနှင့် ရွေးချယ်စရာမရှိတော့ပေ။ သူသည် အားကျောက်ကို ကွင်းဆက်လူသတ်မှုများနှင့် မူးယစ်ဆေးဝါးကွန်ရက်ကိစ္စတွင် သံသယရှိသူအဖြစ် ထည့်သွင်းစဥ်းစားရပေတော့မည်။
ဤအမှုနှစ်ခုနှင့် အားကျောက်နှင့် မည်သို့ဆက်စပ်နေသနည်း။ အားကျောက်သည် ကွင်းဆက် လူသတ်မှုများနှင့် မူးယစ်ဆေးဝါးကွန်ရက်ကိစ္စတွင်အဓိကသံသယရှိသူအားရှုနှင့် အလွန်နီးစပ်နေ၏။ သို့သော် အမှုနှစ်ခုနှင့်ပတ်သက်သောအချက်အလက်များတွင် အားကျောက် မပါပဲ ဖြစ်နေပြန်သည်။ လျှို့ဝှက်ထားသော အဓိကအချက်အလက်တစ်ခုများ ရှိနေနိုင်သလား။ အားကျောက်သည် အားရှုနှင့် စွေ့တီကွမ်းတို့ကြား ဆက်သွယ်ရေးသမားများ ဖြစ်နေသလား။ သို့မဟုတ် စွေ့ကျုံးယီသည်ပင် အားကျောက်ကို ပြန်ပေးဆွဲသူ ဖြစ်နေသလား။
ကျန်းကျင်းခိုင် အတွေးများကို ခေတ္တရပ်ပြီး မိတ်ဆွေတဦးကို ဖုန်းခေါ်ကာ စွေ့ကျုံးယီနှင်ပတ်သက်သော အချက်အလက်များ လှမ်းတောင်းလိုက်၏။
"ရတာပေါ့ ကျုပ် အခုပဲ လူတစ်ယောက်ကို ခင်ဗျားရုံး လာပို့ခိုင်းလိုက်မယ်"
ကျန်းကျင်းခိုင်၏ မိတ်ဆွေက အထက်ပါအတိုင်းဖြေလိုက်၏။ ထိုအခါ ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်သည်။
"ဒါနဲ့ စွေ့ကျုံးယီ ဒီမြို့မှာ ကားအပိုင်ရှိသလား သူ ဘယ်လိုကားမျိုးကို ပုံမှန်စီးလဲ"
"အဲဒါပြောဖို့ ခက်တယ် သူတို့အဖွဲ့က တော်တော်လေးကို ကလိမ်ကကျစ်ကျတယ် သူတို့မှာ သူတို့ပိုင်ကားတွေရှိတယ် ဒါပေမယ့် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်တဲ့အခါတိုင်း ငှားထားတဲ့ ကားတွေကိုပဲ အမြဲသုံးတယ် မကြာသေးခင်ရက်တွေတုန်းက ကျုပ်တို့ သူတို့ကားတွေကို အကြိမ်ကြိမ်ရှာဖွေခဲ့တယ် ဘာမှရှာမတွေ့ခဲ့ဘူး"
"အာ ဟုတ်ကဲ့ ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"
ကျေးဇူးတင်စကားပြောပြီး ကျန်းကျင်းခိုင် ဖုန်းချလိုက်၏။ ထိုအချိန်မှာပင် လျူနင်း ရုံးခန်းထဲသို့ ဝင်လာလေသည်။
"အင်စပက်တာကျန်း ပြီးခဲ့တဲ့ညက ပြန်ပေးဆွဲရာမှာ သုံးတဲ့ကားကို ရှာတွေ့ပါပြီ"
"ဟုတ်လား ဘယ်မှာလဲ"
ကျန်းကျင်းခိုင် စိတ်လှုပ်ရှားသွား၏။
"ဗဟိုဆေးရုံနဲ့ မလှမ်းမကမ်း လမ်းဘေးမှာပါ"
လျူနင်းက ပြန်ဖြေလိုက်သည်။
"ယာဉ်ထိန်းရဲတွေက တွေ့တာပါ အင်စပက်တာ ဗန်ကားက ပုံမှန်မဟုတ်ဘဲ ရပ်ထားလို့ ယာဉ်ထိန်းရဲတွေ သွားစစ်တဲ့အချိန်မှာ သော့ချိတ်လျက်သား ထားထားတာကို တွေ့လိုက်ရတယ်"
"အင်း.."
လျူနင်း ပြောသည်ကို ကြားပြီးနောက် ကျန်းကျင်းခိုင် စိတ်ပျက်သွား၏။ လျူနင်း နောက်ထပ်ဘာပြောမည်ကို သူသိလိုက်လေပြီ။ ဗန်ကားသည် ခိုးယူထားသည့်ကား ဖြစ်ပြီး ဗန်ကားအတွင်းပိုင်းမှ မည်သည့် လက်ဗွေရာမှ မရနိုင်မှန်း သူ သဘောပေါက်လိုက်၏။
တကယ်လည်း လျူနင်းက ထိုအတိုင်းပင် သတင်းပို့လာ၏။
"ကောင်းတယ် ကားပိုင်ရှင်ကို ထပ်မေးပါ ကားကို ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ခိုးယူသွားလဲဆိုတာ ကျုပ်တို့ သိဖို့လိုတယ်"
ထို့နောက် သူ လျူနင်းကို အခန်းထဲမှ ထွက်သွားရန် လက်ပြလိုက်လေသည်။