ပြန်ပေးဆွဲမှုမှ သဲလွန်စများ ၂
Vol. 11 Ch. 102
လျူနင်း ထွက်သွားပြီးနောက် ကျန်းကျင်းခိုင်တယောက် ကုလားထိုင်တွင် မှီရင်း စဥ်းစားမိပြန်သည်။ ကားထဲတွင် လက်ဗွေရာ မတွေ့ရကြောင်း သိရှိရပြီ ဖြစ်သည်။ သို့သော် လျူနင်းသည် ကားထဲတွင် သွေးစသွေးနများ တွေ့ခဲ့ကြောင်းကိုလည်း မပြောခဲ့ချေ။ ဆိုလိုသည်မှာ အားကျောက်ကို ပြန်ပေးဆွဲသူများအနေနှင့် သူမကို ထိခိုက်နာကျင်အောင် မလုပ်ခဲ့ချေ။ ဤအချက်အလက်ကိုကြည့်လျင် ပြန်ပေးသမားများသည် အားကျောက်ကို လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်အတွက် ပြန်ပေးဆွဲခြင်းမဟုတ်ပဲ ငွေလိုချင်၍သော်လည်းကောင်း၊ တခြားရည်ရွယ်ချက်တစ်ခုခုကြောင့်သော်လည်းကောင်း ပြန်ပေးဆွဲသွားခြင်းဖြစ်ကြောင်း မြင်သာနေ၏။
ထိုအကြောင်းကို တွေးမိသည်နှင့် ကျန်းကျင်းခိုင် နည်းနည်းတော့ စိတ်သက်သာသွားသည်။ တကယ်တော့ သူ အားကျောက် ထိခိုက်ဒဏ်ရာ ရသွားမည်ကို ကြောက်ရွံ့နေခဲ့ခြင်းပင်။
မည်သို့ဆိုစေ ကျန်းကျင်းခိုင်အနေနှင့် လက်ရှိတွင်ပြန်ပေးသမားများသည် လိင်ကုန်ကူးဂိုဏ်း သို့မဟုတ် မုဒိမ်းသမားများဟူသော ဖြစ်နိုင်ခြေကို ပယ်ဖျက်နိုင်ခဲ့လေပြီ။ ထိုအခါ ကျန်းကျင်းခိုင်၏ အာရုံက လမ်းကြား လူသတ်မှုများဆီသို့ ပြန်ရောက်သွားပြန်သည်။ အားကျောက်ကို မည်သူ ပြန်ပေးဆွဲသွားလေသနည်း။ ဤနေရာတွင်လည်း သူက လမ်းကြားကွင်းဆက်လူသတ်သမားကို သံသယတရားခံစာရင်းမှ ဖျက်လိုက်ပြန်၏။
သို့ဆိုလျင် ထိပ်ပြောင်ဝံပုလွေများ ဖြစ်နိုင်သလား။ ထိုအကြောင်းကို တွေးလိုက်သည်နှင့် ကျန်းကျင်းခိုင် မျက်မှောင်ကုတ်သွား၏။ သို့သော် ၎င်းမှာလည်း မဖြစ်နိုင်ပြန်။ ကျန်းကျင်းခိုင်အနေနှင့် အားမင်နှင့် အားကျောက်တို့သည် ထိပ်ပြောင်ဝံပုလွေနှင့် တနည်းတဖုံ ဆက်နွယ်နေသည်ဟု ယုံကြည်ထား၏။ အသေးစိတ်ကိုတော့ သူ မသိရသေးချေ။ တချိန်တည်းမှာပင် ကျန်းကျင်းခိုင်၏ နှလုံးသားထဲတွင် ရှင်းမပြနိုင်သော ဝမ်းနည်းမှုတခုကို ခံစားလိုက်ရ၏။ ထိပ်ပြောင်ဝံပုလွေသည် သူ့ဇနီးနှင့် သမီးကို သတ်ခဲ့သူ ဖြစ်သည်။ ထိုလူအကြောင်း တွေးမိတိုင်း သူ၏ ဝိညာဉ်ကို ကြီးမားသော ကျောက်တုံးကြီးနှင့် ဖိချေထားသည့်နှယ် သူ ခံစားရတတ်၏။
နောက်ဆုံးတော့ ကျန်းကျင်းခိုင်၏ အတွေးများက စွေ့ကျုံးယီဆီသို့ တစ်ဖန် ပြန်ရောက်လာ၏။ ထို့နောက် သူ သူ့ရှေ့ရှိ စာရွက်စာတမ်းများကို ပြန်ကြည့်လိုက်သည်။ စွေ့ကျုံးယီသည် ဖြစ်နိုင်ချေ အများဆုံး သံသယတရားခံဖြစ်သော်လည်း လီဟုန်းပင်ကိုလည်း မေ့ပစ်၍မရသေးချေ။ ကျန်းကျင်းခိုင် သက်ပြင်းချရင်း မျက်နှာကျက်ကို စိုက်ကြည့်ကာ တွေဝေငေးမောနေ၏။ တခနအကြာတွင် သူက ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်ပြီး လီဟုန်းပင်၏ အမည်ဘေးတွင် ကြက်ခြေခတ်အမှတ်အသား ပြလိုက်သည်။
လီဟုန်းပင်၏ အမည်ကို သူ ဖျက်ထုတ်ရသည့် အဓိက အကြောင်းရင်း နှစ်ခု ရှိ၏။ ပထမအကြောင်းရင်းမှာ လီဟုန်းပင်သည် အားကျောက်ကို ပြန်ပေးဆွဲရန်အတွက် ကားတစီးကို ဤမျှ ပင်ပင်ပန်းပန်း ခိုးယူမည့်သူမျိုး မဟုတ်ချေ။ ဒုတိယအကြောင်းရင်းမှာ အားကျောက်ကို လိင်ပိုင်းဆိုင်ရာ သို့မဟုတ် လက်စားချေရန် ပြန်ပေးဆွဲသည်ဆိုပါက လီဟုန်းပင်အနေနှင့် ကားထဲမှာပင် လုပ်စရာရှိသည်ကို လုပ်ပေလိမ့်မည်။ သို့သော် ပြန်ပေးသမားများသည် ၎င်းတို့၏ လုပ်ဆောင်ချက်တိုင်းတွင် သတိကြီးကြီးနှင့် လုပ်သွားကြ၏။ ကြည့်ရသလောက် ပြန်ပေးသမားများသည် အားကျောက်ကို မထိခိုက်စေပဲ ဖမ်းလာရမည်ဟူသော အမိန့်မျိုးကိုပင် ရထားကောင်းရထားနိုင်၏။
သိုဆိုလျင် နောက်ဆုံးသံသယရှိသူမှာ စွေ့ကျုံးယီတဦးသာ ကျန်တော့သည်။ သို့သော် ၎င်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေ၏။ စွေ့ကျုံးယီသည် အာကျောက်ကို အဘယ်ကြောင့် ပြန်ပေးဆွဲလိုသနည်း။ အားရှု၏ နေရာကို ရှာဖွေရန်လား။ အားတီ၏ ထွက်ဆိုချက်နှင့် ဖမ်းမိသူတရားခံနှစ်ဦး၏ ဝန်ခံချက်များအရ ၎င်းမှာ ဖြစ်နိုင်ချေရှိနေသည်။ အားကျောက်သည် အားရှု၏ အရင်းနှီးဆုံး သူငယ်ချင်းများထဲမှ တစ်ဦးပင် မဟုတ်ပါလား။ စွေ့ကျုံးယီ၏စိတ်ထဲတွင် အားရှုဘယ်နေရာတွင်ရှိနေမှန်း အားကျောက် သိလောက်သည်ဟု ထင်ကောင်းထင်နေနိုင်သည်။ ကျန်းကျင်းခိုင် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။ ဤအကြောင်းပြချက်သည် များစွာ ဖြစ်နိုင်ချေရှိနေသည်မဟုတ်ပါလား။
“အင်စပက်တာကျန်း”
ထိုအချိန်တွင် တံခါးခေါက်သံနှင့်အတူ ယဉ်ကျေးသော အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက်လှပသော အမျိုးသမီးငယ်တစ်ဦး ကျန်းကျင်းခိုင်၏ ရုံးခန်းတံခါးဝတွင် ပေါ်လာ၏။
"စစ်ဆေးရေးမှူးကျူးက ဒီစာရွက်စာတမ်းတွေ အင်စပက်တာဆီ ပို့ခိုင်းလိုက်ပါတယ်"
“အိုး ကျေးဇူးပဲ ဝင်လာခဲ့ပါ”
ကျန်းကျင်းခိုင်က အနှီအမျိုးသမီး အရာရှိကို ယဉ်ကျေးစွာ လှမ်းခေါ်လိုက်၏။
"ဒါနဲ့ မင်းကို တစ်ခု မေးချင်သေးတယ် မင်းအနေနဲ့စွေ့ကျုံးယီဆိုတဲ့လူအကြောင်း ဘယ်လောက်သိထားသလဲ"
သူ စာရွက်စာတမ်းများကို ကြည့်ရင်း မေးလိုက်၏။
“နည်းနည်းတော့ သိပါတယ်အင်စပက်တာ”
အမျိုးသမီး အရာရှိက ပြန်ဖြေလိုက်သည်။
“အပြင်ပန်းကြည့်ရင်တော့ အဲ့ဒီလူက အရမ်းကို ယဉ်ကျေးတယ် ခုချိန်ထိ သူ့ကို ဘယ်လူသတ်မှုနဲ့မှ ဆက်စပ်လို့ မရသေးပါဘူး ဒါပေမဲ့ သူ့ညီ စွေ့ကျုံးလီကတော့ အတော်လေး ကွာခြားပါတယ် စွေ့တီကွမ်းသေသွားတဲ့နောက် သူ့ရာဇဝတ်ဂိုဏ်းတဂိုဏ်းလုံး ဒီညီအစ်ကိုနှစ်ယောက်လက်ထဲ ရောက်သွားတာပေါ့"
“စွေ့ကျုံးလီ ဟုတ်လား"
အမျိုးသမီးအရာရှိက ဆက်ပြောလိုက်ပြန်သည်။
“ဟုတ်ပါတယ်အင်စပက်တာ သူ နိုင်ငံခြားကနေ ဒီကို လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ ပြန်ရောက်လာတာ စွေ့တီကွမ်း အသက်ရှိတုန်းကဆိုရင် ပြည်ပလုပ်ငန်းတွေကို သူ ကြီးကြပ်ခဲ့တာလို့ ပြောကြတယ်"
“တကယ်လား”
ကျန်းကျင်းခိုင် စားပွဲကိုလက်ဆစ်နှင့် တဒေါက်ဒေါက်ခေါက်ရင်း စဥ်းစားနေ၏။ ပြီးမှ သူက မေးလိုက်သည်။
“မင်းနာမည်က ဘယ်သူလဲ”
“ကျွန်မ နာမည် ရှုနင်းပါအင်စပက်တာ"
အမျိုးသမီးအရာရှိက ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"အင်စပက်တာကျန်း တခြား ဘာများ ရှိဦးမလဲ”
“မရှိတော့ဘူးရှုနင်း ကျေးဇူးတင်ပါတယ်ကွာ"
ထို့နောက် ကျန်းကျင်းခိုင်က ရှုနင်းကို တံခါးဝအထိ လိုက်ပို့လိုက်လေသည်။ ကျန်းကျင်းခိုင်၏ စိတ်ထဲတွင် ရှုနင်းကို ထူးထူးဆန်းဆန်း ရင်းနှီးသည်ဟု ခံစားရ၏။ သို့သော် သူမကို သူ ဘယ်မှာ မြင်ဖူးမှန်း တိတိကျကျ မပြောနိုင်ပဲ ဖြစ်နေ၏။
ရှုနင်း ထွက်သွားသည်နှင့် ကျန်ကျင်းခိုင်က သူမပေးခဲ့သော စာရွက်စာတမ်းအားလုံးကို ပြန်လည်စစ်ဆေးလိုက်၏။ ထို့နောက် သူ အတွေးများထဲ ပြန်လည်နစ်မြုပ်သွားပြန်သည်။ ဤစာရွက်စာတမ်းများအရ စွေ့ကျုံးယီသည် အပြစ်ပြောစရာမရှိသော စီးပွားရေးလုပ်ငန်းရှင် ဖြစ်နေသည်။ သူ့လုပ်ငန်းမှာ မူးယစ်ဆေးဝါး ကုန်ကူးခြင်း ဖြစ်သော်လည်း သူ့မှတ်တမ်းတွင် ပြစ်မှုများ ကင်းရှင်းနေ၏။ စွေ့ကျုံးလီ ပြန်မရောက်မီ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း၊ လိုအပ်လာပါက အကြမ်းဖက်ခြင်းတို့ကို ကောက်တင်ကန်း၊ ကျောက်ရမ်းချူနှင့် တန်ရှောက်ချန်းတို့ကသာ ပင်တိုင်လုပ်ကိုင်ခဲ့ကြ၏။ သို့သော် ထိုလူသုံးဦးလုံး လမ်းကြားတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာဘာကို ဆိုလိုသနည်း။ သူတို့သည် ပြည့်တန်ဆာ ရှာဖွေရန်သက်သက် လမ်းကြားသို့ရောက်လာခဲ့ခြင်းမဟုတ်ပဲ တခြားရည်ရွယ်ချက်တခုခုများ ရှိနေသလား။
တဖန် ကျန်းကျင်းခိုင်က စွေ့ကျုံးလီ၏ အကောက်ခွန် အဝင်အထွက် မှတ်တမ်းများကို ပြန်လှန်ကြည့်လိုက်ပြန်သည်။ သူ၏အကောက်ခွန် မှတ်တမ်းများအရ သူ နောက်ဆုံး နိုင်ငံခြားထွက်ခွာခဲ့သည်မှာ လွန်ခဲ့သော နှစ်နှစ်ခွဲခန့်က ဖြစ်ပြီး နောက်ဆုံး ပြန်ရောက်လာခဲ့သည်မှာ လွန်ခဲ့သော ခြောက်လခန့်က ဖြစ်သည်။ ထိုအခါ သူက စွေ့ကျုံးလီ နိုင်ငံခြားတွင် ရှိနေခဲ့သော အချိန်ကာလနှင့် အားရှု၏ မူးယစ်ဆေးဝါး လုပ်ငန်းများ လုပ်ကိုင်နေသည့်အချိန်ကာလကို နှိုင်းယှဥ်ကြည့်လိုက်၏။ ထို့ပြင် သူပြန်လာသည့်အချိန်ကာလခန့်မှာပင် လမ်းကြားအတွဲလိုက်လူသတ်မှုများ စတင်ဖြစ်ပွားလာကြောင်း တွေ့ရှိရသည်။ ၎င်းမှာ အံ့သြစရာကောင်းလောက်အောင် တိုက်ဆိုင်နေ၏။ သာမာန်တိုက်ဆိုင်မှုပင် ဟုတ်ပါ့မလားဟု သံသယပွားစရာပင်။
ထိုအခါ ကျန်းကျင်းခိုင်သည် ဖိုင်တွဲကို ပိတ်လိုက်ပြီး အခန်းပြင်ထွက်ကာ သူ့လူများကို အမိန့်ပေးလိုက်သည်။
"အားလုံးပဲ လုပ်နေတာတွေ ခနရပ်ကြအုံး မင်းတို့အတွက် တာဝန်တစ်ခု ရှိတယ် စွေ့ကျုံးယီနဲ့ စွေ့ကျုံးလီတို့ရဲ့ လှုပ်ရှားမှုတွေ၊ အထူးသဖြင့် စွေ့ကျုံးလီရဲ့ နောက်ဆုံးအခြေအနေကို ကျုပ်သိချင်တယ် အမြန်ဆုံး လှုပ်ရှားကြပေတော့"
ထို့နောက် သူက ခေတ္တစဥ်းစားပြီး လျူနင်းကိုကြည့်ကာ အမိန့်ပေးလိုက်ပြန်သည်။
"လျူနင်း မင်းက ဆာဂျင်ကျန်းဆီကို သွားပါ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း လမ်းကြားကိုရောက်လာခဲ့တဲ့ ပြည့်တန်ဆာတိုင်းရဲ့ အချက်အလက်အပြည့်အစုံကို ကျုပ် လိုချင်တယ် အီလက်ထရောနစ်ဖိုင်ဆိုရင် ရပြီ"
ထိုသို့ အမိန့်ပေးပြီးသည်နှင့် ကျန်းကျင်းခိုင်သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနရုံးခန်းသို့ တန်းတန်းမတ်မတ်ပင် လျှောက်လာခဲ့၏။
ယခုအချိန်တွင် မြို့အနှံ့အပြား၌ မမြင်ရသော ရှာဖွေရေးကွန်ရက်များစွာကို ဖြန့်ကျက်ထားပြီး ဖြစ်သည်။ ဤရှာဖွေရေး ကွန်ရက်များအားလုံး၏ ပစ်မှတ်မှာ တစ်ဦးတည်းသာ ဖြစ်သည်။ ၎င်းမှာ ယင်ကျီးယွမ်အမည်ရှိ အမျိုးသမီး တစ်ဦးကို ရှာဖွေရန်ပင်။ ရှာဖွေသူ အများစုအနေနှင့် သူတို့ ရှာဖွေရမည့် အမျိုးသမီးသည် လုပ်ဖော်ကိုင်ဖက် ရဲအရာရှိတစ်ဦး၏ ချစ်သူမှန်း သိထားကြ၏။ ရဲအများစုအတွက် ဤမျှသိရလျင် လုံလောက်သော အကြောင်းပြချက် ဖြစ်နေပေပြီ။
ဤရှုထောင့်မှကြည့်လျှင် အားကျောက်သည် ယခုအချိန်တွင် ပျော်ရွှင်နေသင့်၏။ အကြောင်းမှာ သူမသည် လူတိုင်းလေးစားရသည့် ရဲအရာရှိတဦး၏ ချစ်သူ ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် မြို့တော်၏ရဲတပ်ဖွဲ့တစ်ခုလုံးက သူမကို ရှာဖွေရန် လှုပ်ရှားနေကြပြီ မဟုတ်ပါလား။ အကယ်၍ အားကျောက်သာလမ်းကြားတွင် လမ်းလျှောက်နေသော ပြည့်တန်ဆာဖြစ်နေခဲ့သေးလျင် ထိုလူများအနေနှင့် သူမကို ရှာဖွေရန် ဤမျှ အားထုတ်မည်မဟုတ်သည်မှာ သေချာနေသည်။ ထိုအခြေအနေမျိုးတွင် သူမ အားကိုးနိုင်သည်မှာ သူမ၏ အသက်မဲ့ခန္ဓာကိုယ်ကို အဖြူရောင်ပိတ်စနှင့် ဖုံးအုပ်ပေးနေသော မှုခင်းဆရာဝန်တဦး၏ လက်တစုံ ဖြစ်နေမည်မှာ အမှန်ပင်။