← Chapters

အပန်းဖြေစခန်းကို လျှို့ဝှက်စုံစမ်းခြင်း

Vol. 11 Ch. 104

အပန်းဖြေစခန်းကို လျှို့ဝှက်စုံစမ်းခြင်း

Vol. 11 Ch. 104

လီဟုန်းပင်ရူးသွားပြီးနောက် ပြန်ပေးဆွဲမှုအတွက် သံသယရှိသူဟူ၍ စွေ့ကျုံးယီတဦးသာ ကျန်တော့သည်။ ရက်ပေါင်းများစွာ ကြိုးစားပြီးနောက် စွေ့ကျုံးယီ၏ လက်ထောက်နှစ်ဦးဖြစ်သော ဝမ်နှင့်ပင်းတို့ကို အထင်ကရအပန်းဖြေစခန်းကြီးတစ်ခုအနီးတွင် မကြာခဏ တွေ့ရကြောင်း ကျန်းကျင်းခိုင်တို့ သိလာရ၏။ သို့သော် ထိုနှစ်ဦးသည် အပန်းဖြေစခန်းမှ မကြာခနဆိုသလိုပင် ပျောက်ကွယ်သွားလေ့ရှိ၏။ နောက်ဆုံးတော့ ဝမ်နှင့်ပင်းတို့သာ အပန်းဖြေစခန်းတွင် တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးကို ဖွက်ထားမည်ဆိုပါက လူအများ ဝင်ထွက်နိုင်သော နေရာများတွင် ဖွက်ထားမည်မဟုတ်ကြောင်း သူတို့ သဘောပေါက်လာ၏။ ထိုအစား ၎င်းတို့သည် အပန်းဖြေစခန်းပြင်ပတနေရာ သို့မဟုတ် ဂိုဒေါင်များကိုသာ အသုံးပြုဖွယ်ရာရှိနေပေသည်။

ဤယနေ့တော့ လူရှောက်ချိန်နှင့် ကျန်းကျင်းခိုင်တို့နှစ်ယောက်သည် အပန်းဖြေစခန်း အထွေထွေမန်နေဂျာရုံးခန်းသို့ ရောက်လာကြ၏။ အခန်းထဲတွင် သက်လတ်ပိုင်းအရွယ် ဝဝပုပုလူတယောက် ရှိနေသည်။

“ခင်ဗျားက ဒီအပန်းဖြေစခန်းရဲ့ အထွေထွေမန်နေဂျာ မစ္စတာစုန့်ဟုတ်သလား”

လူရှောက်ချိန်က ယဉ်ကျေးသော လေသံဖြင့် မေးမြန်းလိုက်သည်။

“ဟုတ်ကဲ့ ကျွန်တော်ပါပဲ”

ထိုလူက ပြန်ဖြေလိုက်၏။

“ဒါနဲ့ ခင်ဗျားတို့က ဘယ်သူတွေလဲ ဘာလိုချင်လို့လဲ"

“ခင်ဗျားကို လန့်အောင်လုပ်တာတော့မဟုတ်ဘူးဗျ ကျွန်တော်တို့ ရဲဌာနကပါ အမှုတစ်ခုနဲ့ ပတ်သက်ပြီး ခင်ဗျားကို မေးခွန်းနည်းနည်းမေးချင်လို့"

လူရှောက်ချိန်က သက်သေခံကတ်ပြားကို ထုတ်ပြရင်း ပြောခဲ့သည်။ တဆက်တည်းမှာပင် သူက ကျန်းကျင်းခိုင်ကို လက်ညှိုးထိုးပြရင်း မိတ်ဆက်ပေးလိုက်၏။

"သူကတော့ ကျွန်တော်တို့စုံစမ်းရေးဌာနရဲ့ ကပ္ပတိန် အင်စပက်တာကျန်းပါ"

"အော် ဟုတ်ကဲ့ အင်စပက်တာကျန်း တွေ့ရတာ ဝမ်းသာပါတယ်”

မဖိတ်ခေါ်ဘဲ ရောက်လာသူများက ရဲများမှန်းသိလိုက်သည်နှင့် မစ္စတာစုန့်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

“ကျေးဇူးပါပဲ မစ္စတာစုန့်”

ကျန်းကျင်းခိုင်က မစ္စတာစုန့်ကို လက်ဆွဲနှုတ်ဆက်ရင်း ပြောလိုက်၏။

“ဒီနေ့ ကျွန်တော်တို့ လာတာက အပန်းဖြေစခန်းရဲ့ လတ်တလော စီးပွားရေးအခြေအနေနဲ့ ပတ်သက်နေတယ်"

"ဟုတ်ကဲ့ ရပါတယ် အင်စပက်တာ”

မစ္စတာစုန့်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့က ဥပဒေနဲ့အညီ စီးပွားရေးလုပ်နေကြတာပါ အင်စပက်တာ အထူးသဖြင့် အခွန်အခတွေ ပေးဆောင်တဲ့နေရာမှာပါပေါ့ ကျွန်တော်တို့ပေးဖို့ မေ့နေတဲ့ အခွန်အခတွေ၊ အခကြေးငွေတွေ ရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ ကျွန်တော်တို့ အားလုံးက မိတ်ဆွေတွေပဲလေ ဘာမှဖုံးကွယ်နေစရာ မလိုပါဘူး ဟားဟားဟား”

မစ္စတာစုန့် အားရပါးရ ရယ်မောရင်း ပြောလိုက်၏။ သူ သိထားသလောက် ရဲများ တံခါးလာခေါက်တိုင်း ပိုက်ဆံတောင်းဖို့သာ ဖြစ်နေတတ်သည် မဟုတ်ပါလား။

“တကယ်တော့ ဒီနေ့ ကျွန်တော်တို့ လာတာက ခင်ဗျားတို့ရဲ့ ဘဏ္ဍာရေးအကြောင်းဆိုတာထက် တခြားအကြောင်းတခုရှိသေးတယ်ဗျ”

ကျန်းကျင်းခိုင်က မစ္စတာစုန့်ကို ပြုံးပြရင်း စကားစလိုက်သည်။

“ဟင် ပိုက်ဆံအတွက် မဟုတ်ဘူးလား”

မစ္စတာစုန့်၏ မျက်နှာပေါ်မှအပြုံး ချက်ချင်းပျောက်ကွယ်သွား၏။ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ကိုင်ခဲ့သည့် သူ့အတွေ့အကြုံအရ ရဲများရောက်လာပြီး ပိုက်ဆံအကြောင်းမပြောခဲ့လျင် ပြသနာတခုရှိနေပြီဟု သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။

အာ...ဒါနဲ့ နေပါအုံး...အင်စပက်တာကျန်းက ပိုက်ဆံပိုလိုချင်နေတာလားမှမသိတာ... သူလဲ ရဲတယောက်ပဲလေ...

ထိုသို့ တွေးလိုက်သည်နှင့် မစ္စတာစုန့် မူလအတိုင်း ပြုံးပြုံးရွှင်ရွှင် ပြန်ဖြစ်လာသည်။

“ဟားဟားဟား ပြဿနာမရှိပါဘူးဗျာ လုံးဝပြဿနာ မရှိပါဘူး ပိုက်ဆံကလွဲလို့ တခြားတစ်ခုခု လိုချင်နေတယ်ဆိုရင်လဲ ရပါတယ် ကျွန်တော်တို့ အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ပါတယ်"

"မစ္စတာစုန့်ကိုကြည့်ရတာ နားလည်မှု လွဲနေပုံရတယ်”

ကျန်းကျင်းခိုင် ပြုံးလိုက်သည်။

"ကျွန်တော်တို့ ဒီနေ့ ဒီကိုလာတာ ခင်ဗျားတို့ရဲ့ ဝန်ထမ်းတွေနဲ့ သက်ဆိုင်နေတယ်ဗျ ဥပမာဗျာ သူတို့ထဲက ဘယ်သူ့မှာ ရာဇဝတ်မှတ်တမ်း ရှိနေသလဲ ဒါမျိုးပေါ့"

“သြော်….”

မစ္စတာစုန့်၏မျက်နှာပေါ်မှအပြုံးက ထပ်မံပျောက်ကွယ်သွားပြန်သည်။

“ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးပါမယ်”

သူ ဘာမှမတတ်နိုင်ပဲ ခေါင်းညိတ်လိုက်ရ၏။

“ကောင်းပြီ ဒါဆိုရင် ခင်ဗျားတို့ အပန်းဖြေစခန်းရဲ့ ဝန်ထမ်းမှတ်ပုံတင်စာအုပ်ကို ကျုပ် ကြည့်လို့ရမလား”

မစ္စတာစုန့် ပြဿနာ မရှာတော့မှန်းသိလိုက်၍ ကျန်းကျင်းခိုင် တိုက်ရိုက်ပင် ပြောလိုက်သည်။ သူ့ အတွေ့အကြုံအရ ဝမ်နှင့်ပင်းတို့သည် ဤအပန်းဖြေစခန်းနှင့် တစ်နည်းတဖုံ ဆက်စပ်မှု ရှိနေသည်မှာ သေချာနေ၏။

“ကောင်းပါပြီ”

ထို့နောက် မစ္စတာစုန့်က မျက်နှာတည်တည်နှင့် အပန်းဖြေစခန်း၏ ဝန်ထမ်းရေးရာဌာနကို ဖုန်းခေါ်လိုက်သည်။ တခနအကြာတွင် ဝန်ထမ်းရေးရာဌာနမှ ချင်းချိန်သည် ဝန်ထမ်းမှတ်ပုံတင်စာအုပ်ကို ကိုင်ကာ အခန်းထဲသို့ ဝင်လာ၏။

“မင်္ဂလာပါရှင့် ဒါ ကျွန်မတို့ ကုမ္ပဏီရဲ့ ဝန်ထမ်းမှတ်ပုံတင်စာအုပ်ပါ”

ချင်းချိန်က စာအုပ်ကို ကျန်းကျင်းခိုင်လက်ထဲကမ်းပေးရင်း ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒါနဲ့ ဒီထဲမှာ ယာယီဝန်ထမ်းတွေကော ပါသလား”

"ဟုတ်ကဲ့ ပါပါတယ်ရှင့်”

ချင်းချိန်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"ဒီအပန်းဖြေစခန်းက ဝန်ထမ်းတိုင်း ဒီမှတ်ပုံတင်စာအုပ်ထဲမှာ ပါတယ်ရှင့် အမြဲတမ်းဝန်ထမ်းဖြစ်ဖြစ် ယာယီဝန်ထမ်းဖြစ်ဖြစ်ပါ”

“ကောင်းပါပြီ”

ကျန်းကျင်းခိုင် မှတ်ပုံတင်စာအုပ်က်ို အကြမ်းဖျင်းဖတ်လိုက်၏။ ထို့နောက် သူ မေးလိုက်ပြန်သည်။

“ခင်ဗျားတို့ ကုမ္ပဏီမှာ နည်းပညာဝန်ထမ်းတွေ မရှိဘူးလား”

“ရှိပါတယ် ဒါပေမယ့် နည်းပညာအလုပ်အများစုကို ကန်ထရိုက်ပေးထားတာဆိုတော့ အဲဒီ ဝန်ထမ်းတွေက မှတ်ပုံတင်စာအုပ်ထဲမှာ မပါဘူးရှင့်”

“တကယ်လား ဒါဆို ခင်ဗျားတို့ အပန်းဖြေစခန်းရဲ့ နည်းပညာဆိုင်ရာပံ့ပိုးမှု အားလုံးကို ပြင်ပ ကန်ထရိုက်တာတွေက ပေးတာပေါ့ ဟုတ်လား"

ကျန်းကျင်းခိုင်က ထပ်မေးလိုက်ပြန်၏။

“မှန်ပါတယ်”

ဤနေရာအရောက်တွင်တော့ မစ္စတာစုန့်က ဝင်ပြောလိုက်၏။

“ဒီနေ့ခေတ်လုပ်ငန်းတွေမှာ ပြိုင်ဆိုင်မှုတွေအများကြီးရှိတော့ ကျွန်တော်တို့အနေနဲ့ ကုန်ကျစရိတ်တွေ လျှော့ချဖို့ နည်းလမ်းတွေ ရှာရတယ် ကျွန်တော်တို့ရဲ့ ဆန်းစစ်ချက်တွေအရ နည်းပညာပိုင်းမှာ ကန်ထရိုက်ပေးတာက ပိုသက်သာတယ်ဆိုတာ တွေ့လာရတယ် ဒါပေမယ့် စိတ်မပူပါနဲ့ ကျွန်တော်တို့ ကန်ထရိုက်တာတွေအားလုံးက တကယ့် ပရော်ဖက်ရှင်နယ်တွေပါ ဒါကို ကျွန်တော် ရဲရဲကြီး အာမခံပါတယ်"

"ကျွန်တော် နားလည်ပြီ”

ကျန်းကျင်းခိုင် ပြုံးလိုက်၏။

"ဒါနဲ့ မစ္စတာစုန့် အပန်းဖြေစခန်းရဲ့ဂိုဒေါင်တွေနဲ့ပတ်သက်ရင် ဘယ်သူတာဝန်ရှိတာလဲ"

“အာ အဲဒါကတော့…”

မစ္စတာစုန့်က ချင်းချိန်ကို လှမ်းကြည့်လိုက်သည်။ ချင်းချိန်ကလည်း အလိုက်တသိနှင့် ဝင်ဖြေလိုက်၏။

"တကယ်တော့ ကျွန်မတို့ပိုင်တဲ့ ဂိုဒေါင်အများစုကို ငှားထားတာပါ အင်စပက်တာ သုံးလတကြိမ်လောက် လူတယောက်လွှတ်ပြီး စစ်ဆေးတာမျိုးတော့ ရှိတယ်"

“ဒါဆိုရင်”

ကျန်းကျင်းခိုင် ထပ်မေးလိုက်ပြန်သည်။

"အဲဒီဂိုဒေါင်တွေကို လက်ရှိ ငှားရမ်းထားတဲ့သူက ဘယ်သူလဲ”

ချင်းချိန်က မစ္စတာစုန့်ကို တချက်လှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ကျွန်မထင်တယ် တို့ဖူးကုမ္ပဏီတစ်ခုနဲ့တူတယ်ရှင့်"

“ဟဲ ဟဲ ဒါဆို တို့ဖူးရောင်းလုပ်တဲ့သူတွေပေါ့ဟုတ်လား”

ကျန်းကျင်းခိုင် ပြုံးစေ့စေ့ဖြစ်သွား၏။

“ဟုတ်ကဲ့ တို့ဖူးရောင်းတဲ့သူတွေပါ"

ကျန်းကျင်းခိုင်၏ အပြုံးကြောင့် ကျောစိမ့်သွားသော မစ္စတာစုန့် ကပျာကယာ ဝင်ရှင်းလိုက်သည်။

“ကျွန်တော်တို့က အိမ်ရှင်သက်သက်ပါပဲ အင်စပက်တာ သူတို့ အဲဒီမှာဘာပဲလုပ်လုပ် သူတို့အလုပ်ကျွန်တော်တို့နဲ့မဆိုင်ဘူးဗျ ပြီးတော့ တို့ဖူးလုပ်တာက ဥပဒေနဲ့တော့ မငြိစွမ်းဘူးမလား"

“ဟာ မငြိပါဘူး”

ကျန်းကျင်းခိုင် ခေါင်းညိတ်လိုက်သည်။

“ဒါဆို အဲဒီတို့ဖူးလုပ်ငန်းကို ကျွန်တော်တို့ ကြည့်လို့ရမလား”

“ရပါတယ် ကျွန်မ သော့တွေ သွားယူလိုက်ပါမယ်”

“ခနလေး”

ကျန်းကျင်းခိုင်က သူမ အခန်းထဲမှ ထွက်ခါနီးတွင် ပြောလိုက်သည်။

“ဂိုဒေါင်တွေကို ကျွန်တော်တို့ သွားကြည့်မယ်ဆိုတာကို မစ္စတာစုန့်ကလွဲလို့ တခြားဘယ်သူ့ကိုမှ မသိစေနဲ့ တစ်ယောက်ယောက်ကမေးရင် ပုံမှန် စစ်ဆေးတာလို့ပဲ ပြောလိုက်ပါ ဟုတ်ပြီလား"

ချင်းချိန် ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်သွား၏။ သိပ်မကြာမီ သော့တွဲကြီးကိုင်ပြီး သူမ ပြန်ရောက်လာလေသည်။

“ကျွန်မတို့ အခု သွားလို့ရပါပြီရှင်”

“ကောင်းပြီ ဒါဆို သွားကြရအောင်”

ကျန်းကျင်းခိုင် ထိုင်ခုံမှ ထရင်း ပြောလိုက်၏။

ထို့နောက် သူတို့အားလုံး အပန်းဖြေစခန်း၏ မြေအောက်ဂိုဒေါင်များဆီသို့ အတူတူလျှောက်သွားကြလေသည်။

All Chapters