← Chapters

ဂိုဒေါင်များ၏ လျှို့ဝှက်ချက်

Vol. 11 Ch. 105

ဂိုဒေါင်များ၏ လျှို့ဝှက်ချက်

Vol. 11 Ch. 105

ချင်းချိန်က ဂိုဒေါင်တံခါးကို ဖွင့်လိုက်၏။ ကျန်းကျင်းခိုင်၊ လူရှောက်ချိန်နှင့် မစ္စတာစုန့်တို့ကလည်း သူမနောက်က လိုက်ဝင်ခဲ့ကြသည်။ မစ္စတာစုန့်သည် အပန်းဖြေစခန်း၏ အထွေထွေမန်နေဂျာ ဖြစ်သည့်တိုင် ဂိုဒေါင်များရှိရာ အောက်ထပ်ကို တခါမှ လာခဲ့ဖူးခြင်းမရှိ။ ချင်းချိန်ပင်လျှင် တစ်ကြိမ်နှစ်ကြိမ်ခန့်သာ အထဲသို့ ဝင်ဖူး၏။

သူတို့လေးဦးသည် လူငှားမရှိသည့် ဂိုဒေါင်များကို ခပ်မြန်မြန်ပင် စစ်ဆေးလိုက်ကြသည်။ အမှိုက်များမှလွဲ၍ ဘာမှထူးထူးခြားခြား မတွေ့ခဲ့ကြပေ။ ထို့နောက် သူတို့အားလုံး ငှားရမ်းထားသည့်ဂိုဒေါင်များရှိရာသို့ ရောက်လာကြတော့သည်။

အင်စပက်တာကျန်း အဲဒီဘေးတံခါးလေးကနေ ငှားရမ်းထားတဲ့ဂိုဒေါင်ထဲကို ဝင်ရပါမယ်ရှင့်”

ချင်းချိန်က ဘေးထောင့်ရှိ တံခါးငယ်ကို ဓာတ်မီးဖြင့် ညွှန်ပြရင်း ပြောလိုက်၏။

“ရပြီ လူငှားတွေနဲ့ တွေ့ရင် ကျွန်တော်တို့နှစ်ယောက်ကို လေပေးပေးစနစ်ကန်ထရိုက်တာတွေလို့ပဲ ပြောလိုက်ပါ”

ကျန်းကျင်းခိုင်က တံခါးပေါက်ဆီသို့ လျှောက်သွားရင်း ပြောလိုက်၏။

“နားလည်ပါပြီ အင်စပက်တာ”

ချင်းချိန် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်မတို့ အပေါ်ထပ်က တစ်လွှာမှာ လေအေးပေးစနစ်ပျက်သွားလို့ လာစစ်တာပါလို့ ပြောလိုက်မယ်”

"ကောင်းတယ်”

ကျန်းကျင်းခိုင်က ချင်းချိန်ကို သဘောကျဟန်ဖြင့် ကြည့်လိုက်သည်။

အတော်လေးကို ဉာဏ်ကောင်းတဲ့ မိန်းကလေးပဲ...

ထို့နောက် ကျန်းကျင်းခိုင် ဂိုဒေါင်တစ်ဖက်ခြမ်းရှိ တံခါးကို ဖွင့်လိုက်၏။ တံခါးပွင့်သွားသည်နှင့် ပုပ်အက်အက်ပြင်းရှရှအနံ့က သူတို့အားလုံး၏ နှာခေါင်းများကို ရိုက်ခတ်လာတော့သည်။ အနံ့မှာ ချင်းချိန်အတွက် အတော်ဆိုးနေ၏။ သူမ ချက်ချင်းပင် ပါးစပ်နှင့် နှာခေါင်းကို အုပ်ကာ ချောင်းဆိုးတော့သည်။ ချင်းချိန်၏ ချောင်းဆိုးသံကို ကြားသည်နှင့် ကျန်းကျင်းခိုင်၏ ရင်ထဲတွင် အောင့်ခနဲ ဖြစ်သွား၏။ အားကျောက်နှင့် အတူနေလာသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ သူသည် သူမ၏အမူအကျင့်အတော်များများကို ကျင့်သားရနေပြီမဟုတ်ပါလား။ အားကျောက်သာ ဤအခန်းထဲတွင်ရှိလျင် မခံမရပ်နိုင်အောင် ချောင်းဆိုးနေတော့မည်မှာ သေချာနေ၏။

ကျန်းကျင်းခိုင် တံခါးဝတွင် ရပ်ကာ အတွင်းမှအသံများကို နားစွင့်လိုက်၏။ ချင်းချိန်၏ ချောင်းဆိုးသံမှလွဲ၍ မှလွဲ၍ ဘာသံမှသူမကြားရ။ အထဲတွင် ဘယ်သူမှမရှိကြောင်း သေချာနေ၏။ စိတ်ကျေနပ်သွားတော့မှ သူက ဓာတ်မီးကို မြှောက်ကာ အထဲသို့ ဝင်သွားလိုက်သည်။ တချိန်တည်းမှာပင် ကျန်းကျင်းခိုင်၏စိတ်ထဲတွင် အခြေအနေကို ပြန်လည်သုံးသပ်နေ၏။ အားကျောက်မရှိလျင် ဝမ်နှင့်ပင်းတို့ အဘယ်ကြောင့် ဤနေရာကို အမြဲလာနေရသနည်း။ အကြောင်းတခုတော့ သေချာပေါက် ရှိရပေမည်။

ထိုသို့ တွေးလိုက်သည်နှင့် ကျန်းကျင်းခိုင်ကပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဂရုတစိုက်နှင့် စစ်ဆေးတော့သည်။ ကျန်းကျင်းခိုင်၏လုပ်ရပ်ကို မြင်သည်နှင့် လူရှောက်ချိန်လည်း အားတက်သရောပင် ဝင်ပါလာ၏။ လူရှောက်ချိန်တွင် အကြီးဆုံးအားသာချက်တခုရှိသည်။ ၎င်းမှာ လူကဲခတ်အလွန်ကောင်းခြင်းပင်။ ယခုလည်း ကျန်းကျင်းခိုင်၏ ပုံစံကို မြင်သည်နှင့် သူ့စိတ်ထဲတွင် ဘာတွေးနေသည်ကို မှန်းဆနိုင်၏။

“ဒီဘက်ကိုတချက်ကြည့်ပါဦး အင်စပက်တာ”

လူရှောက်ချိန်က အဝေးရှိ အခန်းလေးတစ်ခန်းကို ညွှန်ပြရင်း အော်ပြောလိုက်သည်။

"ကြည့်ရတာ လုံခြုံရေးအခန်းနဲ့ တူသလိုပဲ"

“ဟုတ်တယ်ကွ မှန်တယ်”

ကျန်းကျင်းခိုင် ဖြတ်ခနဲလှမ်းကြည့်ရင်း ထောက်ခံလိုက်သည်။

“လာ သွားစစ်ကြည့်ရအောင်"

ထို့နောက် သူတို့လေးဦးသား အခန်းလေးဆီသို့ ချဉ်းကပ်လာကြ၏။ အခန်းတံခါးမှာ သော့ခတ်ထားကြောင်း အတိုင်းသား မြင်နေရသည်။ အခန်းအပြင်ဘက်နံရံတွင် လေဝင်လေထွက်ပိုက် တပ်ဆင်ထား၏။ နံရံရှိ အပေါက်ငယ်လေးမှ အခန်းထဲသို့ ဝင်ရောက်သွားသည့် လျှပ်စစ်ဝါယာကြိုးများနှင့် ရုပ်မြင်သံကြားကေဘယ်ကြိုးများကိုလည်း သူတို့ တွေ့နေရသည်။ အခန်းအတွင်းမှ ရုပ်မြင်သံကြားသံများကိုပင် ကြားနေရပေသည်။ ဤအခန်းသည် လုံခြုံရေးခန်း တကယ်ပင် ဟုတ်နေပုံရ၏။

လူရှောက်ချိန် အခန်းပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။ အခန်းမှာ အလုံပိတ်ကြီး ဖြစ်နေသည်။

"အင်စပက်တာကျန်း အခန်းထဲကို တခြားဝင်ပေါက်မရှိဘူး"

ထို့နောက် သူ ကျန်းကျင်းခိုင်ကို တိုးတိုးလေး ပြောလိုက်၏။

ကျန်းကျင်းခိုင် အခန်းပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ပိုက်တချို့အောက်တွင် ဆန်အိတ်ပုံများကို သူတွေ့နေရသည်။ ထိုအခါ သူက ထိုပိုက်များကို ဓာတ်မီးနှင့်ထိုးပြီး မစ္စတာစုန့်နှင့် ချင်းချိန်ကို မေးလိုက်၏။

“ဒါတွေက လေအေးပေးစနစ်ပိုက်လိုင်းတွေနဲ့တူတယ် ဟုတ်တယ်မလား"

“ဟုတ်ကဲ့အင်စပက်တာ"

ချင်းချိန်က ပြန်ဖြေလိုက်၏။

ချင်းချိန်၏ ဖြေသံကိုကြားသည်နှင့် ကျန်းကျင်းခိုင်သည် ခေါင်းတချက်ညိတ်ပြပြီး အခန်းတံခါးကို ကျယ်လောင်စွာ ခေါက်လိုက်၏။

"အထဲမှာ လူရှိသလားဗျ ကျွန်တော်တို့ လေအေးပေးစနစ်ပိုက်လိုင်းတွေလိုက်စစ်နေတာပါ ခင်ဗျားတို့များ အကူအညီပေးနိုင်မလားလို့ပါ”

“ခဏလေးဗျို့”

အခန်းတွင်းမှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာပြီး တံခါးပွင့်သွား၏။

"ခင်ဗျားတို့ ဘာလိုချင်တာလဲ”

ထိုလူက တံခါးဝကို ပိတ်ဆို့ပြီး သတိကြီးကြီးထားနေဟန်ဖြင့် မေးလိုက်သည်။

"အော် ကျွန်တော်တို့ ဒီလေအေးပေးစနစ်ပိုက်တွေကို စစ်ဆေးဖို့လိုတယ်ဗျ အဲဒီဆန်အိတ်တွေ အပေါ်က ပိုက်တွေကို တွေ့တယ်မလား ဒီဆန်အိတ်တွေက ခင်ဗျားတို့ပိုင်တာလား ပိုင်တယ်ဆိုရင် ပိုက်တွေဆီ သွားလို့ရအောင် အိတ်တွေကိုနည်းနည်းရွှေ့ပေးပါလား”

ကျန်းကျင်းခိုင်က ထိုလူကို ဆေးလိပ်ကမ်းပေးရင်း ယဥ်ကျေးပျူငှာစွာ မေးလိုက်သည်။ ထိုလူကို သူ ကောင်းကောင်းသိ၏။ ထိုလူမှာ တခြားလုမဟုတ်။ စွေ့ကျုံးယီ၏လက်ထောက် ပင်း ပင်ဖြစ်လေသည်။

"အော် ဘာများလဲလို့”

ပင်းက ကျန်းကျင်းခိုင်ကမ်းပေးသည့်ဆေးလိပ်ကို ဖွာရင်း ပြောလိုက်၏။

“ဆေးလိပ်က မဆိုးဘူးပဲဗျ ခင်ဗျားတို့ အဲဒီဆန်အိတ်တွေပေါ် တက်နင်းလို့ရတယ် အဲဒီဆန်အိတ်တွေက ရောင်းဖို့မဟုတ်ဘူး"

“ဟာ ခင်ဗျားတို့ကုမ္ပဏီကတော့ တကယ် ချမ်းသာတာပဲ”

ကျန်းကျင်းခိုင် အံ့သြသင့်ဟန် ပြုလိုက်၏။

"ဒီဆန်တွေကို မရောင်းပဲ ဒီတိုင်းထားတော့ ပိုးထိုးကုန်မှာ စိတ်မပူဘူးလား"

“ခင်ဗျားက ဘာအတွက် ဒီဆန်အိတ်တွေကို ဂရုစိုက်နေရတာတုန်း"

ကျန်းကျင်းခိုင်၏မေးခွန်းကြောင့် ပင်းက သင်္ကာမကင်းဖြစ်ဟန်ပေါ်လာသည်။

" ဒီဆန်အိတ်တွေကို ခင်ဗျားတို့ ကြိုက်သလိုလုပ်လို့ ပြောပြီးပြီပဲလေ တခြား ဘာလိုချင်သေးလို့လဲ”

“ဟဲ ဟဲ"

ကျန်းကျင်းခိုင် မချိုမချဥ်မျက်နှာပေးနှင့် ရယ်သွမ်းသွေးလိုက်သည်။

“ဒီဆန်တွေကို ကျွန်တော်တို့ ကြိုက်တာလုပ်လို့ရတယ်ဆိုတော့လေ…”

"ဟဲ ဟဲ ကိုယ့်ဆရာကလည်း လူရည်လည်သားပဲ”

ပင်းက ကျန်းကျင်းခိုင်ကို ကြည့်ရင်း မှတ်ချက်ချလိုက်၏။ ထို့နောက် သူက ဂိုဒေါင်ထဲရှိ ဆန်အိတ်များကို ညွှန်ပြရင်းပြောလိုက်သည်။

“ခင်ဗျား ကြိုက်သလောက် ယူသွား ဝမ်းလျှောနေထိုင်မကောင်းဖြစ်ရင် ကျွန်တော့ကို အပြစ်မတင်နဲ့"

“ကျေးဇူးတင်ပါတယ်ဗျာ"

“ကောင်းပြီ ခင်ဗျားတို့ အဲဒီဆန်အိတ်တွေကို ရွှေ့ရွှေ့နင်းနင်း ကြိုက်သလိုလုပ်လို့ရပြီ"

ပင်းက ထိိုသို့ပြောပြီး အခန်းထဲသို့ ပြန်ဝင်ရန်ဟန်ပြင်လိုက်သည်။ သို့သော် တံခါးဝရောက်မှ သူက အခန်းတံခါးနှင့် မျက်နှာချင်းဆိုင်ရှိ ဆန်အိတ်ပုံကို ညွှန်ပြရင်း ပြောလိုက်၏။

“အဲဒီဆန်အိတ်တွေကိုတော့ ဒီအတိုင်းထားလိုက်နော် အပြင်မှာ ခင်ဗျားတို့လုပ်နေတာမမြင်ဘူးမထင်နဲ့ အခန်းထဲမှာ လုံခြုံရေးကင်မရာတပ်ထားတယ်"

“ဟုတ်ပါပြီဗျာ နားလည်ပါပြီ”

ကျန်းကျင်းခိုင်သည် ပင်းကို အလွန်ချိုသာသောအမူအရာနှင့် ခေါင်းညိတ်ပြရင်း တဖက်မှလည်း လူရှောက်ချိန်ကို အချက်ပြလိုက်သည်။ ကျန်းကျင်းခိုင် အချက်ပြလိုက်သည်နှင့် လူရှောက်ချိန် မသိမသာ နောက်ဆုတ်သွား၏။ ထိုအခါ ကျန်းကျင်းခိုင်က ပင်းကို မေးလိုက်ပြန်သည်။

"အော် ဒါနဲ့ခင်ဗျာ ညှပ်လေးများမရှိဘူးလား ကျွန်တော်တို့က အရေးပေါ်လာရတော့ တချို့ပစ္စည်းလေးတွေ မေ့ကျန်ခဲ့လို့"

“ဟုတ်ပြီ ခနလေး"

ပြောပြောဆိုဆို ပင်းတယောက် ညှပ်ရှာရန် အခန်းထဲသို့ ပြန်ဝင်သွား၏။ ထိုအခွင့်အရေးကို လူရှောက်ချိန်က အပြည့်အဝပင် အသုံးချလိုက်တော့သည်။ သိပ်မကြာမီ ထူးခြားသည့်တစုံတရာကို လူရှောက်ချိန် ရှာတွေ့သွားပုံရသည်။ သူ့လက်ထဲတွင် အဖြူရောင် အမှုန့်များ ထည့်ထားသည့် အိတ်လေးတလုံး ပါလာ၏။

All Chapters