ဂိုဒေါင်ထဲမှတိုက်ပွဲ
Vol. 11 Ch. 108
သေနတ်သံများ စတင်ထွက်ပေါ်လာသည်နှင့် ယောက်ထန်းယုက တပ်လှန့်ထားသောရဲများကို ဂိုဒေါင်အား ဝင်ရောက်စီးနင်းရန် အမိန့်ပေးလိုက်၏။ စွေ့ကျုံးယီနှင့် ညှိနှိုင်းနေခဲ့သော မျက်နှာဖုံးစွပ်လူသည် အမည်မသိလူ၏ မမျှော်လင့်သောလုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။ သို့သော် သူသည် စိတ်ကို ပြန်လည်ထိန်းချုပ်ပြီး စွေ့ကျုံးယီအဖွဲ့ကို တိုက်ခိုက်ရန် သူ၏လူများကို အမိန့်ပေးလိုက်၏။
ထိုအခိုက်အတန့်တွင် ဂိုဒေါင်တွင်းရှိ အခြေအနေကို ပရမ်းပတာဟုသာ ပြောရပေလိမ့်မည်။ သေနတ်သံများသည် နေရာအနှံ့မှ ထွက်ပေါ်နေ၏။
"အပြင်မှာ ဘာတွေဖြစ်နေတာလဲဟေ့"
မျက်နှာဖုံးစွပ်လူက ကောက်ပဲသီးနှံပုံနောက်တွင် ပုန်းအောင်းရင်း အော်ပြောလိုက်သည်။ ထို့နောက် သူ မျက်နှာဖုံးကို ချွတ်လိုက်၏။ ကျန်းကျင်းခိုင်ပင် ဖြစ်လေသည်။
"ကျွန်တော် မသိဘူး အင်စပက်တာ"
လူရှောက်ချိန်က လုံခြုံရေးအခန်းထဲမှ ပြန်အော်ပြောလိုက်၏။
"ဆရာ့ရဲ့ ချစ်သူကို ခေါ်သွားတာ ဒုတိယဝင်လာတဲ့ အဖွဲ့ထဲက ဖြစ်ပုံရတယ်"
"ကောင်းပြီ ကျုပ် သဘောပေါက်ပြီ"
အထက်ပါအတိုင်း ပြန်ဖြေပြီး ကျန်းကျင်းခိုင် သူ့လူများကို အမိန့်ပေးလိုက်၏။
"ကဲ စိတ်ကြိုက်ပစ်ကြတော့ဟေ့"
တချိန်တည်းမှာပင် အနီးရှိ အရာရှိတစ်ဦးက ကျန်းကျင်းခိုင်ထံ စက်သေနတ်တလက် ပစ်ပေးလိုက်လေသည်။ ဂိုဒေါင်ထဲတွင်ကား ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုတ်များ ဝတ်ဆင်ထားပြီး လက်နက်ငယ်များကိုင်ဆောင်ထားသည့် ရဲများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များနှင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် စွေ့ညီအစ်ကိုများသည် သုံးဘက်သုံးတန်မှ ဝိုင်းဝန်းတိုက်ခိုက်ခံနေရ၏။ သူတို့၏ အခြေအနေမှာ အတော်လေးဆိုးရွားနေလေပြီ။ သူတို့သည် လက်နက်အသီးသီးကိုင်ဆောင်ထားကြသော်လည်း ရဲများယူလာသည့် ခေတ်မှီလက်နက်များကိုတော့ ယှဥ်နိုင်စွမ်းမရှိချေ။
"နေရာယူထားကြဟေ့ ညီအစ်ကိုတို့"
စွေ့ကျုံးယီက သူ၏လူများကို အားပေးပြောကြားနေစဉ် စွေ့ကျုံးလီက ရဲများကို အဆက်မပြတ် ပစ်ခတ်နေ၏။ ရဲများအနေနှင့် သူ့ကို လူသတ်မှုနှင့် အတိအကျ စွတ်စွဲနိုင်ခြင်းမရှိခဲ့သည့်တိုင် စွေ့ကျုံးယီသည် နူးညံ့သိမ်မွေ့သူတစ်ဦး မဟုတ်သလို လက်နက်များကို အသုံးမချတတ်သူလည်း မဟုတ်ချေ။ သူ၏ညီနှင့်သူ့အကြား တခုတည်းသောကွာခြားချက်မှာ စွေ့ကျုံးယီသည် သူ၏ရိုင်းစိုင်းသော စိတ်နေစိတ်ထားကို ယဉ်ကျေးသိမ်မွေ့မှုတည်းဟူသော တံတိုင်းနှင့် ကာရံထားနိုင်ခြင်းပင်။
သုံးပွင့်ဆိုင်တိုက်ပွဲ၏ အခြားတဖက်တွင်တော့ အားတောက်တို့အဖွဲ့ ရှိနေ၏။ ကျန်နှစ်ဖွဲ့နှင့်နှိုင်းယှဉ်လျှင် အားတောက်တို့အဖွဲ့၏ လက်နက်အင်အားမှာ အနည်းဆုံးဟု ဆိုနိုင်သည်။ သူတို့အဖွဲ့တွင် သေနတ်ဟူ၍ ခုနစ်လက်မှ ရှစ်လက်အထိသာရှိပြီး ကျန်လက်နက်များဟူ၍ သားလှီးဓားများနှင့် သံပိုက်လုံးများသာ ရှိနေ၏။ သို့သော် အားတောက်သည် လက်နက်အင်အားနည်းပါးမှုကို လေ့ကျင့်မှု၊ ကျွမ်းကျင်ပိုင်နိုင်မှုတို့ဖြင့် ဖာထေးထားနိုင်ခဲ့၏။ ရဲများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များသည်ပင် လက်နက်ငယ်ပစ်ခတ်မှုအရာတွင် အားတောက်နှင့်သူ့လူစစ်မှုထမ်းဟောင်းများလောက် ကျွမ်းကျင်မှုမရှိချေ။
"ကျုပ်ပါ ဘာမှမကြောက်နဲ့ ဟုတ်ပြီလား"
အားတောက်က အားကျောက်ကို တိုးတိုးလေး ကပ်ပြောလိုက်၏။
"ဒီနေ့ မင်းကို ဒီကခေါ်ထုတ်သွားနိုင်အောင် ကျုပ် ကြိုးစားမယ် မရရင် အသေခံပစ်လိုက်မယ်"
"ဟင် အစ်ကိုတောက်"
အားတောက်၏ အသံကြောင့် အားကျောက် အံ့သြသွား၏။ ထို့နောက် စိုးရိမ်ပူပန်မှုကြောင့် သူမ ချက်ချင်းပင် မျက်ရည်ဝဲလာလေသည်။
"ရှင် ရူးနေတာလား ဒီမှာ ဘာလာလုပ်တာလဲ"
"တိတ်စမ်း"
အားတောက်က အားကျောက်ကို ကြမ်းပြင်သို့ ဝပ်နေစေပြီး ပြောလိုက်၏။
"ရှုပ်ရှက်ခတ်နေအောင် ပစ်နေကြတာ မင်းကိုထိသွားလိမ့်မယ် ခေါင်းငုံ့နေ"
အားတောက်၏ သေနတ်မှ ကျည်ဆန်နှစ်တောင့်ထွက်သွားပြီး စွေ့ကျုံးယီ၏ လူနှစ်ယောက် ပစ်လဲသွား၏။
"မျက်ရည်ယိုဗုံးသုံးကြစမ်း"
ထိုအချိန်တွင် ဂိုဒေါင်အပြင်ဘက်၌ရှိနေသော ယောက်ထန်းယုက ဝင်ပေါက်ကို ပိတ်ဆို့ထားပြီးဟမျက်ရည်ယိုဗုံးသုံးရန် အမိန့်ပေးလိုက်သည်။ သိပ်မကြာမီ ဂိုဒေါင်တခုလုံး မီးခိုးများဖုံးအုပ်သွားပြီး ချောင်းဆိုးသံ၊ ဆဲဆိုသံများ ပလူပျံအောင် ထွက်ပေါ်လာ၏။
"ငါတို့က ရဲတွေပဲ ဂိုဒေါင်ထဲက လူအားလုံး လက်နက်ချပါ"
အသံချဲ့စက်မှ လက်နက်ချရန် အမိန့်သံ ထွက်ပေါ်လာသည်။ သို့သော် မည်သည့်ရာဇဝတ်သားမှ လက်နက်ချမည်မဟုတ်ကြောင်းကိုတော့ သူတို့အားလုံး ကောင်းကောင်းသိထားကြ၏။
ထင်သည့်အတိုင်းပင် ရဲများဆီသို့ ဦးတည်ပစ်ခတ်သံများ ထွက်ပေါ်လာသည်။
"ပစ်ကြစမ်းကွာ"
ယောက်ထန်းယုကလည်း ချက်ချင်းပင် အမိန့်ပြန်ပေးလိုက်သည်။
နားကွဲလုမတတ်ဆူညံသောပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်လာ၏။ မျက်ရည်ယိုဗုံးများ ဂိုဒေါင်ကြမ်းပြင်ကို ထိမှန်သွားတိုင်း ထူထည်းသိပ်သည်းသည့် အဝါရောင်မြူခိုးများ ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားသည်။ ရံဖန်ရံခါ အဝါရောင်မီးခိုးများကြားတွင် အနီရောင်မြူခိုးများ တလူလူ ထလာတတ်၏။ အနီရောင်မြူခိုးများ တကြိမ်စီ ထွက်ပေါ်လာတိုင်း လူတဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဖော်ပြနေပေသည်။
ဂိုဒေါင်၏အတွင်းအကျဆုံးအပိုင်းတွင် ကျန်းကျင်းခိုင်တို့ရှိနေ၏။ သူတို့အဖွဲ့တွင် ဓာတ်ငွေ့ကာမျက်နှာဖုံးများ အရန်သင့်ဆောင်ထားကြလေရာ မီးခိုးများကြောင့် မြင်ကွင်းကန့်သတ်ချက်ရှိသည်မှအပ မျက်ရည်ယိုဗုံးများအနေနှင့် သူတို့အပေါ် ဘာသက်ရောက်မှုမှ မရှိချေ။
"ခွေးမသားရဲတွေကတော့ကွာ"
အားတောက် အော်ဟစ်ဆဲဆိုပြီး သူ့ဂျာကင်ကိုချွတ်ကာ အားကျောက်၏ ခေါင်းကိုအုပ်ပေးထားလိုက်၏။ အားကျောက်တွင် ပန်းနာရင်ကျပ်ရောဂါရှိလေရာ မျက်ရည်ယိုဓာတ်ငွေ့များ၏ဒဏ်ကို ကြာကြာခံနိုင်မည် မဟုတ်ကြောင်း အားတောက် သိနေ၏။
တစ်ချိန်တည်းတွင် အားတောက်သည် နေရာမှဖြတ်ခနဲ ထရပ်ပြီး ရဲအရာရှိနှစ်ဦးကို ရက်ရက်စက်စက်ပင် ပစ်သတ်လိုက်၏။ လူနှစ်ယောက်ကို သတ်ရန် အားတောက်အနေနှင့် ကျည်ဆန်နှစ်တောင့်သာ လိုအပ်ပေသည်။ ထို့နောက် သူသည် အားကျောက်ကို ပွေ့ဖက်ပြီး သူ့လက်ချက်ကြောင့် ပြုတ်ကျလာသော ရဲအရာရှိ၏အလောင်းဘေးသို့ လှိမ့်ထွက်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း သူနှင့်အားကျောက် ကနဦး ရှိနေခဲ့သော နေရာသို့ ကျည်ဆံများ ကျရောက်လာ၏။ အားတောက်၏ သေနတ်မှ နောက်ထပ် သေနတ်သံနှစ်ချက် ထွက်ပေါ်လာ၏။ နောက်ထပ် ရဲအရာရှိနှစ်ဦး လဲကျသွားပြန်သည်။
"အင်စပက်တာကျန်း ကျွန်တော်တို့အရာရှိတွေ ဒဏ်ရာရကုန်ပြီ"
လုံခြုံရေးခန်းထဲမှ လူရှောက်ချိန်သည် ဂိုဒေါင်၏ လုံခြုံရေးကင်မရာရှစ်လုံး၏ ကျေးဇူးကြောင်း တိုက်ပွဲဖြစ်စဥ်တခုလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရ၏။ သူက ပြောလိုက်ပြန်သည်။
"ဂိုဒေါင်ရဲ့ ညာဘက်ခြမ်းကိုရောက်နေတဲ့ အရာရှိလေးယောက်လုံး သေနတ်မှန်ကုန်ပြီ"
"ဟာကွာ ဘယ်သူပစ်တာလဲ"
ကျန်းကျင်းခိုင်က အော်ဟစ်မေးမြန်းလိုက်ပြန်၏။
"ကျွန်တော် တကယ်မပြောတတ်ဘူး အင်စပက်တာ ကြည့်ရတာ မိန်းကလေးယင်ကို ခေါ်သွားတဲ့လူဖြစ်မယ်ထင်တယ်"
"ထိပ်ပြောင်ဝံပုလွေဆိုတဲ့ ခွေးမသား"
ကျန်းကျင်းခိုင် အကြီးအကျယ် ဒေါသထွက်သွားပြီး သူ့သေနတ်ဖြင့် ဆက်တိုက်ပင် ပစ်ခတ်လိုက်၏။ အားကျောက်ကို ခေါ်ဆောင်သွားသူသည် ထိပ်ပြောင်ဝံပုလွေမှန်း သူ သေသေချာချာ သိရှိသွားပြီ ဖြစ်သည်။ ဤမြို့တွင် လက်နက်ငယ်အသုံးပြုရာ၌ ဤမျှကျွမ်းကျင်သော ရာဇဝတ်သား များများစားစား မရှိချေ။
ထိုအချိန်တွင် အားတောက်သည် သေဆုံးသွားသော ရဲအရာရှိ၏ခေါင်းမှ ဓာတ်ငွေ့မျက်နှာဖုံးကို ဆွဲဖြုတ်ကာ အားကျောက်ကို တပ်ပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူက အရာရှိ၏လက်ထဲမှ သေနတ်ကိုဆွဲယူကာ အားကျောက်ကို ပြောလိုက်သည်။
"မင်း ဒီနေရာမှာပဲနေ"
ထို့နောက် အားတောက်သည် မတ်တပ်ရပ်ပြီး သူ့လက်ထဲမှသေနတ်နှင့် မဲမဲမြင်သမျှကို စတင်ပစ်ခတ်တော့သည်။
ထိုအချိန်တွင် စွေ့ကျုံးယီနှင့် စွေ့ကျုံးလီတို့သည် တပ်ဆုပ်ရန် စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။ ထိုအခိုက်အတန့်မှာပင် အားတောက်က မထင်မှတ်သောထောင့်ချိုးတခုမှ ရုတ်တရက်ခုန်ထွက်လာပြီး စွေ့ကျုံးယီ၏ လူများကို ပစ်ချလိုက်၏။ ထိုအခြေအနေတွင် သူ့အစ်ကို အပစ်ခံရတော့မည်ကို မြင်သော စွေ့ကျုံးလီသည် ရုတ်တရက်ပင် သူ့အစ်ကိုရှေ့သို့ ခုန်ဝင်ပြီး အားတောက်ပစ်ခတ်လိုက်သည့်ကျည်ဆံများကို ဝင်ခံပေးလိုက်တော့သည်။
"ညီလေး"
သေလုဆဲဆဲညီဖြစ်သူကို ဖက်ထားရင်း စွေ့ကျုံးယီ နာကျင်စွာ အော်ဟစ်လိုက်၏။ သို့သော် အားတောက်အနေနှင့် စွေ့ကျုံးယီလိုလူစားမျိုးကို လက်စားချေခွင့်ပေးလိမ့်မည်မဟုတ်။ အားတောက်၏ သေနတ် မီးပွင့်သွား၏။ စက္ကန့်ပိုင်းအတွင်း မရေမတွက်နိုင်သော ကျည်ဆန်များ စွေ့ကျုံးယီ၏ ကိုယ်ခန္ဓာကို ဖောက်ဝင်သွားလေသည်။
စွေ့ကျုံးယီ သေဆုံးသွားသည်နှင့် သေနတ်သံများ တိတ်ဆိတ်သွားသည်ဟု ထင်ရသည်။ စွေ့ကျုံးယီ၏ လူအများစုသည် ရဲများ သို့မဟုတ် အားတောက်၏ အဖွဲ့ဝင်များက သတ်ဖြတ်ခြင်းခံခဲ့ရပြီးဖြစ်သည်။ ကျန်ရစ်သူအနည်းငယ်မှာလည်း သူဌေးညီအစ်ကိုနှစ်ဦး အသက်ပျောက်သွားသည်ကို မြင်လိုက်ရ၍ လက်နက်ချကုန်ကြ၏။ ရာဇဝတ်သားများသည်လည်း လူသားများပင်ဖြစ်ကြလေရာ ကိုယ့်အသက်ကို နှမြောတတ်ကြ၏။
စွေ့အဖွဲ့ချေမှုန်းခံလိုက်ရပြီဖြစ်၍ ဂိုဒေါင်ထဲတွင် အားတောက်အဖွဲ့နှင့် ရဲများသာလျင် ကျန်ရစ်လေတော့သည်။