စကားစစ်ထိုးပွဲ
Vol. 11 Ch. 109
အားတောက်တယောက် ချက်ချင်းပင် အားကျောက်ဘေးသို့ ပြန်ရောက်လာ၏။ ထို့နောက် သူက စက်သေနတ်ကို ပစ်ချလိုက်ပြီး ခါးကြားထဲမှ ပစ္စတိုကို ဆွဲထုတ်လိုက်လေသည်။
"ဘာမှစိတ်မပူနဲ့တော့ ညီမလေး မင်းကို ပြန်ပေးဆွဲတဲ့ကောင်တွေ အကုန်သေကုန်ပြီ"
အားတောက်၏ လေသံမှာ နွေးထွေးလှ၏။
"ဒါပေမဲ့ ကျုပ်ညီအစ်ကိုတွေကတော့ ဂိုဒေါင်ထဲက မထွက်နိုင်သေးဘူး"
"ဒါဆို အစ်ကိုတောက် ဘာဆက်လုပ်မလဲ"
အားကျောက်က ဓာတ်ငွေ့ကာမျက်နှာဖုံးကိုဆွဲဖြုတ်ပြီး အားတောက်ကို စိတ်အားထက်သန်စွာ မေးလိုက်သည်။
"ကျုပ်လား"
အားတောက်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
"မင်းသာမရှိရင် ကျုပ် လွန်ခဲ့တဲ့ နှစ်နှစ်တည်းနဲ့ သေနေလောက်ပြီ"
ထို့နောက် သူ အားကျောက်ကို ဆွဲထူရင်း ပြောလိုက်၏။
"ညီမလေး ကျုပ်အနေနဲ့ မင်းကို နောက်ဆုံးအနေနဲ့ တခုလောက် တောင်းဆိုချင်တယ်"
"ဟုတ်ကဲ့အစ်ကိုတောက်"
အားကျောက် မျက်ရည်ဝဲလာ၏။
"ချစ်ညီမလေး မင်းအစ်ကိုကြီးကို နောက်ဆုံးအကြိမ်လောက် ကူညီပါဦးကွာ"
ပြောပြောဆိုဆို အားတောက်က အားကျောက်၏ ခေါင်းကို သေနတ်ဖြင့် ချိန်ထားလိုက်လေသည်။
"ကျုပ်ညီအစ်ကိုတွေကို ဒီကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်အောင် ကူညီပေးပါ"
အားကျောက် ဘာမှပြန်မဖြေနိုင်သေးခင်မှာပင် အားတောက်က အော်ဟစ်ပြောဆိုလိုက်လေသည်။
"ကျန်းကျင်းခိုင် မင်း ဒီအထဲမှာ ရှိနေတာ ငါသိတယ် ငါ မင်းကောင်မလေးကို ဖမ်းထားတယ် ငါ ထိပ်ပြောင်ဝံပုလွေပဲကွ ငါ ဘာလုပ်နိုင်လဲဆိုတာ မင်းကောင်းကောင်းသိပါတယ် မင်းကောင်မလေးကို မသေစေချင်ရင် အခုချက်ချင်းထွက်လာခဲ့စမ်း"
ထိပ်ပြောင်ဝံပုလွေ။ ထိုအမည်ကို ကြားလိုက်ရုံနှင့် ဂိုဒေါင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ရဲအရာရှိများနှင့် ဂိုဏ်းသားများအားလုံး အသံထွက်ပေါ်ရာဘက်သို့ စိုက်ကြည့်နေကြလေသည်။ သူတို့အတွက် ထိပ်ပြောင်ဝံပုလွေဟူသည်မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးနှင့် တူနေသည်မဟုတ်ပါလား။
ထိုအချိန်တွင် ရဲအရာရှိအများအပြားသည် ဂိုဒေါင်ထဲသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။
"ငါ ဒီဘက်မှာဟေ့ ကျန်းကျင်းခိုင်"
အားတောက်က သေနတ်ကို လေထဲသို့ တစ်ချက်ပစ်ဖောက်ပြီး အားကျောက်၏ခေါင်းကို တစ်ဖန်ပြန်ချိန်ထားလိုက်ပြန်၏။ အားကျောက်မှာ အားတောက်၏ ချုပ်ကိုင်ခြင်းကို ခံထားရပြီး အလွန်စိတ်ဆိုးနေဟန် ပေါ်လွင်နေသည်။ သို့သော် သူမ၏ စိတ်အာရုံတခုလုံးမှာကား ဟာတာတာဖြစ်နေ၏။ အားတောက် ဘာလုပ်တော့မည်ကို သူမ အတိအကျ မသိသော်လည်း ရိပ်မိသလိုလိုတော့ ရှိနေ၏။
"ရှုကွမ်းလျန်"
ကျန်းကျင်းခိုင်နှင့်သူ့လူများ အားတောက်ရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
"မင်းက အကာအကွယ်မဲ့နေတဲ့ မိန်းမတွေကို အခွင့်ကောင်းယူတာကလွဲလို့ ဘာမှမလုပ်တတ်ဘူးလား"
ကျန်းကျင်းခိုင် ရှေ့သို့တိုးလာရင်း ပြောလိုက်၏။
"မင်းမှာ သတ္တိရှိသေးရင် ငါ့ဆီလာခဲ့ မင်းရဲ့သူဌေးရှုဝမ်းချွန်ကို သတ်တာ ငါပဲ လာခဲ့လေကွာ"
"ဟဲဟဲ၊ မင်းလား"
အားတောက် ရယ်မောလိုက်၏။
"ငါ့အမြင်အရ မင်း အစောကြီးကတည်းက သေသင့်နေပြီပဲ မင်းမိန်းမနဲ့သမီးကို ရောင်းစားပြီး အသက်ရှင်နေရတာ မရှက်ဘူးလား ခုဒီမိန်းမလည်း မင်းအတွက် အသက်စွန့်မယ်လို့ မျှော်လင့်နေတာလား"
"သူ့ဆံပင်တမျှင်လောက်ကို ထိခိုက်အောင်လုပ်ရင် မင်းကို ဒီနေရာမှာပဲ သတ်ပစ်မယ်လို့ ငါကျိန်ပြောတယ်"
ထို့နောက် ကျန်းကျင်းခိုင်က သူ့ပစ္စတိုကို မြှောက်လိုက်၏။ သို့သော် ပစ်ကွင်းမှာ လားလားမျှ မကောင်းချေ။
"ဟားဟားဟား မင်းကောင်မလေးကို သေနတ်နဲ့ချိန်ရတာ အရသာရှိရဲ့လားကွ"
အားတောက်က သူ့ကို လှောင်ပြောင်လိုက်သည်။
"ကျန်းကျင်းခိုင် မင်းမိန်းမ မသေခင် ငါ့ကို ဘာတွေတောင်းပန်သွားလဲ သိချင်လား"
"မင်းပါးစပ်ပိတ်ထားလိုက်စမ်း ခွေးမသား"
ကျန်းကျင်းခိုင် အော်ဟစ်ဆဲဆိုလိုက်၏။ တချိန်တည်းမှာပင် သေနတ်ကိုင်ထားသော သူ့လက်မှာလည်း စတင်တုန်ရီလာလေသည်။ ဇနီးနှင့်သမီး သေဆုံးမှုက သူ့ကို ထာဝရ ခြောက်လှန့်နေခဲ့သည် မဟုတ်ပါလား။
"ကောင်းပြီ ငါတော့ ပြောပြဦးလိုက်အုံးမယ်ဟေ့"
အားတောက်က အားကျောက်ကို သူနှင့်ပိုနီးသွားအောင် ဆွဲယူရင်း ပြောလိုက်သည်။
အားကျောက်အဖို့ကား မျှော်လင့်ချက်မဲ့သော အခြေအနေသို့ ဆိုက်ရောက်နေခဲ့လေပြီ။ သူမ ဤလောက၌ အချစ်ဆုံး ယောကျာ်းနှစ်ဦးအနက် ဘယ်တဦးကိုမှ သူမ ဒုက္ခမရောက်စေချင်။ သို့သော် ဤယနေ့တွင် သူတို့နှစ်ဦးထဲမှ အနည်းဆုံးတစ်ဦးကို ဆုံးရှုံးရတော့မည်မှန်း သူမ သိနေ၏။
အားတောက် ဘေးဘယ်ညာကို မျက်လုံးကစားလိုက်သည်။ စနိုက်ပါ ပစ်န်ိုင်မည့်နေရာမျိုး မရှိ။ ထိုအခါ သူက စိတ်ချလက်ချနှင့် ဆက်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ ငါးနှစ်တုန်းက မင်းမိန်းမနဲ့သမီးကို ငါ ငါးစာအဖြစ်သုံးဖို့ စီစဉ်ခဲ့တယ် ဒါပေမဲ့ မင်းရဲ့ချစ်လှစွာသော မိန်းမက မင်းအသက်က်ို ချမ်းသာပေးပြီး သူ့ကိုသာ သတ်သွားဖို့ တောင်းပန်ခဲ့တယ်လေ ဒီတော့ ငါလည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတာပေါ့"
"မင်း လူစိတ်မရှိတဲ့ကောင် ဒါဆိုငါ့သမီးကို မင်းဘာလို့သတ်လိုက်တာလဲ"
ကျန်းကျင်းခိုင်၏တကိုယ်လုံး ပြင်းထန်စွာ တုန်ယင်လာ၏။
"ငါ့သမီးက မင်းကို ဘာလုပ်ခဲ့လို့လဲ"
"ဟဲ ဟဲ အရာရှိကျန်း သေနတ်ကို သေချာကိုင်နော် တော်ကြာ ကျည်ထွက်သွားပြီး မင်းကောင်မလေးကို မှန်သွားအုံးမယ်"
" ခွေးမသား"
ကျန်းကျင်းခိုင် တခါမှမကြုံဖူးလောက်အောင် ဒေါသထွက်နေ၏။ သို့သော် သူ စိတ်ထိန်းပြီး သေနတ်ကိုင်လက်က်ို ဘေးသို့ပြန်ချထားလိုက်လေသည်။
အားတောက်က ဆက်ပြောပြန်၏။
"မင်းသမီးက ချစ်စရာကောင်းတဲ့ကလေးပါ သူ့အမေမရှိရင် သူလဲ မနေချင်တော့ဘူးတဲ့လေ ဒါကြောင့် သူ့ဆန္ဒကိုလည်း ငါ ဖြည့်ဆည်းပေးလိုက်တယ် သူ့ကို သူ့အမေဆီ ပို့ပေးလိုက်တာလေ သူတို့ ထာဝရအတူ နေသွားနိုင်တာပေါ့ မဟုတ်ဘူးလား"
ကျန်းကျင်းခိုင်၏ တကိုယ်လုံး ထိန်းချုပ်မရအောင် တုန်ယင်နေ၏။ အားတောက်အပေါ် သူ့မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်နေခဲ့လေပြီ။ သို့သော် အားတောက်ကို သူ သေနတ်နှင့် မပစ်နိုင်ပဲ ဖြစ်နေ၏။ သူချစ်ရသော မိန်းကလေးက သူတို့နှစ်ဦးကြားတွင် ရပ်နေသည် မဟုတ်ပါလား။
အားကျောက်၏ မျက်ဝန်းအစုံမှ မျက်ရည်များ သွင်သွင်စီးကျနေ၏။ သူမတကိုယ်လုံးမှာလည်း တုန်ယင်နေလေသည်။ နောက်ဆုံးတွင် သူမက ကျန်းကျင်းခိုင်ကို အော်ပြောလိုက်၏။
"ဟန်နီ မောင်းခလုတ်ကိုဆွဲလိုက် ကျွန်မကို သတ်လိုက် ကျွန်မကို ပစ်သတ်လိုက်"
"ဘယ်လိုလဲအရာရှိကျန်း"
အားတောက်က အားကျောက်ကို အတင်းထိန်းချုပ်ရင်း ပြောလိုက်ပြန်သည်။
"ဒီမိန်းမကလည်း မင်းအတွက် သေဖို့ ဆန္ဒရှိနေတယ် ငါ သူ့ဆန္ဒကို ဖြည့်ဆည်းပေးရမလား ဟားဟား"
"ရှုကွမ်းလျန်"
ကျန်းကျင်းခိုင် အော်ရုံမှလွဲ၍ ဘာမှမတတ်နိုင်တော့။ သူ့ကိုယ်သူ ထိန်းမနိုင်တော့သည်မှာ အတိုင်းသား မြင်သာနေ၏။ အခြေအနေကို အကဲခတ်နေသော လူရှောက်ချိန်ကို ခေတ္တစဥ်းစားပြီး ကျန်းကျင်းခိုင်ကို ထိန်းပေးရန် ရှေ့သို့ထွက်လာ၏။
ဒိုင်း!!!
သေနတ်သံတချက်ထွက်ပေါ်လာပြီး ကျည်ဆံသည် လူရှောက်ချိန်၏ ကျည်ကာဦးထုတ်ကို ထိမှန်သွား၏။
"ဟားဟားဟား တောင်းပန်ပါတယ်ကွာ"
အားတောက် အားရပါးရ ရယ်မောလိုက်လေသည်။
"ဟေ့ကောင်လေး မင်းက သေချင်လို့ထွက်လာတာလား"
"ရှုကွမ်းလျန် မင်းတကယ်သတ္တိရှိရင် ငါ့ဆီလာစမ်းပါ"
ကျန်းကျင်းခိုင်၏မျက်လုံးအစုံမှာ မီးဝင်းဝင်းတောက်နေ၏။
"မင်းငါ့အသက်ကို ယူချင်ရင် ယူလိုက် ဒါပေမဲ့ တခြားလူကိုတော့ ဒုက္ခမပေးနဲ့ ကလေးတစ်ယောက်ကို ဒုက္ခပေးတဲ့ကောင်က ဘယ်လိုလူစားမျိုးလဲကွ"
"ကလေး ဟုတ်လား"
အားတောက် အေးစက်သောအသံနှင့် ရယ်လိုက်သည်။
"သူသာ တကယ်ကလေးဆိုရင် ဘာလို့ အဲ့ဒီရဲဝတ်စုံကို ဝတ်ထားတာလဲ ရှုကျီးယွမ်သေတုန်းက မင်းတို့ဘယ်သူမှ ဘာလို့မသနားခဲ့ကြတာလဲ သူလည်း ကလေးပဲလေ"
"ဒီလောက်နဲ့ ရပ်လိုက်ပါတော့ အစ်ကိုလျန်"
ထိုစဥ် ရဲမေတစ်ဦး ကျန်းကျင်းခိုင် ဘေးနားသို့ ရောက်လာ၏။ ထို့နောက် သူမက မျက်ရည်သုတ်ရင်း အားတောက်ကို ပြောလိုက်လေသည်။
"လက်နက်ချပြီး အဖမ်းခံလိုက်ပါအစ်ကိုလျန် ရှင်နဲ့ကျွန်မအဖေ အရင်တုန်းကလုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ရှင် နည်းနည်းမှာ နောင်တမရသေးဘူးလားရှင်"