← Chapters

အားတောက်၏သေဆုံးခြင်း

Vol. 11 Ch. 110

အားတောက်၏သေဆုံးခြင်း

Vol. 11 Ch. 110

အားတောက်သည် ကျန်းကျင်းခိုင်ဘေးတွင် ရပ်နေသော အမျိုးသမီးအရာရှိအား စိုက်ကြည့်လိုက်၏။

"ရှုနင်း မင်းလား မင်းတောင် အတော်လေး အရွယ်ရောက်လာပြီပဲ..."

"ဟုတ်ကဲ့ အစ်ကိုလျန် ကျွန်မပါ"

ရှုနင်း ခြေတစ်လှမ်းထပ်တိုးရင်း ပြန်ဖြေလိုက်သည်။

"အစ်ကိုလျန် အဖမ်းခံလိုက်ပါ လမ်းမှားကို ဆက်မလျှာက်ပါနဲ့တော့ရှင်"

"ဟဲဟဲ၊ လမ်းမှားတဲ့လား"

အားတောက်က လှောင်ပြောင်လိုက်၏။

"ဘာက မှားပြီး ဘာက မှန်တယ်ဆိုတာ မင်းတကယ်ကောသိလို့လားကွာ မင်းရဲ့အဘိုးနဲ့အဘွားကို သတ်ခဲ့တဲ့လူတွေက မှန်သလား မင်းအဖေနဲ့ ငါလုပ်ခဲ့တာတွေ အကုန်မှားနေသလား"

"အစ်ကိုလျန်...ကျွန်မ.."

ရှုနင်း ဆွံ့အသွား၏။ အားတောက် ပြောသည်မှာ အမှန်ပင်။ သူမ၏အဘိုးအဘွားများမှာ ရှုဝမ်ချွန်း၏ဖခင်နှင့်မိခင် ဖြစ်သည်။ သူတို့ ဘာတွေများမှားခဲ့သနည်း။ သူတို့သည် ရိုးသားသော လယ်သမားများသာ ဖြစ်ကြသည် မဟုတ်ပါလား။ သို့သော် စီးပွားရေးပြုပြင်ပြောင်းလဲမှု ကနဦးကာလများတွင် နိုင်ငံတော်သည် အခြေခံ အဆောက်အအုံ စီမံကိန်းကြီးတစ်ခုအတွက် သူတို့မြေကို လိုအပ်ခဲ့၏။ သူတို့အတွက် လျော်ကြေးပေးရမည်ဖြစ်သော်လည်း ရွာမှ အကျင့်ပျက်အရာရှိများက သူတို့ရသင့်သောငွေများကို အလွဲသုံးစားလုပ်ပစ်လိုက်ကြလေသည်။ ထိုကိစ္စကို တိုင်ကြားရန် ပြည်နယ်မြို့တော်သို့သွားရာလမ်းတွင် အမည်မသိလူများ၏ တိုက်ခိုက်မှုကြောင့် သူတို့ သေဆုံးသွားခဲ့ရရှာသည်။ သူတို့၏ ရာဇဝတ်မှုက ဘယ်နေရာတွင်နည်း။ သူတို့ တောင်းဆိုခဲ့သည်မှာ လျော်ကြေးအနည်းငယ်မျှသာ မဟုတ်တုံလော။

ထိုကိစ္စကြောင့် ရှုဝမ်ချွန်းသည် မိဘများ၏ ဇာပနကိစ္စကို စီစဥ်ရန် အိမ်ပြန်လာခဲ့၏။ မိဘနှစ်ပါးအလောင်း မြေကျပြီးနောက် အလွဲသုံးစားမှုကို သူ ရွာခေါင်းဆောင်များထံ တိုင်ကြားခဲ့လေသည်။ သို့သော် သူ ပြန်ရလိုက်သည်မှာ အကျင့်ပျက်ရွာသူကြီး ငှားထားသည့် လူမိုက်များ၏ ရိုက်နှက်ခြင်းပင် ဖြစ်သည်။ လူမိုက်များရိုက်နှက်သည်ကို ရှုဝမ်ချွန်း ဘာမှပြန်မလုပ်ပဲ ငြိမ်ခံခဲ့၏။ သူ့အနေနှင့် တရားရေးစနစ်ကို ယုံကြည်ထားသည် မဟုတ်ပါလား။ သို့သော် ကံမကောင်းစွာပင် အခြေအနေမှာသူမျှော်လင့်သကဲ့သို့ ဖြစ်မလာခဲ့ချေ။ သူ့ကို ရိုက်နှက်ခဲ့သောလူမိုက်များသည် ပြစ်ဒဏ်အကျခံရမည့်အစား ရဲအရာရှိများပင် ဖြစ်သွားကြသေးသည်။ ထိုအတောအတွင်းမှာပင် ရှုဝမ်ချွန်းသည် စစ်တပ်မှအကြပ်ကိုင်ထုတ်ပယ်လိုက်၏။

ထိုအဖြစ်အပျက်မှာ ရှုဝမ်ချွန်းကို များစွာ ပြောင်းလဲသွားစေခဲ့၏။ ပြဿနာများကို ငွေနှင့်ဏာကသာ ဖြေရှင်းနိုင်မည်ဟု သူ ယုံကြည်လာခဲ့လေသည်။ သူ့အတွက် ဥပဒေဟူသည် စာရွက်ပေါ်မှ စကားလုံးသက်သက်မျှသာ ဖြစ်လာခဲ့၏။ သူ၏ ပြောင်းလဲမှုသည် ခေတ်နှင့်စနစ်၏ ရလဒ်ဟု ဆိုနိုင်ပေသည်။ ပိုဝမ်းနည်းစရာကောင်းသည်မှာ သူ့ရဲဘော်များအားလုံးကလည်း သူလျှောက်သည့်လမ်းကိုသာ ရွေးချယ်ခဲ့ကြခြင်းပင်။ ဤနည်းနှင့် ရှုဝမ်ချွန်း၏ဂိုဏ်းသည် ပို၍ပို၍ ကြီးထွားလာ၏။ သဘာဝကျစွာပင် ရှုဝမ်ချွန်းသည်လည်း ထိုအဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့လေသည်။

"အစ်ကိုလျန် ဒါပေမဲ့ ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီလေအစ်ကိုရယ် ပြီး...ပြီးတော့ ကျွန်မ အဘိုးအဘွားကိစ္စ... ဒါကိုလဲ နောက်ဆုံးမှာ ဖြေရှင်းနိုင်ခဲ့တယ်မလား"

သူမ၏ အသံမှာ တုန်တုန်ရီရီ ဖြစ်နေ၏။

"ဟားဟား မင်းမှန်တယ်"

အားတောက် အားရပါးရ ရယ်မောလိုက်သည်။

"မှန်တယ် ဖြေရှင်းခဲ့ပြီးပြီ ဒါပေမဲ့ မင်းအဖေသာ ပိုက်ဆံ မသုံးခဲ့ရင် ဖြေရှင်းနိုင်မယ်လို့ မင်းထင်နေသလား"

"ရှုကွမ်းလျန်"

ကျန်းကျင်းခိုင်က အော်လိုက်သည်။

"ဒီနိုင်ငံမှာ ပိုက်ဆံရှာဖို့ နည်းလမ်းတွေ အများကြီးရှိတယ် ဒါပေမဲ့ မှန်ကန်တဲ့နည်းနဲ့ တော့ ဖြစ်ရမယ်ကွ"

"မှန်ကန်တဲ့နည်း ဟုတ်လား"

အားတောက် မဲ့လိုက်၏။

"ဘာက မှန်ကန်တဲ့နည်းလဲ ပြောစမ်းပါအုံး ဆရာကြီးကျန်း ထီထိုးတာနဲ့ လောင်းကစားက ဘာမှ မကွာဘူးလို့ မင်း တကယ်ပြောနိုင်သလား ဒါမှမဟုတ် စီးကရက်နဲ့ မူးယစ်ဆေးဝါးကရော ဘယ်လိုများ ကွာခြားနေလို့လဲ ပြောစမ်းပါအုံးကွာ မင်းပြောနေတာက နိုင်ငံ... "

ဝုန်း!!!!

ထိုအချိန်မှာပင် ဂိုဒေါင်နောက်ဘက်ဆီမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ပေါက်ကွဲသံနှင့်အတူ အုတ်နှင့်ဘိလပ်မြေများ တဝုန်းဝုန်း ပြိုကျနေသံကို လူတိုင်း ကြားလိုက်ရသည်။

"အင်စပက်တာ"

ရဲအရာရှိတစ်ယောက်က ကျန်းကျင်းခိုင်ဆီ ပြေးလာရင်း အစီရင်ခံလိုက်၏။

"တစ်ယောက်ယောက်က ဂိုဒေါင်နံရံကို ဖောက်ဖို့ ကြိုးစားနေတယ်"

"ဘာကွ မြန်မြန်! လူတွေ ချက်ချင်းလွှတ်လိုက် ဒီရာဇဝတ်သမားတွေ ထွက်မပြေးစေနဲ့"

"ဟားဟား ကျန်းကျင်းခိုင် မင်းအနေနဲ့ စိတ်ကိုတနေရာတည်းမှာ အာရုံစိုက်မထားသင့်ဘူး"

အားတောက်က ကျန်းကျင်းခိုင်ကို လှောင်ပြောင်လိုက်၏။ တဖန် သူက အောက်ပါအတိုင်း ရေရွတ်လိုက်ပြန်သည်။

"အနိုင်ရှိသလို အရှုံးဆိုတာလဲ ကြုံရနိုင်တာပဲ ဒါကိုက ဘဝနဲ့တူပါတယ်လေ"

အားတောက်၏လက်က တဖြည်းဖြည်း မြောက်တက်လာ၏။ သူ့ပုံစံမှာ ကျန်းကျင်းခိုင်ကို တကယ်ပစ်ထည့်တော့မည့်ဟန်ပင်။

"အစ်ကိုတောက် မလုပ်နဲ့"

အားတောက်၏ လုပ်ရပ်ကိုမြင်သည်နှင့် အားကျောက်က ၎င်းကို အတင်းပင် တွန်းထုတ်ပစ်ရန် ကြိုးစားလိုက်သည်။ သို့သော် အားတောက်သည် အားကျောက်၏ ကြိုးစားမှုကို တားဆီးရမည့်အစား သူမကိုဆွဲဖက်ပြီး နံရံဖက်သို့ မျက်နှာလှည့်လိုက်၏။ ထိုအခါ သူ့တကိုယ်လုံး ရဲများရှေ့မှောက်တွင် အထင်းသားပေါ်လာလေသည်။

အားတောက်၏လုပ်ရပ်ကြောင့် ကျန်းကျင်းခိုင် အံ့သြသွား၏။ ပို၍ အံ့သြစရာကောင်းသည်မှာ ထိုအခိုက်အတန့်မှာပင် အားတောက်က အားကျောက်ကို အဝေးဆီသို့ တွန်းထုတ်ပစ်လိုက်ခြင်းပင်။ သူ့ရှေ့မှလူ ဘာတွေတွေးနေမှန်း စက္ကန့်ပိုင်းအတွင်း ကျန်းကျင်းခိုင် နားလည်သွား၏။ သို့သော် ထိုအချိန်မှာပင် သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး အားတောက်၏ ထွားကျိုင်းလှသော ခန္ဓာကိုယ်ကြီး ကြမ်းပြင်ပေါ် လဲပြိုသွားလေသည်။

"အစ်ကိုလျန်"

အထက်ပါအတိုင်း အော်ဟစ်ရင်း ရှုနင်းတယောက် အားတောက်ဆီ ပြေးသွား၏။ အားကျောက်ကား ပါးစပ်အဟောင်းသားနှင့် ငေးကြောင်နေလေသည်။

အားတောက်လဲကျသွားသည်နှင့် ကျန်းကျင်းခိုင်ကလည်း ရှေ့သို့ပြေးတက်သွား၏။ အားတောက်ကားအသက်ရှင်နေသေးသည်။ သို့သော် သူ့ပါးစပ်ထဲမှ သွေးနှင့်သလိပ်များ ယိုစီးထွက်နေ၏။ သူ့အသက်ရှူနှုန်းမှာလည်း တိုတောင်းပြီး မြန်ဆန်လှသည်။ ကျည်ဆန်က အဆုတ်ကို ထိမှန်သွားသည့် လက္ခဏာများပင်။

အားတောက်၏ အသက်ရှုနှုန်းသည် တဖြည်းဖြည်း ပို၍နှေးကွေးလာ၏။ သူ သေလုမြောပါး ဖြစ်နေလေပြီ။ သူ့မျက်လုံးများသည် မျက်နှာကျက်ကို စိုက်ကြည့်နေ၏။ သို့သော် သူ့ဝိညာဥ်မှာ တပ်မတော်လေ့ကျင့်ရေးကွင်းဆီသို့ ပြန်ရောက်သွားပုံရသည်။ ချီတက်ကြွေးကြော်သံများ၊ ခရာမှုသံများကို သူ အတိုင်းသားကြားနေရလေသည်။

တရုတ်ပြည်သူ့တပ်မတော်ယူနီဖောင်းကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် ဗလတောင့်တောင့်လူတယောက် အားတောက်ထံလျှောက်လာ၏။

"မင်းနာမည် ဘယ်လိုခေါ်လဲရဲဘော်"

"ရှုကွမ်းလျန်ပါခင်ဗျ"

"ငါ့တပ်ဖွဲ့ထဲ ဝင်မလား"

"ဝင်ပါမယ်ခင်ဗျ"

"ကောင်းပြီ ဒီနေ့ကစပြီး မင်းကို ထိပ်ပြောင်ဝံပုလွေလို နာမည်ပေးလိုက်မယ်"

ရှုဝမ်ချွန်းသည် သူ့ကို ပြုံးလျက်စိုက်ကြည့်နေ၏။ ထို့နောက် အရာအားလုံး မှောင်မိုက်သွားလေသည်။

အားတောက်၏အလောင်းကိုစိုက်ကြည့်ရင်း ကျန်းကျင်းခိုင်၏ ရင်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ အတိုင်းသား ပေါ်ပေါက်လျက်ရှိ၏။ အားတောက်တွင် ဤနေရာမှ အသက်ရှင်လျက်ထွက်သွားရန် ရည်ရွယ်ချက်ရှိပုံမရ။ သူ့လူများ လွတ်မြောက်သွားစေရန် သက်သက်မဲ့ အချိန်ဆွဲနေခဲ့သည့် သဘောပင်။

ဒါဆို ငါ ရှုံးသွားတာပေါ့...ဒါပေမဲ့ အနိုင်အရှုံးက ဒီလောက်တောင် အရေးကြီးလို့လား...

အနှစ်နှစ်အလလ တေးထားခဲ့သောရန်သူကို သူ လက်စားချေနိုင်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ ပျော်နေသင့်၏။ သို့သော် ကျန်းကျင်းခိုင် မပျော်ပါ။ ဟာတာတာခံစားချက်များသာ တဖွားဖွားပေါ်ပေါက်နေလေသည်။

စာရွက်စာတမ်းကိစ္စများ ပြီးစီးသွားသောအခါ အားတောက်၏ ရုပ်အလောင်းကို ရဲများက အားကျောက်ထံ ပေးအပ်လိုက်ကြသည်။ အားတောက်၏ ပိုင်ဆိုင်မှုများထဲတွင် စာတစောင်ကို သူတို့ တွေ့ရ၏။ စာထဲတွင် အောက်ပါအတိုင်း ရေးသားထားလေသည်။

ညီမလေး

ကျုပ် ထွက်သွားပြီ ကျုပ်ကိုမမုန်းနဲ့ကွာ အခုကစပြီး ကျုပ်ပိုင်ဆိုင်တဲ့အရာအားလုံးကို မင်း ပိုင်သွားပြီ ကျန်းကျင်းခိုင်ဟာ လူကောင်းတယောက်ပါ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ပါစေကွာ။

အားတောက်၏ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ပြီးနောက် အားကျောက်နှင့်ကျန်းကျင်းခိုင်တို့သည် အရိုးပြာများကို အရပ်သားသုသာန်တစ်ခုတွင် မြှုပ်နှံလိုက်ကြ၏။ ထိုနေရာက မြို့နှင့်အလှမ်းဝေးပြီး ရှုမောဖွယ်သာယာလှ၏။ အရေးအကြီးဆုံးအချက်မှာ သုသာန်နှင့်မလှမ်းမကမ်းတွင် စစ်တပ်အခြေစိုက်စခန်းတစ်ခုရှိနေခြင်းပင်။ အားတောက်၏ဝိညာဥ်သည် သင်္ချိုင်းဂူပေါ်တွင် ရပ်နေရင်း စစ်သားများ လေ့ကျင့်နေသည့်ကို ကြည့်ကောင်းကြည့်နေပေလိမ့်မည်။ ဤနည်းလမ်းနှင့် အားတောက်သည် သူချစ်သောစစ်တပ်နှင့် ထာဝရအတူရှိနေနိုင်မည်ဟု ယူဆရ၏။

"ဟန်နီ ရှင် သူ့ကို မုန်းနေတုန်းပဲလား"

အားတောက်၏ အုတ်ဂူပေါ် ပန်းစည်းတစ်စည်း တင်ပေးရင်း အားကျောက် မေးလိုက်သည်။

" မမုန်းတော့ဘူးကွာ"

ကျန်းကျင်းခိုင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"နောက်ဘဝတစ်ခုမှာ ကျုပ်တို့ မိတ်ဆွေတွေ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်"

All Chapters