← Chapters

ဉာဏ်အလင်းပွင့်ခြင်း

Vol. 29 Ch. 393

ဉာဏ်အလင်းပွင့်ခြင်း

Vol. 29 Ch. 393

စင်မြင့်ထက်မှ လေလံပွဲ ကြေငြာသူက အကြီးအကဲအား အကြောင်းကြားမည်ဟု ပြောခဲ့စဥ်၌ သီးသန့်ခန်းထဲတွင် ရှိနေသူများထဲမှ အပြင်လူ ရှယန်ယွိတစ်ယောက်မှ လွဲ၍ ကျန်လူများအားလုံး တုန်ယင်သွားခဲ့ကြပါသည်။

" အကိုလီ ပြောတာ မှန်တယ်။ အဲ့လူကြီးကို ဒီကိစ္စမှာ ဝင်ပါခိုင်းလို့ မဖြစ်ဘူး "

" အမှန်ပဲ "

အားလုံးက လီယီဖန်း၏ ဆုံးဖြတ်ချက်အား သဘောတူလိုက်ကြသည်။

မကြာမီမှာပင် လူတစ်ယောက်က သူတို့အခန်းထဲသို့ သားရဲလှောင်အိမ်အား လာပို့သွား၏။ လှောင်အိမ်ရောက်ရောက်လာချင်းပင် သူတို့ထဲမှ တစ်ယောက်က အပြေးအလွှား စစ်ဆေးကြည့်လိုက်သည်။

သို့သော် အချိန်အတန်ကြာ စစ်ဆေးကြည့်ပြီးသွားသည့်တိုင် မည်သည့် သဲလွန်စမှ သူ မရလိုက်ပါချေ။

ထိုစဥ် ဖက်တီးဝမ်ကမူ ပြတင်းပေါက်ရှေ့တွင် ရပ်ကာ လေလံခန်းမအား မျက်မှောင်ကြုံ့ ကြည့်နေ၏။

" အကိုလီ ... ဟို မြောက်ပိုင်းဒေသက ကောင်လေးက ဘာလို့ ထွက်မသွားသေးတာလဲ "

သူ ပြောလာသည်။

သူ့စကားကို ကြားသည်နှင့် ကျန်လူများကလည်း ချက်ချင်း မတ်တပ်ရပ်၍ ထကြည့်ကြ၏။

လောထျန်းကမူ ခန်းမထောင့် တစ်နေရာ၌ ထိုင်နေဆဲပင် ။

" ဟင် .. ငါတို့ သူ့ရဲ့ အခွင့်ကောင်းတွေ အားလုံးကို ယူပြီးသွားတာတောင် အဲ့ကောင်လေးက ဘာလို့ ထွက်မသွားသေးတာလဲ "

" မဟုတ်မှလွဲရော .. တခြား အခွင့်ကောင်းတွေ ရှိနေသေးတာများ ဖြစ်နိုင်မလား "

" ဘယ်လို ..တခြား အခွင့်ကောင်းတွေ ရှိနေသေးတာလား .. ။ ဘုရား ဘုရား .  ဒီ လေလံပွဲက ဘာတွေ ဖြစ်နေတာလဲ ။ ဘာဖြစ်လို့ အခွင့်ကောင်းတွေ အဲ့လောက် များနေရတာလဲ "

တစ်ယောက်က တအံ့တသြ ပြောလိုက်သည်။

လီယီဖန်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။

" ကျုပ်ထင်တာတော့ အဲ့ထက် ဆိုးမယ် ထင်တယ် "

" ဟင် .. အဲ့ဒါ ဘယ်လို အဓိပ္ပါယ်လဲ အကိုလီ "

ဖက်တီးဝမ်က နားမလည်နိုင်စွာ ပြန်မေးသည်။

လီယီဖန်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြန်ပြော၏။

" မင်းတို့အားလုံးလဲ စဥ်းစားကြည့်လေ ၊ တကယ်လို့ ကိုယ်ရမယ့် အခွင့်ကောင်းကို တခြားတစ်ယောက်က လာလုယူသွားတယ်ဆိုရင် မင်းတို့ ဒီတိုင်း ငြိမ်ခံနေမလား .. "

" ဒါပေါ့ .. ဒီတိုင်းကြီးတော့ ဘယ်လက်ခံမလဲ "

အားလုံး ပြန်ဖြေလိုက်ကြသည်။

လီယီဖန်းက အလေးနက် ဆက်ပြော၏။

" အဲ့တော့ မြောက်ပိုင်းဒေသက ကောင်လေးကလဲ ဒီတိုင်း လက်ခံမှာ မဟုတ်ဘူး ။ ကျုပ်ထင်တာတော့ .. သူက လေလံပွဲ ပြီးသွားရင် သားရဲနှစ်ကောင်ကို ကျုပ်တို့လက်ထဲက ပြန်လုဖို့ စီစဥ်ထားတယ်နဲ့ တူတယ် "

ဖက်တီးဝမ်က မျက်မှောင်ကြုံ့ပြီး ပြန်ပြောသည်။

" မဖြစ်နိုင်တာ .. သူက ယွမ်ရှောက်မြို့ထဲမှာ အဲ့လို လုပ်ရဲတယ်ဆိုရင် ရူးနေလို့ပဲ ဖြစ်ရမယ် "

လီယီဖန်းက သူ့ကို လှည့်ကြည့်ကာ မျက်မှောင်ကြုံ့ ပြော၏။

" ဖက်တီးဝမ် ၊ မင်းက ဘာမှမသိတဲ့ အရူးပဲကွ။ ယွမ်ရှောက်မြို့က ငြိမ်းချမ်းပြီးတော့ လေလံရုံးကို တိုက်ခိုက်ရဲတဲ့သူ သိပ်မရှိဘူး ဆိုတာ မှန်တယ်။ ဒါပေမယ့် လေလံရုံးကနေ ပစ္စည်းဝယ်ပြီး ပြန်ကြတဲ့သူတွေဆီကနေ ပစ္စည်း လုတဲ့အဖြစ်မျိုးတွေက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်အတွင်းမှာတောင် အနည်းဆုံး ဆယ်ကြိမ်ထက်မက ဖြစ်ခဲ့ဖူးတယ်ကွ "

ဖက်တီးဝမ်တစ်ယောက် ချက်ချင်း ဇောချွေးများ ပြန်သွားသည်။

" ဒါပေမယ့် .. အဲ့ချိန်တွေမှာ တိုက်ခိုက်ခဲ့တဲ့ သူတွေအားလုံးက အင်အားကြီးတဲ့ နောက်ခံတွေ ရှိကြတယ် မဟုတ်လား .. "

လီယီဖန်းက ရှယန်ယွိဘက် တစ်ချက်လှည့်ကြည့်ပြီး ပြော၏။

" အဲ့ မြောက်ပိုင်းဒေသက ကောင်လေးမှာ အင်အားကြီးတဲ့ နောက်ခံမျိုး မရှိဘူးဆိုတာ မင်းတို့လဲ ကြားခဲ့ကြတာပဲ ။ ဒါပေမယ့် ကျုပ် တစ်ခုလောက်တော့ မေးချင်တယ် .. အဲ့လို မြောက်ပိုင်းဒေသက ကောင်မျိုးက နောက်ခံအင်အားလဲ မရှိဘဲ စိတ်စွမ်းအင်ကျောက်တုံးတွေ ဘာလို့ အဲ့လောက်အများကြီး ရှိနေရတာလဲ "

သူ့စကားကြောင့် အားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။

" ဒါဆို .. သူ့နောက်မှာ သခင်ကြီးတစ်ယောက် ရှိနေတာများ ဖြစ်နိုင်မလား "

တစ်ယောက်က နားလည်သွားဟန်ဖြင့် ပြောသည်။

လီယီဖန်းက ခေါင်းညိတ်ပြီး ပြန်ပြော၏။

" အမှန်ပဲ .. ကျုပ်တို့တွေ အခု အန္တရာယ်ထဲ ရောက်နေပြီ ။ အဲ့တော့ ဒီမှာ ကြာကြာဆက်နေလို့ မဖြစ်ဘူး ။ အနောက်ဘက် အပေါက်ကနေဘဲ မြန်မြန်ခိုးထွက်ပြီး လုံခြံဘေးကင်းအောင် မိသားစုတွေဆီ ပြန်ရမယ်။ အကိုရှရော ဘယ်လို ထင်လဲဗျ "

ရှယန်ယွိမှာ ထိုလူများကို ကြည့်ရင်း စိတ်ထဲမှ ကြိတ်ပြီး အထွန့်တက်လိုက်သည်။

သို့သော် .. အမှန်တိုင်း ဆိုရလျှင် လောထျန်းက သူ့အား တွေ့သွားမည်ကို သူ လုံးဝ မလိုလားပါချေ။

သူ လောထျန်းအား နဂါးသင်္ချိုင်းမြေ၌ စော်ကားရန်စခဲ့ဖူးသည် မဟုတ်ပါလား။

ထိုစဥ်က သူ ကံကောင်းစွာဖြင့် ဘေးကင်းကင်း လွတ်မြောက်နိုင်ခဲ့သော်လည်း  ယခု  လောထျန်းနှင့် ထပ်တွေ့ရလျှင် လောထျန်းဘက်မှ တိုက်ခိုက်လာမည်လား မပြောနိုင်ပေ။

" ကျုပ်လဲ သဘောတူတယ် ၊ သွားကြတာပေါ့ "

ရှယန်ယွိ ပြောလိုက်သည်။

ကျန်လူများမှာလည်း သူ့ တုန့်ပြန်ပုံကို ကြည့်ကာ ဤကိစ္စက ပေါ့သေးသေး မဟုတ်ဟု တွေးမိပြီး ကြောက်လန့်သွားကြ၏။ ထို့နောက်တွင်မူ အားလုံး မည်သည့်စကားမှ မဆိုဘဲ ပစ္စည်းများ သိမ်း၍ တိတ်တဆိတ် ထွက်သွားရန် ပြင်လိုက်ကြတော့သည်။

" အကိုကြီး .. အဲ့ ဆင်းရဲသားကောင်ကို နောင်ကျဥ်သွားအောင် သင်ခန်းစာ မပေးတော့ဘူးလား "

လီယီဖန်း၏ ညီမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလာ၏။

လီယီဖန်း ဆွံ့အသွားရတော့သည်။ ထို့နောက် သူ့ညီမခေါင်းကို ရိုက်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။

" ဘာသင်ခန်းစာပေးဖို့တွေ ပြောနေတာလဲ .. ငါတို့တွေ ခုချက်ချင်း မထွက်သွားရင် ပြဿနာ အကြီးကြီး ဖြစ်သွားမှာကွ "

သူ့စကား ဆုံးပြီးနောက်တွင်ကား လူများက လေလံရုံး အနောက်ဘက် တံခါးမှတဆင့် အသည်းအသန် ထွက်ပြေးသွားကြတော့သည်။

လောထျန်းမှာမူ ထိုကိစ္စများကို တစ်လုံးတစ်ပါဒမျှ မသိပါချေ။

ထိုအချိန်မှာပင် လေလံပွဲ စင်မြင့်ထက်သို့ ပစ္စည်းသစ်တစ်ခု ရောက်လာ၏။

" လူကြီးမင်းတို့ .. ဒီတစ်ခေါက် လေလံတင် ရောင်းချမယ့် ပစ္စည်းကတော့ သားရဲတွေကို သိမ်းသွင်းတဲ့ လျှို့ဝှက်နည်းတွေ ပါဝင်တဲ့ ' ဉာဏ်အလင်းပွင့်ခြင်း' ဆိုတဲ့ စာအုပ်ပါ "

" ဉာဏ်အလင်းပွင့်ခြင်း .. ဟုတ်လား .. "

ထိုနာမည်ကို ကြားသည်နှင့် ပန်းလင်တစ်ယောက် တစ်ကိုယ်လုံးပင် တုန်သွားသည်။

" ဟင် .. ဘာဖြစ်လို့လဲ "

လောထျန်းမှာ သူမကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွား၏။

ပန်းလင်က အံကြိတ်၍ ပြန်ပြောသည်။

" ဘာမှတော့ မဟုတ်ပါဘူး ။ ကျွန်မ အဲ့စာအုပ်နာမည်ကို ကြားဖူးလို့ပါ "

" ဘယ်မှာ ကြားဖူးတာလဲဗျ "

လောထျန်းက ထပ်မေး၏။

" ကျွန်မရဲ့ အရင် ဂိုဏ်းကနေ ကြားဖူးတာ။ အဲ့စာအုပ်က ကျွန်မတို့ဂိုဏ်းရဲ့ နာမည်အကျော်ဆုံးနဲ့ အလျှို့ဝှက်ဆုံး သားရဲ သိမ်းသွင်းတဲ့ နည်းတစ်ခုပဲ "

ပန်းလင် ပြန်ဖြေသည်။

လောထျန်းက အံ့အားသင့်သွားဟန်ဖြင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး မေး၏။

" နာမည်အကျော်ဆုံး ဟုတ်လား .. အဲ့လောက် အစွမ်းထက်တာလား "

ပန်းလင်က ခေါင်းညိတ်ပြသည်။

" အဲ့နည်းက တကယ်လဲ အစွမ်းထက်တယ် ။ ဒါပေမယ့် နာမည်အကျော်ဆုံး ဖြစ်ရတဲ့ အကြောင်းရင်းက အစွမ်းထက်လို့တော့ မဟုတ်ဘူး သခင်လေးရဲ့။ လေ့ကျင့်ရတာ ခက်ခဲလွန်းလို့ နာမည်ကျော်တာ။အရင်တုန်းကဆို ကျွန်မတို့ ဂိုဏ်းမှာ ပါရမီထူးတဲ့ သားရဲသခင်ကြီးတွေ အများကြီးရှိပြီး အဲ့လျှို့ဝှက်နည်းကို လေ့ကျင့်ဖို့ နှစ်တွေအကြာကြီး ကြိုးစားခဲ့ကြဖူးတယ်။ ဒါ​ပေမယ့် နောက်ဆုံးတော့ ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး ။  အဲ့လို ခက်လွန်းလို့လဲ နာမည်ကျော်သွားခဲ့တာ "

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

ထို့နောက် သူ လက်မြောက်၍ အော်လိုက်၏။

" အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ပေးမယ် "

လေလံပွဲ ကြေငြာသူက စာအုပ်အား မိတ်ဆက်ပေးနေစဥ် ၊ လေလံကြမ်းခင်းစျေးကို မပြောရသေးခင်မှာပင် လောထျန်းက တိုက်ရိုက် စျေးပေးလိုက်ခြင်း ဖြစ်ပါသည်။

" အမ် ... စာအုပ် အကြောင်း မိတ်ဆက်ကို ပြီးအောင် ဆက်နားထောင်ဦးမလား သခင်လေး .. "

သူ အသံတုန်တုန်ဖြင့် မေးလိုက်သည်။

ယနေ့ လေလံပွဲက ခါတိုင်းလို မဟုတ်ဘဲ အလွန်ထူးဆန်းနေပါ၏။

လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောလာသည်။

" ရတယ် မလိုဘူး ၊ ဒီတိုင်း လေလံတန်းတင်ပြီး စျေးပိုပေးမယ့်သူ ရှိဦးမလားပဲ မေးကြည့်လိုက်ပါ "

စျေးပိုပေးသူ ရှိဦးမလား တဲ့လား ...

နောက်နေသည်များလား ..

သားရဲများအား သိမ်းသွင်းသည့် လျှို့ဝှက်နည်း စာအုပ်တစ်အုပ်ကို မည်သူက ဤမျှ စျေးကြီးပေးပြီး ဝယ်ပါမည်နည်း။

ထို့နောက်တွင်မူ .. မထူးဆန်းစွာပင် ထိုစာအုပ်အား လောထျန်း ရသွားတော့သည်။

" ရော့ .. ဒီမှာ "

လောထျန်းက စာအုပ်ကို ရသည်နှင့် ပန်းလင်ဆီသို့ တန်းပေးလိုက်၏။

" သခင်လေးက ဆုံးဖြတ်ချက် တအားမြန်တာပဲ ။ ဒီစာအုပ်က မရှိမဖြစ်ကြီး လိုတာလဲ မဟုတ်ဘဲနဲ့ ဘာလို့ ဝယ်လိုက်ရတာလဲ "

ပန်းလင်က မျက်မှောင်ကြုံ့၍ ဆိုသည်။

လောထျန်းက သူမကို တစ်ချက်ကြည့်ကာ ပြန်ပြော၏။

" ကျုပ်က အဲ့စာအုပ်မှာ ခင်ဗျားရဲ့ အရင်ဂိုဏ်းနဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ရှာတွေ့နိုင်မယ် ထင်လို့ ဝယ်လိုက်တာပါဗျာ "

" ဟင် .. "

ပန်းလင် ခေတ္တမျှ အံ့အားသင့်သွားရသည်။

သူမသည် အစပိုင်းတွင် လောထျန်းက ထိုလျှို့ဝှက်နည်းအား လေ့ကျင့်ချင်၍ ဝယ်လိုက်ခြင်း ဖြစ်ရမည်ဟုသာ ထင်ထားခဲ့ပါ၏။

သူမအတွက် ရည်ရွယ်ပြီး ဝယ်ခဲ့ခြင်း ဖြစ်မည်ဟု ထင်မထားခဲ့မိပေ။

သူမရင်ထဲ စူးစူးနစ်နစ်ပင် ခံစားလိုက်ရပါသည်။

ထို့နောက်တွင် ..

" လူကြီးမင်းတို့ကို ဒီတစ်ခါ လေလံတင် ရောင်းချပေးမှာကတော့ သားရဲတစ်ကောင် ဖြစ်ပါတယ် "

လေလံပွဲ စင်မြင့်ထက်မှ ကြေငြာသူက ထိုသို့ ပြောရင်း လောထျန်း ရှိသည့်ဘက် မသိမသာ လှမ်းကြည့်၏။

" ဒီတစ်ခေါက် သားရဲက ကွေ့ရှအဆင့်မှာပဲ ရှိသေးတာ ဆိုပေမယ့် နတ်ဘုရားသားရဲအဆင့် နီးပါး ရှိပါတယ် "

" ဟင် .. နတ်ဘုရား သားရဲ အဆင့်နီးပါး တဲ့ .. တကယ်ကြီးလား .. "

" ဟေ့ .. နောက်ထပ် အသက်ကြီးလွန်းလို့ သေခါနီး သားရဲတော့ မဟုတ်ဘူးမလား "

အချို့က စိုးရိမ်မကင်းဟန်ဖြင့် ပြောလာကြသည်။ အစောလေးတင် ဖြစ်သွားခဲ့သည့် အဖြစ်ပျက်က လွန်လွန်းပေရာ သူတို့ စိုးရိမ်နေသည်မှာ မဆန်းပေ။

လေလံကြေငြာသူက ရယ်ရင်း ပြန်ပြော၏။

" မဟုတ်ပါဘူးဗျာ ၊ ဒီတစ်ခေါက် သားရဲက အရွယ်တောင် ကောင်းကောင်း မရောက်သေးပါဘူး "

" အရွယ်မရောက်သေးတဲ့ နတ်ဘုရားသားရဲတစ်ကောင် .. ဒါ အင်မတန် အဖိုးတန်တာပဲ "

" ဟုတ်တယ် .. အရွယ်ရောက်ပြီးသား နတ်ဘုရားသားရဲ တစ်ကောင်ကို အမိန့်နာခံအောင် သိမ်းသွင်းဖို့က လုံးဝကို မလွယ်တာ ။ထူးခြားတဲ့ အစွမ်းတွေ မရှိထားရင် သိမ်းသွင်းဖို့ မဖြစ်နိုင်သလောက် နီးနီးပဲ ။ အဲ့ကျ သုံးမရတဲ့အပြင် သခင်ကိုပါ ပြန်ကိုက်လာဦးမှာ "

" ဒါပေမယ့် အရွယ်မရောက်သေးတဲ့ နတ်ဘုရားသားရဲ ဆိုရင်တော့ လုံးဝ ကွဲသွားပြီ ၊ သိမ်းသွင်းရတာလဲ အများကြီး ပိုလွယ်သွားပြီကွ။ သေချာသာ လေ့ကျင့်ပေးလိုက်ရင် အဲ့သားရဲ ကြီးလာတဲ့အခါ အစွမ်းထက်တဲ့ ထိပ်တန်းအဆင့် အစောင့်အကြပ် နတ်ဘုရားသားရဲ တစ်ကောင်တောင် ဖြစ်လာနိုင်တယ် "

အားလုံး စိတ်ဝင်စားကုန်ကြသည်။

ထိုစဥ် လေလံပွဲ ကြေငြာသူက လက်ဝေ့ယမ်းလိုက်ရာ စင်မြင်ထက်သို့ လှောင်အိမ်တစ်ခု ရောက်လာပြန်သည်။

သို့သော် လှောင်အိမ် စင်ပေါ်သို့ ရောက်လာသည်နှင့် အားလုံး ဆွံ့အသွားကုန်ကြ၏။

" ချီးကွာ .. ငါ သိသားပဲ ။ သူတို့တွေလား အဲ့လောက်ကောင်းတဲ့ အရာမျိုးကို ရောင်းမှာ "

အဘိုးအိုတစ်ယောက်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။

All Chapters