ဒဏ်ရာ အပြင်းထန် ရထားသော နတ်ဘုရားအဆင့် နီးပါ သားရဲ
Vol. 29 Ch. 394
လောထျန်းတို့ လူစု စင်မြင့်ပေါ်သို့ မော့ကြည့်လိုက်ကြရာ လှောင်အိမ်ထဲတွင် ချုပ်နှောင်ခံထားရသည့် မျောက်တစ်ကောင်ကို တွေ့လိုက်ရသည်။
ထို မျောက်မှာ တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ပေနေပြီး အလွန်ပိန်လှီကာ သေလုမျောပါးပင် ဖြစ်နေပါ၏။
စင်ပေါ်သို့ တွန်းတင်လာသည့် အချိန်တွင်ပင် ၎င်းက ချောင်းဆိုးနေပြီး ပါးစပ်မှလည်း သွေးများ စီးကျနေသည်။
ခြုံပြောရပါက အခြေအနေ အလွန်ဆိုးပါ၏။
" ဒီတစ်ခေါက် လေလံပွဲက ကောင်းကောင်းကန်းကန်း သားရဲလေးတောင် မပါပါလားကွာ။ ဒီတစ်ခေါက် သားရဲတွေက အရင်ဟာတွေထက် အခြေအနေ တော်တော်ဆိုးကြတာပဲ "
" အမှန်ပဲ ၊ ခုနက အဘိုးကြီးဆိုရင်လဲ ရောင်းပြီးပြီးချင်း သေသွားတာ ။ အခု ဒီကောင်ကလဲ ဒဏ်ရာက တော်တော်ဆိုးနေတာ ၊ အသက်တောင် ကယ်လို့ ရပါဦးမလား မသိဘူး "
" ဟုတ်တယ် .. တကယ်လို့ ဝယ်လိုက်ရင်တောင် ကိုယ့်လက်ရောက်ပြီးမှ သေသွားရင် ဘာလုပ်မှာလဲ "
ထိုတခဏတွင် အားလုံးထံမှ စိတ်ပျက်လက်ပျက် ပြောဆိုသံများ ထွက်လာသည်။
သို့သော် လူအချို့ကလည်း ပြောလာ၏။
" နေဦးကွ .. အဲ့သားရဲက ဒဏ်ရာ ဆိုးဆိုးရွားရွား ရထားတယ် ဆိုပေမယ့် သူ့ရဲ့ အရိုးနဲ့ ကြွက်သားတွေက ထူးခြားတာကို မြင်နေရတယ်။ ပြီးတော့ သူ့သွေးထဲမှာ ပါတဲ့ အသက်အစွမ်းကလဲ တော်တော်ကို အစွမ်းထက်တာ ။ ဒါ နတ်ဘုရားသားရဲအဆင့်နီးပါး အစွမ်းထက်တယ်ဆိုတာ အမှန်ပဲ ။ ဒါပေမယ့် .. အဲ့လိုသားရဲမျိုးက ဒီလောက် ဒဏ်ရာဆိုးဆိုး ဘယ်လို ရသွားတာပါလိမ့် "
တစ်ယောက်က ပြောသည်။
" ကျုပ် သိတယ် ၊ အဲ့မျောက်က ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်မှာ တစ်ခါ ပေါ်လာဖူးတယ်ဗျ။ အဲ့တုန်းကတော့ တကယ့်ကို ပွဲကြီးပွဲကောင်းပဲဗျာ ။ အဲ့မျောက်က သူ့လို အလားတူ နတ်ဘုရားအဆင့်နီးပါး သားရဲနဲ့ တိုက်ခိုက်ခဲ့ပြီးတော့ အဲ့သားရဲကို ရှုံးနိမ့်သွားခဲ့တာ "
" သြော် .. အဲ့လိုလား ၊ သူ့လို သားရဲမျိုးနဲ့ တိုက်ခိုက်ပြီး ရှုံးသွားခဲ့တာပေါ့ ။ ဒါပေမယ့် အဲ့လို ဆိုရင်တောင် ဒီလောက် ဒဏ်ရာဆိုးဆိုးရွားရွား မရသင့်ဘူး မဟုတ်လား "
တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် ဝင်မေး၏။
တဖက်လူက သက်ပြင်းချ၍ ပြန်ပြောသည်။
" အဲ့မျောက်က ကံဆိုးရှာတယ် ။ သူ့ရဲ့ တဖက် ပြိုင်ဘက်က သွေးနီယူနီကွန်း ဖြစ်နေခဲ့တာ။ အဲ့ကောင်ကြီးက မျောက်ကိုလဲ အနိုင်ယူပြီးသွားရော မျောက်ရဲ့ ကိုယ်ထဲက နတ်ဘုရားအရိုးတွေကို ဆွဲထုတ်ပြီး သူ့ရဲ့ နတ်ဘုရားသွေး အများစုကိုပါ စုပ်ယူသွားခဲ့တာ "
" အဲ့ကနေမှ သွေးနီယူနီကွန်း ရဲ့ ကိုယ်ထဲက သွေးတွေက နတ်ဘုရားသွေး အစစ်အဖြစ် ပြောင်းသွားခဲ့ပေမယ့် ဒီ မျောက်ကတော့ ဘာမှ သုံးစားမရ ဖြစ်သွားခဲ့ရတာပဲ "
ထိုရှင်းပြချက်ကို နားထောင်ပြီးနောက် အားလုံး အံ့သြတုန်လှုပ်သွားကြပြန်သည်။
" သွေးနီယူနီကွန်း .. ဟုတ်လား .. ။ ဟိုတလောလေးကတင် ကျုပ် အဲ့အကြောင်း ကြားလိုက်သေးတယ်။ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ထဲမှာ နတ်ဘုရားသားရဲတစ်ကောင် မွေးဖွားလာခဲ့ပြီးတော့ ကောင်းကင်ဘုံ ပျက်စီးခြင်း ၃ ခုတောင် ဖြစ်သွားသေးတယ် ဆိုတာလေ ။ အဲ့ဟာလား ... "
" အမှန်ပဲ .. ။ အဲ့နေ့တုန်းက သွေးနီ ယူနီကွန်းက နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သွားတာနဲ့ သူ့ရဲ့ နတ်ဘုရားသွေးအစွမ်းရယ် ၊ သူ့သခင် ကြိုပြင်ဆင်ပေးထားတဲ့ နတ်ဘုရားသွေးရယ်ကို သုံးပြီး ခုနစ်ရက်အတွင်း တုကျဲ့အဆင့်ကို ကျော်ဖြတ်ပြီးတော့ ကောင်းကင်ဘုံအဆင့်ထိ တက်သွားခဲ့တာ "
" ဘယ်လို .. ကောင်းကင်ဘုံအဆင့်ကို ၇ ရက်အတွင်း တက်သွားတာ .. ဟုတ်လား။ ကြောက်စရာ ကောင်းလိုက်တာ "
" ဟူး ... နတ်ဘုရားသားရဲတွေရဲ့ ခန္ဓာကိုယ်အစွမ်းက မယုံနိုင်လောက်အောင်ကို အစွမ်းထက်ကြတာပဲ။ အထူးသဖြင့် သွေးနီ ယူနီကွန်းတို့လို မျိုးနွယ်တွေဆို ပိုတောင် ဆိုးသေး "
" အေးဗျာ .. ပြောရမှာတော့ တကယ်ကို စိတ်မကောင်းစရာပဲ ။ လွန်ခဲ့တဲ့ တလောလေးကမှ ယှဥ်ပြီး တိုက်ခိုက်နေခဲ့ကြတဲ့ နတ်ဘုရားအဆင့် နီးပါး ရှိတဲ့ သားရဲနှစ်ကောင်က ခုတော့ အခြေအနေတွေ တခြားစီ ဖြစ်သွားကြပြီ။ တစ်ကောင်ကတော့ နတ်ဘုရားသားရဲအစစ် ဖြစ်သွားပြီးတော့ ကောင်းကင်ဘုံအဆင့်ရှိတဲ့ အစွမ်းထက် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သွားတယ် ။ ကျန်တဲ့ တစ်ကောင်ကတော့ သေလုမျောပါး အခြေအနေနဲ့ အရောင်းခံနေရတယ် "
အားလုံး သက်ပြင်းချလိုက်ကြသည်။
လှောင်အိမ်ထဲမှ မျောက်မှာလည်း ထိုစကားများကို ကြားသွားပြီး မျက်ခွံအနည်းငယ် လှုပ်သွား၏။ သို့သော် သူ ချက်ချင်း စိတ်ပြန်ထိန်းလိုက်ဟန် တူပါသည်။
ထိုစဥ် စင်မြင့်ထက်မှ လေလံပွဲ ကြေငြာသူက ပြောလာ၏။
" အားလုံးလဲ မြင်တဲ့အတိုင်း ဒီသားရဲက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီးတော့ သွေးအစွမ်းကလဲ ထိခိုက်မှု ရှိထားတာ မှန်ပါတယ်။ ဒါပေမယ့် ဆေးတွေနဲ့သာ သေချာကုသပေးလိုက်ရင် နောင်အနာဂါတ်မှာ အစွမ်းထက်တဲ့ တိုက်ခိုက်ရေး အင်အားစုတစ်ခု ဖြစ်လာနိုင်ပါသေးတယ် "
" သူ့ရဲ့ နတ်ဘုရားအရိုးတွေနဲ့ သွေးအစွမ်းက ထိခိုက်ထားလို့ သူ့အစွမ်းက အဆင့်တူ တခြား နတ်ဘုရားအဆင့်နီးပါး သားရဲတွေနဲ့ မယှဥ်နိုင်ဘူး ဆိုရင်တောင် သာမာန် သားရဲတွေကိုတော့ အလွယ်တကူ ဖိချေပစ်နိုင်တယ်ဗျ။ နောက်ကျရင် သူ့ကို တိုက်ခိုက်ရေး အင်အားစု တစ်ခုအနေနဲ့ရော၊ ဒါမှမဟုတ် အစောင့်အကြပ် သားရဲတစ်ကောင်အနေနဲ့ရော အကုန်သုံးလို့ ရတယ်ဗျာ "
ထိုစကားကို ကြားသောအခါ အားလုံး မျက်မှောင်ကြုံ့သွားကြသည်။
" သူပြောတာ မှန်ပေမယ့် အရင်ဆုံး အဲ့သားရဲကို အသက်ရှင်အောင် ကယ်နိုင်ဦးမှ ဖြစ်မှာလေ။ အခု အဲ့သားရဲ ဖြစ်နေတဲ့ အခြေအနေကိုလဲ ကြည့်လိုက်ပါဦး .. ဘယ်လို ဆေးမျိုးနဲ့မှ ကယ်နိုင်မှာလဲ ။ သိဒ္ဓိဝင် ဆေးတစ်မျိုးမျိုးနဲ့မှ ရမှာ မဟုတ်လား "
" ဟား ဟား .. သိဒ္ဓိဝင်ဆေး .. ဟုတ်လား။ ဒီကမ္ဘာကြီးမှာ သိဒ္ဓိဝင်ဆေးတွေ ဘယ်လောက် ရှိလို့လဲ။ ဘယ်မှာရော သွားရှာရမလဲ ။ တကယ်လို့ ရှာတွေ့တယ် ဆိုရင်တောင် သိဒ္ဓိဝင်ဆေးမျိုး ဝယ်ရမယ့် ပိုက်ဆံက နတ်ဘုရားသားရဲတစ်ကောင် ဝယ်လို့ရတယ်လေ ။ အဲ့လို ပိုက်ဆံမျိုးကို နတ်ဘုရားအဆင့် နီးပါးပဲ ရှိတဲ့ သားရဲတစ်ကောင်အတွက် ဘာလို့ သုံးမှာလဲ "
အားလုံး တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
သို့သော် လေလံကြေငြာသူကမူ မတုန်မလှုပ်ပင် ဆက်ပြော၏။
" အဲ့ဒါက ကိုယ့်ရဲ့ လုပ်နိုင်စွမ်း အပေါ်မှာပဲ မူတည်ပါတယ်ဗျာ ။ ဒီ သားရဲကို လေလံတင်မယ့် ကြမ်းခင်းစျေးက အဆင့်နိမ့် စိတ်စွမ်းအင် ကျောက်တုံး ၃ သိန်းနဲ့ စပါမယ် "
သူ့စကား ဆုံးသည်နှင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
သို့သော် .. ထိုစဥ် ခန်းမထောင့်မှ လောထျန်းက လက်မြှောက်၍ ပြောလာ၏။
" အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ပေးမယ် "
သူ့စကားကို ကြားသည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားကြပြီး လောထျန်းအား ဘီလူးတစ်ကောင်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်လာကြသည်။
" အဲ့ကောင်လေးက တကယ် ရူးနေတာပဲ "
" သူက စျေးမပေးရင်လဲ မပေးဘူး ၊ ပေးရင်လဲ တစ်ခါတည်း သန်း ၁၀၀ တန်းပြီး ပေးတာပဲ "
" ကြည့်ရတာ သူက ချမ်းသာလွန်းတော့ အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး သန်း ၁၀၀ ကို ဒီတိုင်း ၁၀၀ လောက်ပဲ မြင်တာနဲ့ တူပါတယ်ကွာ "
" အဲ့လို ပဲ ဖြစ်မယ် "
အစပိုင်းတွင် သားရဲကို ကံစမ်းသည့်အနေဖြင့် လေလံဆွဲရန် အသင့်ပြင်နေကြသူ အချို့ ရှိသော်လည်း လောထျန်း စျေးပေးလာသည်နှင့် အားလုံး နောက်ဆုတ်သွားကြ၏။
ဒဏ်ရာအပြင်းထန် ရနေသော နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်ကို အဆင့်နိမ့် စိတ်စွမ်းအင်ကျောက်တုံး ၉ ၊ ၁၀ သန်း ခန့် ပေး၍ လေလံဆွဲရန်ပင် ကျိုးကြောင့်သင့်လျော်သေးသည် မဟုတ်ပါလား။
သို့သော် .. သန်း ၁၀၀ ဆိုသည့် စျေးကမူ လွန်လွန်းလှပါသည်။
လောထျန်းနှင့် မည်သူ တစ်ဦးတစ်ယောက်ကမှ ပြိုင်လုနိုင်မည် မဟုတ်ပါချေ။
မကြာမီမှာပင် စျေးက အတည်ဖြစ်သွားပြီး လောထျန်း သားရဲအား အနိုင်ရသွား၏။
လေလံဆွဲ၍ ပြီးသွားသည်နှင့် လူတစ်ယောက်က လောထျန်းဆီသို့ လှောင်အိမ်တွန်း၍ လာပို့သည်။
လှောင်အိမ်ထဲမှ မျောက်မှာမူ လောထျန်းကိုပင် မော့မကြည့်ဘဲ လှောင်အိမ်ကိုသာ မှီထားပြီး အားလုံးကို လက်လျှော့ အရှုံးပေးထားဟန် မျက်နှာဖြင့် ရှိနေသည်။ တစ်ခါတစ်ရံ ချောင်းထဆိုးတတ်သည်မှ လွဲ၍ မည်သည့်လှုပ်ရှားမှုမှပင် မလုပ်ပါချေ။
ထို့နောက်တွင်မူကား လောထျန်း ချက်ချင်း ထရပ်၍ ဆို၏။
" ကဲ .. ဝယ်စရာရှိတွေလဲ ဝယ်ပြီးသွားပြီ ဆိုတော့ သွားကြစို့လေ "
ပြီးနောက် .. ကျန်နေသေးသည့် လေလံပစ္စည်းများကို သူ အလျင်းပင် ဂရုမစိုက်ဘဲ ထွက်သွားလိုက်တော့သည်။
" ဟင် .. သခင်လေး ပြန်တော့မလို့လား ။ လေလံပွဲက မပြီးသေးဘူးလေ "
ခန်းမအပြင်ဘက် လျှောက်လမ်း၌ လောထျန်းက လှောင်အိမ်ကို ဆွဲ၍ ဖြည်းညင်းစွာ လျှောက်လာနေစဥ် လေလံရုံး အပြင်ဘက်တွင် သူတို့ကို ကြိုဆိုခဲ့သည့် မိန်းမပျို ရှောက်ချီက သူ့ဆီသို့ လျှောက်လာပြီး ဆို၏။
" အင်း .. ကျုပ်လိုချင်တာလဲ ဝယ်လို့ ပြီးပြီဆိုတော့ ပြန်ဖို့သင့်ပြီလေ "
လောထျန်းက ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှောက်ချီ၏ မျက်နှာပေါ်တွင် စိတ်ပျက်သွားဟန် တစ်စွန်းတစ ပေါ်လာသည်။
လောထျန်းက လေလံပွဲ မပြီးခင်မှာပင် ထွက်သွားခြင်း ဖြစ်ရာ ဤလေလံပွဲကို သိပ်သဘောမကျ ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား ။
" ဒါဆို နှုတ်ဆက်ပါတယ် သခင်လေး "
ရှောက်ချီက တလေးတစားပင် ဆိုလိုက်သည်။
" ကောင်းပါပြီ "
လောထျန်းက ထိုသို့ပြောကာ သူ့မိတ်ဆွေများနှင့်အတူ လေလံရုံးအပြင်သို့ ခပ်မြန်မြန်ပင် ထွက်ခွာသွား၏။
" ဟမ့် .. ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောပြီးတော့ နောက်ဆုံးတော့လဲ နင့်ရဲ့ အရေးကြီးတဲ့ ဧည့်သည်က သေခါနီး သားရဲတစ်ကောင်ပဲ ဝယ်သွားတာပါလား။ နင်က အဲ့လို လူကိုများ သီးသန့်ခန်း ပေးချင်နေသေးတယ် "
ထိုစဥ် ရှောက်ချီနောက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးက အထင်သေးသည့် လေသံဖြင့် ရုတ်တရက် ပြောလာသည်။
" အဲ့လို သေခါနီး သားရဲမျိုးပဲ ဝယ်နိုင်တဲ့သူ ဆိုတော့ ဆင်းရဲသားလေးပဲ ဖြစ်မှာ။ အခု နင့်ဧည့်သည်က သားရဲကို ဘယ်လောက်ပေးပြီး ဝယ်သွားတာလဲ ။ အဆင့်နိမ့် စတ်စွမ်းအင်ကျောက်တုံး တစ်သိန်းလား .. ဟားဟား .. ရယ်ရလွန်းလ်ု့ သေတော့မှာပဲ "
သူမ စကား ဆုံးသည့်အချိန်မှာပင် ..
ဖြန်း ...
သူမ၏ မျက်နှာကို လူတစ်ယောက်က ဖြတ်ရိုက်လာ၏။
" ဘယ်သူလဲ .. ငါ့ကို ဘယ်သူ ရိုက်လ်ုက်တာလဲ "
သက်လတ်ပိုင်းအရွယ် အမျိုးသမီး ချက်ချင်း ဒေါသူပုန် ထသွား၏။ သူမသည် ဤလေလံရုံး၌ အမြဲတစေ အထက်စီးမှ နေလာသူ တစ်ယောက် ဖြစ်ပါသည်။ ယခု သူမအား မည်သူက ရန်စ ရဲနေပါသနည်း။
သို့သော် .. တဖက်လူအား သေချာ မြင်လိုက်သည့် အချိန်တွင်မူ သူမ၏ မျက်နှာထား ချက်ချင်း ပြောင်းသွားတော့၏။
" တွေ့ရတာ ဝမ်းသာပါတယ် အကြီးအကဲ ပိုင် "
သူမ ချက်ချင်း ဒူးထောက်လိုက်သည်။
" ကြိုဆိုပါတယ် အကြီးအကဲပိုင် "
သူမဘေးနားတွင် ရပ်နေသော ရှောက်ချီမှာလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာပြီး ဒူးတစ်ဖက် ထောက်လိုက်သည်။
" ဟမ့် .. မင်းက တကယ့် အကန်းပဲကွ ။ လူတွေကို နောက်ကွယ်ကနေ ဟိုအတင်းပြော ဒီ အတင်းပြောနဲ့ ။ ဒီတိုင်းဆို မင်းက ငါတို့အတွက် ပြဿနာအကြီးကြီး ဖြစ်လာမှာ ။ အခုချိန်ကစပြီး ဒီ လေလံရုံးကနေ ထွက်သွားတော့ "
အကြီးအကဲပိုင်က အေးစက်စက် လေသံဖြင့် ပြောလာသည်။