← Chapters

လောထျန်း၏ စမ်းသပ်မှု

Vol. 29 Ch. 396

လောထျန်း၏ စမ်းသပ်မှု

Vol. 29 Ch. 396

" ဒါဆိုလဲ ကောင်းပြီလေ "

လောထျန်းက ထိုအချိန်မှသာ နှုတ်ခမ်းတွန့်ရုံ ပြုံးပြီး  လှောင်အိမ်ဆီ ပြန်လျှောက်လာကာ မျောက်လေး၏ ခေါင်းအား လက်ဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်သည်။

သူ့ လှုပ်ရှားမှုများမှာ ဘာမှ မထူးခြားဘဲ သာမာန်ဟုသာ ထင်ရသော်လည်း မျောက်လေးအတွက်မူ ထိုသို့ လုံးဝ ဟုတ်မနေပါ။

ထိုအချိန်တွင် မျောက်လေး၏ မျက်လုံးထဲ၌ လောထျန်းအား ပေပေါင်း ဆယ်သန်းခန့် ကြီးသည့် ဧရာမ လူကြီး တစ်ယောက်ဟုသာ ထင်ရပါ၏။

သူ အစောက ဒူးထောက်စဥ်ကပင် ရှိသမျှ အစွမ်းကုန် ထုတ်သုံးခဲ့ရပါသည်။

ထို့နောက်တွင်ကား .. ထိုဧရာမ လူကြီးက သူ့ခေါင်းအား လက်ဖြင့် လာပွတ်၏။

ထိုတခဏတွင် မျောက်လေးမှာ ဧရာမ တောင်ကြီးတစ်ခုက သူ့ခေါင်းကို လာပွတ်သပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

သူ တခဏအတွင်း သေသွားရတော့ မလိုပါပင် ..

" ကြောက်စရာ ကောင်းလိုက်တဲ့ အစွမ်းပါလား ။ ဒီအစွမ်းက ငါတို့ ဘိုးဘေးတွေ လက်ဆင့်ကမ်း ပေးလာတဲ့ အစွမ်းထက်တောင် ပိုကြောက်စရာ ကောင်းသေးတယ် "

မျောက်လေးမှာ မည်သို့မှ ဆက်မနေနိုင်တော့ဘဲ ကြမ်းပြင်၌ ဝမ်းလျားမှောက်လိုက်ရ၏။

" ဟင် .. ဘာဖြစ်နေတာလဲ ၊ ပြန်ထလေ "

ထိုစဥ် လောထျန်းက ပြောလာသည်။

မျောက်လေးမှာ ခေတ္တမျှ စကားမဆိုနိုင် ဖြစ်သွား၏။

ပြန်ထရမည်တဲ့လား ...

မည်သို့ ပြန်ထရပါမည်နည်း ...

ယခုသည်ပင် သူ ဖိချေခံပြီး သေရတော့မလို ဖြစ်နေသည် မဟုတ်ပါလား ..

" သခင်လေး လောထျန်း ၊ အရောင်အဝါကို ပြန်သိမ်းလိုက်ဦး "

လောထျန်းနောက်မှ ပန်းလင်က ခက်ခက်ခဲခဲ ဝင်ပြောလာသည်။

" ဟင် ... "

လောထျန်း အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ ပန်းလင်မှာ ခက်ခက်ခဲခဲ တောင့်ခံနေရဟန် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

" ဘာဖြစ်လို့လဲ .. ဟိုမှာ ဟွမ်ယင်ကိုလဲ ကြည့်ပါဦး ၊ သူတောင် ဘာမှ မပြောတာကို "

လောထျန်း အထွန့်တက်လိုက်သည်။

သို့သော် .. သူ လှည့်ကြည့်လိုက်သည့် အချိန်တွင်မူ ဟွမ်ယင်နှင့် မိုးကြိုးသားရဲ နှစ်ယောက်လုံးက မျက်ဖြူလန်ပြီး ပါးစပ်မှ အမြုပ်များ ထွက်နေကာ မေ့လဲကျသွားသည်ကို မြင်လိုက်ရ၏။

" ဟင် .. ဘာဖြစ်သွားကြတာလဲ ၊ ဘယ်သူ လုပ်လိုက်တာလဲ "

လောထျန်း ဒေါသတကြီး ပြောလိုက်သည်။

ပန်းလင်  : " ............ "

လောထျန်းက ထိုစဥ်မှသာ သူ့အရောင်အဝါကို မြန်မြန်သိမ်းပြီး ဟွမ်ယင်နှင့် မိုးကြိုးသားရဲတို့အား သွားကယ်ပေးလိုက်သည်။

" ကြောက်စရာ ကောင်းလိုက်တာ .. ခုနက ဘာတွေ ဖြစ်သွားတာလဲ "

ဟွမ်ယင်မှာ နိုးလာသည့်တိုင် ကြောက်စိတ် မပြယ်သေးပါချေ။

" မင်း ဘာမှ မမှတ်မိဘူးလား "

လောထျန်းက ဟွမ်ယင်ကို ကြည့်၍ မေး၏။

ဟွမ်ယင်က ခေတ္တမျှ စဥ်းစားပြီး ခေါင်းယမ်းသည်။

" ကျွန်မ သေချာ မမှတ်မိဘူး ။ ဒါပေမယ့် အစွမ်းထက်တဲ့ အရောင်အဝါတစ်ခုက ကျွန်မကို သတိမေ့သွားအောင် လုပ်လိုက်တာကိုတော့ ခံစားမိလိုက်တယ် "

​ထိုစကားကို ကြားသောအခါ လောထျန်းက မျောက်ဘက် လက်ညိုးထိုးပြပြီး ပြော၏။

" အဲ့ဒါ သူ့ကြောင့်လေ .. သူက မင်းတို့ကို ခြောက်လိုက်တာ "

" ကျုပ်က .... "

မျောက်လေးမှာ ခေတ္တမျှ အံ့သြမှင်သက်သွားပြီး ပြန်ငြင်းရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် လောထျန်းက သူ့အား ကြည့်လာသဖြင့် သူ  အလွန် ကြောက်ရွံ့တုန်လှုပ်သွားကာ ချက်ချင်း ပါးစပ်ပိတ်လိုက်၏။

ဟွမ်ယင်က နားမလည်နိုင် ဖြစ်နေဟန်ဖြင့် ပြန်မေးသည်။

" တကယ်ကြီးလား .. ဒီကောင်လေးက အဲ့လောက်ကြီး အစွမ်းထက်တာလား "

လောထျန်းက မှင်သေသေဖြင့် ပြန်ပြော၏။

" ဒါပေါ့ .. သူက နတ်ဘုရားအဆင့် နီးပါး သားရဲတစ်ကောင်လေ။ အဲ့ဒါကြောင့် အစွမ်းထက်တာ နေမှာ "

ဟွမ်ယင်မှာ အူကြောင်ကြောင်ဖြင့် ခေါင်းကုတ်၍ စဥ်းစားလိုက်သေးသည့်တိုင်  သူမ မေ့မလဲခင်က မည်သို့ ဖြစ်သွားခဲ့သည်ကို လုံးဝ မမှတ်မိပေ။

" အဲ့လို ဟုတ်ပါ့မလား .. "

ထိုစဥ်မှာပင် ပြန်သတိရလာသည့် မိုးကြိုးသားရဲက လောထျန်းအား မသင်္ကာသည့် မျက်လုံးများဖြင့် ကြည့်လာသည်။

" မင်းက ဘာကြည့်နေတာလဲ "

လောထျန်းက ပြန်ရန်တွေ့၏။

ဝှစ် ..

မိုးကြိုးသားရဲမှာ ချက်ချင်း ခေါင်းလွှဲသွားပြီး အသံ ထပ်မထွက်ရဲတော့ပေ။

" ကဲ .. သခင်လေး လောထျန်း ၊ အချိန်လဲ သိပ်မရှိတော့ဘူးဆိုတော့ ဒီမျောက်ကို ဒဏ်ရာတွေ အရင်ကုပေးလိုက်ရအောင်။ ကျွန်မကို ကောင်းကင်ဘုံ နဂါးသွေး  ပေးပါ ၊ ကျွန်မပဲ အကုန် လုပ်လိုက်မယ် "

ပန်းလင်က ဆက်သည်းမခံနိုင်တော့ဟန်ဖြင့် ဝင်ပြောလာ၏။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။

" မဟုတ်ဘူးဗျ ၊ ဒီတစ်ခေါက် ကျုပ် လုပ်လိုက်မယ် "

ပန်းလင်က သူ့အား သင်္ကာမကင်းသည့် မျက်လုံးများဖြင့် ကြည့်ကာ မေး၏။

" သခင်လေး .. ဘယ်လို အကြံမျိုးတွေ ကြံနေတာလဲ "

လောထျန်းက ပြုံး၍ လေလံပွဲမှ သူ ဝယ်လာခဲ့သော ' သားရဲတစ်ရာ လျှို့ဝှက်နည်း' စာအုပ်ကို ထုတ်လိုက်သည်။

ပန်းလင် ချက်ချင်း သဘောပေါက်သွားပြီး မေး၏။

" သခင်လေးက ဒါကို သုံးချင်လို့လား "

လောထျန်းက အပြုံးဖြင့်  ပြန်ပြောသည်။

" ဟုတ်တယ်ဗျ ၊ ဒီ သားရဲတစ်ရာ လျှို့ဝှက်နည်း စာအုပ်ထဲမှာ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်တဲ့နည်းတို့ ၊ သွေးအစွမ်းကို ပိုအသက်ဝင်လာအောင် လှုပ်နှိုးတဲ့ နည်းတို့ ၊ သားရဲတွေရဲ့ သွေးကို ပိုအစွမ်းထက်စေတဲ့ နည်းတို့ ပါတယ်မလား "

ပန်းလင် ခေါင်းညိတ်လိုက်သည်။

" အမှန်ပဲလေ "

ဘောထျန်းက အပြုံးဖြင့် ဆက်ပြော၏။

" ဒါဆို ဆုံးဖြတ်လိုက်ပြီဗျာ။ ကျုပ် ဒီမျောက်ကို စမ်းသပ်တဲ့ အနေနဲ့ အသုံးချလိုက်မယ် "

" ကျုပ်ကို သုံးပြီးတော့ စမ်းသပ်မှု လုပ်မယ် .. ဟုတ်လား .. "

သူ့စကားကြောင့် မျောက်လေးမှာ ရင်ထဲ လေလံသွားရတော့သည်။

ပန်းလင်က အပြုံးဖြင့် ပြော၏။

" စိတ်မပူပါနဲ့ .. အဆင်ပြေမှာပါ "

လောထျန်း လေ့ကျင့်သည်ကို သူမ ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့ထားဖူးသည်ဖြစ်ရာ ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပါ။

မျောက်လေးက ပန်းလင်ကို ကြည့်လိုက်ပြီးမှ လောထျန်းဘက် တစ်ခါထပ်ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။

"  ဒါဆိုလဲ လုပ်ပါ "

သူ့စိတ်ထဲတွင်ကား ယခုလို အခြေအနေထိ ရောက်လာပြီဖြစ်ရာ ထပ်မဆိုးနိုင်တော့ဟု တွေးလိုက်ပါ၏။

ထို့အပြင် လောထျန်း၏ အစွမ်းကလည်း အလွန်ကြောက်စရာ ကောင်းပေရာ ပြဿနာ မရှိ​နိုင်လောက်ပေ။

ထို့ကြောင့် သူ မျက်လုံးသာ မှိတ်ထားလိုက်ပြီး လောထျန်း၏ စမ်းသပ်မှုကို ခံရန် စိတ်ကို အသင့်ပြင်ထားလိုက်သည်။

သို့သော် အချိန် အတန်ငယ်ကြာသွားပြီးသည့်တိုင် လောထျန်းက မည်သို့မှ မလှုပ်ရှားလာပါချေ။

မျောက်လေး အံ့အားသင့်သွားပြီး မျက်လုံးကို ခိုး၍ဖွင့်ကြည့်လိုက်ရာ လောထျန်းက စာအုပ်တစ်အုပ် ဖတ်နေသည်ကို မြင်လိုက်ရသည်။

ဂလု ...

မျောက်လေးက တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်၏။

" သခင်လေး ၊ သခင်လေး အခုလုပ်မယ့် စမ်းသပ်မှုရဲ့ အောင်မြင်တဲ့နှုန်းက ဘယ်လောက် ရှိထားတာလဲ "

သူ မေးလိုက်သည်။

လောထျန်းက ခေါင်း​ပင် မော့မကြည့်ဘဲ ပြန်ဖြေ၏။

" အောင်မြင်တဲ့နှုန်းလား .. ဘာမှ မရှိသေးဘူး ။ မင်းကို ပထမဆုံး စလုပ်မှာ "

" ပ .. ပထမဆုံး ... "

မျောက်လေး ​ဆွံ့အသွားတော့သည်။

ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပြီး သွေးဆက်ကို  တိုးတက်သော လုပ်ရမည့် ကိစ္စမှာ ပေါ့သေးသေး မဟုတ်ပါ။

ထိုသို့ အရေးကြီးသော ကိစ္စတစ်ခုကို ယခုမှ ပထမဆုံး လုပ်မှာတဲ့လား။

" ဒါဆို ... သခင်လေးက ဒီ နည်းကို လေ့ကျင့်နေခဲ့တာ ကြာပြီ မဟုတ်လား "

မျောက်လေးက သူ့ကိုယ်သူ ကြိုးစားပြီး တည်ငြိမ်အောင် ထိန်းကာ မေးလိုက်သည်။

သို့သော် .. မျှော်လင့်မထားစွာပင် လောထျန်းက စာရွက်တစ်ရွက်ကို ဘာမှ မထူးခြားဟန်ဖြင့် လှန်လိုက်ပြီး ပြန်ပြောလာ၏။

" အခု လေ့ကျင့်နေတာလေ .. မမြင်ဘူးလား။ ငါ စာအုပ်ဖတ်ပြီးသွားတဲ့အထိ ခဏ စောင့်လိုက်ဦး ။ အိုး .... သွေးအစွမ်းကို တိုးတက်အောင် လုပ်တဲ့အခါ ဦးနှောက်ကိုပါ ကာကွယ်ထားရတာတဲ့ ။ မဟုတ်ရင် ငတုံးကြီး ဖြစ်သွားနိုင်တယ် ဆိုပါလား ။ သေချာသတိထားမှ ဖြစ်မယ် "

မျောက်လေး   :   " ...........  "

ဘာတွေ ဖြစ်နေပါသနည်း။

၎င်းကို အခြေခံ အဆင့်ဟုပင် ခေါ်နိုင်ပါရဲ့လား။

သူ ပန်းလင်ဘက် ရုတ်တရက် ခေါင်းလှည့်ကာ ပြောလိုက်သည်။

" ဟို .. သခင်မကြီး ၊ သခင်မကြီးက ဘာလို့ မလုပ်တာလဲဟင် "

သို့သော် ပန်းလင်က ခေါင်းယမ်း၍  ပြန်ပြောလာ၏။

" စိတ်မပူနဲ့ .. သူ လုပ်တာ ပိုကောင်းနိုင်တယ် "

" ပိုကောင်းနိုင်တယ် ... ကျုပ်လဲ အဲ့လိုပဲ ထင်ပါတယ်ဗျာ "

မျောက်လေးက အားလျော့စွာ ပြောလိုက်တော့သည်။

တခဏ ကြာပြီးနောက်တွင် ..

ဘုန်း ..

လောထျန်းက စာအုပ်ကို အားရပါးရ ပိတ်ကာ ပြောလာ၏။

" ကဲ .. ဖတ်လို့ ပြီးသွားပြီဆိုတော့ စလိုက်ကြရအောင် "

မျောက်လေးက စိုးရိမ်မကင်းဟန်ဖြင့် ချက်ချင်း ပြန်ပြောလိုက်သည်။

" စိတ်မပူပါနဲ့ဗျာ ... သခင်လေး စာအုပ်ကို ကြာကြာထပ်ဖတ်ချင်ရင် .. ဖတ်လို့ရပါတယ် "

လောထျန်းက စာအုပ်ကို အချိန်တိုလေးအတွင်း ဖတ်၍ ပြီးသွားပြီး ယခု ဖတ်ပြီးပြီးချင်းမှာပင် လက်တွေ့အသုံးချရန် လုပ်နေသည် ဖြစ်ရာ .. မျောက်လေး စိုးရိမ်နေသည်မှာ မဆန်းပေ။

သို့သော် လောထျန်းက ခေါင်းယမ်း၍သာ ပြန်ပြောလာ၏။

" ရတယ် .. ဖတ်စရာ မလိုတော့ဘူး ၊ ငါ အားလုံး နားလည်ပြီးသွားပြီ ။ ကဲ .. စလိုက်ကြမယ် "

အားလုံး နားလည်သွားပြီ တဲ့လား ..

ထိုစကားကို မည်သူက ယုံပါမည်နည်း။

မျောက်လေးမှာ တွန့်ဆုတ်နေသော်လည်း မည်သို့မှ မတတ်နိုင်တော့သဖြင့် အံကြိတ်၍သာ လက်ခံလိုက်ရ၏။

" ဘယ်တတ်နိုင်မလဲလေ .. အလွန်ဆုံးမှ သေရုံပဲ ရှိမှာပါ "

သူ တွေးလိုက်သည်။

ထိုစဥ် လောထျန်းက လက်တစ်ဖက် ယမ်း၍ ကောင်းကင်ဘုံ နဂါးသွေး တစ်စက် ထုတ်လိုက်၏။ သူ့လက်ထဲမှ ဖိအားတစ်ခု ရုတ်ချည်းပင် ထွက်ပေါ်လာသည်။

ထို့နောက်တွင်မူ သူ့လက်ချောင်းများဖြင့် သွေးစက်ထဲမှ သွေးအမျှင်တန်းလေး အနည်းငယ်ကို ဆွဲထုတ်လိုက်၏။

" ပထမဆုံး အကြိမ်မှာ နည်းနည်းလေးပဲ သုံးရမှာ ဆိုတော့ သွေးစက်ရဲ့ အပုံတစ်ထောင်ပုံ ၊ တစ်ပုံပဲ လုပ်လိုက်မယ် "

လောထျန်းက ရေရွတ်ကာ သွေးအမျှင်တန်းလေးအား မျောက်လေး၏ ခန္ဓာကိုယ်ထဲ ထည့်လိုက်သည်။

ဝုန်း ..

ချက်ချင်း ဆိုသလိုပင် မျောက်လေး၏ ခန္ဓာကိုယ်ထဲ၌ အစွမ်းထက်သော နဂါးအစွမ်းတစ်ခု ပေါက်ကွဲထွက်လာတော့၏။

" အရောင်အဝါက .. အစွမ်းထက်လွန်းတယ် ။ ကျုပ် .. ဆက်တောင့်မခံနိုင်တော့ဘူး "

မျောက်လေး၏ တစ်ကိုယ်လုံး ချက်ချင်းပင် တုန်လာသည်။

လောထျန်းလက်ထဲမှ သွေးစက်က ပုံမှန်မဟုတ်သည်ကို သူ အစောကတည်းက သိထားပြီး ဖြစ်သော်လည်း ယခုလောက် အစွမ်းထက်နေလိမ့်မည်ဟု ထင်မထားခဲ့ပါချေ။

ထိုသွေးစက်၏ အပုံတစ်ထောင်ပုံ ၊ တစ်ပုံ ကပင် သူ့ကိုယ်ကို ပေါက်ကွဲထွက်လုနီးပါး ဖြစ်အောင် လုပ်နိုင်နေပါသလား။

သို့သော် ထိုအချိန်မှာပင် လောထျန်းက သားရဲတစ်ရာ လျှို့ဝှက်နည်းကို စတင်အသုံးပြုနေပြီ ဖြစ်ပြီး အစီအမံများ အဆက်မပြတ် လုပ်ကာ မျောက်လေး၏ ကိုယ်ထဲသို့ အစီအမံများ တစ်ခုပြီးတစ်ခု အသက်သွင်းနေ၏။

" အား ... "

မျောက်ထံမှ စူးစူးဝါးဝါး အော်သံတစ်ခု ထွက်လာသည်။ သို့သော် သူ့ကိုယ်ထဲမှ ပေါက်ကွဲလုနီးပါး ဖြစ်နေသည့် နဂါးသွေးက တဖြည်းဖြည်း သူ့ကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွား၏။

ထို့ထက်ပို အံ့သြစရာ ကောင်းသည်မှာ .. မျောက်လေး၏ ကိုယ်ထဲမှ ဆွဲထုတ်ခံထားရသော နတ်ဘုရား အရိုးများ ပြန်ပေါက်လာကြခြင်း ဖြစ်သည်။

ထိုမျှ မကသေးပါ ... အသစ်ပေါက်လာသော အရိုးများမှ ခပ်မှိန်မှိန် နတ်ဘုရား အလင်းတန်းတစ်ခု လင်းလက်နေပါသေး၏။ ထို့အပြင် .. ထို အရိုးများပေါ်တွင်လည်း ကောင်းကင်နှင့် မြေကြီး၏ စည်းချက်ကို ထင်ဟပ်သည့် ထွင်းစာများ ရှိနေကာ တမူထူးပြီး အစွမ်းထက်လှပါသည်။

" အိုး .. စုပ်ယူတဲ့နှုန်းက မြန်လှချည်လား ။ ဒါဆို ဆက်လုပ်လိုက်မယ်ကွာ "

၎င်းကို မြင်သောအခါ လောထျန်းက ရေရွတ်ပြီး ကောင်းကင်ဘုံ နဂါးသွေး စက်မှ သွေးမျှင် နောက်တစ်ခုကို ထပ်ထုတ်လိုက်ပြန်သည်။

" ဒီတစ်ခေါက်တော့ သွေးပမာဏကို နှစ်ဆ တိုးလိုက်မယ် "

လောထျန်း ပြောလိုက်၏။

All Chapters