နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်း
Vol. 29 Ch. 397
ထို သွေးမျှင်က မျောက်၏ ခန္ဓာကိုယ်ထဲ ရောက်သွားသည်နှင့် ၎င်းထံမှ စူးစူးဝါးဝါး အော်သံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။
သို့သော် ချက်ချင်း ဆိုသလိုပင် လောထျန်းက သားရဲတစ်ရာ နည်းအတိုင်း လုပ်လိုက်ရာ နဂါးသွေးများက မျောက်၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားပြန်၏။
မျောက်လေး၏ ကိုယ်ထဲမှ နတ်ဘုရားအရိုးများနှင့် သွေးများကလည်း အလွန်လျင်မြန်သော နှုန်းဖြင့် ပြန်ပြည့်လာကြသည်။
" ကောင်းတယ်ကွာ .. ဆက်လုပ်မယ် "
လောထျန်းက ပြောပြောဆိုဆိုပင် မျောက်လေး၏ ကိုယ်ထဲသို့ ကောင်းကင်ဘုံ နဂါးသွေးများ ဆက်ထည့်ပေးလိုက်သည်။
မျောက်လေးမှာလည်း ဆက်တိုက် အော်နေရသည့်တိုင် သူ့ခန္ဓာကိုယ်နှင့် သွေးအစွမ်းက တိုးတက်လာနေသည်ကို သတိထားမိလိုက်ပါ၏။
ထို့ကြောင့်လည်း သူ မည်သို့မှ အထွန့်မတက်ဘဲ လိုလိုလားလားပင် ဆက်၍ အံကြိတ်ခံလိုက်သည်။
တဖက်မှ ပန်းလင်မှာလည်း လောထျန်းသုံးနေသည့် နည်းကို ကြည့်ကာ မျက်လုံးများ အရောင်လက်နေ၏။
သားရဲတစ်ရာ လျှို့ဝှက်နည်းကို သူမ အသေးစိတ် သေချာ မသိသည့်တိုင် အခြေခံ သဘောတရားကိုမူ အကြမ်းဖျင်း နားလည်ထားပါသည်။
အစပိုင်းတွင် သူမသည် လောထျန်း အမှားလုပ်မိနေပြီဟု ထင်ထားခဲ့သော်လည်း ..
လောထျန်း တစ်ချက် လှုပ်ရှားလိုက်တိုင်း သူမ ပိုပို၍ ကြောက်လန့်လာခဲ့ရပါ၏။
လောထျန်းက သားရဲတစ်ရာ နည်းလမ်းကို အသုံးပြုစဥ်တွင် ကောင်းကင်ဘုံနဂါးသွေး တစ်ခုတလေပင် အလဟသ ဖြစ်သွားခြင်း မရှိခဲ့ပါချေ။ အားလုံးက မျောက်လေး၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားဟန် တူပါသည်။
ထိုသို့ အလေအလွင့်မရှိဘဲ အပြည့်အဝ အကျိုးရှိရှိ သုံးနိုင်ခြင်းက မဖြစ်နိုင်သလောက် နီးပါးပင် ။
သို့သော် သူမကို အံ့သြအောင် အလုပ်နိုင်ဆုံးက ထိုအချက် မဟုတ်ပေးပေ။ ထို့ထက်ပို အံ့သြစရာ ကောင်းသည်မှာ .. လောထျန်းက သားရဲတစ်ရာ နည်းလမ်းအပြင် အခြားတစ်ခုကိုပါ ထပ်ပေါင်းထည့်ပြီး အသုံးချနေဟန် တူသောကြောင့် ဖြစ်ပါ၏။
ထိုအရာများက မျောက်လေး၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားသည်နှင့် သူ့ခန္ဓာကိုယ်ကိုပါ ပြောင်းလဲပစ်နေဟန် တူပါသည်။
သူမ ယခင် တွက်ချက်ထားသည့် ဆိုပါက .. မျောက်လေး၏ ကိုယ်ပိုင်အစွမ်းဖြင့် ဆိုလျှင် နဂါးသွေးစက်၏ တစ်ရာခိုင်နှုန်းခန့်ကိုသာ အလွန်ဆုံး စုပ်ယူနိုင်လိမ့်မည်ဟု တွေးထားခဲ့ပါသည်။
သို့သော် .. ယခု အနည်းဆုံး နဂါးသွေး၏ ၈ ရာခိုင်နှုန်းကျော် ခန္ဓာကိုယ်ထဲ ဝင်ထားပြီးသည့်တိုင် မျောက်လေးက ဆက်ပြီး စုပ်ယူနိုင်နေဆဲပင်။
ထို့ထက်ပို အရေးကြီးသည်မှာ .. မျောက်လေး၏ အရိုးများ ဖြစ်ပါသည်။
သူ့ကိုယ်ထဲ၌ အသစ်ထွက်လာသော အရိုးများက ထွင်းစာများဖြင့် ပြည့်နေပြီး ထိုထွင်းစာများက ရှုပ်ထွေးနက်နဲလွန်း၍ ပန်းလင်သည်ပင် အားလုံးကို နားမလည်ပါချေ။
သို့သော် ထို ထွင်းစာများက အလွန်အစွမ်းထက်သည် ဆိုသည့် အချက်ကိုမူ သံသယဖြစ်စရာ မရှိပါ။
ထိုအရိုးများက မျောက်လေး၏ မူလ နတ်ဘုရားအရိုးများထက် များစွာ ပိုအစွမ်းထက်ပါ၏။
နောက်ဆုံး ..ကောင်းကင်ဘုံ နဂါးသွေး၏ ဆယ်ပုံတစ်ပုံစာ သန့်စင်ပြီးသွားသည့် နောက်တွင်ကား မျောက်လေး၏ ခန္ဓာကိုယ်က သွေးကိုဆက်စုပ်ယူနိုင်ဟန် မရှိတော့ပါချေ။
ဝုန်း ..
ရုတ်တရက် .. နတ်ဘုရားအလင်းတန်းတစ်ခု ကောင်းကင်ယံသို့တိုင် ထိုးတက်သွား၏။
လျှို့ဝှက် ကျင့်ကြံခြင်းအခန်း ၏ ခေါင်မိုးမှာလည်း အပေါ်သို့ မြှောက်တက်သွားသည်။
" ဟင် .. ဒါ .. နတ်ဘုရားသားရဲ တစ်ကောင်ရဲ့ သွေးအစွမ်း မဟုတ်လား "
ဟွမ်ယင်ထံမှ တအံ့တသြ ရေရွတ်သံ ထွက်ပေါ်လာသည်။
မိုးကြိုးသားရဲသည်ပင် ၎င်းကို ကြည့်ကာ ကြောက်လန့်သွားဟန် တူပါ၏။
ထိုမျောက်လေးက မူလ သွေးအစွမ်းကို ပြန်ရခဲ့ရုံမက နတ်ဘုရားသားရဲအဖြစ်ပင် တစ်ခါတည်း အဆင့်တက်သွားသတဲ့လား ..
" ဒါပေါ့ .. "
ပန်းလင် သက်ပြင်း ချလိုက်သည်။
ထို မျောက်လေး စုပ်ယူသွားခဲ့သည့်အရာမှာ ကောင်းကင်ဘုံ နဂါးသွေး ဖြစ်ပါသည်။
ထို့အပြင် လောထျန်း၏ အကူအညီဖြင့် ပေါင်းစပ်ထားသေးသည်ဖြစ်ရာ နတ်ဘုရားသားရဲအဖြစ် အဆင့်မတက်ဘဲ မည်သို့ နေပါမည်နည်း။
ဝုန်း ..
ထိုအချိန်မှာပင် ကောင်းကင်ယံ၌ မိုးတိမ်တိုက်များလည်း စုစည်းလာကြသည်။
မိုးကြိုး ပစ်ချလာတော့မည့် အသွင်လည်း ဖြစ်လာ၏။
" ဟင် .. နတ်ဘုရားသားရဲတွေရဲ့ ကောင်းကင်ဘုံ ပျက်စီးခြင်းပဲ "
တစ်ချက် မော့ကြည့်ရုံဖြင့်ပင် ပန်းလင် ချက်ချင်း သဘောပေါက်သွားသည်။
သို့သော် သူမ ပြန်အသိဝင်မလာခင်မှာပင် ..
ဝုန်း ..
မူလ ကောင်းကင်ဘုံ ပျက်စီးခြင်း တိမ်တိုက်ပေါ်၌ နောက်ထပ် ကောင်းကင်ဘုံပျက်စီးခြင်း တိမ်တိုက်တစ်ခု ထပ်မံ စုစည်းလာပြန်သည်။
" ဟင် .. တုကျဲ့အဆင့် ကောင်းကင်ဘုံ ပျက်စီးခြင်းပါလား ။ ဒီမျောက်လေးက တုကျဲ့အဆင့်ကိုပါ ရောက်သွားတော့မှာလား "
ပန်းလင် အံ့အားသင့်သွားရတော့သည်။
အား ..
ထိုအချိန်တွင် မျောက်လေးမှာ အသစ် ပြန်လည်မွေးဖွားလာဟန် ရှိနေပြီး သူ့မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ လင်းလက်လာ၏။ ထို့နောက် ၎င်းက နတ်ဆိုးနတ်ဘုရားတစ်ပါး အလား လေထဲသို့ ပျံတက်လိုက်သည်။
ဂျုန်း ..
ထိုစဥ်မှာပင် ကောင်းကင်ယံမှ မိုးကြိုးလျှပ်စီးတစ်ခု ကျလာ၏။
" သတိထားနော် ... "
ဟွမ်ယင်က စိုးရိမ်တကြီး လှမ်းအော် သတိပေးလိုက်သည်။
သို့သော် မျောက်လေးက ခေါင်းပင် မော့မကြည့်ဘဲ ကောင်းကင်ယံသို့သာ လက်ညိုးဖြင့် ထိုးလိုက်၏။
သူ့လက်ချောင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်လာပြီး ကောင်းကင်ယံသို့ ဝုန်းခနဲ ထိုးတက်သွားသည်။
မိုးကြိုးလျှပ်စီးနှင့် တိမ်တိုက်များလည်း ချက်ချင်းပင် လွင့်ပါး ပျောက်ကွယ်ကုန်ကြသည်။
" အစွမ်းထက်လိုက်တာ ... "
ဟွမ်ယင် အသံထွက်၍ပင် ရေရွတ်မိသွားသည်။
ပန်းလင်သည်ပင် ထိုအဖြစ်ပျက်ကို ကြည့်ကာ အံ့အားသင့်နေပါ၏။
အစောက အလင်းတန်း၏ အစွမ်းကို ကြည့်ခြင်းဖြင့်ပင် မျောက်လေးက သာမာန် နတ်ဘုရားသားရဲများထက် ပိုအစွမ်းထက်နေပြီဖြစ်ကြောင်း သိသာနေသည် မဟုတ်ပါလား ..
သို့သော် ထိုအချိန်မှာပင် ..
ဝုန်း ..
ကောင်းကင်ယံ၌ တိမ်တိုက်များ ထပ်မံ စုစည်းလာပြန်သည်။
ဤတစ်ကြိမ် စုစည်းလာသော ပျက်စီးခြင်း တိမ်တိုက်များတွင်မူ အဆုံးမဲ့သော ဖိအားများ ပါနေပြီး ယွမ်ရှောက်တစ်မြို့လုံးကိုပင် လွှမ်းခြုံထားပါ၏။
ယွမ်ရှောက်မြို့ထဲမှ အစွမ်းထက် ကျင့်ကြံသူများ အားလုံးပင် ၎င်းကို ကြည့်ကာ လန့်ဖျန့်ကုန်ကြသည်။
ဝှစ် ..
ယွမ်ရှောက်မြို့ ၊ မြို့စားအိမ်တော်အတွင်းမှ လူတစ်ယောက်က လေထဲသို့ ခပ်မြင့်မြင့် ပျံတက်ကာ ကောင်းကင်ယံမှ ပျက်စီးခြင်း တိမ်တိုက်များအား တအံ့တသြ ကြည့်လိုက်သည်။
" ဒီ ဖိအားက .. ဘာတွေ ဖြစ်နေတာလဲ ။ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဘယ်သူ ဖြတ်ကျော်နေတာလဲ ။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားမျိုးကို ဘယ်လိုလုပ်ပြီး ပေါ်လာစေတာလဲ "
ထိုလူက အံ့သြတူန်လှုပ်စွာ ပြောလိုက်သည်။
မြို့အစွန်ဘက်ရှိ နေအိမ်တစ်ခုမှ .. လယ်ကွင်းထဲတွင် ပေါက်တူးတစ်လက်ဖြင့် တူးဆွနေသော လယ်သမား တစ်ယောက်ကလည်း ကောင်းကင်ဘုံ ပျက်စီးခြင်း တိမ်တိုက်များအား မော့ကြည့်၏။ သူ့မျက်နှာထားမှာ အလွန်တည်နေသည်။
" အဲ့လို အဖြစ်မျိုး ဖြစ်အောင် လုပ်နိုင်တာ ဘယ်သူများပါလိမ့် "
ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ထဲမှ ကျောက်စိမ်းပြား တစ်ခုပေါ်တွင် ခွေနေသော အဖြူရောင် မြွေကြီးတစ်ကောင်ကလည်း မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လာသည်။
" နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်း ပါလား "
သူ တီးတိုး ရေရွတ်လိုက်သည်။
" အဘိုးကြီး ပိုင် ၊ ခင်ဗျား ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဖြတ်ကျော်တုန်းကရော အရမ်း အစွမ်းထက်နေခဲ့တာပဲလား "
အနားမှ အမှောင်ထုထဲတွင် ရှိနေသော နတ်ဘုရားသားရဲ တစ်ကောင်က မေးလာ၏။
" ဘယ်ဟုတ်မလဲကွ "
မြွေကြီးက ခေါင်းယမ်း၍ ပြန်ဖြေသည်။
" ကျုပ်ရောပဲဗျ .. ။ ဒီလောက် ကြောက်စရာကောင်းတဲ့ နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဖြစ်အောင် လုပ်နိုင်တာ ဘယ်သူများပါလိမ့် "
မြွေဖြူက တံတွေး တစ်ချက်ထွေး၍ ပြန်ပြောသည်။
" ဘယ်သူပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူးကွာ "
" ဟင် .. အဲ့ဒါ ဘယ်လို အဓိပ္ပါယ်လဲဗျ "
မြွေဖြူက နှာခေါင်းရှုံ့သည်။
" တကယ်လို့ မင်းနဲ့ ငါ့ရဲ့ လက်ရှိ အစွမ်းမျိုးနဲ့ အဲ့လောက်ကြီးတဲ့ နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ရင်ဆိုင်ရရင်တောင် ငါတို့ သက်တမ်း တစ်ဝက်လောက်ကို အဆုံးရှုံး ခံရမှာလေကွ။ အခုမှ နတ်ဘုရားသားရဲအဖြစ် ရောက်ခါစ သားရဲတစ်ကောင်က ဒါကို ခံနိုင်မယ် ထင်လို့လား "
အမှောင်ထဲမှ သားရဲက ခေတ္တမျှ အံ့အားသင့်နေပြီးနောက်မှ အပြုံးဖြင့် ပြန်ပြောသည်။
" ဒါတော့ အမှန်ပဲဗျာ "
ထို့နောက်တွင်မူ ၎င်းက အမှောင်ထုထဲ၌ လုံးဝ ပျောက်ကွယ်သွား၏။
ထိုအချိန်တွင် .. ကောင်းကင်ဘုံ ပျက်စီးခြင်း၏ ပစ်မှတ်ထား ခံထားရသော မျောက်လေးမှာ မျက်မှောင်ကြုံ့ နေပါ၏။
" ဒါ နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်းလား ။ ကောင်းကင်ဘုံရဲ့ ခမ်းနားတဲ့ ဖိအားကလဲ .. စောနက ငါ့သခင်ရဲ့ ဖိအားလောက်တောင် ကြောက်စရာ မကောင်းဘူး "
သူ တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
အမှန်တွင်လည်း ယခု ကောင်းကင်ဘုံ ပျက်စီးခြင်းမှ ပေးလာသည့် ခံစားမှုက အစောက လောထျန်း သူ့အား သင်ခန်းစာ ပေးခဲ့စဥ် ဖြစ်ခဲ့ရသည့် ခံစားချက်နှင့် များစွာပင် ကွာနေပါသည်။
သို့တိုင် .. သူ သတိလက်လွတ်မူ မပြုမူရဲပါချေ။
" လာစမ်း နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်း .. ၊ ငါ့ရဲ့ အစွမ်းအသစ်က ဘယ်လိုရှိတယ် ဆိုတာကို ပြမယ် "
မျောက်လေးက ကောင်းကင်ယံသို့ မော့ကြည့်ကာ အော်လိုက်သည်။
ဝုန်း ..
ထို့နောက် သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကိုယ်ထဲမှ နတ်ဘုရားသွေးကို အသက်သွင်းလိုက်၏။
သူ့ကိုယ်ထဲမှ နတ်ဘုရားအရိုးများပေါ်တွင် ရှိနေသော သွေးများနှင့် ထွင်းစာများ ချက်ချင်း အရောင်လက်လာကြသည်။
ထို့နောက်တွင်မူ ..
ဝီ ..
မျောက်လေး၏ ကိုယ်ထဲမှ ရွှေရောင် အလင်းတန်းတစ်ခု ရုတ်တရက် တိုးထွက်လာပြီး သူ့ကိုယ်ပေါ်မှ အမွေးများလည်း ရွှေရောင်အဖြစ် ပြောင်းသွားတော့၏။
အထူးသဖြင့် ၎င်း၏ ခေါင်းထိပ်မှ အမွေးများဆိုလျှင် လူ ဆံပင်များကဲ့သို့ ထောင်နေပြီး သူ့ကိုယ်တွင်လည လျှပ်စီးများ တဖျတ်ဖျတ် လက်နေတော့သည်။
ထိုမြင်ကွင်းကို ကြည့်နေသူများထဲမှ ပန်းလင်နှင့် ကျန်လူများက မအံ့သြ ကြသည့်တိုင် လောထျန်းတစ်ယောက်မှာကား အံ့သြမှင်သက်သွားပါသည်။
" ဒါ .... စိုင်ယန် မျောက်လား .. "
သူ မျက်လုံးကြီး ပြူး၍ ရေရွတ်လိုက်သည်။
" သခင်လေး လောထျန်း ၊ အပြင်လူတွေ လာစပ်စုလို့် မရအောင် ဒီက အစ္မ်းတွေကို မြန်မြန် ဖုံးထားလိုက်ဦး "
ထိုစဥ် ဘေးမှ ပန်းလင်က ရုတ်တရက် သတိပေးလာ၏။
" ဟုတ်သားပဲ .. ကျုပ် မေ့တော့မလို့ "
လောထျန်းက ချက်ချင်း ခေါင်းညိတ်ကာ သူ့စိတ်ဝိဥာဥ်အစွမ်းကို ထုတ်၍ ဘေးပတ်ဝန်းကျင်အား ကာရံထားလိုက်ပြီး သူတို့ကို ကြည့်နေကြသူများအား ချက်ချင်း တားလိုက်တော့သည်။
ထိုအချိန်မှာပင် ကောင်းကင်ယံထက်မှ နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်း တိမ်တိုက်များဆီမှ မိုးကြိုးလျှပ်စီးတစ်ခု အသံကျယ်ပေး၍ ကျလာ၏။
" ယား .... "
မျောက်လေးက ခေါင်းမော့၍ ကျယ်လောင်စွာ အော်ကာ ကောင်းကင်ယံသို့ လက်သီးဖြင့် ထိုးလိုက်သည်။
ဘုန်း ..
သူ့လက်သီး တစ်ချက်ဖြင့်ပင် ကောင်းကင်ယံမှ နတ်ဘူရားသားရဲ ကောင်းကင်ဘုံပျက်စီးခြင်း တိမ်တိုက်များ ပြိုကွဲသွားကြတော့၏။
တိမ်တိုက်များနှင့် မြူမှုန်များကလည်း ချက်ချင်းဆိုသလိုပင် လွင့်ပါးပျောက်ကွယ်သွားကာ နေသာသော နေ့တစ်နေ့ ပြန်ဖြစ်သွားသည်။
ကောင်းကင်နှင့် မြေကြီး ကြားတွင်ကား လေထဲတွင် ရပ်နေသည့် ရွှေရောင် မျောက်တစ်ကောင်သာ ရှိနေပါသည်။
ထိုအချိန်တွင် မျောက်လေးမှာ သူ့လက်ဝါးသူ ပြန်ငုံ့ကြည့်ရင်း သူ့မျက်လုံးသူပင် မယုံနိုင် ဖြစ်နေ၏။
" ဒါ ... ငါ့အစွမ်းလား .. ၊ ငါက အဲ့လောက်တောင် အစွမ်းထက်တာလား ။ ဒါဆို .. ငါ ပြိုင်ဘက်ကင်း ဖြစ်သးပြီပေါ့ ၊ ငါ ပြိုင်ဘက်ကင်း ဖြစ်သွားပြီကွ "
မျောက်လေးက ခေါင်းမော့၍ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။
သို့သော် .. သူ မသိလိုက်သည့် အချက်မှာ ... သူ ထိုသို့ အော်ရယ်နေစဥ်အချိန်၌ ရှောက်ထျန်းလုံလေးက မျက်နှာ မကြည်မသာဖြင့် မျက်လုံးဖွင့်လာခြင်းပင် ။