← Chapters

သိုင်းသမား ကျင့်ဝတ် မရှိခြင်း

Vol. 29 Ch. 398

သိုင်းသမား ကျင့်ဝတ် မရှိခြင်း

Vol. 29 Ch. 398

ထိုအချိန်တွင် ရှောက်ထျန်းလုံမှာ အလွန် စိတ်မကြည်မလင် ဖြစ်နေခဲ့လေပြီ ။

ယနေ့ .. သူ့အတွက် အိပ်ကောင်းခြင်း အိပ်ရန် အဘယ့်ကြောင့် ဤမျှ ခက်ခဲနေရပါသနည်း။

အရင်ဆုံး ငှက်တစ်ကောင်နှင့် မြွေတစ်ကောင် စကားများ နေခဲ့ကြပြီး ငှက်ကြီးက သူ့မျက်နှာပေါ်သို့ တံတွေးထွေးခဲ့ပါ၏။

ထို့နောက် သူ ထိုနှစ်ကောင်လုံးကို ရှင်းပစ်ခဲ့ပြီးသည့် အချိန်တွင်လည်း ရုတ်တရက် မိုးကြိုးသံများ ထပ်ပေါ်လာခဲ့ပြန်သည်။

မိုးကြိုးသံက သဘာဝအတိုင်း ရာသီဥတုကြောင့် သဘာဝအတိုင်း ဖြစ်လာသော အရာဖြစ်၍ သည်းခံရုံမှလွဲ၍ အခြားမရှိဟု ပြော၍ ရပါသေးသည်။

သို့သော် .. ယခု မိုးကြိုးများ ရပ်သွားသည့် အချိန်၌ အော်သံကျယ်ကြီး အဘယ့်ကြောင့် ထပ်ပေါ်လာရပါသနည်း။

ထိုအော်သံက မိုးကြိုးသံထက်ပင် ပိုကျယ်နေပါသေးသည်။

သူ ၎င်းကို မည်သို့ သည်းခံရပါမည်နည်း။

ရှောက်ထျန်းလုံက ချက်ချင်း ဆိုသလိုပင် မျောက်ရှေ့သို့ လှစ်ခနဲ ပျံသန်းသွားလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ အော်လိုက်သည်။

" ဝု .... "

အစာက အရူးတစ်ယောက်သဖွယ် အော်ရယ်နေခဲ့သည့် မျောက်မှာလည်း ရုတ်တရက် အံ့သြမှင်သက်သွား၏။

" ဟင် .. ကောင်လေး ၊ ဘာတွေ လုပ်နေတာလဲ ။ အစွမ်းထက်တာကို အားကျလို့ ကြည့်နေတာလား "

မျောက်က ရှောက်ထျန်းလုံကို ကြည့်ကာ မေးလိုက်သည်။

ထိုကောင်လေးက သူ့သခင် လောထျန်း၏ ပုခုံးပေါ်၌ အိပ်နေသော ကောင်လေးမှန်း သူ သတိထားမိပြီး ဖြစ်သည့်အတွက် သူ့လေသံကမူ  အလွန်ပင် ယဥ်ကျေးဟန် ပေါက်နေပါ၏။

သို့သော် ရှောက်ထျန်းလုံက မျက်နှာကြီး သုန်မှုန်စွာဖြင့် လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်သည်။

" ဟင် ."

မျောက်မှာ ရုတ်တရက် အံ့သြမှင်သက်သွား၏။

ထို့နောက် ..

ဘုန်း ..

ရှောက်ထျန်းလုံက မျောက်၏ ခြေချင်းဝတ် တစ်ဖက်မှ ကိုင်ကာ ၎င်းအား ​မြေကြီးပေါ်သို့ ရိုက်ချလိုက်တော့သည်။

" ဟင် .... "

မျောက်လေး လန့်သွားပြီး ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

သို့သော် .. သူ မည်မျှ အားသုံး၍ကြိုးစားပါစေ ..  လုံးဝ မလွတ်နိုင်ကြောင်းကို သိလိုက်ရပါ၏။

ရှောက်ထျန်းလုံလေး၏ အစွမ်းအား သူ လုံးဝ မခုခံနိုင်ပါချေ။

ဘုန်း ... ဘုန်း .... ဘုန်း ....

ရှောက်ထျန်းလုံက မျောွ၏ ခြေတစ်ဖက်မှ ကိုင်ပြီး မြေပေါ်သို့ ဆယ်ကြိမ်မက လွှဲရိုက်လိုက်သည်။  ထိုရိုက်ချက်ကြောင့် မြေပြင်တွင် တွင်းနက်ကြီးတစ်ခု ပေါ်လာပြီး ဖုန်မှုန့်လုံးကြီးများလည်း လိမ့်တက်လာ၏။

ထိုမြင်ကွင်းကြောင့် ပန်းလင်ရော ဟွမ်ယင်မှာ အံ့သြမှင်သက်ကုန်ကြသည်။

" ဒီကောင်လေးက မလွန်လွန်းဘူးလား ... "

" မျောက်က ဒီလောက် အစွမ်းထက်နေတာတောင် အဲ့ကောင်လေးရှေ့ကိုလဲ ရောက်ရော ဘာမှတောင် ပြန်မလုပ်နိုင်တော့ဘူး "

လောထျန်းမှာမူ ရှောက်ထျန်းလုံလေးက မည်မျှ အစွမ်းထက်ကြောင်း အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်သည့်အတွက် ထိုကိစ္စကို ထူးပြီး မအံ့သြလှပါချေ။

ထိုစဥ် တဖက်မှ ရှောက်လုံမှာ မျောက်အား အားရပါးရ လွှဲရိုက်ပြီးနောက် အနည်းငယ် စိတ်ကျေနပ်သွားဟန်ဖြင့် လွှတ်ပေးလိုက်၏။ ထို့နောက် သူ့လက်ဖက်မှ ဖုန်များကို ခါကာ လောထျန်းဆီသို့ ပြန်သွားရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် ..

ဝုန်း ..

မြေကြီးနှင့် လွှဲရိုက်ခံထားရသည့် မျောက်၏ ကိုယ်မှ စွမ်းအင်များ ဝုန်းခနဲ ထွက်လာပြီး ကောင်းကင်ယံသို့ ပျံတက်သွား၏။

" ကောင်လေး .. မင်းက ဘာကျင့်ဝတ်မှလဲ မရှိပါလားကွ ။ ဒီတိုင်းကြီး ငါ့ကို လှည့်စားပြီး လာတိုက်ခိုက်နေတာ "

မျောက်က ရှောက်ထျန်းလုံအား လက်ညိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီး အော်လိုက်သည်။

ထိုစကားကို ကြားသောအခါ ရှောက်ထျန်းလုံက ဒေါသထွက်သွားဟန်ဖြင့် ခါးထောက်ပြီး နှုတ်ခမ်းစူ ကြည့်လာ၏။ သူ့အသွင်မှာ " မင်းက ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ " ဟု ပြန်မေးချင်နေသယောင် ။

သူ့အမူအရာကို မြင်သောအခါ မျောက်က သည်းမခံနိုင်တော့ဟန်ဖြင့် ထပ်ပြောလိုက်သည်။

" ဘာလဲ .. မင်းက ငါပြောတာကို မယုံလို့လား ။ သတ္တိရှိရင် ထပ်ပြီး တိုက်ခိုက်မယ်ကွာ "

မျောက်က ရှောက်ထျန်းလုံအား လက်ညိုးထိုးကာ ပြောလိုက်ပြန်သည်။

သို့သော် သူ့စကား ဆုံးဆုံးချင်းမှာပင် ရှောက်ထိန်းလုံက နေရာမှ ရုတ်တရက် ပျောက်သွား၏။

" ဟင် .. "

မျောက်မှာ မည်သို့မှ မတုန့်ပြန်နိုင်ခင်မှာပင် ခြေထောက်မှ တင်းတင်းကျပ်ကျပ် အရာတစ်ခုကို ခံစားမိလိုက်ရပြီး သူ့ကမ္ဘာကြီး လည်သွားပြန်တော့သည်။

ဘုန်း ... ဘုန်း ... ဘုန်း ...

ရိုက်ပွဲကြီး နောက်တစ်ကြိမ် ထပ်ဖြစ်သွားပြန်၏။

၎င်းကို မလှမ်းမကမ်းမှ ကြည့်နေသူများမှာ ဆက်ပင် မကြည့်ရက်တော့သဖြင့် မျက်နှာလွှဲသူလွှဲ ဖြစ်ကုန်ကြသည်။

" သနားစရာ မျောက်လေးပါလား "

ဟွမ်ယင် တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

သူမဘေးမှ မိုးကြိုးသားရဲကလည်း သဘောတူဟန်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်နေ၏။

နောက်ဆုံး အားရပါးရ ရိုက်ပြီးသွားသည့် အချိန်မှသာ ရှောက်ထျန်းလုံက မျောက်အား လွှတ်ပေးလိုက်ပြီး ခါးထောက်၍ ရပ်ကြည့်လိုက်သည်။

ဝုန်း ..

မြေပြင်ရှိ တွင်းနက်ထဲမှ တစ်ကိုယ်လုံး ဖုန်အလိမ်းလိမ်း ပေနေသည့် မျောက်က ဒေါသထွက်နေသည့် မျက်နှာဖြင့် တွားသွား ထွက်လာ၏။

" ချီး .. မင်းက တော်တော် အကျင့်မကောင်းတဲ့ကောင်ပဲကွ။ ငါ စလို့တောင် မပြောရသေးဘူးလေ "

သူ ဒေါသတကြီး အော်လိုက်သည်။

၎င်းကို မြင်သောအခါ ဘေးမှ ဟွမ်ယင်က နှုတ်ခမ်းမဲ့၍ ဝင်ပြော၏။

" နင်က နှစ်ကြိမ်တိတိ အရိုက်ခံရပြီးတာတောင် တဖက်လူကို အကျင့်မကောင်းဘူးလို့ ထပ်သွားခေါ်ရဲနေတုန်းလား "

ပန်းလင်ကလည်း တစ်စုံတစ်ခုက်ု သတိထားမိသွားဟန်ဖြင့် ပြောသည်။

" ဒါပေမယ့် .. သေချာ စဥ်းစားကြည့်လိုက်မှ .. ဒီမျောက်က တော်တော်အစွမ်းထက်တာပဲ "

" ရှင်က ဘယ်လိုလုပ်ပြီး သိတာလဲ "

ဟွမ်ယင်က နားမလည်နိုင်ဟန်ဖြင့် မေးလာ၏။

" ရှောက်ထျန်းလုံရဲ့ လက်ချက်နဲ့ ဒီလောက် အရိုက်ခံထားရတာတောင် အစွမ်းထက်တယ်လို့ ပြောနေတာလား "

ပန်းလင်က ပြန်ပြောသည်။

" တကယ်လို့ တခြားသားရဲ တစ်ကောင်သာ ဆိုရင် အဲ့ကောင်လေးဆီက ဒီလောက် အရိုက်ခံရပြီးရင် သေရင်သေ ၊ မသေရင်လဲ ဒဏ်ရာ ဆိုးဆိုးရွားရွား ရနေလောက်ပြီ။ အခု ဒီကောင်က အခြေအနေ ဆိုးတဲ့ပုံ ပေါက်နေပေမယ့် သူ့အရေပြားမှာ ခြစ်ရာ တစ်ရာတောင် မရထားဘူးလေ ။ကြည့်ရတာ လောထျန်းရဲ့ နည်းက တော်တော်လေး အောင်မြင်သွားတယ်နဲ့တူတယ် "

ထိုစကားကို ကြားမှသာ မျောက်၏ ခန္ဓာကိုယ်အား ပန်းလင် သတိထား ကြည့်မိသွား၏။

အမှန်တွင်လည်း ဖုန်များ အလိမ်လိမ်း ကပ်နေသည်မှ လွဲ၍ အခြား မည်သည့်ဒဏ်ရာမှ ရှိမနေပါချေ။

ထိုစဥ် တဖက်မှ မျောက်က အံကြိတ်၍ ပြောလာသည်။

" ​ကောင်လေး ၊ ဒီ ရလဒ်ကို ငါ လက်မခံဘူး ။ နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်မယ်။ ဒါပေမယ့် မတိုက်ခိုက်ခင်မှာ စမယ် လို့ အရင်ပြောရမယ် "

ရှောက်ထျန်းလုံလေးက နှုတ်ခမ်းမဲ့ပြီး လက်ကို ဘေးသို့ ဖြည်ညင်းစွာ ဆန့်ထုတ်လိုက်သည်။

သူ့ အမူအရာကြောင့် မျောက် ဒေါသထွက်သွားရပြန်၏။

" ကောင်လေး .. ငါ့ကို အထင်မသေးနဲ့ကွ။ ငါ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ပြမယ် "

မျောက်က ထိုသို့ ပြောကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဝုန်း ..

ချက်ချင်းဆိုသလိုပင် သူ့ကိုယ်ထဲရှိ နတ်ဘုရားအရိုးများပေါ်မှ ထွင်းစာများ အရောင်လက်လာပြီး သူ့ကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု တိုးထွက်လာ၏။ လျှပ်စီးမိုးကြိုးများလည်း သူ့ခန္ဓာကိုယ်တစ်လျှောက် ဖြတ်စီးသွားကြသည်။

" ဝိုး ... စိုင်ယန်မျောက်ကြီး ထပ်ပေါ်လာတော့မယ် "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

မျောက်မှာလည်း ထိုအချိန်တွင် ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့် ဖြစ်နေ၏။

" ကောင်လေး ၊ အခု ငါက အရမ်း အစွမ်းထက်နေပြီ ။ ငါ့အစွမ်းရဲ့ အဆုံးသတ်က ဘယ်လောက် ရှိတယ် ဆိုတာတောင် ငါ မသိဘူး ။ ဒီအဆင့်ကို ရောက်ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ် အစွမ်းနဲ့ အမြန်နှုန်းကလဲ အရင်ထက် အဆ သုံးဆယ်လောက်ကို ​ပို တိုးလာပြီကွ။ ဒီလို အခြေအနေမှာဆို မင်းက ငါ့ပြိုင်ဘက် လံားဝ မဟုတ်ဘူး "

မျောက်က ရှောက်ထျန်းလုံကို လက်ညိုးထိုးကာ ပြောလိုက်သည်။

သို့သော် မျှော်လင့်မထားစွာပင် .. တဖက်မှ ရှောက်ထျန်းလုံလေးက အိပ်ချင်မူးတူးဟန်ဖြင့် သန်းဝေနေ၏။

" မင်း ... "

မျောက်မှာ ဟန်ချက် ပျက်တော့မလိုပင် ဖြစ်သွားရသည်။

ထိုကောင်လေးက အရိုက်ခံရန် ထိုက်တန်လှပေသည်။

" ဟမ့် .. တိုက်ပွဲ စပြီ "

မျောက်က ဒေါသတကြီး အော်ကာ ရှောက်ထျန်းလုံဆီသို့ ဝုန်းခနဲ ပြေးဝင်သွားလိုက်သည်။

သို့သော် ထို့နောက်တွင်မူ ..

" ဟင် .... "

မျောက်မှာ သူ့ခြေထောက်မှ တင်းကျပ်ကျပ် ခံစားမှုကို ပြန်ခံစားလိုက်ရပါ၏။

" မဖြစ်နိုင်တာ ... "

သူ တအံ့တသြ ရေရွတ်လိုက်သည့် အချိန်မှာပင် သူ့ခေါင်း ချာချာလည်သွားပြန်တော့သည်။

ဘုန်း ... ဘုန်း ... ဘုန်း ...

ရှောက်ထျန်းလုံက ယခင်အတိုင်းပင် မျောက်ကို ခြေထောက်မှ ကိုင်ပြီး မြေပြင်နှင့် လွှဲရိုက်လိုက်ပြန်၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ဟွမ်ယင် နှုတ်ခမ်း မဲ့လိုက်သည်။

" ချီး .. ဒီတစ်ခေါက်တော့ ရလဒ်က ကွဲမယ် ထင်နေတာ "

သူမ မကျေမနပ် ရေရွတ်လိုက်သည်။

ပန်းလင်က ​အေးအေးဆေးဆေး ပြောလာသည်။

" တကယ်တော့ ဒီတစ်ခေါက်က အရင်နဲ့ ကွဲတယ် "

" ဟင် .. ဘာတွေ ကွဲလို့လဲ "

ဟွမ်ယင်က ပန်းလင်အား တအံ့တသြ လှည့်ကြည့်၏။

တစ်ချိန်တည်းမှာပင် ပန်းလင်က ထူးခြားမှုကို သူမက မမြင်နိုင်သည့်အတွက် ပန်းလင်အပေါ် လးစားမှုလည်း တိုးသွားရသည်။

သူမ နောက်မှ ပန်းလင်ထံ အကြံဉာဏ်တောင်းရမည် ဟုလည်း တွေးလိုက်မိ၏။

ထိုစဥ်မှာပင် ပန်းလင်က ရှောက်ထျန်းလုံ လက်ချက်ဖြင့် ဆက်တိုက် အရိုက်ခံနေရသော မျောက်ကို လက်ညိုးထိုးပြ၍ ပြောလာသည်။

" ဒီတစ်ခေါက်တော့ မျောက်က ရွှေရောင်လေး လင်းနေတယ်လေ "

" ရှင် ..... "

ဟွမ်ယင်တစ်ယောက် ဆွံ့အသွားရတော့သည်။

ပန်းလင်က တစ်စံတစ်ခု ထုးခြားသည်ကို မြင်သည်ဟု သူမ ထင်ထားခဲ့သော်လည်း ယခု ထိုသို့ ဖြစ်နေသတဲ့လား ။

ထိုအချိန်တွင် .. တဖက်ရှိ ရှောက်ထျန်းလုံလေးက စိတ်ရှိလက်ရှိ ရိုက်ပြီးသွားဟန်ဖြင့် လက်မှ ဖုန်များကို ခါလိုက်ပြီး မြေပေါ်မှ တွင်းထဲတွင် ရှိနေဆဲ ဖြစ်သော မျောက်အား ခါးထောက်ကြည့်ကာ အော်လိုက်သည်။

" ဝု ... "

ထို့နောက် သူ လောထျန်း ပုခုံးပေါ်သို့ တိုက်ရိုက် ပျံသန်းသွား၏။

လောထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ မျောက်ဆီသို့ လျှောက်သွားလိုက်သည်။

" ဘယ်လိုလဲ .. မြင့်လှပြီလို့ ထင်ရတဲ့ တောင်တစ်တောင်ထက် တခြား ပိုမြင့်တဲ့ တောင်တွေ ရှိသေးတယ်ဆိုတာ သိပြီလား "

လောထျန်း မေးလိုက်သည်။

မျောက်မှာ လန့်သွားပြီး ချက်ချင်း လူးလိမ့်ထ၍ ဒူးတစ်ဖက် ထောက်လိုက်သည်။

" ခုလို သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင် "

" ဝု .. "

ထိုအချိန်မှာပင် ရှောက်ထျန်းလုံလေးက အသံ ပေးလာသည်။

ဂလွီ ...

သူ့ ဗိုက်ထဲမှလည်း အချက်ပြသည့် အသံအချို့ ထွက်လာ၏။

" ဟင် .. ကြေးခွံတွေ အများကြီး စားထားတာတောင် ဗိုက်ဆာနေတုန်းပဲလားကွ။ အေးပါကွာ .. ငါ မင်းအတွက် စားစရာတွေ ယူလာတယ် "

လောထျန်းက ပြောပြောဆိုဆိုပင် သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ မူလ အရှုပ်အထွေးမြေ အချို့ကို ထုတ်လိုက်သည်။

ရှောက်ထျန်းလုံလေးကလည်း မူလအရှုပ်အထွေးမြေကို မြင်သည်နှင့် မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်း ကောက်စား၏။

" ဒါ ... "

မျောက်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း အံ့သြမှင်သက်သွားတော့သည်။

ထိုကောင်လေးက မြေကြီးများကို အမှန်တကယ်စားနေပါသလား ..

မျောက်က သူ့အား စိုက်ကြည့်နေသဖြင့် ရှောက်ထျန်းလုံ အနည်းငယ် မျက်မှောင်ကြုံ့သွားသည်။  ခေတ္တမျှ တွန့်ဆုတ်နေပြီး နောက်တွင်မူ သူ စားလက်စ မူလအရှုပ်အထွေးမြေ ထဲမှ အနည်းငယ်ကို ဖဲ့ကာ မျောက်အား လှမ်းပေးလိုက်၏။

" ငါ့အတွက်လား ... "

မျောက် အံ့သြမှင်သက်သွားရပြန်သည်။

ရှောက်ထျန်းလုံက ခေါင်းညိတ်ပြ၏။

မျောက်မှာ အသက်ပြင်ပြင်း တစ်ချက်ရှိုက်၍ မြေကြီးအား ​လှမ်ယူလိုက်သည်။ ထို့နောက် ရှောက်ထျန်းလုံလေးက မူလအရှုပ်အထွေးမြေအား ဆက်စားနေသည်ကို သူ ကြည့်လိုက်၏။

ထိုသို့ ကြည့်နေရင်း သူ ရုတ်တရက် အကြံတစ်ခုလည်း ရသွားသည်။

" မဟုတ်မှလွဲရော .. အဲ့ မြေကြီးက သူ အစွမ်းထက်နေရတဲ့ လျှို့ဝှက်ချက်လား မသိဘူး ။ အဲ့လိုဆိုရင်တော့ ငါလဲ လိုက်စားတာ ကောင်းမယ် "

သူ ထိုသို့ တွေးကာ ပါးစပ်ဟ၍ တစ်ကိုက် ကိုက်လိုက်သည်။

All Chapters