ကောင်းကင်ဘုံကို ဆန့်ကျင်သော ဉာဏ်အလင်းပွင့်ခြင်း
Vol. 29 Ch. 400
" ဝု "
ရှောက်ထျန်းလုံက ခေါင်းလေးစောင်းရင်း လောထျန်းအား အံ့အားသင့်နေဟန် မျက်နှာလေးဖြင့် ကြည့်သည်။
လောထျန်းက ပြုံးပြီး လက်ကို ဘေးသို့ ဆန့်ထုတ်လိုက်၏။
ထို့နောက် ..
ချွှင် ..
လောထျန်း၏ လက်ထဲတွင် ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများမှ စုစည်းထားသော ဓားရှည်တစ်လက် ပေါ်လာသည်။
ထိုဓား ပေါ်လာသည်နှင့် ကမ္ဘာတစ်ခုလုံး တုန်ခါသွားသယောင်ပင် ။
" ဟင် .. အဲ့ဒါ ဘာဓားလဲ ။ နတ်ဘုရားမြို့တော်က မသေမျိုးဓားထက်တောင် ပိုကြောက်စရာ ကောင်းနေသလိုပါပဲလား "
၎င်းကို ကြည့်ရင်း ဟွမ်ယင် တီးတိုးရေရွတ်လိုက်သည်။
မျောက်ကလည်း အံ့သြတုန်လှုပ်နေဟန်ဖြင့် မျက်လုံးများ ပြူးကျယ်နေ၏။
သို့သော် ထိုမျောက်က အလွန်ရဲတင်းသည်ဟုပင် ပြောရမလား ...
၎င်းက လောထျန်းဆီသို့ သတိဖြင့် လျှောက်သွားပြီး လောထျန်းအား ထိရန် ကြိုးစားကြည့်လိုက်သည်။
သို့သော် ထို့နောက်တွင်မူ ..
ဘုန်း ..
အစွမ်းထက်သော အားတစ်ခုကြောင့် သူ ချက်ချင်းပင် လွင့်ထွက်သွားကာ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိသွား၏။
" အဲ့ဒါ ... ဘယ်လို အစွမ်းမျိုးလဲ ။ သခင်လေးက ဘာအစွမ်းမှ မသုံးလိုက်တာ အသိသာကြီးလေ။ ဒီတိုင်း ဓားရဲ့ ကိုယ်ပိုင်ခုခံအစွမ်းနဲ့ပဲ ကျုပ်ကို လွင့်ထွက်သွားအောင် လုပ်လိုက်တာလား "
မျောက်က ခက်ခက်ခဲခဲ ကြိုးစားပြီး ပြန်ထရင်း လောထျန်းအား တအံ့တသြ ကြည့်လိုက်သည်။
အကယ်၍ လောထျန်းသာ အနည်းငယ် လှုပ်ရှားခဲ့လျှင်ပင် ယခုချိန် သူ့အသက်အန္တရာယ် စိုးရိမ်နေရလောက်ပြီ ဖြစ်ကြောင်းကိုလည်း သူ သိပါ၏။
" ဒီဓားက ကောင်းကင်နဲ့ မြေကြီးရဲ့ စည်းမျဥ်းတွေကနေ စုစည်ထားတဲ့ ဓားပဲကွ။ ဒီဓားရဲ့ အစွမ်းက သဘာဝ ကောင်းကင်ဘုံ ပျက်စီးခြင်း တစ်ခုထက် အစွမ်းပိုထက်ပြီးတော့ ဒါကို ခုခံဖို့ကလဲ မဖြစ်နိုင်သလောက် နီးပါးပဲ "
လောထျန်း ပြောပြလိုက်သည်။
သူ့စကားဆုံးသည်နှင့် မျောက်၏ မျက်လုံးမျml အရောင်လက်သွားပြီး ချက်ချင်း ပြန်ပြော၏။
" သခင်လေး .. ကျုပ်လဲ အဲ့ဒါကို သင်ချင်တယ် "
ဟွမ်ယင်ကလည်း လက်ထောင်၍ ပြောလာသည်။
" ကျွန်မလဲ သင်ချင်တယ် "
အမှန်တွင်မူ သူတိို့နှစ်ယောက်သာမက ၊ ပန်းလင်သည်ပင် စိတ်လှုပ်ရှားသွားခဲ့ရပါ၏။
ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများကို ထိန်းချုပ်နိုင်စွမ်း ရှိခြင်းက မည်မျှ ကောင်းလိုက်ပါမည်နည်း။
လောထျန်းကလည်း ဘာကိုမှ ဖုံးကွယ်မထားဘဲ ခေါင်းညိတ်၍ ပြန်ပြောသည်။
" ကောင်းပြီ ၊ ဒါဆို ကျုပ် ရှင်းပြမယ် ။ အားလုံး သေချာ လိုက်နားထောင်ကြနော် ...... "
ထို့နောက်တွင်မူ လောထျန်းက သိုင်းကွက်အား သေချာရှင်းပြလိုက်ပြီး အားလုံးကို ဝေ့ကြည့်ကာ မေးသည်။
" ကျုပ်ပြောတာ နားလည်ကြရဲ့လား "
သို့သော် .. တဖက်မှ မျောက်အပါအဝင် အားလုံးက ပြိုင်တူ ခေါင်းယမ်းလိုက်ကြ၏။
လောထျန်း နောက်တစ်ကြိမ် ထပ်ရှင်းပြလိုက်ပြီး သူ့လူများကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ သို့သော် တဖက်မှ လူများက သူ့အား ခေါင်းသာ ယမ်းပြလာကြပြန်၏။
" အဲ့လောက် ရိုးရိုးရှင်းရှင်းလေးကိုတောင် နားမလည်ကြဘူးလား .. "
လောထျန်း ကူကယ်ရာမဲ့နေသလိုပင် ခံစားလိုက်ရသည်။
သို့သော် တဖက်မှ လူများမှာကား သူ့စကားကြောင့် လဲကျတော့မလိုပင် ဖြစ်သွားကြပါ၏။
ရိုးရှင်းသည်တဲ့လား ...
ဟိုး ယခင် ရှေးခေတ်မှ စ၍ ယနေ့အချိန်အထိ ထျန်းယွမ်ကမ္ဘာတွင် ထိုသို့ လုပ်နိုင်သူမှာ လောထျန်းတစ်ယောက်မှလွဲ၍ အခြား မရှိခဲ့ပါချေ။ ၎င်းကို ရိုးရှင်းသတဲ့လား ..
သို့သော် သူတို့ မည်သို့မှလည်း ပြန်မပြောရဲသဖြင့် လောထျန်းကိုသာ ဆက်ရှင်းပြခိုင်းလိုက်ရသည်။
ဤသို့ဖြင့် ဆယ်ကြိမ်ထက်မနည်း ရှင်းပြပြီးသွားသည့် နောက်တွင်မူ လောထျန်းက သူ့လူများအား လက်တွေ့စပြီး အသုံးချခိုင်းလိုက်၏။
သို့သော် .. အချိန်အတန်ငယ်ကြာ ကြိုးစားပြီး နောက်မှာပင် ပန်းလင်က လက်လျှော့ အရှုံးပေးသွားသည်။
ထိုပညာရပ်အား တတ်မြောက်ရန် သူမအတွက် မဖြစ်နိုင်သည်ကိုလည်း နားလည်လိုက်ပါ၏။
ဟွမ်ယင်နှင့် မျောက်တို့ကမူ လက်မလျှော့သေးဘဲ လက်ဖြင့် ဓားဆွဲထုတ်သည့်ပုံ လုပ်လိုက် ၊ မကျေမနပ် အော်လိုက်ဖြင့် ဆက်ကြိုးစားနေကြသည်။
သူတို့၏ ကြိုးစားမှုက အရာမထင်သည့်တိုင် ကောင်းကောင်းကြိုးစားနေသည်ဟုမူ ပြော၍ ရပါသည်။
ရှောက်ထျန်းလုံမှာမူ စိတ်သိပ်ပါဟန် မရှိသော်လည်း .. ဟွမ်ယင်တို့ နှစ်ယောက် ဦးဆောင်မှုအတိုင်း လိုက်အော်နေပါ၏။
သူတို့ အတူတူ လေ့ကျင့်နေကြခြင်း မဟုတ်ပါ ...
" ယား .... "
" အား ... "
" ဝု .... ""
သူတို့သုံးယောက်၏ အော်သံများက တစ်ယောက်ထက်ပိုကျယ် နေတော့သည်။
ပန်းလင်မှာ သူတို့ကို တစ်ချက်ကြည့်ပြီး သူမ နဖူးကို လက်ဖြင့် ရိုက်၍ မျက်နှာလွှဲလိုက်သည်။
" ဘာဖြစ်လို့လဲ .. "
လောထျန်းက သူမကို ကြည့်ကာ မေး၏။
" အမြင်ကတ်စရာကြီး မို့လို့ပါ "
ပန်လင်က ဆိုလိုက်သည်။
ဤသို့ဖြင့် .. သူတို့ သုံးယောက် လေ့ကျင့်နေရင်း ညနေစောင်းအချိန် ရောက်လာသည့် အချိန်တွင်မူ ရုတ်တရက် ရှောက်ထျန်းလုံလေးက မလှုပ်တော့သည်ကို လောထျန်း သတိထားမိသွား၏။
" ဟင် .. "
လောထျန်း အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ မျောက်နှင့် ဟွမ်ယင်တို့က ဓားကို ဆွဲထုတ်ရန် အသည်းအသန် ကြိုးစားနေကြဆဲ ဖြစ်သည်ကို မြင်လိုက်သည်။
သို့သော် ရှောက်ထျန်းလုံလေးကမူ ခြေကားယား လက်ကားယားဖြင့် အိပ်မောကျနေခဲ့လေပြီ။
" ဒီကောင်လေးကတော့ကွာ .. "
လောထျန်း ဆွံ့အသွားပြီး ရှောက်ထျန်းလုံလေးအား သွားပွေ့ချီရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင် ..
" ဝု ... "
အိပ်နေသော ရှောက်ထျန်းလုံလေးက ကယောင်ကတမ်းဖြင့် လက်ကို ဓားဆွဲထုတ်သည့် ပုံ လုပ်လိုက်သည်။
ချွှင် ..
ချက်ချင်း ဆိုသလိုပင် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများ စီးဆင်းလာကြ၏။ ထို့နောက်တွင်မူ ဓားအရိပ်တစ်ခု စုစည်းသွားကာ ရှောက်ထျန်းလုံလေး၏ လက်ထဲသို့ ရောက်သွားသည်။
သို့သော် ထိုဓားမှာ သေးငယ်လှပြီး အလွန်ဆုံး ၃ လက်မ ခန့်သာ ရှည်လျားပါ၏။
သို့သော် ၎င်းက ကောင်းကင်နှင့် မြေကြီး၏ စည်းမျဥ်းများမှ စုစည်းထားသော ဓားတစ်လက် ဖြစ်သည်မှာ ငြင်းဖွယ် မရှိပါ။
ဟွမ်ယင်နှင့် မျောက်တို့မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်ကုန်ကြသည်။
" နောက်နေတာလား .. ။ ငါ ဒီလောက် ခက်ခက်ခဲခဲ ကြိုးစားနေတာတောင် အောင်မြင်မယ့် အရိပ်အယောင်လေး နည်းနည်းမှ မမြင်ရသေးဘူး။ အခု သူက အိပ်ရင်းနဲ့ အောင်မြင်သွားတာတဲ့လား "
ဟွမ်ယင်မှာ သူမမျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေတော့၏။
မျောက်မှာလည်း မျက်လုံးကြီးပြူးပြီး ပါးစပ်အဟောင်းသား ဖြစ်နေကာ အလွန်အံ့သြတုန်လှုပ်နေဟန် တူသည်။
ယခု သူ့ရှေ့မှ ကောင်လေးက သူ့ထက်ပို အစွမ်းထက်သည်ကို သူ လက်ခံထားပြီးသားပင်။
ထိုကောင်လေးက သဘာဝ နတ်ဘုရားသားရဲ တစ်ကောင် ဖြစ်ရာ သူယှဥ်၍ မရခြင်းက မထူးဆန်းပေ။
သို့သော် ယခု ထိုကောင်လေး၏ နားလည်နိုင်စွမ်းကပါ သူ့ထက် များစွာ ပိုသာနေသည့် အချက်ကိုမူ သူ လက်မခံနိုင် ဖြစ်နေပါ၏။
သူ ခက်ခက်ခဲခဲဖြင့် သေချာ ကြိုးစားခဲ့သည့်တိုင် အိပ်နေသော တဖက်လူလောက်တောင် မြန်မြန် မတတ်မြောက်နိုင်ဘူးတဲ့လား ..
" ချီး .. တော်ပြီ ၊ ထပ်မလေ့ကျင့်တော့ဘူး "
ထိုစဥ် ဟွမ်ယင်က ဒေါသတကြီး ရေရွတ်ပြီး လက်လျှော့လိုက်တော့သည်။
" ဘာလို့လဲ "
လောထျန်းက သူမကို ကြည့်ကာ မေး၏။
ဟွမ်ယင်က စိတ်ပျက်နေသည့် မျက်နှာကြီးဖြင့် ပြန်ပြောသည်။
" ဒီကောင်လေးကို ကြည့်ရတာ အားလျော့စရာကြီး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ် .. သူ့ရဲ့ သဘောပေါက် နားလည်နိုင်စွမ်းက တကယ်လဲ ကောင်းတယ် "
ဟွမ်ယင်က နှုတ်ခမ်းစူ၍ ပြန်ပြော၏။
" တွေ့လား .. ရှင်လဲ အဲ့လိုပဲ ထင်တာမလား ။ ဒီကောင်လေးရဲ့ နားလည်နိုင်စွမ်းက ပုံမှန် လုံးဝ မဟုတ်ဘူး ။ ဒီလောက်ခက်တဲ့ ပညာရပ်ကို တစ်ရက်တည်းနဲ့ တတ်သွားတာ ။ ဒါနဲ့ လောထျန်း ၊ စကားမစပ် ရှင်ကရော ဒီပညာကို ဘယ်လို တတ်ခဲ့တာလဲ "
သူမ လောထျန်းဆီမှ နှစ်သိမ့်စကား အချို့ လိုချင်သည်မှာ သိသာပါသည်။
လောထျန်းက အလေးနက် စဥ်းစားပြီး ပြန်ပြော၏။
" ကျုပ်ကလား ... ၊ ကျုပ်က အစွမ်းထက်တဲ့ သူတစ်ယောက်နဲ့ တိုက်ခိုက်နေရင်း အဲ့လူက ဒီသိုင်းကွက်ကို သုံးပြီး ကျုပ်ကို တိုက်ခိုက်ခဲ့တာ။ အဲ့ဒါနဲ့ ကျုပ်လဲ သိုင်းကွက်ကို လိုက်မှတ်ပြီး တတ်သွားခဲ့တာပဲ။ ဒါပေမယ့် သူ့ရဲ့ သိုင်းကွက်က ကျုပ်နဲ့ သိပ်ပြီး မလိုက်ဖက်ဘူး ခံစားရလို့ တိုက်ခိုက်နေတုန်း ဟိုပြောင်းဒီပြောင်း လုပ်ပြီး ခုလို ဖြစ်လာတာ "
လေပြေတစ်ချက် တိုက်ခတ်လာသည်။ ထို လေပြေကြားထဲ ရပ်နေသည့် ဟွမ်ယင်မှာ အလွန်ဆဲရေးပစ်ချင်နေဟန် ပေါက်နေပါ၏။
အခြားသူ တိုက်ခိုက်ခဲ့သည့် သိုင်းကွက်ကို ကြည့်ပြီး ပြန်သင်ယူခဲ့တာ တဲ့လား ..
ထိုမျှမက တိုက်ပွဲအတွင်းမှာပင် နည်းလမ်းများကို ပြောင်းလဲပစ်ခဲ့သေးသည် တဲ့လား။
ဤပါရမီက ရှောက်ထျန်းလုံလေးထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုကြောက်စရာ ကောင်းနေလေပြီ ။
" ကျွန်မ လက်လျှော့လိုက်ပြီ "
ဟွမ်ယင်က ထိုသို့ဆိုကာ ဒေါသတကြီး လှည့်ထွက်သွားလိုက်တော့သည်။
" အင် .. ငါလဲ ငါ့ရဲ့ ခန္ဓာကိုယ် ကျင့်စဥ်ကိုပဲ အာရုံစိုက်မှပါလေ "
မျောက်မှာလည်း ကူကယ်ရာမဲ့ ဖြစ်နေသဖြင့် နောက်လှည့်ပြီးသာ လေ့ကျင့်ရန် ထွက်သွား၏။
ဤသို့ဖြင့် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး .. ကောင်းကင်ဘုံ နဂါးပြိုင်ပွဲ တရားဝင် စတင်မည့်နေ့ ရောက်လာခဲ့သည်။
" နောက်ဆုံးတော့ မျှော်နေတဲ့နေ့ ရောက်လာခဲ့ပြိပေါ့ကွာ "
မျောက်က အေးစက်စက် အငွေ့အသက်များ လင်းလက်နေသည့် မျက်လုံးများဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ယနေ့တိုက်ပွဲတွင် လက်တုန့်ပြန်နိုင်ရန်အတွက် ပြီးခဲ့သော ရက်များအတွင်း သူ လောထျန်း သင်ပေးခဲ့သည့် သိုင်းကွက်များကို နေ့မနား ညမနား ကြိုးစား လေ့ကျင့်ခဲ့ပါ၏။ ထို့ကြောင့်လည်း ယခုဆိုလျှင် သူ အခြေခံ သဘောတရားများကို နားလည်နေခဲ့ပြီ ဖြစ်သည်။
သို့သော် လောထျန်းကမူ နေ့တိုင်းနီးပါး သူ့ကို ကြည့်ပြီး မျက်မှောင်သာ ကြုံ့နေပါ၏။
" ခဏနေဦး "
လောထျန်းက မျောက်အား လှမ်းတားလိုက်သည်။
" ဟင် .. ဘာဖြစ်လို့လဲ သခင်လေး "
မျောက်မှာ အံ့အားသင့်သွားရ၏
လောထျန်းက ဘာမှမပြောဘဲ လှည့်ထွက်သွားပြီး တခဏအကြာမှာပင် အနီရောင် ဆိုးဆေးများနှင့် ပြန်ရောက်လာသည်။ ထို့နောက် ထိုဆေးများအား မျောက်၏ ကိုယ်ပေါ်တွင် သုတ်လိမ်း၏။
" ကဲ .. ရပြီ ၊ အခု ခါးကုန်းပြီး လမ်းလျှောက်ကြည့်ပါဦး ။ လမ်းလျှောက်ရင်း ချောင်းလဲ နည်းနည်း ဆိုးလိုက် "
လောထျန်းက ပြောသည်။
" ဟင် .. ဟုတ်ကဲ့ပါ "
မျောက်မှာ မည်သို့မှ မတတ်နိုင်ဘဲ ပြောသည့်အတိုင်းသာ လုပ်လိုက်ရ၏။
" ရပြီ .. အဲ့လောက်ဆို အဆင်ပြေပြီ ။ မင်းကို စတွေ့တဲ့ နေ့ကနဲ့ တူသွားပြီ "
လောထျန်းက ထိုမြင်ကွင်းကို ကြည့်ရင်း အပြုံးဖြင့် ဆိုသည်။
မျောက်မှာလည်း မည်သို့ ဖြစ်ပျက်နေသည်ကို ထိုအချိန်မှသာ ရုတ်တရက် သဘောပေါက်သွား၏။
" သခင်လေးက ကျုပ်ကို အားနည်းတဲ့ ပုံ ဖြစ်အောင်လုပ်ခိုင်းပြီးမှ တဖက်ရန်သူကို ရုတ်တရက် တိုက်ခိုက်စေချင်လို့ မဟုတ်လား "
လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောသည်။
" အားလုံးတော့လဲ မမှန်ဘူးကွ "
" ဟင် .. ဘာကျန်သေးလို့လဲဗျ "
မျောက်မှာ နားမလည်နိုင် ဖြစ်သွား၏။
လောထျန်းက ပြုံး၍ စကားဆက်သည်။
" မင်းက အဲ့ပုံအတိုင်း ဖြစ်နေရင် ငါ့အတွက် ပိုက်ဆံရဖို့ ပိုလွယ်သွားမှာ "
" အင် ... "
မျောက်မှာ နောက်တစ်ကြိမ် ထပ်ပြီး ဆွံ့အသွားရပြန်တော့သည်။
ဤသို့ဖြင့် လောထျန်း ဦးဆောင်သော သူတို့လူစု တည်းခိုဆောင်မှ ထွက်ကာ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်သို့ လာခဲ့လိုက်ကြသည်။
ထို့နောက်တွင်မူ ယွမ်ရှောက်မြို့လယ်ခေါင်၌ အလွန်ကြီးကျယ်ခမ်းနားသည့် အဆောက်အဦးကြီး တစ်ခုကို သူတို့ လှမ်းမြင်လိုက်ရ၏။ အဆောက်အဦး နားလေးတွင်လည်း စိတ်စွမ်းအင်သွေးကြောမှ အသွင်ပြောင်းထားသော ဖီးနစ်ငှက်တစ်ကောင်၏ အရိပ်က ပျံဝဲနေသည်။
သူတို့ အဆောက်အဦး အနီးသို့ ရောက်လာလေလေ၊ လောထျန်း အံ့အားသင့်ရလေပင်။
ထို ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် အဆောက်အဦးကို ပြုလုပ်ထားသည့် အုတ်ချပ်များနှင့် တိုင်များ အားလုံးတို့မှာ အလွန်အဖိုးတန်သော ပစ္စည်းများ ဖြစ်ပါ၏။
အဝင်လမ်းဘေးမှ အပင်များ အားလုံးမှာလည်း အဆင့်မြင့် စိတ်စွမ်းအင် ဆေးပင်များ ဖြစ်ကြသည်။
ထိုမျှ မကသေးပါ ..
" ဒီ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် ရဲ့ ဝင်ပေါက်က တကယ်ကြီး အဆင့် ၉ မှော်လက်နက် တစ်ခုပဲ ... "
တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။