အလွန်ကြီးကျယ် ခမ်းနားခြင်း
Vol. 29 Ch. 401
" အဆင့်၉ မှော်လက်နက် .. ဟုတ်လား "
ဟွမ်ယင် လန့်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။
အမှန်တွင်လည်း ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်၏ အဝင် ဂိတ်ပေါက်မှာ မရေမတွက်နိုင်သော တာအိုအစွမ်း စည်းချက်များဖြင့် ရစ်ပတ်နွယ်နေကာ ကြောက်မက်ဖွယ်ဖိအားတစ်ခု ထုတ်လွှတ်နေပါ၏။
" ခမ်းနားလိုက်တာ .. သူတို့တွေက အဝင်ဂိတ်ပေါက်ကို လုပ်ဖို့တောင် မှော်လက်နက်တွေ တကယ်ကြီး သုံးခဲ့ကြတာပဲ။ ဘယ်လောက်များ အကုန်ကျ ခံခဲ့ကြလဲ မသိဘူး "
ဟွမ်ယင်က အံ့သြနေသည့် မျက်နှာဖြင့် ရေရွတ်လိုက်သည်။
သူတို့ရှေ့မှ ဝင်ပေါက်ဂိတ်ကြီးမှာ ပေ ၃၀ ကျော် မြင့်ရာ ၎င်းကို လုပ်ရန်အတွက် သုံးခဲ့ရသည့် ပစ္စည်းများအား အခြား မှော်လက်နက် ၄၀၊၅၀ စာပင် လုပ်၍ ရနိုင်ပါ၏။
ပန်းလင်ကလည်း သက်ပြင်းချ၍ ဆိုသည်။
" သားရဲ တိုက်ပွဲဆိုတာ ဒီ ထျန်းယွမ်ကမ္ဘာမှာ အမြတ်အများဆုံး စီးပွားရေးတစ်ခုပဲ။ အဲ့တော့ ခုလိုမျိုးအဆင့်ထိကြီး လုပ်ထားနိုင်ကြတာ မဆန်းပါဘူး "
လောထျန်းက မေးစေ့ကို ဘက်ဖြင့် ပွတ်ရင်း ပြောလာသည်။
" ကျုပ်က ပိုက်ဆံ ရမှပဲ နည်းနည်း စိတ်အေး နိုင်မှာ "
" အင် .. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
ဟွမ်ယင်က မေး၏။
လောထျန်းက ပြုံးလိုက်ပြီး ဟင်းလင်းပြင် လက်စွပ်အချို့ကို ထုတ်၍ ပန်းလင်ဆီ ပစ် ပေးလိုက်သည်။
" ပန်းလင် ၊ ကျုပ်တို့ ခဏနေ ပြိုင်ပွဲထဲ သွာတိုက်ခိုက်တဲ့အချိန်မှာ ခင်ဗျားက အပြင်ဘက်မှာနေပြီး လောင်းကြေးထပ်ထားပေးလို့ ရမလား။ ကျုပ်တို့ နိုင်မယ့်ဘက်ကပဲ လောင်းလိုက်ဗျာ "
လောထျန်း ပြောသည်။
သူ့စကားကို ကြားသည်နှင့် ဟွမ်ယင်ကလည်း စိတ်လှုပ်ရှားစွာ ပြောလာ၏။
" ခဏနေဦး .. ၊ လောထျန်း .. ကျွန်မကိုရော ပိုက်ဆံ နည်းနည်း ချေးပါလား ။ ကျွန်မလဲ လောင်းကြေးထပ်ချင်လို့ "
လောထျန်းက ခေတ္တမျှ စဥိးစားပြီးနောက် ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို သူမဘက် လှမ်းပေးလိုက်သည်။
" ဒါ မင်းအတွက် ချေးပေးတာ "
ဟွမ်ယင်တစ်ယောက် အလွန်ဝမ်းသာပျော်ရွှင်သွားကာ လက်စွပ်ကို ယူပြီး ပန်းလင်ဘက် ပေးလိုက်၏။
" အမကြီး ပန်းလင် ၊ အားကိုးပါရစေနော် "
ပန်းလင်မှာ မျက်နှာသုန်မှုန်နေပြီး ထိုနှစ်ယောက်အား စိုးရိမ်မကင်းဟန်ဖြင့် ကြည့်လိုက်သည်။
" ဒီ နှစ်ယောက်ကို သားရဲပြိုင်ပွဲအတွင်းကို လွတ်လိုက်လို့ .. စိတ်ချရပါ့မလား "
သူမ တွေးမိလိုက်၏။
သို့သော် သူမ ငြင်းလဲ မငြင်းလိုသဖြင့် လက်စွပ်များကို ယူ၍သာ ဆိုလိုက်သည်။
" ကောင်းပြီ ၊ ဒါဆို ကျွန်မ အရင်သွားနှင့်မယ်။ ပွဲပြီးသွားမှ တွေ့ကြတာပေါ့ "
" ကောင်းပါပြီ ။ ဒါဆို ကျုပ်တို့လဲ သွားတော့မယ်နော် "
ထို့နောက်တွင်မူ လောထျန်းက ကဒ်ပြားကို ကိုင်၍ ပြိုင်ပွဲဝင်များအတွက် သီးသန့် ပြုလုပ်ထားသော ဝင်ပေါက်သို့ သွားလိုက်၏။
ထိုအချိန်တွင် ဝင်ပေါက်မှာ လူများဖြင့် စည်ကားနေခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲဝင်မည့် လူများကလည်း သူတို့၏ တိုက်ပွဲဝင်သားရဲများနှင့်အတူ ဝင်ပေါက်၌ စာရင်းသွင်းရန် စီတန်းစောင့်ဆိုင်းလျက် ရှိနေကြ၏။
စပ်စုသူ အချို့ကလည်း ဘေးတွင်နေကာ သူတို့ကို စောင့်ကြည့်နေကြသည်။
" ဝိုး .. ဟိုကောင်ကြီးကို ကြည့်လိုက်ဦး ။ အဲ့ဒါ ပိုင်လျန် မြွေကြီးလား ။ နတ်ဘုရားအဆင့် နီးပါး ရှိတဲ့ ပိုင်လျန် မြွေကြီး နဲ့ တူတယ် "
လူအုပ်ထဲမှ တစ်ယောက်က တအံ့တသြ ရေရွတ်သည်။
" အဲ့ဒါ တကယ်လဲ ပိုင်လျန် မြွေကြီးပဲကွ ။ အဲ့မြွေက အရမ်း အဆိပ်ပြင်းတယ်လို့ ကြားတယ်။ တစ်ချက်လောက် အကိုက်ခံရ ရင်ကို နတ်ဘုရားအဆင့်နီးပါး ရှိတဲ့ သားရဲတောင် မခံနိုင်ဘူးတဲ့ "
" အဲ့ဒီကောင်ကြီးက ... အဆုံးအစမဲ့ အဆင့်ကိုတောင် ရောက်သွားပြီလား .. ။ ကြည့်ရတာ ဒီ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ထဲမှာ သူက အဆိပ်အပြင်းဆုံး နံပါတ် ၁ ဖြစ်မယ်နဲ့ တူတယ် "
ထိုလူစကားကို ကြားသွားသော ဘေးမှ တစ်ယောက်က ဝင်ပြော၏။
" နံပါတ် ၁ ဟုတ်လား .. ဒီတစ်ခေါက်တော့ သူ့ အလှည့် မဖြစ်နိုင်ဘူးကွ "
" ဟင် ... ဒီ ပိုင်လျန် မြွေကြီးထက် ပိုပြီး အဆိပ်ပြင်းတဲ့သားရဲ ရှိသေးလို့လား "
တစ်ယောက်က မေးလိုက်သည်။
တဖက်လူက ပြန်ဖြေ၏။
" ဒါပေါ့ကွ ၊ ငါ က မင်းထက်အရင် ဒီကို ရောက်နေတာလေ။လွန်ခဲ့တဲ့ နာရီဝက်လောက်တုန်းက အသက်ကိုးသွယ် အဆိပ်ပင့်ကူ တစ်ကောင် ဝင်သွားသေးတယ်ကွ "
" ဘယ်လို .. အသက်ကိုးသွယ် အဆိပ်ပင့်ကူ ဟုတ်လား ။ အဲ့ကောင်တွေက အဆိပ်စာရင်းမှာအဆင့် ၆ ရထားတာ မဟုတ်လား။ သူတို့မျိုးနွယ်ကို မျိုးတုန်းသွားပြီတောင် ထင်နေတာ "
အခြားတစ်ယောက်က တအံ့တသြ ရေရွတ်သည်။
" ဘယ်ကလာ မျိုးတုန်းရမှာလဲကွာ ။ အဲ့ကောင်ကြီးကို ကြည့်ရတာတော့ တော်တော်အဆင်ပြေတဲ့ ပုံပဲ ၊ အဆုံးအစမဲ့ အဆင့်တောင် ရောက်နေပြီ "
တဖက်လူက ပြန်ပြော၏။
" ဟုတ်လား .. ဒီတိုင်းဆို အဲ့ကောင်ကြီး ဘက်ကနေ လောင်းရမယ်။ သူ့ရဲ့ အဆိပ်မျိုးနဲ့သာဆို မစဥ်းစားဘဲနဲ့တောင် လောင်းလိုက်လို့ရတယ်။ ဒီတစ်ခေါက်တော့ ထောပြီကွာ "
တစ်ယောက်က ပြောရင်း အော်ရယ်လိုက်သည်။
" သူ့ရဲ့အဆိပ်က ပြင်းတယ်ဆိုပေမယ့် ပြိုင်ဘက်ကင်းလို့တော့ ပြောလို့ မရသေးဘူးကွ။ ကျုပ် တွေ့တာတော့ အဲ့ အသက်ကိုးသွယ် အဆိပ်ပင့်ကူထက် အစွမ်းသာကြတဲ့ သားရဲတွေ အများကြီး ရှိသေးတယ် "
" ဘယ်သားရဲတွေက အစွမ်းသာတာလဲ "
တစ်ယောက်က မေး၏။
လူကြီးက နှာခေါင်းရှုံ့သည်။
" မှော်ရေခဲငှက်တို့ ၊ မီးတောက် မြင်းနဂါးတို့ .. အဲ့ကောင်တွေ အကုန်လုံးက အဆိပ်ပင့်ကူကို လွယ်လွယ်လေး သတ်နိုင်ကြမှာ "
သူ့စကားကြောင့် လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
" အဲ့ဒါ နတ်ဘုရားသားရဲ အစစ်နဲ့ နတ်ဘုရားသားရဲတွေရဲ့ ဘုရင် မဟုတ်လား။ အဲ့ကောင်တွေ တကယ်ကြီး ရောက်နေကြတာလား "
အစောက လူကြီးက နှုတ်ခမ်းမဲ့၍ ပြန်ပြော၏။
" ငါက မင်းကို ဘာကိစ္စနောက်ရမှာလဲ။ ငါ့မျက်လုံးနဲ့ သေချာ မြင်ခဲ့တာကွ "
" ဘုရား ဘုရား .. အဲ့နှစ်ကောင်သာ တကယ်ကြီး ရောက်နေလို့ကတော့ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ပထမ ရမယ့်သူက သူတို့နှစ်ယောက်ထဲက တစ်ယောက် ဖြစ်မှာပဲ "
တစ်ယောက်က သက်ပြင်းချ၍ ဆိုသည်။
" မဟုတ်သေးဘူးကွ ။ အဲ့နှစ်ကောင်က အစွမ်းထက်တယ် ဆိုပေမယ့် လုံးဝကြီး ပြိုင်ဘက်ကင်းတော့လဲ မဟုတ်သေးဘူး။ ဒီတစ်ခေါက် ကောင်းကင်ဘုံနဂါးပြိုင်ပွဲရဲ့ ဆုက ကောင်းလွန်းတော့ တောင်ပိုင်းဒေသကရော ၊ ကျုံ့ကျိုးဒေသကရော အစွမ်းထက်တဲ့ သားရဲတွေ အများကြီး ရောက်နေကြတာ။ အများစုက အမှောင်ထဲမှာပဲ ပုန်းနေကြလို့သာ မတွေ့ရတာ။ ကျုပ် ကြားတာတော့ လူလုံးထွက်မပြကြတဲ့ သူတွေထဲမှာ အဲ့နှစ်ကောင်နဲ့ ယှဥ်နိုင်တဲ့ အစွမ်းထက် သားရဲတွေ အနည်းဆုံး ၃ ကောင်လောက် ရှိတာတဲ့ "
သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ခေါက်ယပ်တောင်ကို ကိုင်ရင်း ပြောသည်။
" သုံးကောင်တောင် .. ဟုတ်လား ၊ အဲ့သုံးကောင်က ဘယ်သူတွေလဲ "
တစ်ယောက်က မေး၏။
" အဲ့ထဲက တစ်ယောက်ကတော့ တောင်ပိုင်းဒေသမှာ ရှိတဲ့ မြင့်မြတ်နယ်မြေ တစ်ခုကလို့ ပြောတယ် ။ နောက်တစ်ယောက်ကတော့ ကျုံ့ကျိုးက လျှို့ဝှက်ဂိုဏ်းတစ်ခုကပဲ ။ နောက်ဆုံး တစ်ယောက်က ဘယ်သူလို့ထင်လဲ "
သက်လတ်ပိုင်းအရွယ် လူကြီးက လျှို့ဝှက်ဆန်းကြယ်စွာ မေးခွန်းထုတ်လိုက်သည်။
" အကိုလင် .. အချိန်ဆွဲမနေဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်ပါဗျာ "
တစ်ယောက်က မကျေမနပ် ပြောလာ၏။
သက်လတ်ပိုင်းအရွယ် လူကြီးက အပြုံးဖြင့် ပြန်ပြောသည်။
" ဒါဆိုလဲ ကျုပ် တည့်တိုးပဲ ပြောလိုက်တော့မယ်။ ဟိုတလောက ယွမ်ရှောက်မြို့ထဲမှာ နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်း ဖြစ်သွားတာ သိလိုက်ကြမယ် မလား "
သူ့စကားကြောင့် အားလုံး အံ့အားသင့်ကုန်ကြသည်။
" ဟုတ်သားပဲ .. ကျုပ် အဲ့ကိစ္စကို မေ့တောင် မေ့တော့မလို့။ အဲ့နတ်ဘုရားသားရဲကလဲ တော်တော် အစွမ်းထက်တာနော်။ ကျုပ်တို့ဂိုဏ်းက အကြီးအကဲတွေ ပြောတာတော့ အဲ့ကောင်ကြီးက ထိပ်တန်းအဆင့် နတ်ဘုရားသားရဲ တဲ့ "
အခြားအဘိုးအို တစ်ယောက်ကလည်း သံယောင်လိုက်သည်။
" ဟုတ်တယ် ။ ကျုပ်လဲ အဲ့နေ့တုန်းက သွေးနီ ယူနီကွန်းရဲ့ နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်းကို ကိုယ်တိုင် မြင်ခဲ့ရတာ။ ဒါပေမယ့် အဲ့နောက်ပိုင်းမှ ထပ်ဖြစ်လာတဲ့ နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်းက သွေးနီယူနီကွန်း တုန်းကထက် ပိုကြောက်စရာ ကောင်းတာဗျ။ အဲ့ကောင်းကင်ဘုံ ပျက်စီးခြင်းကို ဖြတ်ကျော်ခဲ့တဲ့ နတ်ဘုရားသားရဲက တကယ်ကို ထူးခြားတဲ့ကောင်ကြီး ဖြစ်မှာပဲ "
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ထိုစဥ်မှာပင် တစ်ယောက်က ဝင်ပြောလာ၏။
" အဲ့ နတ်ဘုရားသားရဲကို အရမ်းကြီးတော့ အထင်ကြီး မနေကြပါနဲ့ဦး .. ။ အဲ့ကောင်ကဖြင့် သေလား ၊ ရှင်လားတောင် မသေချာဘူး "
" ဟင် .. ဒါဆို ဘယ်လောက်နဲ့ လောင်းမလဲ ပြော "
တစ်ယောက်က မကျေမနပ် ဝင်ပြောလာသည်။
ပထမလူက အေးအေဆေးဆေး ပြန်ပြောသည်။
" အဲ့နေ့က နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်းက ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ အားလုံးလဲ တွေ့ခဲ့ကြတာပဲ။ တုကျဲ့အဆင့် ကောင်းကင်ဘုံ ပျက်စီးခြင်းကို ခံပြီးစ သားရဲတစ်ကောင်က အဲ့လိုအစွမ်းမျိုးကို ထပ်ခံနိုင်မယ် ထင်လို့လား "
အားလုံး မည်သို့မှ ပြန်မပြောနိုင်ဘဲ ခဏတာ တိတ်ဆိတ်သွားကြသည်။
သေချာ စဥ်းစားကြည့်လိုက်ပြန်လျှင်လည်း ထိုလူ ပြောသွားသည့် စကားက အမှန်ပင်။
အကယ်၍ နတ်ဘုရားသားရဲ တစ်ကောင်သည် အစွမ်းထက် လွန်းနေခဲ့ပါက ၎င်းကို ကောင်းကင်နှင့် မြေကြီးက လက်မခံသည့်အတွက် ကောင်းကင်ဘုံ ပျက်စီးခြင်းတွင် သေဆုံးသွားနိုင်ချေက အလွန် မြင့်ပါ၏။
သို့ဖြစ်ရာ ထိုနေ့က နတ်ဘုရားသားရဲ ကောင်းကင်ဘုံ ပျက်စီးခြင်းတွင် ထိုသားရဲ သေဆုံးသွားနိုင်ပါသည်။
ထိုစဥ် ရုတ်တရက် လူတစ်ယောက်က လူအုပ်ထဲမှ လူငယ်တစ်ယောက်ကို တွေ့သွားပြီး အော်မေး၏။
" အကိုယွင် ၊ ဟိုနေ့က နတ်ဘုရားသားရဲ ကောင်းကင်ဘုံပျက်စီးခြင်းကို ဖြစ်သွားစေခဲ့တဲ့ နတ်ဘုရားသားရဲက ဘယ်သူလဲဆိုတာ အကို့အဘိုး သိသွားလား "
ထိုတခဏတွင် အားလုံးက တဖက်လူငယ်အား လှည့်ကြည့်လိုက်ကြသည်။
လူငယ်က ခေါင်းယမ်း၍ ပြန်ပြော၏။
" ကျုပ်အဘိုးက စစချင်းတော့ အဲ့သားရဲ ဘယ်သူဆိုတာ ရှာတွေ့သွားခဲ့တယ်ဗျ "
" ဘယ်သူလဲ ... "
အားလုံး စိတ်ဝင်တစား ဖြစ်သွားကြသည်။
လူငယ်က သက်ပြင်းချ၍ ပြန်ပြော၏။
" ကျုပ်အဘိုး ပြောတာတော့ သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ အနားကပ်သွားတဲ့အချိန်မှာ တခြား အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်းတစ်ခုရဲ့ ပြန်တွန်းထုတ်တာကို ခံခဲ့ရတယ်တဲ့ "
" ဘယ်လို ... အဘိုးယွင်က အဆင့် ၈ စိတ်ဝိဥာဥ်သခင်ကြီးလေ။ သူ့ စိတ်ဝိဥာဥ်ကိုတောင် ပြန်တွန်းထုတ်နိုင်တာ ဆိုတော့ ဘယ်သူပါလိမ့် "
အားလုံး အံ့သြတုန်လှုပ်ကုန်ကြသည်။
လူငယ်က ခေါင်းယမ်း၍ ပြန်ပြော၏။
" အဲ့ဒါတော့ ကျုပ်လဲ မသိဘူးဗျ။ ကျုပ်အဘိုးကလဲ တဖက်လူရဲ့ စိတ်ဝိဥာဥ်အစွမ်းကို သိပြီးသွားတော့ ဘာမှထပ်မလုပ်ရဲတော့ဘူး။ အဘိုးပြောတာတော့ အဲ့ စိတ်ဝိဥာဥ်အစွမ်းက အရမ်း ထူးဆန်းတယ်တဲ့ ။ ဒါပေမယ့် အဲ့ဒါ ပြိုင်ဘက်ကင်း အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိဥာဥ်အစွမ်း ဆိုတာ သံသယဝင်စရာ မလိုဘူးလို့ ပြောတယ် "
" ပြိုင်ဘက်ကင်း အစွမ်းထက် ကျင့်ကြံသူ .. ဟုတ်လား "
အားလုံး အံ့သြတုန်လှုပ်သွားကြပြန်သည်။
ယခုပြိုင်ပွဲသို့ မြင့်မြတ်နယ်မြေများမှ အစွမ်းထက် သားရဲများအပြင် လူသူ မသိသည့် ပြိုင်ဘက်ကင်း အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ပါ ရောက်နေသတဲ့လား ။
" ဟီး ဟီး .. ဒီတစ်ခါ ပြိုင်ပွဲကတော့ တကယ် စိတ်လှုပ်ရှားစရာ ကြီးပဲဗျာ "
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
အားလုံးက ထိုသို့ သူတို့ထင်ရာ ဆွေးနွေး ပြောဆိုနေကြစဥ်မှာပင် ...
" ဟေ့ .. ကောင်လေး ၊ ဒီနေရာက ပြိုင်ပွဲဝင်တွေအတွက် စာရင်းသွင်းရမယ့် နေရာနော်။ မင်းက ဒီတိုင်း ဘေးကကြည့်တဲ့သူ ဆိုရင်လဲ ဖယ်ကွာ ။ မျက်စိနောက်အောင် မလုပ်စမ်းနဲ့ "
ခပ်အက်အက် အသံတစ်သံ ထွက်လာ၏။
အားလုံးက အသံလာရာဘက် လှည့်ကြည့်လိုက်ကြရာ ..
အရပ် ခြောက်ပေကျော် ရှည်ပြီး ဧရာမ သားရဲကြီး သုံးကောင်နှင့်အတူ ဝင်ပေါက်နားတွင် ရပ်နေသော အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူ ရှေ့တွင်ကား လောထျန်းနှင့် ဟွမ်ယင်တို့ လူစု ရှိနေ၏။