← Chapters

စာရင်းသွင်းခြင်း

Vol. 29 Ch. 402

စာရင်းသွင်းခြင်း

Vol. 29 Ch. 402

" ညီလေးနဲ့  ညီမလေး ၊ ဒီကို မြန်မြန်လာခဲ့ကြ။ အဲ့ကို သွားလို့ မရဘူးကွ "

အနားမှ စိတ်သဘောထား ကောင်းသူတစ်ဦးက ဝင်သတိပေး၏။

သို့သော် လောထျန်းက မည်သို့မှ ပြန်မပြောဘဲ သူ့နောက်မှ အရပ်ရှည်ရှည် ခပ်တောင့်တောင့်နှင့် လူကိုသာ လှည့်ကြည့်လိုက်သည်။

" ကျုပ်ကလဲ ဒီ ကောင်းကင်ဘုံနဂါးပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လာခဲ့တာ "

သူ ပြောပြောဆိုဆိုပင် ကဒ်ပြားအား ယမ်းပြလိုက်၏။

တဖက်လူက ကဒ်ပြားကို မြင်သည်နှင့် မျက်မှောင်ကြုံ့သွားသည်။

" ဟင် .. အဲ့ဒါ အစစ်ရော ဟုတ်ရဲ့လား။ ဒါဆို မင်းရဲ့ သားရဲကရော  ဘယ်မှာလဲ "

လောထျန်း ပြန်ဖြေရန် ပြင်လိုက်စဥ်မှာပင် ...

ဝင်ပေါက်ရှိ စာရင်းသွင်းသည့် ရုံးမှ လူက အော်ပြောလာသည်။

" ဒီမှာ .. မင်းအလှည့် ရောက်ပြီလေ ။ မြန်မြန် လာခဲ့ "

လောထျန်း ခေါင်းညိတ်၍ စာရင်းသွင်းရန် လျှောက်သွားလိုက်သည်။

ထိုစဥ် ဘေးနားမှ လူများမှာလည်း သူ့ကို ကြည့်ကာ တီးတိုး ပြောဆိုနေကြ၏။

" ဒီကောင်လေးက တော်တော် ငယ်သေးတဲ့ပုံပဲ။ သူက ထိပ်တန်းအဆင့် ရှိတဲ့ သားရဲသခင်ကြီးတစ်ယောက် ဖြစ်နေမယ်လို့ ထင်တောင် မထင်မိဘူး "

" ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့် သားရဲသခင်ကြီးတွေတိုင်းက သာမာန် မဟုတ်ကြဘူးကွ ။ သူကရော ဘယ်လို သားရဲမျိုး ခေါ်လာလဲ မသိဘူး "

အားလုံး စိတ်ဝင်စားသွားကြသည်။

ထိုစဥ် လောထျန်းမှာ ဝင်ပေါက်မှ စာရင်းသွင်းသည့် ရုံးသို့ပင် ရောက်နေခဲ့လေပြီ။

တဖက်လူက လောထျန်း၏ ကဒ်ကို စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိတ်၍ ဆို၏။

" ကောင်းပြီ ၊ ဒါဆို အခု ပြိုင်ပွဲဝင်မယ့် သားရဲ သုံးကောင်ကိုရော ပြပြီးတော့ ဒီမှာ စာရင်းသွင်းပါ "

လောထျန်းက ခေါင်းညိတ်၍ ဟွမ်ယင်ဘက် လှည့်ကြည့်လိုက်သည်။

ဟွမ်ယင်ကလည်း သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြပြီး ချက်ချင်း လက်ယမ်း၍ ပြော၏။

" ရှောက်ရှန် .. သွားလိုက် "

သူမ စကား ဆုံးသည်နှင့် မိုးကြိုးသားရဲက ရှေ့သို့ လျှောက်လာသည်။

" အင်း .. မိုးကြိုးသားရဲပါလား ၊ ဆိုးတော့ မဆိုးပါဘူး ။ ဒါပေမယ့် အဲ့ကောင်နဲ့ ရလဒ်ကောင်းတွေ ရဖို့တော့ လွယ်မယ် မထင်ဘူးကွ "

တဖက်မှ လူကြီးက စာရင်းသွင်းနေရင်း ပြော၏။

" ကဲ .. ဒုတိယတစ်ယောက် "

လူကြီးက ထပ်ပြောသည်။

လောထျန်းက မျောက်ဘက် လှည့်ကြည့်လိုက်၏။

မျောက်ကလည်း အခြေအနေကို နားလည်ဟန်ဖြင့် မျက်နှာကြီးအိုပြီး ထော့နဲ့ထော့နဲ့ လျှောက်လာသည်။

" ဟင် ... ဒါ ... "

လူကြီးမှာ မျောက်ကိုကြည့်ရင်း မျက်လုံးပြူးသွားတော့သည်။

" ဘာဖြစ်လို့လဲဗျ "

လောထျန်းက မေး၏။

လူကြီးက မျက်မှောင်ကြုံ့၍ သူ့အား ပြန်မေးသည်။

" မင်း ဒီကောင့်ကို ကောင်းကင်ဘုံနဂါးပြိုင်ပွဲထဲ ဝင်ပြိုင်စေချင်တာ သေချာရဲ့လား "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" ဒါပေါ့ဗျ ၊ တခြားရော ဘာမေးချင်သေးလဲ "

လူကြီးက သက်ပြင်းချ၏။

" မင်း ဒီမျောက်ကို လေလံပွဲတစ်ခုခုကနေ ဝယ်လာခဲ့တာ မဟုတ်လား "

လောထျန်းက ခေါင်းပြန်ညိတ်ပြလိုက်သည်။

" ဟုတ်တယ်ဗျ ၊ ဘာဖြစ်လို့လဲ "

သူ့စကား ဆုံးသည်နှင့် ဘေးတွင် ရှိနေကြသော လူများထံမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာ၏။

" အဲ့မျောက်ကို ကျုပ် မှတ်မိတယ်။ အဲ့ကောင်က ဟိုတလောလေးက သွေးနီ ယူနီကွန်း ရဲ့ အနိုင်ယူတာကို ခံရပြီး သူ့ကိုယ်ထဲက အရိုးတွေရော သွေးတွေပါ ထုတ်ယူခံလိုက်ရတာ မဟုတ်လား "

" ဘယ်လို .. အဲ့တုန်းက မျောက်က ဒီကောင်လား။ ဒါပေမယ့် သူ့ကိုယ်ထဲက နတ်ဘုရားအရိုးနဲ့ သွေးတွေ အထုတ်ခံထားရတာ ဆိုရင် ဘာအသုံးဝင်တော့မှာလဲ။ ဒါကိုတောင် သူက ကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်သေးတာလား "

" တကယ်ဆို ဝင်မပြိုင်သင့်တော့ဘူးး။ အခု သူ့ပုံကိုလဲ ကြည့်လိုက်ပါဦးကွာ .. တစ်ကိုယ်လုံး သွေးတွေတောင် ပေနေတာ ။ ဒီကောင်က ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာကနေ ပြန်မကောင်းသေးတာ သေချာတယ်။ ဒီလိုကောင်နဲ့ ဝင်ပြီး တိုက်ခိုက်ရင် သေကြောင်းကြံတာနဲ့ ဘာထူးတော့မှာလဲ "

" အဲ့ကောင်က သွေးနီယူနီကွန်းနဲ့ တိုက်ခိုက်နိုင်ခဲ့တယ် ဆိုပေမယ့်  .. အခု သွေးနီယူနီကွန်းက နတ်ဘုရားအဆင့် သားရဲတစ်ကောင် ဖြစ်သွားပြီလေ။ ဒီကောင်ကတော့ ခုလိုကြီး ဖြစ်နေတာ .... ဟူး .... သူတို့ချင်း ယှဥ်လို့တောင် မရပါဘူးကွာ "

ဘေးမှ လူများ၏ ပြောဆိုသံကို ကြားသောအခါ မျောက်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အငွေ့များ ပေါ်လာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

လောထျန်းက သူ့ကို တစ်ချက်ကြည့်ကာ တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ပြော၏။

" မင်း သူတို့ပြောတာတွေကို လက်မခံချင်ဘူး မဟုတ်လား။ အခု လောလောဆယ်တော့ အစွမ်းကို ချွေတာထားလိုက်ပါဦးကွာ ။ ငါ မင်းကို လက်တုန့်ပြန်နိုင်အောင် လုပ်ပေးပါ့မယ် "

ထိုအချိန်မှသာ မျောက်က မျက်လုံးကို မှိတ်ထားလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ နေမကောင်းဟန် ဆောင်နေလိုက်သည်။

ဘေးမှ လူများကမူ မျောက်ကို ကြည့်ရင်ူ အထင်သေးစကားများ ဆက်ပြောနေကြ၏။

စာရင်းသွင်းသည့် ရုံးမှ လူကြီးကလည်း ' ထင်ထားတဲ့အတိုင်းပဲ ' ဆိုသည့် အမူအရာဖြင့် ပြောလာသည်။

" ကဲ .. မင်းက သူ့ကို ပြိုင်ပွဲဝင်ခိုင်းချင်တယ် ဆိုမှတော့လဲ သဘောပေါ့ကွာ ။ နောက် တတိယမြောက် သားရဲကရော ဘယ်မှာလဲ "

လောထျန်းက ခေါင်းကို စောင်းပြီး သူ့ပုခုံးပေါ်မှ ရှောက်ထျန်းလုံလေးအား ညွှန်ပြလိုက်သည်။

" ဒီမှာလေ "

တဖက်လူကြီး အံ့သြမှင်သက်သွား၏။

" အဲ့ဒါ .. ဘာသားရဲလဲ "

လောထျန်း ပုခုံးပေါ်မှ အလွန်သေးငယ်သော ရှောက်ထျန်းလုံလေးကို ကြည့်ကာ လူကြီးက မေးသည်။

ပုတ်သင်ညိုလေးတစ်ကောင်နဲ့ တူသော ထိုကောင်လေးက ကောင်းကင်ဘုံနဂါးပြိုင်ပွဲတွင် ဝင်ပြိုင်မည်တဲ့လား ..

" ဟား ဟား .. ရယ်ရလွန်းလို့ သေတော့မှာပဲကွာ ။ ငါကတော့ မင်းကို အရမ်းအစွမ်းထက်တယ် ထင်နေခဲ့တာ။ ကောင်လေး .. မင်းရဲ့ ပြိုင်ပွဲဝင်ခွင့် ကဒ်ကို ဝယ်ခဲ့တာများလား "

ထိုစဥ် လောထျန်းနောက်မှ လူထွားကြီးက ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ရယ်ရင်း ​ပြောလာသည်။

ဘေးနားမှ လူများကလည်း လောထျန်းအား လက်ညိုးတထိုးထိုးဖြင့် သူတို့ထင်ရာ ပြောဆိုနေကြ၏။

လောထျန်းက ထိုလူများကို တစ်ချက်ဝေ့ကြည့်ပြီး ပြန်ပြောလိုက်သည်။

" ဘာတွေလာပြောနေတာလဲ ၊ ဒီကောင်လေးကို အထင်မသေးနဲ့နော်။ ကျုပ် ပြောလိုက်မယ် .. ဒီကောင်လေးက ကောင်းကင်ဘုံနဂါး ပြိုင်ပွဲ တစ်ခုလုံးမှာ အစွမ်းအထက်ဆုံးပဲ "

ဟား ဟား ဟား ..

သူ့စကား ဆုံးသည်နှင့် အနီးနားတဝိုက်ရှိ လူများထံမှ ရယ်သံကျွကြီး ထွက်လာ၏။

" ဒီကောင်လေးက တော်တော် ရယ်ရတာပဲကွ "

" ငါက သူ့ကို ပါရမီထူးချွန်တဲ့ သားရဲသခင်ကြီးတစ်ယောက်လို့ ထင်နေခဲ့တာ။ အခုတော့ ကြည့်ရတာ ပြိုင်ပွဲဝင်ခွင့်ကဒ်ကို ဝယ်ခဲ့တဲ့ လူချမ်းသာ တစ်ယောက်ပဲနဲ့ တူပါတယ်ကွာ "

" ပြိုင်ပွဲဝင် တစ်နေရာစာ ဆုံးရှုံးသွားတာပဲ "

ဘေးမှ လူများက ရယ်မောရင်း ပြောဆိုလိုက်ကြသည်။

လောထျန်းနောက်မှ လူထွားကြီးကလည်း အသံကျယ်ဖြင့် ရယ်ရင်း ထပ်ပြောလာ၏။

" အစွမ်းအထက်ဆုံး ဟုတ်လား ... မင်း စိတ်မှ နှံ့သေးရဲ့လားကွာ။ ကောင်လေး .. ငါ မင်းကို အကြံပေးလိုက်မယ် ၊ မင်းရဲ့ ရုပ်ဆိုးဆိုးသားရဲ သုံးကောင်ကို တခြားတစ်နေရာသာ ခေါ်သွားစမ်းပါကွာ။ ဒီတိုင်းဆို မင်းတို့သုံးယောက်လုံး ကောင်းကင်ဘုံ နဂါးပြိုင်ပွဲထဲမှာ သေသွားကြမှာကွ "

လောထျန်းက ထိုလူအား အေးစက်စက် ပြန်ကြည့်ပြီး ပြောလိုက်သည်။

" အဲ့ကိစ္စက ခင်ဗျားအပူ မပါပါဘူး "

လူထွားကြီးက မျက်မှောင်ကြုံ့ကာ နှာခေါင်းရှုံ့၏။

" မင်းက တော်တော်လေး သွေးနားထင် ရောက်နေတာပဲ "

လောထျန်းက သူ့အား လျစ်လျူ ရှုထားလိုက်ပြီး စာရင်းသွင်းသည့် ရုံးမှ လူကြီးဘက် လှည့်ကြည့်လိုက်သည။

" ကျုပ်က ဒီသားရဲ သုံးကောင်ကိုပဲ ခေါ်လာတာ။  ကျုပ် စည်းမျဥ်းချိုးဖောက်ရာတော့ မကျဘူး မဟုတ်လား "

တဖက်လူကြီးက မျက်နှာအနည်းငယ် ညိုသွားပြီး ပြန်ပြော၏။

" မကျပါဘူး။ တကယ်လို့ မင်းက အဲ့သုံးကောင်နဲ့ပဲ ပြိုင်ချင်တယ်ဆိုရင် ငါ့ဘက်ကလဲ ဘာမှ မတတ်နိုင်တော့ဘူး။ အထဲ ဝင်သွားလို့ရပြီ "

ထိုသို့ ပြောပြီးသည်နှင့် သူ လောထျန်းအား ဝင်ခွင့်ကဒ် ပြန်ပေးကာ အထဲပေးဝင်လိုက်သည်။

လောထျန်းတို့လူစု အထဲဝင်သွားပြီးသည့် အချိန်မှာပင် သူတို့နောက် ကျန်ခဲ့သော လူအုပ်ဆီမှ ရယ်သံကျယ်ကြီး ထပ်မံထွက်ပေါ်လာပြန်၏။

" ဟမ့် .. ဒီ အကန်းကောင်တွေကများ ကျွန်မတို့ကို အထင်သေးရဲနေကြတယ် "

ဟွမ်ယင်က မကျေမနပ် ဆိုသည်။

လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။

" အဲ့ဒါက အရေးမကြီးပါဘူးကွာ ။ သူတို့က ငါတို့ကို အထင်သေးလေလေ ၊ ပန်းလင် လောင်းကြေးထပ်တဲ့အခါ ပိုက်ဆံများများနိုင်လေ ဖြစ်မှာလေ "

ဟွမ်ယင်က သူ့စကားကို ကြားမှသာ အသိပြန်ဝင်သွားပြီး ​မျက်လုံးများ အရောင်လက်သွားသည်။

" ဟုတ်သားပဲ .. ကျွန်မ အဲ့ဒါကို မေ့တောင် မေ့တော့မလို့ "

သူတို့ နှစ်ဦးမှာ ထိုသို့ ပြောပြောဆိုဆိုဖြင့်ပင် ဧည့်လက်ခံ နေရာသို့ ရောက်လာကြ၏။

" သခင်လေးတို့ နှစ်ယောက်ကို ရွှမ် အပိုင်း ဘက်မှာ နေရာချထားပါတယ်။  ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ကြပါ "

အမျိုးသမီးတစ်ယောက်က လောထျန်းတို့အား ကြိုဆိုပြီး တစ်နေရာသို့ ဦးဆောင်ခေါ်သွားသည်။

" ရွှမ် အပိုင်း .. ဟုတ်လား ၊ အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

ဟွမ်ယင် မေးလိုက်သည်။

အမျိုးသမီးက လမ်းလျှောက်နေရင်း အပြုံးဖြင့် ပြန်ပြော၏။

" ဒီတစ်ခေါက် ကောင်းကင်ဘုံ နဂါးပြိုင်ပွဲမှာ ဝင်ပြိုင်ကြတဲ့ သားရဲ သခင်ကြီးတွေ အများကြီးပဲရှင့်။ ဒါ့ကြောင့်မို့ ကျွန်မတို့တွေက သဘာဝတရားရဲ့ အခြေခံ အရာတွေဖြစ်တဲ့ ချင် ၊ ခန် ၊ ကမ် ၊ ကျန်း ၊ ရွှမ် ၊ လီ ၊ ခွင်း ၊ တု  ဆိုပြီး တိုက်ပွဲကွင်းပြင် ရှစ်ခု ခွဲထားတယ် ။ အဲ့ဒီ တိုက်ပွဲကွင်းပြင်တွေမှာ အနိုင်ရခဲ့ကြတဲ့ သားရဲသခင်ကြီး တွေကသာ ကောင်းကင်ဘုံ နဂါးပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်ကြမှာရှင့်။ အခု သခင်လေးတို့ကတော့ ရွှမ် တိုက်ပွဲကွင်းပြင်မှာ ဝင်ပြိုင်ရမှာ "

ဟွမ်ယင်က ထိုအချိန်မှသာ နားလည်သွားပြီး လေသံတိုးတိုးဖြင့် ထပ်မေးသည်။

" ဒါနဲ့ အမကြီး .. ကျွန်မ တစ်ခုလောက် မေးချင်လို့။ အခု ရွှမ် တိုက်ပွဲ​ကွင်းပြင်မှာ အစွမ်းထက်တဲ့ သခင်ကြီးတွေ ရှိလား "

အမျိုးသမီးက ချက်ချင်း ရယ်၍ ပြန်ဖြေသည်။

" ရှိတာပေါ့ရှင် ၊ အစွမ်းထက်တဲ့ သားရဲတချို့ကိုတောင် ကျွန်မ တွေ့ခဲ့သေးတယ်။ဥပမာ ပြောရရင်တော့ အသက်ကိုးသွယ် အဆိပ်ပင့်ကူ တို့ ၊ သိန်းငှက်ကြီး တို့ ၊ နောက် နတ်ဘုရားအဆင့်နီးပါး သားရဲတွေ အစုံပါပဲ .. ။ ဒါပေမယ့် ကျွန်မအထင် ပြောရရတော့ အဲ့ထဲမှာ အစွမ်းအထက်ဆုံးက ဝူကျီပင်လယ်က သားရဲသခင်ကြီး ဖြစ်မယ်နဲ့ တူတယ် "

" ဝူကျီပင်လယ်က .. ဟုတ်လား ၊ သူက ဘယ်လို တိုက်ပွဲဝင်သားရဲမျိုး ခေါ်လာလို့လဲ "

ဟွမ်ယင်က စိတ်ဝင်တစား ထပ်မေးလိုက်သည်။

အမျိုးသမီးက သက်ပြင်းချ၍ ပြန်ပြော၏။

" သူ့ရဲ့ တိုက်ပွဲဝင် သားရဲက ဘာလဲဆို​တာတော့ ကျွန်မ သေချာ မသိဘူးရှင့် .. ။ ဒါပေမယ့် အကြီးအကဲတွေ ပြောတာတော့ သူ့ရဲ့ တိုက်ပွဲဝင်သားရဲ သုံးကောင်ထဲက နှစ်ကောင်က နတ်ဘုရားအဆင့်နီးပါး သားရဲတွေ ဖြစ်ပြီးတော့ ၊ နောက်တစ်ကောင်က နတ်ဘုရားအဆင့် သားရဲတစ်ကောင်တဲ့။ ဒီ ရွှမ် တိုက်ပွဲကွင်းပြင်မှာ သူ့အတွက် ပထမရနိုင်ချေ ၉၉ % တောင် ရှိတာလို့ ပြောတယ် "

" ၉၉ % တောင် .. အဲ့လောက်ကြီးကျ မလွန်လွန်းဘူးလား .. "

ဟွမ်ယင်က ချက်ချင်း မယုံကြည်ဟန် မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့လူစုမှာ ရွှမ် တိုက်ပွဲကွင်းပြင် ရှေ့သို့ပင် ရောက်နေခဲ့ကြလေပြီ ။

" သခင်လေးတို့နှစ်ယောက် ဒီမှာ နေခဲ့ကြဦးနော် "

အမျိုးသမီးက ပြောပြီး နောက်လှည့် ထွက်ခွာသွား၏။

" ဝိုး ... ဒီမှာ နည်းတဲ့လူတွေ မဟုတ်ဘူး "

ဟွမ်ယင်က ဘေးဘီသို့ ဝေ့ဝဲကြည့်ရင်း တအံ့တသြ ရေရွတ်သည်။

" ဒီမှာ ရှိတဲ့ သားရဲသခင်ကြီးတွေက အနည်းဆုံး ၃ ၊ ၄ ရာလောက်ကို ရှိမှာနော်။ သားရဲတွေကိုပါ ထည့်ပေါင်းလိုက်ရင် ထောင်ချီပြီး ဖြစ်သွားမှာ။ အားလုံး တိုက်ခိုက်ပြီးဖို့ဆို ဘယ်လောက်တောင် ကြာမလဲ မသိဘူး "

သူမ အနည်းငယ်လည်း စိတ်ညစ်သွား၏။

သို့သော် ထိုအချိန်မှာပင် ..

" တိုက်ပွဲ ဘယ်လောက်ကြာမယ်ဆိုတာ မင်းကိစ္စ မဟုတ်ပါဘူး။ မင်းတို့ရဲ့ ရုပ်ဆိုးဆိုး သားရဲသုံးကောင်က အစတည်းက ချက်ချင်း အသတ်ခံကြရမှာလေ "

သူတို့နောက်မှ အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

" ဟင် .. ရှင်ကိုး ... "

ဟွမ်ယင် နောက်လှည့်ကြည့်လိုက်ရာ အစောက စာရင်းသွင်းသည့် ရုံးရှေ့တွင် သူမတို့ကို လှောင်ပြောင်ပြောဆိုခဲ့သော လူထွားကြီးအား ပြန်တွေ့လိုက်ရသည်။

ထိုလူကြီးက ဟွမ်ယင်အား တစ်ချက် ကြည့်လိုက်ပြီးနောက် လောထျန်းဘက် လှည့်ကာ ထပ်ပြော၏။

" ကောင်လေး .. မင်း မျက်နှာပေါ်က မောက်မာတဲ့ ပုံစံကို ငါ သဘောမကျဘူး။ တစ်ခုမှတ်ထား .. မင်းတို့ကို တိုက်ပွဲကွင်းပြင်ထဲမှာ တွေ့လို့ကတော့  ငါက မင်းရဲ့ သုံးစားမရတဲ့ အမှိုက်သားရဲ သုံးကောင်ကို အရင်ဆုံး သတ်ပစ်မှာကွ "

လောထျန်း မျက်မှောင်ကြုံ့သွားပြီး ဒေါသ ပေါက်ကွဲထွက်လု နီးနီးမှာပင် ..

ဝုန်း ..

အစွမ်းထက်သော အရောင်အဝါတစ်ခုက ရုတ်တရက် ကျလာသည်။

All Chapters