← Chapters

သွေးနီ ယူနီကွန်း

Vol. 29 Ch. 403

သွေးနီ ယူနီကွန်း

Vol. 29 Ch. 403

" ဟင် .. "

လူထွားကြီးမှာလည်း ထိုအရောင်အဝါ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် သူ့တစ်ကိုယ်လုံး ချက်ချင်း တောင့်တင်းသွားပြီး မလှုပ်ရဲတော့ပေ။

လောထျန်း ဘေးနားလေးမှ မျောက်ကလည်း ထိုအရောင်အဝါအား အာရုံခံမိသွားကာ ရုတ်တရက် ခေါင်းမော့ကြည့်လာ၏။

ပြီးနောက်တွင်ကား လေထဲတွင် သွေးမှုန်လုံးကြီး လိမ့်လာသည်ကို မြင်လိုက်ရသည်။

ထို သွေးမှုန်များ ကြားတွင်မူ သွေးနီယူနီကွန်းက မာထန်သည့် မျက်နှာထားဖြင့် ရပ်နေ၏။

၎င်းက နတ်ဘုရားတစ်ပါး အလား အားလုံးကို ငုံ့ကြည့်နေသည်။

" သွေး .. သွေးနီ ယူနီကွန်း ပါလား "

အနီးနားရှိ လူများထဲမှ တစ်ယောက်က တအံ့တသြ ရေရွတ်သည်။

" သွေးနီယူနီကွန်း .. ဟို တလောလေးက ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ထဲမှာ ​နတ်ဘုရားသားရဲ ကောင်းကင်ဘုံပျက်စီးခြင်းကို ​ကျော်ဖြတ်ပြီး နတ်ဘုရားအဆင့် သားရဲ ဖြစ်သွားခဲ့တဲ့ ဟာလား "

" ဟုတ်တယ်ကွ .. အဲ့ကောင်ပဲ "

" ဒါပေမယ့် အဲ့ကောင်က ခုမှ နတ်ဘုရားအဆင့် သားရဲ ဖြစ်ခါစ မဟုတ်ဘူးလား။ သူ့ရဲ့ ဖိနှိပ်အစွမ်းက ဘာလို့ အဲ့လောက် အစွမ်းထက်နေရတာလဲ "

" မင်းက နတ်ဘုရားသားရဲ ဆိုတဲ့ စကားလုံးကို ဟာသလို ထင်နေတာလား ။ ပြီးတော့ သွေးနီယူနီကွန်းတွေက နတ်ဘုရားသားရဲတွေထဲမှာမှ ထူးခြားတဲ့ မျိုးစိတ်ကွ။ အဲ့ကောင်တွေက စားစရာ သွေးတွေ လုံလုံလောက်လောက် ရှိတာနဲ့ တောက်လျှောက် ပိုပြီး အစွမ်းထက်လာမှာ "

" ဟုတ်တယ် ၊ ဒီကောင့်ပုံစံကို ကြည့်ရတာတော့ နတ်ဘုရားသားရဲ ဖြစ်ပြီးသွားတဲ့ နောက်ပိုင်း သွေးတွေ အများကြီး သောက်ထားတဲ့ပုံပဲ "

အားလုံးက တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

ထိုအချိန်တွင် သွေးနီယူနီကွန်း၏ အကြည့်ကလည်း မျောက်ပေါ်သို့ ရောက်လာ၏။

" အိုး .. မင်းလဲ ဒီကောင်းကင်ဘုံနဂါး ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရောက်နေတယ်ဆိုတာ ငါ ကြားခဲ့တယ်ကွ။ ဒါ့ကြောင့်မို့ ငါ နားကြားများ လွဲသွားသလားလို့ လာကြည့်တာ။ မင်း ခုလို တကယ်ကြီး လာမယ်လို့ ငါ ထင်တောင် မထင်ထားမိဘူး "

သွေးနီယူနီကွန်းက လှောင်ပြုံးဖြင့် ပြောလာသည်။

မျောက်က အံကြိတ်ကာ ပြန်ပြော၏။

" ငါ လာတာ ၊ မလာတာက မင်းနဲ့ ဆိုင်လို့လား "

သွေးနီယူနီကွန်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားပြီး အေးစက်စက်အသံဖြင့် ပြောသည်။

" ဟိုတလောကသာ မင်းရဲ့ သွေးနဲ့ ငါ့ကို နတ်ဘုရားအဆင့် သားရဲ ဖြစ်အောင် မကူညီပေးထားဘူးဆိုရင် ခုချက်ချင်း ငါ မင်းကို သတ်ပစ်လိုက်ပြီကွ "

" ပြောလက်စနဲ့ ဆက်ပြောရဦးမယ်။ မင်းရဲ့ နတ်ဘုရားအရိုးက တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲကွ။ ငါ အဲ့အရိုးကို သန့်စင်ပြီးသွားတဲ့ အချိန်မှာ အစွမ်း တော်တော်လေးကို တိုးတက်လာတာ "

သွေးနီယူနီကွန်းက ထိုသို့ပြောကာ ရှေ့လက်တစ်ဖက်ကို အသာမြှောက်လိုက်သည်။

ဝီ ..

ချက်ချင်း ဆိုသလိုပင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာ၏။

" မင်း .. "

မျောက်က ထိုမြင်ကွင်းအား မုန်းတီးရွံရှာမှု အပြည့်ဖြင့် ကြည့်လိုက်သည်။

ထို ရွှေရောင်အလင်းတန်းမှာ သူ့ သွေးအစွမ်း ဖြစ်ပါသည်။

ယခု သွေးနီယူနီကွန်းက ထိုအစွမ်းကိုပင် ပိုင်ဆိုင်သွားပြီတဲ့လား..

မျောက် ဒေါသထွက်နေသည်ကို မြင်သောအခါ သွေးနီယူနီကွန်းက အပြုံးဖြင့် ပြန်ပြော၏။

" ဒေါသ မထွက်စမ်းပါနဲ့ကွာ ၊ ဒီ အစွမ်းက မင်းဆီမှာဆိုရင် ဘာမှ အသုံးမဝင်တဲ့ အမှိူက်ပဲ ဖြစ်နေမှာကွ။ ဒါပေမယ့် ငါ့လက်ထဲမှာကျတော့ လုံးဝ ကွဲသွားပြီ ။ ပြီးတော့ ငါက နောင်အနာဂါတ်ကျရင် ဒီ ထျန်းယွမ်ကမ္ဘာကြီးရဲ့ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာဦးမှာကွ။ မင်းရဲ့ နတ်ဘုရား အရိုးတွေနဲ့ သွေးတွေကို ငါ သန့်စင်ထားတာ မင်းအတွက် ဂုဏ်ယူစရာတောင် ကောင်းသေးတယ် "

ဂုဏ်ယူစရာ ကောင်းသတဲ့လား ..

မျောက်၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲလာသည်။

ထိုကောင်က သူ့အရိုးများနှင့် သွေးများကို ထုတ်ယူခဲ့သည့်တိုင် သူ့ဘက်ကပင် ဂုဏ်ယူရဦးမည့်ဟန် ပြောနေသည်လား။

မည်မျှ အရှက်ကင်းမဲ့လိုက်ပါသနည်း။

" မင်းတော့လား .. "

မျောက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ တိုက်ခိုက်မည့်ဟန် ပြင်လိုက်တော့သည်။

သို့သော် သွေးနီယူနီကွန်းက လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။

" ငါ မင်းကို သတိတော့ ပေးလိုက်မယ်နော်။ မင်း ငါ့ကို ဒီနေရာမှာ တိုက်ခိုက်ရင် မင်း ကောင်းကင်ဘုံ နဂါးပြိုင်ပွဲကနေ အထုတ်ခံရမှာကွ။ ဒါပေမယ့် နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုလဲ ရှိသေးတယ် "

ထိုသို့ ပြောနေစဥ်မှာပင် သူ့မျက်လုံးများ အေးစက်သွားကာ ဆက်ပြောသည်။

" မင်းဘက်က တစ်ချက် လှုပ်လိုက်တာနဲ့ ငါ မင်းကို သတ်ပစ်မှာကွ "

" မင်း ... "

မျောက်မှာ အလွန်ဒေါသထွက်ကာ ပေါက်ကွဲထွက်လုနီးပါးပင် ဖြစ်နေတော့၏။ သို့သော် သူ မည်သို့မှ မလုပ်ဘဲ လောထျန်းကိုသာ လှမ်းကြည့်လိုက်သည်။

၎င်းကို မြင်သောအခါ လောထျန်းက  အေးအေးဆေးဆေး ပြန်ပြော၏။

" အဲ့ဒါ ဘယ်သူ့ခွေးလဲ ။ဘာလို့ ကြိုးတပ်မထားတာလဲကွ ။ မင်းတို့က ရိုင်းလှချည်လား "

သူ့စကားကြောင့် သွေးနီယူနီကွန်း အံ့သြမှင်သက်သွားသည်။

" မင်း .. မင်းက ငါ့ကို ပြောနေတာလား "

သူ လောထျန်းအား စိုက်ကြည့်လိုက်၏။

" ဒါပေါ့ကွ ၊ တခြားဘယ်သူ့ကို ပြောရဦးမှာလဲ။ ဒီမှာ နောက်ထပ် ခွေးတစ်ကောင် ထပ်ရှိသေးလို့လား "

လောထျန်းက အပြုံးဖြင့် ပြန်ပြောလိုက်သည်။

" မင်း သေချင်နေပြီနဲ့ တူတယ် "

သွေးနီ ယူနီကွန်းမှာ ချက်ချင်းပင် ဒေါသူပုန် ထသွားတော့သည်။

ဝုန်း ..

ချက်ချင်း ဆိုသလိုပင် ၎င်း၏ ကိုယ်ပေါ်၌ သွေးလှိုင်းလုံးများ ထလာပြီး ၎င်း၏ အနောက်ဘက်တွင်လည်း သွေးနီရောင် အရိပ်တစ်ခု စုစည်းလာ၏။

သွေးနီ ယူနီကွန်းမှာ ယူနီကွန်း မျိုးနွယ်စုထဲ၌ ထူးခြားသော မျိုးစိတ်တစ်ခု ဖြစ်ပါသည်။

သာမာန် ယူနီကွန်းများမှာ မွေးတကည်းက စ၍ သဘာဝ နတ်ဘုရားသားရဲများ ဖြစ်ကြ၏။

သွေးနီ ယူနီကွန်း မျိုးနွယ်စုကမူ သွေး မသန့်စင်သောကြောင့် မွေးစတွင် အလွန်အစွမ်းနိမ့်ကြပါသည်။

ထို့ကြောင့် အခြားသားရဲများ၏ သွေးကို စုပ်ယူပြီးမှသာ တစ်ဆင့်ချင်း အစွမ်း တိုးတက်အောင် လုပ်နိုင်ကြခြင်း ဖြစ်ပါ၏။

ထို့ကြောင့်လည်း ယခု နတ်ဘုရားအဆင့် သားရဲအဖြစ် အဆင့်တက်သွားခဲ့သော သွေးနီယူနီကွန်းမှာ သူ့သွေးနှင့် ပတ်သက်၍ ဆတ်ဆတ်ထိမခံပါချေ။

ပုံမှန်ဆိုပါက သူ့အား နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်ဟု ပြောလာလျှင်ပင် သူ အလွန်ဒေါသထွက်နေခဲ့လေပြီ။

ယခု လောထျန်းက သူ့အား ခွေးတစ်ကောင်ဟု အမှန်တကယ် လာခေါ်နေပါ၏။

သူ ၎င်းကို မည်သို့ သည်းခံရပါမည်နည်း။

" မင်းက သေချင်နေတာပဲ "

သွေးနီယူနီကွန်းက အေးစက်စက်ပြောကာ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

သို့သော် ထိုအချိန်မှာပင် ..

" ရပ်လိုက် "

သွေးနီယူနီကွန်းရှေ့၌ အဘိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာသည်။

" သွေးနီယူနီကွန်း ၊ ဒီ ကောင်းကင်ဘုံနဂါးပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို မင်း နားလည်ထားတယ် မဟုတ်လား။ မင်းသာ ဒီနေရာမှာ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်နဲ့ တိုက်ခိုက်လိုက်ရင် ပြိုင်ပွဲကနေ အထုတ်ခံရမှာကွ "

အဘိုးအိုက အေးစက်စက် ဆိုလာသည်။

" ခင်ဗျားကြီးက ကျုပ်ကို တားရဲတယ်ပေါ့လေ "

သွေးနီယူနီကွန်းကလည်း  အဘိုးအိုအား အေးစက်စက် ပြန်ကြည့်၏။

အဘိုးအို မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။ ထို့နောက်တွင်ကား ဝုန်းခနဲ အသံတစ်သံနှင့်အတူ သူ့အရောင်အဝါ ပေါက်ကွဲထွက်လာတော့၏။

ကောင်းကင်ဘုံ တံခါးဝအဆင့် ..

ထိုအရောင်အဝါကို မြင်သည်နှင့် ​သွေးနီယူနီကွန်း နောက်သို့ အလိုလို ခြေတစ်လှမ်း ဆုတ်သွားသည်။

သူသည် နတ်ဘုရားအဆင့် သားရဲတစ်ကောင် ဖြစ်လာခဲ့ပြီး ကျင့်ကြံခြင်းအဆင့်တွင်လည်း တိုးတက်လာခဲ့သည့်တိုင် ..

ကောင်းကင်ဘုံ တံခါးဝအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်အား ရင်ဆိုင်ရန်အတွက်မူ မလုံလောက်သေးပါချေ။

ထိုစဥ်

" အကိုကြီး သွေးနီယူနီကွန်း .. ကျုပ် ခင်ဗျားကို ရှာ​တာ နှံ့နေပြီ။ ဘယ်လိုလုပ်ပြီးတော့ ဒီကို ရောက်နေရတာလဲဗျာ "

အသံတစ်သံနှင့်အတူ အဖြူရောင် အဝတ်စားများ ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ပျံသန်း ရောက်ရှိလာ၏။

" ဟမ် .. အဲ့ကောင်က ဘဟ်သူလဲ "

လောထျန်းမှာ ရောက်လာသူကို ကြည့်ရင်း စိတ်ရှုပ်သွားသည်။

" အဲ့ဒါ သွေးနီယူနီကွန်းရဲ့ သခင်ပဲဗျ ... "

​ထိုလူကို မြင်သည်နှင့် မျောက်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ လက်သွား၏။

၎င်းကို ကြည့်ကာ လောထျန်း ချက်ချင်း သဘောပေါက်လိုက်သည်။

သို့သော် .. သူ့ကို အံ့အားသင့်သွားစေသည့် အချက်မှာ သခင်ဆိုသူက သွေးနီယူနီကွန်းအပေါ် အလွန် တရိုတသေ ဆက်ဆံနေခြင်းကြောင့်ပင်။

သူတို့ နှစ်ဦးကြားမှ ဆက်ဆံရေးမှာ သားရဲသခင်ကြီးနှင့် ၎င်း၏ တိုက်ပွဲဝင်သားရဲတို့ ကြားမှ ဆက်ဆံရေးမျိုး မဟုတ်ဘဲ ရင်းနှီးသည့် ဆက်ဆံရေးတစ်ခုနှင့် ပိုတူပါ၏။

ထိုအချိန်မှာပင် ကောင်းကင်ဘုံ တံခါးဝအဆင့်မှ အဘိုးအိုက လူငယ်ကို မျက်ခုံးပင့်ကြည့်ကာ ပြောလာသည်။

" မင်းရဲ့ ပြိုင်ပွဲဝင်ကဒ်ကို ကြည့်ရတာ .. ဒီ ရွှမ် တိုက်ပွဲကွင်းပြင်က မဟုတ်ဘူးနဲ့တူတယ် "

လူငယ်က အပြုံးဖြင့် ပြန်ပြော၏။

" ဟုတ်တယ်ဗျ ၊  ကျုပ်တို့က ချင် တိုက်ပွဲကွင်းပြင်ကပါ "

အဘိုးအို၏ မျက်နှာ ချက်ချင်း သုန်မှုန်သွားသည်။

" ဒါဆို မင်းရဲ့ တိုက်ပွဲဝင်သားရဲကို ခေါ်ပြီးတော့ ဒီကနေ ချက်ချင်း ထွက်သွားပါ။ အဲ့လိုမှ မဟုတ်ရင် စည်းမျဥ်းတွေအတိုင်း ကိုင်တွယ်ရလိမ့်မယ် "

" ကောင်းပါပြီဗျာ ။ ကဲ .. သွားကြစို့လေ "

လူငယ်က ပြုံး၍ သွေးနီယူနီကွန်းအား လှည့်ကြည့်လိုက်သည်။

သို့သော် သွေးနီယူနီကွန်း၏ အကြည့်ကမူ လောထျန်းနှင့် မျောက်အပေါ်သို့ ကျရောက်နေဆဲပင်။

လူငယ်က စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းပြီး ပြော၏။

" အကို သွေးနီယူနီကွန်း ၊ ဒီ အရှုံးသမားအတွက် ဘာလို့ အလကား ​ဒေါသထွက်နေဦးမှာလဲဗျာ။ အခု ကျုပ်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က ကောင်းကင်ဘုံ နဂါးပြိုင်ပွဲမှာ ထိပ်ဆုံး အဆင့် ၈ အတွင်း ဝင်ဖို့လေ ။ အဲ့လို အမှိုက်ကောင်တွေကို ပြိုင်ပွဲပြီးသွားမှ ရှင်းထုတ်လိုက်ရင်ရော ဘယ်လိုလဲ။ အခု ကောင်းကင်ဘုံ နဂါးပြိုင်ပွဲကပဲ အရေးကြီးဆုံး မဟုတ်လား "

သူ့စကား ဆုံးမှသာလျှင် သွေးနီယူနီကွန်း၏ မျက်နှာက အနည်းငယ် ပြန်ပျော့ပျောင်းသွားတော့သည်။ ထို့နောက်တွင်မူ ၎င်းက ခေါင်းညိတ်ပြ၍ နောက်လှည့် ထွက်ခွာသွား၏။

သို့သော် ထိုအချိန်မှာပင် လောထျန်းက ရုတ်တရက် ပြောလာသည်။

" ခဏ နေဦး "

" ဟင် .. မင်းက ဘာလုပ်မလို့လဲ "

ထိုစကားကြောင့် တဖက်လူငယ် အံ့အားသင့်သွားကာ လောထျန်းအ အေးစက်စက် မျက်နှာထားဖြင့် လှည့်ကြည့်လာသည်။

လောထျန်းက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

" မင်းတို့ ဟိုဘက်ကို ပြန်ရောက်သွားရင်၊ မင်း ခွေးရဲ့ လည်ပင်းကို သေချာ ဆေးခိုင်းထားလိုက်ဦးနော်။ ငါ့မျောက်က ဒီ ကောင်းကင်ဘုံနဂါးပြိုင်ပွဲမှာ အဲ့ကောင်ရဲ့ ခေါင်းကို ဖြတ်ပစ်မှာကွ "

လောထျန်းက ထိုသို့ပြောကာ မျောက်၏ ခေါင်းပေါ်သို့ လက်တစ်ဖက် တင်လိုက်သည်။

မျောက်မှာလည်း လောထျန်းက ထိုသို့ ပြောလာမည်ဟု ထင်မထားသဖြင့် အလွန်အံ့အားသင့်သွားကာ ချက်ချင်း လှည့်ကြည့်၏။

တဖက်မှ သွေးနီယူနီကွန်း၏ ​သွေးအစွမ်း ပေါက်ကွဲထွက်သွားပြန်တော့သည်။ သို့သော် ၎င်းက မည်သို့မှ ဆက်မလုပ်လာပါချေ။

လူငယ်ကမူ စစချင်း အံ့အားသင့်သွားဟန် တူသော်လည်း တခဏအကြာတွင် အသံကျယ်ကြီးဖြင့် အော်ရယ်၍ ပြောလာသည်။

" အကိုကြီး သွေးနီယူနီကွန်းရဲ့ ခေါင်းကို ဖြတ်မယ် .. ဟုတ်လား ။ အဲ့ အရှုံးသမား မျောက်ကို အားကိုးပြီး လုပ်မယ်ပေါ့ ။ ဒါ ကျုပ် တစ်ဘဝလုံး ကြားခဲ့ဖူးသမျှ စကားတွေထဲမှာ အရယ်ရဆုံးပဲကွာ "

အချိန်အတန်ငယ်ကြာ ရယ်နေပြီး နောက်တွင်မူ သူ မထူးခြားဟန်ဖြင့် နောက်ပြန်လှည့်သွားကာ ဆို၏။

" ကောင်းပြီလေ ၊ မင်းပြောတာကို ကျုပ် မှတ်ထားမယ်။ မင်းတို့ကို ကျုပ်တို့က ကောင်းကင်ဘုံနဂါးပြိုင်ပွဲမှာ စောင့်နေမယ် ။ မင်းတို့ ကံကောင်းပြီး ဝင်ပြိုင်နိုင်ခွင့် ရှိခဲ့ရင် ပေါ့ကွာ "

All Chapters