နတ်ဘုရားသားရဲ မီးနဂါးခြင်္သေ့
Vol. 29 Ch. 404
လူငယ်က ထိုသို့ပြောပြီး လောထျန်းနောက်မှ လူထွားကြီးကို ရုတ်တရက် လှည့်ကြည့်ကာ မေး၏။
" ခင်ဗျားက ဟယ် မိသားစုကလား "
လူထွားကြီးမှာ လန့်သွားပြီးနောက် ချက်ချင်း ဦးညွှတ်အရိုအသေပေး၍ ပြန်ပြောသည်။
" ကျုပ်က ဟယ်မိသားစုက ဟယ်ချုံရှင်းပါ။ ယွဲ့လွင်နိုင်ငံရဲ့ တတိယမင်းသားလေးနဲ့ ခုလို တွေ့ခွင့်ရတဲ့အတွက် တကယ်ကို ဝမ်းသာဂုဏ်ယူမိပါတယ် "
သူ့စကားကို ကြားပြီးနောက်တွင်မူ လောထျန်း အံ့အားသင့်သွားသည်။
ထိုလူငယ်က မင်းသားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိခဲ့ပေ။
တတိယမင်းသားက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောသည်။
" အကိုဟယ် ၊ ကျုပ် ဒီမျောက်ကို မကြိုက်ဘူးဗျ "
ဟယ်ချုံရှင်းက ချက်ချင်း သဘောပေါက်သွားဟန်ဖြင့် ပြန်ပြော၏။
" စိတ်မပူပါနဲ့ တတိယ မင်းသားလေး ။ ဒီကောင်က မင်းသားလေးကိုတောင် စော်ကားရဲနေမှတော့ ကျုပ် သူတို့ကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးလိုက်ပါမယ် "
သူက ထိုသို့ပြောပြီးနောက် မျောက်ကို ကြည့်လိုက်သည်။ ထို့နောက် လောထျန်းကို တစ်လှည့် ထပ်ကြည့်ကာ အပြုံးဖြင့် ပြော၏။
" တခြား သားရဲနှစ်ကောင်ကိုလဲ ကျုပ် ကိုင်တွယ်လိုက်ပါ့မယ် မင်းသားလေး "
တတိယမင်းသားက ခေါင်းညိတ်၍ ပြန်ပြောသည်။
" ခုလို ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ထို့နောက်တွင်မူ သွေးနီယူနီကွန်း နှင့်အတူ သူ ထွက်ခွာသွား၏။
ဟယ်ချုံရှင်းက တတိယမင်းသား ထွက်ခွာသွားပြီးနောက် ရင်ကော့ခေါင်းမော့ပြီး လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်လာသည်။
" မင်းကိုတော့ တကယ် သနားတယ်ကွာ ။ မင်းက တတိယမင်းသားလေးကိုမှ သွားပြီး စော်ကားခဲ့တာကိုးကွ။ အခု မင်းဘေးက သားရဲသုံးကောင်ကို သေချာကြည့်ထားနော်။ တိုက်ပွဲ စတာနဲ့ အဲ့ကောင်တွေအားလုံးကို ငါ့ရဲ့ တိုက်ပွဲဝင်သားရဲနဲ့ သတ်ခိုင်းမှာ "
သူ့စကား ဆုံးသည်နှင့် သု့နောက်မှ သားရဲသုံးကောင်ကလည်း အသံပေး ဟိန်းဟောက်လာကြ၏။
လောထျန်းက လူထွားကြီးအား တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
" မင်း သေချာရဲ့လား "
ဟယ်ချုံရှင်းက လှောင်ပြုံးဖြင့် ပြန်ပြော၏။
" ဒါပေါ့ကွ ။ ခုချိန်မှ မင်းဘက်က တောင်းပန်လာရင်တောင် နောက်ကျသွားပြီ။ မင်းက တတိယမင်းသားကို စော်ကားခဲ့တာလေ "
ထို့နောက် သူက နောက်မှ သားရဲသုံးကောင်ဘက် လှည့်ကြည့်ကာ ပြောလိုက်သေး၏။
" အားလုံး သေချာ နားထောင်ကြနော်။ တိုက်ပွဲကွင်းပြင်ထဲမှာ အဲ့သုံးငောာင်ကို မြင်တာနဲ့ တစ်ခါတည်း သတ်ပစ်ကြပါ "
" ဝေါင်း .. "
သားရဲသုံးကောင်က ခေါင်းမော့ကာ အော်ဟစ်လိုက်ကြပြန်သည်။
လောထျန်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြန်ပြော၏။
" ဒါဆိုလဲ မင်းတို့ကို ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးပါတယ် "
" ဟင် .. "
မျှော်လင့်မထားသော တုန့်ပြန်ပုံကြောင့် ဟယ်ချုံရှင်း အံ့သြမှင်သက်သွားသည်။
လောထျန်းက ယခုလို အချိန်မျိုးတွင် ဒေါသထွက် သို့မဟုတ် ကြောက်ရွံ့နေသင့်သည် မဟုတ်ပါလား။
အဘယ့်ကြောင့် သူတို့ကို ကံကောင်းပါစေဟု လာဆုတောင်းနေရပါသနည်း။
သူ ပြန်ပြောရန် ပြင်လိုက်စဥ်မှာပင် ..
ဝုန်း ..
အစွမ်းထက်သော အရောင်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
အားလုံးက အရောင်အဝါ ထွက်လာသည့်ဘက် လှည့်ကြည့်လိုက်ကြရာ လေထဲတွင် ရပ်နေသော အဖြူရောင်ဆံပင်များနှင့် အဘိုးအိုတစ်ဦးကို မြင်လိုက်ရသည်။
" အဲ့ဒါ ... ဖုန့်လင်း မဟုတ်လား ၊ ဒဏ္ဍာရီကျော် သားရဲသခင်ကြီး ဖုန့်လင်း လေ "
" ဘယ်လို .. အဲ့ဒါ ဖုန့်လင်း လား ။ ငါ ကြားတာတော့ သူက နတ်ဘုရားသားရဲတွေ အများကြီးကို သိမ်းသွင်းထားနိုင်တာတဲ့ ။ အဲ့သားရဲတွေထဲက တစ်ကောင်ဆိုရင် ကောင်းကင်ဘုံ တံခါးဝအဆင့်ရဲ့ ထိပ်ဆုံးကို ရောက်နေပြီးတော့ မသေမျိုးတစ်ယောက် ဖြစ်လာဖို့တောင် တော်တော်လေး နီးစပ်နေပြီ ပြောတယ် "
" မသေမျိုး ဖြစ်လာတော့မယ့် နတ်ဘုရားသားရဲ .. ဟုတ်လား ၊ နောက်နေတာ များလားကွာ "
" သူကရော ဒီပြိုင်ပွဲမှာ ဝင်ပြိုင်မှာလား .. အဲ့လိုဆို ငါတို့တွေတော့ သွားပြီပေါ့ကွာ "
အားလုံးက သူတို့ထင်ရာကို တစ်ယောက်တစ်ပေါက် ပြောဆိုလိုက်ကြသည်။
ထိုစဥ်မှာပင် ဖုန့်လင်းက ပြောလာ၏။
" ပြိုင်ပွဲဝင်တွေ အားလုံးကို ရွှမ် တိုက်ပွဲကွင်းပြင်ကနေ ကြိုဆိုပါတယ်။ ကျုပ်က ဒီ တိုက်ပွဲကွင်းပြင်ကို တာဝန်ယူထားတဲ့ ဖုန့်လင်း ပါ "
ထိုစကားကို ကြားပြီးနောက်တွင်မူ အားလုံး စိတ်သက်သာရာ ရသွားကြသည်။
" ငါ့မှာ သူလဲ ပြိုင်ပွဲဝင်မယ် ထင်လို့ ကြောက်လိုက်ရတာကွာ "
" ဟုတ်တယ်ကွ ၊ ငါလဲ ကောင်းကင်ဘုံ တံခါးဝအဆင့်က သားရဲနဲ့သာ တွေ့ရမယ်ဆို ခုတည်းက ထွက်လိုက်တော့မလို့ "
လူအချို့က တီးတိုးပြောလိုက်ကြသည်။
ထိုစဥ် ဖုန့်လင်းက ပျင်းရိစွာ ဆိုလာ၏။
" ဒီ ရွှမ် တိုက်ပွဲကွင်းပြင်ထဲမှာ ပြိုင်ပွဲဝင်တွေ အယောက် ၃၀၀ ကျော် ရှိတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင် ၈ ယောက်နဲ့ သူတို့ရဲ့ သားရဲတွေကပဲ ကောင်းကင်ဘုံနဂါး ပြိုင်ပွဲကို ပါဝင်ယှဥ်ပြိုင်ခွင့် ရှိမယ် "
" အဲ့လောက်များတဲ့ ပြိုင်ပွဲဝင်တွေကို တစ်ယောက်ချင်း ယှဥ်ပြီး တိုက်ခိုက်ခိုင်းရင် ပြီးနိုင်တော့မှာ မဟုတ်ဘူး မို့လို့ .. ဒီ ရွှမ် တိုက်ပွဲကွင်းပြင်က စည်းမျဥ်းကို အားလုံး တစ်ပြိုင်တည်း တိုက်ခိုက်ကြဖို့ စီစဥ်ထားတယ် "
" အားလုံး တစ်ပြိုင်တည်းကြီး တိုက်ခိုက်ရမှာလား .. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "
တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် ပြောလာသည်။
ဖုန့်လင်းက ခေါင်းတစ်ချက်ကုတ်ကာ ပြန်ပြော၏။
" ခုနက ပြောတဲ့အတိုင်းပဲလေ ။ တိုက်ပွဲကွင်းပြင် ဖွင့်တာနဲ့ ကိုယ့်ရဲ့ တိုက်ပွဲဝင်သားရဲ သုံးကောင်လုံးကို အထဲကို ထည့်လိုက်ရမယ်။ အဲ့သားရဲတွေ အကုန်လုံး စိတ်ကြိုက် လွတ်လွတ်လပ်လပ် တိုက်ခိုက်ခွင့် ရှိတယ် ။ အဲ့ထဲကမှ ကိုယ့်ရဲ့ တိုက်ပွဲဝင်သားရဲ သုံးယောက်လုံး ရှုံးနိမ့်သွားပြီ ဆိုရင်တော့ ပြိုင်ပွဲက ထုတ်ပယ် ခံရမယ် "
" နောက်ဆုံး ကျန်တဲ့ ၈ ဖွဲ့ကတော့ ကောင်းကင်ဘုံနဂါးပြိုင်ပွဲကို တိုက်ရိုက် ဝင်လို့ရမယ် "
သူ့စကားဆုံးသည်နှင့် ထိုနေရာတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွား၏။ တခဏအကြာမှပင် လူများထံမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာကြသည်။
" ချီး ... ဘယ်လို စည်းမျဥ်းမျိုးလဲကွာ ။ အားလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်ရမယ်တဲ့ "
" ဟုတ်ပကွာ .. အဲ့လိုမျိုး စဥ်းစားမိတဲ့ ရွှေဉာဏ်တော် စူးရောက်လိုက်တာ "
လူအချို့က မကျေနပ်ကြောင်း ချက်ချင်းပင် ထုတ်ပြောလာကြသည်။
ဖုန့်လင်းက တစ်ချက် သန်းဝေရင်း အားလုံးကို ဝေ့ဝဲကြည့်၏။
သူ ဦးစွာ သတိထားမိလိုက်သူမှာ လူအုပ်ထဲမှနေ၍ သူ့ကို စူစူးရဲရဲ မျက်လုံးများဖြင့် စိုက်ကြည့်နေသော အမည်းရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးဖြစ်သည်။
ထိုလူငယ်က ဘေးနားမှ လူများ ဆူညံစွာ အော်ဟစ်နေကြသည့်တိုင် မတုန်မလှုပ် ခပ်ဆိတ်ဆိတ်သာ ရှိနေ၏။
" အဲ့ကောင်လေးက ဝူကျီပင်လယ်က မဟုတ်လား .. မဆိုးဘူးပဲ "
ဖုန့်လင်း ခေါင်းအသာ ညိတ်ပြီး အကြည့်လွှဲလိုက်ရာ လူအုပ်၏ အပြင်ဘက်နားလေးတွင် ပျင်းပျင်းရိရိဟန်ဖြင့် လက်သည်းများကို ကြည့်နေသော အစိမ်းရောင် ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက်အား တွေ့သွားသည်။
သူ အကြည့်ထပ်လွှဲလိုက်ချိန်တွင်မူ ခေါင်းတုံးနှင့် လူကြီးတစ်ယောက်ကို သတိထားမိလိုက်၏။ ထိုလူကြီးမှာ အနည်းငယ် အာရုံနောက်နေဟန် တူသည့်တိုင် မည်သို့မှ ထုတ်မပြောပါချေ။
ထို ခေါင်းပြာင်လူကြီး၏ ဘေးတွင်လည်း အနည်းငယ် ခပ်ဝဝ လူတစ်ယောက်က နဖူးမှ ချွေးများကို သုတ်နေ၏။ သူသည်လည်း လူအုပ်၏ စကားဝိုင်းထဲ ဝင်ပါခြင်း မပြုပေ။
ဖုန့်လင်းက ခေါင်းအသာညိတ်ပြီး တစ်ကိုယ်တည်း တွေးလိုက်သည်။
" အင်း .. ကြည့်ရတာတော့ အဲ့ တည်ငြိမ်နေတဲ့ သူတွေက အားလုံးထဲမှာ အစွမ်းအထက်ဆုံး ဖြစ်မယ်နဲ့ တူတယ် "
အစွမ်းထက်နေမှသာလည်း စည်းမျဥ်းများကို ဂရုမစိုက်ဘဲ နေနိုင်မည် မဟုတ်ပါလား ..
ထို့နောက်တွင်မူ သူ့အကြည့်က လောထျန်းဆီသို့ ရုတ်တရက် ရောက်သွားသည်။
ထိုအချိန်တွင် လောထျန်းမှာ သူ့ဘေးမှ ဟွမ်ယင်နှင့် ပြောဆို ရယ်မောနေပါ၏။
" ဟင် .. ဒီကောင့်ကို ငါ အရင်က သတိမထားမိပါလား ။ ကြည့်ရတာ သူ့ပုံစံက ယုံကြည်ချက် အပြည့် ရှိနေတဲ့ပုံပဲ "
ဖုန့်လင်းစိတ်ထဲ တွေးမိလိုက်သည်။
" သခင်ကြီး ဖုန့်လင်း .. ခင်ဗျားရဲ့ စည်းမျဥ်းက ကျိုးကြောင်း ဆီလျော်မှု မရှိဘူးဗျာ ။ အဲ့စည်းမျဥ်းကို မြန်မြန်ပြင်လိုက်ပါ။ မဟုတ်ရင်တော့ ကျုပ်အဘိုးကို ပြောလိုက်မှာဗျ ။ အဲ့ကျမှ ကျုပ်ကို အဆိုးမဆိုပါနဲ့ "
ထိုအချိန်တွင် လူအုပ်ထဲမှ သစ်လွင်ကောင်းမွန်သော အဝတ်စားများနှင့် လူငယ်တစ်ယောက်က ဒေါသထွက်နေသည့် မျက်နှာထားဖြင့် ပြောလာသည်။
သူ့စကားကို ကြားသည်နှင့် ဖုန့်လင်းတစ်ယောက် မျက်နှာကြီး သုန်မှုန်သွား၏။
ထို့နောက်တွင် ..
ဝုန်း ..
သူ့အနောက်ဘက်မှ ကြောက်မက်ဖွယ် အပူလှိုင်းလုံးတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "
" မီးနဲ့ မြိုက်နေသလိုပဲကွာ "
ချက်ချင်း ဆိုသလိုပင် အားလုံးထံမှ အော်ဟစ်သံ ထွက်ပေါ်လာပြီး အနောက်ဘက် ဆယ်ပေခန့်အကွာသို့ အသည်းအသန် ဆုတ်ပြေးလိုက်ကြသည်။
ထိုအချိန်မှာပင် ဖုန့်လင်း၏ အေးစက်စက် အသံ ရုတ်တရက် ထွက်ပေါ်လာ၏။
" ဒီမှာ .. မင်း ဘယ်သူဆိုတာ ငါ စိတ်မဝင်စားဘူး။ ငါ သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေကို ကောင်းကင်ဘုံရဲ့ ဘုရင်ကြီးတောင် ပြောင်းလဲပစ်လို့ မရဘူးကွ။ တကယ်လို့ အဓိပ္ပါယ် မရှိဘူးလို့ မင်း ထင်တယ်ဆိုရင် ပြိုင်ပွဲကနေ အခု ထွက်သွားလို့ ရတယ်။ ဒါမှ မဟုတ်ရင်တော့ ငါ့နောက်က ကောင်နဲ့ပဲ စကားပြောလိုက် "
ဝေါင်း ..
သူ့စကား ဆုံးသည်နှင့် သူ့အနောက်ဘက်မှ သားရဲဟိန်းသံတစ်ခု ထွက်လာသည်။
အားလုံးက အသံလာရာဘက် လှည့်ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာထားများ ချက်ချင်း ပြောင်းသွားကြ၏။
" အဲ့ဒါ ... နတ်ဘုရားသားရဲ ဖြစ်တဲ့ .. မီးနဂါးခြင်္သေ့လား .. "
" ဟုတ်တယ်ကွ .. ပြီးတော့ အဲ့ကောင်ကြီးက အခု ကောင်းကင်ဘုံတံခါးဝ အဆင့်တောင် .. "
" ကြောက်စရာ ကောင်းလိုက်တဲ့ အရောင်အဝါကွာ .. "
ထိုတခဏတွင် အားလုံး ကြောက်ရွံ့ တုန်လှုပ်သွားကြကာ မည်သို့သော ငြင်းဆိုမှုမျိုးမှ ထပ်မလုပ်ရဲကြတော့ချေ။
ဖုန့်လင်းက အပြုံးဖြင့် ပြောလာသည်။
" ဟုတ်ပြီ ... ဒါဆို တိုက်ပွဲကို အခုစမယ် ။ အားလုံး ..မင်းတို့ရဲ့ တိုက်ပွဲဝင်သားရဲတွေကို ရွှမ် တိုက်ပွဲကွင်းပြင်ထဲ အခု ပို့လိုက်ကြပါ "
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရွှမ် တိုက်ပွဲကွင်းပြင်ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်ကြသည်။
အားလုံး တစ်ပြိုင်တည်း တိုက်ခိုက်ရသော တိုက်ပွဲ၌ နယ်မြေကို ကြိုတင်၍ အသာစီး ယူထားရန် အရေးကြီးပါသည်။
ဤသို့ဖြင့် မရေမတွက်နိုင်သော သားရဲများ တိုက်ပွဲကွင်းပြင်ထဲသို့ ပြေးဝင်သွားကြစဥ်မှာပင် ..
" အဲ့ဒါ မီးနဂါး ခြင်္သေ့လား "
ဝူကျီပင်လယ်မှ လူငယ်က ဖုန့်လင်းဆီသို့ လျှောက်လာကာ မီးနဂါး ခြင်္သေ့အား စိုက်ကြည့်လာ၏။
" ဘာဖြစ်လို့လဲ .. မင်းက တိုက်ခိုက်ချင်လို့လား "
ဖုန့်လင်းက လူငယ်ကို ကြည့်ကာ အပြုံးဖြင့် ပြန်မေးလိုက်သည်။
လူငယ်က မျက်မှောင်ကြုံ့၍ ပြန်ပြော၏။
" ကျုပ်ရဲ့ တိုက်ပွဲဝင်သားရဲက ခုချိန်မှာ သူနဲ့ ယှဥ်လို့ မရသေးဘူး။ ဒါပေမယ့် ကျုပ်ကို တစ်နှစ်လောက် အချိန်ပေးရင်တော့ သူ့ကို ကောင်းကင်ဘုံ တံခါးဝအဆင့် သားရဲ ဖြစ်အောင် လေ့ကျင့်ပေးလို့ ရတယ်။ အဲ့ကျရင်တော့ ခင်ဗျားနဲ့ စိန်လာခေါ်မယ် "
ဖုန့်လင်းက ချက်ချင်း ပြုံး၍ ပြန်ပြော၏။
" ကောင်းပါပြီ ၊ ငါ ဒီ စိန်ခေါ်မှုကို လက်ခံတယ် "
သူတို့နှစ်ဦး၏ အကြည့်က ချက်ချင်း မီးပွင့်ထွက်တော့မလိုပင် ။
ထိုမြင်ကွင်းကို မြင်သွားသည့် လူအချို့မှာလည်း အံ့သြတုန်လှုပ်ကုန်ကြသည်။
" ဟေ့ ..ဟိုမှာ ကြည့်လိုက်ဦးကွ ။ ဟို သားရဲ သခင်ကြီး နှစ်ယောက်က တိုက်ခိုက်ကြတော့မှာလား မသိဘူး "
" သူတို့ နှစ်ယောက်လုံးရဲ့ သားရဲတွေက ထူးခြားပြီးတော့ အစွမ်းထက်ကြပြီးတော့ နတ်ဘုရားအဆင့် သားရဲတွေကွ ။ ဒီနှစ်ယောက်ရဲ့ သားရဲတွေက ပြိုင်ဘက်ဖြစ်ဖို့ ကံပါလာတယ်လို့တောင် ပြောလို့ရတယ်။ တိုက်ပွဲကတော့ ဖြစ်လာမှာပဲ .. ဘယ်ချိန်ဖြစ်လာမယ်သာ မပြောနိုင်တာ "
" ဒါပေမယ့် အဲ့လိုအဆင့် မျိုးနဲ့ တိုက်ပွဲကို ငါတို့တွေ လက်လှမ်းမမှီနိုင်တာတော့ နှမျောစရာပေါ့ကွာ "
" ငါတို့ကို စကားထဲတောင် ထည့်ပြောမနေပါနဲ့ကွာ။ ဒီ ရွှမ် တိုက်ပွဲကွင်းပြင်ထဲမှာ အဲ့နှစ်ယောက်ရဲ့ သားရဲတွေကို သွေးအစွမ်းရော ၊ ကိုယ်ပိုင်အစွမ်းမှာပါ ယှဥ်နိုင်တဲ့သူ ဘယ်သူမှ ရှိမယ် မထင်ဘူး "
အားလုံးက သဘောတူယန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် .. မီးနဂါးခြင်္သေ့ ရှေ့သို့ အကာင်သေးသေးလေးတစ်ကောင် ရောက်လာပြီး အသံပေးလာ၏။
" ဝု ... "