ရှိသမျှအကုန် လောင်းခြင်း
Vol. 29 Ch. 405
မီးနဂါးခြင်္သေ့ အံ့အားသင့်ကာ ဆွံ့အသွားတော့သည်။
ဘာတွေ ဖြစ်နေပါသနည်း ..
သူသည် နတ်ဘုရားသားရဲတစ်ကောင် ဖြစ်သည့်အတွက် သူ့ကိုယ်မှ ထွက်နေသော ဖိအားက မြောက်များစွာသော သားရဲများကို ခြောက်လှန့်ရန် လုံလောက်ပါ၏။
သို့သော် ယခု သူ့ရှေ့မှ အကောင်ငယ်လေးက သူ့ကို အဘယ့်ကြောင့် မကြောက်ရပါသနည်း။
ထိုအချိန်တွင် ရှောက်ထျန်းလုံလေးက သူ့အား ခေါင်းစောင်းကြည့်ကာ ထပ်အော်လိုက်ပြန်သည်။
" ဝု ... "
မီးနဂါခြင်္သေ့ မျက်နှာကြီး ချက်ချင်း ညိုသွားတော့သည်။
ထိုကောင်လေးက အဘယ့်ကြောင့် ဆက်အော်နေရပါသနည်း ..
သူ အာရုံနောက်သွားသဖြင့် ကောင်လေးအား ခြောက်လှန့်ရန် ရိုက်ချလိုက်သည်။
ထိုရိုက်ချက်တွင် သူ့အစွမ်းအပြည့် မသုံးလိုက်သည့်တိုင် အတော်အသင့် အားပါ,ပါသည်။
၎င်းက ကောင်လေးအား အဝေးသို့ လွင့်ထွက်သွားအောင် လုပ်ရန် လုံလောက်မည်ဟုလည်း သူ တွေးလိုက်၏။
သို့သော် ထင်မှတ်မထားစွာပင် တဖက်မှ ရှောက်ထျန်းလုံလေးက သူ လှုပ်ရှားသည်ကို မြင်သည်နှင့် မျက်နှာကြီး သုန်မှုန်သွားသည်။
ထို့နောက် ရှောက်ထျန်းလုံဘေးက ပါးစပ်ဟ၍ ..
မီးနဂါးခြင်္သေ့၏ လက်အား ကိုက်လိုက်၏။
အား ...
မီးနဂါးခြင်္သေ့က စူစူးဝါးဝါး အော်လိုက်ပြီး ကောင်းကင်ယံသို့ ချက်ချင်း ပျံတက်သွားသည်။
ထိုစဥ် ဝူကျီ ပင်လယ်မှ သားရဲသခင်ကြီးနှင့် ရင်ဆိုင်နေဆဲ ဖြစ်သော ဖုန့်လင်းမှာလည်း မီးနဂါးခြင်္သေ့၏ အော်သံကြောင့် ရုတ်တရက် လန့်သွား၏။
မီးနဂါးခြင်္သေ့က ဘာဖြစ်သွားပါသနည်း ..
ထိုစဥ်မှာပင် ..
" တောင်းပန်ပါတယ်ဗျာ .. စိတ်မရှိပါနဲ့ ။ ကျုပ်ကောင်လေးက ခင်ဗျားရဲ့ သားရဲကို လန့်အောင် လုပ်လိုက်မိသလို ဖြစ်သွားတယ်။ ကျုပ် သူ့ကို အခု ခေါ်သွားလိုက်ပါ့မယ် "
လောထျန်းက ရှက်နေသည့် မျက်နှာဖြင့် အပြေးရောက်လာကာ ရှောက်ထျန်းလုံလေးအား ပွေ့ချီ၍ ပြန်ထွက်သွားသည်။
" ကောင်လေး .. ဘာလို့ အဲ့လိုပြဿနာ သွားရှာရတာလဲကွ "
သူ လမ်းလျှောက်နေရင်းလည်း ရှောက်ထျန်းလုံလေးအား ဆူလိုက်သေးပါ၏။
" ဝု .. ဝု ... "
လောထျန်းလက်ထဲတွင် ရှိနေသော ရှောက်ထျန်းလုံလေးကမူ မကျေနပ်ဟန်ဖြင့် ပြန်အသံပေးနေပြီး မီးနဂါးခြင်္သေ့ဘက် လက်ညိုးထိုး၍ တစ်စုံတစ်ခုကို စွပ်စွဲချင်နေဟန်လည်းရှိသည်။
သို့သော် .. ရှောက်ထျန်းလုံ၏ ပါးစပ်ထဲတွင် အသားတုံး တစ်ခုကိုလည်း ကိုက်ထားသေးသဖြင့် သူ့အော်သံက ဗလုံးဗထွေး ဖြစ်နေ၏။
ဖုန့်လင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးမိသွားသည်။
" ဒီကောင်လေးက တော်တော် လောဘကြီးတာလားကွ။ ဒီချိန်ကြီးကို ပါးစပ်ထဲ အသားတုံး ကိုက်စားနေနိုင်တုန်း ။ ဒါနဲ့ .. သူ့ ပါးစပ်ထဲက အသားတုံးကို ငါ မြင်ဖူးနေသလိုပဲ ... "
ဖုန့်လင်း မျက်မှောင်ကြုံ့သွားသည်။
ထိုအချိန်မှာပင် ..
အား ..
လေထဲမှ မီးနဂါးခြင်္သေ့က အောက်သို့ တဖြည်းဖြည်း ပြုတ်ကျလာသည်။
" နာလိုက်တာ ... နာလိုက်တာဗျာ "
၎င်းက လူစကားဖြင့် ပြောလာ၏။
" ဟင် .. ဘာဖြစ်လို့လဲ "
ဖုန့်လင်း နားမလည်နိုင် ဖြစ်သွားရသည်။
ထို့နောက်တွင်မူ မီးနဂါးခြင်္သေ့က သွေးများ စီးကျနေဆဲ ဖြစ်သော သူ့လက်တစ်ဖက်ကို ဆန့်ထုတ်၍ ပြော၏။
" ဟိုကောင်လေးက ကျုပ်ကို ကိုက်သွားတာ "
ဖုန့်လင်းရော ဝူကျီပင်လယ်မှ သားရဲသခင်ကြီးပါ ချက်ချင်း အံ့သြတုန်လှုပ်သွားကာ တစ်ပြိုင်နက်တည်း မေးလာကြသည်။
" ဘယ်လို .. မင်းက အကိုက်ခံလိုက်ရတယ် "
နောက်နေသည်များလား ..
ကောင်းကင်ဘုံတံခါးဝ အဆင့်ရှိ နတ်ဘုရားသားရဲ တစ်ကောင် ဖြစ်သော မီးနဂါးခြင်္သေ့၏ အသားတစ်ပိုင်းအစ အကိုက်ခံခဲ့ရသတဲ့လား ..
" အဲ့ကောင်လေးက ... တော်တော်ထူးဆန်းတယ် "
မီးနဂါးခြင်္သေ့က နာကျင်မှုကို အံကြိတ်ခံနေရဟန်ဖြင့် ပြောသည်။
ဖုန့်လင်း မျက်မှောင်ကြုံ့သွားပြီး လောထျန်း၏ နောက်ကျောအား အလေးအနက် မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ထို့နောက် အသားတုံးကို ကိုက်ကာ အော်နေဆဲ ဖြစ်သော ရှောက်ထျန်းလုံကိုလည်း မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
မီးနဂါးခြင်္သေ့သည် ကောင်းကင်ဘုံတံခါးဝ အဆင့်သို့ တက်သွားပြီးသည့် အချိန်မှစ၍ ဒဏ်ရာမရခဲ့သည်မှာ အလွန်ကြာသွားခဲ့လေပြီ။
" အဲ့ဒါ .. အဲ့ဒါ ဘယ်လိုသားရဲမျိုးလဲ "
ဖုန့်လင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ဝူကျီပင်လယ်မှ သားရဲသခင်ကြီးမှာလည်း ထိုမြင်ကွင်းအား မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်နေပြီး သူ့မျက်လုံးတွင်လည်း တိုက်ခိုက်လိုသည့် အရိပ်အယောင်များ အပြည့်ပါနေ၏။
" ကဲ .. ဒါဆို တစ်နေ့ တွေ့ကြတာပေါ့ဗျာ။ အခုတော့ သွားလိုက်ဦးမယ် "
ထိုသို့ ပြောပြီးသည်နှင့် သူ ရွှမ်တိုက်ပွဲကွင်းပြင်သို့ ထွက်ခွာသွားသည်။
" ဒီ ရွှမ်တိုက်ပွဲကွင်းပြင်က ကိုယ်ပိုင်လေထုရှိတဲ့ မှော်ပစ္စည်းတစ်ခုပဲ ။ ပြီးတော့ အဆင့် ၉ တောင် ရှိတာ .. "
တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ ရောက်နေသော လောထျန်းက တအံ့တသြ ရေရွတ်လိုက်သည်။
" အင်း ၊ ကျွန်မ ဒီနေရာကို ရောက်ဖူးတယ်ရှင့်။ ဒီ ရွှမ် တိုက်ပွဲကွင်းပြင်တင် မကဘူး ၊ တခြား တိုက်ပွဲကွင်းပြင် ၇ ခုကလဲ အဆင့် ၉ မှော်ပစ္စည်းတွေပဲ ။ အလယ်က ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ဆို မသေမျိုးအဆင့် မှော်ပစ္စည်းရှင့် "
ဟွမ်ယင်က ရှင်းပြ၏။
" ဝိုး ... ဒီ ယွမ်ရှောက်မြို့က တိုက်ပွဲကွင်းပြင်တွေက တကယ်ကြီးကို ခမ်းနားတာပဲ "
လောထျန်း မနေနိုင်ဘဲ ပါးစပ်အဟောင်းသားပင် ဖြစ်သွားရသည်။
" ဒါတွေကိုသာ ပျောင်ပိုင်မြို့ကို ရွှေ့လိုက်လို့ကတော့ ... မဟုတ်သေးပါဘူးလေ ၊ သူများပစ္စည်းတွေကို အတင်းကြီး အားသုံးပြီး လုယူတာ မကောင်းဘူး။ လူဆိုတာ အကျင့်ကောင်းဖို့ လိုတယ် "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်ကာ သူ့အတွေးသူ ပြန်ထိန်းလိုက်ရ၏။
" ဟင် .. "
ဟွမ်ယင်မှာ သူ ဆိုလိုသည့် အဓိပ္ပါယ်ကို နားမလည်ဟန် မျက်နှာဖြင့် ကြည့်လာသည်။
ထိုအချိန်တွင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်အတွင်းမှ အဓိက ပွဲကြည့်စင်ပေါ်တွင်ကား ဆူညံသံများဖြင့် ပြည့်နေပါ၏။
ကောင်းကင်ယံတွင်လည်း အလင်းတန်း လိုက်ကာကြီး ၈ ခု ရှိနေပြီး တိုက်ပွဲကွင်းပြင် အသီးသီးမှ မြင်ကွင်းများကို ပြသလျက် ရှိသည်။
" ဟိုမှာ .. ရွှမ်တိုက်ပွဲကွင်းပြင်မှာ ပြိုင်ပွဲ စပြီဟေ့ "
" ဟင် .. ဘာလို့ အားလုံး ထွက်လာကြတာလဲ။ အကုန်လုံး တစ်ပြိုင်တည်း တိုက်ခိုက်ကြမလို့လား "
" အကုန်လုံးသာ တစ်ပြိုင်တည်း တိုက်ခိုက်ကြမယ်ဆိုရင် ဖြစ်နိုင်ချေက အများကြီး ရှိသွားမှာလေ။ ဘယ်လို လောင်းကြေး ထပ်ရပါ့ "
" ဘယ်သူ့ကို လောင်းကြေးထပ်စရာ ရှိသေးလို့လဲကွာ။ ဟို ဝူကျီပင်လယ်က တစ်ယောက်ကိုပဲ လောင်းကြေး ထပ်ရုံပေါ့ ။ သူက ရှေ့ပိုင်းမှာ ကောင်းကင်ဘုံသားရဲ ခန်းမတွေဆီက ကွက်မျက်သူ သားရဲ ၈ ကောင်ကိုတောင် စိန်ခေါ်ပြီး တိုက်ခိုက် အနိုင်ယူခဲ့တာလေကွာ။ သူ့ကိုသာ ထိပ်ဆုံးအဆင့် ၈ ထဲ ဝင်မယ့်ဘက်က လောင်းလိုက်ရင် သေချာပေါက် နိုင်မှာပဲ "
" အဲ့ဒါ အမှန်ပဲ "
အားလုံးက ပြောပြောဆိုဆိုဖြင့် လောင်းကြေးများ တင်လိုက်ကြသည်။
ထိုစဥ် ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ပန်းလင်က သူမရှေ့မှ အလင်းတန်း လိုက်ကာကို ကြည့်ကာ နှုတ်ခမ်းမဲ့လိုက်၏။
အလင်းတန်း လိုက်ကာပေါ်တွင်ကား ရွှမ် တိုက်ပွဲကွင်းပြင်မှ လောင်းကြေး ဆ များကို ပြသထားပါသည်။
" လောထျန်းဘက်က ထိပ်ဆုံး အဆင့် ၈ ထဲ ဝင်နိုင်မယ့် ဆ ကို အဆသုံးထောင်တောင် ပေးထားတာပါလား ။ ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရေ .. မင်းတို့က မွဲဖို့ ထိုက်တန်လွန်းတယ် "
ပန်းလင် ခေါင်းယမ်းပြီး လောထျန်း ပေးထားခဲ့သည့် ဟင်းလင်းပြင် လက်စွပ်များအား လောင်းကြေးတင်လိုက်တော့သည်။
ထိုမျှမကသေးဘဲ သူမကိုယ်ပိုင် ပိုင်ဆိုင်သည့် ငွေကြေးများကိုပါ တစ်ပါတည်း လောင်းလိုက်သေးပါ၏။
ရှိသမျှအကုန် လောင်းပြီးသွားသည့် နောက်တွင်ပင် သူမစိတ်ထဲ လုံလောက်သည်ဟု မထင်သေးပါချေ။
ထို့ကြောင့် သူမ ဝတ်စားထားသော လက်ဝတ်ရတနာများ ၊ သားမွေးအပေါ်ထပ် ကုတ်အင်္ကျီနှင့် ဖိနပ်တို့ကိုပါ ချွတ်၍ ပိုက်ဆံဖြင့် လဲလှယ်ကာ ထပ်လောင်းလိုက်တော့သည်။
သူမ၏ လောင်းကြေးကို ကြည့်ကာ အနီးနားမှ လူများ လန့်သွားကုန်ကြသည်။
" ဟေ့ .. မိန်းကလေး ၊ အခုမှ အစပဲ ရှိသေးတာကို အဲ့လောက်ကြီး မလောင်းလိုက်နဲ့လေ။ နည်းနည်းလေးပဲ လောင်းတာက ကိုယ့်ကို ပျော်ရွှင်စေသလောက် ၊ ကြေးကြီးကြီး လောင်းရင်တော့ ကိုယ့်အတွက် ဒုက္ခရောက်တတ်တယ်ကွဲ့ "
အနီးနားမှ စိတ်သဘောထား ကောင်းဟန်တူသော အမျိုးသမီးကြီး တစ်ယောက်က သူမကိုကြည့်ကာ သတိလှမ်းပေး၏။
သို့သော် ပန်းလင်က ပြန်ပြောလိုက်သည်။
" လောင်းတာ ဟုတ်လား ။ ကျွန်မက လောင်းကစား လုပ်နေတာ မဟုတ်ဘူး ၊ ပိုက်ဆံရဖို့ လုပ်နေတာ "
သူမအဖြေကြောင့် အမျိုးသမီးကြီး အံ့အားသင့်သွားကာ သူမအား ခေါင်းစခြေဆုံး ကြည့်လိုက်ပြီး သက်ပြင်းချသည်။
" မိန်းကလေးက ချောရဲ့ လှရဲ့သားနဲ့ ၊ ဦးနှောက်က သိပ်မကောင်းရှာဘူး ။ သနားပါတယ် ... "
ထိုစဥ် ရွှမ်တိုက်ပွဲကွင်းပြင်ထဲ၌ ..
ရွှီ ...
ကောင်းကင်ယံမှ အော်သံကျယ်ကြီး တစ်သံ ထွက်လာ၏။
" အဲ့ဒါ နတ်ဘုရားအဆင့် နီးပါး ရှိတဲ့ သိန်းငှက်ကြီးပဲကွ "
တစ်ယောက်က တအံ့တသြ ရေရွတ်သည်။
ထို့နောက် လေထဲတွင် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံဝဲနေသော သိန်းငှက်ကြီးတစ်ကောင် ပေါ်လာ၏။
ထိုတခဏ၌ များစွာသော သားရဲများ အနား မကပ်ရဲ ဖြစ်သွားကြသည်။
" ငါ့ရဲ့ သိန်းငှက်ကြီးက ကောင်းကင်ယံရဲ့ သခင်ကြီးပဲ။ ထိပ်ဆုံး အဆင့် ၁ ကနေ ၈ အတွင်း တစ်နေရာကို ငါ သေချာပေါက် ရမှာ။ ဘယ်သူ ငြင်းချင်သေးလဲ "
ခေါင်းတုံးနှင့် လူကြီးက ဂုဏ်ယူစွာ ပြော၏။
လူများမှာ ထိုစကားကို ကြားသောအခါ မရွှင်မပျ ဖြစ်သွားကြသော်လည်း အများစုမှာ မည်သို့မှလည်း မတတ်နိုင်သဖြင့် တိတ်တဆိတ်သာ နေလိုက်ကြသည်။
ထိုသိန်းငှက်ကြီးက နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်ဖြစ်ပြီး အဆုံးအစမဲ့အဆင့် ထိပ်ဆုံးသို့ ရောက်နေသည် မဟုတ်ပါလား။
တိုက်ခိုက်ရေး အစွမ်းအနေဖြင့် ပြောရလျှင် ၎င်းက ကောင်းကင်ဘုံတံခါးဝ အဆင့်မှ သာမာန် ကျင့်ကြံသူ လူသားတစ်ယောက်နှင့်ပင် ယှဥ်၍ရပါသည်။
သို့ဖြစ်ရာ သာမာန်လူများအနေဖြင့် ထိုသိန်းငှက်ကြီးကို မည်သို့ အနှောင့်ယှက် ပေးရဲပါမည်နည်း။
သို့သော် ထိုအချိန်မှာပင် ..
ဝုန်း ..
ကြောက်မက်ဖွယ်အရောင်အဝါ နောက်တစ်ခု ပေါက်ကွဲထွက်လာပြီး ....
သွေးနီရောင် ဧရာမ လင်းတငှက်ကြီးတစ်ကောင် ကောင်းကင်ယံတခွင် ပျံသန်းလာ၏။
" မင်း ထိပ်ဆုံးအဆင့် ၈ ထုထံက တစ်ခုကို ရတာ ၊ မရတာ ငါ စိတ်မဝင်စားဘူး။ ဒါပေမယ့် ကောင်းကင်ယံရဲ့ သခင်ကြီး ဆိုတဲ့ ဘွဲ့ကတော့ မင်းရဲ့ သိန်းငှက်နဲ့ မထိုက်တန်ဘူး ။ ငါ့ရဲ့ လင်းတငှက်ကြီးကသာ တကယ့် ကောင်းကင်ယံရဲ့ သခင်ကြီး အစစ်ကွ "
ခပ်ဝဝနှင့် လူကြီးက နဖူးမှ ချွေးကို သုတ်ရင်း အပြုံးဖြင့် ပြောသည်။
" မင်း ... "
ခေါင်းတုံး သားရဲသခင်ကြီး မျက်မှောင်ကြုံ့သွား၏။
သို့သော် ထိုစဥ်မှာပင် ..
" ဘေးဖယ်ကြစမ်း "
အမျိုးသမီးသံ တစ်သံ ထွက်လာသည်။
အစောက လူကြီးနှစ်ယောက်မှာ ထို အမျိုးသမီးကို မြင်သည်နှင့် အလွန်ကြောက်ရွံ့နေဟန် ဖြစ်သွားကြပြီး ချက်ချင်း နောက်သို့ ခြေလှမ်းဆယ်လှမ်းကျော် ဆုတ်လိုက်ကြ၏။
အမျိုးသမီးက မျက်နှာသေဖြင့် ကားချပ်လိပ်တစ်ခုကို ထုတ်၍ အထဲမှ အချုပ်အနှောင်အား ဖြေလိုက်သည်။
ဝုန်း ..
အားလုံးရှေ့တွင် သွေးနီရောင် ဧရာမ ပင့်ကူကြီးတစ်ကောင် ချက်ချင်း ပေါ်လာ၏။
" အသက်ကိုးသွယ် အဆိပ်ပင့်ကူပါလား .. "
" ဝေးဝေး နေကြဟေ့ ၊ အဲ့အဆိပ်ကို ထိမိလိုက်တာနဲ့ ချက်ချင်း သေရမှာနော် "
အားလုံး အလန့်တကြား နောက်ဆုတ်လိုက်ကြသည်။
အမျိုးသမီးက ထိုလူများကို ကြည့်ရင်း မျက်ခုံးပင့်သွားကာ လှောင်ပြုံးဖြင့် ပြော၏။
" ငကြောက်တွေပါလား .. ကျိုးလေး .. အားလုံးကို သွားသတ်လိုက် "
သူမ စကားဆုံးသည်နှင့် ပင့်ကူကြီးက ကျယ်လောင်စွာ အော်ဟစ်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။
ကျောက်စိမ်းရောင် အဆိပ်ငွေ့တန်း တစ်ခုလည်း ရုတ်ချည်း ထွက်ပေါ်လာ၏။
သားရဲများသာမက ၊ လူများအားလုံးပင် ကြောက်ရွံ့နေဟန် ပေါက်သွားကြတော့သည်။
လောထျန်း လက်ထဲမှ ရှောက်ထျန်းလုံလေး တစ်ယောက်ကသာ အဆိပ်ငွေ့ကို ကြည့်ပြီး စိတ်လှုပ်ရှားနေဟန် ပေါက်နေပါ၏။ သူက အဆိပ်ငွေ့အား လက်ဖြင့် ညွှန်၍ အသံပေးလိုက်သည်။
" ဝု .. "