အဲ့ကောင်ကို စားလို့မရဘူး
Vol. 29 Ch. 406
ယခင် မြောက်များစွာသော နတ်ဘုရားအဆင့် နီးပါး သားရဲများ ပေါ်လာခြင်းကပင် အားလုံးကို အံ့သြတုန်လှုပ်သွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်ပါသည်။
ထိုအချိန်တွင်
ဝေါင်း ..
ရွှမ် တိုက်ပွဲကွင်းပြင် အခြားတစ်ဖက်မှ အော်သံကျယ်ကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
အားလုံးက အသံလာရာဘက် လှည့်ကြည့်လိုက်ကြရာ ရွှေရောင် ဧရာမ ကင်းမွန်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။
၎င်း၏ အစွမ်း အခြေအနေမှာလည်း အခြားသော နတ်ဘုရားနီးပါးအဆင့် သားရဲများနှင့် မကွာခြားလှပေ။
" ဝူကျီပင်လယ်က တစ်ယောက်လား "
လူတစ်ယောက်က မျက်မှောင်ကြုံ့၍ ဆိုသည်။
" အဲ့သားရဲက နတ်ဘုရားသားရဲ တစ်ကောင်လား "
" မဟုတ်ဘူးကွ ၊ နတ်ဘုရားအဆင့် နီးပါးပဲ ရှိတာ "
" နတ်ဘုရားအဆင့်နီးပါး သားရဲ ဟုတ်လား .. ။ ဒါဆို နတ်ဘုရားသားရဲကရော ဘယ်မှာလဲ "
အားလုံးက ထိုလူအား လှည့်ကြည့်လိုက်ကြ၏။
သို့သော် ဝူကျီပင်လယ်မှ သားရဲသခင်ကြီးက အေးအေးဆေးဆေးပင် ပြန်ပြောလာသည်။
" ခုဟာက သာမာန် တိုက်ပွဲကွင်းပြင်လေး တစ်ခုပဲလေ ၊ ကျုပ်ရဲ့ နတ်ဘုရားသားရဲ ဝင်ပါစရာ မလိုပါဘူး။ ဒီ နတ်ဘုရားအဆင့်နီးပါး သားရဲ တစ်ကောင်ကိုပဲ သုံးပြီး တိုက်ခိုက်မှာ ။ သူ့ကို အနိုင်ယူနိုင်ရင် ကျုပ်ဘက်က အရှုံးပေးမယ် "
သူ့စကားကြောင့် အနီးနားမှ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကုန်၏။
" ဘယ်လို .. သားရဲ တစ်ကောင်တည်းနဲ့ပဲ တိုက်ခိုက်မှာတဲ့ "
" ဒါကြီးကတော့ ရူးရာ မကျဘူးလားကွာ "
" ဟုတ်တယ်ကွ ၊ အဲ့ကောင်က နတ်ဘုရားအဆင့်နီးပါး သားရဲ ဆိုပေမယ့် ပြိုင်ဘက်ကင်းတော့ မဖြစ်နိုင်ဘူးလေ။ ဒါကို တကယ်ကြီး အဲ့သားရဲ တစ်ကောင်တည်း သုံးမှာလား "
အားလုံးက ထင်ရာပြောလိုက်ကြ၏။
ထိုစဥ် လူတစ်ယောက်က အသံကျယ်ဖြင့် အော်ပြောလာသည်။
" ကောင်လေး ၊ ကျုံ့ကျိုးက သားရဲသခင်ကြီးတွေကို လျှော့မတွက်နဲ့နော်။ ဝံပုလွေတို့ရေ .. အဲ့ကောင်ကို သတ်လိုက် "
ထိုလူ၏ အော်သံ ဆုံးသည်နှင့် အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်မှ ဝံပုလွေးသုံးကောင်က ဟိန်းသံပေးကာ ဝုန်းခနဲ ပြေးထွက်လာကြသည်။
သို့သော် ထိုအချိန်မှာပင် ..
ဝံပုလွေများမှာ ကင်းမွန်ကြီး၏ လက်ချောင်းဖြင့် ရိုက်ခြင်းကို ခံလိုက်ရပြီး တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ လွင့်ထွက်သွားကြတော့၏။
" ဘယ်လိုဖြစ်ပြီး ... အဲ့ကောင်ကြီးက ကောင်းကင်ဘုံ တံခါးဝ အဆင့်ကလား "
" ကောင်းကင်ဘုံ တံခါးဝ အဆင့်ရှိတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်လား ။ အဲ့လူ ဒီလောက်မောက်မာနေတာ မထူးဆန်းတော့ပါဘူးကွာ "
" ကောင်းကင်ဘုံတံခါးဝ အဆင့်ရှိတဲ့ နတ်ဘုရားအဆင့်နီးပါး သားရဲတစ်ကောင်နဲ့ဆို ရွှမ်တိုက်ပွဲကွင်းပြင် တစ်ခုလုံးက သားရဲတွေကို ရှင်းပစ်ဖို့တောင် လုံလောက်တယ် .. ဟုတ်တယ်မလား "
" ဒါတောင် ခုထိ နတ်ဘုရားသားရဲ မထွက်လာရသေးဘူး ။ အဲ့လူက ဘယ်လောက်ထိ အစွမ်းထက်တာပါလိမ့် "
" အဲ့ဒါက အရေးမကြီးပါဘူးကွာ ၊ ဘယ်လိုဖြစ်ဖြစ် ငါတို့ ရင်မဆိုင်နိုင်မှာတော့ သေချာတယ် "
" သူနဲ့ ရင်ဆိုင်ဖို့ မလိုပါဘူးကွာ ။ အဓိက က နောက်တစ်ဆင့်ကို တက်နိုင်မယ့် ၈ ယောက်ထဲ ပါဖို့ပဲ လိုတာ "
ထိုစကားတစ်ခွန်းကြောင့် အားလုံး အသိပြန်ဝင်သွားကြသည်။
ထို့နောက်တွင်မူ သားရဲများက ၎င်းတို့၏ သားရဲသခင်ကြီးများ၏ အမိန့်အတိုင်း အုပ်စုလိုက် တိုက်ခိုက်လိုက်ကြတော့၏။
" လောထျန်း ၊ ကျွန်မတို့တွေ ဘာလုပ်ကြမလဲ "
ဟွမ်ယင်က မေးလာသည်။
လောထျန်းက ပြန်ပြော၏။
" အင်း ကိုယ့်မှာ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို အရမ်းကြီး ပြလိုက်လို့ မဖြစ်သေးဘူး။ ဒီတစ်ပွဲကိုတော့ မင်းရဲ့ ရှောက်ရှန်ကိုပဲ တိုက်ခိုက်ခိုင်းလိုက်ပါ "
လောထျန်း၏ အကြံမှာ ရိုးရှင်းပါသည်။ ဤအဆင့်တွင် သူ့သားရဲများ မည်မျှ အစွမ်းထက်ကြောင်း ပြထားလိုက်ပါက နောက်အဆင့်များတွင် သူ့အတွက် လောင်းကြေး ဆများ နည်းသွားနိုင်ပါ၏။ သို့ဆိုလျှင် သူ ပိုက်ဆံများများ ရတော့မည် မဟုတ်ပေ။
ဟွမ်ယင်က ခေါင်းညိတ်သည်။
" ကောင်းပါပြီ ။ ရှောက်ရှန် ၊ မင်း ဟိုနှစ်ယောက်ကို ခေါ်ပြီးတော့ သွားတိုက်ခိုက်လိုက် "
မိုးကြိုးသားရဲ ၊ရှောက်ရှန်က ခေါင်းညိတ်ပြပြီး မျောက်ကို ကျောပေါ်တင်၍ ရှေ့သို့ တဟုန်ထိုး ပြေးသွားရန် ပြင်လိုက်၏။
သို့သော် ထိုအချိန်မှသာလျှင် ရှောက်ထျန်းလုံလေး ပျောက်နေသည်ကို သူတို့ သတိထားမိသွားကြသည်။
" ဟင် .. ဟိုကောင်လေးက ဘယ်ရောက်သွားတာလဲ "
ဟွမ်ယင် နားမလည်နိုင် ဖြစ်သွား၏။
လောထျန်းကလည်း သူ့စိတ်ဝိဥာဥ်အစွမ်းကို ချက်ချင်းထုတ်၍ ရှောက်ထျန်းလုံလေးအား ရှာလိုက်သည်။
ထိုအချိန်တွင် ရှောက်ထျန်းလုံမှာကား အသက်ကိုးသွယ် အဆိပ်ပင့်ကူနောက်သို့ ရောက်နေပါ၏။
ထိုစဥ် အသက်ကိုးသွယ် အဆိပ်ပင့်ကူက ရုတ်တရက် တိုက်ခိုက်လိုက်ရာ သားရဲများ ဆယ်ကောင်ကျော် လဲကျသွားကြသည်။ ၎င်းတို့ သေလား ၊ ရှင်လား ဆိုသည်လည်း မပြောနိုင်ပါချေ။
ကျန်သားရဲများမှာလည်း ထိုမြင်ကွင်းကို တွေ့သည်နှင့် သရဲတစ်ကောင်ကို တွေ့လိုက်ရသည့်အလား အသည်းအသန် ထွက်ပြေးသွားကြတော့သည်။
အဆိပ်ပင့်ကူနှင့် ပေ ၃ ၊ ၄ ရာ အကွာအဝေးအတွင်းသို့ မည်သည့်သားရဲမှ ထပ်မကပ်ရဲကြတော့ပါ။
ရှောက်ထျန်းလုံလေး တစ်ယောက်တည်းသာ ရှိနေပါ၏။
" ကောင်လေး .. သူနဲ့ ဝေးဝေးမှာနေ။ အဲ့ကောင်က အဆိပ်ရှိတယ် "
ထိုစဥ်မှာပင် ဟွမ်ယင်က ရှောက်ထျန်းလုံအား တွေ့သွားပြီး အလန့်တကြား အော်လိုက်သည်။
သို့သော် ရှောက်ထျန်းလုံလေးကမူ သူမစကားကို မကြားဟန်ဖြင့် အဆိပ်ပင့်ကူကိုသာ စူးစမ်းလိုသည့် မျက်လုံးများနှင့် ကြည့်နေ၏။
" ဟင် .. ဘာလဲဟ "
အဆိပ်ပင့်ကူ၏ သခင်၊ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကလည်း ရှောက်ထျန်းလုံအား သတိထားမိသွားသည်။
" အဲ့ကောင်လေးကရော ကောင်းကင်ဘုံနဂါး ပြိုင်ပွဲကို ဝင်ပြိုင်မှာတဲ့လား ... နောက်နေတာလားဟ ။ ကျို့လေး ၊ သူ့ကို သွားသတ်လိုက် "
သူမက ချက်ချင်းပင် အမိန့်ပေးလိုက်၏။
အသက်ကိုးသွယ် အဆိပ်ပင့်ကူကလည်း သူမ စကားကို ကြားသည်နှင့် ရှောက်ထျန်းလုံအား လှည့်ကြည့်သည်။
ဟား ..
ထို့နောက် ၎င်းက ပါးစပ်ကို ရုတ်တရက် ဟ၍ အသံကျယ်ဖြင့် အော်ကာ ရှောက်ထျန်းလုံအား ခြောက်လှန့်ရန် ကြိုးစားလိုက်သည်။
သူ့အမြင်တွင်မူ ဤမျှ သေးငယ်သော အရာလေးအား အဆိပ်သုံးပြီး သတ်ရန် မလိုဟုလည်း ထင်နေပါသည်။
သို့သော် ရှောက်ထျန်းလုံလေးကမူ ကြောက်ရမည့်အစား စိတ်လှုပ်ရှားဟန်ဖြင့် မျက်လုံးများ အရောင်လက်သွားပြီး တံတွေးများပင် မြိုချနေ၏။
အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီး အံ့သြမှင်သက်သွားရတော့သည်။
ထိုကောင်လေးက ဘာတွေ ဖြစ်နေပါသနည်း။
သူ့ကို တွေ့သည်နှင့် ကြောက်ရမည့်အစား အဘယ့်ကြောင့် အရသာရှိသော အစားအသောက်တစ်ခုလို ကြည့်နေရပါသနည်း။
၎င်းမှာ သူ့ကို စော်ကားလိုက်သည်နှင့် မခြားပေ။
အသက်ကိုးသွယ် ပင့်ကူကြီး အလွန်ဒေါသထွက်သွားတော့သည်။
ချွှင် ..
အဆိပ်ပင့်ကူကြီးက ချက်ချင်းပင် လက်သည်းချွန်တစ်ခုကို ထုတ်၍ ရှောက်ထျန်းလုံအား အသေသတ်ရန် ပြင်လိုက်တော့၏။
" ရှောက်ရှန်လေး ၊ ကောင်လေးကို သွားကယ်လိုက်ဦး "
၎င်းကို မြင်သည်နှင့် ဟွမ်ယင်က ချက်ချင်း ပြောလိုက်သည်။
မိုးကြိုးသားရဲကလည်း ချက်ချင်း လှုပ်ရှားသွား၏။
သူ တခဏအတွင်းမှာပင် ရှေ့သို့ အပြေး ရောက်သွားသည်။
တစ်ချိန်တည်းမှာပင် အသက်ကိုးသွယ် အဆိပ်ပင့်ကူ၏ လက်သည်းချွန်ကြီးကလည်း အောက်သို့ ကျလာ၏။
" သတိထားကြ "
ဟွမ်ယင် အလန့်တကြား အော်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ..
ဝှစ် ..
မိုးကြိုးသာရဲက အလွန်လျင်မြန်သော အရှိန်ဖြင့် အမြန် ထွက်ပြေးလာ၏။
" တော်သေးတာပေါ့ .. ဘေးကင်းသွားပြီ။ အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးရဲ့ ပစ်မှတ်ထားတာကိုသာ ခံရရင် အခြေအနေ တော်တော်ဆိုးသွားမှာ "
၎င်းကို မြင်မှသာ ဟွမ်ယင် စိတ်သက်သာရာ ရပြီး သက်ပြင်းချနိုင်သွားသည်။
သို့သော် ဘေးမှ လောထျန်းက အေးအေးဆေးဆေး ပြန်ပြောလာသည်။
" ဟိုမှာ သေချာကြည့်လိုက်ပါဦး "
ဟွမ်ယင်မှာ သူ့စကား၏ အဓိပ္ပါယ်ကို နားမလည်သဖြင့် မျက်မှောင်ကြီးကြုံ့၍ သေချာ ပြူးပြဲကြည့်လိုက်သည်။
ခပ်လှမ်လှမ်းတွင်ကား .. မိုးကြိုးသားရဲက မျောက်ကို ကျောပေါ်တင်၍ အလွန်လျင်မြန်စွာ ပြေးလာနေပါ၏။
မျောက်၏ လက်ထဲတွင်မူ ရှောက်ထျန်းလုံလေးအား ပွေ့ချီထားသည်။
ရှောက်ထျန်းလုံလေး၏ လက်များကမူ အသက်ကိုးသွယ် အဆိပ်ပင့်ကူ၏ လက်တစ်ချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပါ၏။
အဆိပ်ပင့်ကူကြီးမှာ ရှောက်ထျန်လုံအား တိုက်ခိုက်ရန် ကြိမ်ဖန်များစွာ ကြိုးစားနေသည့်တိုင် မိုးကြိုးသားရဲက လျင်မြန်လွန်းလှသဖြင့် ဟန်ချက် သေချာ မထိန်းနိုင်ဘဲ ဒရွတ်တိုက် ပါလာသည်။
ထိုသားရဲတစ်စုက ရွှမ်တိုက်ပွဲကွင်းပြင်ထဲ၌ ထူးထူးဆန်းဆန်း ပုံစံဖြင့် ဟ်ုဟိုဒီ ပြေးလွှားနေကြ၏။
" ဟင် .. အဲ့ဒါ အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီး မဟုတ်လား ။ ကြည့်ရတာ သူက သားကောင်တွေနောက် ပြေးလိုက်နေတာ ထင်တယ် "
" အသက်ကိုးသွယ် အဆိပ်ပင့်ကူက အဲ့လောက် မြန်တာလား "
" အဲ့ဒါတော့ ငါလဲ မသိဘူး ။ အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးက အရမ်း အဆိပ်ပြင်းတယ်ဆိုတာပဲ ငါ ကြားဖူးတာ။ အခု ဒီကောင်ကြီးက တော်တော်လဲ မြန်တာပဲ ။ ကြည့်ရတာ အဆိပ်ပင့်ကူကြီးက ငါ ထင်ထားတာထက် အများကြီး ပိုအစွမ်းထက်တယ်နဲ့တူတယ် "
အနီးနားမှ လူများအားလုံး အံ့အားသင့်ကုန်ကြသည်။
ထိုအချိန်တွင် မိုးကြိုးသားရဲမှာ ထိုလူများထက်ပင် ပို အံ့အားသင့်နေပါ၏။
သူ့ မူလ အစီအစဥ်မှာ ရှောက်ထျန်းလုံလေးကို ခေါ်ပြီး ထွက်ပြေးရန် ဖြစ်ပါသည်။ သို့သော် အတော်အသင့် ဝေးသည်အထိ ပြေးလာခဲ့ပြီးသည့်တိုင် သူတို့နောက်မှ ကြောက်မက်ဖွယ်အရောင်အဝါတစ်ခုကို ခံစားရနေဆဲပင်။
သူ နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ရာ သေမတတ်ပင် ကြောက်ရွံ့သွားရသည်။
အသက်ကိုးသွယ် အဆိပ်ပင့်ကူကြီးက သူ့နောက်သို့ မှီအောင် မည်သို့ ပြေးလိုက်လာနိုင်ပါသနည်း။
သူ သေချာ ထပ်ကြည့်လိုက်သည့် အချိန်တွင်မူ ရုတ်ချည်း ဒေါသထွက်သွားရတော့၏။
" မျောက် .. အဲ့ကောင်ကြီးကို လွှတ်လိုက်လေကွာ "
လူစကား ပြောခဲလှသော မိုးကြိုးသားရဲက ဒေါသတကြီး ပြောလိုက်သည်။
ထိုအချိန်တွင် မျောက်မှာလည်း အလွန်စိတ်ရှုပ်ထွေးနေပါ၏။ သူ လက်ရှိတွင် အစွမ်းများစွာ ပိုထက်လာသည့်တိုင် အသက်ကိုးသွယ် အဆိပ်ပင့်ကူကိုမူ ရန်မစရဲပါချေ။
၎င်း၏ အဆိပ်နှင့် တွေ့မိပါက နတ်ဘုရားသားရဲ တစ်ကောင်သည်ပင် အပေါ်ယံ အရေပြားတစ်လွှာ ဆုံးရှုံးသွားရနိုင်သည် မဟုတ်ပါလား ။
" ငါ လုပ်တာ မဟုတ်ဘူးကွ။ ဟိုကောင်လေး လက်ချက် ၊ အဲ့ကောင်လေးက အဆိပ်ပင့်ကူကြီးကို ဖမ်းလာတာ "
မျောက်က အသံကျယ်ဖြင့် ပြန်အော်လိုက်သည်။
" ဘာ ... ဘိုးဘေးလေး ၊ အဲ့ကောင်ကြီးကို လွှတ်လိုက်ပါဗျာ။ အဲ့ဒါက စားလို့ မရဘူးဗျ "
မိုးကြိုးသားရဲမှာ ပင့်ကူကြီး၏ အဆိပ်နှင့် ထိမိသွားမည် စိုးသဖြင့် ပြေးလွှားနေရင်း အသည်းအသန် အော်ပြောလိုက်သည်။
" ဝု .. "
သို့သော် ရှောက်ထျန်းလုံလေးက ပင့်ကူကို လက်မလွှတ်ဘဲ ကလေးသံလေးဖြင့်သာ အသံပြန်ပေးလာ၏။
တဖက်ရှိ ရှောက်ထျန်းလုံ လက်ထဲမှ အဆိပ်ပင့်ကူကြီးမှာမူ လမ်းတစ်လျှောက် ဟိုတိုက် ၊ ဒီတိုက် ဖြစ်နေပြီး အလွန် ရှက်နေဟန် ရှိသည်။
အဆိပ်ဘုရင် ဖြစ်သော သူ့အတွက် ထိုသို့ အရှက်ကွဲရခြင်းက ယခု ပထမဆုံးပါပင်။
" မျိုးမစစ် သုံးကောင် ၊ သေကြစမ်းကွာ "
သူ ဒေါသတကြီး အော်ပြီး ဧရာမ ပါးစပ်အစိမ်းရောင်ကြီးကို ဟ၍ အဆိပ်ငွေ့များ မှုတ်ထုတ်လိုက်တော့၏။
စာစဉ်ပြီး၏