← Chapters

ပိုင်နာမည်ပါတဲ့လူတွေကို မုန်းတယ်

Vol. 6 Ch. 567

ပိုင်နာမည်ပါတဲ့လူတွေကို မုန်းတယ်

Vol. 6 Ch. 567

" ကျင့်ကြံခြင်းအခြေခံက သိပ်မဆိုးဘူးပဲ။ အမြုတေအဆင့်ကျင့်ကြံသူပါလား "

ကျိုးရီရှင်း၏မျက်လုံးများပြူးကျယ်သွားပြီး ရင်ခုန်သံမြန်လာလေသည်။ ထို့နောက် တောနက်ထဲမှ ပြေးထွက်လာနေသော လူကို ကြည့်ပြီး နှုတ်ခမ်းသပ်လိုက်၏။ အခြေအနေကို ချင့်ချိန်စဥ်းစားပြီးနောက် သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်လိုက်သော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

" သူသာ တခြားဘက်ကို သွားရင် ငါဒီအတိုင်း လွှတ်ပေးလိုက်မယ်။ ငါ့ရဲ့ အတားအဆီးမန္တန်နယ်ပယ်ထဲရောက်လာလို့ကတော့ အသာလေးဖမ်းစားလိုက်မယ် "

" သူ့ကို စုပ်ယူတာက အခြေခိုင်မာခြင်းအဆင့်ဝိညာဥ်ကျင့်ကြံသူတစ်ရာကျော်ကို စားတာနဲ့ အတူတူပဲ။ ငါ့ကို လုံးဝသက်သာသွားစေရုံတင်မကဘူး။ ငါ့ကျင့်ကြံခြင်းအခြေခံကိုလည်း ထိပ်ဆုံးရောက်သွားစေလိမ့်မယ် "

သူက ဂူ၏ အမှောင်ထုထဲ ဝင်ရောက်လိုက်ပြီး လာနေသော ပိုင်ရှောင်ချန်းကို အာရုံစိုက်ထားလေသည်။

ပိုင်ရှောင်ချန်းက တောကြီး၏ မြေပုံပေါ်ရှိအထွက်လမ်းအတိုင်း သွားလိုက်ပြီး အပြင်သို့ရောက်သည်နှင့် ပုစွန်ဆီရောင် ဆည်းဆာချိန် ကောင်းကင်ကြီးနှင့် သူ့ရှေ့တွင် လွင်တီးခေါင်တစ်ခုကို မြင်လိုက်ရ၏။ နေရာအနှံ့တွင် တောင်များ ပြည့်နှက်နေပြီး လူတစ်ယောက်ကို အသက်ရှူရခက်စေသည့် နေထိုင်၍မရသောနေရာမျိုး ဖြစ်သည်။

ရံဖန်ရံခါ အမုန်းဝိညာဥ်များဖြစ်သည့် မြူစက်လုံးများ ဟိုဟိုသည်သည် မျောလွင့်နေကြောင်း တွေ့နိုင်လေသည်။ နေရာတစ်ခုလုံးက အလွန်အန္တရာယ်များမည့်ပုံပင်။

"ဒီနေရာက မဟာတံတိုင်းရဲ့အပြင်ဘက်မှာ ငါသွားခဲ့ဖူးနေရာတွေထက် ပိုပြီး ခေါင်ပါလား"

သူက သက်ပြင်းချရင်း ရှေ့ဆက်သွားလိုက်သည်။

ထိုအချိန်တွင် ကျိုးရီရှင်းသည် တောင်ကတုံးပေါ်ရှိ သူ၏ဂူထဲတွင် ကုပ်ကုပ်ကလေးထိုင်နေ၏။ တောထဲမှ ထွက်လာရုံရှိသေးသော ကျင့်ကြံသူက သူရှိရာဘက်သို့ ဦးတည်နေခြင်းမဟုတ်ကြောင်း သိလိုက်သောအခါ တခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သောအလင်းများ ပေါ်ပေါက်လာတော့သည်။

" ငါအတွေးလွန်နေတာပဲ။ ဒီအတိုင်းစားလိုက်ရင်ရနေတာပဲကို ။ ဒါဆိုရင် ငါပုံမှန်ဖြစ်သွားမှာလေ၊ ငါက အောက်လမ်းဆရာ၊ သူက ဝိညာဥ်ကျင့်ကြံသူေလကွာ၊ အသာလေး သတ်ပစ်လိုက်လို့ရတယ်"

သူ၏အတွေးရထားက ထို ဘူတာကို ဆိုက်သည်နှင့် ကျိုးရီရှင်း၏ အမူအရာက ပို၍ရက်စက်ကြမ်းကြုတ်လာတော့သည်။ လက်ကို ဝှေ့ယမ်းလိုက်ရင်း သူ၏ ကိုးဆမြှင့်တင်ထားသော အနက်ရောင်မဟာလေးကြီးကို ဆင့်ခေါ်လိုက်ပြီးနောက် ဂူပေါ်ခုန်တက်ကာ မြားဆယ့်ရှစ်စင်းကို ပိုင်ရှောင်ချန်းထံ တစ်စင်းပြီး တစ်စင်း တရစပ်ပစ်လွှတ်လိုက်လေသည်။

ပိုင်ရှောင်ချန်းက အပြင်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတစ်ယောက်ရှိနေသည်ကို အာရုံရလိုက်၏။ သူက လှည့်၍ ကျိုးရီရှင်းဘက်သို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်သည်ဝယ် ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။

ဝိညာဥ်မြားဆယ့်ရှစ်စင်းက အလင်းတန်းဆယ့်ရှစ်ခုပမာ လေကိုခွင်း၍ ပိုင်ရှောင်ချန်းပေါ်ကျရောက်လာပြီး သူ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ရှေ့တည့်တည့် ရောက်လာတော့သည်။

" ကျိုးရီရှင်း"

သူက တွေးလိုက်၏။ ချက်ချင်းပင် သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ မြင့်တက်လာလေသည်။ ဤနေရာတွင် ရင်းနှီးသော မျက်နှာနှင့် အမှန်တကယ် ထိပ်တိုက်တိုးလိမ့်မည်ဟု မည်သို့ တွေးမိမည်နည်း။ ပို၍ အံသြစရာကောင်းသောအရာမှာ သူ၏ကံကောင်းသော ကြယ်လေးဖြစ်နေလေသည်။ ထိုသို့ ကျိုးရီရှင်း ပေါ်ထွက်လာခြင်းကြောင့် ပိုင်ရှောင်ချန်းမှာ ရွှင်လန်းတက်ကြွနေပြီဖြစ်သည်။

သို့သော် သူက အလျင်အမြန်ဆုံးဖြတ်ချက်ချလိုက်သည်။

" ငါဘယ်သူဆိုတာ သူသိသွားလို့ မဖြစ်ဘူး "

သူက ထပ်မံတုံ့ဆိုင်းမနေတော့ပဲ ဝိညာဥ်မြား ဆယ့်ရှစ်စင်းကို လက်ညှိုးဖြင့် ဝှေ့ယမ်းလိုက်လေသည်။

ချက်ချင်းပင် လေပွေကြီးတစ်ခု ထွက်ပေါ်လာကာ မြားများကို ရင်ဆိုင်လိုက်ရာ ဝုန်းခနဲ မြားများ ပေါက်ကွဲသွားတော့သည်။ ထွက်ပေါ်လာသော တုန်ခါလှိုင်းသည် ပြင်းထန်၍ အရပ်မျက်နှာအနှံ့တွင် ဖုန်များထသွားလေသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းက လုံးဝ အထိအခိုက်မရှိပဲ ရှေ့ဆက်တိုးလာလေသည်။

ကျိုးရီရှင်း၏မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ထွက်ကျတော့မတတ်ဖြစ်နေပြီး ရင်တဒိန်းဒိန်းခုန်လာကာ တုန်လှုပ်သွားတော့သည်။ ရုတ်တရက် သူ့စိတ်ထဲ၌ အလွန်ဆိုးဝါးသော ခံစားချက်ကြီးဖြင့် လေးလံသွားတော့သည်။

" သောက်ကျိုးနည်း " သူက စိတ်ထဲတွင် ရေရွတ်လိုက်၏။

" ဒီကောင်က ငါ့ထက် အစွမ်းထက်နေပါလား "

သူသည် စိတ်လိုက်မာန်ပါ လုပ်မိခြင်းအတွက် နောင်တရနေပြီး တောင်ပေါ်ရှိ အတားအဆီးမန္တန်အစီအရင် အတွင်းသို့ ပြန်ဆုတ်လိုက်လေသည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ကောက်ကျစ်စွာ ရယ်လိုက်ပြီး ရှေ့တိုးလိုက်သည်။ ထိုသို့လုပ်လိုက်စဥ် သူ၏ မျက်နှာမှာ ဝေဝါးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ သစ်သားကိုယ်ပွား ထွက်ပေါ်လာကာ အလင်းတန်းအသွင်ဖြင့် တောင်ကတုံးထံ ပြေးသွားလေသည်။

ပထမတွင် ပိုင်ရှောင်ချန်းက တောင်ပေါ်ရှိ အတားအဆီးမန္တန်ကို သတိမထားမိခဲ့သော်လည်း ယခုတွင် ထိုအရာများသည် သူ့အာရုံကို ဖမ်းစားလိုက်ရာ မည်မျှအန္တရာယ်များကြောင်း မြင်လိုက်ရလေသည်။ သို့တိုင် ထိုအရာက သူ့ကို စိတ်အနှောင့်အယှက်မဖြစ်ပေ။ လက်ကို ဝှေ့ယမ်းရင်း နောက်ထပ်ကိုယ်ပွားကို တောင်ထိပ်သို့ ပြေးသွားစေလိုက်လေသည်။

လက်ရှိ သူဝတ်ဆင်ထားသော မျက်နှာဖုံးကြောင့်သူထုတ်လိုက်သည့် ကိုယ်ပွားများသည်လည်း ပိုင်ဟောက်ပုံစံအတိုင်းပင်။

ကျိုးရီရှင်းက ဖြစ်ပျက်သမျှအားလုံးကို မြင်လိုက်ရသောအခါ အလွန်တရာ မျက်နှာပျက်သွားတော့သည်။

"ကိုယ်ပွားတွေ"

ကျိုးရီရှင်းနားလည်သည်က ကိုယ်ပွားတစ်ယောက်ရှိသော မည်သူမဆို သာမန်ထက်ထူးကဲသော လူသားတစ်ဦးဖြစ်သော်လည်း အံသြတုန်လှုပ်ဖွယ်ကောင်းစွာ ဤလူ၌ နှစ်ခုရှိနေသည်။ ထို့နောက် သူလက်ရှိရောက်နေသည်မှာ မည်သူ့ပိုင်နက်ဖြစ်ကြောင်း သတိရသွားပြီး ဤလူသည် သရဲကြီးဘုရင်ကြီးနှင့် တစ်နည်းနည်းဖြင့် ဆက်နွှယ်နေမည်ဖြစ်ကြောင်း တွေးလိုက်မိ၏။ သူ့ကို စုပ်ယူလိုက်လျှင် အရေးကြီးမည်မဟုတ်လောက်သော်လည်း ယခုတွင် သူက ပြိုင်ဘက်မဟုတ်သည်မှာ သိသာနေလေရာ နောင်တရသည့်စိတ်မှာ ပို၍သာ ကြီးထွားလာတော့သည်။

" နေပါဦး တာအိုရောင်ရင်းရေ။ ကျုပ်က အရှေ့ကျိုးမျိုးနွယ်စုက ကျိုးရီရှင်းပါ။ ဒါက အထင်လွဲတာပါ။ ကျုပ်ရဲ့ ရန်သူဟောင်းကြီးနဲ့ လူမှားမိလို့ပါဗျာ"

ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရယ်လိုက်၏။ တမင် သူ၏အသံကို ခပ်သြသြဖြစ်အောင်လုပ်ရင်း ပြောလိုက်သည်။

" အထင်လွဲတာ။ ဒါက ပိုင်မျိုးရိုးရှိတဲ့ လူတိုင်းကို မင်းပြောနေကျစကားလား။ ငါက ဒီအတိုင်း ဖြတ်သွားတာလေ။ မင်းရဲ့အလစ်ဝင်တိုက်ခိုက်တာကို ငါက အထင်လွဲတာလေးပါလို့ ယုံပေးရမယ်ပေါ့ "

ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကိုယ်ပွားနှစ်မျိုးဆီသို့ ပို့လွှတ်လိုက်ရာ သူတို့က မန္တန်အစီအရင်ပျောက်ကွယ်ရန် အဆက်မပြတ်ထုနှက်လိုက်ကြ၏။

သို့သော် ထိုအစီရင်များက သာမန်အတားအဆီးမန္တန်များမဟုတ်လေရာ ကိုယ်ပွားနှစ်ယောက်သည် ချက်ချင်းမဖြိုခွင်းနိုင်ပေ။ ခြုံငုံပြောရလျှင် မန္တန်တစ်ခုလုံးအား ချိုးဖောက်ရန် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာအချိန်၏ တစ်ဝက်ခန့်ကြာသွားလေသည်။

ပိုင်ရှောင်ချန်း၏ အမြင်တွင် အရာအားလုံးမှာ အလွန် နှေးကွေးနေသော်လည်း ကျိုးရီရှင်းအတွက်မူ ဆန့်ကျင်ဘက်ပင်။ သူအသုံးပြုထားသော အတားအဆီးမန္တန်များသည် သူ့မျိုးနွယ်စု၏လျှို့ဝှက်နည်းလမ်းများဖြစ်ပြီး အလွန်တရာ စွမ်းအားကြီးလေသည်။ ဤလူက အစီအရင်များကို အလွန်လွယ်ကူစွာ ချိုးဖျက်နိုင်သည့်အချက်က သူ့ကို အလွန်အမင်း တုန်လှုပ်သွားစေတော့သည်။

ကိုယ်ပွားနှစ်ယောက်က ပြင်းထန်စွာ တိုက်ခိုက်နေသည့်တိုင်အောင် သူက သူ၏အတားအဆီးမန္တန်များကို အသုံးဝင်နေစေရန် ကြိုးစားထိန်းရင်း စိုးရိမ်စွာ အော်လိုက်လေသည်။

" တာအိုရောင်ရင်းပိုင်၊ ကျေးဇူးပြုပြီး နားထောင်ပါဦး။ ကျုပ်က အောက်လမ်းဆရာတစ်ယောက်ပါ။ ပြီးတော့ အောက်လမ်းဆရာသခင် အဆင့်ပါ။ ခင် ဗျားကို ကျုပ် ဝိညာဥ်ဆေးနည်းနည်း ပေးနိုင်ပါတယ် "

ထိုအခိုက်အတန့်တွင် ဤလူက ပိုင်မျိုးရိုးဖြစ်သည့်အချက်က သူ့အတွေးများကို မရပ်တန့်စေတော့ပေ။ ပိုင်သည် အလွန်အတွေ့ရများသော မျိုးရိုးဖြစ်သည် မဟုတ်ပါလော။

ကျိုးရီရှင်းနှင့် ရင်ဆိုင်ရသည်မှာ ရင်းနှီးနွေးထွေးသော ခံစားချက်တစ်ခုကို အမှန်တကယ် ပေးနေသောကြောင့် စိတ်ထဲတွင် ပိုင်ရှောင်ချန်းက ပြုံးဖြီးနေ၏။ သို့သော်လည်း အပြင်ပန်းတွင်မူ သူက မာနကြီးသော အမူအရာဖမ်းလျက် လက်ကိုဝှေ့ယမ်းလိုက်ရာ အံ့မခန်း ဝိညာဥ်စွမ်းအားအငွေ့အသက်များ တလိပ်လိပ်ထွက်ပေါ်လာတော့သည်။ အငွေ့အသက်များသည် အလွန်အရှိန်အဝါကြီးမားလေရာ ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ထံမှ မဟုတ်ပဲ အောက်လမ်းဆရာတစ်ယောက်ထံမှ လာကြောင်း သိသာလေသည်။

" ငါလဲ အောက်လမ်းဆရာပဲ"

သူက ဣန္ဒြေသိက္ခါနှင့်ပြည့်စုံနေသည့် အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ ထိုအသံကို ကျိုးရီရှင်းကြားလိုက်ရသောအခါ တုန်ရီသွားပြီး သူ၏မျက်လုံးများသည် ယခင်ထက်ပို၍ ရဲရဲနီလာတော့သည်။

" မင်းကို ကြောက်တယ်များ ထင်နေလား"

သူက ငေါက်ငမ်းလိုက်သည်။ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ကာ သူ၏မဟာလေးကြီးထံမှ ထွက်ပေါ်လာသော အနက်ရောင်မြူများကို ပစ်လွှတ်လိုက်ရာ အပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အနက်ရောင်မြားတစ်စင်းဖြစ်ပေါ်သွား၏။ ထို့နောက် ကျိုးရီရှင်းက လေးကြိုးကို ပြန်ဆွဲလိုက်သည်။

" အထင်ကြီးနေတယ်ပေါ့ ဟမ်"

ပိုင်ရှောင်ချန်းက ဟိတ်ဟန်အပြည့်ဖြင့် ပြန်ပြောလိုက်၏။ သူက နောက်တစ်ဖန် မှုန်ဝါးသွားပြီး သူ၏ရေကိုယ်ပွားထွက်ပေါ်လာကာ တတိယမြောက်အလင်းတန်းတစ်ခုအသွင်ပြောင်းသွားပြီး တောင်ကုန်းထံ တဟုန်ထိုးပြေးသွားလေသည်။

" နောက်ထပ်ကိုယ်ပွားရှိသေးတယ်လား"

ကျိုးရီရင်း၏နှုတ်မှ လွတ်ခနဲထွက်သွားသည်။ အတားအဆီးမန္တန်ကို ထုနှက်သော ကိုယ်ပွားသုံးယောက်ကြောင့် သိပ်မခံနိုင်တော့ကြောင်း သိသာသည်။ နောက်ဆုံး၌ ကျိုးရီရှင်းသည် အော်ဟစ်လိုက်ကာ ပိုင်ရှောင်ချန်းထံ အနက်ရောင်မြားတစ်စင်းပစ်လွှတ်လိုက်လေသည်။

အနီးကပ်လာသောကြောင့် ဟိန်းဟောက်နေသော သရဲမျက်နှာမြားကြီးကို တွေ့မြင်သွားသည်။ ထို့ကြောင့် ကျိုးရီရှင်းမှာ ထိပ်ဆုံးအခြေအနေမှာပင် သူ့အတွက် ပြိုင်ဘက်ဖြစ်မည်မဟုတ်ကြောင်း ခါတိုင်းထက်ပို၍ ယုံကြည်ချက်ခိုင်မာသွားပြီး ပိုင်ရှောင်ချန်းက ဂုဏ်ယူစွာ မေးမော့လိုက်၏။ လောလောဆယ်တွင် သူထိခိုက်ဒဏ်ရာရထားသည်ကို ထည့် တွက်လိုက်ပါက သူ့ကို တိုက်ခိုက်ရန်ပင် မသင့်ပေ။ ပိုင်ရှောင်ချန်းသည် ဝင်္ကပါတွင်ရှိခဲ့စဥ်ကထက် ပို၍ သန်မာနေသည် မဟုတ်ပါလော။

သို့ကြောင့် သူက မြားကို အာရုံစိုက်မနေဘဲ လက်လှမ်းလိုက်ပြီး အားအပြည့်ဖြင့် ဖမ်းဆုပ်လိုက်လေသည်။

မြားကြီးမှာ တုန့်ခနဲရပ်သွားပြီး သရဲမျက်နှာမှာ မချိတင်ကဲအော်လိုက်သည်။ ကျိုးရီရှင်းမှာ ခေါင်းတစ်ခုလုံး ချာချာလည်သွားတော့သည်။

" မဖြစ်နိုင်ဘူး "

သူက အံအားသင့်၍ပင့်သက်ရှိုက်နေစဥ် တဝုန်းဝုန်းပေါက်ကွဲသံများအဆက်မပြတ် ထွက်ပေါ်လာကာ ကိုယ်ပွားသုံးယောက်သည် နောက်ဆုံးတွင် အတားအဆီးမန္တန်လက်ကျန်ကို ဖျက်ဆီးနိုင်သွားပြီး ကျိုးရီရှင်းကို ဝိုင်းလိုက်ကြသည်။

ကျိုးရီရှင်းမှာ အတန်ငယ်ရုန်းကန်လိုက်သော်လည်း တခဏအတွင်းမှာပင် သူသည် ထိန်းချုပ်ခံလိုက်ရပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ပိတ်လှောင်ခံလိုက်ရသည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ကိုယ်အစစ်မှာ ဂူအတွင်းဝင်လာပြီး လည်ချောင်းရှင်းကာ သူ့ကို ခေါင်းအစ ခြေအဆုံးကြည့်လိုက်၏။

ကျိုးရီရှင်းမှာ ချက်ချင်းပင် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ပိုင်ရှောင်ချန်းကို စိန်းစိန်းဝါးဝါးကြည့်ရင်း သူက အံတင်းတင်းကြိတ်ကာ ပြော၏။

" ကျုပ်ရဲ့ ကျိုးမျိုးနွယ်စုက သောကကင်းဝေးကိုးသွယ်ဘုရင် လက်အောက်မှာ အရှေ့ခြမ်းအတွက် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေခဲ့တာ။ ပြီးတော့ ငါက မျိုးနွယ်စုရဲ့ တိုက်ရိုက် သွေးမျိုးဆက်ပဲ။ မင်းငါ့ကိုသတ်ရင် ကျိုးမျိုးနွယ်စုက ငါ့အတွက် သေချာပေါက် လက်စားချေလိမ့်မယ်"

ပိုင်ရှောင်ချန်းက ခပ်ယဲ့ယဲ့ပြုံးရင်း ကျိုးရီရှင်း၏ ခြိမ်းခြောက်စကားများကို လျစ်လျူရှုကာ သူ၏အိတ်ကို ကောက်ယူလိုက်သည်။ သူက တံဆိပ်အမှတ်အသားကို ဖျက်ပြီးနောက် ဖွင့်ကာ အထဲကို ကြည့်လိုက်လေသည်။

ကံဆိုးစွာပင် ပစ္စည်းအနည်းငယ်က လွဲ၍ ပြောင်းသလင်းခါလုနီးပါးပင်။ မဟာလေးနှင့်အတူ ခုနစ်ရောင်ခြယ်မီးတောက်လေးခုရှိလေရာ ပိုင်ရှောင်ချန်းမှာ ပျော်ပျော်ကြီး ယူလိုက်တော့သည်။

ကျိုးရီရှင်း၏ နှလုံးသားထဲတွင် နောင်တများကြီးစိုးလျက် သူ့အိတ်ကို မွှေနှောက်နေသော ပိုင်ရှောင်ချန်းအား ဒေါသတကြီးစိုက်ကြည့်လိုက်လေသည်။ သူသည် ဝင်္ကပါထဲတွင် ပိုင်ရှောင်ချန်း၏ အနိုင်ကျင့်ခြင်းခံရပြီး လွတ်မြောက်လာသောအခါ ပိုင်မျိုးရိုးနှင့်လူ အနိုင်ကျင့်သည်ကို မည်သည့်အတွက်ကြောင့်ခံနေရမှန်း မသိတော့ပေ။

" ပိုင်နာမည်ပါတဲ့ လူတွေကို မုန်းတယ် "

သူ့ ပါးပြင်တစ်လျှောက်မျက်ရည်များ စီးကျလာရင်း စိတ်ထဲတွင် ညည်းညူလိုက်လေသည်။

All Chapters