အခန်း (၉၃၁-၉၃၅)
Vol. 63 Ch. 931-935
အခန်း ၉၃၁ ဖန်းရှီရွှမ် ဖမ်းဆီးခံရခြင်း
“မိန်းကလေးဖန်း၊ လက်ထပ်ပြီးမိသားစုရှိနေတဲ့အမျိုးသားတစ်ယောက်ရဲ့ နောက်မိန်းကလေးလုပ်တာမျိုးက မင်းအတွက် လက်ခံနိုင်စရာကောင်းတယ်လို့ မြင်နေတာလား?”
တကယ်ကို အဓိပ္ပါယ်မရှိသည့်မေးခွန်းမျိုးပင်။ သူမသာ ဒါကိုလက်ခံနိုင်စရာကောင်းတယ်လို့ မထင်ထားရင် ဘာလို့ဒီလိုမျိုးလုပ်နေတော့မှာလဲ? သူမလုပ်ရပ်ကနေပြီး သူမက မယားငယ်လုပ်ရတာကို လက်ခံတဲ့ဘက်ကဆိုတာ သိသာနေပြီပဲကို။
သတင်းထောက်က သူမဘက်ကပြန်ဖြေမည့်အဖြေကိုကြားလိုတာကြောင့် မေးမြန်းခြင်းမဟုတ်ဘဲ သူမကိုတမင်အရှက်ရစေရုံသာဖြစ်သည်။
“မိန်းကလေးဖန်း၊ မင်းနဲ့ထန်ရှောင်ရှောင်က တက္ကသိုလ်တုန်းကအတန်းဖော်တွေလို့ပြောကြတယ်။ မင်းတို့အရမ်းရင်းနှီးခဲ့ကြပေမယ့် နောက်ကျတော့ မင်းက သူ့ကို မနာလိုဖြစ်ခဲ့တယ်ဆို။ ဒါကြောင့်မို့ သူ့ကိုအခုလိုထောင်ချောက်ဆင်ဖို့ဆုံးဖြတ်လိုက်တာများလား?”
“ဒီကောလဟာလကြောင့် ထန်ရှောင်ရှောင်ရဲ့ဂုဏ်သိက္ခာရော အလုပ်အကိုင်ပါလုံးဝပျက်စီးသွားနိုင်ပါတယ်။ မင်းဘယ်လိုတွေတွေးခဲ့လဲဆိုတာ ငါတို့ကိုပြောပြနိုင်မလား?”
“မိန်းကလေးဖန်း….”
ဖျော်ဖြေရေးသတင်းထောက်များက ဖန်းရှီရွှမ်ကို မေးခွန်းများအဆက်မပြတ်မေးမြန်းနေတာကြောင့် သူမရူးတော့မလိုပင် ခံစားနေရပြီဖြစ်သော်လည်း သူမကိုယ်သူမပေါက်ကွဲခွင့်မပြုပေ။
“ကျွန်မတို့ကိုအရင်ဖြတ်ခွင့်ပေးပါဦး၊ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကုမ္ပဏီကနေတရားဝင်ဖြေရှင်းချက် ထုတ်ပြန်ပေးပါလိမ့်မယ်။” ဖန်းရှီရွှမ်၏လက်ထောက်က အရှေ့မှနေကာ သူမကိုကာကွယ်ပေးနေသည်။
“တရားဝင်ဖြေရှင်းချက်လား? ဒါဆို အခုပြန့်နေတဲ့ပုံတွေက အစစ်အမှန်မဟုတ်ဘူးလို့ဆိုလိုတာပါလား?” သတင်းထောက်တစ်ယောက်က အခွင့်အရေးကိုအမိအရဖမ်းဆုပ်ကာ မေးမြန်းလိုက်တော့သည်။
ဖန်းရှီရွှမ်၏လက်ထောက်မှာတော့ ဆွံ့အလို့သွားတော့သည်။ သူမက လက်ထောက်တစ်ယောက်သာဖြစ်ကာ ဒီလိုအခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်ရမလဲမသိပေ။
“မိန်းကလေးဖန်း၊ ဒီအမှန်တရားပေါ်ထွက်သွားတာနဲ့ မင်းအဖမ်းခံရနိုင်တယ်ဆိုတဲ့အချက်ကိုရော တွေးထားမိလား? မင်းသာ ထောင်ကျသွားရင် မင်းအနာဂါတ်ရော ဘဝပါပျက်စီးသွားတော့မှာလေ။”
ထိုစကားကိုကြားလိုက်ရချိန်တွင်တော့ ဖန်းရှီရွှမ် စိတ်ခံစားချက်များကို ဆက်လက်မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်တော့သည်။ “တော်ကြစမ်း! နင်တို့ပါးစပ်တွေပိတ်ထားကြ!”
သူမထောင်ကျမခံနိုင်ပေ။ သူမအခုထက်ပိုပြီးနောင်တမရနိုင်စရာမရှိတော့ပေ။ သို့ပေမည့် ထန်ရှောင်ရှောင်ကို ချောက်ချဖို့ကြံမိသည့်အတွက် နောင်တရခြင်းမျိုးတော့မဟုတ်ပေ။ ထိုအစား ထန်ရှောင်ရှောင် ကုနင်းနှင့်မတွေ့သွားစေရန် အရူးမကို တခြားအချိန်မှာမှအက်ဆစ်နှင့်မလောင်းခိုင်းမိသည့်အပေါ် နောင်တရနေခြင်းဖြစ်သည်။ ဒီလိုသာဆို ထန်ရှောင်ရှောင်၏အနာဂါတ်ကသာ လုံးဝပျက်စီးသွားမှာဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ဖန်းရှီရွှမ်၏မျက်နှာအမူအရာမှာ အရုပ်ဆိုးလာပြီး ထန်ရှောင်ရှောင်ကိုမုန်းတီးမှုများသာ ပိုမိုများပြားလာတော့သည်။
သူမ၏ထိုမလိုမုန်းတီးမှုကြောင့် အရုပ်ဆိုးနေသည့်မျက်နှာအမူအရာမှာ ဖျော်ဖြေရေးသတင်းထောက်များ၏ကင်မရာများအောက်မှ မလွတ်မြောက်ခဲ့ပေ၊ ဒါကြောင့် သူမလက်ထောက်မှာ ဘေးကနေပြီး တောက်လျှောက် စိတ်လျှော့ဖို့ပြောနေရသည်။ “ရှီရွှမ်၊ စိတ်လျှော့ဦး!”
ဖန်းရှီရွှမ်စိတ်ထဲတွင် အကြောက်တရားများ မုန်းတီးမှုများဖြင့်သာ ပြည့်နှက်နေတာကြောင့် စိတ်ပြန်ထိန်းဖို့မဖြစ်နိုင်ပေ။ သူမထောင်မကျချင်ပေ၊ ဒါကြောင့် အမှန်တရားကိုလဲ လက်မခံနိုင်ပေ။ “အားလုံးသတင်းမှားတွေ၊ လုပ်ကြံထားတဲ့သက်သေတွေပဲ! ထန်ရှောင်ရှောင်ကမှ ငါ့ကိုချောက်ချနေတာ! သူပဲလုပ်တာ၊ အားလုံးသူပဲလုပ်နေတာ!”
အနားရှိလူတိုင်း အံ့အားသင့်သွားရသည်။
ဘာပြောလိုက်တာ? ထန်ရှောင်ရှောင်က သူမကိုထောင်ချောက်ဆင်တာတဲ့လား?
အခုဆို အင်တာနက်ပေါ်တွင် ခန်ယန်ဟန်နှင့်ဖန်းရှီရွှမ်တို့ ဖောက်ပြန်နေသည့်ဓါတ်ပုံများ ပြန့်နေပြီဖြစ်တာကြောင့် သူတို့တွေ မယုံကြတာတော့ အသိသာပင်။
“ရှီရွှမ်!” ဖန်းရှီရွှမ်၏လက်ထောက်မှာ သူမ၏တုံ့ပြန်ပုံကြောင့် အံ့ဩသွားရသည်။ အခုချိန်မှာ ဖန်းရှီရွှမ် တိတ်တိတ်လေးနေတာက ပိုကောင်းမှာမဟုတ်ဘူးလား။
“မိန်းကလေးဖန်း၊ ဒါဆို ထန်ရှောင်ရှောင်က ဘာလို့မင်းကိုချောက်ချရတာလဲဆိုတဲ့အကြောင်း ပြောပြပေးနိုင်မလား?” သတင်းထောက်တစ်ယောက်ကမေးလိုက်သည်။
“သူငါ့ဇာတ်ကောင်နေရာကို ခိုးသွားတယ်ဆိုတာလူတိုင်းသိနေတာပဲမဟုတ်ဘူးလား!” ဖန်းရှီရွှမ်၏အသံကမထိန်းနိုင်တော့ပေ။
“မင်းက သခင်ခန်ရဲ့မယားငယ်ဆိုတာ ပေါ်ထွက်လာပြီလေ။ သခင်ခန်က ဘာလို့မင်းရဲ့ဇာတ်ကောင်နေရာကို ထန်ရှောင်ရှောင်ကိုပေးရတာလဲ?”
…….
သတင်းထောက်များ ဘယ်လောက်ပဲ ဖန်းရှီရွှမ်ထံမှ အသေးစိတ်ဖြေရှင်းချက်ကိုတောင်းနေပါစေ ဖန်းရှီရွှမ်ကတော့ ဆက်တိုင်းငြင်းဆိုတာကလွဲပြီး ဘာမှမလုပ်ပေ။ သူမဒီအတိုင်းဆက်ငြင်းနေပါက ဘေးကင်းလိမ့်မည်ဟု ယုံကြည်နေတာဖြစ်သည်။ သို့သော်လည်း ထိုသို့ငြင်းနေတာက တကယ်တမ်းအသုံးမဝင်ပေ။
ထိုအချိန်တွင်ပဲ ရဲများရောက်လာကာ သတင်းထောက်များလဲ သူမကိုမေးခွန်းမေးနေခြင်းကိုရပ်တန့်လိုက်ကြသည်။
ရဲများက ဖန်းရှီရွှမ်ကြောင့် ရောက်လာကြခြင်းဖြစ်သည်။
ဖန်းရှီရွှမ်ရော သူမလက်ထောက်ပါ ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။ ဖန်းရှီရွှမ်က သတိလက်လွတ်ထွက်ပြေးဖို့ကြိုးစားလိုက်ပေမည့် ရဲနှစ်ယောက်က သူမပြေးလမ်းကိုပိတ်ထားလိုက်ကြသည်။
“မိန်းကလေးဖန်း၊ တစ်ပါးသူကိုရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်အောင် ကြံစည်မှုအတွက် မင်းကိုဖမ်းဆီးရပါမယ်။ ငါတို့ရဲ့ရဲစခန်းကိုလိုက်ခဲ့ပြီး စစ်ဆေးမှုမှာပူးပေါင်းပေးပါ။”
“မဟုတ်ဘူး၊ ငါမလုပ်ဘူး။ မသွားနိုင်ဘူး!”
ဖန်းရှီရွှမ်း ရုန်းကန်နေပေမည့် ရဲနှစ်ယောက်က သူမကိုအတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
………
မဖွယ်မရာဓါတ်ပုံများထွက်လာသည့်အခိုက်မှာပဲ ခန်ယန်ဟန်မှာ ဒေါသလဲထွက်သလို အလွန်ထိတ်လန့်လို့သွားခဲ့သည်။
အံ့ဩစရာကောင်းသည်က သူနဲ့ဖန်းရှီရွှမ်တို့ဖောက်ပြန်နေသည့်မြင်ကွင်းကို လုံခြုံရေးကင်မရာတွေကနေပြီးတောင် တစ်ယောက်ယောက်က ရှာနိုင်သွားတာကိုပဲ။ ဒီလိုဆို တစ်ဖက်လူက သူ့ရဲ့မကောင်းမှုမှန်သမျှကိုလဲ ရှာဖွေလောက်ပြီးနေပြီ။
ဒါ့အပြင် ကင်မရာက သူ့အိပ်ခန်းကိုချိန်ထားတဲ့အတွက်လဲ ဒေါသထွက်သွားကာ ဗီလာစီမံခန့်ခွဲရေးကိုပညာပေးဖို့ရန်လူလွှတ်လိုက်တော့သည်။
ထန်ရှောင်ရှောင်ကတော့ ကုနင်းနှင့်အချိန်ကိုက်တွေ့ဆုံသွား၍ အလွန်ကံကောင်းသွားခဲ့သည်။
ခန်ယန်ဟန်က ကုနင်းနှင့်ထန်မိသားစုကြား ဆက်နွယ်မှုရှိသည်ကို သိထားသည်။ သူလဲပဲ ကုနင်းငယ်ငယ်ရွယ်ရွယ်နှင့် အောင်မြင်မှုများစွာရထားသည့်အတွက် လေးစားသဘောကျမိသည်။
တကယ်တော့ သူကအရည်အချင်းရှိသည့်စီးပွားရေးသမားမဟုတ်တာကြောင့် သူတို့မိသားစုစီးပွားရေးကို သူ့အစ်ကိုကသာ စီမံနေကာ သူကတော့ သူရရှိတဲ့အစုရှယ်ယာနှင့်လုပ်ချင်ရာလုပ်နေရုံဖြစ်သည်။
တီဗွီဇာတ်လမ်းတွဲကိုလဲ အပျော်သဘောဖြင့်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
ကုနင်းဝင်ပါလာပြီဆိုမှတော့ သူလဲ မယားငယ်တစ်ယောက်အတွက်နှင့် သူမကိုဆန့်ကျင်တိုက်ခိုက်နေစရာမလိုအပ်ပေ။ ခန်ယန်ဟန်၏မျက်လုံးထဲမှာတော့ ဖန်းရွှီရွှမ်သည် အစားထိုးလို့ရသည့်လူတစ်ယောက်သာဖြစ်သည်။ သူ့နားမှာမိန်းမတွေဝိုင်းဝိုင်းလည်နေတာပဲမဟုတ်လား။ သူမကို မယားငယ်အဖြစ်ထား,ထားတယ်ဆိုတာကလဲ သူမ၏အိပ်ရာပေါ်ကကျွမ်းကျင်မှုကြောင့်သာဖြစ်သည်။
ခန်ယန်ဟန်က သူ့အာဏာကိုသုံးပြီး ထန်ရှောင်ရှောင်ကိုချောက်ချဖို့ ဖန်းရှီရွှမ်နှင့်အလိုတူအလိုပါ လုပ်ဆောင်ပေးခဲ့ပေမည့် နောက်ဆုံးတော့ သူပဲရှုံးနိမ့်သွားခဲ့သည်။
ဖန်းရှီရွှမ်နှင့်သူ့ကြား အိပ်ရာပေါ်ကဆက်ဆံရေးမျိုးရှိနေကြောင်းက ငြင်းဖို့မဖြစ်နိုင်သော်လည်း ထန်ရှောင်ရှောင်ကို ချောက်ချသည့်အကြံအစည်မှာ သူမပါဘူးလို့တော့ငြင်းနိုင်တုန်းပင်။
မကြာခင်မှာပဲ ခန်ယန်ဟန်ဘက်က ကောလဟာလသတင်းနှင့်ပတ်သတ်ပြီး ပြန်လည်တုံ့ပြန်မှုလုပ်ခဲ့သည်။ သူက Weiboအကောင့်ကနေပြီး ထုတ်ပြန်ချက်တစ်ခုရေးခဲ့သည်။
“ငါ့လုပ်ရပ်အတွက် အရမ်းအားနာမိပါတယ်။ ငါ့မိသားစုကို နာကျင်စေမိတဲ့အတွက် ငါ့မှာအပြစ်ရှိတယ်ဆိုပေမယ့် ဖန်းရှီရွှမ်က ထန်ရှောင်ရှောင်ကို ချောက်ချခဲ့တဲ့အကြောင်းကိုတော့ ငါလုံးဝမသိထားပါဘူး။ ငါ ထန်ရှောင်ရှောင်ကို ‘နန်းတော်’ဇာတ်လမ်းရဲ့ခေါင်းဆောင်မင်းသမီးနေရာ ထောက်ခံပေးခဲ့တယ်ဆိုတာက သူက ဒီဇာတ်ကောင်နေရာနဲ့အရမ်းသင့်တော်နေလို့ကြောင့်ပါပဲ။ ငါက သူ့ကိုထောက်ခံပေးရုံထောက်ခံပေးတာပါ။ ဇာတ်ကောင်နေရာက လုံးဝသူ့အတွက်ပါလို့ မပြောခဲ့ပါဘူး။ သူမကိုယ်ပိုင်အရည်အချင်းနဲ့ အခွင့်အရေးကိုဖမ်းဆုပ်နိုင်ခဲ့ရုံပါ။”
***
အခန်း ၉၃၂ ဖန်းရှီရွှမ်၏မိဘများ
“ ‘နန်းတော်’ရဲ့ဒါရိုက်တာတောင် ဖန်းရှီရွှမ်က ဇာတ်လိုက်နေရာအတွက် ရွေးချယ်မှုကြောင်းလို့ထင်ခဲ့ပေမယ့် အစမ်းသရုပ်ဆောင်ပွဲပြီးတဲ့နောက် ထန်ရှောင်ရှောင်ကိုရွေးလိုက်သေးတာပဲ။ ဒါကြောင့်မို့ ဖန်းရှီရွှမ်က ဇာတ်လမ်းမှာ ဇာတ်ပို့နေရာဖြစ်သွားခဲ့တာပါ။”
“အစမ်းသရုပ်ဆောင်ပွဲမှာ ဇာတ်ကောင်နေရာတွေအတွက် သရုပ်ဆောင်အချင်းချင်းယှဉ်ပြိုင်တယ်ဆိုတာက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး။ ငါက စီးပွားရေးသမားတစ်ယောက်ပါ။ ဒါကြောင့် အကျိုးအမြတ်ကသာ အဓိကပဲ။ ငါ့မျက်လုံးထဲမှာတော့ ထန်ရှောင်ရှောင်က ဖန်းရှီရွှမ်ထက် သာလွန်တဲ့ရွေးချယ်မှုဆိုတာ အသိသာကြီးပဲ။ ဖန်းရှီရွှမ် ထန်ရှောင်ရှောင်ကို ထိခိုက်အောင်ကြံစည်တယ်ဆိုတာကတော့ သူ့ကိုယ်ရေးကိုယ်တာလုပ်ရပ်တစ်ခုပါ။ သူအလုပ်လုပ်နေတဲ့ကုမ္ပဏီနဲ့ရော ငါနဲ့ပါဘာမှသက်ဆိုင်မှုမရှိပါဘူး။”
ခန်ယန်ဟန်၏Weiboတွင် လူအများကြီးမရှိဘူးဆိုသော်လည်း ကောလဟာလများထွက်ပြီးကတည်းက အင်တာနက်အသုံးပြုသူများစွာက သူ့အကောင့်ကိုစောင့်ကြည့်နေကြတာဖြစ်သည်။ ဒါကြောင့် သူ့ထုတ်ပြန်ချက်ထွက်လာသည်နှင့် လူပေါင်းများစွာက သတင်းကိုပြန်တင်ကြသလို မှတ်ချက်များလဲရေးမှတ်ခဲ့ကြသည်။ သို့ပေမည့် အများစုကတော့ အမှန်တရားကိုထုတ်ဖော်တာက အရမ်းနောက်ကျလွန်းနေတာကြောင့် သူ့ဖြေရှင်းချက်ကိုမယုံကြည်ကြတော့ပေ။
ခန်ယန်ဟန်က သူ့သတင်းကိုရှင်းလင်းပစ်ချင်တာကြောင့် အင်တာနက်ရေတပ်များစွာကိုတောင် ငှားထားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ခန်ယန်ဟန်မှာလဲ သူ့ရဲ့အင်အားကြီးနောက်ခံမိသားစုအထောက်အပံ့ရှိတာကြောင့် ကုနင်းလဲ သူ့ကိုတိုက်ခိုက်ဖို့ စိတ်ကူးမရှိထားပေ။ သူ့ဖြေရှင်းချက်ကြီးက အလိမ်အညာတွေမှန်းသိသာနေတာတောင်မှ သူကတော့ အပြစ်ကလွတ်သွားပေပြီ။
ဖျော်ဖြေရေးလောက်ကတွင် သတင်းအသစ်ပေါင်းများစွာက စဉ်ဆက်မပြတ်ထွက်ပေါ်နေတာကြောင့် ကောလဟာလကလဲ တခြားသတင်းများနှင့် အလွတ်တကူအစားထိုးသွားနိုင်သည်။ ထို့အပြင် ခန်ယန်ဟန်က ထန်ရှောင်ရှောင်ကိုထိခိုက်အောင် တိုက်ရိုက်လုပ်ဆောင်ခဲ့ခြင်းမျိုးမရှိဘဲ ထိုလုပ်ကြံမှုတွင် ဖန်းရှီရွှမ်ကသာ တာဝန်ရှိသူဖြစ်သည်။
ခန်ယန်ဟန်သည် ဉာဏ်မထက်သော်လည်း တုံးအမိုက်မဲသူတော့မဟုတ်ပေ။ သူမကောင်းတာလုပ်ဖို့ကြံစည်လိုက်သည်နှင့် တစ်ချိန်တည်းမှာပဲ သူ့ကိုယ်သူလဲဘယ်လိုကာကွယ်ရမလဲဆိုတာကိုပါ သိနေသည်။
ဖန်းရှီရွှမ်ကလဲ သူမဘယ်လောက် အကြင်နာတရားကင်းမဲ့ကြောင်း မသိသွားစေရန်အတွက် သူမအကြံအစည်နှင့်ပတ်သတ်ပြီး ခန်ယန်ဟန်ကိုအသေးစိတ်ပြောပြထားပေ။
ဖန်းရှီရွှမ်အတွက်တော့ သူမအကြံအစည်ပေါ်ပေါက်သွားတာက လုံးဝအံ့ဩစရာကြီးပင်။ သူမရောအရူးမပါ ဥပဒေကြောင်းက လွတ်မြောက်ရန်အတွက် တမင်ကို အရူးမကိုအသုံးချပြီး မကောင်းတာလုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။
သူမအစီအစဉ်က လုံးဝပြည့်စုံသည်ဟု ဖန်းရှီရွှမ် ယုံကြည်ထားခဲ့ပေမည့် အခုတော့ လုံးဝဖော်ထုတ်ခံလိုက်ရပေပြီ။
ထန်ရှောင်ရှောင်သာ ကုနင်းနှင့်မတွေ့ခဲ့ရင် သူမအကြံကသေချာပေါက် အလုပ်ဖြစ်မည်ဆိုသော်လည်း အခုတော့ ဆန့်ကျင်ဘက်တွေဖြစ်ကုန်တော့သည်။
ခန်ယန်ဟန်သည်လဲ သူ့နောက်ကွယ်မှာဖန်းရှီရွှမ် လုပ်ခဲ့သည့်လုပ်ရပ်အတွက် အံ့ဩသွားခဲ့ရသည်။ ဖန်းရှီရွှမ်က အကြင်နာတရားရှိသည့်မိန်းမတစ်ယောက်မဟုတ်မှန်း သူသိထားပေမည့် ဒီလောက်ထိဆိုးဝါးလိမ့်မည်ဟုတော့ မမျှော်လင့်ထားမိပေ။ ဒါကြောင့် ခန်ယန်ဟန် သူမကိုကာကွယ်ပေးဖို့မဖြစ်နိုင်ပေ။ သူတို့ရဲ့ဆက်ဆံရေးကိုလဲ အခုပဲဖြတ်တောက်ပစ်ချင်နေသည်!
ခန်ယန်ဟန်၏ထုတ်ပြန်ချက်ကြောင့် ‘နန်းတော်’ဇာတ်လမ်း၏ဒါရိုက်တာကလဲ ထန်ရှောင်ရှောင်၏နာမည်ကိုရှင်းလင်းပေးရန် ထုတ်ပြန်ချက်တစ်စောင် ထုတ်ရတော့သည်။ ဒါက သူအရင်တင်ခဲ့တဲ့သတင်းနှင့် အနည်းငယ်ကွာခြားနေသော်လည်း လက်ခံလို့ရနေတုန်းပင်။
တချို့သောအင်တာနက်အသုံးပြုသူတွေကတော့ သံသယရှိနေကြတုန်းဆိုပေမည့် အများစုကတော့ ထန်ရှောင်ရှောင်၏နာမည်ပျက်ရှင်းလင်းသွားပြီဆိုကတည်းက မေ့ပျောက်လာကြတော့သည်။
……..
အစပိုင်းမှာတော့ ဖန်းရှီရွှမ်က ရဲစခန်းကိုခေါ်ဆောင်သွားခဲ့ရတာတောင် ငြင်းဆန်နေခဲ့ပေမည့် အဆုံးမှာတော့ သူမပြစ်မှုကိုဝန်ခံလိုက်ရတော့သည်။
ရဲသားတစ်ယောက်က ဖန်းရှီရွှမ်ရှေ့မှာ ထန်ရှောင်ရှောင်ကောင်းကြောင်းတွေချည်းပြောနေတာကြောင့် ဖန်းရှီရွှမ်လဲ ဒေါသမထိန်းနိုင်တော့ကာ အားလုံးကိုဖော်ထုတ်မိသွားတော့သည်။
လုပ်ကြံမှုတွင် ဖန်းရှီရွှမ်ကိုကူညီပေးခဲ့သည့်အမျိုးသားကတော့ ဖော်ထုတ်ခံလိုက်ရကတည်းက ထွက်ပြေးသွားခဲ့သည်။
ဖန်းရှီရွှမ် အလုပ်လုပ်သည့်ကုမ္ပဏီဘက်က သူမကိုကူညီဖို့ ရှေ့နေတစ်ယောက်တောင် မရှာပေးဘဲ ရလဒ်သိဖို့ရန်လောက်သာ ရဲစခန်းကို ဖုန်းတစ်ချက်လောက်ဆက်ဖော်ရသည်။
သက်သေအခိုက်အလုံရှိနေတာကြောင့် ဖန်းရှီရွှမ် နှစ်အချို့လောက်ထောင်ကျနိုင်ချေများသည်။
ဖန်းရှီရွှမ်၏လုပ်ရပ်က သူမအလုပ်လုပ်နေသည့်ကုမ္ပဏီ၏ဂုဏ်သတင်းကိုပါ ထိခိုက်စေတာကြောင့် သူမကိုအချိန်တိုအတွင်း စွန့်ပစ်သွားကြသည်။
အခုတော့ ဖန်းရှီရွှမ်၏ထောင်ဒဏ်က ထန်ရှောင်ရှောင်၏ဒဏ်ရာအပေါ်မူတည်သွားပေပြီ။ ထန်ရှောင်ရှောင်သာ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားလျှင် ဖန်းရှီရွှမ်၏ပြစ်မှုကလဲ ကြီးလေးမည်ဖြစ်ပြီး မဟုတ်လျှင်တော့ ပြစ်ဒဏ်လျှော့ပေါ့သွားပေလိမ့်မည်။
ရဲဘက်က လင်းလုကိုဆက်သွယ်ကာ ထန်ရှောင်ရှောင်၏ဒဏ်ရာကို စစ်ဆေးဖို့လိုကြောင်းပြောခဲ့သည်။
လင်းလုက မဆုံးဖြတ်တတ်တာကြောင့် ရဲဘက်ကို နောက်မိနစ်အနည်းငယ်နေလျှင်ပြန်ခေါ်မည်ဟုသာ ပြောလိုက်ပြီး ဖုန်းချလိုက်သည်။ ထို့နောက် ကုနင်း၏အတွေးကိုမေးရန်အတွက် လင်းလုဖုန်းဆက်လိုက်တော့သည်။
ဒဏ်ရာကိုစစ်ဆေးဖို့အမှန်တကယ်လိုအပ်တာကြောင့် ကုနင်းသဘောတူခဲ့သည်။ ထန်ရှောင်ရှောင်၏ကိုယ်ပေါ်မှဒဏ်ရာက ကုနင်း၏ကုသပေးမှုကြောင့် အများကြီးသက်သာသွားပြီဆိုသော်လည်း ဖန်းရှီရွှမ်ကို အနည်းဆုံး၂နှစ်လောက်ထောင်နန်းစံရအောင် လုပ်နိုင်သေးသည်။
ဖန်းရှီရွှမ်မှာ ဥပဒေအရအပြစ်ပေးခံရမည်ဖြစ်တာကြောင့် ကုနင်းဝင်ပါမနေတော့ပေ။
ရဲဘက်က ထန်ရှောင်ရှောင်ကို သိပ်ပြီးအရေးတယူမလုပ်မှာစိုးတာကြောင့် ချွမ်မင်ခိုင်ကိုအကူအညီတောင်းကာ ထန်ရှောင်ရှောင်ဘက်က ပံ့ပိုးပေးဖို့ ကုနင်းပြောလိုက်သည်။
ရဲစခန်းက ဖန်းရှီရွှမ်၏မိဘများကိုလဲ အကြောင်းကြားခဲ့ပေမည့် သူမမိဘတွေက သူမအခြေအနေကို လုံးဝအရေးမထားကြပေ။ ထိုအစားသူတို့ရဲ့အနာဂါတ်နှင့် သူတို့သား၏လက်ထပ်ပွဲအတွက်သာ စိုးရိမ်သွားကြသည်။ ဖန်းရှီရွှမ်ကသာ သူမမိသားစု၏တစ်ဦးတည်းသော ငွေကြေးရှာဖွေသူဖြစ်ကာ သူမမိဘတွေကတော့ သားကိုသာဦးစားပေးပစားကြသည်။
သူမမိဘတွေက ဖုန်းဆက်သည့်ရဲသားကိုတောင်မှ မကျေမနပ်ပြောနေကြသေးသည်။
ဖန်းရှီရွှမ်၏မိဘများကို ဆက်သွယ်ပေးရသည့်ရဲသားမှာတော့ ဘာပြန်ပြောလို့ပြောရမှန်းမသိတော့ဘဲ ဖန်းရှီရွှမ်ကိုသာ သနားမိသွားသည်။
“ခင်ဗျားတို့လာမှာလား မလာဘူးလား?” ရဲသားမှာ စိတ်မရှည်တော့ဘဲ လိုရင်းကိုသာ မေးလိုက်တော့သည်။
“သေချာပေါက်လာရမှာပေါ့!” ဖန်းရှီရွှမ်၏မိခင်ကပြန်ဖြေလေသည်။
သူတို့ ဖန်းရှီရွှမ်ဆီသွားတာကလဲ သူတို့အကျိုးအတွက်သာဖြစ်သည်။
***
အခန်း ၉၃၃ အမ်းထားတဲ့ချစ်သူလေး
ဖန်းရှီရွှမ်က မိဘများကို ငွေများစွာထောက်ပံ့နေခဲ့ရင်တောင် သူမမှာ များစွာသောစုဆောင်းထားမှုများရှိနေသေးကြောင်း သူတိုသိပေသည်။ သူမ ထောင်ကျတော့မယ်ဆိုမှတော့ သူမစုဆောင်းထားသမျှကို မိဘတွေအနေနဲ့သုံးပိုင်ခွင့်ရှိသည်ဟု ယူဆနေကြခြင်းဖြစ်သည်။
ထို့အပြင် ဖန်းရှီရွှမ်သည် Bမြို့တွင် အိမ်တစ်လုံးလဲပိုင်ဆိုင်ထားကာ သူမမောင်ကလဲ လက်ထပ်တော့မည်ဖြစ်တာကြောင့် သူမမိဘတွေက သူမအိမ်ကို သူမမောင်နာမည်ဖြင့်လွှဲပြောင်းပေးဖို့ ကြံစည်နေကြခြင်းဖြစ်သည်။
ဖန်းရှီရွှမ်၏မိဘများမှာ အရှက်မဲ့သောမိဘများပင်။
အတိတ်တုန်းကဆိုလျှင် ဖန်းရှီရွှမ်တို့မိသားစုသာ မြို့ငယ်လေးတစ်မြို့မှ သာမာန်ဘဝသမားများဖြစ်ကြပေမည့် ဖန်းရှီရွှမ်နာမည်ကြီးလာသည်နှင့် သူတို့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ကြသည်။
သူမမိသားစုက သူမငွေတွေကိုသုံးကာ အိမ်ကြီးအိမ်ကောင်းများ ဇိမ်ခံကားများကိုဝယ်ယူခဲ့ကြသည်။ သူတို့မှာ ဘာအလုပ်အကိုင်မှမရှိဘဲ ဖန်းရှီရွှမ်၏ငွေတွေကို ဖြုန်းတီးဖို့လောက်သာ ခေါင်းထဲရှိကြသူများဖြစ်သည်။
ဖန်းရှီရွှမ်သည်လဲ သူမမိသားစုနှင့် အချေအတင်စကားများကြပါက သူမဂုဏ်သတင်းထိခိုက်မည်စိုးတာကြောင့် နှစ်စဉ်သူမဝင်ငွေတစ်ဝက်နည်းပါးလောက်ကို မိသားစုအားထောက်ပံ့သည့်ထဲထည့်ခဲ့သည်။
……..
များစွာသောရဲသားများနှင့်ရဲမေများနှင့်တကွ ဆရာဝန်တစ်ယောက်တို့က ထန်ရှောင်ရှောင်၏ဒဏ်ရာများကို စစ်ဆေးရန်အတွက် ဟွမ်းဒင်ဟိုတယ်သို့သွားရောက်ခဲ့ကြသည်။ ဟိုတယ်မန်နေဂျာကိုယ်တိုင်ပါ ရှိနေပေးခဲ့ပေသည်။
ထန်ရှောင်ရှောင်၏ဒဏ်ရာများကို ရဲမေများနှင့်ဆရာဝန်တို့သွားရောက်စစ်ဆေးချိန်တွင် ရဲသားများနှင့်မန်နေဂျာကတော့ ဟိုတယ်ခန်းမတွင်သာကျန်ရစ်ခဲ့သည်။
ဆရာဝန်က ထန်ရှောင်ရှောင် ဒဏ်ရာရပြီးတာတောင် ဘာလို့ဆေးရုံမသွားခဲ့သလဲဆိုသည့်အကြောင်းကို မေးမြန်းခဲ့သည်။
ထန်ရှောင်ရှောင်ကလဲ ကုနင်း သူမကိုကူညီပေးခဲ့တာကြောင့် အခုဆိုအများကြီးသက်သာနေပြီဖြစ်သည့်အကြောင်း ပြောပြခဲ့သည်။
ထန်ရှောင်ရှောင်၏ဒဏ်ရာကို မျက်မြင်တွေ့လိုက်ရချိန်မှာတော့ ရဲမေများရော ဆရာဝန်ပါ အံ့အားသင့်သွားကြသည်။ ထိုလောင်ကျွမ်းဒဏ်ရာတွေက တော်တော်ကြီးသက်သာနေပေပြီ။
အင်တာနက်ပေါ်မှဗီဒီယိုကို ဆရာဝန်ကလဲကြည့်ခဲ့ကာ ထိုဖြစ်ရပ်ပြီးနောက် ထန်ရှောင်ရှောင်တော့ အရေပြားအစားထိုးကုသခြင်းမျိုးခံယူရတော့မည်ဟု တွေးခဲ့ပေမည့် အခုချိန်မှာ သူမဒဏ်ရာကလည်း အနည်းငယ်ကြောက်စရာအနေအထားရှိနေသေးသည်ဆိုလျှင်တောင် သက်သာပျောက်ကင်းနှုန်းက လွန်စွာမြန်ဆန်လှသည်။
ရဲမေတွေရော ဆရာဝန်ပါ အကြောင်းအရင်းကိုသိချင်လာကြသည်။ ဒါကြောင့် ကုနင်း သူမဒဏ်ရာကိုဘယ်လိုမျိုးကုသပေးခဲ့လဲ ထန်ရှောင်ရှောင်အားမေးမြန်းကြသည်။ ထန်ရှောင်ရှောင်က ကုနင်းပေးသည့်ဆေးကို သူမဒဏ်ရာအားလိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောပြပေမည့် ထိုဆေးကဘာဆေးလဲဆိုတာကိုတော့ သူမလဲမသိပေ။
ထန်ရှောင်ရှောင်မသိဘူးဆိုမှတော့ သူတို့ကိုယ်တိုင်ကလဲ ကုနင်းက သာမာန်မဟုတ်ကြောင်းသိနေကြပြီးဖြစ်တာကြောင့် ဆက်မမေးကြတော့ပေ။
………
နောက်ဆုံးရလဒ်က မထွက်သေးဘူးဆိုရင်တောင်မှ ထန်ရှောင်ရှောင်၏နာမည်ကရှင်းလင်းသွားခဲ့ပြီဖြစ်တာကြောင့် ‘နန်းတော်’ရိုက်ကွင်းကလဲ သူမကိုပါဝင်ဖို့ပြန်လည်ဖိတ်ခေါ်လာခဲ့သည်။
သို့ပေမည့် လင်းလုကတော့ ‘နန်းတော်’ဘက်မှ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပေသည်။
‘နန်းတော်’ရိုက်ကူးရေးအဖွဲ့သည် အရင်က ဖန်းရှီရွှမ်ဘက်မှ ရပ်တည်ခဲ့တာကြောင့် ထန်ရှောင်ရှောင်နှင့်နောက်တဖန်ပြန်လည်ပူးပေါင်းဖို့ဆိုသည်က မဖြစ်နိုင်တော့ပေ။ ဒါကြောင့် လင်းလုက သူတို့ကြားမှသဘောတူညီချက်ကို ဖျက်သိမ်းလိုက်သည်။
‘နန်းတော်’ရိုက်ကူးရေးအဖွဲ့ကလဲ သူတို့ဆုံးဖြတ်ချက်မှားချခဲကြောင်း သိကြတာကြောင့် လက်ခံလိုက်ရသည်။
ထန်ရှောင်ရှောင်ဘက်ကဦးစွာ စာချုပ်ကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့သော်လည်း ‘နန်းတော်’ရိုက်ကူးရေးအဖွဲ့၏အမှားသာဖြစ်တာကြောင့် ထန်ရှောင်ရှောင်ဘက်မှ လျော်ကြေးပေးစရာမလိုအပ်ပေ။
ဖြစ်ရပ်တစ်ခုလုံး အလုံးစုံဖြစ်ပျက်သွားသည်မှ ဘေးမှကြည့်နေသူများအတွက်တော့ လွန်စွာမြန်ဆန်လလွန်းနေသည်။ ပြီးခဲ့သည့်နေ့လည်ဘက်က ကောလဟာလစထွက်ခဲ့ကာ ဒီနေ့လည်မှာတော့ သတင်းမှာပိုကြီးလာခဲ့ပြီး ဒီညနေမှာပဲ အားလုံးဖြေရှင်းပြီးသွားခဲ့သည်။
ဒါက သမိုင်းမှာတောင်မှ အမြန်ဆန်ဆုံးဖြစ်ပျက်ပြီးစီးသွားသည့် ပြဿနာတစ်ရပ်ပင်ဖြစ်သွားခဲ့သည်!
တကယ်တမ်း ကုနင်းပါဝင်လာကတည်းက ဒီလိုရလဒ်မျိုးဖြစ်လာလောက်မည်မှန်း ခန့်မှန်းမိခဲ့ကြတာကြောင့် အရမ်းကြောင်းမအံ့ဩသွားခဲ့ကြပေ။ လူများစွာ၏အမြင်မှာတော့ ကုနင်းဆိုသူက မလုပ်နိုင်တာဘာမှမရှိသည့်လူမျိုးပင်ဖြစ်နေပေပြီ။
…….
အရှုပ်အရှင်းတွေအားလုံးပြီးစီးသွားချိန်မှာတော့ ည၈နာရီပင်ရှိသွားပေပြီ။
ကုနင်းနှင့်လင်ရှောင်းထင်တို့ ထန်အိမ်တော်မှမပြန်ခင် ညစာစားသွားကြသည်။
ကောင်းယိနှင့်ချောင်ယက သူတို့ကိုယ်ပိုင်အားလပ်ချိန်ရသွားကာ ကုနင်းနှင့်လင်ရှောင်းထင်သည်တော့ လမ်းလျှောက်ထွက်ခဲ့ကြသည်။
သူတို့မှာ ကားတစ်စီးသာရှိတာကြောင့် ကုနင်းက သူမတို့ကို ဖန်ရှန်းဈေးဝယ်စင်တာသို့အရင်မောင်းပို့ပေးရန် ကောင်းယိကိုပြောလိုက်သည်။ လင်ရှောင်းထင်က ဖန်ရှန်းတွင်ကားတစ်စီးစီစဉ်ပေးထားဖို့ရန် တစ်ယောက်ယောက်ကို ခိုင်းထားပေလိမ့်မည်။
ကုနင်းက လင်ရှောင်းထင်အတွက် အဝတ်အစားများသွားဝယ်လိုခြင်းပင်။
ပြီးခဲ့သည့်ဆောင်းက လင်ရှောင်းထင်ကို အဝတ်အစားများဝယ်ပေးခဲ့ပေမည့် အခုက ဥတုပြောင်းသွားပေပြီ။ ကုနင်းကလဲ သူမချစ်သူကောင်လေးအတွက် အဝတ်အစားလိုက်ဝယ်ပေးရမည်ကို ပျော်ရွှင်နေသူဖြစ်သည်။
လင်ရှောင်းထင်သည် စိတ်ရှည်သည့်ချစ်သူတစ်ယောက်ဖြစ်တာကြောင့် ကုနင်းနှင့်ဈေးဝယ်လိုက်ထွက်ပေးရလို့လဲ ငြိုငြင်မည့်သူမဟုတ်ပေ။
ယောက်ျားလေးအများစုကတော့ သူတို့ချစ်သူများဈေးဝယ်ထွက်သည်ကို လိုက်ပေးချင်ကြသူများမဟုတ်ပေ။
ကုနင်းက သူ့အတွက်အဝတ်အစားလိုက်ဝယ်ပေးမည်မှန်း သိလိုက်ရသည်နှင့် လင်ရှောင်းထင်ပျော်ရွှင်သွားတော့သည်။ သူ့မှာအဝတ်အစားမရှိတာတော့မဟုတ်ပေမယ့် ကုနင်း၏စေတနာကို မငြင်းဆန်လိုခြင်းသာဖြစ်သည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့လို မျက်စိပသာဒဖြစ်စေသည့်စုံတွဲ ရောက်လာသည်နှင့် အနားရှိလူပေါင်းများစွာ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
“ဝါး၊ ငါ့မှာလဲဒီလိုခန့်ညားတဲ့ချစ်သူတစ်ယောက်လောက်ရှိချင်လိုက်တာ!”
“ငါလဲရှိချင်တာပေါ့!”
“သူသေချာပေါက် အရမ်းချမ်းသာလောက်တယ်။”
“ဟမ့်၊ နင်အရမ်းတော်တဲ့ချစ်သူကောင်လေးရချင်ရင် အရင်ဆုံးချမ်းသာပြီးလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ကြိုးစားလိုက်ဦး။”
“အဲ့ကောင်မလေးကိုကြည့်ရတာ ရင်းနှီးနေတယ်လို့ နင်မခံစားရဘူးလား?”
“နင်တစ်နေရာရာမှာမြင်ဖူးခဲ့လို့နေမှာပေါ့?”
“ဟုတ်မှာပါ။”
မိန်းကလေးက ကုနင်း၏နာမည်ကိုစဉ်းစားလို့မရတာကြောင့် ဆက်မတွေးတော့ပေ။ သို့သော် ကုနင်းနှင့်လင်ရှောင်းထင်တော့ အတော်ဝေးဝေးရောက်သွားချိန်မှာတော့ ကုနင်းက လက်ရှိကျော်ကြားနေသည့် ကုနတ်ဘုရားမဖြစ်ကြောင်း မှတ်မိသွားတော့သည်!
သူမအရမ်းစိတ်လှုပ်ရှားသွားသော်လည်း အကြောင်းကံမတိုက်ဆိုင်စွာဘဲ ကုနင်းကထွက်သွားနှင့်ပေပြီ။
သူမသာ ကုနင်းနှင့်တွဲပြီးဓါတ်ပုံနည်းနည်းပါးပါးရိုက်နိုင်ခဲ့လျှင် သူမသူငယ်ချင်းတွေ သူမကိုအရမ်းမနာလိုဖြစ်အောင်လုပ်နိုင်တော့မည့်အခွင့်အရေး ဆုံးရှုံးသွားပေပြီ။
…….
“ကျွန်မရှင့်အတွက် ဈေးကြီးတဲ့အဝတ်အစားတွေဝယ်ပေးမှာကိုသာ တခြားလူတွေ တွေ့ပြီးသွားရင် ရှင့်ကို ကျွန်မအမ်းထားတဲ့ချစ်သူကောင်လေးလို့ ထင်သွားလောက်တယ်။” ကုနင်း စနောက်လိုက်ပေမည့် လင်ရှောင်းထင်က ပြုံးသာပြုံးကာ၊ “ဟ-ဟ၊ မင်းရဲ့ချစ်သူလေးဆိုလဲ ဖြစ်ချင်ပါတယ်။”
ကုနင်းရယ်ချင်စိတ်ကို ထိန်းချုပ်ကာ နာမည်ကြီးအမျိုးသားဝတ်များရောင်းသည့်ဆိုင်ထဲသို့ ဝင်သွားလိုက်တော့သည်။
***
အခန်း ၉၃၄ အဖြစ်သည်းမနေနဲ့
ဆိုင်ရှိအရောင်းဝန်ထမ်းက လင်ရှောင်းထင်ကိုမြင်လိုက်သည်နှင့် ခန့်ညားလွန်းသည့်သွင်ပြင်ကြောင့် မှင်သက်သွားတော့သည်။ “ကြိုဆိုပါတယ်! ဆိုင်ထဲမှာ စိတ်ကြိုက်ကြည့်ရှုနိုင်ပြီး ဘယ်အင်္ကျီမဆိုစမ်းဝတ်ကြည့်လို့ရပါတယ်ရှင့်!”
“ကျေးဇူးပါပဲ။” ကုနင်းပြောလိုက်ပြီးနောက် လင်ရှောင်းထင်နှင့်အတူ ဆိုင်ထဲလျှောက်ပတ်ကြည့်တော့သည်။
ဆိုင်ထဲမှအမျိုးသမီးတိုင်းက လင်ရှောင်ထင်၏ဆွဲဆောင်မှုတွင် မျောပါသွားကြသော်လည်း သူတို့၏တွဲဖက်များကတော့ မကျေမနပ်ဖြစ်လို့နေကြသည်။ “အဲ့လူကိုကြည့်မနေနဲ့၊ မင်းဘေးကလူတစ်ယောက်လုံးကိုတောင် မမြင်နိုင်တော့ဘူးလား? အဲ့ကောင်နဲ့အိပ်ချင်နေတာလား?” ရုတ်တရက်ဆိုသလို လူတစ်ယောက်က သူ့ချစ်သူအားပိတ်အော်လိုက်သည်။
ထိုလူသည် လွန်စွာရိုင်းစိုင်းကာ တဖက်သားကို ပြစ်တင်စောလွန်းသည်။ သူ့ချစ်သူလဲ သေချာပေါက်ဒေါသထွက်သွားတော့သည်။ “ငါသူ့ကိုတစ်ချက်လေးပဲကြည့်တာ! အဲ့လောက်အဖြစ်သည်းမနေနဲ့!”
“ငါကပဲ အဖြစ်သည်းတယ်ပေါ့? မင်းဒါမျိုးအရင်ကလဲလုပ်ခဲ့တာပဲလေ!” ထိုလူသည်လဲ ဒေါသများပေါက်ကွဲသွားတော့သည်။
ထိုစကားကိုကြားသည်နှင့် ဆိုင်ထဲမှလူများသည် အမျိုးသမီးကို သနားစိတ်ပျောက်ဆုံးသွားတော့သည်။ ဒါသတကယ်အမှန်ဆိုရင် ဒီအမျိုးသမီးက သူ့ချစ်သူအပေါ်ဖောက်ပြန်ခဲ့ဖူးတာပေါ့။
လက်မထပ်ခင် မိန်းကလေးတစ်ယောက်မှာအတူအိပ်ဖူးသည့်ရည်းစားဟောင်းများရှိသည်က သာမာန်ပင်ဖြစ်သော်လည်း တစ်ဖက်လူနှင့်တွဲနေချိန်မှာ ဖောက်ပြန်တာမျိုးကတော့ လက်မခံနိုင်စရာပင်။
သို့သော်လည်း ထိုအမျိုးသမီးက လုံးဝရှက်ရွံ့သွားခြင်းမရှိဘဲ ဒေါသသာထွက်နေခဲ့သည်။ “နင့်မှာ ငါ့ကိုအပြစ်တင်ပိုင်ခွင့်မရှိဘူး! နင်လဲ ငါ့အချစ်ဆုံးသူငယ်ချင်းနဲ့အိပ်ခဲ့တာ နင်အသိဆုံးဖြစ်မှာပေါ့! နင်သာအရင်မလုပ်ရင် ငါလဲဖောက်ပြန်စရာအကြောင်းမရှိဘူး။”
“မင်း…” အမျိုးသမီးမှာ ကြောင်အသွားက ဆိုင်ထဲမှလူများသည်လဲ သူ့ကိုရွံရှာသလိုကြည့်လာကြသည်။
ကိုယ့်ချစ်သူရဲ့အချစ်ဆုံးသူငယ်ချင်းနဲ့တောင်အိပ်ခဲ့တယ်ဆိုတော့ ဒီလူကအရမ်းဆိုးရွားတဲ့လူပဲဖြစ်မယ်! ဒီလိုသာဆို တစ်ဖက်အမျိုးသမီးရဲ့အပြုအမူကလဲ နားလည်ပေးနိုင်လောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီစုံတွဲကအတူတူနဲ့အနူနူတွေချည်းဖြစ်တာကြောင့် တခြားလူတွေရဲ့စာနာစိတ်နှင့်မထိုက်တန်ပေ။
စုံတွဲမှာလူကြားထဲ တစ်ယောက်မကောင်းကြောင်းတစ်ယောက်ဖော်မိပြီးနောက် အရှက်ရသွားကာ ခပ်မြန်မြန်ပဲထွက်သွားတော့သည်။
ထိုအဖြစ်အပျက်က ကုနင်းနှင့်လင်ရှောင်းထင်တို့၏စိတ်အခြေအနေအပေါ်ကိုတော့ သက်ရောက်ခြင်းမရှိဘဲ ဆက်လက်ဝယ်ခြမ်းနေသည်။
လင်ရှောင်းထင်က သူ့စတိုင်လ်နှင့်ပတ်သတ်ပြီးသိပ်အာရုံမထားဘဲ ကုနင်းဝယ်ပေးသမျှ ဘယ်လိုအဝတ်အစားမဆို အမြတ်တနိုးဝတ်ဆင်မည်ဖြစ်သည်။ ကုနင်းလျှောက်ပတ်ကြည့်နေချိန်တွင် သူကတော့ ပြုံးရွှင်နေသောပုံဖြင့်တကောက်ကောက်လိုက်နေတာကြောင့် အနားရှိအမျိုးသမီးများကို ထပ်ပြီးဆွဲဆောင်မိသွားပြန်သည်။
“တည်တည်တံ့တံ့နေ! ရှင့်ကိုအားလုံးဝိုင်းကြည့်နေပြီ။” ကုနင်းပြောစကားကိုကြားသည်နှင့် လင်ရှောင်းထင် နဂိုအတိုင်းမျက်နှာတည်ကြီးပြန်လုပ်လိုက်ပေမယ့်လဲ ထိုပုံစံကပင် ဆွဲဆောင်မှုရှိလွန်းနေပြန်ကာ လျစ်လျူရှုဖို့ခက်လှသည်။
ကုနင်းကတော့ မတတ်သာသလို သက်ပြင်းသာချကာ ဘာမှထပ်မပြောတော့ပေ။ သူမဆိုင်ထဲဝင်ဝင်ချင်း ကုတ်အင်္ကျီတစ်ထည်ကိုယူလိုက်သည်။
ကုတ်တစ်ထည်တည်းနှင့်က မလုံလောက်သေးတာကြောင့် ဆက်ပြီးပတ်ကြည့်နေသေးသည်။ မိနစ်အနည်းငယ်အတွင်းမှာပဲ အပေါ်အောက်အတွဲလိုက်အဝတ်အစားသုံးစုံရွေးပြီးသွားခဲ့သည်။
“ဒီလောက်ဆိုလောက်,လောက်ပါပြီ။” လင်ရှောင်းထင်ပြောလိုက်သည်။
ကုနင်းသူ့အတွက်ရည်ရွယ်ကာ ကိုယ်တိုင်လိုက်ဝယ်ပေးနေခြင်းကို သဘောကျသော်လည်း အဝတ်တွေအများကြီး မလိုအပ်ပေ။
“ကောင်းပြီလေ!” ကုနင်းလဲ ဆက်မရွေးတော့ဘဲ ငွေရှင်းကောင်တာသို့သာသွားလိုက်သည်။
ငွေကိုင်က လင်ရှောင်းထင်ကိုအရင်တစ်ချက်ကြည့်လိုက်ပြီးကာမှ၊ “အားလုံးပေါင်း ယွမ်၁၅၆,၈၀၀ကျပါတယ်။ လူကြီးမင်းမှာ ဖန်ရှန်းဈေးဝယ်စင်တာရဲ့ဗီအိုင်ပီကဒ်ရှိပါလား? ရှိရင်တော့ ၅ရာခိုင်နှုန်းလျှော့ဈေးရမှာပါ။”
ငွေကိုင်မိန်းကလေးက အမြဲတမ်းအမျိုးသားတွေကသာ ငွေရှင်းသည်ဟုယုံကြည်တာကြောင့် လင်ရှောင်းထင်ကိုသာမေးလိုက်သည်။ ထို့ကြောင့် ကုနင်း သူမကဒ်ကိုထုတ်လိုက်ချိန်မှာတော့ အံ့ဩသွားသလို အထင်သေးသည့်အမူအရာကလဲ ပေါ်လာတော့သည်။
သူက လင်ရှောင်းထင်ကိုလဲ ချမ်းသာသည့်မိန်းကလေးတွေအမြဲခေါ်လာတတ်သည့် ချောမောသည့်ချစ်သူကောင်လေးတစ်ယောက်ဟု အထင်မှားသွားခြင်းဖြစ်သည်။ ထိုသို့ခန္ဓာကိုယ်ကိုရောင်းစားကာ ငွေရှာသူများကို သူမအလွန်မုန်းတီးပေသည်။
လင်ရှောင်းထင်နှင့်ကုနင်းသည်လဲ ငွေကိုင်၏ရုတ်ချည်းပြောင်းလဲသွားသည့်အပြုအမူကို သတိထားမိကြသည်။ လင်ရှောင်းထင်ကတော့ အရေးမထားသော်လည်း ကုနင်းကတော့မကျေနပ်ပေ။ သို့သော် ငွေကိုင်ကတိုက်ရိုက်ထုတ်ပြောလာခြင်းမရှိတာကြောင့် ကုနင်းသူမနှင့်အချေအတင်မပြောနိုင်ပေ။ ဒါကြောင့် ခဏတာမျှတွေးတောပြီးနောက် ကုနင်းတမင်သက်သက် လင်ရှောင်းထင်ကိုစကားစလိုက်သည်။ “ဟန်နီ၊ နောက်ရက်ပိုင်းနေလို့ ကျွန်မမြို့တော်ကိုသွားရင် ဘယ်မှာနေရမလဲ? ရှင့်အိမ်မှာနေရမလား ဒါမှမဟုတ် ရှင့်ရဲ့စစ်ဟယ်ယွမ်မှာပဲနေလိုက်ရမလား? စစ်ဟယ်ယွမ်ကို ကျွန်မပိုသဘောကျတော့ အဲ့မှာပဲနေတာပိုကောင်းမယ်ထင်တယ်။ ပြီးတော့ အဲ့ဒါက ပိုင်ဟိုင်ပန်းခြံနဲ့လဲအရမ်းနီးပြီး မြို့တော်တက္ကသိုလ်နဲ့လဲနီးတယ်လေ။”
ကုနင်း၏စကားများကြောင့် ငွေကိုင်မိန်းကလေးမှ အလွန်အံ့ဩသွားတော့သည်။
ဘာပြောလိုက်တာ? မြို့တော်လိုနေရာက စစ်ဟယ်ယွမ်တဲ့လား?
မြို့တော်တက္ကသိုလ်နဲ့လဲနီးတယ်?
ဒီလူဘယ်လောက်တောင်ချမ်းသာတာလဲ?
မြို့တော်တက္ကသိုလ်နားကအိမ်တစ်လုံးဆိုသည်က မြို့လယ်ခေါင်နှင့်နီးသလို ယွမ်သန်း၁၀၀နီးနီးလဲပေးရသည်။
စစ်ဟယ်ယွမ်သာဆိုရင် သူ့အရွယ်အစားကိုလိုက်ပြီးယွမ်သန်းရာပေါင်းများစွာတောင်ပေးရမှာပဲ။
ငွေကိုင်လေးမှာ အစက လင်ရှောင်းထင်ကို သာမာန်ကောင်ချောလေးတစ်ယောက်ဟုသာ တွေးထားသော်လည်း သူမအထင်လုံးဝမှားနေခဲ့သည်။ သူအရမ်းချမ်းသာတာပဲ! ထိုသို့တွေးမိသည်နှင့် ငွေကိုင်မိန်းကလေးရှက်ရွံကာ မျက်နှာနီရဲသွားတော့သည်။
အစကတော့ ကုနင်းထိုအကြောင်းပြောလိုက်ချိန်တွင် လင်ရှောင်းထင်နားမလည်နိုင်ဖြစ်နေသော်လည်း မကြာခင်မှာပဲသဘောပေါက်သွားတော့သည်။ သူ့ကိုဘယ်လိုတွေးတွေးအရေးကြီးသည်ဟု မထင်ရင်တောင်မှ ကုနင်းသူ့ဘက်မှ ကာကွယ်ပေးနေတာကြောင့် ရင်ထဲထိသွားရစဲပင်။ “မင်းကြိုက်တဲ့နေရာနေလို့ရတာပေါ့။ ကိုယ်ပိုင်သမျှကလဲ မင်းအပိုင်ပဲလေ။”
ထိုစကားတွေက ငွေကိုင်မိန်းကလေးကိုလွန်စွာအားကျသွားစေသည်။ ယောက်ျားတစ်ယောက်က သူပိုင်ဆိုင်တာမှန်သမျှ တစ်ဖက်မိန်းကလေးကိုပေးချင်တာဆိုတာက သူမကိုအချစ်စစ်အချစ်မှန်နှင့်ချစ်တာကြောင့်ပင်ဖြစ်သည်။
သူမမှာလဲ သူမကိုနှစ်နှစ်ကာကာချစ်ပေးမည့် အရမ်းချမ်းသာသည့်ချစ်သူတစ်ယောက်ရဖို့ ဆုတောင်းမိတော့သည်။
***
အခန်း ၉၃၅ ကျောင်းလင်းယ
ငွေရှင်းပြီးသည်နှင့် ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆိုင်မှပြန်ထွက်လာကြသည်။
…..
အရောင်းဝန်ထမ်းက ငွေကိုင်မိန်းကလေး၏နေရခက်နေသည့်မျက်နှာထားကိုသတိပြုမိသွားတာကြောင့် အနားသို့လျှောက်လာကာ စနောက်လိုက်သည်။ “ဘာဖြစ်လို့လဲ?”
“ဟင်း…ငါအရမ်းရှက်လို့!” ငွေကိုင်မိန်းကလေးကပြန်ဖြေလေသည်။ “အစောကငွေရှင်းတဲ့လူတွေလာတုန်းကလေ ကောင်မလေးကငွေထုတ်ရှင်းနေတော့ ဟိုလူကို ကောင်မလေးအမ်းထားတဲ့ချစ်သူလေးလို့ထင်လိုက်မိတာ၊ လုံးဝမှားသွားတယ်လေ။ အဲ့လူကအရမ်းကိုချမ်းသာတာပဲ! မြို့တော်မှာတောင် အိမ်တစ်အိမ်နဲ့ စစ်ဟယ်ယွမ်တစ်လုံးပိုင်တယ်တဲ့!”
ထိုစကားကြောင့် အရောင်းဝန်ထမ်းမိန်းကလေးလဲ အံ့ဩသွားခဲ့သည်။
“နင် နောက်တစ်ခေါက်ဆို အပေါ်ယံကြည့်ပြီး တစ်ဖက်လူကိုမဆုံးဖြတ်သင့်တော့ဘူး။ သာမာန်စုံတွဲတွေလဲ တစ်ယောက်အတွက်တစ်ယောက်ဝယ်ပေးတတ်ကြတာပဲကို။”
သူမတို့က နိုင်ငံတကာဘရန်း ဈေးမြင့်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေကြခြင်းဖြစ်ကာ ဝယ်သူတွေကလဲ ချမ်းသာရင်ချမ်းသာ မဟုတ်ရင်လဲ အာဏာရှိသူများသာဖြစ်ကြသည်။
“ငါနောက်ထပ်မတွေးတော့ပါဘူး။” ငွေကိုင်မိန်းကလေးက ကတိပေးလိုက်သည်။ လက်တွေ့အပြင်လောကမှာက ကောင်ငယ်လေးတွေက ငွေအတွက်နှင့် ချမ်းသာသည့်အမျိုးသမီးများထံ သူတို့ခန္ဓာကိုယ်ကိုရောင်းစားလေ့ရှိကြတာကြောင့် လုံးဝသူမအမှားချည်းပဲတော့လဲမဟုတ်ပေ။
……..
ကုနင်းနှင့်လင်ရှောင်းထင်တို့ ဆိုင်မှထွက်လာပြီးသည်နှင့် လင်ရှောင်းထင်ဘက်က စကားစလာခဲ့သည်။ “တကယ်တော့ ကိုယ်က သူများတွေဘာတွေးတွေးဂရုမစိုက်ပါဘူး။”
ထိုကိစ္စလေးအတွက်ကြောင့်နှင့် သူ ကုနင်းကိုဒေါသမထွက်စေလိုပေ။
“ရှင်ဂရုမစိုက်ပေမယ့် ကျွန်မကတော့ဂရုစိုက်တယ်။” သူမချစ်သူကို တခြားလူတွေနားလည်မှုလွဲမှာမျိုး သူမမလိုလားပေ။
ကုနင်းဘက်က အတိအလင်းကြေညာလိုက်ပြီဖြစ်တာကြောင့် လင်ရှောင်းထင်လဲ ထိုကိစ္စနှင့်ပတ်သတ်လို့ ဘာမှထပ်မပြောတော့ပေ။
သူတို့ ဈေးဝယ်စင်တာမှထွက်ကြတော့မည့်အချိန်တွင်ပဲ ငယ်ရွယ်လှပသည့်မိန်းကလေးတစ်ယောက်နှင့်တွဲကာလာနေသည့် ဖန်းကျီရွေ့နှင့်တွေ့လိုက်ရသည်။
ကုနင်းကိုမြင်လိုက်သည်နှင့် ဖန်းကျီရွေ့၏အကြည့်များလင်းလက်သွားသော်လည်း သူမဘေးတွင် လင်ရှောင်းထင်ပါရှိနေတာကြောင့် အနားသိပ်မကပ်သွားပေ။ “ဟိုင်း၊ ဘော့စ်၊ လူကြီးမင်းလင်။”
ဖန်းကျီရွေ့ဘေးမှမိန်းကလေးမှာ လင်ရှောင်းထင်၏ခန့်ညားမှုကြောင့် မှင်သက်သွားခဲ့သည်။ သို့သော်လည်း လင်ရှောင်းထင်၏ကြည့်ကောင်းသည့်ရုပ်ရည်ကိုသဘောကျမိရုံသာဖြစ်ပြီး ချစ်ခင်စိတ်ရော မနာလိုဖြစ်ခြင်းပါမရှိပေ။ ထို့အပြင် ဖန်းကျီရွေ့က သူမရှေ့မှကောင်မလေးကို ဘော့စ်ဟုခေါ်လိုက်သည့်အတွက်သာ ပိုလို့အံ့ဩနေမိသည်။ ဒါကြောင့် ကုနင်းကိုသာ စူးစမ်းနေလေသည်။ ကုနင်းက သူမကိုသိပ်အာရုံစိုက်မနေဘဲ ဖန်းကျီရွေ့ကိုသာနှုတ်ဆက်လိုက်သည်။ “ဟိုင်း၊ မတွေ့တာကြာပြီပဲ။ အခုတလောဘယ်လိုနေလဲ?”
“ကောင်းပါတယ်၊ အိုးဟုတ်သားပဲ၊ ဘော့စ်နဲ့မိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့ချစ်သူ ကျောင်းလင်းယတဲ့။”
“လင်းယ၊ ဒါကငါ့ဘော့စ်လဲဖြစ် ငါ့အစ်ကိုရဲ့အသက်သခင်လဲဖြစ်တဲ့ ကုနင်းပဲ။” ဖန်းကျီရွေ့က သူ့ချစ်သူနဲ့မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်။” ကုနင်း ယဉ်ယဉ်ကျေးကျေးပင် ကျောင်းလင်းယကိုနှုတ်ဆက်လိုက်သည်။ ဖန်းကျီရွေ့က ထိုမိန်းကလေးအပေါ်ခံစားချက်လေးနက်ကြောင်း သူမခံစားမိသည်။
ဖန်းကျီရွေ့သည် အရင်ကဆိုလျှင် လူရှုပ်လူပွေဖြစ်သော်လည်း အခုတော့ များစွာရင့်ကျက်နေပြီဖြစ်တာကြောင့် ကုနင်းပင်အံ့ဩမိသွားသည်။
ဖန်းကျီရွေ့ ယခုလိုပြောင်းလဲသွားသည်က သူမနှင့်ပတ်သတ်မှုရှိမှန်းလဲ ကုနင်းနားလည်သည်။ ဖန်းကျီရွေ့က သူမသူငယ်ချင်းအနေနှင့် သူလဲသူမဆီမှသင်ယူမည့်အကြောင်း ပြောဖူးပေသည်။ ဖန်းကျီရွေ့သည် သူပြောင်းလဲဖို့စိတ်ဆုံးဖြတ်ချက်ချလိုက်သည်နှင့် သူ့အနာဂါတ်အတွက်အဆုံးစွန်တိုက်ခိုက်သွားမည့်လူမျိုးဖြစ်သည်။
ကျောင်းလင်းယကတော့ ဖန်းကျီရွေ့မိတ်ဆက်ပေးသည့်ပုံစံကြောင့် လွန်စွာအံ့ဩနေခဲ့သည်။ ဖန်းကျီရွေ့အစ်ကိုဘာဖြစ်ခဲ့လဲ သူမလဲသိထားပေသည်။
ထိုမတော်တဆမှုအကြောင်း ဘယ်သူကမှသူမကိုအသေးစိတ်လိုက်ပြောပြမနေခဲ့တာကြောင့် သူမလဲ ဖန်းကျီရွေ့အစ်ကို၏အသက်ကို အတွေ့အကြုံရင့်ဆရာဝန်ကြီးတစ်ယောက်က ကယ်တင်ပေးခဲ့တာပဲဖြစ်မည်ဟု ထင်ထားခဲ့သည်။
အခုတော့ ကျောင်းလင်းယစိတ်ထဲရှုပ်ထွေးသွားပေပြီ။ သူမရှေ့ကကောင်မလေးက ဘယ်လိုလုပ်ကယ်ပေးလိုက်တာလဲ?
သို့သော်လည်း သူမဘယ်လောက်ပဲသိချင်နေပါစေ အခုချိန်မှာ ဘာမှမမေးခဲ့ပေ။
“တွေ့ရတာဝမ်းသာပါတယ်။ မိန်းကလေးကု!” ကျောင်းလင်းယ ပြုံး၍သာ ကုနင်းကိုပြန်နှုတ်ဆက်လိုက်သည်။
ခဏတဖြုတ်စကားပြောပြီးနောက် သူတို့လမ်းခွဲလိုက်ကြသည်။
ဖန်းကျီရွေ့ကတော့ သူတို့တွေလူစုကာစားသောက်ကြရန် ကုနင်းနှင့်လင်ရှောင်းထင်တို့ကို ဖိတ်ကြားသော်လည်း ကုနင်းကငြင်းလိုက်တာကြောင့် ထပ်မတိုက်တွန်းတော့ပေ။
ကုနင်းနှင့်လင်ရှောင်းထင်တို့ အတော်ဝေးဝေးရောက်ကာမှ ကျောင်းလင်းယလဲ ဖန်းကျီရွေ့ကိုမေးတော့သည်။ “နင်သူ့ကိုဘာလို့ဘော့စ်လို့ခေါ်တာလဲ?”
ကုနင်းက ဖန်းကျီရွေ့အစ်ကို၏အသက်ကို ကယ်တင်ပေးခဲ့ရုံလောက်နှင့် ဘော့စ်ဟုမခေါ်လောက်ဟု ကျောင်းလင်းယတွေးမိသည်။
ကျောင်းလင်းယနှင့်ဖန်းကျီရွေ့တို့သည် တက္ကသိုလ်ကျောင်းနေဖက်များဖြစ်သော်လည်း တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းကြီးသိနေတာကြောင့် နောက်ပိုင်းသိပ်မတွေ့ဖြစ်ခဲ့ကြပေ။
အရင်ကဆိုလျှင် ဖန်းကျီရွေ့သည်လူရှုပ်လူပွေဖြစ်ကာ မိန်းကလေးတစ်ယောက်ကို ဘော့စ်အဖြစ်သတ်မှတ်ဖို့လုံးဝမဖြစ်နိုင်ပေ။
ဖန်းကျီရွေ့ ပြောင်းလဲသွားတာမသေချာမချင်း သူမလဲ သူ့ချစ်သူဖြစ်ဖို့သဘောမတူခဲ့ပေ။ အခုတော့ ဖန်းကျီရွေ့သည် လုံးဝပြောင်းလဲသွားနှင့်ပေပြီ။
တကယ်တော့ ကျောင်းလင်းယသည် အရင်ကတည်းက ဖန်းကျီရွေ့ကို သဘောကျခဲ့သော်လည်း သူက လူရှုပ်လူပွေမှန်းသိနေတာကြောင့် အကွာအဝေးတစ်ခုထားကာ ခပ်ခွာခွာနေခဲ့သည်။
သူတို့မကြာသေးခင်က ပြန်လည်ဆုံတွေ့ခဲ့ကြကာ ကျောင်းလင်းယကလဲ ဖန်းကျီရွေ့ကိုချစ်နေသလို ဖန်းကျီရွေ့ကလဲ သူမကိုချစ်ခွင့်ပန်ခဲ့သည်။
သူတို့နှစ်ယောက်လုံးမှာ ရည်းစားဟောင်းတွေအများကြီးရှိကြတာခြင်း အတူတူပင်ဖြစ်တာကြောင့် ဘယ်သူကမှအတိတ်တွေကို ဂရုစိုက်မနေကြတော့ပေ။
သူတို့စတွဲနေတာ တစ်ပတ်လောက်ရှိပြီဖြစ်ကာ ဖန်းကျီရွေ့က သူမအပေါ်အရမ်းကောင်းပြီး အနာဂါတ်ကိုပါအတူတကွလျှောက်လှမ်းဖို့ရည်ရွယ်ထားကြသည်။
ဖန်းကျီရွေ့ကလဲ ကျောင်းလင်းယကိုအရမ်းဂရုစိုက်တာကြောင့် သူ့အကြောင်းမှန်သမျှ သူမကိုပြောပြဖို့ဝန်မလေးပေ။
ကုနင်းလုပ်ဆောင်ခဲ့သမျှကိုကြားပြီးချိန်မှာတော့ ကျောင်းလင်းယအလွန်လေးစားသွားတော့သည်။
ဖန်းကျီရွေ့က အင်တာနက်ပေါ်မှာရှိပြီးသား ကုနင်းအကြောင်းသတင်းများစွာကိုလဲ ပြောပြခဲ့တာကြောင့် ကျောင်းလင်းယ အတော်လေးမှင်သက်သွားလေသည်။
***