အခန်း (၉၃၆-၉၄၀)
Vol. 63 Ch. 936-940
အခန်း ၉၃၆ ရေသွားမချိုးဘူးလား?
ကျောင်းလင်းယလဲ ကုနတ်ဘုရားမအကြောင်းများစွာကြားဖူးထားပြီးဖြစ်ပေမည့် ကုနင်းက ထိုကုနတ်ဘုရားမှန်းတော့မသိခဲ့ပေ။
ဒါကြောင့် အခုအင်တာနက်ပေါ်မှာ အကျော်ကြားဆုံးမိန်းကလေးက ဖန်းကျီရွေ့၏သူငယ်ချင်းဖြစ်နေမှန်းသိလိုက်ရတာကြောင့် အလွန်အံ့၏သွားခဲ့ခြင်းဖြစ်သည်။
……..
ကုနင်းနှင့်လင်ရှောင်းထင်တို့ ကားပါကင်သို့လျှောက်လာခဲ့သည်။
လင်ရှောင်းထင်ပို့ခိုင်းထားသည့်ကားကလဲ အဆင်သင့်ရောက်လို့နေပေပြီ။
သူတို့ကားထဲရောက်သည်နှင့် လင်ရှောင်းထင်က၊ “နင်းနင်း၊ ကိုယ်တို့ဟိုတယ်သွားကြရင်မကောင်းဘူးလား?”
ကုနင်းရုတ်တရက်ကြောင်လို့သွားရသည်။ “ဘာအတွက်လဲ?”
လင်ရှောင်းထင်က မျက်လုံးများထဲတွင် လိုချင်တပ်မက်စိတ်များတောက်လောင်နေပုံဖြင့်၊ “ကိုယ်တို့ဆူဆူညံညံတွေလုပ်ရင် သူတို့ကြားသွားလိမ့်မယ်လေ။”
ထိုတော့မှ ကုနင်းရှက်သွားမိတော့သည်။ လင်ရှောင်းထင် သူမနှင့်ဘာလုပ်ချင်နေမှန်း ချက်ချင်းသိသွားခြင်းကြောင့်ပင်။
လင်ရှောင်းထင်ပြောတာလဲ မှန်ပေသည်။ သူတို့သာ အိမ်မှာချစ်ကြလို့ ကောင်းယိနှင့်ချောင်ယတို့ကြားသွားပါက အရမ်းရှက်ဖို့ကောင်းပေလိမ့်မည်။ ဒါကြောင့် ကုနင်းလဲ ချောင်ယကိုဖုန်းဆက်ကာ သူမတို့ဒီညအိမ်ပြန်မလာမည့်အကြောင်းပြောလိုက်သည်။
ကောင်းယိနှင့်ချောင်ယတို့သည်လဲ ချစ်သူတွေဖြစ်တာကြောင့် သူတို့မှာလဲ သီးသန့်ကိုယ်ပိုင်အချိန်လိုအပ်ပေသည်။ သူတို့သည်လဲ ကုနင်း၏အိမ်မှာ မချစ်ချင်ကြတာကြောင့် ဟိုတယ်တစ်ခုသို့သွားနေခဲ့ကြသည်။
ကုနင်းက မြို့တော်မှာဆိုလျှင် ကောင်းယနှင့်ချောင်ယကို သူမဘေးအိမ်တွင်နေခိုင်းဖို့ရည်ရွယ်ထားသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကမိသားစုတစ်ခုလိုဖြစ်နေပြီမဟုတ်လား။
ချန်စန်းယိက မြို့တော်မှာသူမအိမ်တည်ဆောက်မှုကို တာဝန်ယူထားကာ တစ်လလောက်နေလျှင်ပြီးစီးလိမ့်မည်။ နောက်ထပ်ပြင်ဆင်စရာရှိသည်များပြင်ဆင်ပြီးလျှင် သူမတန်းပြောင်းနေနိုင်ပေမည်။
ကုနင်းက မြို့တော်တွင်သာအခြေချမှာကြောင့် ချန်စန်းယိကို သူမအတွက်အိမ်တစ်လုံးဝယ်ပေးဖို့ပြောထားခဲ့သည်။
အိမ်က အဆင့်မြင့်လူနေဧရိယာတွင်ရှိကာ ရှန်းနဉ်လုပ်ငန်းစုရုံးနှင့်လဲသိပ်မဝေးပေ။ အိမ်ဈေးနှုန်းတွေကမြင့်နေတာကြောင့် ထိုဧရိယာက အိမ်တော်တော်များများက ရောင်းမထွက်ကြသေးပေ။
ထိုနေရာမှာ သိပ်မခြားသည့်အိမ်နှစ်လုံးလဲရှိတာကြောင့် ချန်စန်းယိကိုဝယ်ထားဖို့ရန် ချက်ချင်းပြောထားခဲ့သည်။ ချန်စန်းယိနှင့်ကေသည်လဲ ထိုဧရိယာတွင်သာနေကြသည်။
………
ဟိုတယ်ဘေးတွင် အမျိုးသမီးအတွင်းအဝတ်အစားဆိုင်တစ်ဆိုင်ရှိတာကြောင့် ကုနင်းလဲ ထိုနေရာတွင်ကားရပ်ပေးဖို့ရန် လင်ရှောင်းထင်ကိုပြောလိုက်သည်။ သူမဟိုတယ်မှာနေမည်ဆိုလျှင် ညအိပ်အဝတ်အစားလိုအပ်ပေသည်။
ထို့နောက် သူမတို့နှစ်ယောက် ဟိုတယ်ထဲဝင်ခဲ့ကြသည်။
သူမတို့နှစ်ယောက် ပွေ့ဖက်နမ်းရှုံ့နေကြချိန်မှာပဲ ဖုန်းသံတစ်သံမြည်လာခဲ့သည်။ ဒီလိုအထူးအခြေအနေမျိုးမှာ တစ်ယောက်ယောက်နှောင့်ယှက်တာက လင်ရှောင်းထင်အတွက် အရမ်းဒေါသထွက်ဖို့ကောင်းသော်လည်း ဖုန်းခေါ်ဆိုသူက သူ့အဖိုးဖြစ်နေတာကြောင့် ပြန်ဖြေမှရပေမည်။
ကုနင်းလဲ လင်ရှောင်းထင်ကိုထားခဲ့ကာ အရင်ဆုံးရေချိုးဖို့ထွက်သွားခဲ့သည်။
“ဟဲလို၊ အဖိုး၊ ဘာကိစ္စရှိလို့လဲ?”
“မင်း HKကိုသွားသေးလား?” သခင်ကြီးလင်က သိပ်ပြီးသားအဖြေအတွက် မေးလိုက်သည်။
“ဟုတ်၊”
“မင်းနေကာမျက်မှန်လေးတစ်လက်တပ်လိုက်ရုံနဲ့ ငါမမှတ်မိနိုင်တော့ဘူးလို့များထင်နေတာလား?” သခင်ကြီးလင်က ကိုယ့်ကိုကိုယ်ဂုဏ်ယူနေသည့်အသံမျိုးဖြင့်ပြောလိုက်သည်။
လင်ရှောင်းထင်ကတော့ အံ့ဩသွားခဲ့ရသည်။ “ကျွန်တော်HKကိုသွားတာ အဖိုးဘယ်လိုလုပ်သိတာလဲ?”
“HKမှာ ဖန်းကျီဟောက်နဲ့လောင်းကစားပြိုင်ပွဲလုပ်ပြီးအနိုင်ရခဲ့တဲ့ ထန်အိုက်နင်းလို့ခေါ်တဲ့ကောင်မလေးသတင်းကိုဖတ်နေတာ။ မင်းက သူ့နောက်မှာရှိနေတာလေ။”
“ဘာလဲ? သူ့သက်တော်စောင့်လုပ်ဖို့ မင်းတာဝန်ကျနေတာလား?”
သခင်ကြီးလင်သည် ထို “ထန်အိုက်နင်း”က ကုနင်းမှန်းမသိတာကြောင့် သူမကိုကာကွယ်ပေးဖို့ လင်ရှောင်းထင်တာဝန်ကျသည်ဟုသာ တွေးခဲ့သည်။
လင်ရှောင်းထင်ကလဲ သခင်ကြီးလင်ကို အမှန်အတိုင်းပြောဖို့ရည်ရွယ်ချက်မရှိတာကြောင့် သူ့အဖိုးပြောတာကိုသာ ဟုတ်သည်ဟု ပြန်ဖြေခဲ့သည်။
သခင်ကြီးလင်ကတော့ ထိုတာဝန်က အနည်းငယ်ရယ်စရာကောင်းသည်ဟု တွေးမိသည်။ အကြောင်းကတော့ လင်ရှောင်းထင်ဆိုတာ ဗိုလ်ချုပ်တစ်ယောက်မဟုတ်လား။ သို့သော်လည်း သူဘာမှမပြောခဲ့ပေ။
“မင်းဘယ်တော့များမှ ငါ့မြေးချွေးမလေးခေါ်လာခဲ့ပေးမှာလဲ?” ရုတ်တရက် ကုနင်းကို သခင်ကြီးလင်တွေးမိသွားသည်။ သူ့မြေးချွေးမလေးကို တစ်ရက်လောက်တရားဝင်တွေ့ဆုံချင်လှသည်။
“သိပ်မကြာတော့ပါဘူး။”
သူ့အဖိုးက ကုနင်းကိုအရမ်းတွေ့ချင်တနေတယ်ဆိုမှတော့ လင်ရှောင်းထင်လဲ သူမကို သူ့အဖိုးနှင့်မိတ်ဆက်ပေးရဖို့ အခုကတည်းက ပျော်ရွှင်နေပေပြီ။ ကျန်သည့်သူ့မိသားစုဝင်များ၏အတွေးကိုတော့ လုံးဝဂရုမစိုက်ပေ။
“ဘယ်လောက်ကို သိပ်မကြာတာလဲ?” သခင်ကြီးလင် ထပ်မေးလိုက်ပြန်သည်။ ကုနင်းကိုတွေ့ရဖို့ အရမ်းကိုစိတ်လောလို့နေပေပြီ။
“နောက်သုံးလလောက်နေရင်ဖြစ်လောက်မယ်။ သူတက္ကသိုလ်ဝင်ခွင့်စာမေးပွဲသွားဖြေရဦးမှာလေ။”
အခုက ဧပြီလဖြစ်ကာ ကောလိပ်စာမေးပွဲက နောက်နှစ်လသာလိုတော့သည်။ တစ်လလောက်ကိုတော့ တက္ကသိုလ်တွေမှာစာရင်းသွင်းတာနဲ့ သူမအလုပ်ရှုပ်နေဦးမှာဖြစ်တာကြောင့် မြို့တော်ကိုရောက်သည်နှင့် ကုနင်းကို သူ့အဖိုးဆီခေါ်သွားနိုင်ပေတော့မည်။
“အကြာကြီးလိုသေးတာပေါ့!” သခင်ကြီးလင်ဝမ်းနည်းလို့သွားတော့သည်။
သခင်ကြီးလင်နှင့်ဖုန်းချပြီးနောက် လင်ရှောင်းထင်အဝတ်အစားများကိုချွတ်လိုက်ကာ ဘောင်းဘီတိုတစ်ထည်နှင့်သာ အခန်းထဲမှာနေနေလိုက်သည်။ သူလဲ ရေချိုးဖို့သွားရမှာမဟုတ်လား။
ခဏအကြာတွင်တော့ ကုနင်းထွက်လာကာ လင်ရှောင်းထင်၏ပုံစံကိုမြင်ပြီး ရှက်သွေးဖြာသွားတော့သည်။
လင်ရှောင်းထင်သည်လဲ ကုနင်း၏အနက်ရောင်ညဝတ်ဂါဝန်မှတဆင့်မြင်နေရသည့် ခန္ဓာကိုယ်ကောက်ကြောင်းကိုကြည့်ကာ စိတ်များထကြွလာခဲ့သည်။
“အမ်… ရှင်ရေသွားမချိုးတော့ဘူးလား?” ကုနင်းပြောရင်းဖြင့် ထွက်ပြေးချင်စိတ်ပေါက်လာသော်လည်း လင်ရှောင်းထင်လက်မှမလွတ်မြောက်ခဲ့ပေ။
***
အခန်း ၉၃၇ ပေါ်သွားပြီ!
“နင်းနင်း၊” ခဏအနားယူချိန်တွင် ကုနင်းကို လင်ရှောင်းထင်ခေါ်လိုက်ခြင်းပင်။
“အွန်း၊” ကုနင်းပြန်ထူးလိုက်သည်။
“နင်းနင်း။” လင်ရှောင်းထင်က သူမနာမည်ကိုပဲထပ်ခေါ်လိုက်ပြန်တာ တခြားစကားတော့မဆက်ပေ။
“ဘာဖြစ်လို့လဲ?” ကုနင်းပြန်မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ မင်းနာမည်လေးကိုခေါ်ကြည့်ချင်လို့။”
“အွန်းပါ။” ကုနင်း ရယ်ချင်သွားသည်။
“နင်းနင်း၊ ကိုယ်မင်းကိုအရမ်းသဘောကျတယ်။”
“နင်းနင်း၊ အရမ်းလဲချစ်တယ်။”
“ကိုယ့်ဘေးမှာမင်းရှိနေတာ အရမ်းကောင်းတာပဲ၊ နင်းနင်း။”
…..
လင်ရှောင်းထင်က သူ့ချစ်ခြင်းများကို ကုနင်းအားဖွင့်ဟနေတာကြောင့် ကုနင်းရင်ထဲခံစားသွားရသည်။
………
“နင်းနင်း၊ အဘိုးက မင်းနဲ့အပြင်မှာတွေ့လို့ရမလားဆိုပြီးမေးနေတယ်။”
ထိုစကားကြောင့် ကုနင်းအံ့ဩသွားခဲ့သည်။ “ရှင့်မှာချစ်သူရှိနေတဲ့အကြောင်း ပြောပြလိုက်တာလား?”
သခင်ကြီးလင်ကို လင်ရှောင်းထင်ပြောပြီးသွားလောက်ပြီမှန်း ကုနင်းသိလိုက်ပေပြီ။
လင်ရှောင်းထင် ရုတ်တရက်ကြောင်အသွားပြီးကာမှာ သူမတော်တဆထုတ်ပြောမိသွားမှန်း သတိရသွားတော့သည်။ ပေါ်သွားပြီးပြီဆိုမှတော့ ပြန်ဖုံးကွယ်ဖို့မဖြစ်နိုင်တော့ပေ။ “အွန်း၊ ကိုယ်တို့နှစ်ယောက်ရှိနေတာကို တစ်ယောက်ယောက်တွေ့သွားကတည်းက ကိုယ့်မှာချစ်သူရှိတဲ့အကြောင်း ပြောပြလိုက်တာ။”
သူမငယ်ငယ်လေးနှင့်လင်ရှောင်းထင်ချစ်သူဖြစ်နေသည်ကို သခင်ကြီးလင်အားမသိစေလိုသော်လည်း သိပြီးသွားတော့လဲ ဘာမှတော့မဖြစ်ပေ။ ဒါကြောင့် လင်ရှောင်းထင်ကို ကုနင်းအပြစ်မတင်တော့ပေ။ သို့သော်လည်း နောင်မကြာခင် သခင်ကြီးလင်နှင့်တွေ့ဆုံရမည့်အကြောင်းစဉ်းစားကာ အရမ်းစိတ်လှုပ်ရှားလာမိတော့သည်။
သူတို့သာထပ်တွေ့ဖြစ်ကြရင် ဒီတစ်ခါတော့ လင်ရှောင်းထင်၏ချစ်သူအဖြစ်တွေ့ရတော့မည်ဖြစ်သည်။
“အမ်၊ အဘိုးဘယ်အချိန်ကသိသွားတာလဲ?” ကုနင်းမေးလိုက်သည်။
“သူသိတာတော်တော်ကြာနေပြီ၊ ဒါပေမယ့် မင်းက ကိုယ့်ချစ်သူမှန်းတော့မသိဘူး။ မင်းရဲ့နောက်ကြောင်းကို မစုံစမ်းဖို့ အဘိုးကိုပြောထားလို့ တခြားသူတွေကနေတဆင့်ပဲ နည်းနည်းပါးပါးကြားဖူးထားတယ်။”
ထိုစကားကိုကြားကာမှ ကုနင်းစိတ်အေးသွားတော့သည်။
“အဘိုးကိုလက်ဆောင်တွေပေးတာ ကျွန်မမှန်းရောသိလား?”
“သိတာပေါ့။”
ဤတစ်ခေါက်တော့ ကုနင်းဘာပြောလို့ပြောရမှန်းမသိတော့ပေ။ ဒါကြောင့် လင်ရှောင်းထင်ပြောတာကိုပဲ ကုနင်းထပ်ပြောလိုက်သည်။ “အမ်၊ ကျွန်မမြို့တော်မှာ တက္ကသိုလ်သွားတက်တဲ့အချိန် သွားလည်ကြတာပေါ့။”
“ကောင်းပြီ၊ အဘိုးကိုလဲ ဒီအတိုင်းပဲပြောထားတယ်။ အဘိုးက မင်းကိုအရမ်းသဘောကျနေတာ၊ အမြဲတမ်း သူ့ရဲ့မြေးချွေးမလေးလို့ပဲ ပြောနေတာ။” လင်ရှောင်းထင် ပြုံးရွှင်နေသည်။
သခင်ကြီးလင် သူမကိုနှစ်သက်မှန်းသိရ၍ ကုနင်းပျော်ရွှင်သွားသော်လည်း လင်ရှောင်းထင်၏ဂုဏ်ယူနေပုံကြောင့် တစ်ခုခုပြန်မပြောဘဲမနေနိုင်ပေ။ “ဟမ့်၊ မြေးချွေးမလို့ပြောဖို့ကတော့ အရမ်းစောလွန်းပါသေးတယ်။”
ကုနင်းတမင်ပြောမှန်း လင်ရှောင်းထင်နားလည်တာကြောင့် အရင်လိုစိုးရိမ်စိတ်မဝင်တော့ပေ။
အခုဆို သူတို့အတူရှိနေတာလဲ အတော်ကြာနေပြီဖြစ်တာကြောင့် တစ်ယောက်ခံစားချက်တစ်ယောက် နားလည်နေကြပေပြီ။ ထို့အပြင် နောက်ဆုံးမှာ သူတို့ပျော်ရွှင်စွာပေါင်းဖက်နိုင်မည်ဟုလဲ နှစ်ယောက်လုံးယုံကြည်ထားကြသည်။
လင်ရှောင်းထင်က ကုနင်းကိုလက်ထပ်ယူဖို့အထိ စိတ်ကိုပြင်ဆင်ထားပြီးပြီဖြစ်သည်။
“အဲ့လိုလား? ဒါဆို မင်းဆီကခွင့်ပြုချက်ရဖို့ ပိုပြီးကြိုးစားလုပ်ရတော့မှာပေါ့….” လင်ရှောင်းထင် နတ်ဆိုးဆန်ဆန်ပြုံးလိုက်ကာ ကုနင်းကိုထပ်ပြီးဖိချလိုက်ပြန်သည်။
ချက်ချင်းဆိုသလို နှစ်ယောက်သားအချစ်ကိုပုံဖောက်ကြပြန်သည်။
……
နောက်တစ်နေ့မနက်မှာတော့ ကေကို ကုနင်းဖုန်းခေါ်လိုက်ကာ ‘သတ္တိခဲလင်းယုန်’နှင့်တွေ့ပြီးပြီလား မေးလိုက်သည်။
‘သတ္တိခဲလင်းယုန်’ သည် သူ့ဘော့စ်ဖြစ်လာမည့်သူက မိန်းကလေးဖြစ်ကြောင်းသိလိုက်ရချိန်တွင် မိန်းကလေးတစ်ယောက်အတွက် အလုပ်,လုပ်ပေးဖို့ တွန့်ဆုတ်သွားခဲ့သည်။ သူဆိုတာက ရင့်ကျက်ကာ သန်မာသည့်အမျိုးသားတစ်ယောက်ပဲမဟုတ်လား။ သို့သော်လည်း ကုနင်းအကြောင်းသတင်းအစုံစုံကိုကြားသိပြီးနောက်မှာတော့ ‘သတ္တိခဲလင်းယုန်’လဲ သူမပရိသတ်ဖြစ်သွားတော့သည်။ ကုနင်းက သာမာန်မိန်းကလေးတစ်ယောက်ပါလို့ပြောလာလျှင်တောင် သူယုံတော့မည်မဟုတ်ပေ။
ဒါကြောင့်ပဲ ကုနင်းအတွက် အလုပ်လုပ်ပေးရမည်ကို ‘သတ္တိခဲလင်းယုန်’သဘောတူလိုက်ကာ တစ်ရက်ရက် သူမနှင့်လူကိုယ်တိုင်တွေ့ဆုံခွင့်ရဖို့လဲ မျှော်လင့်လို့နေသည်။
ကုနင်းသည်လဲ အလားတူစွာ သူ့အကြောင်းသိချင်နေသည်။
နောက်တော့ ‘သတ္တိခဲလင်းယုန်’အတွက် ဘယ်လိုအလုပ်မျိုးစီစဉ်ပေးရမလဲဆိုသည်ကို ကုနင်းအားမေးလိုက်သည်။
‘သတ္တိခဲလင်းယုန်’ကို ပါးထျန်းယန်၏အဖွဲ့ထဲကိုပါပို့လိုက်ဖို့သာ ကုနင်းပြောလိုက်သည်။ နေဖို့ကိုလဲ သူမဝယ်ထားသည့်တိုက်ခန်းများတွင် နေရာချပေးနိုင်သည်။
ကုနင်းဝယ်ထားသည့်အဆောက်အဦးတွင်နေထိုင်သူများသည် ကုနင်းတို့အဖွဲ့၏အဓိကအဖွဲ့ဝင်များဖြစ်ကြတာကြောင့် သတ္တိခဲလင်းယုန် သူမကိုစိတ်ပျက်အောင်မလုပ်ဖို့မျှော်လင့်မိသည်။
………
နေ့လည်၁၁နာရီဝန်းကျင်တွင်…
ဖန်းရှီရွှမ်၏မိဘများနှင့်မောင်ငယ်တို့သည် Bမြို့ရဲစခန်းသို့ရောက်ရှိလာခဲ့ကြသည်။
သို့ပေမည့် ဖန်းရှီရွှမ်ကတော့ သူမမိဘများကိုမမြင်ချင်တာကြောင့် ဘာလို့များသူမဆီလာရောက်လည်ပတ်ခွင့်ပေးသလဲဟု ရဲများအားမေးခွန်းထုတ်လို့နေသည်။ သူမမိဘများလာခြင်းက ကောင်းသောလာခြင်းမဟုတ်မှန်း သူမသိနေပေသည်။
ဖန်းရှီရွှမ်၏မိဘများကိုဆက်သွယ်ပေးခဲ့သည့်ရဲသားသည်လဲ သူမမိဘများသည်လူကောင်းများမဟုတ်ကြောင်းသိနေပြီဆိုပေမည့် သူ့အလုပ်သူလုပ်ရမည်သာ။ သူတို့ဘက်က စည်းမျဉ်းများအတိုင်းဆက်လုပ်ဆောင်ရပေမည်။
ဒါကစည်းမျဉ်းဖြစ်နေမှတော့ ဖန်းရှီရွှမ်လဲ ထပ်ပြီးအချေအတင်ပြေမနေတော့ပေ။
ဖန်းရှီရွှမ်၏မိဘများက သူမကိုမြင်လိုက်သည်နှင့် ဆက်တိုက်ပြစ်တင်ကြိမ်းမောင်းကြတော့သည်။ သူတို့က သူမကိုအိမ်ထောင်ရှိယောက်ျားတစ်ယောက်၏မယားငယ်လုပ်သည့်အတွက် ပြစ်တင်နေကြသည်။ အဆိုးဆုံးကတော့ သူမက ထိုလုပ်ရပ်ကိုပေါ်သွားစေပြီး ထောင်ထဲတောင်ရောက်လိုက်သည့်အတွက်ကို ပိုပြီးဆူပူနေသည်။
တကယ်တော့ သူမမိဘတွေက ငွေမျက်နှာတစ်ခုကိုသာကြည့်ကြသူများပင်။
***
အခန်း ၉၃၈ အရှက်မဲ့တဲ့မိသားစု
ဖန်းရှီရွှမ်၏မိသားစုအမြင်မှာတော့ ဖန်းရှီရွှမ်သည် သူတို့မိသားစုအတွက် ငွေရှာသည့်ကိရိယာသာဖြစ်သည်။ သူမဘာလမ်းကိုပဲရွေးရွေး သူတို့အတွက်ငွေအလုံအလောက်ပေးနေသ၍ ကျေကျေနပ်နပ်ကြည့်နေကြမှာဖြစ်သည်။
ဖျော်ဖြေရေးလောကတွင်ထုတ်ဖော်မပြောထားသည့်စဉ်းမျဉ်းများရှိတာကြောင့် ဖန်းရှီရွှမ်သည်လဲ ချွင်းချက်တစ်ခုဖြစ်နေမည်ဟု သူတို့မယုံကြပေ။ သို့သော်လည်း တကယ်တမ်း ထိုလျှို့ဝှက်ချက်အညစ်အကြေးများပေါ်ထွက်လာချိန်မှာတော့ ဆွေမျိုးတွေက သူတို့ကိုလှောင်ပြောင်လာတော့မည်ဖြစ်တာကြောင့် ရှက်တတ်သွားကြသည်။
ဖန်းရှီရွှမ်၏မိဘများသည် သူတို့ချမ်းသာလာကတည်းက သူတို့၏ဆင်းရဲသောဆွေမျိုးများကို အထင်အမြင်သေးစွာဆက်ဆံခဲ့ကြသူများဖြစ်သည်။
သို့ပေမည့် ဖန်းရှီရွှမ်ကတော့ သူတို့ရောက်လာသည့်တစ်လျှောက် အေးစက်စက်မျက်နှာထားနှင့် နှုတ်ဆိတ်နေခဲ့သည်။
“ရှီရွှမ်၊ ငါရဲကိုမေးပြီးပြီ၊ နင်ထောင်ထဲကို နှစ်အနည်းငယ်လောက်တော့ သွားရမှာပဲတဲ့။ ဒီတော့ နင့်အတွက်ငွေတွေအများကြီးရှိနေလဲ အသုံးမဝင်တော့ဘူးလေ။ နင့်အိမ်နဲ့ငွေကို နင့်မောင်ကိုဘာလို့မပေးလိုက်တာလဲ? သူမကြာခင်လက်ထပ်တော့မှာ နင်လဲသိနေတာပဲ။” ဖန်းရှီရွှမ်၏မိခင်က သူမရသင့်သည့်အရာကိုတောင်းနေသည့်ပုံစံမျိုးဖြင့် ပြောနေသည်။
သူတို့ရည်ရွယ်ချက်ကို ဖန်းရှီရွှမ် ရှင်းရှင်းလင်းလင်းသိထားပြီးဖြစ်သော်လည်း တကယ်တမ်းကိုယ်တိုင်နားနှင့်ဆက်ဆက်ကြားရချိန်မှာ ရင်နာမိစဲပင်။ သူမမိဘများ၏သားကိုသာ ရှေ့တန်းတင်သည့်အကျင့်က လျှို့ဝှက်ချက်တစ်ခုတော့မဟုတ်ပေ။
သူမကျော်ကြားလာကတည်းက မိဘတွေက သူမကိုငွေသာဆက်တိုက်တောင်းနေခဲ့သည်။ သူမသာ ငွေထောက်ပံ့ဖို့ငြင်းလိုက်လျှင် သူမကိုဆဲဆိုကာ သူမဂုဏ်သတင်းကိုဖျက်ဆီးပစ်မည်ဟုတောင် ခြိမ်းခြောက်ခဲ့ကြသည်။ လူကြားထဲ ကောလဟာလထွက်ဖို့က သူမမလိုချင်ဆုံးအရာဖြစ်တာကြောင့် ဆက်တိုက်အလျှော့ပေးလာခဲ့သည်။
ဖန်းရှီရွှမ်လဲ သူမမိဘများနှင့်ဆက်ဆံရေးကို သေလောက်အောင်အဆုံးသတ်ပစ်ချင်နေပေမည့် သူမမှာ ထိုသို့လုပ်နိုင်ဖို့သတ္တိရှိမနေပေ။
သူမမှာသတ္တိမရှိဘူးဆိုရင်တောင်မှ သူမဝင်ငွေ၏သုံးပုံနှစ်ပုံလောက်ကိုတော့ အကြောင်းမျိုးစုံပြကာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး သူမမိဘများကို ကျန်တစ်ပုံကိုသာပေးခဲ့သည်။ ဒီလောက်ဆိုရင်တောင် သူတို့ဘဝတွေ ဇိမ်ကျကျသုံးဖြုန်းနိုင်ဖို့လုံလောက်နေတာကြောင့် သူတို့ကလဲ ဘာမှမပြောခဲ့ပေ။
သို့ပေမည့် အခုတော့အခြေအနေတွေက ခြားနားလို့သွားပေပြီ။ ဖန်းရှီရွှမ် ထောင်ကျတော့မည်ဖြစ်တာကြောင့် သူမပိုင်ဆိုင်သမျှအရာအားလုံးကို ရယူဖို့ လောဘတက်လာကြသည်။
“ဟုတ်တယ်! အစ်မလဲ လိုတော့တာမှမဟုတ်တာ၊ ငါ့ကိုပဲပေးလိုက်ပေါ့။” ဖန်းရှီရွှမ်၏မောင်ဖြစ်သူကလဲ ဝင်ပြောလာသည်။
“ဒါအကြံကောင်းပဲ။” ဖန်းရှီရွှမ်၏အဖေကလဲ ထောက်ခံလိုက်သည်။
ဖန်းရှီရွှမ်ကတော့ သူမမိသားစုကိုကြည့်ကာ နှာခေါင်းသာရှုံ့မိတော့သည်။ သူတို့ကိုသူမစိတ်ပျက်နေပြီဖြစ်ကာ မိသားစုဆက်နွယ်မှုကို ဖြတ်တောက်ပစ်ချင်နေတာတောင် သူတို့စကားများကြားရချိန်တွင် နာကျင်နေမိစဲပင်။
ဒီတစ်ခေါက်တော့ သူမထပ်ပြီးအလျှော့မပေးနိုင်တော့ပေ။
“ဟမ့်၊” ဖန်းရှီရွှမ် နှာခေါင်းရှုံ့လိုက်သည်။ “သမီးက ထောင်ထဲသွားရတော့မှာဆိုပေမယ့် အများဆုံးသုံးနှစ်နေပြီးရင် ပြန်ထွက်လာရမှာပဲ၊ ဒီတော့ ငွေရောအိမ်ရောလိုတယ်။”
ထိုစကားကြောင့် ဖန်းရှီရွှမ်၏မိဘများနှင့်မောင်ဖြစ်သူတို့ စိတ်တိုသွားကြသည်။ “နင်ဘယ်လိုပြောလိုက်တာလဲ? ရှီပင်းက နင့်မောင်လေ။ နင့်ပိုင်တာ သူပိုင်တာပဲပေါ့။”
“ဟုတ်တယ်။ နင်ထောင်ကထွက်လာရင် ကိုယ့်ဘာသာငွေဆက်ရှာလို့ရတာပဲ။” ဖန်းရှီရွှမ်၏အမေက ပြောလိုက်သည်။
“နင်ဘာလို့ဒီလောက်တောင် သွေးအေးနိုင်ရတာလဲ!” ဖန်းရှီရွှမ်၏မောင် ဖန်းရှီပင်းက ပြစ်တင်လိုက်သည်။
“တော်လောက်ပြီ!”
ဖန်းရှီရွှမ် ဆက်ပြီးသည်းမခံနိုင်တော့ပေ။ “ငါပြီးခဲ့တဲ့နှစ်တွေအတွင်း ငွေအလုံအလောက်ပေးထားပြီးနေပြီ! ရှင်တို့တွေအလုပ်တစ်ခုတောင်မရှိလို့ ငါတစ်ယောက်တည်းကပဲ အားလုံးကိုထောက်ပံ့လာခဲ့တာ။ ဖန်းရှီပင်းက ရှင့်သားလေ၊ ကျွန်မသားမဟုတ်ဘူး၊ သူ့ကိုပျိုးထောင်ဖို့က ရှင်တို့တာဝန်ပဲ!”
“နင်…” ဖန်းရှီရွှမ်၏မိဘများနှင့်မောင်ဖြစ်သူတို့မှာ ကြောင်အလို့သွားကြတော့သည်။
“ရှင်တို့ ကျွန်မကို ဘယ်တုန်းကမှရှင်တို့သမီးတစ်ယောက်လို မဆက်ဆံခဲ့ကြဘူး၊ ဒါပေမယ့် ကျွန်မကတော့ ရှင်တို့ကိုဇိမ်ကျကျနေနိုင်ဖို့ ထောက်ပံ့ပေးခဲ့တယ်။ အခုချိန်မှာပါ ကျွန်မမှာရှိသမျှပိုင်ဆိုင်မှုအားလုံးကးို ပေးဖို့ဖိအားလာမပေးကြနဲ့!” ဖန်းရှီရွှမ် အော်ဟစ်ပစ်တော့သည်။
အခုချိန်မှာ သူမကူကယ်ရာမဲ့သလိုခံစားနေရာကာ ငိုချင်လာတော့သည်။ သူမမိသားစုက တကယ်ကိုအရှက်မဲ့ကြတာပဲ။
သူမအနေနဲ့ ဖျော်ဖြေရေးနယ်ပယ်မှာ ထပ်ပြီးအလုပ်လုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် သူမထောင်မှပြန်ထွက်လာချိန်ဆိုလျှင် ငွေရှာဖို့ခက်သွားပေတော့မည်။ သူမပုံမှန်အလုပ်တစ်ခုတော့ရှာနိုင်သော်လည်း ဝင်ငွေကတော့အများကြီးနည်းသွားပေမည်။
“နင်ဘယ်လိုပြောလိုက်တာလဲ? နင်က ငါတို့မိသားစုဆီမှာမွေးလာမှတော့ နင့်ပိုင်သမျှ ငါတို့ကိုပေးသင့်တာပေါ့! ငါတို့ နင့်ကိုအရွယ်ရောက်အောင်ပျိုးထောင်ပေးခဲ့တာကိုပဲ ကျေးဇူးတင်သင့်နေပြီ။ နင်ဒီလိုသွေးအေးမယ်မှန်းသာသိခဲ့ရင် မွေးကတည်းကသတ်ပစ်လိုက်ရမှာ!” ဖန်းရှီရွှမ်၏အဖေကလဲ ဒေါသတကြီးအော်ဟစ်တော့သည်။
“အဓိပ္ပါယ်မရှိလိုက်တာ! ကျွန်မရှင်တို့ကို ငွေလုံလုံလောက်လောက်ပြန်ပေးဆပ်ပြီးပြီ၊ ဒီတော့ ရှင်တို့အပေါ်မှာ ဘာအကြွေးမှမကျန်တော့ဘူး။ ရှင့်သားကမှ အသုံးမကျတဲ့တဲ့ကောင်ဆိုတာမသိဘူးလား? ကျွန်မကလဲ အစကတည်းက ရှင်တို့မိသားစုမှာ မွေးမလာဖို့မျှော်လင့်တယ်!” ဖန်းရှီရွှမ်ကလဲ ပြန်လည်အော်တော့သည်။
သားကိုသာ ဒီလောက်ရှေ့တန်းတင်ချင်နေမှတော့ အစကတည်းက မိန်းကလေးမွေးလာရင် ဘာလို့မသတ်ပစ်လိုက်တာလဲ?
ဖန်းရှီရွှမ်စကားဆုံး,ဆုံးချင်းမှာပဲ သူမအဖေက သူမပါးကိုအားပြင်းပြင်းဖြင့်ရိုက်ချလိုက်တာကြောင့် ဖန်းရှီရွှမ် လဲကျမလိုပင်ဖြစ်သွားကာ မျက်နှာသည်လဲ ချက်ချင်းနီရဲလာတော့သည်။
***
အခန်း ၉၃၉ ပြစ်မှုမြောက်တယ်
ဒါကနာကျင်ရတာဆိုရင်တောင်မှ ဖန်းရှီရွှမ်သည် သူမခံစားချက်အစစ်အမှန်ကို သူမမိသားစုရှေ့မှာ ထုတ်မပြချင်တာကြောင့် အဆင်ပြေသလိုသာဟန်ဆောင်လိုက်သည်။ “ရဲစခန်းမှာတောင် ကျွန်ကိုပါးရိုက်ရဲတယ်လား? အဖမ်းခံရမှာမကြောက်ဘူးပေါ့?”
ထိုစကားကိုကြားကာမှ ဖန်းရှီရွှမ်၏ဖခင် ထိတ်လန့်ကာ နောင်တရသွားတော့သည်။ သူ့ဒေါသတွေကို ဖန်းရှီရွှမ်အပေါ်သာ ပုံချရဲတာဖြစ်ပြီး ရဲကိုတော့ကြောက်ပေသည်။
ဘေးနားကိုမျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်ကာ အနားတွင် ရဲတစ်ယောက်မှမရှိတော့မှပဲ ဖန်းရှီရွှမ်၏ဖခင်စိတ်အေးသွားတော့သည်။
“အဖေ ကြောက်မနေနဲ့!” ဖန်းရှီပင်းက သူ့အဖေကိုယ်စားပြောလိုက်သည်။
“နင်က ဥပဒေကိုချိုးဖောက်ရင်ဘာဖြစ်မလဲဆိုတာတောင် မသိလောက်အောင် မိုက်မဲတာပဲ! တခြားတစ်ယောက်ကိုရိုက်နှက်တာက တရားမဝင်ဘူး၊ အထူးသဖြင့် ဒီလိုရဲစခန်းမှာပေါ့။” ဖန်းရှီရွှမ်၏စကားကြောင့် ဖန်းရှီပင်ဒေါသထွက်သွားသော်လည်း ပြန်ခံပြောနေတုန်းပင်။ “အဲ့တော့ဘာဖြစ်လဲ? ရဲတွေငါတို့ကိုမမြင်နိုင်ဘူး။”
“တကယ်လား? ဒီကမ္ဘာမှာ စောင့်ကြည့်ကင်မရာလိုခေါ်တဲ့ပစ္စည်းတစ်မျိုးရှိတာကိုကော နင်သိရဲ့လား?” ဖန်းရှီရွှမ်က အခန်း၏အပေါ်ထောင့်တစ်နေရာကိုညွှန်ပြလိုက်သည်။ “နင့်ခေါင်းပေါ်မှာ ကင်မရာတစ်လုံးရှိနေတယ်လေ။”
ထိုစကားကြောင့် ဖန်းရှီပင်း ကြောက်လန့်ကာ ပါးစပ်ပိတ်သွားတော့သည်။
“နင်နဲ့စကားများပြီး အချိန်ဖြုန်းမနေချင်ဘူး။ နင့်ငွေတွေနဲ့အိမ်သော့သာ ငါတို့ကိုပေးလိုက်စမ်းပါ။”
“မျှော်လင့်မနေနဲ့! ရှင်တို့ကိုတစ်ပြားတစ်ချက်တောင်ပေးမှာမဟုတ်ဘူး။” ဖန်းရှီရွှမ်က စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဖန်းရှီရွှမ်၏ဖခင်က ဒေါသဖြစ်ကာလက်ကိုထပ်မြှောက်လိုက်သည်။ သူမကိုထပ်ပြီးရိုက်ချင်သော်လည်း စောင့်ကြည့်ကင်မရာအကြောင်းတွေးမိကာ လက်ကိုပြန်ချလိုက်ရသည်။
ထိုအချိန်တွင်ပဲ ရဲတစ်ယောက်ဝင်လာတာကြောင့် ဖန်းရှီရွှမ်၏မိဘများရော ဖန်းရှီပင်းပါ ကြောက်လန့်သွားကြတော့သည်။ ရဲက သူတို့ဖန်းရှီရွှမ်ကိုရိုက်တာမြင်ပြီး ဝင်လာတာလို့ထင်လိုက်ကြခြင်းပင်။
ချက်ချင်းဆိုသလိုပင် သုံးယောက်သား ခေါင်းတွေကိုငုံ့ထားလိုက်ကြတော့သည်။
“အချိန်ပြည့်ပြီ၊ ခင်ဗျားတို့ထွက်သွားသင့်ပြီ၊” ရဲသားကပြောလိုက်သည်။
အခန်းထဲမှစောင့်ကြည့်ကင်မရာကြောင့် အပြင်ဘက်မှရဲများသည် အထဲမှအဖြစ်အပျက်များကိုမြင်ရကြားရပြီးဖြစ်ကြသည်။
ဖန်းရှီရွှမ်က မုန်းစရာကောင်းမှန်းသိသော်လည်း သူမမိဘများ သူမအပေါ်ဆက်ဆံပုံကိုမြင်တွေ့ရချိန်မှာ သူမကိုသနားမိကြစဲပင်။ ဒါကြောင့် ဖန်းရှီရွှမ်၏ဖခင် သူမကိုထပ်ရိုက်တော့မည့်အချိန်မှာပဲ ရဲတစ်ယောက်ဝင်လာခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ခဏလောက်ထပ်နေလို့ရမလား၊ ကျွန်တော်တို့ ပြောစရာလေး….” ဖန်းရှီရွှမ်၏ဖခင်က အပြုံးမျက်နှာဖြင့် ရဲကိုမျက်နှာချိုသွေးဖို့ကြိုးစားနေသည်။
“မရဘူး၊ ဒါစည်းမျဉ်းပဲ။” ရဲက ဖြတ်ပြောလိုက်သည်။
ဖန်းရှီရွှမ်၏မိဘများနှင့်ဖန်းရှီပင်းတို့မှာ ငွေနဲ့အိမ်မရသေးတာကြောင့် စိတ်ပျက်နေသော်လည်း ရဲ၏သတိပေးသည့်အကြည့်အောက်မှာပဲ ထွက်သွားရတော့သည်။
“ကျွန်မတို့အခုဘာလုပ်ကြမလဲ?” ရဲစခန်းမှပြန်ထွက်လာသည်နှင့် ဖန်းရှီရွှမ်၏အမေကပြောလိုက်သည်။
“ဒီခွေးမလေး ငါတို့ကိုသူ့အိမ်နဲ့ငွေတွေမပေးဘဲနေရဲမယ်လို့ မမျှော်လင့်ထားဘူး။” ဖန်းရှီရွှမ်၏အဖေလဲ ဒေါသထွက်နေသည်။ သို့သော်လည်း သူကိုယ်တိုင်လဲ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပေ။ သူ့မျက်လုံးထဲမှာတော့ သူက ဖန်းရှီရွှမ်၏အဖေပင်။ သူမဘဝကို သူပဲပျိုးထောင်ခဲ့တာကြောင့် သူ့စကားကို သူမနားထောင်သင့်သည်။ သူကသာ သူမကိုသေဖို့အမိန့်ပေးခဲ့မယ်ဆိုရင်တော့မှာ ဘာမှစောဒကမတက်ပဲ သူမသေပေးသင့်သည်။
တစ်ဖက်တွင်တော့ ဖန်းရှီပင်းသည် သူတို့မျက်လုံးထဲမှပန်းသီးလေးဖြစ်ကာ သူကိုတော့ ဆိုးချင်တိုင်းဆိုးခွင့်ပေးထားမည်သာ။ ဒါကြောင့်ပဲ သူကလျှောက်ပတ်ပျော်ပါးကာ အလေလိုက်နေခဲ့သည်။
သူမှာကောင်းတဲ့အချက်ဘာမှမရှိတာတောင်မှ သူ့မိဘတွေက တစ်ခါမှအပြစ်တင်ဆူပူခဲ့ခြင်းမရှိပေ။ ဒါကြောင့် သူကဘယ်တော့မှရင့်ကျက်လာခြင်းမရှိဘဲ ဘာကိုမှလဲတာဝန်ယူခြင်းမရှိခဲ့ပေ။
အခုလက်ထပ်မယ်ဆိုတာကလဲ သူ့ချစ်သူမှာကိုယ်ဝန်ရှိသွားတာကြောင့်ဖြစ်သည်။ သူ့မိသားစုက သူ့ချစ်သူ၏မိသားစုက အင်အားအနည်းငယ်ရှိ၍ မတော်လှန်ရဲတာကြောင့် အခုလိုတာဝန်ယူလိုက်ရခြင်းဖြစ်သည်။
“အဖေ၊ အမေ၊ အဖေတို့ဒီပြဿနာကို ရှင်းပေးရမယ်။ ဖန်းရှီရွှမ်မှာ ငွေတွေအများရှိတယ်၊ သူ့အိမ်ကတင် ယွမ်၁၀သန်းကျော်လောက်တန်တာ။” ဖန်းရှီရွှမ်၏ငွေနှင့်အိမ်က သူ့အပိုင်သာဖြစ်သင့်သည်ဟု ဖန်းရှီပင်းထင်လေသည်။
“စိတ်မပူနဲ့၊ အဖေနည်းလမ်းရှာပေးမယ်။” ဖန်းရှီရွှမ်၏အဖေက သူ့သားကိုနှစ်သိမ့်ပေးသည်။
လင်ရှောင်းထင် Bမြို့မှာနှစ်ရက်ကြာနေပြီးနောက် ပြန်သွားခဲ့သည်။ နောက်လေးရက်နေရင် ကျရောက်မည့် ကုမန့်၏မင်္ဂလာဆောင်ကျမှ သူပြန်လာခဲ့မည်ဖြစ်သည်။
လင်ရှောင်းထင်ပြန်သွားသည်နှင့် ကုနင်းလဲ ထန်ရှောင်ရှောင်ဆီသို့ သွားခဲ့သည်။
ထန်ရှောင်ရှောင်က အတော်ပြန်ကောင်းနေပြီဖြစ်ကာ အခုဆို မိတ်ကပ်နှင့်ပင် လောင်ကျွမ်းဒဏ်ရာကို အလွယ်တကူဖုံးထားနိုင်ပြီဖြစ်သည်။
ကုနင်းက သူမကိုမြို့တော်သို့သွားကာ လုရှောင်းကိုတွေ့ပြီး သတင်းပို့ဖို့ပြောလိုက်သည်။
ထို့နောက် ကုနင်းက Charm၏နောက်ဆုံးအခြေအနေကိုသိရရန်အတွက် ယုကျီကိုတွေ့ဖို့သွားခဲ့သည်။ သူမက ဘော့စ်ဖြစ်သော်လည်း သူမစီးပွားရေးတိုးတက်မှုအကြောင်းကို သိထားသင့်သေးသည်။
Charmသည်ပုံမှန်အတိုင်း လွန်စွာအမြတ်ရကာ နာမည်ကြီးနေတုန်းပင်။ လူများစွာက Charmမှဝတ်စုံများကို သီးသန့်မှာယူကြတာကြောင့် ယုကျီလဲ ဒီရက်ပိုင်းအလွန်အလုပ်များနေခဲ့သည်။ သူမအတွက်ချိန်းတွေ့ဖို့တောင် အချိန်မရှိခဲ့ပေ။
ယန်ကျီချင်ကတော့ ယုကျီအလုပ်များနေတာကိုတွေ့ရကာ စိတ်မချမ်းမသာဖြစ်သော်လည်း သူမက သူမအလုပ်မှာပျော်ရွှင်နေတာကြောင့် မတားနိုင်ပေ။
ဒီနေ့ ကုနင်းလာတာကြောင့် ယုကျီလဲ စောစောအလုပ်နားကာ ကုနင်းကို နေ့လည်စာအတူစားဖို့ဖိတ်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကုနင်းနှင့်ယုကျီတို့နှစ်ယောက် အနောက်တိုင်းစားသောက်ဆိုင်ထဲဝင်,ဝင်ချင်း ကျောက်ရှောင်ရွှမ်းနှင့်တွေ့ခဲ့သည်။
ကျောက်ရှောင်ရွှမ်းက လင်းထျန်းယွီနှင့် စိတ်ညစ်စရာဇာတ်လမ်းကိုဖြတ်ခဲ့ပြီဖြစ်ကာ အခုလဲ သူမမိသားစုမှစီစဉ်ပေးသည့်လူနှင့်လာတွေ့ခြင်းဖြစ်သည်။
ကျောက်ရှောင်ရွှမ်းမှာ ယုကျီ၏မျက်လုံးများနှင့်ဆုံရချိန် အရင်လိုမုန်းတီးမှုများမရှိတော့သော်လည်း အနည်းငယ်မသက်မသာဖြစ်နေတုန်းပင်။ အပြန်အလှန်ပြောစရာမလိုဘဲနားလည်မှုဖြင့် အချင်းချင်းနှုတ်မဆက်ကြပေ။
သို့သော်လည်း ကျောက်ရှောင်ရွှမ်းကတော့ ကုနင်းသည် ဘယ်လိုအင်အားကြီးသည့်မိန်းကလေးမှန်း သိနေတာကြောင့် ကြောက်နေမိတုန်းပင်။
ကျောက်ရှောင်ရွှမ်းနှင့်ဘလိုင်းဒိတ်တွေ့နေသည့်အမျိုးသားကလဲ ကျောက်ရှောင်ရွှမ်းရှေ့မှာပင် ကုနင်းကိုပေါ်တင်ငမ်းလို့နေသည်။
အရမ်းလှတာပဲ! ငါ့ကောင်မလေးဖြစ်ရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ ခန္ဓာကိုယ်ကလဲမိုက်ပါ့၊ အဝတ်အစားတွေမပါမဲ့ပုံလေးမြင်ချင်လိုက်တာ။
ထိုအမျိုးသား၏အကြည့်များမှတဆင့် ဘယ်လိုညစ်ညစ်ပတ်ပတ်တွေတွေးနေမှန်း ကုနင်းသိပေသည်။ သူမသဘောမကျသော်လည်း ထိုလူဘက်က စကားနှင့်တိုက်ရိုက်ပြောမလာတာကြောင့် သူမလဲဘာမှမပြောတော့ပေ။
ကျောက်ရှောင်ရွှမ်းသည်လဲ ထိုအမျိုးသား၏တုံ့ပြန်ပုံကိုသတိထားမိပေမည့် ဒေါသမထွက်ခဲ့ပေ။ သူမလဲ ဒီလူကိုသဘောမကျတာကြောင့် သူဘာတွေးတွေးဂရုစိုက်မနေပေ။
***
အခန်း ၉၄၀ ကျန်းထန်ဟောက်
ဒီလူက ကြည့်မကောင်းသော်လည်း သူ့ကိုယ်သူတော့ အရမ်းယုံကြည်ချက်ရှိနေပေသည်။ သူ့မိသားစုက ချမ်းသာတာကြောင့် လူတိုင်းထက်သူကသာလွန်သည်ဟု သွေးနားထင်ရောက်နေသူဖြစ်သည်။
ကျောက်ရှောင်ရွှမ်းကိုတောင်မှ သူက မိသားစုစီးပွားရေးကိုဆက်ခံရမည်ဖြစ်၍ သူမကတော့ အချိန်ပြည့်အိမ်ရှင်မတစ်ယောက်အဖြစ်နေဖို့တောင် ပြောထားပေသည်။
ထိုစကားကိုကြားလိုက်ကတည်းက ကျောက်ရှောင်ရွှမ်း သဘောမကျတော့တာဖြစ်သည်။
အိမ်ရှင်မတစ်ယောက်အဖြစ်တော့ သူမဘဝကိုမကုန်ဆုံးချင်ပေ။ သို့သော်လည်း ထိုယောက်ျားကတော့ အမျိုးသမီးတွေက အိမ်မှာပဲနေကာ သူတို့ခင်ပွန်းနှင့်သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် အပြင်အလုပ်များထွက်သင့်သည်ဟု ပြောလာခဲ့သည်။ စီးပွားရေးလုပ်ဖို့က အမျိုးသားတစ်ယောက်၏တာဝန်ဖြစ်တာကြောင့် အနာဂါတ်မှာ ကျောက်မိသားစု၏စီးပွားရေးကိုပါ သူယူဖို့စီစဉ်ထားခဲ့သည်။
ကျောက်ရှောင်ရွှမ်း၏သဘောထားနှင့်ယခင်တွေ့ကြုံခဲ့ရသည့်အခြေအနေများကြောင့် သူမအနေနှင့်သဘောတူပေးဖို့မဖြစ်နိုင်ပေ။ သို့သော် သူမ,မပေါက်ကွဲခင်မှာပဲ ကုနင်းနှင့်ယုကျီတို့ပေါ်လာခဲ့သည်။
ထိုလူက ကုနင်းကိုသတိထားမိသွားသော်လည်း ချက်ချင်းကြီးစကားရောဖောရောသွားမလုပ်ခဲ့ပေ။ ထိုအစား ကုနင်းထိုင်ခုံမှာထိုင်ပြီးသွားကာမှ ကျောက်ရှောင်ရွှမ်းကိုသာ ပြောလိုက်သည်။ “မိန်းကလေးကျောက်၊ ငါ့အသိတစ်ယောက်ကိုတွေ့လိုက်လို့၊ ခွင့်ပြုပါဦး။”
ယဉ်ယဉ်ကျေးကျေးပြောနေတာတောင်မှ သူ့အပြုအမူတွေကရွံစရာကောင်းလှသည်။
“ရပါတယ်။” သူတမင်လုပ်နေမှန်း ကျောက်ရှောင်ရွှမ်းနားလည်ပေမည့် တားမြစ်ခြင်းမပြုခဲ့ပေ။ ဒီလူဘာဖြစ်သွားမလဲဆိုသည်ကို သူမသိချင်နေခြင်းပင်။
ထို့နောက် ထိုလူက မတ်တပ်ထကာ ကုနင်းရှိရာသို့လျှောက်သွားခဲ့သည်။
ထိုလူကို ယုကျီမြင်လိုက်ရတော့၊ “ဘော့စ်၊ အဲ့လူကိုနင်သိလား? နင့်ဆီလာနေပုံပဲ။”
“မသိဘူး။”
“အဲ့ကျောက်ရှောင်ရွှမ်းအကြံပဲလားမသိဘူး?” ယုကျီပြောလိုက်သည်။ ကျောက်ရှောင်ရွှမ်းက အခုချိန်တွင် သူမကိုမုန်းတီးသည့်အရိပ်အယောင်များမပြတော့သော်လည်း ကျောက်ရှောင်ရွှမ်းဘာတွေတွေးနေလဲဆိုတာကတော့ ပြောဖို့ခက်လှသည်။ ပြောရရင် သူတို့ကတစ်လျှောက်လုံး ရန်သူတွေပဲဖြစ်ခဲ့ကြတာမဟုတ်လား။
“မဟုတ်လောက်ဘူးထင်တယ်။” ကုနင်းပြန်ပြောလိုက်သည်။
ထိုလူက ကုနင်းရှေ့တွင်ရပ်သွားကာ ကြင်နာနူးညံ့သည့်အပြုံးမျိုးချိတ်ဆွဲရင်း၊ “မိန်းကလေး၊ ငါတို့အရင်က တစ်နေရာရာမှာများတွေ့ဖူးကြလားလို့။”
ဒါက ဖန်တစ်ရာထပ်နေသည့်အလိမ်အညာကြီးပင်။
ကုနင်းရယ်ချင်သွားသော်လည်း အေးဆေးတည်ငြိမ်သည့်မျက်နှာထားနှင့်သာ ပြန်ဖြေလိုက်သည်။ “အိုး၊ ဟုတ်လို့လား? ကျွန်မတော့ ရှင့်ကိုမမှတ်မိဘူး။”
“ကိစ္စမရှိပါဘူး။ ငါတို့နောက်တစ်ကြိမ်ထပ်ပြီး ခင်မင်ကြလို့ရတာပဲ။ ငါ့နာမည်က ကျန်းထန်ဟောက်၊ လဲ့ယို့ခရီးသွားလုပ်ငန်းရဲ့အမွေဆက်ခံသူပဲ၊ ဒါက ငါ့နာမည်ကဒ်ပါ။” ထိုလူက နည်းနည်းလေးမှရှက်တက်ပုံမပေါ်ပေ။
လဲ့ယို့ခရီးသွားလုပ်ငန်းသည် Bမြို့တွင်ရှိသည့် ယွမ်သန်းတစ်ရာကျော်တန်ကြေးရှိသည့် အခြေခိုင်သောကုမ္ပဏီတစ်ခုဖြစ်ပေမည့် ကုနင်းကတော့ တစ်ခါမှမကြားဖူးပေ။
ယွမ်သန်းပေါင်းတစ်ရာတန်ကြေးရှိသည့်လုပ်ငန်းကြီးရှိတာနှင့်ဆိုလျှင် ကျန်းထန်ဟောက်သည် လူချမ်းသာဆက်ခံသူတစ်ယောက်ဟု ပြော၍ရသော်လည်း ကုနင်းအမြင်မှာတော့ ပြောပလောက်သည့်အရာမဟုတ်ပေ။ ကျန်းထန်ဟောက်ကလဲ ကုနင်းကို သာမာန်မိန်းကလေးတစ်ယောက်လို့သာ တွေးမိတာကြောင့် သူ့ကြွယ်ဝမှုနှင့်ဆွဲဆောင်နေခြင်းဖြစ်သည်။
ကျန်းထန်ဟောက် အခုထိတွေ့ဖူးခဲ့သမျှမိန်းမတွေအားလုံးက ဂုဏ်မက်သူများသာဖြစ်တာကြောင့် မိန်းမတိုင်းအတူတူပဲဟု သူတွေးနေခြင်းဖြစ်သည်။ သူကလဲ မိန်းမတစ်ယောက်နှင့်အိပ်ဖို့ ငွေနှင့်အလဲအလှယ်လုပ်ရမည်ဆိုလျှင်လဲ လုပ်ဖို့ဆန္ဒရှိသူဖြစ်သည်။ သူက လှပသည့်မိန်းမများကိုသာ သဘောကျပြီး သူတို့မိသားစုနောက်ခံအကြောင်းတွေကို ဂရုမစိုက်ပေ။
“စိတ်မကောင်းပေမယ့် ကျွန်မစိတ်မဝင်စားဘူး။” ကုနင်းပြန်ပြောလိုက်သည်။
ကျန်းထန်ဟောက်မှာ ရုတ်တရက်ဆွံ့အသွားကာ အံ့အားသင့်သွားခဲ့သည်။
သူအရင်ရွေးခဲ့သမျှမိန်းမတိုင်းက ငွေအတွက်နှင့်ခန္ဓာကိုယ်ကိုရောင်းလိုသူများသာဖြစ်တာကြောင့် ဒီလိုအဖြစ်မျိုးတစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
“မိန်းကလေး၊ အားလုံးက သူစိမ်းတွေကနေပဲ မိတ်ဆွေတွေဖြစ်သွားကြတာပဲလေ။ ဘာလို့ဒီလောက်သွေးအေးနေရတာလဲ?”
“ကျွန်မက သွေးအေးတယ်ပေါ့?” ကုနင်းပြုံးသာပြုံးလိုက်သည်။ “ကျွန်မမှာလဲ ဘယ်လိုလူမျိုးနဲ့မိတ်ဆွေဖြစ်ချင်တယ်ဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ထင်တယ်။”
“မင်း…” ကျန်းထန်ဟောက် ကုနင်းပုံစံကိုသဘောမတွေ့တော့ပေ။ “မိန်းကလေး၊ ဘာလို့ဒီလောက်ရိုင်းစိုင်းပြီး ရန်လိုနေရတာလဲ၊ မင်းဒုက္ခမင်းရှာနေတာပဲ။”
“ကျွန်မကို အခုခြိမ်းခြောက်လိုက်တာလား?” ကုနင်းအမူအရာတည်သွားတာကြောင့် ကျန်းထန်ဟောက်အနည်းငယ်ကြောက်လန့်သွားသည်။
သို့သော်လည်း မျက်နှာမပျက်ချင်တာကြောင့် ကုနင်းကိုထပ်ပြီးခြိမ်းခြောက်ပြန်သည်။ “အဲ့လိုဆိုရင်ရော ဘာဖြစ်လဲ? ငါမင်းကိုရွေးလိုက်တဲ့အတွက် မင်းဂုဏ်တောင်ယူနေရမှာ။ ငါ့ကိုများ လူကြားထဲအရှက်ရအောင်လုပ်ရဲတယ်ပေါ့? မင်းငါ့စကားကိုနားမထောင်၊ ငါ….”
“ထွက်သွားစမ်း” ကုနင်းကြားဖြတ်ပြောလိုက်သည်။
“မင်းဘာပြောလိုက်တယ်?” ကျန်းထန်ဟောက် အံ့ဩလွန်းလို့မျက်လုံးများပင်ပြူးသွားတော့သည်။
“ရှင်ဆက်ပြီးနှောင့်ရှက်နေဦးမယ်ဆိုရင် ကျွန်မမောင်းထုတ်တော့မှ အဆိုးမဆိုနဲ့။” ကုနင်းစိတ်မရှည်တော့ပေ။
“မင်းကဘာလုပ်နိုင်မှာမို့လို့လဲ? ဒီဆိုင်က ငါ့သူငယ်ချင်းပိုင်တာ၊ ငါဖုန်းလေးတစ်ချက်ဆက်လိုက်ရုံနဲ့ မင်းကိုမောင်းထုတ်ပစ်လို့ရတယ်။” ကျန်းထန်ဟောက်က မောက်မာစွာပြန်ပြောလိုက်သည်။
“အဲ့ဒါဆိုလဲ လုပ်လိုက်လေ။” ကုနင်းအသံက လုံးဝအေးစက်လို့နေပေပြီ။
ကျန်းထန်ဟောက် ဒေါသထွက်သွားတော့သည်။ တကယ်တော့ သူမကြောက်သွားအောင်လုပ်ချင်ရုံသာဖြစ်သော်လည်း အခုတော့ တကယ်လုပ်ရပေတော့မည်။
“ကောင်းတယ်၊ မင်းထွက်သွားရဲထွက်သွားကြည့်!” ကျန်းထန်ဟောက်ပြောပြီးသည်နှင့် ချက်ချင်းပင် သူ့ဖုန်းကိုထုတ်လိုက်သည်။
“သခင်လေးကွမ်း၊ အခုဘယ်မှာလဲ?” တစ်ဖက်မှဖုန်းကိုင်သည်နှင့်မေးလိုက်သည်။
“ငါအခု xxစားသောက်ဆိုင်မှာ၊ ဘာဖြစ်လို့လဲ?” ကုနင်း ရင်းနှီးနေသည့်အသံတစ်သံကိုကြားလိုက်ရသည်။ ထိုသခင်လေးကွမ်းဆိုသူက တကယ်တမ်းတော့ ကွမ်းပင်းသာဖြစ်သည်။
ဤစားသောက်ဆိုင်ကို ကွမ်းမိသားစုကပိုင်ကာ ကုနင်းဒီကိုလာတာကလဲ ကွမ်းပင်းကြောင့်လာပေးခြင်းဖြစ်သည်။ အစားအသောက်ကောင်းတာကြောင့်လဲပါတာပေါ့။
“ငါအခု မင်းစားသောက်ဆိုက်မှာရောက်နေတာ၊ ဦးဏှောက်မရှိတဲ့ကောင်မလေးတစ်ယောက် ငါ့ကိုအနှောင့်အယှက်ပေးနေလို့၊ သူကိုအခုချက်ချင်းမောင်းထုတ်ပေး။”
ထိုစကားကိုကြားလိုက်သည်နှင့် ကွမ်းပင်းသဘောတူလိုက်သည်။
***