အခန်း (၉၄၁-၉၄၅)
Vol. 63 Ch. 941-945
အခန်း ၉၄၁ အခုပဲဆိုင်ထဲကထွက်သွား
ကွမ်းပင်းနှင့်ဖုန်းပြောပြီးနောက် ကျန်းထန်ဟောက်က ကုနင်းကို ကြည့်လိုက်ကာ၊ “စောင့်နေလိုက်!”
“အွန်း၊ ကြည့်ရသေးတာပေါ့။” ကုနင်းနှာခေါင်းရှုံ့လိုက်သည်။
“မင်းဒီစားသောက်ဆိုင်ထဲက မောင်းထုတ်ခံရဖို့ မကြာတော့ဘူး။” ကျန်းထန်ဟောက် အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။
ကွမ်းပင်းသည်လဲ စားသောက်ဆိုင်ထဲတွင်သာ ရှိနေတာကြောင့် တစ်မိနစ်လောက်နေသည်နှင့်ရောက်လာခဲ့သည်။ သူ ကုနင်းကိုမြင်လိုက်သည်နှင့် အံ့ဩကာစိတ်လှုပ်ရှားသွားတော့သည်။ “ဟိုင်း၊ မိန်းကလေးကု၊ တွေ့ရတာဝမ်းသာလိုက်တာ! မင်းဒီမှာလာစားမယ်ဆိုတာ ငါ့ကိုဘာလို့မပြောရတာလဲ? ဒီတစ်နပ်ငါကျွေးပါ့မယ်!”
ကွမ်းပင်းက ကုနင်းကိုစိတ်အားထက်သန်စွာပြောဆိုနေပုံကိုမြင်လိုက်ရတာကြောင့် ကျန်းထန်ဟောက်ကတော့ ကြောင်အနေတော့သည်။
“နင်သိရင် ငါ့ကိုငွေမရှင်းခိုင်းမှာသိနေလို့လေ၊ အဲ့ဒါကြောင့်မပြောတာ။” ကုနင်းပြုံးလိုက်သည်။ သူမ၏ကွမ်းပင်းအပေါ်အပြုအမူကတော့ အလွန်ကြင်နာမှုရှိပေသည်။
“ဒါကိစ္စကြီးမှမဟုတ်တာ၊ မင်းကိုထမင်းတစ်နပ်ကျွေးခွင့်ရတာကိုက ငါ့အတွက်ဂုဏ်ယူစရာပဲ!” ကွမ်းပင်း၏စိတ်ရင်းကပေါ်လွင်လှသည်။
“မင်းဒီရောက်နေတာ ငါသိပြီးပြီဆိုမှတော့ ဒီတစ်ကြိမ်တော့ ဝယ်ကျွေးပါရစေ။” ကွမ်းပင်းထပ်ပြောလိုက်သည်။
“ကျေးဇူးပါပဲ!” ကုနင်းလဲ ကွမ်းပင်း၏စေတနာကိုငြင်းမနေတော့ပေ။
“သခင်လေးကွမ်း၊ ဘာတွေ…” ကျန်းထန်ဟောက်မှာ အံ့ဩတုန်လှုပ်နေတုန်းပင်။ သူဘယ်လောက်ပဲမောက်မာနေပါစေ ဦးဏှောက်မရှိတာတော့မဟုတ်တာကြောင့် ဒီကောင်မလေးနှင့်ကွမ်းပင်းတို့က သာမာန်သူငယ်ချင်းတွေမဟုတ်ကြောင်း သိလိုက်ပေသည်။ ဒီလိုသာဆို ဒီမိန်းကလေးက သူသွားရှုပ်လို့ရတဲ့လူမဟုတ်လောက်တာ အသေအချာကြီးပေါ့။
ထို့အပြင် ကွမ်းပင်းက ကောင်မလေးကို လေးစားစွာပြောဆိုနေသည်။ ဒါကြောင့် ဒီကောင်မလေးက ကွမ်းပင်းထက်တောင် ပိုပြီးအင်အားကြီးလောက်သည်။
တစ်ဖက်မှာတော့ သူ့မိသားစုသည် ကွမ်းမိသားစုထက်တောင် မချမ်းသာပေ။ ဒီတော့မှ ကျန်းထန်ဟောက်လဲ သူအမှားလုပ်မိမှန်းသိသွားတော့သည်။
ကျန်းထန်ဟောက်၏အသံကိုကြားကာမှ ကွမ်းပင်းလဲ သူ့ကိုလှည့်ကြည့်လာတော့သည်။ မမေးပဲနဲ့တောင်မှ ကျန်းထန်ဟောက်ပြောသည့် ဦးဏှောက်မရှိတဲ့မိန်းကလေးဆိုတာ ကုနင်းကိုပြောတာဖြစ်လောက်မှန်း ကွမ်းပင်းသိပြီးပေပြီ။
ကျန်းထန်ဟောက်အကြောင်း သူလဲကောင်းကောင်းသိနေတာကြောင့် ကုနင်းက အကြောင်းမရှိ ကျန်းထန်ဟောက်ကိုအနှောင့်အယှက်ပေးလိမ့်မည်ဟု မယုံပေ။
ဖြစ်နိုင်တာက ကျန်းထန်ဟောက် ကုနင်းကိုသွားကြောင်တာမအောင်မြင်ဘဲ သူသာအရှက်ရသွားတာကြောင့် ကွမ်းပင်းကိုအကူအညီတောင်းတာဖြစ်လောက်သည်။
ထိုအခိုက်အတန့်မှာပဲ ကွမ်းပင်း၏အမူအရာမှာအေးစက်လာတော့သည်။ သူနှင့်ကျန်းထန်ဟောက်သည် ဆက်ဆံရေးမဆိုးသည့်မိတ်ဆွေများသာဖြစ်ကာ ကုနင်းကတော့ သူ့အိုင်ဒေါဖြစ်သည်။
သူမက ဖန်းကျီရွေ့၏ဘော့စ်ဖြစ်ကာ ဖန်းကျီရွေ့ကတော့ သူ့ညီအစ်ကိုဖြစ်တာကြောင့် ကုနင်းကိုသာကာကွယ်ပေးသင့်ပေသည်။
“မိန်းကလေးကု၊ ဘာတွေဖြစ်သွားတာလဲ ငါသိလို့ရမလား?” ကွမ်းပင်းက ကျန်းထန်ဟောက်ကို လျစ်လျူရှုကာ ကုနင်းကိုသာမေးလိုက်သည်။
“သူငါ့ကိုလာရောတာအအောင်မြင်လို့ ငါ့ကိုခြိမ်းခြောက်ပြီး ဒီစားသောက်ဆိုင်က သူ့သူငယ်ချင်းပိုင်တာလို့ပြောတယ်။ သူနည်းနည်းပါးပါးပြောလိုက်ရုံနဲ့ ငါ့ကိုအလွယ်လေးမောင်းထုတ်နိုင်တယ်တဲ့။”
သူမက တစ်ဖက်လှည့်နှင့် ကျန်းထန်ဟောက်ကိုမောင်းထုတ်ဖို့ ကွမ်းပင်းကိုပြောလိုက်ခြင်းဖြစ်သည်။
“ဒါက.. အမ်…နားလည်မှုလွဲနေတာပါ… ငါက…” ကျန်းထန်ဟောက်၏အပြုအမူက ချက်ချင်းပြောင်းလဲသွားတော့သည်။
သူစကားမဆုံးသေးခင်မှာတင် ကွမ်းပင်းက စကားဖြတ်ပြောလိုက်သည်။ “ကျန်းထန်ဟောက်၊ မင်းထပ်ပြီးအရှက်မရချင်ရင် ကိုယ့်ဘာသာထွက်သွားတာကောင်းမယ်။”
“မင်း…”
ကွမ်းပင်းက ကုနင်းဘက်သာပါမည်မှန်း ကျန်းထန်ဟောက်သိနေပြီးတာတောင်မှ ကွမ်းပင်းဒီလိုတည့်တိုးပြောလာချိန်မှာ ဒေါသထွက်မိတုန်းပင်။ ထို့အပြင် ကွမ်းပင်းကိုလဲ မဆန့်ကျင်ရဲပြန်ပေ။
အခုတော့ သူသာထွက်သွားလိုက်ရပြီး သူနှင့်ကျောက်ရှောင်ရွှမ်းတို့အတူစားခဲ့သည့်ဝိုင်းက ထမင်းဖိုးကိုရှင်းခဲ့ဖို့တောင် မေ့သွားခဲ့သည်။
ကျောက်ရှောင်ရွှမ်းကတော့ သူမရှေ့မှဒရမ်မာကိုကြည့်ကာ ပျော်ရွှင်နေတာကြောင့် ကျန်းထန်ဟောက် ငွေမရှင်းသွားသည်ကို စိတ်ထဲတောင်မရှိပေ။
“မိန်းကလေးကု၊ တောင်းပန်ပါတယ်။” ကွမ်းပင်းက ကုနင်းကိုတောင်းပန်လိုက်သည်။
“ကိစ္စမရှိပါဘူး။” ကုနင်း ကွမ်းပင်းကိုအပြစ်တင်မနေပေ။
ဖြစ်ပျက်သွားသမျှက လူအများအာရုံကိုအထူးတလည်မဆွဲဆောင်သွားတာကြောင့် သူတို့ပုံမှန်အတိုင်းဆက်စားလို့ရပေသည်။
“မင်းရောစားပြီးပြီလား? ငါတို့နဲ့အတူတစ်ခါတည်းစားလိုက်ပါလား?” ကုနင်းပြောလိုက်သည်။
“ကျေးဇူးပဲ!” ကုနင်းနှင့်အတူစားရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားသွားသည်။
……
ကျောက်ရှောင်ရွှမ်း အိမ်ပြန်ရောက်ပြီးနောက်မှာတော့ စားသောက်ဆိုင်မှာဖြစ်သွားသည့်အကြောင်းများကို သူမမိဘတွေကိုပြန်ပြောပြခဲ့သည်။
အားလုံးနားထောင်ပြီးနောက် ကျောက်ရှောင်ရွှမ်း၏မိဘများမှာ ဒေါသထွက်သွားကြတော့သည်။ သူတို့က ကျောက်ရှောင်ရွှမ်းကို ချမ်းသာသည့်မိသားစုတစ်ခုသို့ လက်ထပ်ဝင်ရောက်နိုင်ဖို့ မျှော်လင့်ထားခဲ့သော်လည်း သူတို့မိသားစုစီးပွားရေးကို တခြားလူတစ်ယောက်ကို စီမံခွင့်ပေးဖို့တော့ စိတ်ကူးမရှိပေ။ သူတို့ကလဲ ငတုံးတွေမှမဟုတ်ဘဲ။
လင်းထျန်းယွီ၏ဥပမာဆိုးကိုပေးရလျှင် ကျောက်ရှောင်ရွှမ်း၏မိဘများသည် သူမအနာဂါတ်ခင်ပွန်းလောင်းကို သူတို့မိသားစုစီးပွားရေးထဲဝင်စွက်ဖက်ပိုင်ခွင့်မပေးဖို့ စိတ်ဆုံးဖြတ်ထားကြပြီးဖြစ်သည်။
ကျောက်ရှောင်ရွှမ်းသည်လဲ အခုဆိုလျှင် ခေါင်းရှင်းရှင်းနှင့်တွေးခေါ်နိုင်နေပြီဖြစ်တာကြောင့် သူမကိုယ်သူမကာကွယ်သင့်ကြောင်း သိနေပေပြီ။ သူမအချစ်အတွက်ယုံကြည်ချက်ပျောက်ဆုံးနေပြီဖြစ်ကာ သင့်တော်သည့်ယောက်ျားတစ်ယောက်နှင့်လက်ထပ်ကာ မိသားစုတစ်ခုထူထောင်နိုင်ချင်ယုံစိတ်သာရှိတော့သည်။
…..
စားသောက်ပြီးနောက် ကုနင်းနှင့်ယုကျီတို့ပြန်ထွက်လာခဲ့ကြသည်။ ကုနင်းက ယုကျီကိုအိမ်ပြန်ပို့ပေးရမလားပြောခဲ့ပေမယ့် ယုကျီက သူမသူငယ်ချင်းလာကြိုမည်ဟုပြောကာ ငြင်းလိုက်သည်။
ယုကျီ၏ပျော်ရွှင်နေသည့်မျက်နှာကိုမြင်ရသည်နှင့် သူမသူငယ်ချင်းဆိုတာ သူမချစ်သူဖြစ်မည်မှန်း ကုနင်းနားလည်လိုက်သည်။
ဒါကြောင့် ကုနင်းလဲတစ်ယောက်တည်းပြန်လာခဲ့တော့သည်။
ကုနင်းပြန်သွားသည်နှင့် ကွမ်းပင်းက ဖန်းကျီရွေ့ကိုဖုန်းဆက်ကာ ယနေ့ဖြစ်ခဲ့သမျှကိုပြန်ပြောပြတော့သည်။ ဖန်းကျီရွေ့ကလဲ သူကိုစောစောမပြောရကောင်းလားဆိုပြီး အထွန်တက်နေတော့သည်။ ဒီလိုသာဆို သူလဲ ကုနင်းနှင့်အတူလာစားလို့ရပေမည်။
***
အခန်း ၉၄၂ စစ်ထူယဲ့ဒဏ်ရာရခြင်း
ကွမ်းပင်းကလဲ ငြိမ်ခံမနေပေ။ “သွားစမ်းပါကွာ၊ ဖန်းကျီရွေ့ မင်းမှာချစ်သူရှိနေတာနဲ့ ငါ့တောင် ခေါင်းထဲမရှိဘဲ သူနဲ့ချည်းလျှောက်လည်နေတာမဟုတ်လား၊ မင်းလုံးဝပြောင်းလဲသွားတာ အံ့တောင်ဩမိတယ်။”
ဖန်းကျီရွေ့သည် သူတို့သူငယ်ချင်းအဖွဲ့ထဲတွင် ပွေရှုပ်သူအဖြစ်သိထားကြကာ ရည်းစားဟောင်းပေါင်းမရေမတွက်နိုင်အောင် ရှိခဲ့သူဖြစ်သည်။ သူ့သူငယ်ချင်းတွေကတောင်မှ သူတော့ တစ်သက်လုံးဒီလိုပဲ ပွေရှုပ်နေဦးမည်ဟုပြောခဲ့ကြဖူးသည်။ သူတစ်နေ့လက်ထပ်ခဲ့လျှင်လဲ သူ့မိဘတွေရဲ့စီစဉ်ပေးမှုကြောင့်သာဖြစ်လောက်မည်ဟုပင်။
ဒါကြောင့် ဖန်းကျီရွေ့ ချစ်သူထပ်ရသွားချိန်မှာ သူတို့လဲ အရင်အတိုင်းကြာကြာမခံလောက်ဘူးဟုသာ တွေးခဲ့ကြသည်။ ဖန်းကျီရွေ့ကိုယ်တိုင်က ဒီတစ်ခေါက်တော့အတည်ဟုပြောကာ မကြာခင်လက်ထပ်မည်ဟုပင် ပြောခဲ့တာတောင်မှ သူတို့ကတော့ သူ့မိဘတွေပေးထားသည့်တာဝန်ကိုကျေပွန်အောင်လုပ်နေရုံဟုသာ ယုံကြည်နေကြတုန်းပင်။
ဖန်းကျီရွေ့ပုံစံက ဘယ်လောက်ပဲအတည်ကြိုက်ကာတွဲနေပုံပေါ်ပေါ် သူတို့ကတော့ သံသယတွေဝင်နေကြစဲပင်။
နောက်ဆုံး သူတို့မျက်စိရှေ့မှာပဲ ကျောင်းလင်းယကို ဖန်းကျီရွေ့အလေးထားဆက်ဆံပုံအား မမြင်တွေ့ခင်အထိ မယုံခဲ့ကြပေ။
အခုတော့ ဖန်းကျီရွေ့က ဒီတစ်ခေါက်တော့ ကျောင်းလင်းယကို အတည်တွဲတာဖြစ်ကြောင်း သူတို့သေချာသွားပေပြီ။
“အရင်တုန်းက ငယ်တော့ ရူးမိုက်ခဲ့တာပါကွာ။” ဖန်းကျီရွေ့ပြန်ပြောလိုက်သည်။ “ကွမ်းပင်း၊ မင်းလဲ မင်းအနာဂါတ်အတွက်သေချာစဉ်းစားသင့်နေပြီနော်။ မင်းလဲမငယ်တော့ဘူး။”
“ငါ့ကိုပညာလာပေးမနေစမ်းပါနဲ့။ တကယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ကို ရှာရတာ ဘယ်လောက်ခက်လဲ မင်းလဲသိတာပဲ။”
တကယ်တော့ ဖန်းကျီရွေ့ရော ကွမ်းပင်းပါ ကုနင်းနှင့်တွေ့ပြီးကတည်းက ပြောင်းလဲသွားကြတာဖြစ်သည်။
ကွမ်းပင်းက ဖန်းကျီရွေ့လို အမြဲတမ်းရှုပ်ပွေနေသူမဟုတ်ခဲ့တာကြောင့် သူ့ပြောင်းလဲမှုက သိပ်မသိသာတာဖြစ်သည်။
……
ကုနင်းကားထဲရောက်ကာ စက်နှိုးမည့်အချိန်မှာပဲ ဟဲဟုန်ကျဲ့ထံမှဖုန်းဝင်လာခဲ့သည်။ ဟဲဟုန်ကျဲ့က သူ့အကြားအာရုံလုံးဝကောင်းသွားပြီဖြစ်ကာ အရင်ထက်တောင်မှပိုကောင်းလာကြောင်း ပြောပြခဲ့သည်။
ဟဲဟုန်ကျဲ့အတွက်တော့ အလွန်အံ့အားသင့်ဖွယ်ကိစ္စတစ်ရပ်ပင်။
ခဏအကြာမှာတော့ စစ်ထူယဲ့ကလဲ ကုနင်းကိုဖုန်းခေါ်လာခဲ့သည်။
ကုနင်းချက်ချင်းပဲ ဖုန်းကိုင်လိုက်သည်။
“ဟိုင်း၊ စစ်ထူ။ ဘာဖြစ်လို့လဲ?”
“မင်းမှာ ဘယ်လိုရောဂါအနာတရမဆိုကုသနိုင်တဲ့ မှော်ဆေးလုံးရှိတယ်လို့ငါကြားတယ်။ ငါ့ကိုနည်းနည်းလောက်ရောင်းပေးနိုင်မလား?” စစ်ထူယဲ့၏အသံမှာအတော်လေးအားနည်းလို့နေသည်။
ကုနင်းကတော့ စစ်ထူယဲ့နေမကောင်းဖြစ်သည်ဟု မတွေးမိဘဲ သူ့အလုပ်အကိုင်အရ ဒဏ်ရာရာနေတာဖြစ်မဖို့များသည်ဟုသာ တွေးမိသည်။
“ရှင်ဒဏ်ရာရနေတာလား?”
“ဟုတ်တယ်၊ ငါ HKမှာပြဿနာကြုံပြီး ထူးဆန်းတဲ့လူတစ်ယောက်နဲ့တိုက်ခိုက်ရင်း ဒဏ်ရာရသွားတာ။”
ထိုစကားကိုကြားပြီး ရုတ်ချည်းပင် နတ်ဆိုးကျင့်ကြံရေးမှလူများအကြောင်း ကုနင်းတွေးမိသွားသည်။
“ရှင်အခုဘယ်မှာလဲ?”
“HKကဆေးရုံမှာပဲရှိသေးတယ်၊ ဒဏ်ရာကအရမ်းမပြင်းပေမယ့် ပြန်ကောင်းဖို့ အနည်းဆုံးလဝက်လောက်တော့ကြာဦးမယ်။ ဒါပေမယ့် နောက်ရက်ပိုင်းအတွင်း ငါဖြေရှင်းစရာလေးတွေရှိနေသေးလို့။”
“အွန်၊ ကျွန်မ ကူညီပေးနိုင်ပါတယ်၊ ဒါပေမယ့် ရှင့်ကိုဆေးဘယ်လိုပို့ပေးရမလဲ?” ကုနင်းမေးလိုက်သည်။ စစ်ထူယဲ့ဆီကတော့ ဆေးဖိုးယူဖို့ စိတ်ကူးမရှိနေပေ။
စစ်ထူယဲ့သည် သူမသူငယ်ချင်းဖြစ်ကာ ချီထျန်းလင်နှင့်ကွာခြားတာကြောင့် ငွေအကြောင်းတွေးစရာမရှိပေ။ ထို့အပြင် စစ်ထူယဲ့က အရင်ကဆို သူမကိုအများကြီးပေးခဲ့တာကြောင့် သူသာလိုအပ်လျှင် စွမ်းအင်သလင်းကျောက်တွေအများကြီးပေးလိုက်ရလဲ ဘာမှမဖြစ်ပေ။
“မင်းအခု Bမြို့မှာရှိနေတုန်းလား?”
“ဟုတ်တယ်။”
“ကောင်းပြီ၊ ရွှမ်းဖန် မနက်ဖြန်ဆေးယူဖို့လာလိမ့်မယ်။” စစ်ထူယဲ့အနေနှင့် သူဒဏ်ရာရသည့်အကြောင်း တခြားလူများကိုမသိစေလိုပေ။
“ရတယ်လေ။” ကုနင်းပြန်ပြောလိုက်သည်။ “ဒါနဲ့ ကျွန်မလဲ HKကိုရောက်တုန်းက အရမ်းထူးဆန်းတဲ့လူနဲ့တွေ့ခဲ့သေးတယ်။ ကျွန်မတို့တွေ့ခဲ့တဲ့လူတွေက တူများတူနေမလားပဲ။”
“အမ်၊ သူက မီးခိုးရောင်ဆံပင်တွေနဲ့သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်ပဲ။ သူက တသီးတခြားနေတာ၊ ငါသူနားချဉ်းကပ်သွားတာနဲ့ အေးစက်တဲ့အငွေ့အသက်တွေခံစားရတော့တာပဲ။ သူထွက်ပြေးသွားတာကလဲ ပုံမှန်နဲ့ကိုမတူဘူး အရမ်းမြန်တာ လျှပ်စီးလိုပဲ၊ ငါတစ်ခါမှအဲ့လိုမျိုးမမြင်ဖူးဘူး။” စစ်ထူယဲ့ပြောလိုက်ရင်း ထိုလူအကြောင်းတွေးမိကာ စိတ်ထဲတင်းကြပ်သလိုခံစားနေရစဲပင်။
စစ်ထူယဲ့၏စကားကြောင့် ထိုလူကလဲ နတ်ဆိုးကျင့်ကြံရေးကအဖွဲ့ဝင်တစ်ယောက်ဖြစ်မည်မှန်း ကုနင်းသေချာသွားပေမည့် သူမတွေ့ခဲ့သည့်လူနှင့်အတူတူပဲလားကိုတော့ မသိပေ။ သူမလဲ ပြီးခဲ့တဲ့အခေါက်တုန်းက ထိုနတ်ဆိုးကျင့်ကြံရေးမှလူကို သေချာမြင်ခဲ့ရတာမဟုတ်တာ။
စစ်ထူယဲ့နှင့်ဖုန်းပြောပြီးနောက် ကုနင်းအတော်ကြာတိတ်ဆိတ်နေခဲ့ပြီးကာမှ ချောင်ဝမ်ရှင်းနှင့်တွေ့ဖို့ရန် ကလပ်သို့မောင်းထွက်ခဲ့လိုက်သည်။
နေ့လည်တုန်းက ကုနင်းကို ချောင်ဝမ်ရှင်းဖုန်းဆက်ခဲ့ပေမည့် ထိုအချိန်မှာ ကုနင်းကလဲ ယုကျီနှင့်နေ့လည်စာစားနေခဲ့သည်။ ဒါကြောင့် ချောင်ဝမ်ရှင်းက ကလပ်တွင်အတူစုံကြဖို့ဖိတ်ကာ သူမအကူအညီလိုကြောင်းလဲပြောခဲ့သည်။
သီးသန့်ခန်းတစ်ခန်းထဲတွင် ချောင်ဝမ်ရှင်း၊ ကောင်းချန်ယွင်၊ အန်းယန်၊ ထုံကျားယောင်၊ ကျန်းကျီကျန့် နှင့် ကျူးယွမ်ကျန်းတို့အားလုံးရှိနေကာ အတော်ရှားပါးသည့်ဆုံစည်းမှုပင်။
ကုနင်း သူတို့နှင့်မရင်းနှီးသော်လည်း လုံးဝစိမ်းသက်နေသည်တော့မဟုတ်ပေ။
သူမရောက်လာသည်နှင့်အားလုံးက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။
ခဏအကြာမှာတော့ ထုံကျားယောင်က ကုနင်းအနားလျှောက်လာကာ စကားပြောခဲ့သည်။ “မိန်းကလေးကု၊ ငါ့အမေက နင့်ရဲ့ပရိသတ်ပဲ။ သူက နင်နဲ့ဓါတ်ပုံနည်းနည်းလောက်ရိုက်ပြီး သူ့သူငယ်ချင်းတွေရှေ့ကြွားချင်နေခဲ့တာ။”
ထုံကျားယောင်က သူမအမေ၏စိတ်ကူးကို ကုနင်းအားထုတ်ပြောရသည်ကို စိတ်ထဲမထားသော်လည်း သူမနှင့်ကုနင်းက အကြိမ်အနည်းငယ်သာတွေ့ဖူးခဲ့တာကြောင့် အနည်းငယ်နေရခက်နေသည်။
***
အခန်း ၉၄၃ ကုနင်းကိုမနာလိုဖြစ်နေသည့်အမျိုးသမီး
ထုံကျားယောင်နှင့်သူငယ်ချင်းအဖွဲ့က ယနေ့မှာလူစုဖြစ်ကြတာကြောင့် ချောင်ဝမ်ရှင်းကို သူမအမေ၏ဆန္ဒအကြောင်းပြောပြခဲ့သည်။ ချောင်ဝမ်ရှင်းကလဲ ရှုပ်ထွေးသည့်ကိစ္စကြီးတစ်ခုဟုမထင်တာကြောင့် ကုနင်းကိုလှမ်းခေါ်လိုက်ခြင်းပင်။
နေ့လည်ပိုင်းတုန်းက ကုနင်းမအားလပ်ခဲ့သော်လည်း ညဘက်လာခဲ့မည်ဟုတော့ ကတိပေးခဲ့သည်။
ထုံကျားယောင်ကိုယ်တိုင် လေးစားသမှုနှင့် ကုနင်း၏သဘောကိုမေးမြန်းဖို့လိုတာကြောင့် ချောင်ဝမ်ရှင်းက ခေါ်ရသည့်အကြောင်းအရင်းကို ကုနင်းအားကြိုမပြောခဲ့ပေ။
ကုနင်းကလဲ ဓါတ်ပုံနည်းနည်းပါးပါးရိုက်တာက အလွယ်လေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးပင် သဘောတူခဲ့သည်။
ထို့နောက် ထုံကျားယောင်က ကုနင်းကိုထပ်ခါတလဲလဲကျေးဇူးတင်ကာ သူမအမေထံသို့ဓါတ်ပုံများချက်ချင်းပို့ပေးလိုက်တော့သည်။
…….
ထုံကျားယောင်၏အမေမှာ ဓါတ်ပုံများရသည်နှင့် စိတ်လှုပ်ရှားသွားကာ သူမသူငယ်ချင်းများနှင့်ဖွဲ့ထားသည့် Wechartသို့ ပြန်လည်ပို့ပေးတော့သည်။
သူမသူငယ်ချင်းအားလုံးကလဲ ကုနင်း၏အောင်မြင်မှုများအကြောင်းသိထားသူများဖြစ်ကာ အများစုဆိုလျှင် ကုနင်းကို သူတို့ကလေးများအတွက်အိုင်ဒေါအနေနှင့်တောင် သတ်မှတ်ထားခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ မနာလိုဖြစ်နေသည့်တစ်စုံတစ်ယောက်ကလဲ ရှိနေတုန်းပင်။
အဖွဲ့ထဲမှ အမျိုးသမီးတစ်ဦး၏သားသည် သူတို့အဖွဲ့မှတခြားမိဘများ၏ကလေးများအတွက် အိုင်ဒေါအဖြစ်အမြဲတမ်းမှတ်ယူခံခဲ့ရသူဖြစ်သည်။ သူမသားက မြို့တော်တက္ကသိုလ်မှဘွဲ့ရကာ ဒုတိယနှစ်မှာပင် အတန်းဖော်များနှင့်အတူ စီးပွားရေးစပ်တူစလုပ်ခဲ့သည်။ တစ်နှစ်ကြာပြီးနောက်မှာပဲ သူ့ကုမ္ပဏီက တန်ကြေးယွမ်၁၀သန်းကျော်သွားကာ အလွန်အောင်မြင်လာခဲ့သည်။ တကယ်တော့ သူမသားသည် သူနှင့်သက်တူရွယ်တူများကြားတွင် ထူးချွန်လှကာ သူမကလဲ သားဖြစ်သူအတွက်အမြဲတမ်းဂုဏ်ယူနေခဲ့ရသည်။
သို့သော်လည်း ကုနင်းက သူမသားနေရာကိုဝင်ယူသွားကာ ကျန်မိဘတွေအားလုံးကလဲ သူမသားအစား ကုနင်းကိုသာ ချီးမွမ်းခန်းဖွင့်နေကြတော့သည်။
ကုနင်း၏ယခင်အောင်မြင်မှုများအပေါ် သူမသံသယဝင်မိသော်လည်း ကျန်လူအားလုံးက သူမ၏အောင်မြင်မှုများစစ်မှန်ကြောင်း သက်သေအခိုင်အမာဖြင့်ပြကြလေသည်။
ဒီလောက်လူအများကြီးကိုတော့ သူမတစ်ယောက်တည်းနှင့်မနိုင်တာကြောင့် အဆုံးမှာတော့ သူမပဲဒေါသဖြစ်ကာကျန်ရစ်ခဲ့တော့သည်။
သို့သော်လည်း အခုထိ ကုနင်းကိုတော့ မနာလိုဖြစ်နေမိတုန်းပင်။
သူမမှာ မကောင်းသည့်အကြံတစ်ခုပေါ်လာကာ ကုနင်းကိုအသရေဖျက်ဖို့အတွက် Weiboပေါ်တွင် စာတစ်ခုတင်လိုက်တော့သည်။ သူမက များစွာသောဖျော်ဖြေရေးလောကတွင် လွှမ်းမိုးမှုရှိသည့်လူများကိုပါ မန်းရှင်းခေါ်ကာ သတင်းပိုပြန့်အောင်လုပ်လိုက်သေးသည်။
သူမက ကုနင်းကို စွပ်စွဲထားကာ ကုနင်းသည် သူမ၏စီးပွားရေးအင်ပါယာကြီးကို ယောကျ်ားတွေအပေါ်မှီခိုက တည်ဆောင်ခဲ့ခြင်းဟုပြောထားပေသည်။ ဒါတင်မကသေး ကုနင်း လူအိုကြီးတစ်ယောက်နှင့်အတူ ဟိုတယ်သွားခဲ့တာကိုတောင်မှ သူမမြင်ခဲ့သည်ဟုပြောထားသေးသည်။
လူအများကြီးက မယုံကြည်ကြသော်လည်း ကုနင်း၏ကျော်ကြားမှုအရ သတင်းကအချိန်တိုအတွင်းပျံ့နှံ့သွားခဲ့သည်။
ကုနင်းကို မနာလိုဖြစ်ကာ တချိန်လုံးဝေဖန်နေခဲ့သူအချို့ကတော့ ယုံကြည်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် အများစုကတော့ ကုနင်းကိုသာ ယုံကြည်ကာ ကာကွယ်ပြောဆိုကြသည်။
ကုနင်း၏များပြားလှစွာသောပရိသတ်များက ထိုအမျိုးသမီး၏Weiboအကောင့်အအောက်တွင် ဒေါသထွက်နေသည့်မှတ်ချက်များရေးခဲ့ကြသည်။ သူတို့က ဘာဓါတ်ပုံမှတောင်မပါဘဲ စာလေးတစ်ကြောင်းနှစ်ကြောင်းနှင့်မဟုတ်ဘဲ သက်သေအတိအကျဖြင့်ပြဖို့ရန်ပြောထားသည်။ ဒီလိုမျိုးဘာသက်သေမှမပါသည့်စာကြောင်းအနည်းငယ်လောက်ကို ငတုံးတွေနဲ့အစကတည်းက မနာလိုဖြစ်နေတဲ့လူတွေလောက်သာ ယုံကြည်ကြပေမည်။
အမျိုးသမီးမှာ သူမတင်လိုက်သည့်စာကြောင့် ကုနင်း၏ပရိသတ်များထံမှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံလိုက်ရတာကြောင့် ထိတ်လန့်သွားခဲ့သည်။ သူမက Weiboကို သိပ်မသုံးဖြစ်တာကြောင့် ဒီလိုသတင်းမျိုးတင်လိုက်တာက အခုလိုရလဒ်မျိုးထွက်လာလိမ့်မည်ဟု မသိခဲ့ပေ။ ဒါကြောင့် သူမကိုခက်ခက်ထန်ထန်ပြောဆိုနေသည့်မှတ်ချက်များကိုဖတ်ကာ ငိုပင်ငိုချင်လာတော့သည်။
ထိုအမျိုးသမီး၏ခင်ပွန်းကလဲ သူမစိတ်ခံစားချက်မကောင်းသည်ကို သတိထားမိတာကြောင့် ဘာတွေဖြစ်နေလဲမေးမြန်းလာသည်။
သူမလဲ သူမခင်ပွန်းကတော့ သူမကိုနှစ်သိမ့်ပေးလောက်မှာပဲဟုတွေးထားခဲ့သော်လည်း သူမလုပ်ခဲ့သမျှကို ကြားပြီးသွားချိန်မှာတော့ သူမခင်ပွန်းက သူမအတွေးနှင့်ဆန့်ကျင်ဘက်ပြုမူလာခဲ့သည်။ ကုနင်းက သူတို့သွားရှုပ်လို့ရသည့်လူမဟုတ်ပေ။
အမျိုးသမီးလဲ သူမအမှားလုပ်လိုက်မိပြီဖြစ်ကြောင်း နားလည်လိုက်ပေမည့် မခံမရက်နိုင်ဖြစ်နေသေးကာ သူမသားကိုပါဖုန်းဆက်လိုက်သည်။
ငယ်ရွယ်ကာအောင်မြင်သည့်စီးပွားရေးသမားတစ်ယောက်အနေနှင့် သူမသားသည် အလွန်ဉာဏ်ထက်ကာ တွေးခေါ်တတ်သူဖြစ်တာကြောင့် သူ့အမေ၏အပြုအမူက မှားယွင်းကြောင်း သူလဲသိပေမည့် သူ့အမေကို ပြစ်တင်ပြောဆိုခြင်းတော့မပြုခဲ့ပေ။ ထိုအစား သူက စိတ်ရှည်ရှည်နှင့် အချိန်ပေးကာ သူ့အမေကိုသင်ခန်းစာပို့ချ(ဆုံးမ)ပေးခဲ့သည်။
အမျိုးသမီးမှာ အခုထိမကျေနပ်သေးတာတောင်မှ ကုနင်းကိုအသေရေဖျက်မည့်အတွေးအား လက်လျှော့သွားတော့သည်။
…….
ထုံကျားယောင်ကတော့ သူမပို့ခဲ့သည့်ကုနင်း၏ဓါတ်ပုံများကြောင့် ဘာတွေဖြစ်သွားခဲ့လဲကို မသိသလို သိများသိခဲ့ရင်လဲ လွန်စွာအံ့အားသင့်နေပေလိမ့်မည်။
သူတို့ကလပ်မှာအကြာကြီးမနေခဲ့ကြဘဲ ည၁၁နာရီလောက်မှာပဲ လူစုခွဲခဲ့ကြသည်။
ချောင်ဝမ်ရှင်းက ကားမယူခဲ့တာကြောင့် ကုနင်းနှင့်အတူ အိမ်ပြန်လိုက်ခဲ့သည်။
“နင်းနင်း၊ နင်ရှောင်းထင်ကိုအရမ်းလွမ်းပေမယ့် ဆက်သွယ်လို့မရနိုင်တဲ့အချိန်မျိုးဆို စောဒကတက်မိလား?” ရုတ်တရက်ကြီး ချောင်ဝမ်ရှင်းကမေးလာခဲ့သည်။
ရှင်းပိုင်က သူ့အလုပ်တွေနဲ့အမြဲရှုပ်နေတာကို သူမအပြစ်မတင်သော်လည်း ချစ်သူကိုမမြင်မတွေ့ရဘဲ အချိန်အကြာကြီး တစ်ယောက်တည်းနေရတာက သူမအတွက်ခက်ခဲလွန်းသည်ဟု ခံစားမိရုံသာဖြစ်သည်။
ကုနင်းလဲ ချောင်ဝမ်ရှင်း၏စိတ်ကိုနားလည်ပေသည်။ “မဖြစ်ပါဘူး။ ငါသူ့ကို ငါ့ချစ်သူအဖြစ်မရွေးခင်ကတည်းက ဘာတွေဖြစ်လာမယ်ဆိုတာ ကောင်းကောင်းသိပြီးသားလေ။ ငါတို့အခု ချစ်သူတွေဖြစ်နေပြီဆိုမှတော့ တစ်ယောက်ကိုတစ်ယောက်ပံ့ပိုးပေးသင့်တာပေါ့။ ငါလဲအရမ်းအလုပ်များပေမယ့် သူတစ်ခါမှစောဒကမတက်ဖူးဘူးလေ။ ငါတို့အတူစုံဖြစ်တဲ့အချိန်တိုင်းကိုပဲ ပိုပြီးမြတ်နိုးတန်ဖိုးထားကြတယ်။”
ကုနင်း ထိုသို့ပြောလိုက်ရသည်ကို အနည်းငယ်တော့ မသက်မသာခံစားရသည်။ အကြောင်းကတော့ လင်ရှောင်းထင်ရောက်လာချိန်တိုင်း သူမကလဲ အကြောင်းတစ်ခုမဟုတ်တစ်ခုဖြေရှင်းစရာတွေရှိပြီး အလုပ်ရှုပ်နေခဲ့သည်မဟုတ်လား။ ဒါကြောင့် သူတို့နှစ်ယောက်ဆက်ဆံရေးတွင် တကယ်တမ်းစောဒကတက်ရမည်က လင်ရှောင်းထင်ဘက်မှသာဖြစ်သည်။
ကုနင်း၏စကားများကိုနားထောင်ပြီးနောက် ချောင်ဝမ်ရှင်းလဲ အရင်ထက်ပိုပြီး ခံစားရသက်သာသွားတော့သည်။
……
ဟွားဖုတောင်ကုန်းသို့ရောက်ချိန်မှာတော့ နှစ်ယောက်သားကိုယ့်အိမ်ကိုယ်ခွဲထွက်ခဲ့သည်။
ကောင်းယိနှင့်ချောင်ယကလဲ အိမ်မှာမရှိကြတာကြောင့် ကုနင်းတစ်ယောက်တည်းသာဖြစ်သည်။
ကားပါကင်ထိုးပြီးသည်နှင့် ကုနင်းအပေါ်ထပ်သို့ချက်ချင်းတက်မသွားဘဲ ကားပါကင်ဘေးမှရေကူးကန်ရှိရာသို့သွားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လင်ရှောင်းထင်ရှိနေတာကြောင့် နတ်ဆိုးကျောင်းကို သူမလွှတ်မပေးနိုင်ခဲ့သော်လည်း အခုတော့ လွှတ်ပေးဖို့အချိန်ရသွားပေပြီ။
***
အခန်း ၉၄၄ နတ်ဆိုးကျောင်းထွက်လာခြင်း
ရေကူးကန်က လုံးဝမသုံးဖြစ်တာကြောင့် ရေတွေကအထူးတလည်သန့်ရှင်းထားခြင်းမျိုးမရှိပေ။ သို့သော်လည်း နတ်ဆိုးကျောင်းက ရေရွေးနေသူမဟုတ်တာကြောင့် အဆင်ပြေပေသည်။
ကျောင်းသည် ကုနင်း၏စိတ်စွမ်းအင်အာကာပြင်ထဲတွင် ရက်ပေါင်းများစွာနေခဲ့ရသည်။ သူ့ခန္ဓာကိုယ်ထဲသို့ မှော်စွမ်းအင်ကို မစုပ်ယူနိုင်သော်လည်း မှော်စွမ်းအင်တွေက သူ့ကိုယ်ကိုဖုံးလွှမ်းနေကာ စိမ့်ဝင်နေနိုင်တုန်းပင်။
ဒီအတိုင်းက ကျောင်းအတွက် စိတ်စွမ်းအားလေ့ကျင့်ဖို့မလွယ်ကူဘဲ ပန်းတိုင်ရောက်ဖို့ အကြီးအကျယ်ဒုက္ခများစေသည်။
စိတ်စွမ်းအင်လေ့ကျင့်ခြင်းသည် သဘာဝကိုဆန့်ကျင်ခြင်းဖြစ်တာကြောင့် အဆင့်တက်လိုလျှင် ကောင်းကင်ဘုံဘေးဒုက္ခကို ဖြတ်ကျော်နိုင်ဖို့လိုအပ်သည်။
ကျောင်း၏ရည်ရွယ်ချက်ကတော့ နဂါးတစ်ကောင်ဖြစ်လာဖို့ပင်။ ထိုသို့ဖြစ်ဖို့ တစ်ဆင့်လောက်သာလိုတော့သော်လည်း အခက်ခဲဆုံးအဆင့်ဖြစ်နေသည်။ ထိုတစ်ဆင့်တက်ဖို့အတွက် ကောင်းကင်ဘုံဘေးဒုက္ခများစွာကို ဖြတ်ကျော်ရှင်သန်နိုင်မှဖြစ်မည်။
နတ်ဆိုးကျောင်းထွက်လာသည်နှင့် ကုနင်းဒီအတိုင်းမထားခဲ့ဘဲ စကားအနည်းငယ်ပြောဖြစ်ခဲ့သည်။
“ကျောင်း၊ မင်း နတ်ဆိုးကျင့်ကြံရေးဆိုတာကို ကြားဖူးလား?”
“ဒါပေါ့၊ ကြားဖူးတာပေါ့။ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကတောင် အဲ့အဖွဲ့ကလူတွေနဲ့ ငါတိုက်ခိုက်ဖူးတယ်။ ဒါပေမယ့် အချိန်တွေကုန်ဆုံးလာတာနဲ့ သူတို့ကိုမတွေ့တော့ဘူး။”
“တိုက်တော့ ဘယ်သူနိုင်လဲ?”
“အမ်၊ အဲ့တုန်းက ငါ့အင်အားကအရမ်းမကြီးသေးလို့ဆိုပေမယ့် အခုချိန် သူတို့နဲ့တိုက်မယ်ဆိုရင်တော့ ငါနိုင်ဖို့ယုံကြည်ချက်ရှိတယ်။” နတ်ဆိုးကျောင်းက တစ်ဖက်ကိုအထင်သေးသလိုနှာမှုတ်ကာပြန်ဖြေသည်။ ၎င်းက ကုနင်း၏မေးခွန်းကိုကွေ့ပတ်ပြောတာတောင် နတ်ဆိုးလေ့ကျင့်ရေးဘက်က နိုင်ခဲ့မည်ဖြစ်ကြောင်း ကုနင်းနားလည်ပေသည်။
“ငါကိုယ်တိုင်မကြုံရခင်တုန်းက သရဲတွေ သားရဲတွေကိုမယုံကြည်ခဲ့ဘူး။” ကုနင်းပြောလိုက်သည်။
“အဲ့ဒါတွေက တစ်ချိန်လုံးရှိနေခဲ့ကြတာမဟုတ်ဘူးလား?” ကျောင်းသည် တချိန်လုံးပင်လယ်ကြမ်းပြင်တွင်နေခဲ့တာဖြစ်တာကြောင့် သရဲတွေသားရဲတွေရှိတယ်ဆိုတာကို အမြဲယုံကြည်ထားခဲ့သည်။
“မင်းပြောတာမှန်ပါတယ်၊ ဒါပေမယ့် အခုခေတ်မှာတော့ သူတွေကနည်းပါးလာပြီ။”
သူမလဲ မျက်မြင်တွေ့ပြီးချိန်မှာ စတင်ယုံကြည်လာခဲ့တာဖြစ်သည်။
နတ်ဆိုးကျောင်းကို သေချာပုန်းနေဖို့ရန်နှင့် သူမခွင့်ပြုချက်မရှိဘဲ ထွက်မလာဖို့ရန် ကုနင်းပြောပြီးနောက် သူမအခန်းသို့ပြန်သွားခဲ့သည်။
နောက်တစ်နေ့မှာတော့ မိုးလင်းသည်နှင့် ချောင်ဝမ်ရှင်း၊ ကောင်းယိနှင့်ချောင်ယတို့ မြင်သွားနိုင်တာကြောင့် နတ်ဆိုးကျောင်းကို စိတ်စွမ်းအင်အာကာပြင်ထဲပြန်ထည့်ထားလိုက်သည်။
တစ်ညလုံးလေ့ကျင့်ပြီးနောက်မှာတော့ နတ်ဆိုးကျောင်းသည် ပိုလို့အင်အားကြီးလာ၍ စိတ်လှုပ်ရှားနေတော့သည်။ ကုနင်း၏မှော်စွမ်းအားအကူအညီဖြင့်ဆိုလျှင် သူ့အိပ်မက်ကိုဖမ်းဆုပ်နိုင်ဖို့ သိပ်မကြာနိုင်တော့ပေ။
……..
ကုနင်း မနက်ပိုင်းပြေးဖို့ရန် ထွက်လာခဲ့သည်။ သူမလေ့ကျင့်ခန်းမလုပ်ဖြစ်သည်မှာ အတော်ကြာနေပေပြီ။
အခုဆို သူမသည် လင်ရှောင်းထင်ထက် အားမနည်းတော့သော်လည်း အနိုင်လဲမယူနိုင်သေးပေ။ သူမရည်ရွယ်ချက်က လင်ရှောင်းထင်ကို အနိုင်ပိုင်းဖို့မဟုတ်သော်လည်း သူမကိုယ်သူမ ဆက်လက်လေ့ကျင့်နေဖို့ သတိပေးနေသည်။
ဒါ့အပြင် နတ်ဆိုးကျင့်ကြံရေးအဖွဲ့ဝင်များပေါ်လာတာကြောင့် အန္တရာယ်ကိုသတိထားနေဖို့လိုအပ်သည်။ သူမအနှေးနှင့်အမြန် သူတို့နှင့်ရင်ဆိုင်တွေ့ရတော့မည်ဟု အာရုံရနေသည်။
…….
မနက်ပိုင်းလေ့ကျင့်ခန်းလုပ်သည့်ဧရိယာတွင် လူများစွာရှိနေသော်လည်း အများစုကတော့ အသက်ကြီးသူများပင်။ ဒါကြောင့် ကုနင်းလိုငယ်ရွယ်သည့်မိန်းကလေးတစ်ယောက်ကပါ သူတို့နည်းတူလေ့ကျင့်ခန်းလာလုသည်ကို မြင်လိုက်ရပြီး အံ့ဩသွားကြသည်။
တစ်ချိန်တည်းမှာပဲ ကုနင်း၏ငယ်ရွယ်ကာအားအင်ပြည့်မှုကို ချီးမွမ်းနေကြလေသည်။
သို့သော်လည်း ကုနင်းမှာ သူမပြေးနေချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး၏စိတ်ဝင်စားမှုကိုခံလိုက်ရသည်။
သူက ကုနင်းနောက်ကနေ ၁၀မိနစ်လောက်ဆက်တိုက်လိုက်ပြီးနောက်မှ ကုနင်းကိုရပ်ဖို့ပြောလိုက်သည်။ “ဟေး၊ ခနလေးရပ်ပါဦး။”
သူက အလွန်ယဉ်ကျေးနေတာကြောင့် ကုနင်းလဲ ရပ်ကာ ပြန်လှည့်ကြည့်လိုက်သည်။ “ဘာများဖြစ်လို့လဲ?”
“မင်းကိုနှောင့်ယှက်ရလို့စိတ်မကောင်းပါဘူး၊ ဒါနဲ့မင်းနာမည်က ကုနင်းလား?”
ဒီလိုနဲ့ ထိုလူကြီးက သူမကိုမှတ်မိတာကြောင့် ခေါ်လိုက်မှန်း ကုနင်းသိသွားသည်။ သူမကအခုဆိုနာမည်ကြီးတစ်ယောက်ဖြစ်နေပြီဖြစ်တာကြောင့် သူမကိုမှတ်မိသူရှိသည့်အပေါ် မအံ့ဩတော့ပေ။
“ဟုတ်ပါတယ်။”
လူလတ်ပိုင်းအမျိုးသားက ပြုံးလိုက်သည်။ “ဒါကြောင့် မင်းကိုရင်းနှီးနေပါတယ်လို့တွေးနေတာ။ မင်းဒီလောက်ငယ်ငယ်လေးနဲ့အောင်မြင်နေတာကြောင့် ငါတကယ်ကိုလေးစားနေမိတာ။”
ထိုလူကြီးက ကုနင်းကိုမြှောက်ပင့်နေတာမဟုတ်ဘဲ သူ့စိတ်ကိုအမှန်အတိုင်းပြောပြနေရုံဖြစ်သည်။
“ကျေးဇူးတင်ပါတယ်။” ကုနင်းလဲ ယဉ်ယဉ်ကျေးကျေးပင် ပြန်တုံ့ပြန်သည်။
“အမ်၊ မင်းကြည့်ရတာ အခုBမြို့မှာနေ,နေတဲ့ပုံပဲ။ ဒီကိုကျောင်းပြောင်းလာတာလား?”
“အဲ့လိုတော့မဟုတ်ပဘူး။ ကျွန်မ Bမြို့မှာစီးပွားရေးကိစ္စလုပ်စရာလေးတွေရှိလို့ Fမြို့ကအတန်းကိုသွားမတတ်ဖြစ်တာပါ။”
ထိုလူကြီးက သာမာန်လူဖြစ်ပုံမရတာကြောင့် ကုနင်းသာမာန်ကာလျှံကာပြန်မဖြေခဲ့ပေ။ ဟွားဖုတောင်ကုန်းမှာနေတဲ့လူဆိုမှတော့ ချမ်းသာရင်ချမ်းသာ မဟုတ်ရင်လဲ အာဏာရှိသူတွေပဲဖြစ်သည်။
“အိုး၊ အဲ့လိုကိုး။” သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်သည်။
ကုနင်းက သူမကျောင်းတွင်ထိပ်တန်းကျောင်းသူဖြစ်တာကြောင့် သူမဘာသာအတန်းတွေကိုစီမံနိုင်သည့်အရည်အချင်းရှိပေသည်။
ခဏတာစကားပြောပြီးနောက် သူတို့လမ်းခွဲလိုက်ကြသည်။
…..
မနက်၈နာရီဝန်းကျင်မှာတော့ ချူးရွှမ်ဖန်က ကုနင်းကိုဖုန်းဆက်ကာ ဘယ်အချိန်လာရမလဲမေးလေသည်။
ချူးရွှမ်ဖန်က မနေ့ညကပဲ Bမြို့ကိုရောက်လာခဲ့တာဖြစ်ပေမည့် အရမ်းနောက်ကျနေတာကြောင့် မနက်ရောက်ကာမှ ကုနင်းကိုဖုန်းခေါ်ခဲ့ခြင်းပင်။
***
အခန်း ၉၄၅ ချိုးယွီရှင်း
ချူးရွှမ်ဖန်အစောကတည်းကရောက်နေမှန်း ကုနင်းခန့်မှန်းမိလေသည်။ သူတို့နှစ်ယောက်လုံး စစ်ထူယဲ့၏ဒဏ်ရာအတွက်စိုးရိမ်နေကြခြင်းဖြစ်တာကြောင့် သူ့ကိုချက်ချင်းပဲလာခဲ့ဖို့ ပြောလိုက်သည်။ သူမကတော့ ဟွားဖုတောင်ကုန်းဂိတ်ပေါက်မှာပဲ သူ့ကိုသွားစောင့်နေလိုက်သည်။
ကုနင်း ဂိတ်ပေါက်ကိုရောက်လာပြီး သိပ်မကြာခင်မှာပဲ ချူးရွှမ်ဖန် သူမမြင်ကွင်းထဲဝင်လာခဲ့သည်။ ကုနင်းလဲ စွမ်းအင်သလင်းကျောက်၁၀လုံးပါဝင်သည့် ဆေးပုလင်းကိုပေးကာ ဘယ်လိုအသုံးပြုရမလဲဆိုသည်ကိုပါ ပြောပြလိုက်သည်။
ချူးရွှမ်ဖန်က ကုနင်းကိုထပ်တလဲလဲကျေးဇူးတင်ကာ စစ်ထူယဲ့ထံမှဖြစ်သည့်လက်ဆောင်လို ဘူးလေးတစ်ခုကိုပေးလေသည်။
ဒါက လက်ဆောင်အသေးလေးတစ်ခုဖြစ်ရုံမဟုတ်ကြောင်း ကုနင်းနားလည်ပေသည်။ စစ်ထူယဲ့က သူမဆေးတွေကို တန်ကြေးမပေးရဘဲယူဖို့ တွန့်ဆုတ်နေတာကြောင့် သူမကိုလက်ဆောင်တစ်ခုပို့လိုက်ခြင်းဖြစ်သည်။
လက်ဆောင်က စစ်ထူယဲ့ဘက်မှစေတနာဖြစ်တာကြောင့် ကုနင်းယူထားလိုက်သည်။
ချူးရွှမ်ဖန်ထွက်သွားပြီးနောက် ကုနင်းဘူးကိုဖွင့်ကြည့်လိုက်ရာ အထဲတွင် ငုံးဥအရွယ်လောက်ရှိသည့် ကြောင်မျက်လုံးကျောက်မျက်ရတနာတစ်ခုရှိသည်ကို တွေ့လိုက်ရသည်။
ကြောင်မျက်လုံးကျောက်မျက်ရတနာများသည် အလင်းယိုင်ခြင်းဂုဏ်သတ္တိများစွာပါဝင်တာကြောင့် ကမ္ဘပေါ်ရှိ အဖိုးအတန်ဆုံးကျောက်ငါးမျိုးတွင်ပါဝင်ထားသည်။
စစ်ထူယဲ့ အလွန်ရက်ရောတတ်မှန်း ကုနင်းသိထားသော်လည်း ကြောင်မျက်လုံးကျောက်မျက်ကိုတွေ့ရချိန်မှာ အံ့ဩမိနေတုန်းပင်။
ကျောက်မျက်ရတနာတစ်ခုဆိုတာ ယောက်ျားတစ်ယောက်၏အမြင်မှာတော့ ကျောက်တုံးတစ်တုံးထက်မပိုကြောင်းလဲ ကုနင်းနားလည်ပေသည်။ စစ်ထူယဲ့သာ ကြောင်မျက်လုံးကျောက်မျက်၏တန်ဖိုးကို ဂရုစိုက်နေမည်ဆိုလျှင် သူမကိုပို့ပေးလာမည်မဟုတ်ပေ။
ကုနင်းလဲ အိမ်သို့မပြန်ခင် ကျောက်မျက်လုံးကျောက်မျက်ကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်သိမ်းထားလိုက်သည်။ ဒီနေ့မှာပဲ ကုချင်နှင့်ကုချင်းယန်တို့မိသားစုတွေက ကုမန့်၏မင်္ဂလာပွဲကိုတက်ရောက်ဖို့ရန် Bမြို့သို့လာကြမည်ဖြစ်သည်။
ကုမန့်ကို ထန်ယွင်ဖန်း လက်ထပ်ခွင့်တောင်းထားတာက လျှို့ဝှက်ချက်တစ်ခုမဟုတ်တာကြောင့် သူတို့မင်္ဂလာပွဲကျင်းပတော့မည့်အကြောင်း သတင်းထွက်လာချိန်တွင် သိပ်ပြီးထိတ်လန့်မသွားကြတော့ပေ။
၉နာရီဝန်းကျင်မှာတော့ လင်ရှောင်းထင်ဖုန်းဆက်လာကာ သူမတို့အချိန်ခဏတာစကားပြောခဲ့ကြသည်။
ကုနင်းက သူမကိုစစ်ထူယဲ့ဆက်သွယ်သည်အား လျှို့ဝှက်မထားခဲ့ပေ။ သူဆက်သွယ်ခဲ့တာက နတ်ဆိုးကျင့်ကြံရေးနှင့်တစ်နည်းနည်းပတ်သတ်နေတာကြောင့်လဲပါသည်။
“ရှောင်းထင်၊ ရှင်တကယ်လို့များ နတ်ဆိုးကျင့်ကြံရေးကအဖွဲ့ဝင်တွေနဲ့တွေ့ခဲ့ရင် ကျွန်မကိုသေချာပေါက်အသိပေးရမယ်နော်။” ကုနင်း စိုးရိမ်စွာပြောလိုက်သည်။ ထိုလူတွေ လင်ရှောင်းထင်ကိုထိခိုက်အောင်လုပ်မည်အား သူမအမှန်တကယ်စိုးရိမ်မိသည်။
လင်ရှောင်းထင်သည် သန်မာထူးချွန်သူတစ်ယောက်ဆိုလျှင်တောင် သာမာန်လူသားတစ်ယောက်သာဖြစ်နေတုန်းပင်။ အနည်းဆုံးကုနင်းမှာကတော့ မှော်စွမ်းအားရှိကာ နတ်ဆိုးကျောင်း၏အကူအညီလဲရနိုင်သေးတာကြောင့် နတ်ဆိုးကျင့်ကြံရေးအဖွဲ့နှင့်တိုက်ခိုက်ရမည်ဆိုလျှင် လင်ရှောင်းထင်ထက်စာလျှင်တော့ သူမကပိုပြီးအနိုင်ရနိုင်ချေရှိသည်ဟု ယုံကြည်ချက်ရှိသည်။
ဖြစ်နိုင်ရင် လင်ရှောင်းထင်ကိုကာကွယ်ပေးဖို့ရန် နတ်ဆိုးကျောင်းကိုတောင် လွှတ်ပေးချင်ပေမည့် ဒါကဆုတောင်းရုံသာတတ်နိုင်သည်။ လင်ရှောင်းထင်မှာ နတ်ဆိုးကျောင်းကို ထိန်းသိမ်းဖို့နေရာမရှိသလို နတ်ဆိုးကျောင်း စိတ်စွမ်းအင်ကျင့်ကြံရမှာလိုအပ်သည့် မှော်စွမ်းအားလဲ သူ့မှာမရှိပေ။
“ကိုယ်ပြောပါ့မယ်။” လင်ရှောင်းထင်ပြန်ဖြေလိုက်သည်။ တကယ်တော့ ထိုလူတွေကြောင့် ကုနင်းထိခိုက်မည်စိုး၍ လင်ရှောင်းထင်က သူ့ဘာသာ နတ်ဆိုးကျင့်ကြံရေးအဖွဲ့ကိုဖြေရှင်းဖို့ စိတ်ကူးထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကုနင်းက သူ့ကိုအကြိမ်ပေါင်းများစွာ သူ့ကိုယ်သူဂရုစိုက်ရန်သာပြောနေတာကြောင့် သူမစကားကိုသာနားထောင်ဖို့ ရွေးချယ်လိုက်တော့သည်။
…….
မနက်၁၀နာရီ ကုနင်းအိမ်မှထွက်ခါနီးမှာပဲ ချွမ်မင်ခိုင်က ဖုန်းဆက်လာခဲ့သည်။ သူက အပြာရောင်ကျောက်မျက်ရတနာတစ်ဆင်စာ ပြင်ဆင်ပြီးပြီဖြစ်သည့်အကြောင်း ပြောလာခြင်းဖြစ်သည်။
ကုနင်းက ကုမန့်အတွက် အပြာရောင်ကျောက်မျက်ရတနာတစ်ဆင်စာကို လုပ်ပေးဖို့ နိုင်ငံတကာအဆင့်မီကျော်ကြားသည့်ဘရန်းတစ်ခုကိုငှားဖို့ ချွမ်မင်ခိုင်ကို ပြောထားခြင်းဖြစ်သည်။ သူမကုမ္ပဏီမှာလဲ ကျောက်မျက်ရတနာဒီဇိုင်းနာများစွာရှိသော်လည်း ကုမန့်၏မင်္ဂလာပွဲအတွက်ကိုတော့ နိုင်ငံတကာအဆင့်မီအရည်အချင်းအရှိဆုံးဒီဇိုင်းနာတစ်ယောက်ကိုသာ အကောင်းဆုံးသောရတနာပြုလုပ်ခိုင်းဖို့ ဆုံးဖြတ်ထားတာဖြစ်သည်။
အခုလဲ ကုနင်းအပြင်ထွက်တော့မှာဖြစ်တာကြောင့် ထန်ဟွမ်လုပ်ငန်းစုအဆောက်အဦးသို့သွားကာ တစ်ခါတည်းဝင်ယူလိုက်လို့ရသည်။
ချွမ်မင်ခိုင်က သူမရောက်လျှင် တစ်ယောက်ယောက်ကိုအကြိုလွှတ်ရအောင် သူ့ကိုဆက်သွယ်ပေးဖို့ ကုနင်းကိုပြောလိုက်သည်။
ကုနင်းလဲ သူမ၏တောက်ပြောင်နေသည့် Lamborghiniကားကို ထန်ဟွမ်လုပ်ငန်းစုရှိရာသို့မောင်းသွားပြီးနောက် ကားထဲမှထွက်ကာ အထဲသို့ဝင်ခဲ့လေသည်။
ကုနင်းအထဲသို့ဝင်ပြီးသည်နှင့် ချွမ်မင်ခိုင်ကိုဖုန်းဆက်ဖို့ သူမဖုန်းကိုထုတ်ယူလိုက်သော်လည်း တစ်စုံတစ်ယောက်က သူမနောက်ကနေဝင်တိုက်လိုက်တာကြောင့် သူမဖုန်းကအောက်သို့ပြုတ်ကျသွားခဲ့သည်။
ဝင်တိုက်သူကတော့ အသက်နှစ်ဆယ်ကျော်လောက်ရှိမည့် စတိုက်ကျကျနှင့်အမျိုးသမီးတစ်ယောက်ဖြစ်ကာ တစ်ကိုယ်လုံးကိုလဲ ဒီဇိုင်နာထုတ်ဘရန်းများဖြင့်အလှဆင်ထားသည်။ သို့သော် သူမက ကုနင်းကို ကုနင်းကိုမတောင်းပန်သည့်အပြင် သူမလမ်းမှာ ကုနင်းကိုပိတ်ရပ်သည့်အတွက်တောင် အပြစ်တင်လိုဟန်ဖြင့် စိုက်ကြည့်နေသည်။ ထို့အပြင် ကုနင်း၏လှပမှုကိုမြင်ပြီးတော့လဲ မနာလိုဖြစ်သွားခဲ့သေးသည်။
သူမသာ တောင်းပန်လိုက်ပါက ကုနင်းစိတ်ထဲထားနေမှာမဟုတ်သော်လည်း အခုတော့ အရမ်းရိုင်းနေတာကြောင့် ကုနင်းဒေါသထွက်သွားတော့သည်။
“အခုချက်ချင်းပြန်တောင်းပန်ပါ။” ကုနင်းပြောလိုက်သည်။
“တောင်းပန်ရမယ်? ငါဘယ်သူလဲနင်မသိဘူးလား? နင်ကများ ငါ့ကိုတောင်းပန်ခိုင်းရဲတယ်ပေါ့?” ထိုအမျိုးသမီးက မောက်မောက်မာမာပင်ပြန်ပြောလိုက်ပြီး သူမအမှားဟု လုံးဝတွေးထားပုံမရပေ။
သူမဘက်က မောက်မာနေမှတော့ သေချာပေါက် ချမ်းသာတာ ဒါမှမဟုတ် အာဏာရှိသည့်မိသားစုက ဖြစ်လောက်မှန်း သေချာသွားပေမည့် ကုနင်းကတော့ သူမဘာဖြစ်ဖြစ်ဂရိုစိုက်မည့်သူမဟုတ်နေပေ။
“ရှင့်ဘာသာဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး။ နင် ငါ့ကိုဝင်တိုက်ပြီး ငါ့ဖုန်းလွတ်ကျအောင်လုပ်ခဲ့တဲ့အတွက် တောင်းပန်ရမယ်။”
“ငါက သခင်မလေးချိုး၊ ချိုးမိသားစုကပဲ။ နင်ငါ့ကိုဒေါသထွက်အောင်လုပ်ရင် ကောင်းတာဘာမှမရှိဘူးနော်။” ထိုအမျိုးသမီးက သူမကသာ ကုနင်းထက်အရာရာသာလွန်သည်ဟု တွေးနေပုံပင်။
သို့ပေမည့် ကုနင်းကတော့ မျက်ခုံးသာအသာပင့်လိုက်သည်။ “ချိုးမိသားစု? ချိုးယွီရှင်းကသာ ချိုးမိသားစုရဲ့သခင်မလေးမဟုတ်ဘူးလား?”
Bမြို့တွင်အလွန်ချမ်းသာသည့်ချိုးမိသားစုဆိုလို့ ချိုးယွီရှင်း၏မိသားစုသာရှိပြီး သူကလဲ သူမမိသားစုတွင် တစ်ဦးတည်းသောသမီးဖြစ်သည်။ ချိုးယွီရှင်းမှာ ဦးလေးတစ်ယောက်ရှိကြောင်း ကုနင်းသတိရလိုက်တာကြောင့် ဒီအမျိုးသမီးက သူမ၏ဝမ်းကွဲညီမဖြစ်လောက်ကြောင်း ခန့်မှန်းမိသွားသည်။
ချိုးယွီရှင်း၏ဦးလေးကလဲ ချိုးမိသားစု၏တစ်စိတ်တစ်ပိုင်းသာဖြစ်သော်လည်း ချိုးယွီရှင်း၏မိသားစုဖြစ်သည့် ချိုးမိသားစုကသာ လူတိုင်းသိသည့်ချိုးမိသားစုဖြစ်သည်။
“နင်…” တခြားသူတွေက ချိုးမိသားစု၏သခင်မလေးမှာ ချိုးယွီရှင်းဖြစ်ကြောင်းကြားရသည်ကို အလွန်မုန်းတီးတာကြောင့် ချိုးလီလီဒေါသထွက်သွားတော့သည်။ သူမထိုစကားလုံးကို ဘယ်အချိန်ပဲကြားလိုက်ကြားလိုက်၊ ချိုးလီလီကတော့ သူမအဖေကိုသာ အပြစ်တင်မိသည်။ သူမအဖေသာ အမှားမလုပ်ခဲ့လျှင် သူမအဖိုးက မိသားစု၏ကြွယ်ဝမှုကို ခွဲထုတ်ပစ်ကာ သူမတို့ကို ချိုးမိသားစု၏အပြင်လူဖြစ်သွားအောင် လုပ်မည်မဟုတ်ပေ။