← Chapters

အခန်း (၉၄၆-၉၅၀)

Vol. 64 Ch. 946-950

အခန်း (၉၄၆-၉၅၀)

Vol. 64 Ch. 946-950

အခန်း ၉၄၆ စောင့်ကြည့်လိုက်လေ!

ပင်မချိုးမိသားစု၏အထောက်အပံ့သာမရှိလျှင် သူမချိုးလီလီသည် ချိုးမိသားစုပိုင်ကုမ္ပဏီမှဒါရိုက်တာ၏သမီးတစ်ယောက်မျှသာဖြစ်ပေသည်။

“ဟမ့်၊ ငါက ချိုးယွီရှင်းရဲ့ ဝမ်းကွဲညီမ၊ ဒီတော့ ငါကလဲ ချိုးသခင်မလေးပဲ!” ချိုးယွီရှင်းနှင့်အမျိုးတော်ရမည်ကို မုန်းသော်လည်း ချိုးလီလီပြန်ငြင်းပေသည်။

“အဲ့တော့ကောဘာဖြစ်လဲ? ငါ့ကိုတောင်းပန်ရဦးမှာပဲလေ။”

“နင်…” ချိုးလီလီ အံ့ဩသွားတော့သည်။ ကုနင်း သူမကိုမကြောက်ဘဲနေမည်ဟု လုံးဝမထင်မိပေ။

အနားရှိလူများသည်လဲ အံ့ဩသွားကြပေသည်။

ချိုးလီလီသည် ကုမ္ပဏီသို့ မကြာခဏလာလေ့ရှိတာကြောင့် သူမမျက်နှာကိုရင်းနှီးနေကြပြီဖြစ်သည်။ သူမကို ပင်မချိုးမိသားစုကဖယ်ထုတ်ထားပြီးဖြစ်လျှင်တောင်မှ ချိုးမိသားစုဝင်ဖြစ်နေတုန်းပင်။

အခုတော့ အားလုံးက ကုနင်း၏မိသားစုနောက်ခံအကြောင်း သိချင်နေကြတော့သည်။ ကုနင်းက ချိုးလီလီနဲ့တောင် ငြင်းခုံရဲမှတော့ သူမမိသားစုက ချိုးလီလီထက်ပိုပြီး အင်အားကြီးလို့ပဲဖြစ်ရမယ်။

သူတို့စကားများတာက အတော်ကျယ်တာကြောင့် လုံခြုံရေးတစ်ဦးက ချက်ချင်းရောက်လာခဲ့သည်။

“အမျိုးသမီးတို့၊ ဒီနေရာမှာ စကားမများကြပါနဲ့။” လုံခြုံရေးအစောင့်က ယဉ်ယဉ်ကျေးကျေးပင်ပြောလာသည်။

“ဒါ ကျွန်မအမှားမဟုတ်ဘူး၊ ဒီဘက်က သခင်မလေးချိုးက ကျွန်မကိုဝင်တိုက်ပြီး ကျွန်မဖုန်းပြုတ်ကျသွားအောင်လုပ်တာ။ ပြီးတော့ ကျွန်မကိုတောင်းပန်ဖို့တောင် ငြင်းနေသေးတယ်။” ကုနင်းပြောပြီးနောက် ကြမ်းပေါ်မှဖုန်းကိုတစ်ချက်စောင်းကြည့်လိုက်သော်လည်း ကောက်ဖို့စိတ်ကူးတော့မရှိပေ။ ကုနင်းအနေနှင့် ဒီလိုအရှက်ခွဲမှုမျိုးကို လက်သင့်ခံပေးလိမ့်မည်မဟုတ်ပေ။

“မိန်းကလေးချိုး၊ သူပြောတာအမှန်ပါပဲလား?” လုံခြုံရေးအစောင့်က ချိုးလီလီကိုလှည့်မေးသည်။

“အဲ့လိုဆိုတော့ကော ဘာဖြစ်လဲ?”

“မိန်းကလေးချိုး၊ ဒါသာအမှန်ဆိုရင် ဒီဘက်ကအမျိုးသမီးကို မင်းတောင်းပန်သင့်တယ်။ မင်းက ချိုးမိသားစုမှာမွေးပြီး ပညာတတ်အမျိုးသမီးတစ်ယောက်ပဲ မဟုတ်လား?”

“နင့်ကိုယ်နင်ဘယ်သူများထင်နေလဲ? နင်ကများ ငါ့ကိုအပြစ်တင်ရဲတယ်ပေါ့?” လုံခြုံရေးအစောင့်၏ကျိုးကြောင်းသင့်စကားကြောင့် ချိုးလီလီဒေါသထွက်သွားတော့သည်။

လုံခြုံရေးအစောင့်မှာ ချိုးလီလီ သူ့ကိုအရှက်ရအောင်ပြောသော်လည်း ဒေါသမဖြစ်သွားဘဲ တည်ငြိမ်နေစဲပင်။ “မိန်းကလေးချိုး၊ ကျွန်တော်က သာမာန်လုံခြုံရေးအစောင့်တစ်ယောက်ပါ၊ ဒါပေမယ့် ကျွန်တော်က ဒီနေရာအေးချမ်းဖို့အတွက်တာဝန်ရှိပါတယ်။ မင်းသာ ပြဿနာလုပ်မယ်ဆိုရင်တော့ ကျွန်တော့်တာဝန်အရ ပြဿနာကိုဖြေရှင်းပိုခွင့်ရှိပါတယ်။ ဒီတော့ ဒီဘက်ကအမျိုးသမီးကို အခုချက်ချင်းတောင်းပန်လိုက်ပါ၊ မဟုတ်လို့ကတော့ ကျွန်တော့်ခေါင်းဆောင်ကို သတင်းပို့ရပါလိမ့်မယ်။”

ချိုးယွီရှင်း ကြောင်အသွားသော်လည်း တောင်းပန်ဖို့စိတ်ကူးတော့မရှိတုန်းပင်။ “ငါက နင်တို့ရဲ့လူ့စွမ်းအင်အရင်းအမြစ်ဌာနမန်နေဂျာရဲ့သတို့သမီးလောင်းပဲ။ နင့်ကိုအလုပ်ဖြုတ်ဖို့ သူ့ကိုပြောလိုက်လို့ရတယ်သိလား!”

လူ့စွမ်းအင်အရင်းအမြစ်ဌာန၊ အထူးသဖြင့် ဌာနမန်နေဂျာတွင် သာမာန်ဝန်ထမ်းတစ်ယောက်ကို အလုပ်ဖြုတ်နိုင်သည့်အာဏာရှိသည်။ သို့သော်လည်း ဒီလုံခြုံရေးအစောင့်က ဘာအမှားမှမလုပ်ထားသလို ချိုးလီလီကလဲ ဒီကုမ္ပဏီမှာအလုပ်လုပ်နေသူမဟုတ်ပေ။ တကယ်လို့များလူ့စွမ်းအင်အရင်းအမြစ်ဌာနရဲ့မန်နေဂျာကသာ လုံခြုံရေးအစောင့်ကို အလုပ်ဖြုတ်လိုက်မည်ဆိုလျှင် ဒါကအာဏာနှင့်အနိုင်ကျင့်တာဖြစ်သွားပေပြီ။

“ကျွန်တော်တို့ကုမ္ပဏီမှာ ဒီလိုစည်းမျဉ်းမျိုးရှိမယ်လို့မထင်ပါဘူး။ တကယ်လို့ဖြစ်လာခဲ့လျှင် ကျွန်တော့်ဘာသာ ဒီကနေပိုလို့တောင်ထွက်သွားချင်ပါသေးတယ်။”

“ကောင်းတယ်! ရှင်က လူမှန်ပဲ။ ရှင်သာတကယ်အလုပ်ဖြုတ်ခံလိုက်ရရင် ကျွန်မပိုမြင့်တဲ့လစာပေးပြီး ရှင့်ကိုအလုပ်ခန့်မယ်။” ကုနင်းက ထိုလုံခြုံရေးအစောင့်သာ သာမာန်လူမဟုတ်ဘဲ အနားယူထားသည့်စစ်သားဟောင်းတစ်ဦးဖြစ်မည်ဟု အာရုံရနေတာကြောင့် ပြောလိုက်သည်။

တကယ်တော့ သူအလုပ်ဖြုတ်ခံရဖို့မဖြစ်နိုင်မှန်း ကုနင်းသိပေမည့် သူ့ကိုအလုပ်ခန့်ချင်တာက သူမစိတ်ရင်းအမှန်ပင်ဖြစ်သည်။

အခုက ဖွံ့ဖြိုးတိုးတက်သည့်Bမြို့ဖြစ်နေလျှင်တောင် လုံခြုံရေးဝန်ထမ်းတစ်ဦး၏လစာသည် သိပ်မမြင့်တာကြောင့် သူ့ကိုလစာပိုမြင့်ပေးဖို့ ကုနင်းတတ်နိုင်ပေသည်။ သူက လုံခြုံရေးအစောင့်တစ်ယောက်အဖြစ် ကုနင်းအတွက်လဲ အလုပ်လုပ်ပေးနိုင်သည်။

ဘာပဲဖြစ်ဖြစ် ဒါက လုံခြုံရေးအစောင့်အတွက်တော့ သတင်းကောင်းတစ်ခုဖြစ်သွားသည်။

လုံခြုံရေးအစောင့်မှာ ကုနင်း၏စကားကြောင့် အံ့ဩသွားသော်လည်း သူမနောက်နေတာမဟုတ်ဘူးလို့တော့ ခံစားမိသည်။

“နင်ကလား?” ချိုးလီလီ လှောင်ရယ်တော့သည်။

“ဟုတ်တယ်၊ ငါပဲလေ၊ စောင့်ကြည့်လိုက်ပေါ့!” ကုနင်းက ချိုးလီလီကို ဂရုမစိုက်တော့ဘဲ ချွမ်မင်ခိုင်ကိုဖုန်းခေါ်ဖို့ရန် သူမဖုန်းကိုကောက်လိုက်သည်။

ကုနင်းတစ်ယောက်ယောက်ကို အကူအညီတောင်းတော့မည်မှန်း ချိုးလီလီနားလည်လိုက်သော်လည်း လုံးဝကြောက်မနေပေ။ တစ်ပြိုင်တည်း သူမကပါ သူမသတို့သားလောင်းကိုဖုန်းဆက်လိုက်သည်။

ကုနင်း ဖုန်းဆက်လိုက်ချိန်တွင် ချွမ်မင်ခိုင်မှာ ထန်ယွင်ဖန်း၏ရုံးခန်းထဲရောက်နေခဲ့သည်။

“ကုနင်းဆက်တာပါ။” ချွမ်မင်ခိုင်ခွင့်တောင်းလိုက်သည်။

“ဖြေလိုက်။” ကုနင်းလာနေမှန်း ထန်ယွင်ဖန်းသိတာကြောင့် မအံ့ဩသွားပေ။

“ဟဲလို၊ သခင်မလေးနင်း၊ မင်းရောက်နေပြီလား?”

“ဟုတ်တယ်၊ ကျွန်မအခု အောက်ထပ်ကဟောထဲရောက်နေပြီ၊ ဒါပေမယ့် သိပ်မကောင်းတဲ့အခြေအနေတစ်ခုဖြစ်သွားတယ်။ ကိုယ်တိုင်လာပေးလို့ရမလား?”

ကုနင်းအတွက် ချွမ်မင်ခိုင်၏အကူအညီလိုအပ်ပေသည်။

“ရတာပေါ့၊ ငါတစ်မိနစ်အတွင်းလာခဲ့မယ်။” ချွမ်မင်ခိုင် ချက်ချင်းပင်ပြန်ဖြေလိုက်သည်။

“ဘော့စ်၊ သခင်မလေးနင်း အခုဟောထဲရောက်နေပြီ၊ ဒါပေမယ့် တစ်ခုခုဖြစ်သွားလို့ ကျွန်တော်ကိုယ်တိုင်သွားပေးဖို့လိုတယ်။” ချွမ်မင်ခိုင်က အကြောင်းအကျိုး ထန်ယွင်ဖန်းကိုပြောပြလိုက်သည်။

ထိုစကားကြောင့် ထန်ယွင်ဖန်း စိတ်မကြည်ဖြစ်သွားတော့သည်။ “ငါပါလိုက်ခဲ့မယ်။”

သူ့သမီးကိုတစ်ယောက်ယောက်က အခွင့်အရေးယူမည်အား ခွင့်မပြုလိုပေ။ အထူးသဖြင့် ကုနင်း ဒီကိုပထမဆုံးလာတဲ့အခေါက်မျိုးမှာကိုပေါ့။

ထို့ကြောင့် ချွမ်မင်ခိုင်နှင့်အတူ ထန်ယွင်ဖန်းပါ အောက်ထပ်သို့ဆင်းလာတော့သည်။

***

အခန်း ၉၄၇ ထန်ယွင်ဖန်း၏ပံ့ပိုးမှု

ချိုးလီလီက သူမသတို့သားလောင်းဖြစ်သည့် ထန်ဟွမ်လုပ်ငန်းစု လူ့စွမ်းအင်အရင်းအမြစ်ဌာမှမန်နေဂျာကို အကူအညီလှမ်းတောင်းခဲ့သည်။

ကုနင်း သူမခေါင်းကိုငြိမ့်နေကာ ဒီအမျိုးသမီးတကယ်ကိုမိုက်မဲတာပဲလို့တွေးနေသည်။ ထိုလူ့စွမ်းအင်အရင်းအမြစ်ဌာနမန်နေဂျာက သူမဘက်လိုက်ပေး မပေးဆိုတာကို ကုနင်းသိချင်လာတော့သည်။ သူသာ ဘက်လိုက်ပေးမည်ဆိုလျှင် ဒီနေ့ပဲ သူ့ရာထူးက အဆုံးသတ်သွားပေမည်။ ထန်ဟွမ်လုပ်ငန်းစု၏လူ့စွမ်းအင်အရင်းအမြစ်မန်နေဂျာတစ်ယောက်ကတော့ ထိုမျှမိုက်မဲမည်ဟုတော့ ကုနင်းမထင်ပေ။

“ဟေ့၊ အဲ့မိန်းကလေးက ဥက္ကဌထန်နဲ့အတော်တော်လေးဆင်တယ်လို့ မထင်မိဘူးလား?” ဝန်ထမ်းတစ်ယောက်က ကုနင်းကိုအတော်ကြာလေ့လာကြည့်ရင်းပြောလာသည်။

“အိုး၊ အဲ့ဒါကြောင့် သူ့ကိုရင်းနှီးနေတယ်လို့ထင်မိတာကိုး!”

လူများစွာက လေသံတိုးတိုးဖြင့် ကုနင်းအကြောင်းပြောလာကြသည်။

သူတို့လဲ ထန်ယွင်ဖန်းကို မကြာခဏမတွေ့ဖူးကြသလို တွေ့ခဲ့ရင်လဲ ထန်ယွင်ဖန်းနှင့်သူတို့ကြားမှ အကွာအဝေးက တော်တော်ခြားတာကြောင့် ထန်ယွင်ဖန်း၏ရုပ်ရည်သွင်ပြင်အကြောင်း သေချာမသိကြပေ။ ထို့အပြင် ကုနင်းက ထန်ယွင်ဖန်းနှင့်အလွန်ဆင်တူတာကြောင့် ထန်ယွင်ဖန်းကို သေချာမမြင်ဖူးသည့် သူစိမ်းတွေဆိုလျှင်တော့ သူတို့ကြားမှဆက်ဆံရေးကိုခန့်မှန်းမိမည်မဟုတ်ပေ။

ဝန်ထမ်းများမျာ ကုနင်းကိုအချိန်အတော်ကြာလေ့လာကြည့်ပြီးနောက်မှာတော့ သူတို့ဥက္ကဌနှင့်ထိုမိန်းကလေးက တော်တော်တူနေကြောင်း သိသွားကြတော့သည်။

ထိုအကြောင်းကိုစတင်ပြောလိုက်သည့် ဝန်ထမ်းကတော့ တခြားသူတွေထက် ထန်ယွင်ဖန်းကို အကြိမ်ရေပိုများများမြင်ဖူးသည့် ဧည့်ကြိုဌာနမှမိန်းကလေးဖြစ်သည်။

ကုနင်းက သူတို့စကားပြောနေသည်ကို ကြားနေရသော်လည်း ချိုးလီလီကတော့ မကြားခဲ့ပေ။

ချိုးလီလီလဲ အရင်က ထန်ယွင်ဖန်းနှင့်တွေ့ဖူးခဲ့ပေမည့် သေချာသတိထားပြီးမကြည့်ဖူးတာကြောင့် ကုနင်းနှင့်ထန်ယွင်ဖန်းတို့ကြားမှ ဆင်တူမှုကို မမြင်နိုင်ခဲ့ပေ။ ထို့အပြင် ထန်ယွင်ဖန်း တစ်ခါမှလက်မထပ်ဖူးသည့်အကြောင်းက Bမြို့လူမှုအသိုင်းအဝိုင်းမှာတော့ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ ဒါကြောင့် ဒီလောက်အရွယ်သမီးတစ်ယောက်ရှိနေဖို့ မဖြစ်နိုင်ဟုသာတွေးကြသည်။

ခဏအကြာမှာပဲ လူ့စွမ်းအင်အရင်းအမြစ်ဌာနမန်နေဂျာက အလောတကြီးရောက်လာခဲ့သည်။ သူက ထန်ယွင်ဖန်းထက်အရင်ရောက်လာခြင်းပင်။

“ကွမ်းမင်၊ ဒီလူတွေကျွန်မကိုအတိုက်အခံလုပ်နေကြတယ်!” ချိုးလီလီက ကုနင်းနှင့်လုံခြုံရေးအစောင့်တို့ကို ချက်ချင်းအပြစ်တင်လိုက်သည်။ သူမသတို့သားလောင်းက သူမကိုသေချာပေါက်ကာကွယ်ပေးလိမ့်မည်ဟု ယုံကြည်မှုလွန်ကဲနေခြင်းကြောင့်လဲပါပေသည်။

လူ့စွမ်းအင်အရင်းအမြစ်ဌာနမှမန်နေဂျာဖြစ်သည့် ချင်ကွမ်းမင်သည် လုံခြုံရေးအစောင့်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကုနင်းဘက်သို့လှည့်ကြည့်လိုက်သည်။ ကုနင်း၏မျက်နှာသွင်ပြင်မှာ ထန်ယွင်ဖန်းနှင့်အတော်လေးဆင်တူနေတာကြောင့် သူပင်အနည်းငယ်အံ့ဩသွားလေသည်။ နောက်တော့ လုံခြုံရေးအစောင့်ကိုသာ မေးမြန်းလိုက်သည်။ “ဘာတွေဖြစ်သွားတာလဲ?”

ချင်ကွမ်းမင်သည် ချိုးလီလီ၏အပြစ်တင်မှုတစ်ခုတည်းနှင့် လုံခြုံရေးအစောင့်နှင့်ကုနင်းကို ချက်ချင်းအပြစ်ပေးခြင်းမျိုးမလုပ်ခဲ့ပေ။

“မန်နေဂျာချင် မိန်းကလေးချိုးက ဒီအမျိုးသမီးကိုဝင်တိုက်ပြီး ဖုန်းလွတ်ကျအောင်လုပ်ခဲ့ပေမယ့် မတောင်းပန်ခဲ့ပါဘူး။ ဒီအမျိုးသမီးဘက်က တောင်းပန်ဖို့ပြောခဲ့ပေမယ့် မိန်းကလေးချိုးကတော့ သူ့ကိုပြန်တောင်ခြိမ်းခြောက်လိုက်ပါသေးတယ်။” လုံခြုံရေးအစောင့်က လေးလေးစားစားပင်ပြန်ဖြေလေသည်။

ချင်ကွမ်းမင်သည် သူ့အတွက်အထက်အရာရှိတစ်ဦးဖြစ်တာကြောင့် သူ့ဘက်က လေးလေးစားစားပြောဆိုသင့်ပေသည်။

ထိုစကားကိုနားထောင်ပြီးနောက် ချင်ကွမ်းမင်မျက်မှောင်ကြုတ်သွားကာ ချိုးလီလီကိုကြည့်လိုက်သည်။ “သူပြောတာအမှန်ပဲလား?”

တကယ်တော့ ချိုးလီလီဒီလိုအချိုးမျိုးတွေလုပ်နေတာ ပထမဆုံးအကြိမ်လဲမဟုတ်တာကြောင့် လုံခြုံရေးအစောင့်ပြောသည့်စကားတွေက အမှန်ဖြစ်မည်မှန်း ချင်ကွမ်းမင်သိပြီးသားပင်။

“ကျွန်မက သူ့ကိုအသာလေးတွန်းမိသွားရုံပါ။ ကိစ္စကြီးတစ်ခုလဲမဟုတ်ဘူး။ ကျွန်မတမင်လုပ်တာမှမဟုတ်ဘဲ။” ချိုးလီလီ မကျေမနပ်ပြန်ပြောလိုက်သည်။

“မင်း ဒီအမျိုးသမီးကိုတိုက်မိခဲ့တယ်ဆိုမှတော့ သူဒဏ်ရာရရမရရ မင်းတောင်းပန်သင့်တာပေါ့။ ဒါတောင်နားမလည်ဘူးလား?” ချင်ကွမ်းမင် စိတ်တိုသွားတော့သည်။

ကုနင်းတွေးထားသလိုပါပဲ Bမြို့ထိပ်တန်းလုပ်ငန်းစုဖြစ်သည့် ထန်ဟွမ်မှ လူ့စွမ်းအင်အရင်းအမြစ်ဌာန၏မန်နေဂျာတစ်ယောက်သည် အရူးတစ်ယောက်တော့ ဟုတ်မနေပေ။

ချင်ကွမ်းမင်သည် ကျိုးကြောင်းသင့်တွေးခေါ်တတ်သည့် ရင့်ကျက်သည့်လူတစ်ဦးဖြစ်ကာ ချိုးလီလီက သူကိုယ်တိုင်ရွေးချယ်ထားသည့် ချစ်သူတစ်ယောက်မဟုတ်ပေ။ သူ့အဖေနှင့်ချိုးလီလီအဖေတို့က အလွန်ရင်းနှီးသည့်သူငယ်ချင်းများဖြစ်ကြတာကြောင့် သူ့အဖေက သူမနှင့်ချိန်းတွေ့ဖို့ဖိအားပေးခဲ့ခြင်းသာဖြစ်သည်။ သူစိတ်မပါခဲ့သော်လည်း ရှောင်လွှဲလို့မရခဲ့ပေ။ သူမကတော့ သူ့ခွင့်ပြုချက်တောင်မရှိဘဲ သူမကိုယ်သူမ သူ့သတို့သမီးလောင်းဟု သတ်မှတ်ကာ မကြာခဏလာလည်တတ်သည်။

ချိုးလီလီထံမှဖုန်းဝင်လာလာခြင်း သူအမြန်ဆုံးလာခဲ့တာကလဲ သူမကိုကာကွယ်ပေးဖို့မဟုတ်ဘဲ သူမပြဿနာထပ်ရှာနေမည်အား တားမြစ်ဖို့ရန်သာဖြစ်သည်။ သူ့အမြင်မှာတော့ ချိုးလီလီသည် ပြဿနာကောင်သာဖြစ်သည်။

“ကျွန်မကို ရိုင်းရိုင်းစိုင်းစိုင်းလာမပြောနဲ့! သူကအရင် ကျွန်မကိုအော်တာ၊ ဒါကြောင့် သူ့ကိုမတောင်းပန်နိုင်ဘူး။ ဒါသူ့အမှားပဲ ကျွန်မအမှားမဟုတ်ဘူး!”

ချိုးလီလီသည် သူမ၏အပြုအမူအက ဘယ်လောက်တောင်ရူးမိုက်နေလဲ လုံးဝသတိမထားမိပေ။

“ဟမ့်၊ စိတ်ဝင်စားဖို့ကောင်းသားပဲ၊ ရှင်က ကိုယ့်အမှားကိုယ်တောင်မမြင်နိုင်လောက်အောင် ရူးမိုက်တဲ့သူပဲ။ ဒီခန်းမထဲက နေရာတိုင်းမှာ လုံခြုံရေးကင်မရာတွေအပြည့်ပဲ၊ ဒီတော့ ရှင်လုပ်ခဲ့သမျှကိုပြန်စစ်ဆေးဖို့ အရမ်းလွယ်တယ်နော်။” ဒီတစ်ခါတော့ ကုနင်းပါဝင်ပြောလာခဲ့သည်။

ချိုးလီလီထိတ်လန့်သွားတော့သည်။ “ကွမ်းမင်၊ ကျွန်မက ရှင့်သတို့သမီးလောင်းနော်! တစ်ခုခုပြောဦးလေ! ကျွန်မဘက်ကမနေရင် ရှင့်အဖေနဲ့သွားတိုင်ပြောလိုက်မှာ။”

“လုပ်ချင်ရာလုပ်၊ လောလောဆယ်တော့ မင်းလုပ်ရပ်အတွက် တာဝန်ယူရမယ်။” ချင်ကွမ်းမင်၏မျက်နှာမှာ တည်ငြိမ်လို့နေသည်။

ချိုးလီလီမှာ ကူကယ်ရာမဲ့ကာ ငိုချင်လာတော့သည်။

ထိုအချိန်မှာပဲ ချွမ်မင်ခိုင်နှင့်ထန်ယွင်ဖန်းတို့ပေါ်လာကာ လူတိုင်းက သူတို့ဖြတ်သွားဖို့ရန် လမ်းဖွင့်ပေးကြသည်။

ချိုးလီလီလဲ ကြောက်လန့်သွားပေသည်။ သူမက ချင်ကွမ်းမင်၏သတို့သမီးလောင်းဖြစ်နေတာကြောင့် ထန်ဟွမ်လုပ်ငန်းစုမှ သာမာန်ဝန်ထမ်းများထက် သာလွန်သည်ဟု တွေးထားသော်လည်း ထန်ဟွမ်မှ အကြီးအကဲများကိုတော့ မဆန့်ကျင်ရဲပေ။

ဒါကြောင့် ထန်ယွင်ဖန်းရောက်လာသည်နှင့် သူမတော့ အမှားကြီးတစ်ခုလုပ်မိပြီဟု ချိုးလီလီစတင်ခံစားလာမိတော့သည်။

***

အခန်း ၉၄၈ ထန်ယွင်ဖန်း မနာလိုဖြစ်နေပြီ

ခန်းမထဲမှဝန်ထမ်းအားလုံးလဲ သူတို့ရှေ့မှကောင်မလေးနှင့်ထန်ယွင်ဖန်းတို့၏ရုပ်ရည်က ဘယ်လောက်တောင် ဆင်တူနေလဲ ပိုလို့သတိထားမိသွားကြတော့သည်။

“ဥက္ကဌထန်။” ချင်ကွမ်းမင်က ထန်ယွင်ဖန်းကို လေးလေးစားစားနှုတ်ဆက်လိုက်သည်။

“ဥက္ကဌထန်။” လုံခြုံရေးအစောင့်သည်လဲ အလားတူပင်နှုတ်ဆက်လိုက်ပေသည်။

“မင်-မင်္ဂလာပါ ဥက္ကဌထန်။” ချိုးလီလီသည်တော့ ကြောက်လန့်နေတာကြောင့် တုန်တုန်ရီရီဖြင့်နှုတ်ဆက်လိုက်သော်လည်း ထန်ယွင်ဖန်းနှင့်မျက်လုံးချင်းဆုံမကြည့်ရဲပေ။

“ဒီမှာ ဘာတွေဖြစ်သွားတာလဲ?” ထန်ယွင်ဖန်းကမေးလိုက်သည်။

ထန်ယွင်ဖန်းသည် အင်အားကြီးကာ အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တာနှင့်အညီ သဘာဝအတိုင်းအရှိန်အဝါအပြည့်နှင့်ဖြစ်တာကြောင့် ကုနင်းကလွဲလို့ အနားရှိလူတိုင်း ဖိအားများကုန်ကြသည်။

ထန်ယွင်ဖန်း၏အမေးကိုကြားသည်နှင့် ချင်ကွမ်းမင်ကပဲ ချက်ချင်းဖြေလာခဲ့သည်။ “ဥက္ကဌထန်၊ မိန်းကလေးချိုးက ဒီအမျိုးသမီးကိုဝင်တိုက်ပြီး ဖုန်းလွတ်ကျသွားစေခဲ့ပါတယ်၊ ဒါပေမယ့် တောင်းလဲမတောင်းပန်ခဲ့ပါဘူး။ ဒီအမျိုးသမီးဘက်က တောင်းပန်ဖို့ပြောလာပေမယ့် မိန်းကလေးချိုးကတော့ ပြန်တောင်ခြိမ်းခြောက်ခဲ့ပါသေးတယ်။”

ချင်ကွမ်းမင်အမှန်အတိုင်းသာပြောခဲ့သည်။ ထို့အပြင် ချိုးလီလီလက်က လွတ်ဖို့အတွက် သူမရှာခဲ့သည့်ပြဿနာကိုလဲ သူ့အဖေကိုပြန်ပြောပြဖို့ စိတ်ကူးထားသည်။ သူ့အနာဂါတ်အလုပ်အကိုင်နှင့်ယှဉ်လာလျှင်တော့ သူ့အဖေကလဲ သူ့ကိုဆက်ပြီးတွန်းအားပေးနေတော့မှာမဟုတ်ဟု ယုံကြည်ပေသည်။

သူမနှင့်တွေ့ကြည့်ဖို့ရန် သူ့အဖေက တွန်းအားပေးနေဦးမယ်ဆိုရင်တောင်မှ သူ့ပျော်ရွှင်မှုအတွက် အဆုံးထိငြင်းဆန်နေဦးမှာဖြစ်သည်။

ထန်ယွင်ဖန်းက ချိုးလီလီကိုကြည့်ကာ မေးလိုက်သည်။ “မိန်းကလေးချိုး၊ ဒီနေရာက မင်းလုပ်ချင်ရာလုပ်လို့ရနေနိုင်ရအောင် မင်းမိသားစုပိုင်ကုမ္ပဏီလို့များထင်နေတာလား?”

“ကျွန်-ကျွန်မ….” ထန်ယွင်ဖန်းနှင့် ရင်ဆိုင်ရချိန်မှာတော့ ချိုးလီလီမှာ စကားတစ်ခွန်းတောင်ဖြောင့်အောင် မပြောနိုင်တော့ပေ။

သူမစကားဆုံးအောင်မပြောနိုင်သေးခင်မှာပဲ ထန်ယွင်ဖန်း၏အကြည့်က ကုနင်းဘက်သို့လှည့်သွားခဲ့သည်။ “နင်းနင်း၊ ဘာလို့အဖေ့ကိုမဟုတ်ဘဲ ဦးလေးချွမ်ကိုခေါ်ရတာလဲ? မင်းက အဖေ့သမီးလေ၊ ဘာပဲဖြစ်ဖြစ် အဖေကပဲ ကာကွယ်ပေးမှာပေါ့။” ထန်ယွင်ဖန်း၏အသံအရ ကုနင်းက သူ့ကိုအရင်ဆက်သွယ်ကာ အကူအညီမတောင်းခဲ့တာကြောင့် အနည်းငယ်မကျေမနပ်ဖြစ်နေပုံပင်။

ဘာပဲဖြစ်ဖြစ် ကုနင်းက သူ့သမီးဖြစ်တာကြောင့် သူမကိုကာကွယ်ပေးဖို့က သူ့တာဝန်သာဖြစ်သည်ဟု ထန်ယွင်ဖန်းတွေးနေခြင်းပင်။ ထို့အပြင် အခု ကုနင်းက သူ့ကုမ္ပဏီကိုရောက်နေတာဖြစ်သည်။ ထန်ယွင်ဖန်းသည် ကုမန့်နှင့်ကုနင်းရှေ့မှာသာ ကြင်နာနူးညံ့သည့်ပုံစံမျိုးရှိတတ်တာဖြစ်သည်။

သူတို့မိသားစုဆက်ဆံရေးအကြောင်း အနှေးနှင့်အမြန်ထုတ်ဖော်တော့မှာဖြစ်တာကြောင့် အခုစကားပြောချိန်တွင် ကုနင်း၏ခွင့်ပြုချက်ကိုမတောင်းနေတော့ပေ။

သို့ပေမည့် ထန်ယွင်ဖန်းပြောလိုက်သည်နှင့် လူတိုင်းကြောင်အသွားရတော့သည်။

ဘာပြောလိုက်တာ? သူက ဥက္ကဌထန်ရဲ့သမီးတဲ့လား?

ဥက္ကဌထန်က ဒီမိန်းကလေးရဲ့အဖေပေါ့?

ထန်ယွင်ဖန်း၏ကုမ္ပဏီမှဝန်ထမ်းအားလုံး အလွန်အံ့အားသင့်ကာ သူတိုပဲနားကြားမှားနေသလားဟုတောင် တွေးမိကြသည်။

သို့သော်လည်း ကုနင်းက ထန်ယွင်ဖန်း၏မွေးစားသမီးလဲဖြစ်နေနိုင်တာကြောင့် သံသယရှိနေကြတုန်းပင်။ ထန်ယွင်ဖန်းအရင်က တစ်ကြိမ်မှလက်မထပ်ဖူးခဲ့တာကို သူတို့အားလုံးသိနေကြတာပဲမဟုတ်လား။

ဒီမိန်းကလေးကသာ ထန်ယွင်ဖန်း၏သွေးသားအရင်းဆိုလျှင် သူမက တရားမဝင်ကလေးသာဖြစ်ပေမည်။ တရားမဝင်ကေလေးတစ်ယောက်သည် မိသားစုအတွက် ဝေဖန်မှုများစွာကိုသယ်ဆောင်လာမည်ဖြစ်ကာ ဘယ်သူကမှလဲ သူ့ကိုတရားဝင်လက်ခံပေးလိမ့်မည်မဟုတ်ပေ။

အခုခေတ်မှာတော့ မိဘတစ်ယောက်ယောက်က လက်ထပ်ထားသော်လည်း တခြားတစ်ယောက်နှင့်ဇာတ်လမ်းရှိနေကာ တရားမဝင်ကလေးတစ်ယောက်ရှိလာတတ်သည်။

ကိုယ့်အိမ်ထောင်ဖက်အပေါ်ဖောက်ပြန်တာက ကိုယ့်ကျင့်တရားပျက်ပြားခြင်းပင်ဖြစ်သည်။ ထိုသို့မွေးဖွားမှုမျိုးသည် တရားဝင်မိသားစုများကိုပျက်စီးစေတာကြောင့် ဤလူမှုအသိုင်းအဝိုင်းမှာတော့ ဘယ်လိုမှလက်မခံကြသည့်အရာပင်။

တရားမဝင်ကလေးကတော့ အပြစ်ကင်းသော်လည်း သူ့အနာဂါတ်မှာတော့ မိဘများကြောင့် မပျော်ရွှင်မှုများနှင့်ပျက်စီးကိန်းစိုက်ရသည်။

သို့သော်လည်း လက်မထပ်ရသေးသည့်လူနှစ်ယောက်မှာ ကလေးရှိသွားတာဆိုရင်တော့ လက်ခံနိုင်စရာမကောင်းသေးရင်တောင်မှ နားလည်ပေးလို့တော့ရပေသည်။

ဒါကြောင့် ကုနင်းက ထန်ယွင်ဖန်း၏တရားမဝင်ကလေးဖြစ်နေရင်တောင် ထန်ယွင်ဖန်းက လက်မထပ်ရသေးတာကြောင့် အဆင်ပြေသေးသည်။ ထို့အပြင် ဘယ်သူကမှလဲ သူတို့ကိုအထင်သေးရဲမည်မဟုတ်ပေ။

ထန်ယွင်ဖန်းက လက်မထပ်ရသေးမှာတော့ ကုနင်း၏အမေကလဲ တခြားလူရဲ့မိန်းမဖြစ်နိုင်ပေ။

လူတိုင်းမှာ အတွေးများနေကာ ထန်ယွင်ဖန်းနှင့်ကုနင်း၏အမေတို့ကြားမှ ဆက်ဆံရေးအကြောင်း သိချင်နေကြတော့သည်။

သူတို့က တကယ်ချစ်ကြတဲ့စုံတွဲတွေဖြစ်နိုင်မလား ဒါမှမဟုတ် ကုနင်း၏အမေက အတွက်အချက်ကြီးသည့်မိန်းမတစ်ယောက်ဖြစ်နေမလား?

သူတို့သာ တကယ်ချစ်သည့်စုံတွဲဆိုလျှင် ထန်ယွင်ဖန်းက ဘာလို့သူမကိုလပ်ထပ်မယူရတာလဲ?

ထန်မိသားစု ဒါမှမဟုတ် ထန်ယွင်ဖန်းကပဲ သူမကိုလက်ခံဖို့ငြင်းဆန်နေတာလား?

ကုနင်းက ထန်ယွင်ဖန်း၏သမီးဖြစ်နေမှတော့ ထန်ယွင်ဖန်းလက်ထပ်တော့မည့်အမျိုးသမီးက သူမအမေပဲဖြစ်ရမယ်! ဘာလို့အခုချက်ချင်းကြီးထုတ်ပြောလိုက်တာလဲ?

…….

ဘာပဲဖြစ်ဖြစ် ထန်ယွင်ဖန်းကလဲ ကုနင်း၏အမေကိုလက်ထပ်တော့မည်ဖြစ်တာကြောင့် မကြာခင်တရားဝင်လင်မယားဖြစ်သွားကြမည်သာ။

ခန်းမထဲမှလူများမှာ အတွေးမျိုးစုံနှင့်ခေါင်းရှုပ်နေကြသော်လည်း ထုတ်ပြော၍တော့မဆွေးနွေးရဲသေးပေ။ ထန်ယွင်ဖန်းသာ ဒေါသထွက်သွားလျှင် သူတို့အားလုံးအလုပ်ပြုတ်သွားပေမည်။

ထန်ယွင်ဖန်း မကျေမနပ်ဖြစ်နေသည်ကိုမြင်ပြီး ကုနင်းပြုံးလိုက်မိသည်။ “သမီးက ယူစရာလေးရှိလို့လာရုံပါ။ အဖေ အလုပ်များနေမယ်မှန်းသိလို့ မနှောင့်ယှက်တော့တာ။”

ထိုစကားကြောင့် ထန်ယွင်ဖန်းပိုလို့တောင် မျက်မှောင်ကြုတ်သွားတော့သည်။ “ငါက မင်းအဖေလေ၊ ဒီတော့ သမီးအကူအညီလိုရင် အချိန်မရွေးပြောသင့်တယ်။”

***

အခန်း ၉၄၉ ကတိတည်နော်

ကုနင်းရယ်လိုက်မိတော့သည်။ “ဟုတ်ကဲ့ပါ၊ နောက်ဆို အဖေ့ဆီကိုအရင်အကူညီတောင်းပါ့မယ်။”

“ဒီလိုမှပေါ့။” ထန်ယွင်ဖန်း ကျေနပ်သွားတော့သည်။ သို့သော်လည်း ချိုးလီလီဘက်ပြန်လှည့်လိုက်ချိန်မှာတော့ ဒေါသပြန်ထွက်လာပြန်သည်။ “မိန်းကလေးချိုး၊ မင်း ငါ့သမီးကိုဝင်တိုက်ပြီးမှတော့ ပြန်မတောင်းပန်သင့်ဘူးလား? မင်းတောင်းပန်ဖို့ဆက်တင်းခံနေဦးမယ်ဆိုရင်တော့ တစ်ရက်လောက် မင်းအဖေနဲ့ငါစကားသွားပြောသင့်ပြီထင်တယ်။”

ချိုးလီလီထိတ်လန့်သွားတော့သည်။ “မိန်းကလေးထန်၊ ကျွန်မတောင်းပန်ပါတယ်။ ဒီတစ်ကြိမ်တော့ခွင့်လွှတ်ပေးပါ!” ချက်ချင်းဆိုသလို ကုနင်းကိုတောင်းပန်လိုက်သည်။

ချိုးလီလီက သူမအဖေကိုမကြောက်သော်လည်း ထန်ယွင်ဖန်းကိုတော့ ကြောက်ပေသည်။ ဒီမိန်းကလေးက ထန်ယွင်ဖန်း၏သမီးဆိုမှတော့ ကုနင်းဘာခိုင်းခိုင်း သူမလုပ်မှာပင်။ သူမ,မလုပ်ချင်လျှင်တောင်မှ သူမခံစားချက်ကို ထုတ်ဖော်ပြသရဲခြင်းမျိုးမရှိပေ။

“ကောင်းပြီလေ။” ကုနင်းလဲ ချိုးလီလီကို သေချာပေါက်အပြစ်ပေးဖို့ထိ စိတ်ရှုပ်ခံမနေပေ။

“ကျေးဇူးအများကြီးတင်ပါတယ်၊ မိန်းကလေးထန်။”

ကုနင်း သူမကိုမိန်းကလေးထန်ခေါ်ခေါ် မိန်းကလေးကုခေါ်ခေါ် စိတ်ထဲမထားပေ။ သူမက တစ်ချိန်တည်းမှာပဲ မိန်းကလေးထန်ရော မိန်းကလေးကုပါဖြစ်နိုင်သည်မဟုတ်လား။

“မိန်းကလေးချိုး၊ မင်းကိုဒီနေရာကနေ ထပ်မကြိုဆိုနိုင်လောက်တော့ဘူး။ နောက်တစ်ခါ ကုမ္ပဏီထဲထပ်မဝင်လာခဲ့ပါနဲ့တော့။” ထန်ယွင်ဖန်း ယဉ်ယဉ်ကျေးသည့်အသုံးအနှုန်းသာသုံးခဲ့သော်လည်း သူအတည်ပြောနေမှန်းသိသာလှသည်။

ထိုစကားကြောင့် ချိုးလီလီစိတ်ပျက်သွားမိတော့သည်။ သူမသာ ဒီကိုထပ်မလာနိုင်တော့ဘူးဆိုလျှင် ချင်ကွမ်းမင်နှင့်တွေ့နိုင်မည့်အခွင့်အရေး သိပ်မရှိတော့ပေ။ ချင်ကွမ်းမင်က အိမ်ကိုပြန်ခဲတာကြောင့် သူ့အိမ်ကိုသွားလည်လျှင်တောင် တွေ့ရဖို့ခက်ပေသည်။

ချိုးလီလီ နှုတ်ခမ်းကိုကိုက်ကာ ချင်ကွမ်းမင်ကိုအသာကြည့်လိုက်သည်။ သူမဘက်ကလိုက်ပြီး တစ်ခုခုပြောပေးလာဖို့မျှော်လင့်မိသော်လည်း ချင်ကွမ်းမင်က သူမနှင့်အကြည့်ခြင်းဆုံဖို့တောင် ရှောင်လွှဲနေလေသည်။

ချိုးလီလီအလွန်စိတ်ပျက်သွားကာ တစ်ယောက်တည်းထွက်သွားရတော့သည်။

ထို့နောက် ကုနင်းလဲ ထန်ယွင်ဖန်းနောက်မှလိုက်ကာ အပေါ်ထပ်သို့တက်သွားသည်။

သူတို့သွားသည်နှင့် တခြားဝန်ထမ်းများမှာ အစောပိုင်းကအဖြစ်အပျက်အကြောင်း စတင်ပြောဆိုကြတော့သည်။

“မိန်းကလေးထန်က ဥက္ကဌထန်ရဲ့သမီးအရင်းဖြစ်လောက်လား မွေးစားသမီးဖြစ်လောက်လား?”

“သူတို့နှစ်ယောက်ရုပ်ကအရမ်းဆင်တာဆိုတော့ ဥက္ကဌထန်ရဲ့သမီးအရင်းဖြစ်လောက်တယ်။”

“ဒါဆို ဘာလို့အရင်တုန်းက သူ့အကြောင်းတစ်ခါမှမကြားဖူးတာလဲ?”

“ဖြစ်နိုင်တာက သူ့အကြောင်း အခုထိ ဥက္ကဌထန်မသိခဲ့လို့များလား။”

“တကယ်လား? ဒီမိန်းကလေးရဲ့အမေက ထန်မိသားစုထဲသေချာပေါက် လက်ထပ်ဝင်လို့ရအောင် သူ့ကိုတိတ်တိတ်လေးမွေးခဲ့တာကော မဖြစ်နိုင်ဘူးလား?”

“အဲ့လိုလဲဖြစ်နိုင်တာပဲ။”

“ငါတော့ မထင်ဘူး။ ဒီမိန်းကလေးရဲ့အသက်က ၁၈ဝန်းကျင်လောက်ရှိပြီ၊ ငါကြားထားသလောက်ဆို လွန်ခဲ့တဲ့၁၉နှစ်တုန်းက ထန်မိသားစုမှာ ဆိုးဝါးတဲ့အဖြစ်တစ်ခုဖြစ်ခဲ့တယ်တဲ့။ ဥက္ကဌထန်က တစ်နှစ်လောက်ပျောက်သွားပြီး မှတ်ဉာဏ်လဲပျောက်ဆုံးသွားခဲ့တယ်။ ငါ့အထင်တော့ ဒီမိန်းကလေးက အဲ့အချိန်တုန်က ဥက္ကဌထန်ချစ်ခဲ့မိတဲ့အမျိုးသမီးနဲ့ရထားတာပဲဖြစ်မယ်။”

လွန်ခဲ့သည့်၁၉နှစ်က ထန်ယွင်ဖန်း၏အကြောင်းမှာ စီးပွားရေးလောကမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။

စက္ကန့်ပိုင်းအတွင်းမှာပဲ လူတွေက ကုနင်းနှင့်သူမအမေကို သနားဂရုဏာသက်မိသွားကြတော့သည်။ ဒီလိုသာဆို သူတို့ဘဝတွေအရမ်းခက်ခဲကြမ်းတမ်းခဲ့မှာပဲ။

……

ကုနင်းက ဓါတ်လှေကားထဲရောက်သည်နှင့် လုံခြုံရေးအစောင့်အကြောင်း ထန်ယွင်ဖန်းကိုပြောပြခဲ့သည်။ သူမက လုံခြုံရေးအစောင့်၏ဖြောင့်မတ်မှုနှင့် ရဲစွမ်းသတ္တိကြောင့် လစာကိုတိုးမြှင့်ပေးဖို့ရန် အကြံပေးလိုက်သည်။ ထန်ယွင်ဖန်းသာ သဘောမတူရင်တော့ သူ့ကိုသူမပဲ အလုပ်ခန့်လိုက်ပေမည်။

ထို့နောက် ထန်ယွင်ဖန်းက ကုနင်း၏အမြင်ကိုမေးလိုက်သည်။

ထိုလုံခြုံရေးအစောင့်သည် ရှာမှရှားသည့် တိုက်ခိုက်ရည်ကောင်းပြီး ဖြောင့်မတ်သူတစ်ဦးဖြစ်သည်။ သူသာ ကုနင်းဆီမှာအလုပ်လုပ်မည်ဆိုလျှင် ကုနင်းကိုကာကွယ်ပေးနိုင်လိမ့်မည်ဟု ထန်ယွင်ဖန်းတွေးမိသည်။

ကုနင်းကတော့ သူ့ကို ထန်ဟွမ်လုပ်ငန်းစုမှာပဲ ဆက်ခန့်ထားဖို့ရွေးလိုက်သည်။ အကြောင်းကတော့ ထန်ဟွမ်သည် လူတိုင်းသိသည့်အောင်မြင်သောလုပ်ငန်းစုကြီးတစ်ခုဖြစ်ကာ လုံခြုံရေးအစောင့်အနေနှင့် ဒီနေရာမှာဆက်နေလျှင် သူ့အနာဂါတ်ကပိုတောက်ပလိမ့်မည်။

သူမကုမ္ပဏီကလဲ အနာဂါတ်မှာ သေချာပေါက်ထိပ်တန်းကုမ္ပဏီများထဲပါလာမည်ဟု ကုနင်းယုံကြည်ချက်ရှိသော်လည်း လုံခြုံရေးအစောင့်ကတော့ ထိုသို့မထင်လောက်ပေ။

ကုနင်းကဆက်ထားဖို့ပြောမှတော့ ထန်ယွင်ဖန်းကလဲ လုံခြုံရေးအစောင့်ကို ရာထူးတိုးကာ လစာမြှင့်ပေးဖို့သဘောတူလိုက်သည်။

ကုနင်းလိုအပ်တာယူပြီးနောက် ပြန်ထွက်လာသည်။

ထန်ယွင်ဖန်းက သူမကိုခဏလောက်စောင့်စေကာ နေ့လည်စာအတူစားချင်သော်လည်း ကုနင်းကတော့ ထန်မိသားစုအိမ်သို့နေ့လည်စာပြန်စားကာ နေ့လည်၂နာရီတွင် သူမဆွေမျိုးများကိုသွားကြိုရမည်ဟုပြောခဲ့သည်။

ကုနင်းလဲ ထန်ယွင်ဖန်း၏သီးသန့်ဓါတ်လှေကားမှတစ်ဆင့်ပင် အောက်ထပ်သို့ဆင်းလာတာကြောင့် လူတိုင်း၏စပ်စုချင်စိတ်များပြန်လည်ပြင်းထန်လာစေသည်။

တစ်ချိန်တည်းမှာပဲ ထန်ကျားယန်ကလဲ ကုမ္ပဏီထဲဝင်လာခဲ့သည်။

သူပေါ်လာသည်နှင့် လူအများက ကုနင်းအပေါ် သူ့ဆက်ဆံပုံကိုအထူးအလေးပေးစောင့်ကြည့်လာကြသည်။

ထန်ယွင်ဖန်းသည် ထန်ဟွမ်လုပ်ငန်းစု၏ဥက္ကဌဖြစ်သည်။ သူ့မှာသာကလေးမရှိလျှင် ထန်ကျားယန် သို့မဟုတ် ထန်ကျားခိုင်က နေရာလွှဲပြောင်းယူမည်ဖြစ်သော်လည်း အခုတော့ သူ့သမီးရင်းတစ်ယောက်ပေါ်လာခဲ့သည်။ သူတို့ဘယ်လိုတွေဆက်လုပ်ကြမလဲ?

ထန်ကျားယန်နှင့်ထန်ကျားခိုင်တို့အတွက် ဤမျှအမြတ်များသည့်စီးပွားရေးလုပ်ငန်းကြီးကို လက်လွှဲယူနိုင်သည့်အခွင့်အရေးဆုံးရှုံးသွားပေပြီ။ သူတို့တွေ ကုနင်းကိုမနာလိုများဖြစ်နေကြမလား?

တကယ်တော့ ထန်ကျားယန်က ထန်ဟွမ်လုပ်ငန်းစုကို လက်လွှဲယူဖို့စိတ်ကူးမရှိထားပေ။ ထန်မိသားစုတွေက တခြားအရာတွေထက် မိသားစုဆက်ဆံရေးကိုသာအလေးထားကြသူများဖြစ်သည်။ ထန်ကျားခိုင်ရော ထန်ကျားယန်က ကုနင်းကိုတွေ့ရသည့်အတွက် ဝမ်းသာကြသည်။

သူတို့သာ ကုနင်းနှင့်မတွေ့ခဲ့လျှင် သူတို့အဖိုးအသတ်ခံရပြီးလောက်ပေပြီ။

ဒါကြောင့် ကုနင်းသူတို့မိသားစုဝင်ဖြစ်လာသည်ကို အလွန်ဝမ်းမြောက်မိကြသည်။

***

အခန်း ၉၅၀ အတင်းအဖျင်း

ကုနင်းသည် မယုံနိုင်စရာအရည်အချင်းများမှင့်အလွန်ထူးချွန်သူဖြစ်ကာ သူမနှင့်ရင်းနှီးခွင့်ရမည့်အခွင့်အရေးကို ဘယ်သူကမှငြင်းကြလိမ့်မည်မဟုတ်ပေ။

ကုနင်းသည် သူတို့မိသားစုဝင်ဖြစ်လာပြီဆိုမှတော့ သူတို့မိသားစုလဲ ယခုထက်ပိုလို့အင်အားကြီးလာနိုင်ပေသည်။ ဒါကြောင့်ပဲ ထန်ကျားယန်က ကုနင်းကိုမြင်သည်နှင့် ချက်ချင်းပြုံးရွှင်ကာ ကုနင်းဆီလျှောက်သွားတော့သည်။

“နင်းနင်း၊ ပြန်တော့မလို့လား?”

ထန်ကျားယန်သည် Bမြို့တွင်နေသည့်ဤရက်များအတွင်း ထန်ဟွမ်တွင်အလုပ်ဆင်းနေခဲ့တာဖြစ်သည်။

“ဟိုင်း!” ကုနင်းလဲပြန်ပြုံးပြလိုက်သည်။ “ဟုတ်တယ်၊ ငါယူစရာလေးရှိလို့လာတာ၊ အခုအိမ်ပြန်ပြီး နေ့လည်စာသွားစားတော့မလို့။”

“ကိုယ်တိုင်ကားမောင်းလာတာလား?” ထန်ကျားယန်ဆက်မေးလိုက်သည်။

“ဟုတ်တယ်။”

“ကောင်းပြီ၊ ဂရုစိုက်မောင်းဦးနော်။” ထန်ကျားယန်ပြောပြီးသည်နှင့် ကုနင်းလဲဆက်ထွက်လာခဲ့သည်။

ထန်ကျားယန်၏ကုနင်းအပေါ် ကြင်ကြင်နာနာဆက်ဆံပုံကိုမြင်ပြီး ဝန်ထမ်းတွေက ထန်ကျားယန်ဘာလို့ ဒီမိန်းကလေးနဲ့အရမ်းရင်းနှီးနေပုံပေါက်လဲသိချင်လာကြသည်။ တချို့ဆိုလျှင် ထန်ကျားယန်က ကုနင်းအပေါ်ကြင်နာတတ်သလိုဟန်ဆောင်နေခြင်းလို့တောင်မှ ယုံကြည်နေကြလေသည်။

“ဘာလို့ဒီမိန်းကလေးကိုကြည့်ရတာရင်းနှီးနေတယ်လို့ခံစားရပါလိမ့်?” ကုနင်းထွက်သွားချိန်တွင် အမျိုးသမီးတစ်ယောက်ကပြောလိုက်သည်။

“သူက ဥက္ကဌထန်ရဲ့သမီးလေ!”

ထိုအမျိုးသမီးသည်အစောကရှိမနေခဲ့တာကြောင့် ထိုအံ့ဩဖွယ်သတင်းကိုလွတ်သွားခဲ့သည်။ “ဘာ? တကယ်ကြီးလား? ဥက္ကဌထန်က လက်မထပ်ရသေးဘူးမဟုတ်ဘူးလား?”

သူမလုပ်ဖော်ကိုင်ဖက်ကအကြောင်းအရာအလုံးစုံကိုပြန်ပြောပြလိုက်ကာ သူမလဲအဖြစ်အပျက်အလုံးစုံကိုနားလည်သွားတော့သည်။ “အမ်၊ တကယ်တော့ သူ့ပုံစံကိုရင်းနှီးတယ်လို့မြင်မိတာ ဥက္ကဌထန်နဲ့တူနေလို့တော့မဟုတ်ဘူး။”

“အရင်ကတစ်နေရာရာမှာတွေ့ခဲ့ဖူးလို့လား?”

“ဟုတ်မယ်ထင်တယ်၊ ငါလဲမသေချာဘူး။”

ထိုအမျိုးသမီးမှာ ကုနင်း၏ရုပ်ကိုအရင်ကဘယ်မှာမြင်ဖူးခဲ့မှန်း မမှတ်မိနိုင်ဖြစ်နေသည်။ သို့သော်လည်း ကုနင်းကို တကယ့်လက်တွေ့အပြင်မှာတွေ့ခဲ့ဖူးတာလားဆိုသည်ကိုလဲ မသေချာပေ။

“အင်တာနက်ပေါ်ကနေများမြင်ခဲ့ဖူးလို့လား?” နောက်ထပ်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က မေးလိုက်သည်။

“အိုး၊ ဟုတ်သားပဲ၊ ငါ့သူ့ရုပ်ကို တီဗီထဲမှာမြင်ဖူးတာ!” အမျိုးသမီးကအံ့ဩတကြီးပြောလိုက်သည်။

“တီဗီထဲမှာ? မဖြစ်နိုင်တာ၊ ဘယ်လိုလုပ်ပြီးတော့လဲ?”

“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းနဲ့Charmရဲ့သတင်းထုတ်ပြန်ပွဲမှာလေ! သူက ကုနတ်ဘုရားမပဲ!”

အမျိုးသမီးမှာ ကုနင်းကိုမှတ်မိသွားသည်နှင့်အလွန်စိတ်လှုပ်ရှားနေတော့သည်။

လူတော်တော်များများက ကုနင်းလုပ်ဆောင်ခဲ့သည့်အောင်မြင်မှုများကိုသိရှိကာ သူမ၏ပရိသတ်များဖြစ်လာခဲ့ကြသည်။ အခုဆို ကုနင်းသည် နာမည်ကြီးကြယ်ပွင့်များလိုပင် ကျော်ကြားနေပြီဖြစ်သည်။

“ဘာပြောတယ်? သူက JadeBeautyလက်ဝတ်ရတနာနဲ့Charmရဲ့ဘော့စ်လား?”

လူတိုင်းအံ့အားသင့်သွားကြတော့သည်။

JadeBeautyလက်ဝတ်ရတနာနှင့်Charm၏သတင်းထုတ်ပြန်ပွဲတုန်းက အတော်လေးလှုပ်ခတ်မှုဖြစ်ခဲ့တာကြောင့် အများစုကကြားဖူးနေကြသည်။ မမျှော်လင့်ထားစွာပဲ ကုနင်းကိုအခုတင်တွေ့ခဲ့ရတာတောင်မှ သူတို့မမှတ်မိခဲ့ဘဲ သူမကိုဓါတ်ပုံရိုက်နိုင်မည့်အခွင့်အရေးကို လက်လွှတ်လိုက်ကြရသည်။ ထို့အပြင် ထိုအရည်အချင်းအပြည့်နှင့်မိန်းကလေးသည် သူတို့ဥက္ကဌ၏သမီးလဲဖြစ်နေသေးလေသည်!

တကယ်တော့ အင်တာနက်ပေါ်မှ ကုနင်း၏ဓါတ်ပုံတော်တော်များများ ဝါးတားတားသာဖြစ်တာကြောင့် ကုနင်းကိုတစ်ချက်မြင်ရုံနှင့်သူတို့မမှတ်မိကြသည်က နားလည်ပေး၍ရလေသည်။

ထို့အပြင် ဒီလိုနာမည်ကြီးကုမ္ပဏီမှာလုပ်နေသည့်သူတို့မှာ နေ့စဉ်လူပေါင်းများစွာနှင့်ထိတွေ့ဆက်ဆံနေရကာ မျက်နှာပေါင်းများစွာကို အကုန်လုံးမှတ်မိနေဖို့ခက်ခဲလှသည်။

ကုနင်း၏ထူးချွန်ပြောင်မြောက်သည့်အရည်အချင်းနှင့် အင်အားကြီးအဆက်အသွယ်များအကြောင်း သူတို့သိကြသော်လည်း ကုနင်းက ထန်မိသားစုဝင်ဖြစ်ကြောင်းသိရချိန်တွင် အံ့ဩမိကြတုန်းပင်။

ထန်မိသားစုက ကုနင်းကိုအရမ်းဂရုစိုက်ကြပုံရသည်။ ဘယ်သူကမှ ဒီလိုထူးချွန်သည့်သမီးမျိုးကို သဘောမတွေ့ဘဲနေပါ့မလဲ!

ကုနင်း၏စွမ်းဆောင်မှုများအကြောင်းကြားသိပြီးနောက် သူမက ကြွယ်ဝမှုအတွက် ဝမ်းကွဲမောင်နှမများနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည့်လူမျိုးမဟုတ်ကြောင်း စတင်ယုံကြည်လာမိကြသည်။ သူမမှာလဲ ငွေမရှိနေတာမှမဟုတ်ဘဲ။

အဖေတူသမီးပဲ။ ထန်ယွင်ဖန်းသည် နှစ်ပိုင်းလေးအတွင်း ထန်မိသားစုပိုင်စီးပွားရေးကို Bမြို့၏အအောင်မြင်ဆုံးကုမ္ပဏီများထဲတွင် နံပါတ်တစ်ရအောင်ယူနိုင်ခဲ့သည်။ ကုနင်းဆိုလဲ ဒီလောက်ငယ်ငယ်လေးနဲ့ အမြတ်ရသည့်ဘရန်းများနှင့်ကုမ္ပဏီများကို ပိုင်ဆိုင်နေပေပြီ။ ထန်မိသားစုမှာ အနာဂါတ်တွင်ဒီထက်ပိုမိုအောင်မြင်တိုးတက်ဖို့သာရှိတော့သည်။

………

ကုနင်းကားထဲရောက်သည်နှင့် လက်ဝတ်ရတနာတစ်ဆင်စာကို စိတ်စွမ်းအင်အာကာပြင်ထဲထည့်လိုက်ကာ ထန်မိသားစုနေအိမ်သို့မောင်းထွက်ခဲ့သည်။

…….

မကြာခင်မှာပဲ လုံခြုံရေးအစောင့်သည် လုံခြုံရေးအဖွဲ့၏ဒုခေါင်းဆောင်အဖြစ် ရာထူးတိုးခံရသည့်သတင်းကောင်းကိုကြားလိုက်ရပေသည်။

ထန်ဟွမ်၏လုံခြုံရေးအဖွဲ့တွင် လူပေါင်းများစွာပါဝင်တာကြောင့် ဒုခေါင်းဆောင်ဆိုသည့်ရာထူးသည် အတော်လေးအာဏာရှိသည်ဟုပြော၍ရပေသည်။

လုံခြုံရေးအစောင့်မှာတော့ သတင်းကြားရချိန်တွင် အလွန်အံ့အားသင့်နေခဲ့ကာ ကျန်လူများလဲထူးမခြားနားပင်။ သာမာန်လုံခြုံရေးအစောင့်တစ်ယောက်က တစ်နေ့အတွင်းမှာပဲ အဖွဲ့၏ဒုခေါင်းဆောင်ဖြစ်သွားတာကြောင့် အံ့ဩမိနေကြသည်။

ဒါက ကုနင်း၏အမိန့်ဖြစ်လောက်မှန်းလဲ သူတို့သိကြလေသည်။

***

All Chapters