အခန်း (၉၅၆-၉၆၀)
Vol. 64 Ch. 956-960
အခန်း ၉၅၆ မင်္ဂလာဝတ်စုံများစမ်းဝတ်ကြည့်ခြင်း
“အဲ့လိုဆို ပိုပြီးတောင် လိုက်ရမှာပေါ့!” အိမ်အလှဆင်ဖို့ထက် ကုမန့် မင်္ဂလာဝတ်စုံစမ်းဝတ်တာကိုကြည့်ရတာက ချောင်ဝမ်ရှင်းအတွက် ပိုစိတ်ဝင်စားစရာကောင်းလှသည်။
…..
ကောင်းယိနှင့်ချောင်ယတို့သည်တော့ ကုနင်းတို့ကို ဟွားဖုတောင်ကုန်းသို့ပြန်ပို့ပြီးသည်နှင့် အနီးအနားရှိဟိုတယ်တစ်ခုသို့သွားခဲ့ကြသည်။ ကုချင်းယန်နှင့်တခြားလူများကတော့ စောစောအိပ်ရာဝင်ကျင့်ရှိတာကြောင့် ခဏအနားယူပြီးသည်နှင့် အိပ်ရာဝင်သွားကြသည်။
ချောင်ဝမ်ရှင်းကတော့ သူမအိမ်မှာတစ်ယောက်တည်းပြန်မအိပ်ချင်တာကြောင့် ညအိပ်ဂါဝန်သွားလဲပြီးသည်နှင့် ကုနင်းနှင့်အတူပြန်လာအိပ်သည်။
…….
“နင်းနင်း၊ နင့်ကျောင်းကသူငယ်ချင်းတွေရောလာမှာလား?” ချောင်ဝမ်ရှင်းမေးလိုက်ခြင်းပင်။
“အွန်း၊ အားလုံးပေါင်းရှစ်ယောက်လာမှာ။ ငါးယောက်ကယောက်ျားလေး၊ သုံးယောက်ကမိန်းကလေး။”
ချူးဖေ့ဟန်နှင့်ကျန်လူများသည် ကုနင်း၏အကောင်းဆုံးသူငယ်ချင်းများဖြစ်ကြတာကြောင့် သူတို့ကိုဖိတ်ကြားခဲ့သည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ကလဲ နီးကပ်လာဖြစ်ပြီဖြစ်တာကြောင့် သူတို့စာသင်ချိန်များကို ကုနင်းလဲမနှောင့်ယှက်လိုသော်လည်း သူမသာ မဖိတ်လိုက်ပါက သူတို့ကိုစိတ်ပျက်သွားစေနိုင်သည်။
ကုနင်း၏အမေ မင်္ဂလာဆောင်တော့မည်မှန်း သူတို့သိရသည်နှင့် အားလုံးကလဲ ချက်ချင်းပင် လာဖို့သဘောတူခဲ့ကြသည်။
သူတို့အချိန်ကုန်သက်သာစေရန်အတွက် ကုနင်းက သောကြာနေ့ညလေယာဉ်လက်မှတ်ကြိုမှာပေးထားသည်။ သူတို့အနေနဲ့ စနေကို Bမြို့တွင်နေကာ တနင်္ဂနွေနေ့မှာတော့ Fမြို့ကိုပြန်ကြပေလိမ့်မည်။ ပိတ်ရက်မှာ ခဏတဖြုတ်အနားယူသည့်သဘောဆိုလျှင် သူတို့အတွက်အဆင်ပြေကာ အတန်းလဲပျက်မှာစိုးရိမ်စရာမလိုတော့ပေ။
ကုနင်းက သူတို့အတွက်အသွားအပြန်လက်မှတ်ကိုကြိုမှာထားတာကြောင့် ကုနင်း ဒီလောက်ချမ်းသာနေတာတောင် သူတို့အကြာကြီးနေလျှင် ငွေကုန်မှာစိုးလို့လားဆိုကာ စနောက်နေကြသေးသည်။
“ငါတို့ Bမြို့မှာကြာကြနေလို့မရလို့ပေါ့။ မဟုတ်ရင် ငါတို့လဲ ပျော်ပျော်ကြီးလျှောက်လည်ပစ်လို့ရမှာ!”
“အခုလဲလုပ်လို့ရပေမယ့် ဘော့စ်ကတော့ ခွင့်ပြုမှာမဟုတ်ဘူး။ တနင်္ဂနွေရောက်တာနဲ့ သူငါတို့ကို Fမြို့ဆီပြန်ကန်ထုတ်လိမ့်မယ်။”
“ဟုတ်တာပေါ့။ ဘော့စ်က ငါတို့စာသင်ချိန်ကို အပျက်ခံမှာမဟုတ်ဘူး။”
ကုနင်း၏စိတ်ကို သူတို့သေချာသိတာကြောင့် ကုနင်း အသွားအပြန်လက်မှတ်ကြိုမှာထားသည့်အပေါ် အပြစ်မတင်ဘဲ စနောက်ရုံသာလုပ်ကြခြင်းဖြစ်သည်။ သူတို့လဲ ကုနင်းကိုမတွေ့ရတာအတော်ကြာနေပြီဖြစ်တာကြောင့် အရမ်းတွေ့ချင်နေပြီဖြစ်သည်။
ကုနင်းကလဲ နောက်တစ်ကြိမ်ဆိုလျှင် သူတို့စိတ်ကြိုက်လုပ်ခိုင်းမည်ဟု ကတိပေးခဲ့သည်။
“နင့်မှာသူငယ်ချင်းတွေအများကြီးရှိတာလေ။ ဒီလောက်နည်းနည်းလေးပဲ ဖိတ်မလို့လား?” ချောင်ဝမ်ရှင်းထပ်မေးလိုက်သည်။
“ဟုတ်တယ်၊ သူတို့က ငါ့အကောင်းဆုံးသူငယ်ချင်းတွေမို့။”
ကုနင်းအနေနှင့် သူမ၏သာမာန်မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကို ဖိတ်ကြားဖို့စိတ်ကူးမရှိပေ။ အခုဟာက သူမအမေ၏မင်္ဂလာပွဲဖြစ်တာကြောင့် သူမသူငယ်ချင်းတိုင်းရှိနေဖို့မလိုအပ်ပေ။
သူမ၏တခြားသူငယ်ချင်းများလဲ သူတို့ကိုမဖိတ်သည်အားသိသွားလျှင် သူမကိုစောဒကတက်လောက်မည်မှန်း နားလည်ပေမည့် သူမအမေလက်ထပ်ပွဲမှာ သူတို့အားလုံးရှိနေတာက မသင့်တော်လှဟု ထင်နေမိတုန်းပင်။ တစ်နေ့ သူမလက်ထပ်ပွဲလုပ်သည့်အချိန်ဆိုလျှင်တော့ သူတို့အားလုံးကို သူမဖိတ်ကြားပေမည်။
နေ့တစ်နေ့မှာတော့ ထန်ယွင်ရုန်နှင့် ကျန်းလီဟွာတို့က ကုမန့် မင်္ဂလာဝတ်စုံစမ်းဝတ်ရာတွင် ကူညီပေးဖို့အတွက် ကုနင်းအိမ်သို့ရောက်လာကြသည်။
ကုမန့်သည်တော့ လွန်စွာလှပသည့် မင်္ဂလာဝတ်စုံများကိုမြင်တွေ့လိုက်ရသည်နှင့် သူမမကြာခင်လက်ထပ်ရတော့မည်မှန်း အမှတ်ရကာ အလွန်စိုးရိမ်ပူပန်လာမိတော့သည်။ တစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားခြင်းနှင့်ပျော်ရွှင်မှုသည်လဲ ပါဝင်လာသည်။ အမျိုးသမီးတိုင်းသည် လှပသောမင်္ဂလာဝတ်စုံကိုဝတ်ကာ သူမတို့ချစ်ရသည့်အမျိုးသားနှင့် လက်ထပ်လိုသည့်ဆန္ဒရှိကြသည်ချင်းပင်။
သူမက ငယ်တော့သည့်အရွယ်မဟုတ်တော့သော်လည်း ဤတစ်ကြိမ်က သူမလက်ထပ်ရမည့်ပထမဆုံးအကြိမ်ဖြစ်တာကြောင့် မျှော်လင့်ချက်များပြည့်နှက်နေသည်။
ကုမန့်ကပဲ သူမမိသားစုကို ထန်ယွင်ရုန်၊ ကျန်းလီဟွာတို့နှင့်မိတ်ဆက်ပေးခဲ့ကာ သူတို့ကလဲ ကြင်ကြင်နာနာပင်နှုတ်ဆက်ခဲ့ကြသည်။
ထန်ယွင်ရုန်နှင့်ကျန်းလီဟွာတို့၏အဆင့်အတန်းကမြင့်လောက်မှန်း ကုချင်တို့ခန့်မှန်းမိကြပေမည့် ထန်ယွင်ရုန်နှင့်ကျန်းလီဟွာတို့ကတော့ သူမတို့ကို နွေးနွေးထွေးထွေးပင်ဆက်ဆံကြသည်။ ဒါကြောင့် အချိန်ခဏလောက်စကားပြောကြည့်ပြီးသည်နှင့် အားလုံးလိုက်လျောညီထွေကာ အဆင်ပြေနေကြတော့သည်။
ကုချင်းတို့သည် ထန်မိသားစု၏လွှမ်းမိုးမှုအကြောင်းကို မသိကြသေးသော်လည်း ထန်မိသားစုသည် အလွန်ချမ်းသာလောက်မည်ကိုတော့ ခန့်မှန်းမိနေကြပေပြီ။
ကုမန့်သည်တော့ သူမမိသားစုနှင့် သူမယောက်မတို့အဆင်ပြေပြေရှိနေသည်ကိုမြင်ပြီး စိတ်အေးသွားခဲ့သည်။ သူမ၏ယောက်မများက ကြင်နာနွေးထွေးသူများဖြစ်ကြောင်း သူမမိသားစုဘက်ကို ပြောပြထားပြီးဖြစ်သော်လည်း သူမမိသားစုကတော့ ယနေ့လို မျက်မြင်ကိုယ်တွေ့မတွေ့ခင်အထိ မယုံနိုင်ခဲ့ကြပေ။
“အားလုံး စားပြီးကြပြီလား?” ထန်ယွင်ရုန်က မေးလိုက်သည်။
“စားပြီးပြီ။”
“ကောင်းပြီ၊ ဒါဆို မင်္ဂလာပွဲဂါဝန်နဲ့ဝတ်စုံတွေသွားစမ်းဝတ်ကြရအောင်။” ကျန်းလီဟွာကပြောလိုက်ပြီးနောက် အမျိုးသမီးတွေအားလုံး အောက်ထပ်ကိုဆင်းလာခဲ့ကြတော့သည်။
ကျန်းရှုနှင့်ကုချင်းယန်တို့သည်တော့ ဧည့်ခန်းထဲသို့ထွက်သွားကြသည်။
သူတို့ မင်္ဂလာပွဲအတွက်ဂါဝန်များ စမ်းဝတ်ကြည့်နေကြချိန်မှာပဲ ထန်ယွင်ရုန်နှင့်ကျန်းလီဟွာတို့ခေါ်လာသည့်လူများက ကုနင်း၏အိမ်ကိုသန့်ရှင်းရေးလုပ်ကာ အလှဆင်ကြသည်။
ကုမန့်၏အသက်အရွယ်နှင့် သူမတောင်းဆိုမှုကြောင့် မင်္ဂလာပွဲအတွက်ဂါဝန်များမှာ အရမ်းအမြင်မရိုင်းဘဲ ခေတ်မှီလှပသည်။ သူမအားလုံးကိုစမ်းဝတ်ကြည့်ကာ အသင့်တော်ဆုံးတစ်ထည်ကို ရွေးထုတ်ဖို့လိုအပ်ပေသည်။
ကုမန့် ဂါဝန်များကိုစမ်းဝတ်ကြည့်နေချိန်တွင် ကုနင်းနှင့်ချောင်ဝမ်ရှင်းသည်တော့ သူတို့မင်္ဂလာပွဲကိုစိတ်ကူးယဉ်နေကြသည်။ သူတို့လဲ တစ်နေ့မှာတော့ လက်ထပ်ကြမည်ပဲလေ။
အခုဆို ချောင်ဝမ်ရှင်းနှင့်ရှင်းပိုင်သည် အမှန်တကယ်ချစ်မြတ်နိုးနေကြပြီဆိုသော်လည်း သူတို့တွေ့ဆုံခဲ့ချိန်က တိုတောင်းလှတာကြောင့် လက်ထပ်ပွဲရက်ရောက်ဖို့က လွန်စွာဝေးကွာနေစဲပင်။ သူတို့ကိုယ်တိုင်ကလဲ အေးအေးဆေးဆေးလုပ်ကြဖို့ ဆန္ဒရှိကြသည်။
ကုနင်းနှင့်လင်ရှောင်းထင်တို့ တွေ့ဆုံခဲ့သည်က အချိန်အတော်ကြာနေပြီဖြစ်ကာ သူတို့ချင်းလဲ လက်ထပ်ချင်နေကြပြီဖြစ်သော်လည်း ကုနင်း၏အသက်အရွယ်က အဆင်မပြေသေးပေ။ ဒါ့အပြင် လတ်တလောတွင် သူမ၏စီးပွားရေးလုပ်ငန်းများဖြင့်လဲ လွန်စွာအလုပ်ရှုပ်နေသေးသည်။
တခြားသူများကတော့ ကုမန့်အတွက် သူမနှင့်အလိုက်ဆုံး မင်္ဂလာပွဲအတွက်ဂါဝန်နှင့် ဂုဏ်ပြုပွဲအတွက်ဝတ်စုံများကို ရွေးကူနေကြသည်။ သို့သော်လည်း မတော်တဆတစ်ခုခုအတွက် တခြားဂါဝန်နှင့်ဝတ်စုံများကို အရံသဘောဆက်ထား,ထားဦးမည်သာ။
ကုမန့် ဝတ်စုံအားလုံးကိုစမ်းဝတ်ကြည့်ဖို့ တစ်နာရီးနီးပါးကြာသွားခဲ့တာကြောင့် ပြီးသည်နှင့် ထမင်းစားခန်းသို့ လက်ဖက်ရည်သောက်ဖို့ သွားခဲ့ကြသည်။
***
အခန်း ၉၅၇ ကုမန့်၏သူငယ်ချင်းများရောက်ရှိ
ကျန်းလီဟွာနှင့်ထန်ယွင်ရုန်တို့သည် ထန်မိသားစုစံအိမ်ကို ပြင်ဆင်ဖို့ရန်အတွက်လဲ တာဝန်ယူထားကြရတာကြောင့် မကြာခင်မှာပဲ ပြန်သွားခဲ့ကြသည်။ ကုနင်း၏အိမ်ကိုပြင်ဆင်မှုကတော့ ပြီးဆုံးသွားခဲ့ပေပြီ။
“မန့်၊ နင့်ယောက်မတွေက အရမ်းနွေးထွေးတာပဲ။ နင့်ကိုလဲ တကယ်ဂရုစိုက်ကြတယ်။” ထန်ယွင်ရုန်နှင့်ကျန်းလီဟွာတို့ထွက်သွားသည်နှင့် ကုချင်ကပြောလိုက်ခြင်းပင်။
အချင်းချင်းဆက်ဆံရေးကောင်းမွန်မည့် ယောက်မများရှိဖို့က မလွယ်လှပေ။
ကုမန့်သည်လဲ သူမနှင့်အဆင်မပြေသည့်ယောက်မများရှိဖူးတာကြောင့် ကုချင်စိတ်ကိုနားလည်ပေသည်။ ဝမ်ယွီလန်သည်လဲ သူမတို့၏ယောက်မပင်ဖြစ်ကာ အရင်ကဆိုလျှင် သူမတို့ကိုလွန်စွာဆိုးဆိုးရွားရွားဆက်ဆံခဲ့သည်။ ကျန်းလီဟွာဆိုလျှင်တော့ သူမသာရူးမသွားခင်လျှင် သူတို့ကြားမှဆက်ဆံရေးမှာ ပုံမှန်လိုပဲတင်းမာနေဦးမည်သာ။
သူမတို့မိခင်ရင်းသည်တော့ အခုဆို အကြောသေနေတာကြောင့် သူတို့ကိုထပ်ပြီး ပြဿနာမရှာနိုင်တော့ပေ။
“သူတို့ငါ့အပေါ်နွေးနွေးထွေးထွေးဆက်ဆံပေးတဲ့အတွက် ငါ့ကိုယ်ငါလဲ တကယ်ကံကောင်းတယ်လို့ခံစားမိတယ်!” ကုမန့် ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးရယ်လိုက်သည်။ သူမ၏ယခင်အတွေ့အကြုံများအတွက် ထိုကိစ္စကို တကယ်စိုးရိမ်ပူပန်နေခဲ့ရသည်။ အထူးသဖြင့် ထန်မိသားစု၏အင်အားနှင့်ကြွယ်ဝမှုတွေအကြောင်း ကြားသိရချိန်တွင် သူမကို ခွဲခြားဆက်ဆံကြမလားဆိုသည်ကို အမြဲတမ်းတွေးတောစိုးရိမ်ခဲ့ရသည်။
ထန်မိသားစုထဲသို့လက်ထပ်ဝင်ရောက်ခဲ့သည့် ကျန်းလီဟွာကိုပဲ ဥပမာယူကြည့်နိုင်သည်။
ကျန်းလီဟွာသည် ထန်မိသားစုလိုပင် အလွန်ချမ်းသာသည့်မိသားစုမှ မွေးဖွားလာသူဖြစ်တာကြောင့် သူမကိုဆိုလျှင် အထင်သေးနေလောက်မည်ဟု ကုမန့်ထင်ခဲ့သည်။ သူမကတော့ ကျန်းလီဟွာနှင့်ဆန့်ကျင်စွာဘဲ ဖွံ့ဖြိုးမှုမရှိသည့်မြို့ငယ်လေးမှ သာမာန်မိန်းမတစ်ယောက်သာဖြစ်နေသည်။
ဒီလိုအတွေးတွေက ကျန်းလီဟွာအကြောင်း အနည်းအကျဉ်းသာသိထားစဉ်က ရှိခဲ့ခြင်းပင်။ ဒါကြောင့် ကျန်းလီဟွာအကြောင်းပိုသိလာပြီးချိန်မှာတော့ သူမအတွေးအမြင်တွေအားလုံးပြောင်းလဲသွားတော့သည်။
ကုချင်နှင့်ကုမန့်တို့၏အပြန်အလှန်ပြောစကားကိုကြားပြီးနောက် အရင်တုန်းက ကုမန့်ကို အထင်သေးကာ နှိမ်ခဲ့သည့်ဝမ်ယွီလန်မှာ ရှက်လာမိတော့သည်။ သူမဘက်က ဆိုးဆိုးရွားရွားဆက်ဆံခဲ့သော်လည်း ကုမန့်နှင့်ကုချင်တို့ကတော့ သူမကိုခွင့်လွှတ်ပေးနေကြစဲပင်။
ကုမန့်နှင့်ကုချင်သည်လဲ ဝမ်ယွီလန်၏အမူအရာကို မြင်သွားကာ မပြောသင့်သည်ကိုပြောမိသွားမှန်း အမှတရသွားတာကြောင့် ကုချင်ကချက်ချင်းစကားကိုဖာထေးလိုက်သည်။ “ကဲပါ၊ အခုဆို ငါတို့တွေအရမ်းအဆင်နေပြီပဲမလား!”
ဒီလိုနဲ့ သုံးယောက်သား ထိုအကြောင်းအရာကို ဆက်မပြောကြတော့ပေ။
……
ညနေ၄နာရီမိနစ်၂၀မှာတော့ ဟောင်ကတော်နှင့် ကုမန့်၏သူငယ်ချင်း အခြားအမျိုးသမီးနှစ်ယောက်ရောက်ရှိလာခဲ့သည်။
ကုနင်းက ကောင်းယိနှင့်ချောင်ယတို့ကို ညနေ၅ခွဲလောက်မှာ သူမဆွေမျိုးတွေအား ဟွမ်းဒင်ဟိုတယ်သို့ခေါ်သွားပြီး သီးသန့်အခန်းကြီးတစ်ခန်းငှားပေးထားဖို့ပြောခဲ့သည်။
ကုနင်း၏ပြိုင်ကားလေးနဲ့က လူအများကြီးမဆံ့တာကြောင့် သူမကားကို အိမ်မှာပဲထားခဲ့ကာ ချောင်ဝမ်ရှင်း၏Land Roverနှင့် လေဆိပ်သို့သွားခဲ့သည်။ ကုမန့်၏သူငယ်ချင်းများက ဝကြတာလဲမဟုတ်တာကြောင့် LandRoverဆို အဆင်ပြေလောက်သည်။
သူမတို့လေဆိပ်သို့ရောက်ရှိချိန်တွင် Fမြို့မှလေယာဉ်ဆိုက်ဖို့က ၁၀မိနစ်ပင်လိုနေသေးသည်။
ဟောင်ကတော်တို့အဖွဲ့ထွက်လာသည်အထိ ကုနင်းတို့ မိနစ်၂၀မျှစောင့်လိုက်ရသည်။
“ဟိုင်း၊ ကုမန့်!” အားလုံးက ကုမန့်ကိုမြင်သည်နှင့် အလွန်စိတ်လှုပ်ရှားနေကြသည်။
ကုမန့်နှင့်သူတို့သူငယ်ချင်းဖြစ်ကြသည်က သိပ်မကြာသေးသော်လည်း တစ်ယောက်အကြောင်းတစ်ယောက် နားလည်တာကြောင့် ခဏလေးအတွင်းမှာပဲ သူငယ်ချင်းကောင်းများဖြစ်သွားကြခြင်းပင်။
ကုမန့် Bမြို့ကိုထွက်သွားကတည်းက သူတို့ပြန်မဆုံဖြစ်ခဲ့ကြတာကြောင့် ကုမန့်ကိုအရမ်းသတိရနေခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် အခုလိုပြန်တွေ့ရချိန်တွင် အလွန်ပျော်ရွှင်နေကြတော့သည်။
ကုမန့်လဲ ပျော်ရွှင်မှုအပြည့်ဖြင့် အားလုံးကိုပြန်နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ၊ ဟောင်ကတော်၊ အမျိုးသမီးလု၊ အမျိုးသမီးဝူ!” ကုမန့်လဲ အားလုံးကိုနှုတ်ဆက်လိုက်သည်။
“နင်းနင်းက ပိုတောင်လှလာတာပဲ!”
“တွေ့လိုက်တိုင်းပိုပိုလှလာတယ်။”
အားလုံးက ကုနင်းကိုချီမွမ်းနေကာ ကုနင်းလဲ အပြုံးလေးဖြင့်ကျေးဇူးတင်လိုက်သည်။
ထို့နောက် ကုနင်းကပဲ အားလုံးကို လေဆိပ်မှကြိုကာ ကိုယ်တိုင်ကားမောင်းထွက်ခဲ့တော့သည်။
“နင်းနင်း၊ သမီးအဖေက သမီးကိုကောင်းကောင်းဆက်ဆံရဲ့လား?” ဟောင်ကတော်က ကားထဲရောက်သည်နှင့် စိုးရိမ်နေဟန်ဖြင့်မေးလာသည်။ ကုမန့်လက်ထပ်မည့်လူက ကုနင်း၏အဖေရင်းဖြစ်မှန်း သူတို့အားလုံးသိထားကြသော်လည်း ထိုလူက ကုနင်းနှင့်ကုမန့်ကို ကောင်းကောင်းဆက်ဆံပါ့မလားဆိုသည်ကိုတော့ စိတ်ပူမိနေတုန်းပင်။ ထိုလူက ကုမန့်နှင့်ကုနင်းတို့ဘဝတွင် အချိန်ကြာမြင့်စွာပျောက်ဆုံးနေခဲ့သူမဟုတ်လား။
ဒါကြောင့် ဟောင်ကတော်လဲ မနေနိုင်ဘဲ ကုနင်းကိုမေးမြန်းရတော့သည်။
“ဒါပေါ့၊ အဖေက သမီးကိုကောင်းကောင်းဆက်ဆံပါတယ်။” ကုနင်းပြုံးလိုက်သည်။ သူမအမှန်အတိုင်းပြောနေခြင်းပင်။ သူမအဖေနှင့်သူမ အချိန်များများမကုန်ဆုံးဖြစ်ကြသော်လည်း ထန်ယွင်ဖန်းက သူမကိုတကယ်ဂရုစိုက်တာကြောင့် သူမဘက်ကလဲ ထန်ယွင်ဖန်းကို သူမအဖေအဖြစ်လက်ခံခဲ့သည်။
“တော်သေးတာပေါ့။”
ကုနင်းအတည်ပြုပေးကာမှ ဟောင်ကတော်လဲ စိတ်အေးသွားတော့သည်။
ဟောင်ကတော်နှင့်ကျန်အမျိုးသမီးနှစ်ယောက်သည် ကုမန့်၏သူငယ်ချင်းကောင်းများဖြစ်ကြပေမည့် သူတို့နှင့်မဆိုင်သည့်ကိစ္စများကိုတော့ အသေးစိတ်လိုက်မေးနေခြင်းမရှိပေ။ ကုနင်း၏အဖေရင်းက ချမ်းသာသည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှန်းသာ သူတို့သိထားကြပြီး နောက်ခံမိသားစုအကြောင်းကိုတော့ မသိကြပေ။
……..
ဟွမ်းဒင်ဟိုတယ်သို့ရောက်ချိန်မှာတော့ ခြောက်နာရီပင်ထိုးခါနီးနေပေပြီ။ ကောင်းယိ၊ ချောင်ယနှင့်အခြားလူများသည်လဲ သီးသန့်ခန်းထဲတွင်ရောက်လို့နေပေပြီ။
ကုနင်းသည် ကားပါကင်မှာကားရပ်ပြီးသည်နှင့် အားလုံးကို သီးသန့်ခန်းဆီသို့ဦးဆောင်သွားလိုက်သည်။
ဟောင်ကတော်နှင့်ကုချင်သည်လဲ သူငယ်ချင်းများပင်ဖြစ်ကာ ကျန်းရှုနှင့်လဲ တစ်ခါတရံဆုံဖူးတာကြောင့် သူစိမ်းများမဟုတ်ကြတော့ပေ။
နောက်တော့ ကုချင်က သူမတို့ကို ကုချင်းယန်တို့မိသားစုနှင့်ပါ မိတ်ဆက်ပေးလိုက်သည်။
ခဏကြာစကားပြောကြည့်ပြီးနောက်မှာတော့ အားလုံးရင်းနှီးလို့သွားတော့သည်။
အစပိုင်းတုန်းကတော့ ဝမ်ယွီလန်မှာနေရခက်နေခဲ့သော်လည်း တဖြည်းဖြည်းနေသားကျသွားတော့သည်။
***
အခန်း ၉၅၈ နတ်ဆိုးကျင့်ကြံရေးနှင့်ထပ်မံတွေ့ဆုံခြင်း
“ကုမန့်၊ နင်အခုကစပြီး Bမြို့မှာပဲနေတော့မယ်ဆိုရင်တောင် အားတဲ့အချိန်Fမြို့ကိုပြန်လာလည်ဖို့ မေ့မနေနဲ့ဦးနော်။” ဟောင်ကတော်က သတိပေးလိုက်သည်။
“ဒါပေါ့၊ လာမှပါ။”
“နင်အခု Bမြို့ကိုပြောင်းလိုက်ပြီဆိုတော့ နောက် ငါတို့ဒီကိုလာဖြစ်ရင် နင်အိမ်ရှင်အနေနဲ့ဧည့်ခံသင့်တယ်နော်!”
“ဟ-ဟ၊ လုပ်ရမှာပေါ့! နင်တို့ကြိုက်တဲ့အချိန်လာခဲ့ကြ၊ ငါအကုန်အကျခံပေးမယ်။” အမျိုးသမီးလု၏စကားကို ကုမန့်ပြန်ဖြေလိုက်သည်။ တကယ်တော့ သူတို့အားလုံးမှာ ငွေမရှိကြတာမဟုတ်ဘဲ သူငယ်ချင်းကောင်းများဖြစ်တာကြောင့် တစ်ယောက်အတွက်တစ်ယောက် အကုန်အကျခံပေးလိုခြင်းသာဖြစ်သည်။
အမျိုးသမီးများစကားစမြည်ပြောနေချိန်တွင် ကျန်းရှုသည်တော့ ကုချင်းယန်နှင့်အတူ ဘေးထွက်သွားကာ သူတို့အလုပ်အကြောင်းများ ပြောဆိုနေကြသည်။
သူတို့စကားဝိုင်းမှနေပြီး ကုချင်းယန်အလုပ်လုပ်နေသည့် အစိုးရလုပ်ငန်းခွင်တွင် သူပြဿနာတက်နေသည့်အကြောင်းလဲ ကျန်းရှုအနည်းအကျဉ်းသိလိုက်ရသည်။
ကုချင်းယန်၏ခေါင်းဆောင်သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ လာဘ်ထိုးငွေကိုလက်ခံခဲ့သော်လည်း သူတို့ပရောဂျက်ကတော့ အဆင်မပြေခဲ့တာကြောင့် ထိုလုပ်ငန်းရှင်ဘက်က သူ့ငွေများကို ခေါင်းဆောင်ထံမှပြန်တောင်းနေခဲ့သည်။ သို့သော်လည်း ခေါင်းဆောင်က ထိုငွေများကိုပြန်မပေးနိုင်တာကြောင့် သူတို့အဖွဲ့ထဲမှတစ်ယောက်ကတော့ အိတ်ဆွဲပြီးထွက်ရတော့မည့်အခြေအနေဖြစ်နေသည်။
နောက်ဆုံး,ဆုံးဖြတ်ချက်မချရသေးသော်လည်း ကုချင်းယန်၏အခြေအနေသည်တော့ အန္တရာယ်များလို့နေသည်။
ကျန်းရှုကတော့ ကုနင်းကိုအကူအညီတောင်းကြည့်သင့်သည်ဟု အကြံပေးခဲ့သည်။
ကုချင်းယန်လဲ ထိုသို့တွေးမိပေမည့် သူက ကုနင်းထက်အကြီးဖြစ်နေတာကြောင့် အကူအညီတောင်းရမည်ကို ရှက်ရွံ့နေမိသည်။
သို့ပေမည့် ကျန်းရှု၏အမြင်ကတော့မတူပေ။ သူတို့သည် တစ်မိသားစုတည်းဖြစ်ကာ ကုနင်းမှာဆို အင်အားကြီးသည့်အဆက်အသွယ်များရှိသည်။ ဒါကြောင့် ကုချင်းယန်ကိုကူညီပေးဖို့က သူမအတွက်ခက်ခဲလှသည့်ကိစ္စမဟုတ်ပေ။
နောက်ဆုံးကုချင်းယန်လဲ သဘောတူလိုက်ကာ ခဏနေ ကုနင်းနှင့်ဆွေးနွေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့အလုပ်ကိုဆုံးရှုံးရမည်ဆိုပါက မိသားစုကိုထောက်ပံ့ပေးနိုင်တော့မည်မဟုတ်ပေ။
……….
ခဏအကြာမှာပဲ ချူးဖေ့ဟန်က Bမြို့လေဆိပ်သို့ရောက်နေပြီဖြစ်သည့်အကြောင်း ဖုန်းဆက်လာခဲ့သည်။
ချူးဖေ့ဟန်တို့အဖွဲ့သည် ည၉နာရီခွဲတွင် Bမြို့သို့ရောက်ရှိလာလေသည်။
လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့သည်လဲ Bမြို့သို့လာနေကြပေပြီ။
သူတို့သည်တော့ ချူးဖေ့ဟန်တို့ထက် နာရီဝက်စောကာရောက်ခဲ့ကြသည်။
ရှင်းပိုင်နှင့်ချောင်ဝမ်ရှင်းသည် တွဲနေကြပြီဖြစ်တာကြောင့် ချောင်ဝမ်ရှင်း၏ဦးလေးဖြစ်သူ၏မင်္ဂလာပွဲကို သူတက်ရောက်ပေးဖို့လိုအပ်သည်။
………
ညစာစားပြီးနောက် ကုနင်း၏ ဟောင်ကတော်နှင့်အခြားအမျိုးသမီးနှစ်ဦးတို့ ဟိုတယ်မှာအတူနေနိုင်ရန်အတွက် အထူးခန်းတစ်ခန်းငှားပေးခဲ့သည်။
ကျန်လူများသည်တော့ ဟွားဖုတောင်ကုန်းသို့ပြန်ကြပေသည်။
ကုနင်းက ကုမန့်တို့ကို ဟွားဖုတောင်ကုန်းတွင်ချပေးခဲ့ပြီး လေဆိပ်သို့ပြန်ထွက်လာခဲ့သည်။
ဤတစ်ခေါက်မှာတော့ ကုနင်းက သူမပြိုင်ကားလေးကိုမောင်းပြီး ချောင်ဝမ်ရှင်းသည်တော့ သူမကိုယ်ပိုင်ကားကိုမောင်းကာ ချောင်ယသည်တော့ ကားကြီးတစ်စီးမောင်းလာခဲ့သည်။ သူတို့ကြိုရမယ့်လူတွေကများတာကြောင့် ကားသုံးစီးမှအဆင်ပြေပေသည်။
ဒါကြောင့် ကောင်းယိသည်တော့ အိမ်မှာစောင့်နေခဲ့သည်။
ဆယ်မိနစ်ကျော်မျှမောင်းပြီးနောက်မှာတော့ လေဆိပ်သို့ရောက်ရှိသွားကာ ထွက်ပေါက်မှာစောင့်နေလိုက်ကြသည်။
ထိုအခိုက်အတန့်တွင်ပဲ ယင်စွမ်းအင်များနီးကပ်လာသည်ကို ကုနင်းခံစားမိလိုက်ရသည်။ သူမချက်ချင်းသတိကပ်သွားကာ လှည့်ကြည့်လိုက်ချိန်မှာပဲ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။
ထိုသက်လတ်ပိုင်းအရွယ်လူကြီးသည် မီးခိုးရောင်ဆံပင်ပိုင်ဆိုင်ကာ လက်ရှိမှာတော့ စိတ်အခြေအနေသိပ်ကောင်းပုံမရပေ။ သူ့တစ်ကိုယ်လုံးယင်ဓါတ်များဖုံးလွှမ်းနေတာကြောင့် ထိုလူသည် နတ်ဆိုးကျင့်ကြံရေးအဖွဲ့ကလူဖြစ်မည်မှန်း ကုနင်းသေချာသိလိုက်သည်။
သူဒီကိုဘာလာလုပ်တာပါလိမ့်?
Bမြို့တွင်ပါ နတ်ဆိုးကျင့်ကြံရေးအဖွဲ့နှင့်တွေ့ရမှတော့ သူမစုံစမ်းမှဖြစ်ပေတော့မည်။
“ငါလုပ်စရာလေးပေါ်လာလို့ ခဏသွားဦးမယ်။ သူတို့ရောက်လို့မှငါပြန်မလာသေးရင် အိမ်ကိုအရင်ပြန်နှင့်လိုက်ကြ။”
“ကောင်းပါပြီ။” ချောင်ယက ခေါင်းညိတ်လက်ခံလိုက်သော်လည်း ချောင်ဝမ်ရှင်းကတော့ စိုးရိမ်လို့သွားသည်။ “နင်းနင်း၊ ဘာဖြစ်လို့လဲ?” ကုနင်းအလောတကြီးသွားဖို့လုပ်နေမှတော့ တစ်ခုခုမကောင်းတာဖြစ်လောက်ပေသည်။
“ငါ့သူငယ်ချင်းတစ်ယောက်ကို ထိခိုက်အောင်လုပ်သွားတဲ့လူကို မြင်လိုက်လို့၊ ငါလိုက်သွားမှရမယ်။” ကုနင်းပြောပြီးသည်နှင့် ချက်ချင်းပြေးထွက်သွားတော့သည်။
ချောင်ဝမ်ရှင်းမှာ စိတ်ပူနေသေးသော်လည်း ကုနင်းကအလျင်စလိုပြေးထွက်သွားတာကြောင့် သူမထပ်မေးချိန်မရလိုက်တော့ပေ။
ကုနင်းက အနက်ရောင်ကိုယ်ပိုင်ကားတစ်စီးဆီဦးတည်နေသည့် သက်လတ်ပိုင်းအရွယ်လူကြီးနောက်သို့ လိုက်လာခဲ့သည်။ ကားရှေ့တွင် နောက်ထပ်အမျိုးသားတစ်ယောက်ရပ်နေသေးကာ လူလတ်ပိုင်းကြီးရောက်လာသည်နှင့် သူကကားသော့ကိုပစ်ပေးလိုက်ပြီး လူလတ်ပိုင်းကြီးကလဲ ကားကိုချက်ချင်းမောင်းထွက်သွားသည်။
သို့ပေမည့် နောက်လူကတော့ တခြားကားတစ်စီးထဲဝင်သွားကာ သူလဲမောင်းထွက်သွားလေသည်။
ကုနင်း၏ကားက သူတို့နှင့်သိပ်မလှမ်းသည့်နေရာတွင် ရပ်ထားခြင်းဖြစ်တာကြောင့် သူတို့နောက်မှဆက်လိုက်ရန် သူမကားဆီသို့အမြန်သွားလိုက်သည်။
လူလတ်ပိုင်းကြီးသည် နတ်ဆိုးကျင့်ကြံရေးအဖွဲ့ဝင်ဖြစ်တာကြောင့် သူ့တွင် စူးရှသည့်အာရုံခံနိုင်စွမ်းရှိသည်။ ကုနင်း အနီးကပ်မလိုက်ရဲဘဲ ခပ်လှမ်းလှမ်းကနေသာ လိုက်သွားခဲ့သည်။
ခဏအကြာမှာပဲ လူလတ်ပိုင်းကြီးနှင့် ဒုတိယလူသည် လမ်းခွဲသွားခဲ့သည်။
……..
၀၉:၀၇နာရီတွင် လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့ ထွက်လာကာ တစ်ချက်ကြည့်ရုံဖြင့် ချောင်ဝမ်ရှင်းနှင့်ချောင်ယတို့ကို မြင်သွားခဲ့သည်။ သို့သော်လည်း ကုနင်းကတော့ ရှိမနေခဲ့ပေ။ လင်ရှောင်းထင်မျက်မှောင်ကြုတ်သွားပြီး စိတ်ပျက်စွာလှည့်ပတ်ကြည့်လိုက်မိသည်။ ကုနင်းက သူ့ကိုကိုယ်တိုင်လာကြိုပါမယ်လို့မပြောထားဘူးလား။
“ရှောင်းထင်၊ ဝမ်းနည်းမသွားနဲ့ဦး။ နင်းနင်းက အခုပဲ အရေးကြီးကိစ္စရှိလို့ အလျင်စလိုထွက်သွားတာ။ ငါတို့ကိုပဲ နင်တို့ကိုလိုက်ပို့ပေးဖို့ မှာခဲ့တယ်။” လင်ရှောင်းထင် ဘာမှမမေးရသေးခင်မှာပဲ ချောင်ဝမ်ရှင်းကပြောလိုက်သည်။
“ဘာလို့အလောတကြီးထွက်သွားတာလဲ?” ချောင်ဝမ်ရှင်း၏စကားကြောင့် လင်ရှောင်းထင်အနည်းငယ်စိုးရိမ်သွားသည်။
“သူပြောတာတော့ သူ့သူငယ်ချင်းကိုထိခိုက်အောင်လုပ်သွားတဲ့လူကို တွေ့လိုက်လို့ဆိုပဲ။”
ထိုလူကဘယ်သူမှန်း လင်ရှောင်းထင်မသိသော်လည်း သူ့ကိုတောင်စွန့်ပစ်ကာ ကုနင်းထွက်သွားမှတော့ အတော်လေးအရေးကြီးမည်မှန်း နားလည်လိုက်သည်။
“သူ့ကိုဖုန်းခေါ်ကြည့်လိုက်ပါလား?”
“တော်ပါပြီ၊ နှောင့်ယှက်သလိုဖြစ်သွားလိမ့်မယ်။”
ထို့နောက် လင်ရှောင်းထင်နှင့်ရှင်းပိုင်တို့က ချောင်ဝမ်ရှင်းနှင့်အတူထွက်သွားကာ ချောင်ယသည်တော့ ချူးဖေ့ဟန်တို့အဖွဲ့ကိုစောင့်နေရစ်ခဲ့သည်။
…….
ကုနင်းသည် တောင်လယ်ဆင်ခြေဖုံးရှိ စွန့်ပစ်ဗီလာနားရောက်သည်ထိတိုက် လူလတ်ပိုင်းကြီး၏ကားနောက်သို့ လိုက်သွားခဲ့သည်။ ဗီလာအပြင်ဘက်မှလမ်းတစ်လျှောက်သည် တောင်များဖြင့်ဝန်းရံခံထားရသည်။ လမ်းမီးများနှင့် ရံဖန်ရံခါဖြတ်သွားတတ်သည့် ကားများရှိသော်လည်း ထိုနေရာသည် မည်းမှောင်ကာ ကြက်သီးထစရာကောင်းနေတုန်းပင်။
***
အခန်း ၉၅၉ နတ်ဆိုးလေ့ကျင့်ရေးအဖွဲ့ဝင်နှင့်တိုက်ခိုက်ခြင်း
ယခုဗီလာရှိနေသည့်မြေနေရာ၏တည်ဆောက်သူသည် ရာထူးကြီးအရာရှိတစ်ဦးကို စိတ်အနှောင့်အယှက်ပြုခဲ့မိ၍ ရင်းနှီးမြှုပ်နှံမှုမြောက်မြားစွာ ဆုံးရှုံးခဲ့ရသည်ဟု ပြောကြသည်။ ငွေမရှိသည့်အတွက် တည်ဆောက်မှုသည်လဲ တစ်ဝက်တစ်ပြတ်ဖြစ်ခဲ့ရသည်။
နတ်ဆိုးကျင့်ကြံရေးမှလူသည် ဗီလာရှေ့တွင်ကားကိုရပ်ကာ အထဲသို့ဝင်သွားခဲ့သည်။
ကုနင်းသည်တော့ ထိုလူအတော်ဝေးဝေးကိုလျှောက်သွားပြီးကာမှ သူမကားကိုရပ်လိုက်သည်။ အနားတစ်ဝိုက်ကိုအရင်စစ်ဆေးကြည့်လိုက်ပြီးနောက်မှာတော့ လုံခြုံရေးကင်မရာတွေရှိမနေကြောင်း သူမသိလိုက်သည်။ သူမကားကို စိတ်စွမ်းအင်အာကာပြင်ထဲ ထည့်ထားလိုက်ပြီးနောက်မှာတော့ အနာက်ရောင် ခြုံထည်တစ်ခုနှင့် နှာခေါင်းစည်းတစ်ခုကိုထုတ်ဝတ်လိုက်သည်။
ကုနင်းမှာ သူမကိုယ်သူမထန်အိုက်နင်းအဖြစ်ရုပ်ဖျက်နေဖို့ အချိန်မရှိတာကြောင့် ဒီနည်းနဲ့သာ သူမကိုယ်သူမဖုံးကွယ်နိုင်တော့သည်။ ထိုခြုံထည်ကို တစ်နေ့နေ့တော့ အသုံးဝင်လာနိုင်သည်ဟုတွေးကာ အချိန်အတော်ကြာကတည်းက ပြင်ဆင်ထားခဲ့တာဖြစ်ပြီး အခုတော့ သူမမှန်းဆချက်အတိုင်း အမှန်တကယ်အသုံးဝင်လာခဲ့ပေပြီ။
ထိုလူသည် နတ်ဆိုးကျင့်ကြံရေးအဖွဲ့သားပင်ဖြစ်တာကြောင့် အလွန်အန္တရာယ်များလှ၍ ကုနင်းအနေနှင့် သူမပုံစံအမှန်ကိုထုတ်ဖော်လိုက်မိလို့မဖြစ်ပေ။ လက်ရှိအချိန်မှာ ထိုလူကိုသူမယှဉ်နိုင်ပါ့မလားဆိုသည်က မသေချာတာကြောင့် သတိရှိနေတာအကောင်းဆုံးပင်။
ကုနင်း အချိန်ဆွဲမနေတော့ဘဲ ထိုလူနောက်သို့လိုက်သွားလိုက်သည်။ ထိုလူနှင့်သူမကြားမှ အကွာအဝေးကိုသတိထားခြားကာ အသက်ရှုနှုန်းကိုထိန်းချုပ်ထားတာကြောင့် ထိုလူက သူမရှိနေသည်ကို သတိမထားမိသွားပေ။
သို့သော်လည်း သူတို့ကြားမှအကွာအဝေးကြောင့် အချိန်တိုင်းလိုလို ကုနင်း၏မျက်စိရှေ့မှာ တစ်ခုမဟုတ်တစ်ခုက ပိတ်ကာထားသလိုဖြစ်နေသည်။ ဒါကြောင့် ထိုလူကိုစောင့်ကြည့်ဖို့ သူမ၏ကျောက်စိမ်းမျက်ဝန်းကိုပါ သုံးနေရသည်။ အခုချိန်က လုံးဝမှောင်မိုက်နေချိန်ဖြစ်သော်လည်း သူမမှာကျောက်စိမ်းမျက်ဝန်းရှိနေတာကြောင့် ထိုလူ၏လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့နေနိုင်သည်။
ထိုလူ၏အမြင်အာရုံသည်လဲ ကောင်းပုံရကာ လမ်းတစ်လျှောက် အနည်းငယ်ပင် တုန့်ဆိုင်းသွားခြင်းမရှိဘဲ ဆက်တိုက်လျှောက်သွားခဲ့သည်။
………
တစ်ချိန်တည်းမှာပဲ လေဆိပ်တွင်တော့ ချူးဖေ့ဟန်တို့သူငယ်ချင်းအုပ်စုရောက်ရှိလို့လာပေပြီ။ သူတို့ရောက်သည်နှင့် ကုနင်းကိုဖုန်းဆက်လိုက်ချင်သော်လည်း သူတို့ဖုန်းတွေကိုဖွင့်လိုက်သည်နှင့် အစောကတည်းက ကုနင်းပို့ထားသည့်စာကိုမြင်လိုက်ရသည်။
ကုနင်းက အရေးကြီးလုပ်စရာတစ်ခုရှိ၍ သူမသက်တော်စောင့်ကပဲ လာကြိုပေးမည့်အကြောင်းပြောပြထားကာ ချောင်ယ၏ဖုန်းနံပါတ်ကိုပါ တစ်ခါတည်းပို့ပေးထားသည်။
လင်ရှောင်းထင်သာ ကုနင်းက သူမသူငယ်ချင်းများကိုတော့ စာဖြင့်အကျိုးအကြောင်းလှမ်းပြောပြီး သူ့ကိုသာလုံးဝလျစ်လျူရှုထားသည်မှန်း သိသွားပါက သေချာပေါက်သဝန်တိုနေပေတော့မည်။
“ငါတို့ဘော့စ်ကို ဖုန်းဆက်ကြည့်လိုက်ကြမလား?” ဟောင်ရန်ကမေးလိုက်သည်။
ထိုအခါချူးဖေ့ဟန်က၊ “မဆက်သင့်ဘူး။ သူအခုအလုပ်များနေလောက်တယ်။”
အားလုံးကလဲ လက်ခံလိုက်ကာ ချောင်ယကိုသာဆက်သွယ်လိုက်တော့သည်။
သူတို့အရင်ကလဲ ချောင်ယနှင့်တွေ့ဖူးခဲ့တာကြောင့် ဝင်ပေါက်ရှိ သူမကိုအလွယ်တကူပဲ မှတ်မိလို့သွားလေသည်။
“ဟိုင်း၊ ချောင်ယ၊ ဘာလို့ ဘော့စ်ကရုတ်တရက်ကြီး ထွက်သွားတာလဲ?” ချောင်ယကိုတွေ့သည်နှင့် ချူးဖေ့ဟန်က ချက်ချင်းပင်မေးလိုက်တော့သည်။
“ငါလဲ မသိဘူး။ ဒါပေမယ့် ငါတို့ဟိုတယ်ကိုမသွားခင် မုန့်တစ်ခုခုဝင်စားလို့တော့ရပါသေးတယ်။ မင်းတို့လဲ ဗိုက်ဆာနေလောက်ကြရောပေါ့?”
“ငါတို့တွေ ညအဆာပြေမုန့်နည်းနည်းပါးပါးပဲ စားလို့ရတော့မှာစိုးရတယ်။ အရမ်းနောက်ကျနေပြီဆိုတော့။” စုအန်းယာပြောလိုက်သည်။
အစကတော့ ကုနင်းနှင့်အတူ ညပိုင်းမုန့်ထွက်စားဖို့ တွေးထားကြတာကြောင့် လေယာဉ်ပေါ်မှာတောင် ဘာမှမစားခဲ့ကြခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာဘဲ ကုနင်းက သူတို့နှင့်အဖော်မလိုက်ပေးနိုင်ခဲ့ပေ။
ကုနင်းမရှိဘူးဆိုရင်တောင်မှ လောလောဆယ် သူတို့တကယ်ကိုဗိုက်ဆာနေပြီဖြစ်တာကြောင့် တစ်ခုခုတော့စားဦးမှရပေမည်။
“ကောင်းပြီလေ၊ သွားကြတာပေါ့!” အားလုံးသဘောတူလိုက်ကာ ချောင်ယက သူတို့ကို ညမုန့်ဈေးတန်းသို့ခေါ်သွားပေးခဲ့သည်။
…….
ထိုလူက တည့်တည့်ဆက်လျှောက်သွားနေသော်လည်း သူ့ကိုတစ်ယောက်ယောက်ကြည့်နေကြောင်း အာရုံရနေခဲ့သည်။ သူရုတ်တရက်နောက်လှည့်ကြည့်လိုက်တာကြောင့် ကုနင်းကြောက်လန့်သွားပြီး ချက်ချင်းအကြည့်လွှဲကာရှောင်လိုက်ရသည်။
နတ်ဆိုးကျင့်ကြံရေးမှလူသည် တိုက်ရည်ခိုက်ရည်ကောင်းသော်လည်း ကျောက်စိမ်းမျက်ဝန်းတော့ရှိမနေပေ။ ကုနင်းသာ သူ့မြင်ကွင်းရှေ့မှာရှိမနေပါက သူမကိုမြင်နိုင်စရာအကြောင်းမရှိပေ။ ထိုလူသည်တော့ သူ့ပတ်ဝန်းကျင်မှာဘယ်သူ့ကိုမှ မတွေ့မြင်ရတာကြောင့် အနည်းငယ်စိတ်ရှုပ်သွားပြီး ခေါင်းကိုသာယမ်းလိုက်ကာ သူ့လမ်းသူဆက်လျှောက်သွားသည်။
ခဏတာစောင့်ဆိုင်းနေပြီးနောက် ကုနင်း ကျောက်စိမ်းမျက်ဝန်းကိုပြန်ဖွင့်ကာ ထိုလူနောက်ဆက်လိုက်ခဲ့ပြန်သည်။
ထိုလူသည် ဗီလာထဲမှ အခန်းတစ်ခန်းထဲသို့ဝင်သွားခဲ့သည်။
ဧည့်ခန်းထဲတွင်တော့ ပါးစပ်ကိုပိတ်ကာ ထိုင်ခုံနှင့်တွဲချည်ခံထားရသည့် သတိမေ့နေသော၁၄နှစ်အရွယ်မိန်းကလေးတစ်ယောက် ရှိနေခဲ့သည်။
ထိုမြင်ကွင်းကိုတွေ့လိုက်သည်နှင့် နတ်ဆိုးကျင့်ကြံရေးမှလူ ဘာလုပ်တော့မလဲဆိုသည်ကို ကုနင်းအတော်အသင့်ခန့်မှန်းမိသွားတော့သည်။ ထိုလူက မိန်းမငယ်လေး၏ အပျိုစင်သွေးကိုစုပ်ယူမည်ဖြစ်သည်။ အပျိုစင်များ၏သွေးသည် သူ့ကျင့်ကြံခြင်းအတွက် အသုံးချဖို့ကောင်းသည့်အရာပင်ဖြစ်သည်။
“မင်းအနံ့က မွှေးသားပဲ။” ထိုလူက ကောင်မလေးကို ကြည့်ကာ ကြက်သီးထလောက်စရာအသံမျိုးဖြင့်ပြောလေသည်။
တကယ်တော့ နတ်ဆိုးကျင့်ကြံရေးအဖွဲ့သားများသည် အပျိုစင်မိန်းကလေးများကိုသာ ရှာဖွေခြင်းမဟုတ်ပေ။ သူတို့အင်အားတိုးဖို့အတွက် ယင်စွမ်းအင်လိုအပ်တာကြောင့် ထိုအပျိုစင်မိန်းကလေးတွေသည် လနှစ်၊ လရက်၊ လရက်မှာမွေးဖွားသူများဖြစ်ဖို့လိုသေးသည်။ ဒါကြောင့် သူတို့စိတ်တိုင်းကျသည့် မိန်းကလေးတစ်ယောက်တွေ့ဖို့ကပင် အလွန်ခက်ခဲလှသည်။
တကယ်လို့သာ အပျိုစင်မိန်းကလေးတိုင်းကို လွယ်လွယ်ကူကူသုံးလို့ရနေပါက နေရာတိုင်းမှာ မိန်းမငယ်လေးများကိုသတ်ဖြတ်မှုများ များစွာရှိနေလောက်ပေပီ။
သူတို့လိုအပ်ချက်များကြောင့် နတ်ဆိုးကျင့်ကြံရေးအဖွဲ့သားများသည် တခါတရံဆိုလျှင် ယင်စွမ်းအင်စုပ်ယူဖို့အတွက် သုဘရာဇာများအဖြစ်နေထိုင်ရကာ တခါတရံတွင်တော့ ရေခဲတိုက်စောင့်ကြပ်သူများအဖြစ်ပင် အလုပ်လုပ်ရသည်။
……..
ထိုလူ မိန်းမငယ်လေးနားသို့ချဉ်းကပ်လိုက်သည်နှင့် ကုနင်းအမြန်ဆုံးပြေးထွက်လာတော့သည်။ ထိုလူသည်လဲ ကုနင်း၏အနံ့ကို အာရုံခံမိသွားကာ အိမ်ထဲမှာနောက်လူတစ်ယောက်ရှိနေမှန်း သိသွားတော့သည်။
သူ့ကိုတစ်ယောက်ယောက် တစ်ချိန်လုံးကြည့်နေသည်ဟု ထင်မိတာ တကယ်မှန်နေခဲ့တာပဲ။ ဒါပေမယ့် ထိုလူက သူမမြင်အောင် သေချာပုန်းနေနိုင်တာကိုတော့ အံ့ဩနေမိသည်။
ကုနင်း၏လှုပ်ရှားမှုက အရမ်းမြန်တာကြောင့် ထိုလူမှာ အချိန်မီမရှောင်လိုက်နိုင်ဘဲ ခနလေးအတွင်းမှာ မျက်နှာချင်းဆိုင်ဖြစ်သွားတော့သည်။
ဘာကိုမှရှည်ရှည်ဝေးဝေးလုပ်မနေကြဘဲ တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်မိသည်နှင့် စတင်တိုက်ခိုက်ကြတော့သည်။
အစပိုင်းမှာတော့ ကုနင်း သူမ၏အရည်အချင်းအစစ်ကို ထိလူအားမချပြချင်တာကြောင့် မှော်စွမ်းအားကိုထုတ်မသုံးသေးပေ။ ကံကောင်းစွာဖြင့် သူမမှော်စွမ်းအား၏အထောက်အပံ့မပါသေးတာတောင် ထိုလူနှင့်ပြိုင်တိုက်နိုင်သေးကာ ထိုလူလဲ အံ့ဩနေခဲ့သည်။
“မင်းဘယ်သူလဲ?” ထိုလူ၏အေးစက်စက်အသံက ထွက်ပေါ်လာခဲ့သည်။
ထိုလူက ရုတ်တရက်ဆိုသလို သူတော်စင်ကျင့်ကြံရေးမှအဖွဲ့ဝင်သစ်တစ်ယောက်များဖြစ်နေမလားဟု တွေးမိသွားသော်လည်း ကုနင်းထံမှ ကျင့်ကြံရေးအငွေ့အသက်နည်းနည်းလေးကိုမှ မခံစားမိတာကြောင့် သူမသည် သာမာန်လူတစ်ယောက်သာဖြစ်ကြောင်း ပေါ်လွင်နေခဲ့သည်။
***
အခန်း ၉၆၀ ထွက်ပြေးသွားခြင်း
သာမာန်လူတစ်ယောက်၏ကိုယ်ခံပညာအရည်အချင်း ဒီလောက်အထိမြင့်နေတာက တကယ်ကိုအံ့အားသင့်ဖို့ကောင်းလှသည်။
“မင်းဘယ်သူလဲ၊ ဘာလို့ဒီမိန်းကလေးကို ပြန်ပေးဆွဲထားတာလဲ?” ကုနင်းက ထိုလူကို နတ်ဆိုးကျင့်ကြံရေးအဖွဲ့ကမှန်းမသိသလိုပုံစံနှင့်မေးလိုက်သည်။
ထိုစကားကိုကြားလိုက်ရတော့ နတ်ဆိုးကျင့်ကြံရေးမှလူလဲ လိမ်စရာတွေ့သွားတော့သည်။ “ငါလုပ်တာမဟုတ်ဘူး။ သူက ငါ့သမီး။ သူ့ကိုတစ်ယောက်ယောက် ပြန်ပေးဆွဲသွားလို့ ငါပြန်လာကယ်တာ။”
“အိုး၊ တကယ်လား?” ကုနင်း နှာခေါင်းရှုံ့လိုက်သည်။ သူမ ထိုလူ၏စကားများကို တစ်ခုမှမယုံပေ။
“မင်းဘာလုပ်ချင်လို့လဲ?” ထိုလူလဲ စိတ်မရှည်ဟန်ဖြင့်မေးလာတော့သည်။
“မင်း သူ့ရဲ့အပျိုစင်သွေးကိုစုပ်ယူပြီး မင်းရဲ့ကျင့်စဉ်ကိုမြှင့်တင်ဖို့လုပ်နေမှန်း ငါသိတယ်။”
အမျိုးသားမှာ ထိတ်လန့်ကာ တောင့်တင်းသွားတော့သည်။ ဤကမ္ဘာပေါ်ရှိဘယ်လူသားကမှ နတ်ဆိုးကျင့်ကြံရေးရှိသည်ကို ယုံမည်မဟုတ်သလို နားလည်းလည်ကြမည်မဟုတ်ဟု သူထင်ထားခဲ့သည်။ သို့သော်လည်း ကုနင်း၏ပေါ်ထွက်လာမှုက သူ့အတွေးအမြင်များကို ပြောင်းလဲသွားစေတော့သည်။
“မင်းဘာကောင်လဲကွ?” အမျိုးသားမှာ ဒေါသထွက်လာတော့သည်။
“အဲ့ဒါက အရေးမကြီးပါဘူး၊ ဒါပေမယ့် မင်းကိုတော့ အလွတ်ပေးမှာမဟုတ်ဘူး!” ကုနင်းသည်လဲ ဒေါသထွက်လာကာ မှော်စွမ်းအားကိုသုံးပြီး ထိုအမျိုးသားကို တိုက်ခိုက်တော့သည်။
အမျိုးသားလဲ သိပ်မကြာလိုက်ပါဘဲ ကုနင်း၏ကိုယ်ပေါ်မှ မှော်စွမ်းအင်များကို အာရုံခံမိသွားတော့သည်။ ယင်စွမ်းအင်နှင့်ယှဉ်လျှင် မှော်စွမ်းအားသည် သူ့အမြင်မှာ ပိုပြီး အသုံးဝင်ကာ ဆွဲဆောင်နိုင်စွမ်းရှိလို့နေသည်။
အရင်အချိန်တွေကတည်းက မှော်စွမ်းအားသည် ကျင့်ကြံရေးလမ်းစဉ်အတွက် အကောင်းဆုံးအထောက်အပံ့ဖြစ်လာခဲ့သည်။ ကံအားမလျော်စွာဘဲ ယနေ့ခတ်တွင် မှော်စွမ်းအားများသည် ပိုလို့ရှားပါးလာခဲ့တာကြောင့် နတ်ဆိုးကျင့်ကြံရေးသို့ ဝင်ရောက်သူများပြားလာခဲ့ခြင်းဖြစ်သည်။
ယင်စွမ်းအင်သည် မှော်စွမ်းအင်ထက်ရှာရပိုလွယ်ကာ အပျိုစင်၏သွေးကိုစုပ်ယူရုံဖြင့်လဲ ရနိုင်သည်။ သူတို့သာ အပျိုစင်၄၉ယောက်ကို ရှာတွေ့နိုင်သ၍ သူတို့ကျင့်ကြံဆင့်ကိုမြှင့်တင်နိုင်ပေသည်။
အခုချိန်မတိုင်ခင်အထိ ထိုလူသည် မိန်းမငယ်လေး၇ဦး၏ အပျိုစင်သွေးကိုစုပ်ယူခဲ့တာကြောင့် သူ့ကျင့်ကြံဆင့်မှာ အလယ်အလတ်အဆင့့်သို့ရောက်နေခဲ့ပြီဖြစ်သည်။
ကုနင်း၏ခန္ဓာကိုယ်မှာ မှော်စွမ်းအင်ကို အာရုံခံမိသွားသည်နှင့် ထိုလူ၏မျက်လုံးများ ဝင်းလက်သွားကာ တံတွေးပင်မြိုချမိသွားသည်။ “မင်းအနံ့က ဒီကောင်မလေးထက်ပိုမွှေးတာပဲ။ မင်းက ပိုအရာသာရှိလောက်တယ်!”
“ဟမ့်၊ မင်းငါ့အနားကိုတောင် မကပ်နိုင်လောက်ဘူး။” ကုနင်းက ထိုလူအပေါ် အထင်သေးနေခြင်းကို ကွယ်ဝှက်မထားဘဲ ပြန်ပြောလိုက်သည်။
ကုနင်း၏ပြောဆိုပုံကြောင့် ထိုလူမကျေမနပ်ဖြစ်သွားသော်လည်း သူမကိုတကယ်ပဲ သူမယှဉ်နိုင်ဘူးဆိုသည်ကိုတော့ လက်ခံမိသည်။
သူဘယ်လောက်ပဲ ဆန္ဒမရှိပါစေ ရည်ရှည်ပန်းတိုင်းအတွက် လောလောဆယ်လက်လျှော့မှဖြစ်ပေမည်။ သူသာ ကုနင်းနှင့်ဆက်ပြီး ပြိုင်တိုက်နေပါက ဆိုးဆိုးရွားရွားရှုံးနိမ့်သွားပေလိမ့်မည်။ ဒါကြောင့် လောလောဆယ် လွတ်အောင်ပြေးပြီး ကုနင်းကို အမိဖမ်းဖို့ အခွင့်အရေးကောင်းကို စောင့်ရပေမည်။
ကုနင်းအနေနှင့် လက်ရှိအခြေအနေကို ထိန်းချုပ်ထားနေနိုင်သော်လည်း ထိုလူကိုဖမ်းဖို့အတွက်တော့ မလွယ်ကူလှပေ။ ဒါကြောင့် ထိုလူက မိန်းကလေးကိုတိုက်ခိုက်မလိုဟန်ဆောင်လိုက်ချိန်မှာ ကုနင်းလဲ သူမကိုအပြေးသွားကယ်တာကြောင့် မတော်တဆဆိုသလိုပဲ ထိုလူကထွက်ပြေးသွားတော့သည်။
ကုနင်း သူ့နောက်ကိုလိုက်ဖမ်းနိုင်သော်လည်း အပြစ်မဲ့သည့်ကောင်မလေးကို အရင်စစ်ဆေးကြည့်ရပေဦးမည်။ သူမသာထွက်သွားပါက ထိုကောင်မလေးမကောင်းတာတစ်ခုခုဖြစ်သွားမည်ကို သူမစိုးရိမ်နေမိသည်။
ကုနင်းက ကောင်မလေးကိုချက်ချင်းမနှိုးလိုက်ဘဲ သူမကိုချည်ထားသည့်ကြိုးများနှင့် ပါးစပ်မှအဝတ်စတို့ကိုအရည်ဖြည်ပေးလိုက်ကာ ရဲကိုဖုန်းဆက်လိုက်သည်။
“ဟိုင်း၊ ကျွန်မက JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ တည်ထောင်သူ ကုနင်းပါ။ xxလမ်း ဗီလာနံပါတ်၃၂မှာ ပြန်ပေးဆွဲခံထားရတဲ့ကောင်မလေးတစ်ယောက် ကျွန်မတွေ့လိုက်လို့။ သူက ၁၄နှစ်လောက်ပဲရှိဦးမယ်၊ ပြန်ပေးသမားကတော့ လွတ်သွားပြီ။”
“JadeBeautyလက်ဝတ်ရတနာလုပ်ငန်းရဲ့ တည်ထောင်သူလား?”
ကုနင်း၏ မိတ်ဆက်စကားကိုကြားသည်နှင့် ဖုန်းလက်ခံဖြေကြားသည့် ရဲသားမှာ အလွန်စိတ်လှုပ်ရှားသွားတော့သည်။ အကြောင်းကတော့ သူသည် ကုနင်း၏ပရိတ်သတ်ဖြစ်နေတာကြောင့်ပင်။
တကယ်တော့ ကုနင်းသည် သူမ၏ယခင်အောင်မြင်မှုများကြောင့် ရဲဝန်ထမ်းအများစု၏အိုင်ဒေါပင်ဖြစ်လို့နေပေပြီ။
“တကယ်ကြီးလား?” လက်ရှိရဲစခန်းမှာ တာဝန်ကျနေသည့်နောက်ထပ်ရဲသားနှစ်ယောက်သည်လဲ သူတို့လုပ်ဖော်ကိုင်ဖက်က ကုနင်းနှင့်ဖုန်းပြောနေရမှန်းကြားလိုက်သည်နှင့် တပြိုင်နက်လှည့်ကြည့်လာတော့သည်။
“အခု xxလမ်း ဗီလာနံပါတ်၃၂မှာ ပြန်ပေးဆွဲခံထားရတဲ့ ၁၄နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို ရှာတွေ့ထားတယ်လို့ပြောလိုက်တာပါလား?” ရဲသားက ချက်ချင်းဆိုသလို လေးနက်သွားကာ ကုနင်းကိုမေးလိုက်သည်။
ကျန်သည့် ရဲသားနှစ်ယောက်သည်လဲ အတန်အသင့်လေးနက်သွားကြသည်။
“ဟုတ်တယ်၊ အတတ်နိုင်ဆုံးအမြန်လာပေးပါ။ အရာရှိကြီးတို့ ဒီရောက်တော့မှ ကျွန်မအသေးစိတ်ပြောပြပါ့မယ်။”
“ကောင်းပြီ၊ ကျွန်တော်တို့အခုပဲလာခဲ့ပါ့မယ်။” ရဲသားကပြန်ဖြေပြီးသည်နှင့် ချက်ချင်း သူ့ခေါင်းဆောင်ကိုအကြောင်းကြားလိုက်သည်။
လွန်ခဲ့သည့်နာရီဝက်လောက်ကပဲ အမျိုးသားတစ်ယောက်က သူတို့ထံဖုန်းဆက်လာကာ ၁၄နှစ်အရွယ် သမီးဖြစ်သူပျောက်ဆုံးနေသည်ဟု ပြောခဲ့တာကြောင့် ကုနင်းတွေ့ထားသည့်မိန်းကလေးက ထိုပျောက်ဆုံးနေသည့် မိန်းကလေးဖြစ်လောက်မည်ဟု သူတို့တွေးလိုက်ကြသည်။
မိန်းကလေး၏ဖခင်သည် အစိုးရဌာနမှ ရာထူးကြီးအရာရှိတစ်ယောက်ဖြစ်တာကြောင့် ရဲဌာနဘက်က သူမကိုရှာဖွေဖို့ လူများစွာချက်ချင်းပို့လွှတ်ခဲ့သလို စခန်းမှူးကိုယ်တိုင်လဲ ပါဝင်ခဲ့သည်။ သို့ပေမည့် ကုနင်း သူတို့ကိုမဆက်သွယ်လာခင်အထိ နာရီဝက်လုံး သူတို့ထိုမိန်းကလေးကို မရှာနိုင်ခဲ့ကြပေ။
ကောင်မလေးကို တစ်ယောက်ယောက်တွေ့ထားပြီမှန်း သိလိုက်သည်နှင့် ဒုဒါရိုက်တာက သူ့လူများနှင့်အတူ ကိုယ်တိုင်ရောက်ရှိလာခဲ့သည်။
ရဲများမရောက်ခင် ကုနင်းက အိမ်တဝိုက်လှည့်ပတ်စစ်ဆေးကြည့်ခဲ့ကာ နတ်ဆိုးကျင့်ကြံရေးသမားကိုတော့ လိုက်မရှာခဲ့ပေ။ နောက်တော့ သူမကားကို ထုတ်ယူလိုက်ပြီး ဗီလာဆီသို့ပြန်လာခဲ့သည်။
လေဆိပ်မှလာသည့်လမ်းတစ်လျှောက်တွင် လုံခြုံရေးကင်မရာများရှိတာကြောင့် လုံခြုံရေးကင်မရာများမှတဆင့် သူမကားကို ရဲများအလွယ်တကူရှာတွေ့နိုင်သည်။ သူမသာ ကားကိုမထုတ်ထားပါက ရှင်းပြရခက်သွားပေလိမ့်မည်။
ကုနင်းက သူမဒီနေရာထိ ထိုလူနောက်က ဘာလို့လိုက်ခဲ့မှန်းကို ပြောပြမည်မဟုတ်သလို ထိုလူသည် နတ်ဆိုးကျင့်ကြံရေးမှဖြစ်ကြောင်းကိုလဲ ပြောပြလိမ့်မည်မဟုတ်ပေ။
ကုနင်းက သူမ၏ခြုံထည်နှင့်နှာခေါင်းစည်းကိုလဲ စိတ်းစွမ်းအင်အာကာပြင်ထဲသို့ ပြန်ထည့်လိုက်ကာ သူမ၏နဂိုပုံစံအတိုင်းပြန်နေလိုက်သည်။