သွေးမီးအိမ်ကို ထွန်းညှိခြင်း
Vol. 112 Ch. 1709
ကျိုးကျန်းလီ၏ စကားက နတ်ဘုရားများကို ထောင်ချောက်ဆင်ဖမ်းချင်သော လူများ၏ အတွေးများကို ပျောက်ကွယ်သွားစေသည်။ မူလအနှစ်သာရက အလွန်ကောင်းမွန်သော်လည်း သူတို့၏ အသက်က ပိုပြီးအရေးကြီးသည်။ မည်သို့ဖြစ်ပါစေ တစ်ဖက်အုပ်စုထဲမှာ အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများ ပါဝင်ကြသည်။ အကယ်၍ သူတို့သာ လွန်လွန်ကြူးကြူး ဆောင်ရွက်လိုက်မည်ဆိုလျှင် သေချာပေါက် ပစ်မှတ်ထားခံရလိမ့်မည်။
ထိုအချိန်ကျလျှင်…
သေခြင်းရှင်ခြင်းက သူတို့၏ ထိန်းချုပ်မှုအောက်မှာ ရှိတော့မည် မဟုတ်ချေ။
တစ်ချိန်တည်းမှာ အရှေ့ဆက်ရမည့် လမ်းကြောင်းက ခက်ခဲကြမ်းတမ်းသည်။ ယခင် သူတို့ဆောင်ရွက်ခဲ့သည့်အတိုင်း ဆက်လက် သတိထားပြီး ဖုံးကွယ်ထားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ထိုသို့ဖြင့် ရွှီချင်းနှင့် တခြားလူများက ဤစကြာဝဠာထဲမှ မြန်ဆန်စွာ ထွက်သွားကြသည်။
တစ်ချိန်တည်းမှာ ကျင့်ကြံသူများ၏ ပိုင်နက်ဖြစ်သော ဘယ်တောင်ပံစစ်ပွဲဇုန်ထဲတွင် ရွှီချင်းနှင့် သူ့အဖွဲ့ တွေ့ဆုံခဲ့သော နတ်ဘုရားတပ်ဖွဲ့ကဲ့သို့ တခြားနတ်ဘုရားတပ်ဖွဲ့များ အများကြီး ရှိသည်။
၎င်းတို့၏ တမူထူးခြားသော ဖုံးကွယ်မှုအတတ်ပညာကြောင့် ပြင်ပအင်အားစုများက ၎င်းတို့ကို အာရုံခံနိုင်ရန် အလွန်ခက်ခဲသည်။
၎င်းတို့၏ ထွက်ပေါ်လာပုံက တမူထူးခြားပြီး ၎င်းတို့က ဘေးပတ်ဝန်းကျင်ကို မြန်ဆန်စွာ စစ်ဆေးလေ့လာနိုင်ကြသည်။
၎င်းတို့ထဲတွင် နတ်ဘုရားစွမ်းအင်အမြူတေ၏ စွမ်းအား ရှိသည်။
ထို့ပြင် ထိုနတ်ဘုရားများက သာမန်မဟုတ်ကြချေ။ ၎င်းတို့က အစွမ်းထက် နတ်ဘုရားအခွင့်အာဏာများကို ပိုင်ဆိုင်ထားကြလေရာ အလွန်ရှိန်လောက်စရာကောင်းသည်။
ရလဒ်အနေဖြင့် ၎င်းတို့၏ ချုံခိုတိုက်ခိုက်မှုများက အတော်လေး ထိရောက်မှုရှိသည်။ ယင်းက ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးကို ပရမ်းပတာဖြစ်စေသည်။
ထို့ကြောင့် ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲမှာ စခန်းချထားကြသော ကျင့်ကြံသူစစ်တပ်များက ၎င်းတို့ကို နှိမ်နင်းရန်အလို့ငှာ လူစုခွဲသွားကြသည်။
ဤအတောအတွင်းမှာ ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးက ဖရိုဖရဲအခြေအနေသို့ ကျရောက်နေသည်။
ထိုသို့ဖရိုဖရဲအခြေအနေကြားထဲ၌ ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ဒေသကြီးထဲမှ စကြာဝဠာများစွာအနက် တစ်ခုဖြစ်သော ချမ်ယွမ်စကြာဝဠာထဲဝယ် မထင်မရှား ဂလက်စီငယ်တစ်ခု တည်ရှိသည်။ ထိုဂလက်စီက အလွန်သေးငယ်လေရာ သာမန်ကြယ်ဂြိုလ်တစ်လုံးနှင့် မခြားပေ။
ကြယ်ဂြိုလ်က အရောင်မွဲပြာပြီး အညိုရောင်အလင်းကို ထုတ်လွှတ်နေသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ကြယ်ဂြိုလ်၏ မျက်နှာပြင်က ပရမ်းပတာ လှုပ်ခတ်သွားဟန် ရသည်။ ထို့နောက် အရွယ်အစား အလွန်ကြီးမားသော အက်ကွဲကြောင်းတစ်ခုက ကြယ်ဂြိုလ်၏ မျက်နှာပြင်ပေါ်မှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
အချိန်ကြာလာသည်နှင့်အမျှ အက်ကွဲကြောင်းက ပိုပြီးကြီးမားလာပြီး ရုတ်တရက် အလွန်ကျယ်ပြောစွာ ပွင့်သွားသည်။
ဤသည်မှာ မျက်လုံးတစ်လုံး သို့မဟုတ် တစ်စုံတစ်ခု ဖွင့်လှစ်သွားသည့်အလားပင်။ သေချာသည်မှာ ၎င်းက သာမန်ကောင်းကင်ဘုံခန္ဓာကိုယ် မဟုတ်ပေ။ အမှန်မှာ ၎င်းက ကြယ်ဂြိုလ်တစ်လုံးအဖြစ် ရုပ်ဖျက်ထားသော နတ်ဘုရားတစ်ပါး၏ မျက်လုံးသာ ဖြစ်သည်။ ယခု ထိုနတ်ဘုရားမျက်လုံးက ပွင့်သွားသည်။
နတ်ဘုရားမျက်လုံး၏ ရွှေရောင်သူငယ်အိမ်ထဲတွင် အရေအတွက်တစ်သောင်းထက် မနည်းသော နတ်ဘုရားစစ်တပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုနတ်ဘုရားများက ဤနေရာမှာ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့ခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ၎င်းတို့က အထူးနည်းလမ်းတစ်ခုခုကို အသုံးပြု၍ ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာကြခြင်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်ပါစေ ယခု ၎င်းတို့က ထွက်ပေါ်လာကြသည်။
၎င်းတို့ထဲမှ အများစုက နတ်ဘုရားမီးတောက်အဆင့်မှာ ဖြစ်ကြသည်။ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများ၏ အရေအတွက်သည်လည်း အံ့ဖွယ်ကောင်းသည်။ ထို့ပြင် အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများသည်လည်း အတော်လေး များပြားသည်။ ဤနတ်ဘုရားစစ်တပ်၏ တပ်မှူးများသည်တော့…
အစစ်အမှန်နတ်ဘုရားများ ဖြစ်ကြသည်။ တပ်မှူးများက စုစုပေါင်း သုံးယောက်ရှိကြသည်။
တစ်ယောက်က မြူခိုးနှင့် ဆင်တူပြီး ၎င်း၏ အစစ်အမှန်အသွင်သဏ္ဍာန်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း ၎င်းထံမှ ထုတ်လွှတ်နေသော နတ်ဘုရားအစွမ်းက ကြယ်တာရာကောင်းကင်ကို ပုံပျက်တွန့်လိမ်သွားစေသည်။
တခြားတစ်ယောက်က ရွှေရောင်မီးတောက်များဖြင့် ဖုံးလွှမ်းခံထားရပြီး မနှိုင်းယှဉ်သာသော မွန်မြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ၎င်းက ကောင်းကင်ဘုံနတ်ဘုရားတစ်ပါး ဖြစ်သည့်အလားပင်။
နောက်ဆုံးတစ်ယောက်က လူသားမျိုးနွယ်နှင့် အရပ်တူညီသည်။ ၎င်းက ဦးခေါင်းအထိ ဖုံးကွယ်ထားသော အနက်ရောင်ဝတ်ရုံကို ခြုံထားသည်။ အကန့်အသတ်မဲ့သော လျှို့ဝှက်ဆန်းကြယ်မှုက ၎င်းထံမှ ထွက်ပေါ်နေပြီး ယင်းက တမူထူးခြားသော တည်ရှိမှုကို ဖြစ်ပေါ်စေသည်။
ထိုနတ်ဘုရားစစ်တပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း စစ်မြေပြင်တစ်ခုလုံးက ရုတ်တရက် ပြောင်းလဲသွားဟန် ရသည်။
အမှတ်လေးနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းကြားမှ စစ်မြေပြင်က အရှိန်အဟုန် အားပြိုင်မှုဖြစ်သည်။ ဤသည်မှာ အဖြူအနက်ပန်းချီကားထဲတွင် အဖြူရောင်နှင့် အနက်ရောင်က အပြန်အလှန် တွန်းကန်နေကြသည့်အလားပင်။
ယင်းတို့က တစ်ယောက်ကိုတစ်ယောက် ဝါးမျိုရန် ကြိုးစားနေကြသည်။
မူလက ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲတွင် အဖြူရောင်အင်မော်တယ်စွမ်းအင်ဖြင့် ပြည့်နှက်နေကြောင်း မည်သူမဆို မြင်နိုင်ပေသည်။
အဆင့်နိမ့်သက်ရှိများ နားမလည်နိုင်သော အင်မော်တယ်အရှင်သခင်နှင့် နတ်ဘုရားအရှင်သခင်ကြားမှ ပညာဖလှယ်မှု၊ နည်းဗျူဟာအားပြိုင်မှုနှင့် အသေးစိတ်ကျသော ကျားကွက်ရွှေ့မှုများက ဤအခိုက်အတန့်မှာ အဖြူအနက်ပန်းချီကားထဲမှ အရောင်များ၏ အရှိန်အဟုန်ကို ပြောင်းလဲသွားစေသည်။
စစ်မြေပြင်၏ ဧရိယာတစ်ခုတွင် နတ်ဘုရားစွမ်းအင်က အနက်ရောင်ပလိပ်ရောဂါသဖွယ် ပျံ့နှံ့နေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ လွှမ်းမိုးဖိနှိပ်သော ထိုအမှောင်ထုက ရုတ်တရက် ပါးလွှာသွားသည်။ ဒြပ်နှောများ ပျောက်ကွယ်သွားသည်နှင့်ချက်ချင်း အဖြူရောင်အင်မော်တယ်စွမ်းအင်က ဒီရေသဖွယ် ဒလဟော တိုးဝင်လာပြီး ထိုဧရိယာကို ဖုံးလွှမ်းသွားသည်။
ဤသည်မှာ ထိုဧရိယာက အဖြူရောင်ကျားစေ့၏ သိမ်းပိုက်ခံလိုက်ရသည့်အလားပင်။
တစ်ချိန်တည်းမှာ အဖြူရောင်အင်မော်တယ်စွမ်းအင်ဖြင့် ဖုံးလွှမ်းခံထားရသော တခြားဧရိယာတွင် အနက်ရောင်အမှောင်ထုက ရုတ်တရက် ရောက်ရှိလာပြီး အဖြူရောင်အင်မော်တယ်စွမ်းအင်ကို ဝါးမျိုဖယ်ရှားပစ်လိုက်သည်။ ထိုဧရိယာထဲတွင် လွှမ်းမိုးဖိနှိပ်သော ဖိအားက အမှောင်မြူခိုးနှင့်အတူ နေရာတိုင်းမှာ ထွက်ပေါ်လာသည်။
ထိုဧရိယာက ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးမှလွဲ၍ တခြားမဟုတ်ပေ။
ယင်းက မြန်ဆန်သော အပြောင်းအလဲဖြစ်သည်။
ရလဒ်အနေဖြင့် ဒြပ်နှောများက ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲမှာ တစ်ဟုန်ထိုး မြှောက်တတ်လာသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူစစ်တပ်များက တုန်ယင်သွားကြသည်။ အဆင့်နိမ့်ကျင့်ကြံသူများက ဒြပ်နှောများ၏ ယိုယွင်းတိုက်စားခြင်း ခံလိုက်ကြရသည်။
ထိုမျှသာ မကပေ။ အမှောင်မြူခိုးနှင့် နတ်ဘုရားအရှိန်အဝါက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားပြီး စစ်မြေပြင်တစ်လျှောက် ဖုံးလွှမ်းသွားသည့်အခါ အလယ်ပိုင်းဒေသကြီးထဲတွင်ရှိသော စကြာဝဠာများထဲမှ တာအိုအလံတိုင်များက အပြင်းအထန် တုန်ယင်သွားကြသည်။
အက်ကွဲသံများက ပဲ့တင်ထပ်သွားသည်။ ဤသည်မှာ တာအိုအလံတိုင်များက ပြိုကျပျက်စီးသွားတော့မည့်အလားပင်။ ယင်းတို့ ပြိုကျပျက်စီးသွားသည်နှင့် ကျင့်ကြံသူများက ဤနေရာကို လက်လွှတ်ဆုံးရှုံးသွားလိမ့်မည်။
ထိုအခါကျလျှင် ဘယ်တောင်ပံစစ်ပွဲဇုန်က အလယ်မှ ဖြတ်တောက်ခံရပြီး ရှေ့တန်းစစ်မြေပြင်က အထီးကျန်စစ်တပ်ဖြစ်သွားလိမ့်မည်။
သို့ဖြစ်၍ ကျင့်ကြံသူစစ်တပ်များသည် တာအိုအလံတိုင်များကို ကာကွယ်ရန်နှင့် အချိန်ဆွဲထားရန်အလို့ငှာ သူတို့၏ အစွမ်းရှိသမျှကို အကုန်ထုတ်သုံးလိုက်ကြသည်။
တစ်ချိန်တည်းမှာ ပို့ဆောင်ရေးအဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်နေသော အထောက်တော်နတ်ဘုရားတပ်ဖွဲ့များက ဆက်လက် မပုန်းကွယ်ကြတော့ချေ။ ၎င်းတို့က ကိုယ့်ဘာသာ ထွက်လာကြပြီး ဤနေရာမှ ဒြပ်နှောများ၏ ထောက်ပံ့ပေးမှုအောက်မှာ ပိုပြီးကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းကို ထုတ်လွှတ်လိုက်ကြသည်။
၎င်းတို့က အနီးဆုံးမှာရှိသော တာအိုအလံတိုင်များကို ပစ်မှတ်ထားလိုက်ကြသည်။
ထို့ပြင် စကြာဝဠာအများအပြားထဲတွင် အစောနက အညိုရောင်ကြယ်ဂြိုလ်နှင့်ဆင်တူသော တခြားကြယ်ဂြိုလ်များက ဤအခိုက်အတန့်မှာ တစ်ခုပြီးတစ်ခု မျက်လုံးဖွင့်လှစ်လိုက်ကြသည်။ ထို့နောက် နတ်ဘုရားစစ်တပ်များက ၎င်းတို့ထဲမှ ထွက်ပေါ်လာကြသည်။
စစ်ပွဲက အလယ်ပိုင်းဒေသကြီးထဲမှာ စတင်လာသည်။
နတ်ဘုရားစစ်တပ်များက ဤနေရာမှာ အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့ခြင်းလော သို့မဟုတ် ၎င်းတို့က အထူးနည်းလမ်းတစ်ခုခုဖြင့် ဤနေရာသို့ တည်နေရာပြောင်းရွှေ့လာခဲ့ခြင်းလော သေချာမသိရပေ။
သို့သော်လည်း ပို့ဆောင်ရေးအဖွဲ့များကို ချုံခိုတိုက်ခိုက်ခဲ့သည်ဟူသော အချက်ကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဒုတိယအကြောင်းအရာက ပိုပြီးဖြစ်နိုင်ခြေများသည်။
မည်သို့ဖြစ်ပါစေ ဤတစ်ကြိမ် ၎င်းတို့၏ တိုက်ခိုက်မှုက နတ်ဘုရားများဘက်မှ သေချာ အစီအစဉ်ဆွဲထားသောအရာဖြစ်ကြောင်း ထင်ရှားပေသည်။
သို့မဟုတ်လျှင် ၎င်းတို့က ထိုမျှမြန်မြန် ရောက်လာနိုင်လိမ့်မည်မဟုတ်သလို အင်မော်တယ်အရှင်သခင်နှင့် နတ်ဘုရားအရှင်သခင်ကြားမှ အခြေအနေက ထိုမျှမြန်ဆန်စွာ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ ၎င်းတို့က လက်ဦးမှုရယူရန် ကြိုးစားနေကြသည်။
၎င်းတို့၏ ရည်ရွယ်ချက်က ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲမှာရှိသော စကြာဝဠာအားလုံးထဲမှ တာအိုအလံတိုင်များကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။
ထိုအတိုင်းသာ ဖြစ်လာမည်ဆိုလျှင် ဤနေရာက နတ်ဘုရားများအပိုင် နယ်မြေအဖြစ် ပြောင်းလဲသွားလိမ့်မည်။
တစ်ချိန်တည်းမှာ ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲတွင် နတ်ဘုရားစစ်တပ်များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာကြပြီး ကျင့်ကြံသူစစ်တပ်များကို တိုက်ခိုက်လိုက်ကြသည်။
ဤဒေသကြီး၏ အလယ်ဗဟိုတွင် တိမ်စင်မြင့်ဟုခေါ်သော စကြာဝဠာတစ်ခု ရှိသည်။ ထိုနေရာတွင် ကျင့်ကြံသူစစ်တပ်များက အလွန်များပြားသည်။ ထိုစကြာဝဠာထဲမှ ကြယ်အဖွဲ့အစည်းတစ်ခုစီမှာ ကျွမ်းကျင်စစ်သည်တော်များရှိကြပြီး ကြယ်ဂြိုလ်တစ်ခုစီမှာ စစ်စခန်းတစ်ခုရှိဟန် ရသည်။
ယခု အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ထိုဧရိယာကို ထိုးဖောက်ဝင်ရောက်လာသည်။
ဤနေရာက ဘယ်တောင်ပံစစ်ပွဲဇုန်၏ အဓိကအချက်အချာနေရာဖြစ်ပြီး အမိန့်ပေးဌာနချုပ်လည်း ဖြစ်သည်။
ဘယ်တောင်ပံစစ်ပွဲဇုန်အတွက် အမိန့်အားလုံးကို ဤနေရာမှ ထုတ်ပြန်သည်။
တိမ်စင်မြင့်စကြာဝဠာ၏ အမြူတေဖြစ်သော ကြယ်တာရာကောင်းကင်ထဲတွင် အရွယ်အစား အလွန်ကြီးမားသော အင်မော်တယ်စင်မြင့်တစ်ခုက လွင့်မျောနေပြီး အကန့်အသတ်မဲ့သော အင်မော်တယ်အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ထိုအင်မော်တယ်အလင်းကြားထဲ၌ မြင့်မြတ်ထည်ဝါသော ပုဂ္ဂိုလ်တစ်ဦးက တင်ပျဉ်ခွေထိုင်နေသည်။ အလွန်ကျယ်ပြောသော စွမ်းအင်အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်နေသည်။
သူက ဘယ်တောင်ပံစစ်ပွဲဇုန်၏ ပထမတပ်မှူးဖြစ်ပြီး အသံတိတ်တာအို အင်မော်တယ်ဦးသျှောင်ဟု အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးတွင် ဂုဏ်သတင်းကျော်ဇောသည်။
သူက အင်မော်တယ်အရှင်သခင်ကျန်းလူ၏ တပည့်ကြီး ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံက အဆင့်နိမ့်အင်မော်တယ်၏ အထွတ်အထိပ်မှာ ဖြစ်သည်။ ထို့ပြင် သူက သတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သည်။ သူက အထွတ်အထိပ် အဆင့်နိမ့်အင်မော်တယ်များထဲမှာပင် ပညာရှင်ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
ထို့ပြင် သူ၏ တာအိုက ပြီးပြည့်စုံသော မဟာစက်ဝန်းဆီသို့ ရောက်ရန် သိပ်မလိုတော့ပေ။
ဤအခိုက်အတန့်မှာ သူက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်လေရာ အလွန်သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ သူက ဖြည်းညင်းစွာ ပြောသည်။
“ သူတို့တွေ… ငါးစာဟပ်လိုက်ပြီ ”
ဤသည်မှာ နတ်ဘုရားများနှင့် ကျင့်ကြံသူများကြားမှ မဟာစစ်ပွဲဖြစ်သည်။ အင်အားစုနှစ်ခုစလုံးမှာ ကြီးမြတ်သော အစီအစဉ်များ ရှိကြသည်။
ပို့ဆောင်ရေးအဖွဲ့များသာ ငါးစာမဟုတ်ပေ။ ဤဒေသကြီးထဲမှ တာအိုအလံတိုင်များနှင့် ထိုတာအိုအလံတိုင်များကို စောင့်ကြပ်ပေးနေကြသော ကျင့်ကြံသူစစ်တပ်များသည်ပင် ငါးစာဖြစ်ကြသည်။ အမှန်မှာ သူကိုယ်၌က ငါးစာ ဖြစ်သည်။
သူတို့၏ ရည်ရွယ်ချက်က ဤဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးကို အသွေးအသားများဖြင့် ပြုလုပ်ထားသော ဧရာမဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
ယင်းက အမှောင်ညထဲမှ မီးအိမ်သဖွယ် နတ်ဘုရားစစ်တပ်များကို သွေးဆောင်လိမ့်မည်။
ထို့ပြင် ယင်းက သူတို့၏ တကယ့်အစီအစဉ်ကို ဖုံးကွယ်ပေးလိမ့်မည်။
လုပ်ကြံသတ်ဖြတ်ခြင်းတွင် အထူးကျွမ်းကျင်သော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံသူတစ်ပါးက အမှတ်လေးကြယ်တာရာစက်ဝန်းထံမှ စစ်တပ်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားလိမ့်မည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သည့် ထိုကျင့်ကြံသူက နတ်ဘုရားများဘက်မှ ညာတောင်ပံစစ်ပွဲဇုန်၏ တပ်မှူးတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်လိမ့်မည်။
‘ မင်းတို့ကပဲ ငါ့ဒေသကြီးကို အရင်သိမ်းပိုက်နိုင်ပြီး ငါ့ကို သတ်ပစ်နိုင်မလား… ဒါမှမဟုတ် ငါတို့စေလွှတ်လိုက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူကပဲ မင်းတို့ရဲ့ တပ်မှူးကို အရင်လုပ်ကြံသတ်ဖြတ်နိုင်မလား စောင့်ကြည့်တာပေါ့ ’
အသံတိတ်တာအိုက မျက်လုံးမှေးကျဉ်းလိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
‘ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံသူက ဘယ်သူဖြစ်မလဲ… ငါ့ဆရာ ယုံကြည်ရတဲ့လူဖြစ်ပြီး သူ့မှာ အထွတ်အထိပ်အဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါးကို လုပ်ကြံသတ်ဖြတ်နိုင်တဲ့ အရည်အချင်းရှိတယ်… အမှတ်ငါးကြယ်တာရာစက်ဝန်းထဲမှာ အဲ့လိုပုဂ္ဂိုလ်က အများကြီး မရှိဘူး… ’
ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲတွင် ဒြပ်နှောများက နေရာတိုင်းသို့ ပျံ့နှံ့သွားပြီး အလွန်အမင်း သိပ်သည်းလာသည်။
အလယ်ပိုင်းဒေသကြီးထဲသို့ ရောက်ရှိနေကြသော ပို့ဆောင်ရေးအဖွဲ့များသည် ရုတ်တရက် အပြောင်းအလဲကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံးက အခြေအနေဆိုးဝါးနေကြသည်။
“ ငါ့ရဲ့ ခန့်မှန်းမှုအရ သူတို့ထဲက (၇၀)ရာခိုင်နှုန်းက သေချာပေါက် သေဆုံးကြလိမ့်မယ် ”
" အသက်ရှင်ကျန်ရစ်တဲ့ လူတွေက အနီးဆုံးမှာရှိကြတဲ့ တာအိုအလံတိုင်တွေဆီ ဦးတည်သွားကြလိမ့်မယ်… ဒါပေမဲ့လည်း သူတို့က နတ်ဘုရားစစ်တပ်တွေနဲ့ သေချာပေါက် တိုက်ခိုက်ရလိမ့်မယ် ”
ဒြပ်နှောများက ကြယ်တာရာကောင်းကင်ထဲမှာ ပျံ့နှံ့နေစဉ် ရွှီချင်းနှင့် သူ့အဖွဲ့သားများက ဖော်မပြနိုင်အောင် မျက်နှာတည်ကြည်နေကြသည်။ ကျိုးကျန်းလီက တိုးညင်းစွာ ဆက်ပြောသည်။
“ ဒါကြောင့် အခု ငါတို့ရွေးချယ်ရလိမ့်မယ် ”
“ ငါတို့တွေ… အနီးဆုံးမှာရှိတဲ့ တာအိုအလံတိုင်ဆီ သွားမလား… ဒါမှမဟုတ် အရှေ့ဆက်ပြီး ချီတတ်ကြမလား ”
ကျိုးကျန်းလီက ရွှီချင်းကို ကြည့်လိုက်သည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ တတ်လှမ်းသူအားလုံးက ရွှီချင်းကို ကြည့်လိုက်ကြသည်။
ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ရုတ်တရက် အပြောင်းအလဲကြောင့် သူသည်လည်း တဒင်္ဂ မိန်းမောသွားခဲ့ရသည်။
လျှပ်တစ်ပြက်အတွင်းမှာ ကြယ်တာရာကောင်းကင်က ကပြောင်းကပြန်ဖြစ်သွားခဲ့သည်။
အင်မော်တယ်စွမ်းအင်က ပျောက်ကွယ်သွားပြီး ဒြပ်နှောက ဒလဟော ထွက်ပေါ်လာသည်။
ထိုသို့အခြေအနေက ရွှီချင်းကို အနည်းငယ် ထိတ်လန့်စေမိသည်။
ယခု ဤနေရာမှာပင် ဒြပ်နှောများ ရှိနေကြောင်း သူအာရုံခံနိုင်သည်။
လေထဲမှာ ဒြပ်နှောများ စိမ့်ဝင်နေသော ပတ်ဝန်းကျင်နှင့် ထိုသို့ခံစားမှုက သူမရင်းနှီးသောအရာ မဟုတ်ပေ။
ယင်းက ဝမ်ကူးကုန်းမြေနှင့် ဆင်တူသည်။
ကျင့်ကြံသူများသည် သူတို့၏ အဆင့်မြင့်ကျင့်ကြံခြင်းစွမ်းအားဖြင့် ဒြပ်နှောများကို ခုခံတားဆီးနိုင်ကြောင်း သူသိသည်။ သို့သော်လည်း ဤသို့ပတ်ဝန်းကျင်မျိုးမှာ အချိန်အတော်ကြာ နေမည်ဆိုလျှင် သူတို့က သေချာပေါက် ယိုယွင်းတိုက်စားခံရလိမ့်မည်။
အထူးသဖြင့် သူတို့က ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရန် အင်မော်တယ်စွမ်းအင်၏ ထောက်ပံ့ပေးမှုကို လိုအပ်သည့်အခါ ဖြစ်၏။
ဒြပ်နှောများက သူတို့စုပ်ယူသော ကောင်းကင်နှင့်မြေပြင်ကြားမှ စွမ်းအင်အားလုံးကို သိမ်းပိုက်သွားလိမ့်မည်။
ထိုအခါကျလျှင် သန္ဓေပြောင်းလဲခြင်းက ဖြစ်ပေါ်လာလိမ့်မည်။
သို့ဖြစ်၍ တာအိုအလံတိုင်ရှိသော တည်နေရာကို ရှာဖွေခြင်းက အပြည့်အဝ ဘေးကင်းမလုံခြုံကြောင်း ရွှီချင်း ရှင်းလင်းစွာ သိထားသည်။ ထို့ပြင် ခြေတစ်လှမ်းမှားသွားခြင်းက သေခြင်းရှင်ခြင်းကို သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားစေလိမ့်မည်။
အရှေ့သို့ ဆက်လက် ချီတတ်ရန်သည်တော့…
သူတို့က ဤဒေသကြီးထဲမှ ဘေးကင်းလုံခြုံစွာ ထွက်သွားနိုင်ပြီး ရှေ့တန်းစစ်မြေပြင်ဆီသို့ ဝင်ရောက်နိုင်မည်လော မသေချာပေ။
မသေချာမှုက ထိုခရီးတစ်လျှောက်တွင် အခြေအနေအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် ရှေ့တန်းစစ်မြေပြင်မှ အခြေအနေကိုလည်း သူတို့မသိထားကြပေ။ ထိုနေရာမှာလည်း ဒြပ်နှောများရှိနေနိုင်သလို ကျင့်ကြံသူများက အရေးနိမ့်နေခြင်းလည်း ဖြစ်နိုင်၏။
သို့သော်လည်း ထိုမသေချာမှုက အသက်ရှင်နိုင်သော ဖြစ်နိုင်ခြေကိုလည်း ပေးနိုင်သည်။ အတိုင်းအတာတစ်ခုထိဆိုရသော် သူက ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်နိုင်လိမ့်မည်။
' ဒီမှာ ဆက်နေပြီး တာအိုအလံတိုင်ကို ရှာဖွေတာက ငါ့ကို ဒီက ကပ်ဘေးထဲမှာ ဘေးကျပ်နံကျပ်အခြေအနေဆီ ကျရောက်စေလိမ့်မယ် ’
တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ အသံက ပဲ့တင်ထပ်သွားသည်။
“ အရှေ့ဆက်သွားဖို့ ငါရွေးချယ်တယ်… အလယ်ပိုင်းဒေသကြီးကို ဖြတ်ပြီး ဘယ်တောင်ပံစစ်ပွဲဇုန်ရဲ့ ရှေ့တန်းစစ်မြေပြင်ဆီ ငါသွားမယ် ”
" မင်းတို့တွေ… တကယ်လို့ မင်းတို့မှာ တခြားရွေးချယ်စရာရှိတယ်ဆိုရင် ငါမတားဘူး ”
ထိုသို့ပြောပြီးနောက် ရွှီချင်းက အရှေ့သို့ တန်းမတ်စွာ ဦးတည်သွားသည်။
လီမုန့်တုနှင့် ကျိုးကျန်းလီက ချက်ချင်း အနောက်မှ လိုက်သွားကြသည်။ ရှဲလင်းဇီနှင့် ယွင်ရှန်းစုက တုံ့ဆိုင်းနေကြစဉ် ကြယ်တာရာစက်ဝန်းက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ပြီး ရွှီချင်းနောက်သို့ လိုက်သွားသည်။
ချမ်ကျွင်းနှင့် ပိုင်ရီက အံကြိတ်လိုက်ပြီး အနောက်မှ လိုက်သွားကြသည်။
ယင်းကို မြင်သောအခါ ယွင်ရှန်းစုက လိုက်သွားသည်။
ရှဲလင်းဇီက စိတ်ထဲမှာ သက်ပြင်းချလိုက်ပြီး သူတို့နှင့် လိုက်သွားရန် ရွေးချယ်လိုက်သည်။
တခြားတတ်လှမ်းသူများသည်တော့ သူတို့က မြန်ဆန်စွာ ဆုံးဖြတ်ချက်ချလိုက်ကြသည်။ သူတို့ထဲမှ အများစုက အရှေ့သို့ ဆက်လက် ချီတတ်ကြရန် ရွေးချယ်ကြသည်။ သို့သော်လည်း လူတချို့က တခြားရွေးချယ်မှုကို ပြုလုပ်ကြသည်။
သို့ဖြစ်၍ ဤရွေးချယ်မှုပြီးနောက် မူလက အယောက်ရှစ်ဆယ်ကျော်ရှိသော အဖွဲ့တွင် လူငါးဆယ်ကျော်က အရှေ့ဆက်ရန် ရွေးချယ်လိုက်ကြသည်။
ကျန်သုံးဆယ်သည်တော့ ထွက်သွားရန် ရွေးချယ်လိုက်ကြသည်။
ယခုအချိန်မှာ မည်သည့်ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ပြောရန် နည်းလမ်းမရှိပေ။