အင်မော်တယ်နှင့် နတ်ဘုရား အတူတကွ ထွန်းလင်းတောက်ပခြင်း
Vol. 112 Ch. 1711
နတ်ဘုရားအားလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ အစဉ်မပြတ် ထုတ်လွှတ်ပေးနေသော တမူထူးခြားသည့် ကိုယ်ပိုင်ဒြပ်နှောကို ပိုင်ဆိုင်ထားကြသည်။
ဒြပ်နှောဆိုသည်မှာ ၎င်းတို့၏ နတ်ဘုရားအရှိန်အဝါ၏ ဒြပ်ထည်ဖွဲ့စည်းမှု ဖြစ်သည်။ ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲမှ ဒြပ်နှောသည်တော့ နတ်ဘုရားအရှင်သခင်နှင့် ဤနေရာသို့ ဆင်းသက်လာကြသော နတ်ဘုရားများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
နတ်ဘုရားများ အတူတကွ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန် ထိုနတ်ဘုရားအရှင်သခင်က ဒြပ်နှောများထဲမှာ ကိန်းအောင်းနေသော နတ်ဘုရားကိုယ်စီ၏ ကိုယ်ပိုင်စိတ်ဆန္ဒကို ဖယ်ရှားပစ်ခဲ့သည်။ ထိုနည်းဖြင့် နတ်ဘုရားအားလုံးက မည်သည့်ဒြပ်နှောကိုမဆို အသုံးပြုနိုင်လိမ့်မည်။
ထို့ကြောင့် ဤနေရာသို့ ဆင်းသက်လာကြသော နတ်ဘုရားများသည် ဒြပ်နှောများဖြင့် ကိုယ့်ကိုယ်ကိုယ် အစွမ်းမြှင့်တင်နိုင်ကြသည်။ ယင်းက ၎င်းတို့၏ နတ်ဘုရားအစွမ်းကို အံ့ဖွယ်ကောင်းသော အဆင့်ထိ မြှင့်တင်ပေးနိုင်သည်။
နတ်ဘုရားများဆီမှာ ထိုသို့အားသာချက်ရှိသကဲ့သို့ ရွှီချင်းသည်လည်း ရွှံ့မြေခွေး၏ နတ်ဘုရားခန္ဓာကိုယ်မှတဆင့် ထိုအားသာချက်ကို တူညီစွာ ရယူနိုင်သည်။
သို့ဖြစ်၍ ဟင်းလင်းပြင်ထဲတွင် အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါးနှင့် ၎င်းတို့၏ လက်အောက်ငယ်သား နတ်ဘုရားနှစ်ရာနီးပါးက ရွှီချင်းနှင့် သူ့အဖွဲ့နောက်သို့ လိုက်သွားကြသည်နှင့်ချက်ချင်း…
ရွှီချင်းထံမှ နတ်ဘုရားအခွင့်အာဏာက ပေါ်လျှိုးလာသည်။
ထိုနတ်ဘုရားအခွင့်အာဏာက ရွှံ့မြေခွေးကို အခြေခံအုတ်မြစ်ထား၍ ရွှီချင်း၏ လမ်းညွှန်မှုအောက်မှာ ထွက်ပေါ်လာသည်။
အတိတ်တွင် ရွှီချင်း၏ နတ်ဘုရားအတတ်ပညာများက သူ့နတ်ဘုရားကိုယ်ပွား၏ အဆင့်ကြောင့် ကန့်သတ်ခံခဲ့ရသည်။ ယင်းတို့က နတ်ဘုရားမီးတောက်အဆင့်မျှသာ အစွမ်းထက်နိုင်သည်။ သို့သော်လည်း ယခု ရွှံ့မြေခွေးက နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ တတ်လှမ်းသွားခဲ့ပြီးပြီ ဖြစ်သည်။
ရလဒ်အနေဖြင့် မူကွဲအင်မော်တယ်အတတ်ပညာအပေါ် ရွှီချင်း၏ ကျွမ်းကျင်မှုကြောင့် ယခု သူထုတ်လွှတ်လိုက်သော နတ်ဘုရားအတတ်ပညာများက နတ်ဘုရားယဇ်ပလ္လင်အဆင့်သို့ အလိုအလျောက် ရောက်ရှိသွားသည်။
ဤအခိုက်အတန့်မှာ ဝုန်းခနဲ မြည်သံများကြားတွင် ရွှီချင်း၏ နတ်ဘုရားအသံက ဤနေရာသို့ အပြေးနှင်လာကြသော နတ်ဘုရားများ၏ ဝိညာဉ်နှင့် နှလုံးသားထဲသို့ ပဲ့တင်ထပ်သွားသည်။
“ ရပ်စမ်း ”
ထိုစကားသံ ပဲ့တင်ထပ်သွားသည့်အခိုက် ဟင်းလင်းပြင်ကို ဖြတ်သန်းနေကြသော နတ်ဘုရားများက အမူအရာပျက်ယွင်းသွားကြသည်။
ယင်းက နတ်ဘုရားအသံ ဖြစ်သည်။ နတ်ဘုရားများသာ ယင်းကို ကြားနိုင်ကြသည်။ ကျင့်ကြံသူများက ထိုအသံ၏ အဓိပ္ပာယ်ကို နားလည်နိုင်ကြလိမ့်မည် မဟုတ်ချေ။ သူတို့ကြားနိုင်သည်မှာ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပုံပျက်တွန့်လိမ်စေနိုင်သော ကြောက်မက်ဖွယ်ရာ တီးတိုးရေရွတ်သံ ဖြစ်သည်။
တစ်ချိန်တည်းမှာ ရွှီချင်း၏ နတ်ဘုရားအသံက ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားသွေးက ပရမ်းပတာ လှုပ်ယမ်းလာသည်။
နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားအားလုံးက တုန်ယင်သွားကြသည်။ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများသည်ပင် ၎င်းတို့၏ နတ်ဘုရားအခွင့်အာဏာများက ဖိနှိပ်ခံလိုက်ရကြောင်း ခံစားမိသွားကြသည်။
ထိုသဘာဝလွန်အဖြစ်အပျက်က ၎င်းတို့၏ ရန်သူက အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း နတ်ဘုရားများကို ချက်ချင်း သတိပေးလိုက်သည်။
ထို့ပြင် ဘေးပတ်ဝန်းကျင်၌ ပရမ်းပတာ လွင့်မျောနေသော ဒြပ်နှောများထဲတွင် နတ်ဘုရားကျိန်စာက တစ်ဟုန်ထိုး အားကောင်းလာနေသည်။ ယင်းက နတ်ဘုရားအများအပြားကို တုန်လှုပ်ချောက်ချားသွားစေပြီး အန္တရာယ်ကို ခံစားမိစေသည်။
ထိုအချက်အားလုံးကို ပေါင်းစည်းလိုက်သည့်အခါ ၎င်းတို့က မငြင်းဆန်နိုင်သော အမှန်တရားတစ်ခုကို ရှာတွေ့သွားကြသည်။
ယင်းမှာ ၎င်းတို့၏ အရှေ့တွင် အလွန်အစွမ်းထက်သော နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးက တည်ရှိနေသည်။
ထိုနတ်ဘုရားက ၎င်းတို့နှင့် မရင်းနှီးပေ။
သို့သော်လည်း ၎င်းတို့သေချာသော တစ်စုံတစ်ခု ရှိသည်။ ယင်းမှာ ဤအဖြစ်အပျက်က ပုံရိပ်ယောင်မဟုတ်ပေ။ ထိုနတ်ဘုရားအသံက စစ်မှန်သလို နတ်ဘုရားအခွင့်အာဏာများကလည်း အမှန်တကယ် ဖြစ်သည်။
ထို့ပြင် ထိုနတ်ဘုရား၏ အစွမ်းက အလွန်အံ့ဖွယ်ကောင်းသည်။
သို့ဖြစ်၍ နတ်ဘုရားများ၏ အလျင်က နှေးကွေးသွားသည်။ အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါး၏ အကြည့်သည်လည်း အေးခဲသွားသည်။
ထို့နောက် ၎င်းတို့နှစ်ယောက်က တုံ့ဆိုင်းမနေဘဲ ၎င်းတို့၏ နတ်ဘုရားအစွမ်းကို ထုတ်လွှတ်လိုက်ကြပြီး ဤဧရိယာတစ်ဝိုက်ကို ဖြန့်ကြက်လိုက်ကြသည်။
၎င်းတို့၏ နတ်ဘုရားအရှိန်အဝါက အလွန်သိပ်သည်းသော ဒြပ်နှောမြူခိုးကို သယ်ဆောင်လျက် ၎င်းတို့၏ အရှေ့မှ မရင်းနှီးသော နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးနှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ချက်ချင်းဆိုသလို ၎င်းတို့က တုံ့ပြန်မှုတစ်ခုကို ရရှိသွားကြသည်။
“ ဒီလူသားတွေက ငါ့ရဲ့ ကျေးကျွန်တွေ ”
နတ်ဘုရားအသံက နတ်ဘုရားအားလုံး၏ စိတ်အာရုံထဲမှာ ပဲ့တင်ထပ်သွားသည်။ ယင်းကို ကြားသောအခါ နတ်ဘုရားအများစုက ချက်ချင်း ရပ်တန့်သွားကြသည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားအင်အားစုထဲတွင်လည်း ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။
ဥပမာ မျိုးနွယ်ခြားများကို ကျွန်ပြုခြင်းသည် တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်အခွင့်အရေး ဖြစ်သည်။
နတ်ဘုရားတစ်ပါးက မည်မျှများပြားသော မျိုးနွယ်ခြားများကို ဖမ်းမိပါစေ ၎င်း၏ လက်အောက်မှာ ကျွန်ပြုစေနိုင်သည်။
သို့ဖြစ်၍ အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါးသည်ပင် တုံ့ဆိုင်းသွားကြသည်။ ၎င်းတို့၏ တာဝန်က စစ်ကူပေးရန်ဖြစ်ပြီး ကျွန်များကို လုယက်ရန် မဟုတ်ပေ။
အကယ်၍ ၎င်းတို့အာရုံခံမိသော ထိုလူသားများက အဖမ်းမခံထားရလျှင် ၎င်းတို့က သူတို့ကို ဖျက်ဆီးပစ်နိုင်သည်။ သို့သော်လည်း အကယ်၍ ထိုလူသားများက နတ်ဘုရားတစ်ပါး၏ ကျေးကျွန်များဖြစ်နေလျှင်တော့ အဓိပ္ပာယ်က ကွာခြားသွားလိမ့်မည်။
သို့သော်လည်း ၎င်းတို့သည် အမှတ်ငါးကြယ်တာရာစက်ဝန်းနှင့် စစ်ပွဲစတင်ကတည်းက နတ်ဘုရားများ ကျွန်ပြုခံထားရခြင်းကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ကြရသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ၎င်းတို့တွေ့ကြုံနေရသော အဖြစ်အပျက်သည် ထိုလူသားအဖွဲ့ထဲမှ တစ်စုံတစ်ယောက်က ကျွန်ပြုခံထားရသော နတ်ဘုရားတစ်ပါးကို အသုံးချနေခြင်းဖြစ်နိုင်သည်ဟု ၎င်းတို့စဉ်းစားမိသွားကြသည်။
ကျွန်ပြုခံထားရသော နတ်ဘုရားတစ်ပါး ထိုသို့ဆောင်ရွက်ခြင်းက အလွန်ရှားပါးသော်လည်း အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးက အရှေ့သို့ ခြေလှမ်း လှမ်းလိုက်ပြီး အနီးကပ် စစ်ဆေးနိုင်ရန်အလို့ငှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လိုက်သည်။
ဒြပ်နှောလှိုင်းအတတ်အကျများမှတဆင့် သူ့အရှေ့မှ အဖြစ်အပျက်ကို ရွှီချင်း အာရုံခံနိုင်သည်။ သို့ဖြစ်၍ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
သို့သော်လည်း သူက အများကြီး နောင်တမရချေ။ သူက ရွှံ့မြေခွေး၏ ခန္ဓာကိုယ်မှတဆင့် သူ၏ နတ်ဘုရားအခွင့်အာဏာများကို ထုတ်လွှတ်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်က တိုက်ပွဲကို ရှောင်ရှားရန်ဖြစ်သော်လည်း အကယ်၍ ကျရှုံးသွားခဲ့သည်ရှိသော် ထိုအတွက်လည်း သူပြင်ဆင်ထားခဲ့သည်။
သို့ဖြစ်၍ အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးက ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားသည်နှင့်တစ်ပြိုင်နက် အေးစက်စက်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
သူက စိတ်ဆုံးဖြတ်လိုက်ပြီး အော်ပြောလိုက်သည်။
“ တိုက်ကြ ”
အသံပျံ့လွင့်သွားသည်နှင့် ရွှီချင်းက တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်လိုက်သည်။ သူက နတ်ဘုရားအခွင့်အာဏာအားလုံးကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။
သေစေနိုင်သော တိုက်ခိုက်မှုဖြစ်ပြီး ရန်သူကို တိုက်ရိုက် ထိမှန်စေနိုင်ရန်အလို့ငှာ ရွှီချင်းက အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါးကို ပစ်မှတ်မထားခဲ့ပေ။ ယင်းအစား သူက ၎င်းတို့နှစ်ယောက်၏ လက်အောက်မှ နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားများနှင့် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများကို ပစ်မှတ်ထားလိုက်သည်။
အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးက ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများက ဝုန်းခနဲ မြည်ဟိန်းသွားသည်။
အစောနက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်နေခဲ့သော နတ်ဘုရားတီးတိုးရေရွတ်သံများက ရွှီချင်း၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။ ဒြပ်နှောများ၏ ဝုန်းခနဲ မြည်ဟိန်းသံနှင့် နတ်ဘုရားများ၏ သွေးကြောများထဲမှာ စီးဆင်းနေသော သွေးခုန်သံသည်ပင် ဤအခိုက်အတန့်မှာ ရွှီချင်း၏ လက်အောက်သို့ ကျရောက်သွားသည်။
ရွှီချင်းက အသံအားလုံး၏ အရှင်သခင်ဖြစ်လာသည်။
ဤဧရိယာက ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော်လည်း တစ်ခဏ ကြာပြီးနောက် မိုးခြိမ်းသံပမာ ကျယ်လောင်သော နတ်ဘုရားအသံများက မြှောက်တတ်လာသည်။
ထိုနတ်ဘုရားအသံက ရွှီချင်း၏ ထိန်းချုပ်မှုအောက်မှာ ဒီရေသဖွယ် ပေါ်လျှိုးလာပြီး နတ်ဘုရားမီးတောက်နှင့် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများထံသို့ အကြမ်းပတမ်း ဦးတည်သွားသည်။
လျှပ်တစ်ပြက်အတွင်းမှာ နတ်ဘုရားမီးတောက်နှင့် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများက တုန်လှုပ်သွားကြသည်။ ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရားသွေးက ပြောင်းပြန်စီးဆင်းသွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်က စတင်အက်ကွဲလာသည်။
တစ်ချိန်တည်းမှာ အဆိပ်မြူခိုးထဲမှ နတ်ဘုရားကျိန်စာက ဒြပ်နှောများကဲ့သို့ ပရမ်းပတာ လှုပ်ခတ်သွားသည်။ အဆိပ်မြူခိုးဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက အရည်ပျော်သွားလိမ့်မည်။ ထိုအဆိပ်မှာ ကျင့်ကြံသူများကိုသာမက နတ်ဘုရားများကိုလည်း တုန်လှုပ်ချောက်ချားစေနိုင်သော အစွမ်းအာနိသင် ရှိသည်။
ထိုမျှသာ မကပေ။ ဤအခိုက်အတန့်မှာ ဟင်းလင်းပြင်က ဆုတ်ဖြဲခံလိုက်ရပြီး အက်ကွဲကြောင်းတစ်ခုက တိုက်ရိုက် ဖွင့်လှစ်ခံလိုက်ရသည်။ ပင်လယ်ရေမှော်က အက်ကွဲကြောင်းထဲမှ တိုးထွက်လာပြီး နတ်ဘုရားမီးတောက်နှင့် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများဆီသို့ ဦးတည်ပျံသန်းသွားသည်။
ထို့နောက် အမိန့်သံကြိုးများက လေခွင်းသံနှင့်အတူ အရှေ့သို့ ပျံသန်းထွက်သွားကြစဉ် ကြယ်တာရာစက်ဝန်း၏ ပုံရိပ်က သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ဆင်းသက်လာသည်။
ထို့အတူ ဧရာမတောင်တန်းများက အဆုံးမဲ့သော အလေးချိန်ကို သယ်ဆောင်လျက် ကောင်းကင်ယံမှ ကျဆင်းလာကြသည်။
ယွင်ရှန်းစုက ဧရာမတောင်တန်းပေါ်မှာ မတ်တတ်ရပ်နေသည်။
ထို့ပြင် မကြာသေးခင်ကမှ ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ တတ်လှမ်းနိုင်ခဲ့သော ကျိုးကျန်းလီသည်လည်း သူ၏ အာဏာစက်ကို ဒြပ်ထည်ဖွဲ့စည်းလိုက်သည်။ ထိုအခါ နတ်ဘုရားများ၏ စိတ်ဝိညာဉ်ကို တုန်ယင်သွားစေမည့် ထူးဆန်းသော ဧရာမမျက်လုံးတစ်လုံးက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
လီမုန့်တုသည်လည်း သူ၏ အဆိပ်ကို အရပ်ရှစ်မျက်နှာဆီသို့ ထုတ်လွှတ်လိုက်သည်။
ရှဲလင်းဇီက အစွမ်းကုန် ထုတ်လွှတ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်က သွေးနီရောင်အလင်း ထွန်းလင်းတောက်ပလာသည်။ သူ၏ လက်ထဲမှ ဓားကျိုးက အလွန်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်လိုက်သည်နှင့် သူက သွေးနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားများထံသို့ ဦးတည်သွားသည်။
ထို့ပြင် ရွှီချင်း၏ အဖွဲ့ထဲမှ တခြားတတ်လှမ်းသူများသည်လည်း လက်ရှိအခြေအနေက သေခြင်းရှင်ခြင်းကပ်ဘေးဖြစ်ကြောင်း သူတို့နားလည်ထားကြသည်။ သို့ဖြစ်၍ လူတိုင်းက သူတို့၏ ဝှက်ဖဲကိုယ်စီကို ထုတ်လွှတ်၍ နတ်ဘုရားများထံသို့ ပြေးသွားကြသည်။
စက္ကန့်ပိုင်းအတွင်းမှာ ကြီးမားသော လှိုင်းဂယက်များက ဟင်းလင်းပြင်ထဲမှာ ပြည့်နှက်သွားသည်။
သွေးလွှမ်းတိုက်ပွဲက ချက်ချင်း ထွက်ပေါ်လာသည်။
သို့သော်လည်း အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါးက မည်သည့်စိတ်ခံစားချက်ကိုမှ မဖော်ပြကြချေ။
၎င်းတို့က ဖြစ်စဉ်အားလုံးကို အေးစက်စွာ စိုက်ကြည့်နေကြသည်။ တိုက်ပွဲအစ၌ ထွက်ပေါ်လာခဲ့သော နတ်ဘုရားအတတ်ပညာများကြောင့် ၎င်းတို့၏ လက်အောက်မှ နတ်ဘုရားများက ကျင့်ကြံသူများထံမှ ဝိုင်းဝန်းတိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသောအခါ အရေးနိမ့်သွားကြသည်။ သို့သော်လည်း ၎င်းတို့က ဝင်မစွက်ဖက်ကြချေ။
ဤသည်မှာ ၎င်းတို့၏ လက်အောက်ငယ်သားများ၏ အသက်က ၎င်းတို့အတွက် အရေးမကြီးသည့်အလားပင်။ သို့မဟုတ် ထိုလက်အောက်ငယ်သားများက ၎င်းတို့ထံမှ စိတ်ဝင်စားမှုကို ရရှိရန် မထိုက်တန်သည့်အလားပင်။
၎င်းတို့ ယခု အမှန်တကယ် စိတ်ဝင်စားနေသည့်အရာမှာ ဆုတ်ဖြဲခံလိုက်ရသော ဟင်းလင်းပြင်ပေါ်မှ အက်ကွဲကြောင်း ဖြစ်သည်။
အက်ကွဲကြောင်းထဲတွင်…
ရွှီချင်း၏ ပုံရိပ်က တစ်လှမ်းချင်း လျှောက်လှမ်းလာနေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါက ဖော်မပြနိုင်အောင် အလွန်သိပ်သည်းသည်။ ဤသည်မှာ သူက မိုးကောင်းကင်ကို ထမ်းပိုးထားသော နတ်ဘုရားပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားအရှိန်အဝါက အလွန်အမင်း သန့်စင်ပြီး နတ်ဘုရားအခွင့်အာဏာများကြောင့် သူ၏ ခန္ဓာကိုယ်က မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။
ထို့အတူ အင်မော်တယ်ဝိညာဉ်လှိုင်းအတတ်အကျများက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေပြီး အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းထားသည်။ ၎င်းက အရွယ်အစား အလွန်ကြီးမားပြီး အံ့ဖွယ်ကောင်းသည်။ ၎င်းက စစ်မှန်သော ကျင့်ကြံသူတစ်ယောက်၏ စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။
နတ်ဘုရားနှင့် အင်မော်တယ်က သူ၏ ခန္ဓာကိုယ်ပေါ်မှာ တစ်ချိန်တည်း ထွက်ပေါ်နေသည်။
သူက အက်ကွဲကြောင်းထဲမှ တစ်လှမ်းချင်း ထွက်လျှောက်လာနေသည်။
သူ၏ ထွက်ပေါ်လာမှုက အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါး၏ အကြည့်ကို အပြည့်အဝ ဆွဲဆောင်သွားသည်။
ထို့နောက် ၎င်းတို့၏ မျက်လုံးထဲမှာ ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ ဤသည်မှာ ၎င်းတို့က ရွှီချင်း၏ ခန္ဓာကိုယ်ကို အတွင်းအပြင် ထွင်းဖောက်မြင်နိုင်ရန် ကြိုးစားလိုက်ကြသည့်အလားပင်။
“ ဒီတော့ သူက ကျွန်ပြုခံထားရတဲ့ နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါးကို ကြားခံနယ်အဖြစ် အသုံးပြုပြီး ငါတို့နတ်ဘုရားမျိုးနွယ်ရဲ့ နတ်ဘုရားအခွင့်အာဏာတွေကို ထုတ်ဖော်နေတာပဲ ”
“ ဒါပေမဲ့ နတ်ဘုရားအခွင့်အာဏာတွေ အဲ့လောက်ထိ သန့်စင်တာမျိုးက ရှားပါတယ် ”
“ အဆင့်နိမ့်မျိုးနွယ်စုတွေက နတ်ဘုရားတာအိုနဲ့ ပေါင်းစပ်ဖို့ သုတေသနပြုလုပ်ခဲ့ကြတယ်လို့ ငါကြားဖူးတယ်… ဒါပေမဲ့ မင်းရဲ့ နတ်ဘုရားအခွင့်အာဏာက နည်းနည်း ထူးခြားတယ် ”
“ မင်းက ငါတို့နတ်ဘုရားမျိုးနွယ်နဲ့ အတူတူပဲ… ဒါကြောင့် မင်းမှာလည်း အဆင့်မြင့်ကြယ်တာရာစက်ဝန်းတွေရဲ့ ကောင်းချီးရှိတယ် ”
“ မင်းက… အတိတ်တုန်းက နတ်ဘုရားတစ်ပါးလား ”
“ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ရဲ့ ဇစ်မြစ်ကို ငါတို့သိနိုင်လိမ့်မယ် ”
အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါးက တည်ငြိမ်စွာ ပြောသည်။ ရွှီချင်း၏ ထွက်ပေါ်လာမှုက ၎င်းတို့၏ စိတ်ခံစားချက်များအပေါ် မည်သို့မှ သက်ရောက်မှုမရှိဟန် ရ၏။
၎င်းတို့၏ အကြည့်က အေးစက်နေပြီး ၎င်းတို့က ဂုဏ်သိက္ခာကြီးမြတ်စွာ ဆက်ရှိနေဆဲပင်။
ယင်းက မွေးရာပါနတ်ဘုရားများအပေါ် ရွှီချင်း၏ နားလည်ထားမှုနှင့် ကိုက်ညီပေသည်။ သူက နတ်ဘုရားများစွာနှင့် တွေ့ဆုံဖူးလေရာ ၎င်းတို့က မည်သည့်အရာကို အားကိုးအားထားကြောင်း သူနားလည်သည်။
ယင်းက အနန္တအသိဉာဏ် ဖြစ်သည်။
ရွှီချင်း၏ ခန့်မှန်းမှုက မမှားပေ။ အက်ကွဲကြောင်း၏ အပြင်သို့ သူထွက်လျှောက်လာသည်နှင့်ချက်ချင်း အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါး၏ မျက်လုံးထဲမှ ရွှေရောင်အလင်းက ပိုပြီးတောက်ပလာသည်။ ၎င်းတို့ပိုင်ဆိုင်သော အနန္တအသိဉာဏ်က အသက်ဝင်လာသည်။
အနန္တအသိဉာဏ်ဖြင့် ၎င်းတို့ ကြည့်လိုက်သောအရာက ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အခြေအနေသာ မဟုတ်ပေ။ ရွှီချင်း၏ အတိတ်အကြောင်းလည်း ပါဝင်သည်။
၎င်းတို့က ရွှီချင်း၏ ဇစ်မြစ်ကို မြင်ချင်ကြသည်။
သို့သော်လည်း ရွှီချင်းက ထိုအရာကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ၎င်းတို့ မသိကြချေ။
ထို့ကြောင့် သူက တမင်ရည်ရွယ်ချက်ရှိစွာ အက်ကွဲကြောင်းထဲမှ ဖြည်းညင်းစွာ ထွက်လျှောက်လာခဲ့ခြင်း ဖြစ်သည်။