ခွင့်ပြုချက် တောင်းခံခြင်း
Vol. 112 Ch. 1715
ရွှီချင်းနှင့် တခြားလူများက အမိန့်တုံကင်ကို ကိုင်ဆောင်လိုက်ကြသည်။ သူတို့က မူလအနှစ်သာရကို လက်လွှဲပေးပြီးနောက် အလွန်ကျယ်ပြောသော ကြယ်ဂြိုလ်ထံမှ ထွက်သွားကြသည်။ သူတို့က ကြယ်တာရာကောင်းကင်ထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
သူတို့ထွက်သွားကြသည်နှင့် တိမ်တိုက်များကို ဆက်လက် ထုတ်လွှတ်နေသေးသော ဧရာမအနီရောင်ဂြိုလ်က တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ထိုအလင်းရောင်ထဲတွင် ရှေးဟောင်းအနက်ရောင်နန်းတော်တစ်ခု ရှိသည်။ ယခု အသံများက ထိုနန်းတော်ထဲမှ ပဲ့တင်ထပ်လာသည်။
“ ဒီနယ်ရုပ်လေးတွေက မြစ်ကို တကယ်ကြီး ဖြတ်ကူးနိုင်မယ်လို့ ဘယ်သူက တွေးထားမှာလဲ… သူတို့က တကယ်ပဲ တတ်လှမ်းသူအသစ်တွေလား… ဒါပေမဲ့ အခု သူတို့ပုံစံကို ကြည့်ရတာတော့ ဒီနေရာကို သူတို့ရောက်လာနိုင်တာ သိပ်အံ့ဩစရာတော့ မရှိပါဘူး ”
“ မေးစရာရှိတာက… သူတို့ထဲက တစ်ယောက်ယောက်ဆီမှာ တာအိုမျိုးစေ့ဖြစ်လာဖို့ အလားအလာရှိသလားဆိုတာပဲ… ဒါမှမဟုတ် သူတို့အားလုံးက နောက်ဆုံးမှာ အတုအယောင်တွေပဲ ဖြစ်လာကြမှာလား ”
“ ငါတို့လည်းပဲ အဲ့ဒီလို တွေ့ကြုံခဲ့ရတာ မဟုတ်ဘူးလား… ဒီထဲမှာ တပ်မှူးကလွဲရင် ဘယ်သူက တတ်လှမ်းသူမဟုတ်လို့လဲ… ငါတို့ထဲမှာ ဘယ်သူက အဲ့ဒီလမ်းကို မလျှောက်ဖူးလို့လဲ ”
“ အတိတ်တုန်းက အင်မော်တယ်ဘုရင်ရဲ့ အမိန့်တော်က အခုထိ အချိန်အတော်ကြာအောင် သက်ရောက်မှုရှိနေတုန်းပဲ… အဲ့ဒါက ငါတို့လို အင်မော်တယ်တွေကို အများကြီး တိုးပွားစေခဲ့တယ်… ဒါပေမဲ့ အခုထိတောင် ဘယ်သူမှ အင်မော်တယ်အရှင်သခင်အဆင့်ကို မရောက်နိုင်သေးဘူး ”
ခမ်းနားထည်ဝါသော အနက်ရောင်နန်းတော်ထဲတွင် သက်ပြင်းချသံများနှင့် စကားသံများက ဝမ်းနည်းဖွယ် အငွေ့အသက်ကို သယ်ဆောင်လျက် ပျံ့လွင့်သွားသည်။
နောက်ဆုံးမှာတော့ အင်မော်တယ်များက တိတ်ဆိတ်သွားကြသည်။
အချိန်တစ်ခဏကြာပြီးနောက် တပ်မှူး၏ အက်ရှရှအသံက ဖြည်းညင်းစွာ ပဲ့တင်ထပ်သွားသည်။
“ အစမှာ ရလဒ်ကောင်းရဖို့က လွယ်ပါတယ်… ဒါပေမဲ့ အဲ့ဒီရလဒ်ကို ဆက်ပြီး ထိန်းထားနိုင်ဖို့က ခက်ခဲတယ် ”
“ အဲ့ဒါက သေမျိုးတွေအတွက်၊ လူသားတွေအတွက်နဲ့ ငါတို့လို ကျင့်ကြံသူတွေအတွက်လည်း အမှန်တရားတစ်ခုပဲ ”
ထိုအသံက အချင်းချင်း ဆွေးနွေးနေကြသော ထိုအင်မော်တယ်များ၏ အသိစိတ်ထဲမှာ နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားပြီး သူတို့၏ အတွေးများကို ပရမ်းပတာဖြစ်သွားစေသည်။
ဤနေရာမှာ ရှိနေကြသော အင်မော်တယ်များသည် ထိုအမှန်တရားကို နားလည်ထားကြသည်။ အမှန်မှာ သူတို့က သူတို့၏ ဘဝအဆင့်အတန်းနှင့် အမြော်အမြင်ကြောင့် ယင်းကို ပိုပြီးနားလည်ထားကြသည်။
တပ်မှူးပြောသော ‘ ရလဒ်ကောင်းကို ထိန်းသိမ်းခြင်း ’က ခက်ခဲသည်ထက် အများကြီးပိုကြောင်း သူတို့နားလည်ကြသည်။
အတိတ်တွင် အမှတ်ငါးကြယ်တာရာစက်ဝန်းကို နတ်ဘုရားများက အုပ်ချုပ်ပြီး နတ်ဘုရင်က အရာအားလုံး၏ အထက်မှာ တည်ရှိသည်။ အခက်ခဲဆုံး ထိုအချိန်ကာလမှာ အင်မော်တယ်ဘုရင်က တဖြည်းဖြည်း မြင့်တတ်လာပြီး ကမ္ဘာငယ်များထဲမှ လူသားမျိုးနွယ်ကို ဦးဆောင်ကာ ကျင့်ကြံသူများအတွက် အင်မော်တယ်လမ်းစဉ်ကို ဖွင့်လှစ်ပေးခဲ့သည်။ သူက အခက်အခဲပေါင်းများစွာနှင့် ကပ်ဘေးပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ကမ္ဘာငယ်ထဲမှ သူ့ကျွန်ဘဝမှ ရုန်းထွက်နိုင်ခဲ့ကာ နတ်ဘုရားများကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။
နောက်ဆုံးမှာတော့ သူက နတ်ဘုရင်ကို နှိမ်နင်းခဲ့ပြီး နတ်ဘုရားအရှင်သခင်များကို အကျဉ်းချခဲ့ကာ နတ်ဘုရားအရင်းအမြစ်အားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။ သူက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးကို အုပ်ချုပ်ခဲ့ပြီး မရေမတွက်နိုင်သော နတ်ဘုရားမျိုးနွယ်စုများကို ကျွန်ပြုစေခဲ့သည်။
သူက အမှတ်ငါးကြယ်တာရာစက်ဝန်းကို ကောင်းကင်ဘုံအလွန်(၁၂)ခုအဖြစ် ခွဲထုတ်လိုက်ပြီး အလယ်ပိုင်းဒေသကြီးကို ကုန်းမြေအဖြစ် ပြားချပ်စေခဲ့ကာ အထွတ်အမြတ် ဩဇာအာဏာတည်ရှိသော အင်မော်တယ်မြို့တော်အဖြစ် တည်ထောင်ခဲ့သည်။
သို့မှသာ အမှတ်ငါးကြယ်တာရာစက်ဝန်းက လူသားမျိုးနွယ်နှင့် ကျင့်ကြံသူများသာ ပိုင်ဆိုင်ကြသော မူလကုန်းမြေအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုသို့အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်းက မည်သို့ လွယ်ကူမည်နည်း။ ယင်းက ခက်ခဲသည်ထက် အများကြီးပိုသည်။
ထို့ပြင် ထိုအခြေခံအုတ်မြစ်အား ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ကို အနာဂတ်မျိုးဆက်များထံသို့ လက်ဆင့်ကမ်းပေးခဲ့သည်။ ထိုသို့တာဝန်က ဖော်မပြနိုင်အောင် ခက်ခဲသည်။
အထူးသဖြင့် ဒုတိယမြောက် အင်မော်တယ်ဘုရင်ဖြစ်လာနိုင်သော မိုးသောက်အင်မော်တယ်အရှင်သခင်က သေဆုံးသွားသည့်အခါမှာ ဖြစ်သည်။
ယင်းက အမှတ်ငါးကြယ်တာရာစက်ဝန်း၏ အနာဂတ်ကို မသေချာမရေရာမှုသို့ ကျရောက်သွားစေသည်။
မည်သို့ဖြစ်ပါစေ တမူထူးခြားသော ကြယ်တာရာစက်ဝန်းတချို့မှလွဲ၍ ကျန်ကြယ်တာရာစက်ဝန်းများက နတ်ဘုရားများ၏ အုပ်ချုပ်မှုအောက်မှာ ရှိကြသည်။ အမှတ်ငါးကြယ်တာရာစက်ဝန်းက အသက်ဓာတ်များဖြင့် ကြွယ်ဝစွာ ပွင့်လန်းနေဟန် ထင်ရသော်လည်း အမှန်မှာ ယင်းက ဆုတ်ယုတ်သော လက္ခဏာများကို စတင်ဖော်ပြနေပြီ ဖြစ်သည်။
ထိုသို့ဆုတ်ယုတ်မှုကို ဖြေရှင်းရန်အလို့ငှာ အမှတ်ငါးကြယ်တာရာစက်ဝန်းသည် ဒုတိယမြောက် အင်မော်တယ်ဘုရင်ကို လိုအပ်သည်။
အကယ်၍ သူတို့က ဒုတိယမြောက် အင်မော်တယ်ဘုရင်၏ ထွက်ပေါ်မှုကို လိုချင်သည်ဆိုလျှင် အရင်ဦးဆုံး အင်မော်တယ်အရှင်သခင်အများအပြားရှိရန် လိုအပ်သည်။
သို့ဖြစ်၍ အမှတ်ငါးကြယ်တာရာစက်ဝန်းသည် ရှေးခေတ်ကာလမှစတင်၍ တတ်လှမ်းသူများကို အထူးကြပ်မတ်စွာ လေ့ကျင့်ပေးခဲ့သည်။
သူတို့က အင်မော်တယ်မြို့တော်မှ တတ်လှမ်းလာကြသော ကျင့်ကြံသူများကို ခက်ခဲကြမ်းတမ်းသော နည်းလမ်းများဖြင့် ပျိုးထောင်ပေးလိမ့်မည်။ ယင်းက ဂူကောင်ပျိုးထောင်ခြင်းနည်းလမ်းနှင့် ဆင်တူသည်။ ကံကြမ္မာကြောင့်ဖြစ်စေ သို့မဟုတ် ကမ္မကြောင့်ဖြစ်စေ သေဆုံးသွားကြသော လူများက အတုအယောင်များသာ ဖြစ်ကြသည်။
နောက်ဆုံးအထိ အသက်ရှင်သန်နိုင်သူများသာ စစ်မှန်သော တာအိုမျိုးစေ့များအဖြစ် သတ်မှတ်ခံကြရလိမ့်မည်။
ထိုသို့ပုဂ္ဂိုလ်များက လူအများအပြား၏ အာရုံစိုက်ခြင်းခံကြရလိမ့်မည်။
“ အဲ့ဒီနေ့ မြန်မြန်ရောက်လာဖို့ ငါမျှော်လင့်တယ်… ဘယ်မျိုးဆက်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး… သူတို့က လူသားတွေဖြစ်ပြီး ကျင့်ကြံသူတွေဖြစ်နေသရွေ့ အဆင်ပြေတယ် ”
…..
အချိန်က နှေးကွေးစွာ စီးဆင်းသွားသည်။
ဤအတောအတွင်းမှာ ရွှီချင်းနှင့် တခြားလူများက ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်မှာ နေထိုင်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သုံးလကုန်ဆုံးသွားသည်။
ထိုသုံးလအတွင်းမှာ ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲမှ တိုက်ပွဲများက အတော်လေး ပြင်းထန်လာသည်။ အသားကြိတ်ဆုံက သွေးဖြင့် ရွှဲစိုနေစဉ် မီးအိမ်မှ သွေးနီရောင်အလင်းက စစ်မြေပြင်တစ်ခုလုံးမှာ ထွန်းလင်းတောက်ပနေသည်။
ယင်းက ရွှီချင်းနှင့် သူ့အဖွဲ့သားများ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
သို့သော်လည်း သူတို့က ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်မှ သိသာသော အပြောင်းအလဲများနှင့် တိုးပွားလာသော ဖိအားမှတဆင့် သဲလွန်စတချို့ကို ရှာတွေ့သွားကြသည်။
ဖြစ်နိုင်သည်မှာ ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးက အရေးကြီးအမှတ်သို့ ရောက်ရှိသွားဟန် ရ၏။ ထို့ကြောင့် ရှေ့တန်းစစ်မြေပြင်မှ ကျင့်ကြံသူစစ်တပ်များ၏ လှုပ်ရှားမှုများက သိသိသာသာ လျော့ကျသွားသည်။
“ အဲ့ဒါက… အလုံးစုံအခြေအနေက ပြီးဆုံးတော့မယ်လို့ ဖော်ပြနေတယ် ”
“ ပြီးတော့ ငါ့ရဲ့ စုံစမ်းလေ့လာမှုတွေအရ… အမှတ်လေးကြယ်တာရာစက်ဝန်းနဲ့ အနီးနားက ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲငယ်တွေ ခပ်စိတ်စိတ် ဖြစ်ပွားနေတယ် ”
“ ကြည့်ရတာ မကြာခင် ငါတို့အဖွဲ့ တာဝန်ပေးခံရတော့မယ် ထင်တယ်… အဲ့ဒါက ဒီအတောအတွင်း ငါစုံစမ်းထားတဲ့ အရာတွေပဲ ”
ဤအခိုက်အတန့်မှာ ပြန်လည်နေရာချထားရေး ကြယ်ဂြိုလ်ပေါ်ရှိ အင်မော်တယ်စွမ်းအင်ဖြင့် ပြည့်နှက်နေသော ဧရာမနှင်းတောင်တစ်ခုပေါ်တွင် ရွှီချင်းနှင့် တခြားလူများက မီးပုံတစ်ခုဘေးမှာ တင်ပျဉ်ခွေထိုင်နေကြသည်။
နှင်းပွင့်များက ကောင်းကင်ပေါ်မှာ လွင့်မျောနေပြီး အောက်သို့ ကျဆင်းလာနေစဉ် ကျိုးကျန်းလီ၏ အသံက ပျံ့လွင့်သွားသည်။
တစ်ချိန်တည်းမှာ နှင်းပွင့်များက အအေးဓာတ်ကိုလည်း သယ်ဆောင်လာသည်။
နှင်းပွင့်များက အောက်သို့ ကျဆင်းလာနေစဉ် မီးပုံ၏ ဘေးပတ်ပတ်လည်မှာ လွင့်ပြယ်သွားပြီး မြူခိုးအဖြစ် အရပ်မျက်နှာအဘက်ဘက်သို့ လွင့်မျောသွားသည်။
သူတို့၏ ဘေးပတ်ပတ်လည်တွင် အဆုံးမဲ့သော နှင်းတောင်တန်း ရှိသည်။ အမှန်မှာ အကယ်၍ တစ်စုံတစ်ယောက်က ပြန်လည်နေရာချထားရေး ကြယ်ဂြိုလ်ကို အပေါ်စီးမှ အလုံးစုံခြုံငုံကြည့်မည်ဆိုလျှင် ဤကြယ်ဂြိုလ်က နှင်းတောင်များဖြင့် ပြည့်နှက်နေကြောင်း မြင်ရလိမ့်မည်။
နှင်းတောင်များက အရေအတွက်များပြားသည်။
ထို့ပြင် နှင်းတောင်တစ်တောင်စီမှာ အနီရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော မီးပုံတစ်ခု ရှိသည်။
မီးတောက်များက မီးပုံထဲတွင် ပရမ်းပတာလှုပ်ခတ်နေပြီး အလွန်အားကောင်းသော အပူဓာတ်ကို ထုတ်လွှတ်နေသည်။
တစ်ချိန်တည်းမှာ ထိုမီးပုံထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုတချို့ ရှိဟန် ရသည်။
ထိုလျှို့ဝှက်ဆန်းကြယ်မှုက ကျင့်ကြံသူများကို သူတို့၏ ဒဏ်ရာများအား ပြန်ကုသပေးနိုင်သည်။
ရွှီချင်းနှင့် တခြားလူများက ဤကြယ်ဂြိုလ်ပေါ်၌ အနားယူနေသည်မှာ သုံးလကြာမြင့်သွားပြီ ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော မီးပုံ၏ ကုသပေးမှုကြောင့် သူတို့၏ ဒဏ်ရာများက တစ်လအတွင်းမှာ သက်သာပျောက်ကင်းသွားကြသည်။
သို့ဖြစ်၍ ကျန်နှစ်လတွင် သူတို့က ဤကြယ်ဂြိုလ်ပေါ်မှ အသီးသီး မထွက်သွားကြမီ နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံရန် အချိန်သတ်မှတ်ခဲ့ကြသည်။
ယနေ့က ဤနေရာသို့ လူတိုင်းပြန်ရောက်လာကြသည့် တတိယအကြိမ် ဖြစ်သည်။
ကျိုးကျန်းလီ၏ စကားဆုံးသွားသည့်အခါ လီမုန့်တုက ပြောသည်။
“ ငါသွားစုံစမ်းတဲ့အရာက ကျိုးကျန်းလီနဲ့ ခြားနားတယ်… ဘယ်တောင်ပံစစ်ပွဲဇုန်ရဲ့ အလယ်ပိုင်းဒေသကြီးထဲကနေ တစ်ယောက်ယောက် လွတ်မြောက်လာလားဆိုတာ ငါအာရုံစိုက်ခဲ့တယ်… ဒီသုံးလအတွင်း ငါစုံစမ်းရရှိခဲ့တာတော့ ဘယ်သူမှ မရောက်လာခဲ့ဘူး ”
သူက စုံစမ်းလေ့လာခြင်းတွင် မကျွမ်းကျင်ကြောင်း လီမုန့်တု သိသည်။ သို့ဖြစ်၍ သူက အရိုးရှင်းဆုံး လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။
ထိုသို့ပြောပြီးနောက် သူက သူ့ဘေးမှ တခြားလူများကို ကြည့်လိုက်သည်။
သူတို့ပြန်ရောက်လာသည့်အခါတိုင်း လူတိုင်းက သူတို့ရှာတွေ့ခဲ့သော သတင်းအချက်အလက်များကို ဝေမျှကြလိမ့်မည်။ ယင်းက ဤကြယ်ဂြိုလ်ပေါ်မှ သူတို့မထွက်ခွာမီ သဘောတူထားခဲ့သောအရာ ဖြစ်သည်။
ထိုနည်းလမ်းဖြင့် သူတို့က ရှေ့တန်းစစ်မြေပြင်ဖြင့် ပိုပြီးမြန်ဆန်စွာ လိုက်လျောညီထွေ နေနိုင်ကြလိမ့်မည်။
သို့ဖြစ်၍ ယွင်ရှန်းစု၊ ရှဲလင်းဇီ၊ ချမ်ကျွင်း၊ ပိုင်ရီနှင့် တခြားတတ်လှမ်းသူများက သူတို့ရရှိလာသော သတင်းအချက်အလက်များကို တစ်ယောက်ပြီးတစ်ယောက် ပြောကြသည်။
နောက်ဆုံး စကားပြောသူက ကြယ်တာရာစက်ဝန်း ဖြစ်သည်။
သူက ရွှီချင်းကို ကြည့်လိုက်သည်။
“ အရင်တစ်ခေါက် ငါတို့ပြန်တွေ့ဆုံတုန်းက လူတချို့ကို အာရုံစိုက်ထားဖို့ မင်းငါ့ကို ပြောခဲ့တယ်… ဒီတစ်ခေါက် သူတို့အကြောင်းကို အများကြီး ငါသိခဲ့တယ် ”
ယင်းကို ရွှီချင်းကြားသောအခါ သူက ကြယ်တာရာစက်ဝန်းကို ကြည့်လိုက်သည်။
ဤသုံးလအတွင်းမှာ သူသည်လည်း အကြိမ်ရေအနည်းငယ် အပြင်ထွက်သွားခဲ့ပြီး သူ့ကိုယ်ပိုင်နည်းလမ်းများဖြင့် ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်အကြောင်းကို စုံစမ်းလေ့လာခဲ့သည်။ ထိုသို့စုံစမ်းနေစဉ်အတွင်း တမူထူးခြားသော ကျင့်ကြံသူအုပ်စုတစ်စုကို သူမြင်တွေ့ခဲ့သည်။
အချက်အလက်တချို့တွင် ထိုအဖွဲ့က သူတို့၏ ရိက္ခာထိန်းသိမ်းသူဌာနနှင့် အနည်းငယ် ဆင်တူသည်။ ထို့ပြင် သူတို့က အလွန်လျှို့ဝှက်ကြပြီး တခြားလူများနှင့် အဆက်အသွယ်လုပ်လေ့ မရှိပေ။
ဤသည်မှာ သူတို့က သူစိမ်းများကို မနှစ်သက်သည့်အလားပင်။
သို့ဖြစ်၍ ရွှီချင်းက ထိုအဖွဲ့နှင့် အဆက်အသွယ် မလုပ်နိုင်ခဲ့ပေ။ သို့သော်လည်း သူ့မှာ ခန့်မှန်းမှုတချို့ ရှိသည်။
သို့ဖြစ်၍ သူက ယခင်တစ်ခေါက် ပြန်တွေ့ဆုံမှုတွင် ထိုအကြောင်းကို လူတိုင်းအား ပြောကြားခဲ့ပြီး အကယ်၍ တစ်စုံတစ်ယောက်က ထိုအဖွဲ့နှင့် တွေ့ဆုံခဲ့သည်ရှိသော် သူတို့ကို အထူးအာရုံစိုက်ရန် သူမှာကြားခဲ့သည်။
“ သူတို့က အရံအလောင်းတပ်ဖွဲ့ဖြစ်ပြီး စုစုပေါင်း အဖွဲ့ငါးဆယ်ရှိတယ်… ရှေ့တန်းစစ်မြေပြင်ရဲ့ ကျင့်ကြံသူစစ်တပ်တွေက နတ်ဘုရားစစ်တပ်တွေနဲ့ တိုက်ခိုက်တဲ့အခါတိုင်း သူတို့က စတင်လှုပ်ရှားကြလိမ့်မယ် ”
“ သူတို့ကို… အလောင်းကောက်သူတွေလို့ ခေါ်ကြတယ် ”
“ အရိုးရှင်းဆုံးပြောရရင် သူတို့ရဲ့ တာဝန်က စစ်မြေပြင်ကို သန့်စင်ရှင်းလင်းပေးဖို့ပဲ… ပြီးတော့ သူတို့က သေဆုံးသွားတဲ့ နတ်ဘုရားအလောင်းတွေဆီကနေ မူလအနှစ်သာရတွေကို ဆွဲထုတ်ပြီး တန်ဖိုးရှိသေးတဲ့ ပစ္စည်းတချို့ကို ကောက်ယူကြတယ် ”
“ အဲ့ဒါတွေကို စစ်ပွဲမှာ ရိက္ခာပြန်ဖြည့်တင်းဖို့ အသုံးပြုတယ် ”
“ စစ်ပွဲတွေ ပိုပြီးများလေ အလောင်းကောက်သူတွေက ပိုပြီးအလုပ်များလေပဲ… အထူးသဖြင့် ဒီလထဲမှာပဲ… ဒီလမှာ ငါတို့ရဲ့ ရှေ့တန်းစစ်မြေပြင်က အမှတ်လေးကြယ်တာရာစက်ဝန်းနဲ့ တိုက်ပွဲငယ်တွေကို မကြာခဏ ဆင်နွှဲခဲ့တယ်… ဒါကြောင့် အလောင်းကောက်သူအားလုံးနီးပါးက ဒီနေရာမှာ စုဝေးရောက်နေကြတယ် ”
ကြယ်တာရာစက်ဝန်းက သူ့စကားဆုံးသည်နှင့် ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဒီတော့… မင်းဘာဖြစ်လို့ အဲ့ဒီလူတွေအကြောင်း ငါတို့ကို အာရုံစိုက်ခိုင်းတာလဲ ”
ရွှီချင်းက တစ်ခဏ စဉ်းစားပြီးနောက် သူ၏ ဘေးပတ်ဝန်းကျင်မှ သူ့အဖွဲ့သားများကို ကြည့်လိုက်သည်။ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီးသည့်နောက် သူက လူတစ်ယောက်ချင်းစီနှင့် ပိုပြီးရင်းနှီးကျွမ်းဝင်လာသည်။
တစ်ခဏအကြာမှာ ရွှီချင်းက နူးညံ့စွာ ပြောသည်။
“ ငါတို့ရဲ့ မူလအနှစ်သာရတွေကို လက်လွှဲပေးပြီးတဲ့နောက် ဒီနေရာမှာ အနားယူဖို့ စီစဉ်ပေးခြင်းခံထားရတယ်… အခုဆိုရင် သုံးလရှိသွားပြီ ”
“ ဒီသုံးလအတွင်းမှာ တပ်မှူးက ငါတို့ကို တခြားဘာမှ မစီစဉ်ပေးခဲ့ဘူး… ”
“ ဒီတော့ ငါတွေးနေတာက… တပ်မှူး စီစဉ်ပေးတာကို ထိုင်စောင့်နေမယ့်အစား ဘာဖြစ်လို့ ငါတို့ဘာသာ သင့်တော်တဲ့ အလုပ်တစ်ခုကို မရှာဖွေတာလဲ… ပြီးတော့ တပ်မှူးဆီ ဘာလို့ အရင်မတင်ပြတာလဲ ”
ထိုသို့ပြောပြီးနောက် ရွှီချင်းက သူ့ဘေးမှ လူတိုင်းကို ကြည့်လိုက်သည်။
“ ငါ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ မူလအနှစ်သာရက မကြာခင် ကုန်တော့မယ်… မင်းတို့လည်းပဲ မကြာခင် မူလအနှစ်သာရ ပြတ်တောက်တော့မယ် မဟုတ်ဘူးလား ”
“ တကယ်လို့ ငါတို့သာ မူလအနှစ်သာရကို ပြန်မစုဆောင်းနိုင်ဘူးဆိုရင် ငါတို့ရဲ့ ကျင့်ကြံခြင်းက နှေးကွေးသွားလိမ့်မယ် ”
ရွှီချင်းက စကားပြောလိုက်သည်နှင့်ချက်ချင်း ကြယ်တာရာစက်ဝန်း၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။
ကျိုးကျန်းလီက ခပ်ရေးရေး ပြုံးလိုက်စဉ် ရှဲလင်းဇီက နှုတ်ခမ်းသပ်လိုက်သည်။ ချမ်ကျွမ်းနှင့် ပိုင်ရီသည်လည်း စိတ်လှုပ်ရှားသွားကြသည်။
စကားနည်းသော ယွင်ရှန်းစုသည်ပင် မျက်လုံးဝင်းလက်သွားသည်။
တခြားတတ်လှမ်းသူများသည်လည်း ထို့အတူပင်။ အလွန်ထူထဲသော အန္တရာယ်အရှိန်အဝါက သူတို့၏ ခန္ဓာကိုယ်ထဲမှ တစ်ဟုန်ထိုး မြှောက်တတ်လာလေရာ ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော နှင်းပွင့်များသည်ပင် အနက်ရောင်သို့ ပြောင်းလဲသွားကြသည်။
လီမုန့်တုက တဲ့တိုးပြောသည်။
“ ငါ တာဝန်တစ်ခု ထမ်းဆောင်ချင်နေတာ အတော်ကြာပြီ ”
ထိုစကားက လူတိုင်း၏ အတွေးထဲမှာ တစ်ညီတစ်ညာတည်း ရှိနေသောအရာ ဖြစ်သည်။ သို့ဖြစ်၍ ဆာလောင်နေသော ဝံပုလွေများ၏ အကြည့်များက ရွှီချင်းထံသို့ တစ်ပြိုင်နက် ကျရောက်သွားကြသည်။
သူတို့တစ်ယောက်ချင်းစီက အင်မော်တယ်မြို့တော်မှစတင်၍ ကိုယ်ပိုင်လမ်းကို ဖောက်ခဲ့ကြပြီး အခက်အခဲများစွာကို ဖြတ်ကျော်လာခဲ့သူများ ဖြစ်ကြသည်။ သူတို့က သွေးဆာသူများဖြစ်ကြပြီး မာနထောင်လွှားကြသည်။
သို့ဖြစ်၍ လွန်ခဲ့သော သုံးလအတွင်း ငြိမ်သက်စွာ စောင့်ဆိုင်းနေရခြင်းက သူတို့ကို အနည်းငယ် စိတ်မရှည်ဖြစ်စေသည်။
ယခု ရွှီချင်း၏ စကားကို သူတို့ကြားလိုက်ရသောအခါ သူတို့၏ နှလုံးသားထဲတွင် လိုချင်တောင့်တမှုက အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။
သို့ဖြစ်၍ ရွှီချင်းက လူတိုင်းနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက နောက်ထပ် အချိန်မဖြုန်းတော့ဘဲ မတ်တတ်ရပ်လိုက်ပြီး တပ်မှူးပေးခဲ့သော တုံကင်ကို တည်ကြည်လေးနက်စွာ ထုတ်လိုက်သည်။
တုံကင်ကို ဆုပ်ကိုင်လိုက်ပြီးနောက် သူ၏ အင်မော်တယ်သန္ဓေသားလောင်းက ထွန်းလင်းတောက်ပလာသည်။ ၎င်းက အင်မော်တယ်စိတ်အာရုံ အမျှင်တန်းတစ်ခုကို ဖွဲ့စည်းလိုက်ပြီး တုံကင်ထဲသို့ ပို့လွှတ်ပေးလိုက်သည်။
ထိုစိတ်အာရုံက တာအိုအသံအဖြစ် ပြောင်းလဲသွားသည့်အခါ တုံကင်က တုန်ခါသွားသည်။
“ ရိက္ခာထိန်းသိမ်းသူဌာနနဲ့ ပို့ဆောင်ရေးဌာနက ရွှီချင်း… တပ်မှူးဆီ အကြောင်းကြားပါတယ် ”
“ ကျုပ်တို့အဖွဲ့ အနားယူတာ လုံလောက်ပါပြီ… ကျုပ်တို့အားလုံး ဒဏ်ရာတွေ ပြန်သက်သာလာပြီး အခြေအနေကောင်းကြပါတယ်… ရှေ့တန်းက ကျုပ်တို့ရဲ့ ရဲဘော်ရဲဘက်တွေ နတ်ဘုရားတွေကို သုတ်သင်ပစ်နေတာကို မြင်ရတာဟာ ကျုပ်တို့ကို စိတ်ဓာတ်တတ်ကြွစေပြီး သွေးပွက်ပွက်ဆူစေပါတယ်… ဒါကြောင့် တပ်မှူးဆီကနေ ကျုပ်တို့ ခွင့်ပြုချက် တောင်းခံချင်ပါတယ်… ”
“ ကျုပ်တို့ ရှေ့တန်းစစ်မြေပြင်ဆီ သွားရောက်ချင်ပါတယ်… ကျုပ်တို့က အလောင်းကောက်အဖွဲ့မှာ ပါဝင်ပြီး စစ်တပ်အတွက် မူလအနှစ်သာရတွေကို စုဆောင်းပေးချင်ပါတယ် ”
ရွှီချင်း၏ အင်မော်တယ်စိတ်အာရုံက တုံကင်ထဲသို့ ဝင်ရောက်သွားသည်နှင့် တခြားလူများသည်လည်း မတ်တတ်ထရပ်လိုက်ကြပြီး တည်ကြည်လေးနက်စွာ စောင့်ဆိုင်းကြသည်။
တုံကင်က မည်သည့်တုံ့ပြန်မှုမှ မပြချေ။ ဤသည်မှာ ရွှီချင်း၏ အင်မော်တယ်စိတ်အာရုံက ပင်လယ်ထဲသို့ ပြုတ်ကျသွားသော ကျောက်ခဲတုံးအလားပင်။ သို့သော်လည်း ရွှီချင်းအပါအဝင် လူတိုင်းက စိတ်ရှည်စွာ စောင့်ဆိုင်းကြသည်။
တစ်နာရီကြာပြီးနောက်…
ရွှီချင်း၏ အင်မော်တယ်တုံကင်က တုန်ခါသွားပြီး အနီရောင်အလင်းက တုံကင်ထဲမှ မြှောက်တတ်လာသည်။ တစ်ချိန်တည်းမှာ အလွန်ကျယ်ပြောသော အင်မော်တယ်စိတ်အာရုံက တုံကင်ထဲမှ တိုက်ရိုက် ပေါ်လျှိုးလာပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့ပွားသွားသည်။
“ ခွင့်ပြုတယ် ”
ထိုစိတ်အာရုံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ တပ်မှူးရဲ့ အမိန့်တော်ကို ကျုပ်တို့နာခံပါတယ် ”
သူ၏ အနောက်တွင် သူ့အဖွဲ့သားများ၏ အသံက တစ်ပြိုင်နက် ပဲ့တင်ထပ်သွားပြီး ရွှီချင်း၏ အသံနှင့် ပေါင်းစပ်သွားသည်။ လေနှင့် နှင်းကြားထဲမှာ အနီရောင်အလင်းက အာရုဏ်ဦးနေမင်းသဖွယ် အပေါ်သို့ မြှောက်တတ်သွားသည်။