အခန်း(၁၇၁၆)
Vol. 112 Ch. 1716
ဘယ်တောင်ပံစစ်ပွဲဇုန်ထဲတွင် တိုက်ပွဲများက ခပ်စိတ်စိတ် ဖြစ်ပွားလာသည်။
မည်သည့်အချိန်တွင်မဆို တိုက်ပွဲများက မတူညီသော နေရာများမှာ ဖြစ်ပေါ်လာနိုင်သည်။ ယင်းက အမှောင်ထုထဲမှာ မီးစများ ပျံ့ပွားသွားခြင်းနှင့် ဆင်တူသည်။
တိုက်ပွဲအများစုက စစ်သည်တော်တစ်ထောင်ကျော်သာလျှင် ပါဝင်သော တိုက်ပွဲငယ်များဖြစ်ပြီး တိုက်ပွဲဧရိယာက သိပ်မကျယ်ဝန်းပေ။
သို့သော်လည်း ထိုတိုက်ပွဲငယ်များကို အတူတကွ ပေါင်းစည်းလိုက်သည့်အခါ အလွန်ကျယ်ပြောသော စစ်ပွဲပန်းချီကားတစ်ချပ် ဖြစ်လာလိမ့်မည်။
ထို့ပြင် စစ်ပွဲကြီးဖြစ်စေ သို့မဟုတ် စစ်ပွဲငယ်ဖြစ်စေ ယင်းတို့အားလုံးမှာ ကိုယ်စီရည်ရွယ်ချက်များ ရှိကြသည်။
အကယ်၍ ထိုထဲမှ ရည်ရွယ်ချက်အများစုကို အောင်မြင်စွာ ရရှိသွားမည်ဆိုလျှင် ယင်းတို့က အလုံးစုံလွှမ်းမိုးဖိနှိပ်သော အရှိန်အဟုန်ကို ဖန်တီးပေးလိမ့်မည်။ ထိုအရှိန်အဟုန်က နောက်ဆုံးရည်ရွယ်ချက်အတွက် ဦးဆောင်လမ်းပြပေးလိမ့်မည်။
ယင်းက စစ်ပွဲ၏ အနှစ်သာရဖြစ်ပြီး ဗျူဟာကစားပွဲဖြစ်သည်။
ရွှီချင်းနှင့် သူ့အဖွဲ့သားများက သတင်းအချက်အလက်အားလုံးကို အတူတကွ ပေါင်းစပ်နိုင်သွားသည့်အခါကျလျှင် ဘယ်တောင်ပံစစ်ပွဲဇုန်မှ အလယ်ပိုင်းဒေသကြီး၏ နည်းဗျူဟာသည်လည်း ပြီးဆုံးသွားလောက်၏။
တစ်ချိန်တည်းမှာ ဘယ်တောင်ပံစစ်ပွဲဇုန်၏ အလယ်ပိုင်းဒေသကြီးထဲမှ အခြေအနေက အရေးကြီးအမှတ်သို့ ရောက်ရှိနေစဉ် ရှေ့တန်းစစ်မြေပြင်မှ တိုက်ပွဲများက တဖြည်းဖြည်း များပြားလာသည်။ ထိုသို့တိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေရသည့် နောက်ကွယ်မှ အကြောင်းအရင်းသည်တော့ အလွန်ထင်ရှားသည်။
နတ်ဘုရားများနှင့် ကျင့်ကြံသူများက ထိုတိုက်ပွဲငယ်များကို အသုံးပြု၍ ၎င်းတို့၏ ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်နေကြခြင်း ဖြစ်သည်။
ဥပမာ အမှတ်လေးကြယ်တာရာစက်ဝန်းနှင့် အမှတ်ငါးကြယ်တာရာစက်ဝန်းကြားမှ စစ်ပွဲမီးစများစွာအနက် တစ်ခုက ဥက္ကာပျံများဖြင့် ပြည့်နှက်နေသော ဧရိယာ ဖြစ်သည်။
ယခု ထိုနေရာမှာ နတ်ဘုရားများနှင့် ကျင့်ကြံသူများက သွေးလွှမ်းတိုက်ပွဲကို ဆင်နွှဲနေကြသည်။
အဝေးမှကြည့်လျှင် ထိုနေရာက ပြိုကွဲပျက်စီးနေပြီး ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေသည်။ ဒြပ်နှောနှင့် အင်မော်တယ်စွမ်းအင်က အပြန်အလှန် ဝါးမျိုဖျက်ဆီးနေကြသည်။
တစ်ဖက်က ကျူးကျော်ဝင်ရောက်ချင်သည်။
အခြားတစ်ဖက်သည်တော့ ရန်သူ၏ ကျူးကျော်ဝင်ရောက်ခြင်းကို ခုခံတားဆီးနေသည်။
တိုက်ပွဲက အလွန်ပြင်းထန်သည်။
စစ်မြေပြင်၏ အပြင်ဘက်တွင် ဥက္ကာပျံအမြောက်အများက ကြယ်တာရာကောင်းကင်ထဲမှာ ပြန့်ကျဲနေကြသည်။ ဤအခိုက်အတန့်မှာ ကျင့်ကြံသူတစ်ရာကျော်က ထိုဥက္ကာပျံများပေါ်မှာ စုစည်းရှိနေကြပြီး အဝေးမှ စစ်မြေပြင်ဆီသို့ စိုက်ကြည့်နေကြသည်။
သူတို့ထဲမှ အများစုက မီးခိုးရောင်ဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြပြီး သူတို့က လင်းတများနှင့် ဆင်တူကြသည်။ သူတို့၏ စူးရှသော မျက်လုံးများက စစ်မြေပြင်၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေသည်။ ဤသည်မှာ သူတို့က အဆိုးဆုံးအခြေအနေ ဖြစ်လာသည့်အခါကျလျှင် ချက်ချင်း ထွက်ပြေးနိုင်ရန် အသင့်ပြင်ထားကြသည့်အလားပင်။
သူတို့ထဲတွင် အဖိုးအိုတစ်ယောက်က သူ့ဘေးနားမှာ ရပ်နေကြသော ကျင့်ကြံသူအုပ်စုတစ်စုကို တိုးညင်းစွာ ပြောသည်။
“ မြင်ပြီလား… ငါမင်းတို့ကို ပြောပါတယ်… အရှေ့က တိုက်ပွဲက မြန်မြန် ပြီးမှာမဟုတ်ပါဘူးလို့… ငါ့ခန့်မှန်းမှုအရဆိုရင် အနည်းဆုံး နောက်ထပ်တစ်နာရီ ကြာဦးလိမ့်မယ် ”
“ တကယ်လို့ လွန်ခဲ့တဲ့ လတွေတုန်းက ငါမင်းတို့အဖွဲ့နဲ့ တွေ့ဆုံပြီး မင်းတို့ရဲ့ ဇစ်မြစ်ကို မသိခဲ့ဘူးဆိုရင် မင်းတို့အဖွဲ့ ရောက်လာတဲ့အခါ ဒီကို ငါခေါ်လာမှာ မဟုတ်ဘူး ”
အဖိုးအိုက စကားဆုံးသည်နှင့် သူ၏ အရှေ့မှ ကျင့်ကြံသူဒါဇင်ခန့်ကို ကြည့်လိုက်သည်။ သူတို့ထံမှ အလိုအလျောက် ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သူအာရုံခံနိုင်သည်။ ယင်းက သူ့ကို အံ့အားသင့်စေသည်။ အထူးသဖြင့် သူ၏ အကြည့်က ထိုအဖွဲ့၏ ခေါင်းဆောင်ပေါ်သို့ ကျရောက်သွားသည့်အခါ ဖြစ်သည်။ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် သွေးဆာလောင်မှုက တစ်ဖက်လူထံမှ ထင်ရှားစွာ ထွက်ပေါ်နေသည်။
“ လက်တလောမှာ မင်းတို့အကြောင်းက ဟိုးလေးတကျော်ကျော်ပဲ… အလယ်ပိုင်းဒေသကြီးကို ဖြတ်ပြီး ရှေ့တန်းစစ်မြေပြင်ဆီ ရောက်လာဖို့ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူး… အခု မင်းတို့က အလောင်းကောက်အဖွဲ့မှာ ပူးပေါင်းလိုက်ပြီဆိုမှတော့ မင်းတို့သိထားသင့်တဲ့ ကိစ္စတချို့ ရှိတယ် ”
အဖိုးအို၏ ဘေးမှ လူဒါဇင်ကျော်သည် ရွှီချင်းနှင့် သူ့အဖွဲ့သားများမှလွဲ၍ တခြားမဟုတ်ပေ။
သူတို့က တပ်မှူးထံမှ ခွင့်ပြုချက်ကို တောင်းခံပြီးနောက် တာဝန်စီစဉ်ပေးမှုအရ ဤနေရာသို့ လွန်ခဲ့သော လေးနာရီကတည်းက ရောက်လာခဲ့ကြသည်။ သို့သော်လည်း စစ်မြေပြင်သို့ သူတို့မချဉ်းကပ်နိုင်မီ ဤနေရာကို စောင့်ကြပ်နေသော ထိုအဖိုးအို၏ တားဆီးခြင်းခံခဲ့ရသည်။
သူတို့က တစ်ဖက်လူ၏ သရုပ်ကို ပြောနိုင်ကြသည်။ ထိုလူအားလုံးက အလောင်းကောက်အဖွဲ့များ ဖြစ်ကြသည်။
အဖိုးအိုသည်လည်း ရွှီချင်းနှင့် တခြားလူများ၏ ဇစ်မြစ်ကို ချက်ချင်း မှတ်မိသွားခဲ့သည်။ သို့ဖြစ်၍ သူက ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ရွှီချင်း၏ အဖွဲ့ကို သူတို့နှင့် ပူးပေါင်းရန် ဖိတ်ကြားခဲ့သည်။
အဖိုးအို၏ စကားကို ကြားသောအခါ ရွှီချင်း၊ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က အဖိုးအိုထံသို့ လက်သီးဆုပ်၍ အရိုအသေပေးလိုက်ပြီး ညွှန်ကြားမှုကို တောင်းဆိုကြသည်။
ထိုအခါ အဖိုးအိုက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။
“ ငါတို့အဖွဲ့ရဲ့ နာမည်က ( စုဆောင်းသူတွေ )နဲ့ ဆင်တူတယ်… ဒါပေမဲ့ မင်းက ငါတို့အဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပြီဆိုမှတော့ အဲ့ဒါကို မင်းနားလည်ထားပြီးပြီလို့ ငါထင်တယ်… စကားလှအောင် ပြောရရင် ငါတို့က စစ်မြေပြင်ကို သန့်စင်ရှင်းလင်းပေးတဲ့ လူတွေပဲ… ခပ်ရိုင်းရိုင်းပြောရရင်တော့ ငါတို့က အလောင်းကောက်သူတွေပဲ ”
“ စစ်မြေပြင်ကို သန့်စင်ရှင်းလင်းပေးဖို့ဆိုရင် အရင်ဆုံး တိုက်ပွဲပြီးသွားတာကို ငါတို့စောင့်ဆိုင်းရမယ် ”
“ မဟုတ်ရင်… အလောင်းကောက်တာမဟုတ်ဘဲ တိုက်ပွဲမှာ ဝင်ပါတာ ဖြစ်သွားလိမ့်မယ် ”
“ မှတ်ထားပါ… တိုက်ခိုက်တာက စစ်သည်တော်တွေရဲ့ အလုပ်ပဲ… ငါတို့အဖွဲ့က တိုက်ပွဲထဲမှာ ဝင်ပါတာ ရှားတယ်… ငါတို့လုပ်ရမှာက သူတို့တိုက်ခိုက်ပြီးသွားတဲ့အထိ စောင့်ဆိုင်းပြီး စစ်မြေပြင်ဆီ ဝင်ရောက်ဖို့ပဲ ”
“ ဘာလို့လဲဆိုတော့… ငါတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုက စစ်သည်တော်တွေရဲ့ ဗျူဟာဖွဲ့စည်းပုံကို ပျက်ပြားစေနိုင်တယ်… ပြီးတော့ ငါတို့မှာ တခြားတာဝန်တစ်ခု ရှိသေးတယ်… အဲ့ဒါက တကယ်လို့ ငါတို့ဘက်က စစ်ရှုံးသွားတဲ့အခါကျရင် ငါတို့စစ်သည်တော်တွေရဲ့ ပြန်ဆုတ်ခွာမယ့် လမ်းကြောင်းကို ငါတို့က ဘေးကင်းလုံခြုံအောင် စောင့်ကြပ်ပေးရမယ် ”
ထိုသို့ပြောပြီးနောက် အဖိုးအို၏ အမူအရာက ပိုပြီးတည်ကြည်လေးနက်သွားသည်။
ယင်းကို ရွှီချင်းနှင့် တခြားလူများ ကြားသောအခါ သူတို့က လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
အမှန်မှာ သူတို့ဆီမှာလည်း တိုက်ပွဲမှာ ဝင်ရောက်ရန် အစီအစဉ် မရှိပေ။ သူတို့၏ ရည်ရွယ်ချက်က စစ်မြေပြင်၏ အနီးနားသို့ သွားရောက်ပြီး မူလအနှစ်သာရများကို ရိတ်သိမ်းရန်သာ ဖြစ်သည်။
မည်သို့ဖြစ်ပါစေ မူလအနှစ်သာရ ရိတ်သိမ်းခြင်းက သူတို့ကျွမ်းကျင်သောအလုပ် မဟုတ်ပါလော။
ရိက္ခာထိန်းသိမ်းသူဌာနသို့ သူတို့ဝင်ရောက်ပြီးနောက် ထိုသို့ကိစ္စကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ဖူးသည်။ သူတို့က တာဝန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ရုံသာမက ကိုယ့်ကျိုးအတွက် ကြီးမားသော ရိတ်သိမ်းမှုကိုလည်း ပြုလုပ်နိုင်ခဲ့ကြသည်။
သို့သော်လည်း အတိတ်မှာ သူတို့က အသက်ရှင်နေသော နတ်ဘုရားများထံမှ ရိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။ ယခုက သူတို့အတွက် ပထမဆုံးအကြိမ် နတ်ဘုရားအလောင်းများထံမှ ရိတ်သိမ်းခြင်း ဖြစ်သည်။
ရွှီချင်းနှင့် သူ့အဖွဲ့သားများက သူ၏ စကားကို နားထောင်ကြောင်း အဖိုးအိုမြင်သွားသောအခါ သူ၏ မျက်နှာပေါ်မှ တင်းမာသော အမူအရာက ပြေလျော့သွားသည်။ သူက ချောင်းဟန့်လိုက်ပြီး ဆက်ပြောသည်။
“ စောစောက ငါပြောခဲ့တာတွေအားလုံးက သိထားရုံနဲ့တင် လုံလောက်ပါတယ်… တကယ်တော့ စစ်သည်တော်တွေရဲ့ အနောက်ဆုတ်မယ့် လမ်းကြောင်းကို ငါတို့ကာကွယ်ပေးစရာ မလိုဘူး… ပြီးတော့ တိုက်ပွဲထဲ ငါတို့ဝင်ရောက်တဲ့အခါ စစ်သည်တော်တွေရဲ့ ဗျူဟာဖွဲ့စည်းပုံ ပျက်ပြားသွားမှာကိုလည်း စိုးရိမ်နေစရာ မလိုဘူး… အဲ့ဒါတွေက အပြင်လူတွေ ကြားထားကြတဲ့ အရာတွေပဲ ”
“ တကယ်တမ်း မင်းတို့သိထားရမှာက စောစော မသွားဖို့ပဲ… တကယ်လို့ မင်းက အရမ်းစောစော သွားမယ်ဆိုရင် မင်းရဲ့ သေခြင်းရှင်ခြင်းက မင်းရဲ့ ထိန်းချုပ်မှုအောက်ကနေ ကင်းလွတ်သွားလိမ့်မယ် ”
“ ဒါကြောင့် စစ်မြေပြင်ဆီ မသွားခင် တိုက်ပွဲပြီးသွားတဲ့အထိ စောင့်ဆိုင်းတာက အလုံခြုံဆုံးနည်းလမ်းပဲ… ပြီးတော့ စစ်ပွဲဆိုတာ မခန့်မှန်းနိုင်တဲ့အရာဆိုတာ မှတ်ထားကြပါ… အနိုင်အရှုံးက မသေချာဘူး… အချိန်တိုင်း ပြောင်းလဲသွားနိုင်တယ်… ဒါကြောင့် စစ်သည်တော်တွေ စစ်ရှုံးသွားတာနဲ့ချက်ချင်း အမြန်ဆုံး ထွက်ပြေးနိုင်အောင်လို့ မင်းအသင့်ပြင်ထားရမယ် ”
“ မင်းတို့က ဝါနုသေးတယ်… စောစောက မင်းတို့ကိုသာ ငါမတားခဲ့ဘူးဆိုရင် မင်းတို့ စစ်မြေပြင်နားကို ချဉ်းကပ်သွားတဲ့အခါ သေချာပေါက် သေခြင်းရှင်ခြင်းကပ်ဘေးနဲ့ တွေ့ကြုံရလိမ့်မယ် ”
“ ပြီးတော့ မင်းတို့ သတိထားရမယ့် နောက်တစ်ချက်ရှိသေးတယ်… အဲ့ဒါက စစ်သည်တော်တွေနဲ့ ဘယ်တော့မှ ရန်မဖြစ်ဖို့ပဲ… ”
အဖိုးအို၏ စကားမဆုံးခင်မှာ ရွှီချင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူအပါအဝင်၊ ကြယ်တာရာစက်ဝန်းနှင့် တခြားလူများက အဝေးမှ စစ်မြေပြင်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ အဖိုးအိုသည်လည်း စကားပြောခြင်းကို ရပ်လိုက်ပြီး ရုတ်တရက် ခေါင်းလှည့်လိုက်သည်။
အဝေးမှ စစ်မြေပြင်တွင် အင်မော်တယ်စွမ်းအင်က ရုတ်တရက် မြှောက်တတ်သွားပြီး အော်ဟစ်ချီးမြှောက်သံများက အရပ်ရှစ်မျက်နှာဆီသို့ ပဲ့တင်ထပ်သွားသည်။
တာအိုအလံတိုင်တစ်ခုက ထိုနေရာမှာ ထောင်မတ်နေကြောင်း မည်သူမဆို ဝေဝေဝါးဝါး မြင်နိုင်လိမ့်မည်။
“ ငါတို့အနိုင်ရသွားပြီ ”
အဖိုးအိုက မျက်လုံးဝင်းလက်သွားသည်။ သူက ရွှီချင်းနှင့် တခြားလူများကို စည်းမျဉ်းများအကြောင်း ဆက်ပြောရန် စိတ်မဝင်စားတော့ပေ။ သူက ခန္ဓာကိုယ်ကို ရုတ်တရက် ရွေ့လျားလိုက်သည်နှင့် သူ၏ အော်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
“ အားလုံးပဲ… အလုပ်လုပ်ဖို့ အချိန်ကျပြီ ”
သူ၏ အော်သံ ပဲ့တင်ထပ်သွားသည်နှင့် အဖိုးအိုက အရင်ဦးဆုံး ပြေးထွက်သွားသည်။ သူ့အဖွဲ့သည်လည်း ပျံသန်းသွားသည်။ သူတို့အားလုံးက နှုတ်ခမ်းသပ်လိုက်ကြပြီး လင်းတများသဖွယ် အဝေးသို့ အစွမ်းကုန်သုံး၍ ပျံသန်းသွားကြသည်။
ရွှီချင်းနှင့် တခြားလူများသည်လည်း သူတို့အနောက်မှ ချက်ချင်း လိုက်သွားကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ လူတိုင်းက ဥက္ကာပျံများ၏ အလယ်ပိုင်းဧရိယာဆီသို့ ထက်ရှသော ဓားသွားများသဖွယ် တစ်ဟုန်ထိုး ဝင်ရောက်သွားကြသည်။ ထိုအခါ သူတို့က စစ်မြေပြင်ကို အနီးကပ် မြင်တွေ့သွားကြသည်။
အလွန်ကျယ်ပြောသော ဧရိယာထဲတွင် နတ်ဘုရားအလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး နတ်ဘုရားသွေးက မြေပြင်ပေါ်မှာ စွန်းထင်နေသည်။ ခြေပြတ်လက်ပြတ်များနှင့် အက်ကွဲနေသော ဓမ္မရတနာများကိုလည်း နေရာတိုင်းမှာ မြင်တွေ့နိုင်သည်။
ကျင့်ကြံသူစစ်သည်တော်များ၏ အလောင်းများသည်လည်း အများအပြား ရှိသည်။
အောင်ပွဲရသွားသော ကျင့်ကြံသူစစ်တပ်သည်တော့ ထွက်ခွာသွားကြသည်။ သို့သော်လည်း သူတို့က တိုက်ပွဲမြေပြင်ကို ရှင်းလင်းရန်နှင့် မူလအနှစ်သာရကို စုဆောင်းရန်အလို့ငှာ ကျင့်ကြံသူစစ်သည်တော်တချို့ကို ချန်ထားခဲ့ကြသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အဖိုးအိုနှင့် သူ့အဖွဲ့သားများက ယင်းကို ကျင့်သားရနေကြဟန် တူသည်။ သူတို့က ထိုကျင့်ကြံသူစစ်သည်တော်များကို တစ်ချက်ပင်မကြည့်ဘဲ မည်သူမှ မစုဆောင်းရသေးသော နတ်ဘုရားအလောင်းများဆီသို့ ပြေးသွားကြသည်။
တချို့က အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရစဉ် တချို့က ရိတ်သိမ်းခံလိုက်ရသည်။ တချို့သည်တော့ သိုလှောင်ခံလိုက်ရသည်။
သူတို့အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အလျင်က အလွန်အံ့ဖွယ်ကောင်းသည်။
သူတို့က အလောင်းကောက်သော ဤအလုပ်နှင့် အလွန်ရင်းနှီးကျွမ်းဝင်ကြဟန် ရ၏။
အသက်ဆယ်ခါရှူချိန်အတွင်းမှာ နတ်ဘုရားအလောင်းအများစုက သုတ်သင်ရှင်းလင်းခံလိုက်ကြရသည်။ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ဟာလာဟင်းလင်း ဖြစ်သွားလိမ့်မည်။
သူတို့၏ လမ်းကြောင်းအရှေ့မှာရှိသော နတ်ဘုရားအလောင်းများက စုဆောင်းခံလိုက်ကြရသည်။ သို့သော်လည်း ကျင့်ကြံသူအလောင်းများသည်တော့ နေရာမှာ ပုံစံမပျက်ဘဲ ရှိနေကြသည်။ သူတို့က ထိုအလောင်းများကို မထိကြချေ။
ရွှီချင်းနှင့် တခြားလူများက ယင်းကို မြင်သွားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကြသည်။ အထူးသဖြင့် ကျိုးကျန်းလီနှင့် တခြားလူများက ပိုပြီးတည်ကြည်လေးနက်သွားကြသည်။
အဖိုးအိုနှင့် သူ့အဖွဲ့သားများက ရိတ်သိမ်းခြင်းတွင် သူတို့ထက် ပိုပြီးကျွမ်းကျင်ကြသည်။
သူတို့၏ အလျင်က အလွန်မြန်ဆန်သည်။
“ ဒီလူတွေက အလောင်းကောက်ခြင်းမှာ အတော်လေး ကျွမ်းကျင်ကြတယ်… သူတို့က ငါတို့ရဲ့ ရိတ်သိမ်းပုံနဲ့ လုံးဝကွဲပြားခြားနားတယ် ”
ရွှီချင်းနှင့် တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က အလောင်းကောက်ရန် စစ်မြေပြင်ဆီသို့ ချက်ချင်း ဝင်ရောက်သွားကြသည်။
သူတို့က ရိက္ခာထိန်းသိမ်းသူဌာနမှ ရောက်လာကြသော်လည်း အဖိုးအို၏ အဖွဲ့နှင့် နှိုင်းယှဉ်လျှင် သူတို့၏ ရိတ်သိမ်းမှုအလျင်က အတော်လေး နှေးကွေးသည်။ ထို့ပြင် သူတို့၏ ရိတ်သိမ်းမှုက အဖိုးအိုကဲ့သို့ မသေသပ်ပေ။
ထို့ပြင် သူတို့က နတ်ဘုရားအလောင်းများထံမှ ရိတ်သိမ်းရခြင်း ဖြစ်သောကြောင့် သူတို့ရရှိလာသော မူလအနှစ်သာရများက အသက်ရှင်နေသော နတ်ဘုရားများထံမှ မူလအနှစ်သာရကဲ့သို့ မသန့်စင်ပေ။ အရည်အသွေးသာမက မူလအနှစ်သာရ အရေအတွက်သည်လည်း အသက်ရှင်နေသော နတ်ဘုရားများထံမှထက် သိသိသာသာ ပိုနည်းပါးသည်။ ရလဒ်အနေဖြင့် ခက်ခက်ခဲခဲ စုဆောင်းပြီးသည့်တိုင် သူတို့ရရှိလာသော မူလအနှစ်သာရပမာဏက အတိတ်မှာ သူတို့ရရှိခဲ့သော မူလအနှစ်သာရနှင့် နှိုင်းယှဉ်လျှင် ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။
ကံကောင်းစွာဖြင့် ဤနေရာမှာ အလောင်းအများကြီး ရှိသည်။
အကယ်၍ သူတို့က မူလအနှစ်သာရ အများအပြားကို လိုချင်သည်ဆိုလျှင် နတ်ဘုရားအလောင်း အများကြီးထံမှ ရိတ်သိမ်းရလိမ့်မည်။
အလောင်းကောက်သူအဖွဲ့များမှာလည်း ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။ နတ်ဘုရားအလောင်းတစ်လောင်းကို တစ်စုံတစ်ယောက်က အရင်ဆုံး လက်ဦးသွားမည်ဆိုလျှင် ထိုအလောင်း အပြည့်အဝ စုပ်ယူမခံရသေးလျှင်ပင် ယင်းကို မည်သူကမှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိပေ။
ရွှီချင်းနှင့် တခြားလူများက ယင်းကို မြန်ဆန်စွာ နားလည်သွားကြသည်။ သို့ဖြစ်၍ သူတို့က စည်းမျဉ်းများအတိုင်း လိုက်နာလိုက်ကြသည်။
သို့သော်လည်း လုယက်သူများက ရှိစမြဲပင်။
သူတို့က အလောင်းကောက်သူအဖွဲ့များမှ မဟုတ်ပေ။ ယင်းအစား ဤနေရာမှာ ကျန်နေခဲ့ကြသော ကျင့်ကြံသူစစ်သည်တော်များ ဖြစ်ကြသည်။
သူတို့က ပုံမှန်အားဖြင့် အလွန်လွှမ်းမိုးဗိုလ်ကျကြသည်။ သူတို့လက်ဦးထားသော အလောင်းများဖြစ်စေ သို့မဟုတ် တခြားလူများပိုင်သော အလောင်းများဖြစ်စေ သူတို့က ဂရုမစိုက်ကြချေ။ သူတို့က လွှမ်းမိုးဗိုလ်ကျစွာ လုယက်ကြလိမ့်မည်။ အလောင်းကောက်သူများကို ကြည့်သည့်အခါတိုင်း သူတို့၏ အမူအရာမှာ စက်ဆုပ်ရွံရှာမှုဖြင့် ပြည့်နှက်သွားလေ့ ရှိသည်။
ယင်းက နားလည်ပေးနိုင်သောအရာ ဖြစ်သည်။ မည်သို့ဖြစ်ပါစေ ၎င်းတို့က သူတို့သတ်ထားသော နတ်ဘုရားအလောင်းများ ဖြစ်ကြသည်။
သို့သော်လည်း စစ်ပွဲအတွင်းမှ အကြွင်းအကျန်ပစ္စည်းအားလုံးနှင့် မူလအနှစ်သာရ ရိတ်သိမ်းမှုအားလုံးက ဗဟိုဌာန၏ ကြီးကြပ်မှုအောက်မှာသာ ရှိရလိမ့်မည်။ သို့ဖြစ်၍ ကျင့်ကြံသူစစ်သည်တော်များက ယင်းကို ဘာမှမတတ်နိုင်ကြချေ။
ထို့ကြောင့် သူတို့က ထိုမကျေနပ်မှုကို လျော့ချရန်အလို့ငှာ စစ်မြေပြင်တွင် သူတို့၏ လူတချို့ကို ချန်ထားခဲ့ပြီး စစ်မြေပြင်မှ ပစ္စည်းများကို အလောင်းကောက်သူများနှင့်အပြိုင် ရိတ်သိမ်းစေသည်။
ယင်းက လူတိုင်း နားလည်မှုရှိစွာ သဘောတူထားသောအရာ ဖြစ်သည်။
အဖိုးအိုဦးဆောင်သော အလောင်းကောက်သူအဖွဲ့သည်တော့ ယင်းကို အစောကြီးကတည်းက ကျင့်သားရနေပြီ ဖြစ်သည်။ သူတို့က ထိုသို့အခြေအနေမျိုးဖြင့် ရင်ဆိုင်ရသည့်အခါ ယင်းကို ချက်ချင်း လက်လျော့လိုက်ပြီး ရိတ်သိမ်းရန် နောက်ထပ် ပစ်မှတ်အသစ်ကို ရှာဖွေကြလိမ့်မည်။
သို့သော်လည်း ရွှီချင်းနှင့် တခြားလူများအတွက်တော့ ယင်းက သူတို့၏ ပထမဆုံးအကြိမ် အလောင်းကောက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူတို့၏ အလျင်က အတော်လေး နှေးကွေးသည်။ ထို့ကြောင့် သူတို့က ကျင့်ကြံသူစစ်သည်တော်များ၏ အဓိကပစ်မှတ်များ ဖြစ်လာကြသည်။
ထိုသို့ဖြင့် နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် အစက စစ်မြေပြင်ဖြစ်ခဲ့သော ဤဧရိယာက မည်သည့်သဲလွန်စမှမကျန်ဘဲ ပြောင်ရှင်းသွားသည်။
ကျင့်ကြံသူများ၏ အလောင်းများကိုတော့ ကျင့်ကြံသူစစ်သည်တော်များက ပုံစံမပျက်ဘဲ ပြန်သိမ်းဆည်းသွားကြသည်။
နတ်ဘုရားအလောင်းများထံမှ ရိတ်သိမ်းမှုတွင်တော့ အဖိုးအို၏ အလောင်းကောက်အဖွဲ့က (၆၀)ရာခိုင်နှုန်း ရရှိသွားကြသည်။
ကျင့်ကြံသူစစ်သည်တော်များသည်တော့ (၃၀)ရာခိုင်နှုန်း ရရှိသွားကြသည်။
ကျန်(၁၀)ရာခိုင်နှုန်းကိုတော့ ရွှီချင်းနှင့် တခြားလူများက ရရှိသွားကြသည်။
သို့ဖြစ်၍ ကျင့်ကြံသူစစ်သည်တော်များ ထွက်သွားကြသည့်အခါ ရွှီချင်းနှင့် တခြားလူများက မျက်နှာတည်ကြည်သွားကြသည်။
ယင်းကို မြင်သောအခါ အကျိုးအမြတ်အများဆုံး ရရှိထားသော အဖိုးအိုက ပြုံးလိုက်ပြီး သူတို့ဆီသို့ လျှောက်လာသည်။
“ ဘယ်လိုလဲ… အကူအညီမဲ့တယ်လို့ ခံစားရတယ်မလား… လုယက်ခံရတော့ နည်းနည်း ဒေါသထွက်တယ်မလား… ဒါပေမဲ့လည်း အဲ့ဒါကို ကျင့်သားရအောင် မင်းတို့လုပ်ရမယ်… ဘာပဲပြောပြော ဒီဟာတွေက သူတို့သတ်ထားတဲ့ နတ်ဘုရားတွေမဟုတ်ဘူးလား… အဲ့တော့ သူတို့ နည်းနည်း ယူဆောင်တာက ဖြစ်သင့်ပါတယ် ”
“ နောက်တစ်ခါဆိုရင် အတွေ့အကြုံပိုများအောင်လုပ်ပြီး မြန်မြန် ရိတ်သိမ်းနိုင်အောင် ကြိုးစားပါ ”
ထိုသို့ပြောပြီးနောက် အဖိုးအိုက လက်ယမ်းပြလိုက်ပြီး သူတို့ကို ကောင်းမွန်စွာ နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက သူ့အဖွဲ့သားများကို ဦးဆောင်၍ စစ်မြေပြင်မှ ထွက်သွားသည်။
လူတိုင်း ထွက်သွားကြပြီးနောက် ရွှီချင်းနှင့် သူ့အဖွဲ့သားများက ဥက္ကာပျံ၏ အလယ်ပိုင်းဧရိယာထဲမှာ ဆက်လက် စဉ်းစားလိုက်ကြသည်။
အဖိုးအို၏ သုံးသပ်မှုက လုံးဝ မှားယွင်းသည်။
ရွှီချင်းနှင့် သူ့အဖွဲ့သားများ နှုတ်ဆိတ်နေခြင်းသည် ဒေါသထွက်နေခြင်းကြောင့်မဟုတ်သလို အကူအညီမဲ့နေခြင်းကြောင့် မဟုတ်ပေ။
မည်သို့ဖြစ်ပါစေ ဤစစ်မြေပြင်ပေါ်မှ နတ်ဘုရားများကို ထိုကျင့်ကြံသူစစ်သည်တော်များက သူတို့အသက်နှင့်ရင်း၍ သတ်ဖြတ်ခဲ့ကြခြင်း မဟုတ်ပါလော။ သို့ဖြစ်၍ အကျိုးအမြတ်တချို့ကို သူတို့ရိတ်သိမ်းခြင်းက ဖြစ်သင့်ပေသည်။ အမှန်မှာ တခြားရှုထောင့်မှ ကြည့်မည်ဆိုလျှင် အကယ်၍ အပြင်လူ တစ်စုံတစ်ယောက်က သူတို့သတ်ဖြတ်ထားသော နတ်ဘုရားအလောင်းများကို လာရောက်စုဆောင်းမည်ဆိုလျှင်လည်း သူတို့က လက်ခံနိုင်လိမ့်မည် မဟုတ်ချေ။
သို့ဖြစ်၍ သူတို့စဉ်းစားနေသည်မှာ…
“ ငါတို့ရဲ့ ရိတ်သိမ်းတဲ့ အမြန်နှုန်းက တခြားအလောင်းကောက်သူအဖွဲ့တွေကို မယှဉ်နိုင်ဘူး… ပြီးတော့ စစ်ပွဲရဲ့ အကြွင်းအကျန်ပစ္စည်းတွေကို အဲ့ဒီကျင့်ကြံသူစစ်သည်တော်တွေနဲ့ ပြိုင်မလုနိုင်ဘူး… ”
“ အလောင်းကောက်သူအဖွဲ့တွေက တိုက်ပွဲပြီးမှပဲ စစ်မြေပြင်ဆီ ဝင်ရောက်နိုင်ကြတယ်… ”
“ ဒီတော့… တကယ်လို့ ငါတို့သာ စစ်မြေပြင်ဆီ စောစော ဝင်ရောက်နိုင်မယ်ဆိုရင်… ”
ရွှီချင်းနှင့် တခြားလူများက အချင်းချင်း တိုင်ပင်ဆွေးနွေးနေရင်း ခေါင်းမော့လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့အားလုံးက တခြားလူ၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းရောင်ကို မြင်တွေ့သွားကြသည်။