← Chapters

ရိတ်သိမ်းခြင်း

Vol. 112 Ch. 1717

ရိတ်သိမ်းခြင်း

Vol. 112 Ch. 1717

ထူးဆန်းသော အလင်းရောင်က ရွှီချင်းနှင့် သူ့အဖွဲ့သားများ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

ဤတစ်ကြိမ် အမှန်တရားမှာ စစ်မြေပြင်ကို ရှင်းလင်းခြင်းမှ သူတို့ရရှိခဲ့သော အကျိုးအမြတ်က အလွန်အမင်း နည်းပါးခြင်း ဖြစ်သည်။ ထို့ပြင် အလောင်းကောက်အဖွဲ့၏ တာဝန်များအရ သူတို့က ရရှိလာသော ဝေစု၏ ထက်ဝက်ကျော်ကို အထက်ဆီသို့ လွှဲပြောင်းပေးရဦးမည်။ ရလဒ်အနေဖြင့် သူတို့က နောက်ဆုံးမှာ အကြွင်းအကျန်မျှသာ ရရှိကြလိမ့်မည်။

ယင်းက သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအတွက် မည်သို့လုံလောက်မည်နည်း။

တဖြည်းဖြည်း တတ်လှမ်းသူများထံမှ အကြည့်များက ရွှီချင်းပေါ်သို့ ကျရောက်သွားကြသည်။

သူတို့က ရွှီချင်း၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းကြသည်။

ရွှီချင်းက ဘေးပတ်ဝန်းကျင်မှ ပြောင်ရှင်းနေသော စစ်မြေပြင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အဝေးမှ ကြယ်တာရာကောင်းကင်ကို ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက ဖြည်းညင်းစွာ ပြောသည်။

“ စစ်မြေပြင်ဆီ စောစော ဝင်ရောက်တာက နည်းလမ်းကောင်းပဲ… ဒါပေမဲ့ အဲ့ဒါက အချိန်ကိုက်ဖြစ်ဖို့ လိုပြီး နှစ်ဖက်အင်အားစုရဲ့ တိုက်ပွဲအင်အားပေါ်မှာ မူတည်တယ် ”

“ ဒါ့အပြင် စစ်မြေပြင်ဆိုတာ အမြဲပြောင်းလဲနေတဲ့ အရာဖြစ်တယ်… တကယ်လို့ ငါတို့က ခြေတစ်လှမ်းမှားသွားမယ်ဆိုရင် သေခြင်းရှင်ခြင်းကပ်ဘေးနဲ့ ရင်ဆိုင်ရလိမ့်မယ် ”

“ ဘာပဲပြောပြော ငါတို့ရဲ့ တိုက်ပွဲစွမ်းအားက အထိန်းအကွပ်မဲ့စွာ ဆောင်ရွက်နိုင်တဲ့အထိ မရောက်သေးဘူး ”

ရွှီချင်းက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသော အတွေးများကို ဖိနှိပ်လိုက်သည်။ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူက ဤကိစ္စကို အလျင်စလို မဆုံးဖြတ်နိုင်ပေ။

သူ၏ အသံ ပျံ့လွင့်သွားသည့်အခါ လူတိုင်းက နှုတ်ဆိတ်သွားကြသည်။ သူတို့၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းရောင်က တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရှဲလင်းဇီက နှုတ်ခမ်းသပ်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ ခေါင်းဆောင်… ငါတို့က အလောင်းကောက်တာထက်စာရင် သက်ရှိနတ်ဘုရားတွေဆီကနေ ရိတ်သိမ်းတာကို ပိုပြီးကျွမ်းကျင်ကြတယ် ”

“ ပြီးတော့… သက်ရှိနတ်ဘုရားတွေဆီကနေ ပိုပြီးသန့်စင်တဲ့ မူလအနှစ်သာရကို ပမာဏအများကြီး ရရှိနိုင်တယ်… ”

ရှဲလင်းဇီ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း လူတိုင်း၏ မျက်လုံးထဲမှ ပျောက်ကွယ်သွားတော့မည့် ထူးဆန်းသော အလင်းရောင်က တဖန် ပြန်ပေါ်လာသည်။ ရှဲလင်းဇီ၏ စကားထဲမှ သူ၏ ဆိုလိုရင်းကို သူတို့နားလည်ကြသည်။ သူက လွတ်လပ်စွာ အမဲလိုက်ရန် အကြံပေးနေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာ သူတို့က ယခင်က သူတို့သွားရောက်ခဲ့ကြသော နတ်ဘုရားအကျဉ်းထောင်များကို ပြန်အမှတ်ရသွားကြသည်။

ခေါင်းဆောင်ဟု အခေါ်ခံရခြင်းက ရွှီချင်းကို အနည်းငယ် မိန်းမောသွားစေသည်။

ဤခရီးတစ်လျှောက်တွင် ယင်းက ပထမဆုံးအကြိမ် တစ်ယောက်ယောက်ထံမှ ခေါင်းဆောင်ဟု သူအခေါ်ခံရခြင်း ဖြစ်သည်။

‘ စီနီယာအကိုကြီး အခုဆိုရင် ဘာလုပ်နေမလဲ ငါသိချင်လိုက်တာ… ’

ရွှီချင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာ ဘေးမှ ကြယ်တာရာစက်ဝန်းက တည်ငြိမ်စွာ ပြောသည်။

“ စည်းမျဉ်းတွေမရှိရင် အစီအစဉ်ဆိုတာ မရှိဘူး… ငါတို့ရဲ့ လက်ရှိတာဝန်က ရိက္ခာထိန်းသိမ်းသူမဟုတ်ဘူး… အလောင်းကောက်သူတွေ ”

ရှဲလင်းဇီက မျက်တောင်ခတ်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြန်ပြောသည်။

“ မင်းက အဲ့ဒီအလောင်းကောက်သူအဖွဲ့တွေကို ယှဉ်နိုင်လို့လား… ခြောက်ဆယ်ရာခိုင်နှုန်းကို သူတို့ချည်းပဲ ယူသွားတာလေ… မင်းရဲ့ အစီအစဉ်တွေက အလောင်းကောက်တဲ့နေရာမှာ အသုံးဝင်လို့လား ”

ယင်းကို ကြယ်တာရာစက်ဝန်းကြားသောအခါ သူက ရှဲလင်းဇီကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

ရှဲလင်းဇီသည်လည်း အညံ့မခံပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အရှိန်အဝါက ပရမ်းပတာ လှုပ်ခတ်သွားပြီး သူက ခြေလှမ်းဝက်အင်မော်တယ်အဆင့် အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်လိုက်သည်။

ဤအတောအတွင်းမှာ လူတိုင်း၏ ကျင့်ကြံခြင်းအခြေခံက သိသိသာသာ တိုးတတ်သွားခဲ့သည်။ ရှဲလင်းဇီသည်လည်း ထို့အတူပင်။ ပြန်လည်နေရာချထားရေး ကြယ်ဂြိုလ်ပေါ်မှာ သူတို့အနားယူနေစဉ်အတွင်း ရှဲလင်းဇီက ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ချိုးဖြတ်သွားခဲ့သည်။

နှစ်ဖက်စလုံးက ဓားဆွဲထုတ်လိုက်ကြောင်း မြင်သွားသောအခါ ရွှီချင်း၏ အကြည့်က ကျိုးကျန်းလီပေါ်သို့ ကျရောက်သွားသည်။

ကျိုးကျန်းလီက ပေါ့ပါးစွာ ချောင်းဟန့်လိုက်ပြီး အရှေ့သို့ လျှောက်လာသည်။ သူက ကြယ်တာရာစက်ဝန်းနှင့် ရှဲလင်းဇီကြားမှာ ဝင်ရပ်လိုက်ပြီး ရွှီချင်းကို အရိုအသေပေးလိုက်သည်။

“ အရှင်က ကျုပ်တို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေတယ်ဆိုတာ ကျုပ်တို့နားလည်ပါတယ်… ဒါပေမဲ့ ကျုပ်တို့က အခက်အခဲတွေကို ဖြတ်ကျော်ပြီး စစ်မြေပြင်ဆီ ရောက်လာခဲ့ကြတဲ့ လူတွေပါ… အခွင့်အလမ်းတွေက အန္တရာယ်တွေနဲ့ ဒွန်တွဲနေတတ်တယ်ဆိုတာ ကျုပ်တို့အားလုံး နားလည်ထားကြပြီးသားပါ ”

“ ဆုလာဘ်က မြင့်မားမယ်ဆိုရင် စွန့်စားရတာက ပြဿနာမဟုတ်ပါဘူး… အဓိကသော့ချက်က အမြင့်ဆုံး ဆုလာဘ်ရအောင် ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာပါပဲ ”

“ ဒီတော့ တာအိုရောင်းရင်းရှဲလင်းဇီပြောတဲ့ သက်ရှိနတ်ဘုရားတွေဆီကနေ ရိတ်သိမ်းတာက မှန်သလို တာအိုရောင်းရင်းကြယ်တာရာစက်ဝန်းပြောတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာသင့်တယ်ဆိုတာကလည်း အကျိုးအကြောင်းသင့်ပါတယ် ”

“ ဒီလိုဆိုမှတော့ နှစ်ဖက်စလုံးနဲ့ သင့်တော်မယ့်အရာကို ကျုပ်တို့ရှာဖွေနိုင်ပါတယ် ”

ကျိုးကျန်းလီက နှုတ်ခမ်းသပ်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အမှန်တကယ်ပဲ ကျုပ်တို့က အလောင်းကောက်သူတွေပါ… ဒါပေမဲ့ သက်ရှိနတ်ဘုရားတွေကို အမဲလိုက်ပြီး သတ်ဖြတ်ပစ်မယ်… ပြီးတော့ အဲ့ဒီအလောင်းတွေဆီကနေ ရိတ်သိမ်းမယ်ဆိုရင် ကျုပ်တို့က အလောင်းကောက်သူတွေ ဖြစ်နေဦးမှာပါပဲ… ”

“ ဆိုလိုတာက… တကယ်လို့ စစ်မြေပြင်မရှိရင် ကျုပ်တို့က စစ်မြေပြင်ကို ဖန်တီးမယ်… တကယ်လို့ နတ်ဘုရားအလောင်းတွေမရှိရင် ကျုပ်တို့က နတ်ဘုရားအလောင်းတွေကို ဖန်တီးမယ် ”

ထိုသို့ပြောပြီးနောက် ကျိုးကျန်းလီက ရွှီချင်းကို အရိုအသေပေးလိုက်သည်။

အနက်ရောင်အလင်းက ရှဲလင်းဇီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူသည်လည်း အရိုအသေပေးလိုက်သည်။

တခြားတတ်လှမ်းသူများက နှုတ်ဆိတ်သွားကြသည်။ ထို့နောက် သူတို့၏ မျက်လုံးထဲမှ ထူးဆန်းသော အလင်းက ပိုပြီးထင်ရှားလာသည်နှင့် သူတို့အားလုံးက ရွှီချင်းကို အရိုအသေပေးလိုက်ကြသည်။

ကြယ်တာရာစက်ဝန်းသည်ပင် တစ်ခဏ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းက သူ့အရှေ့မှ လူများကို ကြည့်လိုက်လေရာ သူတို့ဆီမှာ ကိုယ်ပိုင်အတွေးအခေါ်များရှိကြောင်း သူသိလိုက်သည်။ သူတို့က အိမ်ထဲမှာ ပျိုးထောင်ခံထားရသော ပန်းပွင့်များ မဟုတ်ကြချေ။ သူတို့က တောရိုင်းနယ်မြေထဲမှာ ရှင်သန်နေကြသော အရိုင်းပန်းများ ဖြစ်ကြသည်။

ယခု မူလအနှစ်သာရ ပြတ်တောက်သွားသည့်အခါ သူတို့က နတ်ဘုရားများကို ဝါးမျိုချင်လာကြသည်။

ထိုသို့ဆိုမှတော့…

ဆုံးဖြတ်ချက်ပြတ်သားမှုက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် သူက ခေါင်းညိတ်လိုက်သည်။

သူခေါင်းညိတ်လိုက်သည်နှင့်ချက်ချင်း တတ်လှမ်းသူများက ရယ်မောလိုက်ကြသည်။ သူတို့က လှောင်အိမ်ထဲမှ လွတ်မြောက်လာကြသော ဝံပုလွေအုပ်စုနှင့် ဆင်တူသည်။

ထို့နောက် ကျိုးကျန်းလီ၏ စီစဉ်ပေးမှုအောက်မှာ သူတို့က အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကြသည်။

သူတို့က ပစ်မှတ်ရှာရန်နှင့် သတင်းအချက်အလက် ပြန်ပို့ပေးရန်အလို့ငှာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုလိုက်ကြသည်။ ကျိုးကျန်းလီနှင့် ကြယ်တာရာစက်ဝန်းက ထိုသတင်းအချက်အလက်များကို စစ်ဆေးကြလိမ့်မည်။

ရွှီချင်းသည်တော့ ဥက္ကာပျံတစ်ခုပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး လူတိုင်း၏ ကင်းထောက်မှုကို စောင့်ဆိုင်းသည်။

ထိုသို့ဖြင့် လဝက်ကြာမြင့်သွားသည်။

အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားကြသော တတ်လှမ်းသူများက သူတို့ရရှိလာသော သတင်းအချက်အလက်များကို ပြန်ပို့ပေးလာကြသည်။

ယင်းတို့အားလုံးက နတ်ဘုရားများ၏ လှုပ်ရှားမှုနှင့် ဆက်စပ်ကြသည်။

သို့သော်လည်း ရွှီချင်း၏ အကဲဖြတ်မှုအရ အများစုက သူတို့အတွက် မသင့်တော်ပေ။ နတ်ဘုရားများ၏ အရေအတွက်က အလွန်များပြားနေခြင်းကြောင့်ဖြစ်စေ သို့မဟုတ် အန္တရာယ်က အလွန်ကြီးမားသောကြောင့်ဖြစ်စေ သူတို့က မစွန့်စားကြချေ။

ရှစ်ရက်မြောက်နေ့သို့ ရောက်ရှိသွားသည့်အခါ တာအိုပညာရှင်သွေးတိမ်တိုက်ဟု အမည်ရသော တတ်လှမ်းသူက ရွှီချင်းအကြိုက်တွေ့စေမည့် သတင်းအချက်အလက်တစ်ခုကို ပေးပို့လာသည်။

“ ခေါင်းဆောင်… ဒီနေရာမှာ ကင်းထောက်နတ်ဘုရားအဖွဲ့တစ်ဖွဲ့ကို ကျွန်တော် အာရုံခံမိထားပါတယ်… သူတို့မှာ စုစုပေါင်း အယောက်(၃၀)ခန့်ရှိပြီး အသန်မာဆုံးနတ်ဘုရားက အလယ်အလတ်အဆင့် နတ်ဘုရားယဇ်ပလ္လင်မှာပါ… သူတို့က နတ်ဘုရားမျိုးနွယ်စုတစ်ခုကနေ ဆင်းသက်လာကြတဲ့ပုံပါပဲ… ကျွန်တော် သူတို့နောက်ကနေ တိတ်တဆိတ် ခြေရာခံလိုက်နေတာ နှစ်ရက်ရှိပါပြီ… သူတို့ရဲ့ ခန္ဓာကိုယ်အရွယ်အစားနဲ့ အရပ်အမောင်းအရ သူတို့က ကျုပ်တို့ရှာဖွေနေတဲ့ သားကောင်ဖြစ်ဖို့ အထူးသင့်တော်ပါတယ် ”

ထိုသတင်းအချက်အလက်က ကြယ်တာရာစက်ဝန်းနှင့် ကျိုးကျန်းလီ၏ လက်ထဲသို့လည်း ရောက်ရှိသွားသည်။

ထိုသတင်းက အမှန်ဖြစ်ကြောင်း သူတို့နှစ်ယောက်စလုံးက အတည်ပြုပေးခဲ့ကြသည်။

သို့ဖြစ်၍ တစ်ခဏ တွေးတောပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ အန္တရာယ်အရှိန်အဝါက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။

ချက်ချင်းဆိုသလို သူက အမိန့်ထုတ်ပြန်လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားသည်။

ရွှီချင်းက အမိန့်ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း အရပ်မျက်နှာအသီးသီးတွင် ပြန့်ကျဲနေကြသော တတ်လှမ်းသူအားလုံးက ယင်းကို သိရှိသွားကြသည်။ သူတို့၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာသည်။ ထို့နောက် သူတို့က ဆာလောင်နေသော ဝံပုလွေများသဖွယ် ပစ်မှတ်၏ တည်နေရာဆီသို့ အမြန်ဆုံး ပျံသန်းသွားကြသည်။

ရက်အနည်းငယ်ကြာပြီးနောက် ရွှီချင်းနှင့် တခြားလူများက မီးခိုးရောင်တောင်ရိုးဟုခေါ်သော ကြယ်ဂြိုလ်၏ အပြင်ဘက်မှာ စုဝေးသွားကြသည်။

သူတို့ရောက်ရှိလာသည့်အခါ ထိုနေရာမှာ စောင့်ဆိုင်းနေသော တာအိုပညာရှင်သွေးတိမ်တိုက်က ရွှီချင်းနှင့် သူ၏ ဘေးတစ်ဖက်စီမှ ကြယ်တာရာစက်ဝန်းနှင့် ကျိုးကျန်းလီကို ချက်ချင်း နှုတ်ဆက်လိုက်သည်။

“ ခေါင်းဆောင်… အဲ့ဒီနတ်ဘုရားတွေက ပုန်းအောင်းတဲ့နေရာမှာ တော်တော် ထူးချွန်ကြပါတယ်… ကျွန်တော့်ရဲ့ အထူးနည်းလမ်းကြောင့်မဟုတ်ရင် သူတို့ကို သတိထားမိမှာ မဟုတ်ပါဘူး… ကျွန်တော် သူတို့နောက်ကနေ တစ်ချိန်လုံး တိတ်တဆိတ် ခြေရာခံလိုက်ခဲ့ပါတယ်… အခု ဒီကြယ်ဂြိုလ်ထဲမှာ သူတို့ပုန်းအောင်းနေတာ ရက်အနည်းငယ် ရှိသွားပါပြီ ”

“ သူတို့ ကျွန်တော့်ကို အာရုံခံမိသွားမှာစိုးလို့ ကြယ်ဂြိုလ်ထဲ ကျွန်တော်မဝင်ရောက်ခဲ့ပါဘူး… ဒါပေမဲ့ ဒီကြယ်ဂြိုလ်ထဲမှာ သူတို့ဆက်ရှိနေတယ်ဆိုတာ ကျွန်တော်သေချာပါတယ် ”

ကြယ်တာစက်ဝန်းက ခေါင်းညိတ်လိုက်သည်။

“ ဒီနေရာက တကယ်ပဲ ဖရိုဖရဲဖြစ်နေတယ် ”

ကျိုးကျန်းလီက ပြုံးလိုက်ပြီး ရွှီချင်းကို ပြောသည်။

“ အရှင်… ကျွန်တော်ရဲ့ အာဏာစက်ကလည်း သူတို့ဆက်ရှိနေသေးတယ်လို့ အာရုံခံမိပါတယ် ”

အကယ်၍ ထိုသတင်းအချက်အလက်က သွေးတိမ်တိုက်တစ်ဦးတည်းထံမှဆိုလျှင် ယင်းကို အတည်ပြုနိုင်ရန်အလို့ငှာ သူတို့ဆောင်ရွက်ရဦးလိမ့်မည်။ သို့သော်လည်း ယင်းကို ကြယ်တာရာစက်ဝန်းနှင့် ကျိုးကျန်းလီက အတည်ပြုလိုက်သည်ဆိုလျှင် ထိုသတင်းအချက်အလက်က အမှန်ဖြစ်ရန် သေချာသလောက် ရှိ၏။

သို့ဖြစ်၍ ယင်းကို ရွှီချင်းကြားသောအခါ သူက သူ့အရှေ့မှ ကြယ်ဂြိုလ်ကို ကြည့်လိုက်သည်။ သူက အင်မော်တယ်သန္ဓေသားလောင်း၏ အစွမ်းကို ထုတ်လွှတ်လိုက်ပြီး အချိန်လေဟာနယ်အာဏာစက်ကို လေထဲမှာ ပြည့်နှက်သွားစေသည်။ နောက်ဆုံးမှာတော့ နတ်ဘုရားများက ထိုနေရာမှာ အမှန်တကယ်ရှိနေကြောင်း သူအတည်ပြုနိုင်သွားသည်။

ထို့ကြောင့် သူ၏ အေးစက်စက်အသံက ပျံ့လွင့်သွားသည်။

“ မူလအနှစ်သာရတွေကို အမြန်ဆုံး စုဆောင်းကြမယ်… အားလုံးပဲ… တိုက်ကြ ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ တတ်လှမ်းသူအားလုံးက ထိတ်လန့်ဖွယ်ကောင်းသော အန္တရာယ်အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြပြီး အောက်ဘက်မှ ကြယ်ဂြိုလ်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

သူတို့က သက်တံ့များသဖွယ် ပြောင်းလဲသွားကြပြီး ကြယ်ဂြိုလ်ဆီသို့ ပျံသန်းသွားကြသည်။ သူတို့က တိမ်တိုက်များနှင့် ကြယ်ဂြိုလ်၏ အကာအကွယ်အလွှာများကို တိုက်ရိုက် ချိုးဖြတ်လိုက်ကြပြီး နတ်ဘုရားအဖွဲ့၏ တည်နေရာဆီသို့ မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။

ရွှီချင်းသည်လည်း သူတို့ထဲမှာ ပါဝင်သည်။ ဤအခိုက်အတန့်မှာ သူ၏ အလျင်က ပေါက်ကွဲထွက်လာသည်နှင့် သူက လေဟာနယ်အကာအကွယ်ကို တိုက်ရိုက် ချိုးဖြတ်သွားပြီး သူ၏ ဦးတည်ရာဆီသို့ ရောက်ရှိသွားသည်။

အကြည့်တစ်ချက်ဖြင့် သူက နတ်ဘုရားအယောက်(၃၀)နှင့် ၎င်းတို့လုပ်ဆောင်နေသောအရာကို မြင်တွေ့သွားသည်။

၎င်းတို့က အဌဂံယဇ်ပလ္လင်တစ်ခုကို ဆောက်လုပ်နေကြသည်။ ဘေးပတ်ဝန်းကျင်တွင် ယဇ်ပူဇော်မှုအတွက် လိုအပ်သော ပစ္စည်းများကို ပြင်ဆင်ထားကြသည်။

အဌဂံယဇ်ပလ္လင်၏ အပေါ်တွင်တော့ အနက်ရောင်အိုးတစ်လုံး ရှိသည်။

အိုးထဲတွင် သွေးက ပရမ်းပတာ လှုပ်ခတ်နေသည်။

အလွန်သိပ်သည်းသော ဒြပ်နှောက အိုးထဲမှာ စုဝေးနေစဉ် သွေးက ပရမ်းပတာ လှုပ်ခတ်နေသည်။ သို့သော်လည်း ယင်းတို့က အပြင်သို့ မပျံ့နှံ့သွားပေ။ ယင်းအစား ဆက်လက် စုစည်းသွားနေသည်။ ဤသည်မှာ ယင်းတို့က အတိုင်းအတာတစ်ခုထိ ဆက်လက် စုဝေးသွားပြီးမှသာ ပေါက်ကွဲထွက်လာမည့်အလားပင်။

ရွှီချင်းနှင့် တခြားလူများ၏ ထွက်ပေါ်လာမှုကို သတိထားမိသောအခါ နတ်ဘုရားများက ရုတ်တရက် ခေါင်းမော့လိုက်ကြသည်။ ၎င်းတို့က အံ့ဩသွားသော်လည်း နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားများက မျက်မှောင်ကြုတ်လိုက်ကြသည်။

“ ယဇ်ပလ္လင်က မပြီးမြောက်သေးသလို ယဇ်ပူဇော်မှုက အသက်မဝင်သေးဘူး… ဒြပ်နှောတွေလည်းပဲ အပြင်ကို မပျံ့နှံ့သေးဘူး… ဒါကို ဘယ်လိုလုပ် ကျင့်ကြံသူတွေက အစောကြီး ရောက်လာကြတာလဲ ”

နတ်ဘုရားယဇ်ပလ္လင်အဆင့် ထိုနတ်ဘုရားက အံ့ဩသွားသော်လည်း စိတ်ဓာတ်ပြတ်သားစွာ လုပ်ဆောင်လိုက်သည်။ ၎င်းက ၎င်း၏ နတ်ဘုရားအခွင့်အာဏာကို ချက်ချင်း အသက်သွင်းလိုက်ပြီး မပြည့်စုံသေးသော ယဇ်ပလ္လင်ကို စောစီးစွာ လောင်ကျွမ်းစေသည်။ ထိုအခါ ယဇ်ပူဇော်မှုက အသက်ဝင်လာပြီး အနက်ရောင်အိုးက ချက်ချင်း အက်ကွဲသွားသည်။

လျှပ်တစ်ပြက်အတွင်းမှာ ပမာဏအလွန်များပြားသော ဒြပ်နှောများက အက်ကွဲသွားသော အိုးထဲမှ ပေါ်လျှိုးလာသည်။ ဒြပ်နှောများက မီးခိုးငွေ့များသဖွယ် ကောင်းကင်ပေါ်သို့ တလိပ်လိပ် ပျံတတ်သွားကြသည်။

ယင်းတို့က ဘေးပတ်ဝန်းကျင်ကို ညစ်ထေးစေသည်။

သို့သော်လည်း ဒြပ်နှောသိပ်သည်းမှုက အလုံအလောက် မမြင့်မားသလို ညစ်ထေးမှုက မျှော်လင့်ထားသလောက် မကောင်းမွန်ပေ။ သို့ဖြစ်၍ ဤနေရာက စစ်မြေပြင်အသစ်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သလော မသေချာပေ။

သို့သော်လည်း ၎င်းတို့မှာ တခြားရွေးချယ်စရာမရှိပေ။

နတ်ဘုရားအရှိန်အဝါများ လှိုင်းထသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ပေါ်မှ ဆင်းသက်လာကြသော တတ်လှမ်းသူများက အချိန်အတော်ကြာ သူတို့ဖိနှိပ်ထားခဲ့သော လောဘစိတ်ကို ထုတ်လွှတ်လိုက်ကြသည်။

သူတို့က ထက်ရှသော ဓားသွားများသဖွယ် အရာအားလုံးကို ဖောက်ထွင်းသွားကြသည်။

ရွှီချင်းက လက်မြှောက်လိုက်သည့်အခါ အင်မော်တယ်သန္ဓေသားလောင်းက သူ၏ အနောက်မှာ ဒြပ်ထည်ဖွဲ့စည်းသွားပြီး ကောင်းကင်ကို ဖုံးကွယ်သွားသည်။ ထို့နောက် ၎င်း၏ ဧရာမလက်ဝါးက အောက်သို့ အကြမ်းပတမ်း ကျဆင်းလာသည်။

ထိုလက်ဝါးရိုက်ချက်က ဖော်မပြနိုင်သော အရှိန်အဟုန်ကို သယ်ဆောင်ထားပြီး ဤနေရာမှာ ရှိနေကြသော နတ်ဘုရားအားလုံးကို ဝိညာဉ်တုန်လှုပ်သွားစေသည်။ လက်ဝါးက အက်ကွဲသွားသော အနက်ရောင်အိုးကိုပင် တိုက်ရိုက် ဖုံးလွှမ်းသွားသည်။

၎င်းက ဒြပ်နှောများမှ ဖြစ်ပေါ်လာသော အနက်ရောင်မီးခိုးများကိုလည်း ဖုံးလွှမ်းသွားသည်။

၎င်းက ရက်စက်ကြမ်းကြုတ်စွာ ဖျစ်ညှစ်လိုက်သည်။

ကျယ်လောင်သော အက်ကွဲသံနှင့်အတူ အနက်ရောင်မီးခိုးများ၏ ဖြစ်တည်မှုက ပြိုကွဲသွားသည်။

ကျိုးကျန်းလီ၏ အာဏာစက်မျက်လုံးက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

ယွင်ရှန်းစု၏ အဆုံးမဲ့တောင်တန်းက ကျဆင်းလာသည်။

ရှဲလင်းဇီက အကြင်နာမဲ့စွာ ရယ်မောလိုက်သည်။ သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ နတ်ဘုရားများထံသို့ ပျံသန်းသွားသည်။

လီမုန့်တု၏ အဆိပ်မြူခိုးက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားစဉ် ချမ်ကျွင်းနှင့် ပိုင်ရီ၏ ဓားအလင်းတန်းများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက စတင်လာသည်။

…..

ထိုစဉ် မီးခိုးရောင်တောင်ရိုးကြယ်ဂြိုလ်နှင့် အနည်းငယ် ဝေးကွာသော ကြယ်တာရာကောင်းကင်ထဲတွင် ကျင့်ကြံသူစစ်တပ်တစ်တပ်က တည်ငြိမ်စွာ ကင်းလှည့်နေကြသည်။

သူတို့က နန်းလင်တပ်မတော်မှ ဖြစ်သည်။ နန်းလင်တပ်မတော်သည် ဘယ်တောင်ပံစစ်ပွဲဇုန်၏ ရှေ့တန်းစစ်မြေပြင်မှ အဓိကတပ်မတော်ကိုးခုအနက် တစ်ခုဖြစ်သည်။ သူတို့က စစ်ပွဲကာလအတွင်းမှာ ရှေ့ပြေးတပ်အဖြစ် ဆောင်ရွက်ကြပြီး စစ်ပွဲရပ်နားထားသော ကာလတွင် သတ်မှတ်ထားသော ဧရိယာများ၌ ကင်းလှည့်စစ်ဆေးကြသည်။ သူတို့၏ တာဝန်က ပုန်းအောင်းနေသော နတ်ဘုရားများကို အမဲလိုက်ရန်နှင့် ဒြပ်နှောများ ထွက်ပေါ်လာနိုင်သော အခြေစိုက်နေရာများကို ရှင်းလင်းဖယ်ရှားရန် ဖြစ်သည်။

ဤကျင့်ကြံသူစစ်တပ်ထဲတွင် စစ်သည်တော်တစ်ထောင်ကျော်ပါဝင်ပြီး စစ်သည်တော်တစ်ရာစီကို အဖွဲ့ငယ်တစ်ဖွဲ့အဖြစ် ထပ်မံ ခွဲထားသေးသည်။

ဤအခိုက်အတန့်မှာ စစ်သည်တော်တစ်ရာစီ ပါဝင်သော အဖွဲ့ငယ်များသည် စိမ်းပြာရောင် မှော်ယာဉ်ပျံများကို စီးနင်းထားကြသည်။ သူတို့အားလုံးက မှော်ယာဉ်ပျံပေါ်မှာ တင်ပျဉ်ခွေထိုင်၍ အနားယူနေကြသည်။

မှော်ယာဉ်ပျံဆယ်စီးစလုံးတွင် နန်းလင်တပ်မတော်၏ အလံတိုင်ကို လွှင့်ထူထားကြသည်။ ယခု မှော်ယာဉ်ပျံအားလုံးက အာကာသဟင်းလင်းပြင်ထဲမှာ တိတ်တဆိတ် ရွေ့လျားနေကြသည်။

မီးခိုးရောင်တောင်ရိုးကြယ်ဂြိုလ်ထံမှ အနက်ရောင်အိုး အက်ကွဲသွားသည်နှင့်တစ်ပြိုင်နက် အရှေ့ဆုံးမှ မှော်ယာဉ်ပျံသည် ကျယ်လောင်သော ဗုံသံကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

ဗုံသံက အလွန်ကျယ်လောင်လေရာ ဘေးပတ်ဝန်းကျင်မှ ကြယ်တာရာကောင်းကင်သည်ပင် လှိုင်းအတွန့်တွန့်ထသွားသည်။ တရားထိုင်နေကြသော ကျင့်ကြံသူများက ချက်ချင်း မျက်လုံးဖွင့်လိုက်ကြပြီး အာရုံစိုက်လိုက်ကြသည်။

ချက်ချင်းဆိုသလို တည်ကြည်လေးနက်သော အသံက ပဲ့တင်ထပ်လာသည်။

“ နတ်ဘုရားတချို့က ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ပြီး ဒြပ်နှောအခြေစိုက်နေရာတစ်‌နေရာကို ဖန်တီးနေတယ်လို့ နတ်ဘုရားနှိမ်နင်းခြင်းဗုံက အချက်ပေးလာတယ် ”

“ ရွှမ်၊ လင်း၊ မို၊ လန်၊ ဖုန်း… မင်းတို့အဖွဲ့ငါးဖွဲ့က ဗုံသံရဲ့ ပဲ့တင်ပြန်မှုနောက်ကို လိုက်ပြီး အခြေအနေကို အရင်ဆုံး စစ်ဆေးပါ… ပြီးတော့ ယဇ်ပလ္လင်ရဲ့ တည်နေရာကို ရှာဖွေပြီး အရာအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ပါ ”

ထိုအသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း မှော်ယာဉ်ပျံငါးစီးက အဖွဲ့ထဲမှ ထွက်သွားကြပြီး မတူညီသော ဦးတည်ရာများဆီသို့ အရှိန်မြှင့်တင်လိုက်ကြသည်။

တစ်ချိန်တည်းမှာ သူတို့က တစ်ညီတစ်ညာတည်း တုံ့ပြန်လိုက်ကြသည်။

“ အမိန့်တော်အတိုင်းပါ ”

All Chapters