← Chapters

ခေါင်းမော့ပြီး လမင်းကို ကြည့်တယ်(က)

Vol. 112 Ch. 1720

ခေါင်းမော့ပြီး လမင်းကို ကြည့်တယ်(က)

Vol. 112 Ch. 1720

ယင်းက အမှန်တကယ် အလောင်းကောက်ခြင်း ဖြစ်သည်။

လွန်ခဲ့သော သုံးလအတွင်းမှာ ရွှီချင်းနှင့် သူ့အဖွဲ့သားများ၏ လေ့ကျင့်မှုက ဤအဆင့်ထိ ရောက်ရှိသွားခဲ့သည်။

သက်ရှိနတ်ဘုရားများထံမှ ရိတ်သိမ်းခြင်းက ပိုပြီးအကျိုးများသော်လည်း ယင်းက အချိန်ကြန့်ကြာမှုပိုင်းတွင် ပြဿနာရှိသည်။ သို့ဖြစ်၍ သူတို့က စစ်မြေပြင်မှာ ပိုပြီးထိရောက်မှုရှိသော အလောင်းကောက်ခြင်းအပိုင်းတွင် လက်ရည်သွေးခဲ့ကြသည်။

မည်သို့ဖြစ်ပါစေ စစ်မြေပြင်တွင် အများဆုံးက အလောင်းများ ဖြစ်ကြသည် မဟုတ်ပါလော။

မှန်ပေ၏။ အကယ်၍ သူတို့သဘောကျသော ပစ်မှတ်က အလောင်းမဟုတ်သေးလျှင်လည်း ၎င်းကို အလောင်းအဖြစ် သူတို့ပြောင်းလဲပစ်လိမ့်မည်။

သို့ဖြစ်၍ ဤသုံးလအတွင်းမှာ ရွှီချင်းတို့အဖွဲ့၏ အလောင်းရိတ်သိမ်းမှုက အလွန်မြင့်မားသော အဆင့်ထိ ရောက်ရှိသွားခဲ့သည်။

ယခု အလွန်ကျယ်ပြောသော စစ်မြေပြင်တွင် ရွှီချင်းနှင့် သူ့အဖွဲ့သားများက သူတို့၏ စွမ်းရည်များကို လူအများရှေ့မှာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြလိုက်ကြသည်။ ယင်းက ဤနေရာမှာ ရှိနေကြသော လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။

တောင်ထွတ်ပေါ်မှာ စောင့်ဆိုင်းနေကြသော တခြားအလောင်းကောက်အဖွဲ့များသာ အံ့ဩသွားကြခြင်းမဟုတ်ပေ။ စစ်မြေပြင်မှာ တိုက်ခိုက်နေကြသော ကျင့်ကြံသူစစ်သည်တော်များသည်ပင် အနည်းနှင့်အများ အံ့ဩသွားကြသည်။ တစ်ချိန်တည်းမှာ သူတို့ခံစားနေရသော ဖိအားက သိသိသာသာ လျော့နည်းသွားသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံသူများထံမှ လျော့နည်းသွားသော ဖိအားက နတ်ဘုရားများဘက်တွင် တိုးမြှင့်သွားသည်။

ထိုဖိအားအောက်မှာ နတ်ဘုရားများသည် ကျင့်ကြံသူစစ်သည်တော်များဖြင့် တိုက်ခိုက်နေရင်း အလောင်းကောက်အဖွဲ့သားများ၏ အလစ်တိုက်ခိုက်ခြင်းကိုလည်း သတိထားနေကြရသည်။

စစ်မြေပြင်တစ်ခုလုံးကို အလုံးစုံခြုံငုံကြည့်လျှင် ရွှီချင်းနှင့် သူ၏ ရဲဘော်ရဲဘက်(၁၈)ယောက်က လင်းတများသဖွယ် နတ်ဘုရားအလောင်းများကို ရူးသွပ်စွာ စားသောက်နေကြဟန် ရ၏။ သို့တိုင် သူတို့၏ တည်ရှိမှုက တစ္ဆေများနှင့် ဆင်တူကြသည်။ သူတို့က နေရာအနှံ့ ပြန့်ကျဲနေလေရာ စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော ဧရာမဓား(၁၉)လက်သဖွယ် အောက်မေ့ရသည်။

သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း အလောင်းများက ညှိုးနွမ်းခြောက်သွေ့သွားပြီး အားနည်းသော နတ်ဘုရားများက အလောင်းများ ဖြစ်လာကြလိမ့်မည်။

အစွမ်းထက် နတ်ဘုရားများသည်ပင် အနည်းငယ် သတိပေါ့ဆလိုက်သည်နှင့် သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် တွေ့ကြုံကြရလိမ့်မည်။

သို့ဖြစ်၍ ရွှီချင်း၏ အဖွဲ့အပေါ် အာရုံစိုက်မှုက ပိုပြီးတိုးပွားလာသည်။

အမှန်မှာ နတ်ဘုရားတချို့သည် နန်းလင်စစ်သည်တော်များအား တိုက်ခိုက်ခြင်းကို လက်လျော့လိုက်ကြပြီး ရွှီချင်း၏ အဖွဲ့ကို တိုက်ခိုက်လိုက်ကြသည်။

သို့သော်လည်း ရွှီချင်း၏ အဖွဲ့က အခက်အခဲများစွာကြားထဲမှ ရှင်သန်နိုင်ခဲ့လေရာ သူတို့ထံတွင် အသက်ကယ်ဝှက်ဖဲများ အများကြီး ရှိကြသည်။

ပိုပြီးအစွမ်းထက်သော နတ်ဘုရားများ၏ တိုက်ခိုက်မှုများဖြင့် ရင်ဆိုင်ရသည့်အခါ သူတို့က ချက်ချင်း ထွက်ပြေးရန် နည်းလမ်းအမျိုးမျိုးကို ထုတ်သုံးလိုက်ကြသည်။

အကယ်၍ မြေကွက်လပ်တစ်ခုတွင်ဖြစ်စေ သို့မဟုတ် တစ်ဦးချင်းတိုက်ပွဲတွင်ဖြစ်စေ သူတို့၏ အသက်ကယ်ဝှက်ဖဲများက အစွမ်းထက် နတ်ဘုရားများအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း စစ်မြေပြင်တွင်တော့ ယင်းက ခြားနားသွားလိမ့်မည်။

ထိုသို့လှုပ်ရှားမှုက အစက မျှခြေညီနေသော စစ်ပွဲအခြေအနေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေသည်။

ထိုပြောင်းလဲမှုက အစပိုင်းမှာ သိပ်မသိသာလျှင်ပင် အချိန်ကြာလာသည်နှင့်အမျှ ယင်းက ဖြေရှင်းရခက်ခဲသော အရှိန်အဟုန်အဖြစ် ပြောင်းလဲသွားလိမ့်မည်။

နတ်ဘုရားများဘက်မှ စစ်ခေါင်းဆောင်က စစ်ပွဲအခြေအနေကို ထိန်းသိမ်းရန် ချက်ချင်း အမိန့်ထုတ်ပြန်လိုက်ပြီး စစ်ကူများကို ထပ်မံ စေလွှတ်လိုက်သော်လည်း အခြေအနေက သိပ်မပြောင်းလဲသွားချေ။

အဘယ့်ကြောင့်ဆိုသော် ရွှီချင်းနှင့် သူ့အဖွဲ့သားများက စစ်မြေပြင်၏ မျှခြေညီမှုကို ဖျက်ဆီးနေသောကြောင့် ဖြစ်သည်။ သူတို့က အစွမ်းထက် နတ်ဘုရားများကို ရှောင်ရှားပြီး အားနည်းသော နတ်ဘုရားများကို ပစ်မှတ်ထား တိုက်ခိုက်နေကြသည်။

သူတို့ရှိနေသော နေရာများမှာ ရိတ်သိမ်းခံထားရသော နတ်ဘုရားအလောင်းများ ထွက်ပေါ်လာကြလိမ့်မည်။

အထူးသဖြင့် ရွှီချင်း ဖြစ်သည်။

သူက နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားများကိုသာ အဓိက ပစ်မှတ်ထားသည်။ သူ၏ ခြေလှမ်းဝက်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနှင့် ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်သန္ဓေသားလောင်းကြောင့် သူက နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားများကို ကြက်ကလေး ငှက်ကလေးများသဖွယ် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။

နတ်ဘုရားအလောင်းများကိုတော့ အကယ်၍ သူ့မှာ ရိတ်သိမ်းရန် အချိန်မရှိလျှင် ၎င်းတို့ကို တိုက်ရိုက် သိုလှောင်လိမ့်မည်။

သူက စစ်မြေပြင်ကို သူ့စိတ်ကြိုက် အမဲလိုက်နိုင်သော တောတွင်းတစ်ခုအဖြစ် သဘောထားနေသည်။

တောတွင်းထဲမှာ အမဲလိုက်ခြင်းသည် ရွှီချင်း ငယ်ငယ်လေးကတည်းက အထူးကျွမ်းကျင်ခဲ့သောအရာ ဖြစ်သည်။

တစ်ချိန်တည်းမှာ ထိုသို့သတ်ဖြတ်ခြင်းပွဲတော်က ရွှံ့မြေခွေးကိုလည်း စိတ်ဓာတ်နိုးကြားလာစေသည်။ သူက သေဆုံးသွားကြသော နတ်ဘုရားအလောင်းများထံမှ နတ်ဘုရားအခွင့်အာဏာများကို စုပ်ယူရန် သူ၏ နတ်ဘုရားအတတ်ပညာတစ်ခုကို တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။

အရိပ်လေးသည်ပင် အိပ်ပျော်နေခြင်းမှ နိုးထလာပြီး ၎င်း၏ ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများကို လောဘတကြီး စုပ်ယူလိုက်သည်။ ၎င်းက မြေပြင်ပေါ်မှာ ပြန့်ကျဲနေသော နတ်ဘုရားများ၏ အသွေးအသားများကိုလည်း ရူးသွပ်စွာ ဝါးမျိုလိုက်သည်။

ယင်းတို့အားလုံးက အရိပ်လေး၏ ဆာလောင်မှုနှင့် စိတ်လှုပ်ရှားမှုကို ပိုပြီးလှုံ့ဆော်ပေးလိုက်သည်။

ရွှီချင်း၏ တိတ်တဆိတ် ခွင့်ပြုမှုအောက်မှာ ၎င်းက မြေပြင်ပေါ်မှာ လျှို့ဝှက်စွာ ဖြန့်ကြက်သွားပြီး နေရာအများအပြားတွင် ရုတ်တရက် ပေါ်လျှိုးလာကာ ဒဏ်ရာရရှိထားကြသော နတ်ဘုရားများထံသို့ ခုန်အုပ်လိုက်သည်။

နန်းလင်စစ်တပ်၏ စစ်ခေါင်းဆောင်က ထိုအခွင့်အရေးကို အသုံးချ၍ အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။

“ နန်းလင်စစ်သည်တော်တွေအားလုံး… အပြီးသတ်တိုက်ပွဲကို ဆင်နွှဲကြမယ် ”

သူ၏ အသံက စစ်မြေပြင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး ကျင့်ကြံသူစစ်သည်တော်များ၏ တိုက်ပွဲစိတ်ဆန္ဒကို လှုံ့ဆော်ပေးလိုက်သည်။ မမျှော်လင့်ထားသော အပြောင်းအလဲ၏ ဦးဆောင်မှုအောက်မှာ စစ်ခေါင်းဆောင်က အင်အားအလုံးအရင်းဖြင့် နတ်ဘုရားများကို စတင်တိုက်ခိုက်လိုက်သည်။

သူကိုယ်၌သည်လည်း လုံးဝတုံ့ဆိုင်းမနေဘဲ စစ်မြေပြင်ဆီသို့ ဝင်ရောက်သွားပြီး နတ်ဘုရားများဘက်မှ စစ်ခေါင်းဆောင်ဖြစ်သော အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားကို တိုက်ရိုက် ပစ်မှတ်ထားလိုက်သည်။

“ သတ်ပစ် ”

လျှပ်တစ်ပြက်အတွင်းမှာ စစ်မြေပြင်က ပိုပြီးပရမ်းပတာ ဖြစ်သွားသည်။

အဝေးမှ တောင်ထွတ်ပေါ်တွင် တခြားအလောင်းကောက်အဖွဲ့များက ယင်းကို မြင်သွားသောအခါ သူတို့အားလုံး သွေးဆောင်ခံလိုက်ကြရသည်။

ရွှီချင်းကို ညွှန်ကြားပေးခဲ့ဖူးသော အဖိုးအိုသည်ပင် ရက်စက်ကြမ်းကြုတ်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ နောက်ဆုံးမှာတော့ သူက အံတင်းတင်းကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။

“ ငါတို့လည်း သွားကြမယ် ”

ထိုသို့ပြောပြီးနောက် သူက စိတ်ဓာတ်ပြတ်သားစွာ မတ်တတ်ရပ်လိုက်ပြီး စစ်မြေပြင်ဆီသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။

သို့သော်လည်း ကျင့်ကြံသူတချို့က တုံ့ဆိုင်းနေကြဆဲပင်။ ထို့ကြောင့် သူတို့က မမေးဘဲ မနေနိုင်ကြပေ။

“ ဒါပေမဲ့ စည်းမျဉ်းတွေက… ”

“ ယီးကို စည်းမျဉ်းတွေအကြောင်း လာပြောနေတာလား… အခုချိန်မှ ငါတို့မသွားရင် အရိုးတောင် ကိုက်ရမှာမဟုတ်ဘူး ”

အဖိုးအိုက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ ထို့နောက် သူက အမြန်ဆုံး အလျင်ကို ထုတ်ဖော်လိုက်ပြီး စစ်မြေပြင်ဆီသို့ ပျံသန်းသွားသည်။

တခြားအလောင်းကောက်အဖွဲ့သားများသည်လည်း သူ့အနောက်မှ လိုက်သွားကြသည်။

သူတို့၏ ဝင်ရောက်လာမှုက ရွှီချင်း၏ အဖွဲ့ကဲ့သို့ သိပ်မထိရောက်သော်လည်း အနည်းဆုံးတော့ စစ်ပွဲ၏ အလုံးစုံအခြေအနေက ထပ်မံ တိမ်းစောင်းသွားသည်။

နောက်ဆုံးတိုက်ပွဲက ဖြစ်ပေါ်လာသည်။

ဝုန်းခနဲ မြည်ဟိန်းသံများနှင့် နှလုံးကွဲကြေသော အော်သံများက စစ်မြေပြင်မှာ ပြည့်နှက်သွားသည်။

ဘေးပတ်ဝန်းကျင်၌ တိုက်ခိုက်နေခြင်းမှလွဲလျှင် အလောင်းကောက်ခြင်းသာ ရှိသည်။

ဖရိုဖရဲအခြေအနေကြားတွင် ရွှီချင်း၏ ပုံရိပ်က တစ္ဆေတစ်ကောင်ပမာ ရွေ့လျားနေသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်းမှာ နတ်ဘုရားများက အသက်ရှင်ကျန်မနေပေ။

ရွှံ့မြေခွေးနှင့် အရိပ်လေးသည်လည်း ပိုပြီးစိတ်လှုပ်ရှားလာကြသည်။ ထိုစဉ် ရွှီချင်းက ခြေတစ်လှမ်းတည်းဖြင့် အထွတ်အထိပ် နတ်ဘုရားမီးတောက်အဆင့် နတ်ဘုရားတစ်ပါး၏ ဘေးမှာ ထွက်ပေါ်လာသည်။

ထိုနတ်ဘုရားက ချက်ချင်း မျက်နှာပျက်ယွင်းသွားပြီး အနောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ညာလက်က ၎င်း၏ ဦးခေါင်းပေါ်သို့ တိုက်ရိုက် ဖိချသွားသည်။

အင်မော်တယ်သန္ဓေသားလောင်း၏ အစွမ်းက ပေါ်လျှိုးလာစဉ် ရွှံ့မြေခွေး၏ နတ်ဘုရားအတတ်ပညာက ၎င်းထံမှ နတ်ဘုရားအခွင့်အာဏာကို လုယက်လိုက်သည်။ တစ်ချိန်တည်းမှာ အရိပ်လေးက ၎င်း၏ အသွေးအသားများကို ဝါးမျိုပစ်လိုက်သည်။

ဝမ်ကူးကုန်းမြေ၌ မျိုးနွယ်စုအမြောက်အများ၏ ကိုးကွယ်ပူဇော်ခြင်းခံရနိုင်သော ထိုနတ်ဘုရားက မျက်စိတစ်မှိတ်အတွင်းမှာ အမြစ်ဖြတ်သုတ်သင်ခံလိုက်ရသည်။ ၎င်း၏ နတ်ဘုရားအခွင့်အာဏာက လုယက်ခံလိုက်ရပြီး ၎င်း၏ နတ်ဘုရားခန္ဓာကိုယ်တစ်ဝက်က အရိပ်လေး၏ ဝါးမျိုခြင်းခံလိုက်ရသည်။

ကျန်တစ်ဝက်ကိုတော့ အနာဂတ်မှာ သူရိတ်သိမ်းနိုင်ရန် သိုလှောင်ထားလိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းက နှုတ်ခမ်းသပ်လိုက်သည်။ ဤတစ်ကြိမ် သူ၏ ရိတ်သိမ်းမှုက ကြီးမားကြောင်း သူသိသည်။ သို့တိုင် သူက စိတ်မကျေနပ်နိုင်သေးပေ။

All Chapters