စွမ်းအားကြီးမားစွာ ဖိနှိမ်ခြင်း
Vol. 166 Ch. 2476
ဖန့်ချင်းယွင်သည် လုံးဝပြင်ဆင်ထားမှု မရှိပေ။ သူတုံ့ပြန်သည့်အချိန်မှာ ဆူဇီမိုသည် အနားသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်ပြီး သူ၏ လက်ဝါးနှင့် အပေါ်ကနေအုပ်မိုးကာ သူ၏ ထွက်လမ်းများအားလုံးကို ပိတ်ဆို့ထား၏။
ချက်ချင်းပင် ဖန့်ချင်းယွင်၏ စိတ်ထဲမှာ အတွေးပေါင်းများစွာက တဖျပ်ဖျပ်ပေါ်ထွက်လာ၏။
အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…။
ငါက အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်… အတွင်းဂိုဏ်းရဲ့နံပါတ်တစ်… ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်ပေါ်က အဆင့် ၁၀ပဲ… ဆူဇီမိုက အဲဒါကို ဘယ်လိုတောင်လုပ်ရဲတာလဲ…။
တက္ကသိုလ်မှ လူတိုင်း၏ ရှေ့တွင် ကိုယ့်သဘောနှင့်ကိုယ် တိုက်ခိုက်ခြင်းနှင့် ဂိုဏ်းစည်းကမ်းကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခြင်း…။
စစချင်း တုန်လှုပ်မှုအပြီး၌ ဖန့်ချင်းယွင်၏ မျက်လုံးများက စိတ်လှုပ်ရှားတက်ကြွမှုဖြင့် တဖျတ်ဖျတ်လက်လာ၏။
“ဒီလိုဆိုမှတော့ ငါက မင်းကို တုံ့ပြန်တိုက်ခိုက်ပြီး သတ်ဖြတ်လိုက်မယ်ဆိုရင် ကျိုးကြောင်းဆီလျော်မှု ရှိသွားလိမ့်မယ်”
အစကတော့ ဖန့်ချင်းယွင်သည် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်သို့ ဆူဇီမိုကို စိန်ခေါ်သည့်အခါ သူ့မှာ ငဲ့ကွက်ထိန်ချန်စရာတချို့ ရှိနေ၏။
သူက ဆူဇီမိုကို ဓားဆွေးနွေးပြိုင်ပွဲကွင်းမှာ အမှန်တကယ် သတ်ဖြတ်လိုက်မည်ဆိုလျှင် စီနီယာအစ်ကိုယွဲ့ဟွား၏ ကာကွယ်မှုနှင့်ပင် သူက အပြစ်ပေးခံရပေလိမ့်မည်။
သို့သော်လည်း လက်ရှိအခြေအနေသည် သူတွေးထင်ထားသည်ထက် ပို၍ပြီးပြည့်စုံနေပုံရသည်။
“မင်းကတော့ သေချင်နေတာပဲ”
ဖန့်ချင်းယွင်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖျတ်ခနဲလက်သွားပြီး သူ၏ လက်နှစ်ဖက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားကာ သူ၏ တည်နေရာခုန်ကူးခြင်း နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်၏။ သူသည် လောလောဆယ်မှာ ဆူဇီမို၏ ခြိမ်းခြောက်မှုကို ရှောင်တိမ်းပြီး အကွာအဝေးတစ်ခုခြားပြီးမှ တန်ပြန်တိုက်ခိုက်ဖို့ပြင်လိုက်၏။
သူက တိုက်ခိုက်ရေးအတွေ့အကြုံ အလွန်ကြွယ်ဝပြီး သူ၏ နည်းလမ်းများက ပြောင်မြောက်လေသည်။ သူသည် တက္ကသိုလ်၏ အတွင်းဂိုဏ်းမှ တပည့်ပေါင်းသိန်းချီကြားမှာ ထင်ရှားပေါ်လွင်လာပြီး အတွင်းဂိုဏ်း၏ နံပါတ်-၁ ဖြစ်လာသည်မှာ အလကားသက်သက် မဟုတ်ပေ။
ဆူဇီမိုသည် လက်ဦးမှုရယူကာ တိုက်ခိုက်လာခဲ့သော်လည်း ဖန့်ချင်းယွင်က သူ့ကိုယ်သူ အလျင်အမြန်ဣန္ဒြေဆည်ပြီး ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိဘဲ ဆုံးဖြတ်ချက်တစ်ခုကို အလျင်အမြန်ချလိုက်၏။
ဆူဇီမို၏ တိုက်ခိုက်မှုက အရမ်းကို ကြမ်းကြုတ်ခက်ထန်ပြီး သူ၏ အော်ရာက သိပ်သည်းပြင်းထန်နေ၏။ သူ့အနေဖြင့် အဲဒါကို ထိပ်တိုက်ရင်ဆိုင်စရာ မလိုပေ။
ဒါ့အပြင် ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ဂည်မှာ စီးပိုးခြယ်လှယ်နိုင်သည့်အချက်သည် သူ့မှာ သန်မာသော ကိုယ်ကာယရှိပြီး သူက အနီးကပ်တိုက်ခိုက်ရည်မှာ အထူးပြုလေ့ကျင့်ထားသောကြောင့်ဖြစ်၏။
ဖန့်ချင်းယွင်သည် တည်နေရာခုန်ကူးခြင်းကို ထုတ်ဖော်ရင်း သူ၏ လက်က သူ၏ သိုလှောင်အိတ်ဆီ လှမ်းပြီး သူ၏ အစိမ်းရောင်တိမ်စိုင်ဓားကို ဆင့်ခေါ်ဖို့ပြင်လိုက်၏။
ထိုသည်ကို တွေ့မြင်သောအခါ ဆူဇီမိုမှာ လှောင်ပြောင်သရော်လိုသော အမူအရာတစ်ခုရှိလာ၏။
ဖန့်ချင်းယွင်က တည်နေရာခုန်ကူးဖို့ ရွေးချယ်မည်ဆိုလျှင် သူ၏ ရလဒ်ကို ဆုံးဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
တည်နေရာခုန်ကူးခြင်းသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်ပြီး ကျင့်ကြံသူများကို သူတို့၏ ပြိုင်ဘက်ထံကနေ ချက်ချင်းလွတ်မြောက်ရန် ကူညီပေးနိုင်၏။ သို့သော်လည်း အဲဒါသည် ဟန့်တားနှောင့်ယှက်ခံရ၍ ဟာကွက်များ ထွက်ပေါ်လာဖို့လည်း လွယ်ကူလေသည်။
ဒါ့အပြင် တစ်ဖက်လူသည် တည်နေရာခုန်ကူးပြီးနောက် ဆင်းသက်မည့်နေရာကို ကြိုတင်ခန့်မှန်းနိုင်သည်နှင့် သူတို့သည် စဦးအရေးနိမ့်မှုနှင့် သေချာပေါက်ကြုံတွေ့ရပေလိမ့်မည်။
ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်လိုက်ခြင်း မရှိပေ။ ရုတ်တရက် သူက ပါးစပ်ကိုဖွင့်ဟပြီး နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်၏။
“ဂါး…”
ကျယ်လောင်သော ဟိန်းဟောက်သံက ဆူဇီမို၏ ပါးစပ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။
ဆူဇီမိုသည် အသံပိုင်းလျှို့ဝှက်အတတ်၏ ရိုက်ခတ်မှုကို ထိန်းချုပ်ထားပြီး အဲဒါကို ဖန့်ချင်းယွင်အပေါ် လုံးလုံးလျားလျားနီးပါး စူးစိုက်ကာ သေးငယ်သော ဧရိယာတစ်ခုအဖြစ် ဆွဲ့ချုံ့လိုက်၏။
ဖန့်ချင်းယွင်က ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာဖြင့် ဆတ်ခနဲတုန်ယင်သွား၏။
သူ၏ သွေးချီက တရုန်းရုန်းထကြွလာပြီး သူ၏ နားထဲမှာ တဝီဝီမြည်လာသည်ဟု ခံစားလာရ၏။ သူ၏ တည်နေရာခုန်ကူးခြင်းဖြစ်စဉ်ကလည်း ဟန့်တားနှောင့်ယှက်ခံလိုက်ရသည်။
ထိုသူက အခြားအဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်မည်ဆိုလျှင် သူတို့သည် ထိုအကွာအဝေးမှာ သေသည့်တိုင်အောင် တုန်ခါသွားပေလိမ့်မည်။
ဖန့်ချင်းယွင်က ထိခိုက်ဒဏ်ရာ မရရှိသည်မှာ အထင်ကြီးစရာကောင်းနေပြီဖြစ်၏။
ဖန့်ချင်းယွင်၏ မျက်နှာက ရှုံ့မဲ့သွားပြီး သူက သူ့စိတ်၏ ကြည်လင်ရှင်းလင်းမှုကို ထိန်းထားဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။
ရုတ်တရက်ဆိုသလို…
တဖျတ်ဖျတ်တလက်လက်အလင်းတစ်ခုက သူ့မျက်လုံးရှေ့မှာ ပစ်လွင့်ထွက်ပေါ်လာပြီး တုန်လှုပ်စရာကောင်းသော အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးလိုက်၏။
“အဲဒါတော့ ဆိုးပြီ… အဒါက စက္ခုနည်းစနစ်ပဲ”
ဖန့်ချင်းယွင်က ရင်ထဲမှာ နင့်သွား၏။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက နှစ်ပေါင်းများစွာ သူကျင့်ကြံထားခဲ့သည့် စက္ခုနည်းစနစ်ကို ထုတ်ဖော်ကာ တန်ပြန်တိုက်ခိုက်လိုက်၏။
သူ၏ မျက်လုံးထဲမှာ အစိမ်းရောင်အလင်းက သိပ်သည်းစုဖွဲ့၍ ပစ်လွင့်ထွက်ပေါ်လာ၏။
ဘုန်း….
စက္ခုနည်းစနစ်နှစ်ခုက ထိတွေ့ရိုက်ခတ်သွား၏။
မည်သည့်ခုခံမှုမှ မရှိသလောက်နီးပါးဖြင့် ဆူဇီမို၏ မီးပဒေသာမျက်လုံးက ဖန့်ချင်းယွင်၏ စက္ခုနည်းစနစ်ကို အလွယ်တကူဖျက်ဆီးပြီး သူ၏ မျက်လုံးကို ချက်ချင်းပင် ထိုးဖောက်သွား၏။
ဆူဇီမို၏ ဘယ်ဘက်မျက်လုံးထဲမှ တမလွန်မီးရောင် ကျောက်တုံးသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ အမှောင်စွမ်းအားဖြင့် ချိပ်ပိတ်ခံထားရပြီး သူက တမလွန်မီးရောင်မျက်လုံးကို လောလောဆယ်မှာ မထုတ်ဖော်နိုင်ပေ။
သို့သော်လည်း အဲဒါက မီးပဒေသာမျက်လုံးသက်သက်ဖြစ်လျှင်တောင် အဲဒါကို ထိပ်တိုက်ရင်ဆိုင်နိုင်သော စက္ခုနည်းစနစ်များစွာ မရှိပေ။
စက္ခုနည်းစနစ်များ၏ ဓမ္မတာအိုများက ထိပ်တန်းအဆင့်ဖြစ်ခြင်း မဖြစ်ခြင်းအပြင် စက္ခုနည်းစနစ်များ၏ ခွန်အားသည် သူတို့၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေး၏ အခြေခံအုတ်မြစ်အပေါ်မှာလည်း မူတည်လေသည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ဆူဇီမို၏ မီးပဒေသာမျက်လုံးသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာတုန်းက ယွင်ထင်၏ စက္ခုနည်းစနစ်ဖြင့်သာ ဖိနှိမ်ခံခဲ့ရဖူး၏။ အခြားမည်သူကမှ ဖော်ပြဖို့ မထိုက်တန်ပေ။
“အား…”
ဖန့်ချင်းယွင်၏ မျက်လုံးတစ်ဖက်က ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး သူက စူးစူးဝါးဝါးအော်ဟစ်လိုက်၏။
အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမိုသည် အသံပိုင်းလျှို့ဝှက်အတတ်နှင့် စက္ခုနည်းစနစ်တို့ကို ဆက်တိုက်ထုတ်ဖော်ပြီး ဖန့်ချင်းယွင်၏ ခံစစ်ကို ချိုးဖျက်လိုက်၏။
ဖန့်ချင်းယွင်သည် သူ၏ အစိမ်းရောင်တိမ်စိုင်ဓားကို ဆက်လက်၍ မဆင့်ခေါ်နိုင်တော့ဘဲ ဆူဇီမို၏ လက်ဝါးရိုက်ချက်ကို ခုခံဖို့အတွက် သူ၏ လက်နှစ်ဖက်ကိုသာ ပင့်မြှောက်လိုက်ရသည်။
သို့သော်လည်း သူ၏ ကိုယ်ကာယသည် လျှို့ဝှက်အတတ်များစွာကို ကျင့်ကြံထားသည့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာထက် များစွာနိမ့်ကျနေသည်။
ဘန်း…
ဆူဇီမို၏ ကောင်းကင်လွှမ်းခြုံလက်ဝါးက ဖန့်ချင်းယွင်၏ လက်နှစ်ဖက်ကို ခပ်ထိုင်းထိုင်း အသံတစ်သံဖြင့် ပစ်ရိုက်ချလိုက်၏။
ဖန့်ချင်းယွင်သည် သူ၏ လက်နှစ်ဖက်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။
“ကြေမွစမ်း”
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူက သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို နောက်တစ်ဖန်ပို့လွှတ်ကာ အောက်သို့ ရက်ရက်စက်စက် ဖိချလိုက်၏။
ဖျောက်… ဖျောက်… ဖျောက်…
အရိုးများကျိုးသံ တဖျောက်ဖျောက်က ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ဖန့်ချင်းယွင်၏ လက်နှစ်ဖက်ကို ချိုးခြေပြီး သူ၏ လက်ဖဝါးက ချက်ချင်းပင် ထိုသူ၏ ဦးခေါင်းပေါ်သို့ ဆက်လက်ဆင်းသက်လာ၏။
ဒုန်း…
တားဆီးမရနိုင်သော ကြောက်စရာကောင်းသည့် အင်အားတစ်ရပ်က ဖန့်ချင်းယွင်၏ ဦးခေါင်းထက်ကနေ ပိကျလာပြီး သူက အဲဒါကို ခံနိုင်ရည်မရှိတော့ပေ။ သူ၏ ခြေထောက်နှစ်ဖက်က ပျော့ခွေ၍ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွား၏။
ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သူ၏ လက်ချောင်းများကို ဆွဲစုလိုက်၏။
ချွင် ချွင်…
သူ၏ လက်ချောင်းထိပ်ဖျားကနေ ဆေဘာများ၊ ဓားများကဲ့သို့ ထက်ရှသော လက်သည်းချွန်များက ပြူထွက်လာပြီး ဖန့်ချင်းယွင်၏ ဦးခေါင်းခွံကို အချိန်မရွေးထိုးဖောက်ဖို့ အဆင်သင့်ဖြစ်နေ၏။
ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ သိပ်သည်းပြင်းထန်ကြီးမားသော ပမာဏတစ်ခုက ဖန့်ချင်းယွင်၏ အသိစိတ်ထဲသို့ တလိပ်လိပ်တိုးဝင်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို ချိပ်ပိတ်လိုက်၏။ သူ့မှာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာ ရှိသော်လည်း သူက ထိုအရာများကို မထုတ်ဖော်နိုင်တော့ပေ။
ဟာ...
ထိုအခါမှသာ ဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက တုံ့ပြန်လာကြ၏။
ပင့်သက်ရှိုက်သံများက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာလေသည်။
တက္ကသိုလ်တစ်ခုလုံးက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အတွင်းဂိုဏ်း၏ နံပါတ်-၁၊ ကြိုတင်ခန့်မှန်းကောင်းကင်အဆင့်သတ်မှတ်ချက်မှ အဆင့် ၁၀ ဝင်သော စီနီယာအစ်ကိုဖုန့်သည် အဆင့်-၆ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သော ဆူဇီမို၏ ဖိနှိမ်ခြင်းကို ခံနေရ၏။
အဲဒါက အရမ်းကို မြန်ဆန်လေသည်။
ဖြစ်စဉ်တစ်ခုလုံးက အသက်သုံးရှိုက်စာထက် ပိုမကြာခဲ့ပေ။
အရာရာတိုင်းသည် ရုတ်တရက်ဆန်လွန်းစွာ ဖြစ်ပွားခဲ့ပြီး ပို၍ပင်မြန်ဆန်စွာ အဆုံးသတ်သွားခဲ့သည်။
ဖန့်ချင်းယွင်သည် ခုခံနိုင်မှု မရှိသလောက်နီးပါးဖြစ်ခဲ့ပြီး သူ၏ မျက်လုံးတစ်ဖက်က ဆူဇီမိုကြောင့် ကန်းသွားခဲ့၏။ သူ၏ လက်နှစ်ဖက်က လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ကြေမွသွားပြီး သူက မြေပြင်ပေါ်မှာ ဒူးထောက်ကျနေရ၏။
လူတိုင်းက အဲဒါကို ကိုယ်တိုင်မြင်တွေ့နေရလျှင်တောင် သူတို့သည် တုန်လှုပ်၍ မယုံကြည်နိုင်ဖြစ်နေကြဆဲပင်။
ဖန့်ချင်းယွင်၏ မျက်လုံးတစ်ဖက်မှာ သွေးသံရဲရဲအပေါက်တစ်ပေါက်သာလျှင် ကျန်ရစ်ခဲ့လေသည်။
သူ၏ အခြားမျက်လုံးတစ်ဖက်က အဆုံးမဲ့ အရှက်ခွဲခံရမှုဖြင့် ပြည့်နှက်နေပြီး သူက မုန်းတီးစွာဖြင့် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။
“ဆူဇီမို… ဓားဆွေးနွေးပြိုင်ပွဲကွင်းရဲ့အပြင်ဘက်မှာ မင်း ငါ့ကိုတိုက်ခိုက်ခဲ့တယ်… မင်းကတော့ သေပြီပဲ”
အမှားအယွင်းတစုံတရာမရှိလျှင် ဆူဇီမိုသည် ဂိုဏ်းစည်းကမ်းကို ချိုးဖောက်သည့်အတွက် အပြင်းအထန် အပြစ်ပေးခံရပေလိမ့်မည်။
စီနီယာအစ်ကိုယွဲ့ဟွားက ဝင်ပါလာပြီး မီးထဲကို လောင်စာထပ်ထည့်လိုက်မည်ဆိုလျှင် ဆူဇီမို၏ ရလဒ်က သေချာပေါက် ပို၍ဆိုးရွားလာပေလိမ့်မည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ ဖန့်ချင်းယွင်က ယနေ့မှာ မျက်နှာလုံးလုံးပျက်ခဲ့ရပြီဖြစ်သည်။
“ဟမ့်”
ဆူဇီမိုက လှောင်ရယ်ပြီး သူ၏ လက်ဆီသို့ ခွန်အားကို ပို့လွှတ်ကာ ဖန့်ချင်းယွင်၏ ဖိုသီဖတ်သီဆံပင်များကို ကိုင်ဆွဲပြီး ထောင်ယောင်ထံ ဆွဲခေါ်သွား၏။
“အား..”
ရုတ်တရက် ဖန့်ချင်းယွင်က သူ၏ ဦးရေပြား ဆုတ်ဖြဲခံရတော့မည့်အလား သူ၏ ဦးခေါင်းထက်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။ သူက အော်ဟစ်လိုက်ရလေသည်။
ထောင်ယောင်က ထိုသည်ကို တွေ့မြင်သောအခါ သူက ဘာလုပ်လို့ဘာကိုင်ရမည် မသိတော့ပေ။
“သွားပါပြီ… သွားပြီ”
မင်းသမီးသက်တံနီနှင့် လျှိုဖျင်က အကြည့်ချင်းဖလှယ်လိုက်ပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်နေကြ၏။
“စီနီယာအစ်ကိုဆူက အရမ်းကို မဆင်မခြင်လုပ်လိုက်တာပဲ”
လျှိုဖျင်က အော်ငိုချင်နေ၏။
တက္ကသိုလ်မှ တပည့်ပေါင်းများစွာ၏ အကြည့်များအောက်မှာ ဆူဇီမိုသည် ဂိုဏ်းစည်းကမ်းကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်ပြီး ဖန့်ချင်းယွင်ကို တိုက်ခိုက်ခဲ့၏။ သူတို့က စစချင်း မှန်သည့်ဘက်မှာ ရှိနေခဲ့လျှင်တောင် ယခုအချိန်မှာ အဲဒါက သုံးစားမရတော့ပေ။
နောက်ပိုင်းအကျိုးဆက်များက အရမ်းကို ပြင်းထန်ကြမ်းတမ်းလာပေလိမ့်မည်။
စီနီယာအစ်ကိုဆူသည် တက္ကသိုလ်မှ ဂိုဏ်းချုပ်၏ အမည်ခံတပည့်တစ်ယောက် ဖြစ်လျှင်တောင် သူ့ကို တက္ကသိုလ်က သေချာပေါက် အပြင်းအထန် အပြစ်ပေးပေလိမ့်မည်။
အကောင်းဆုံးရလဒ်အနေဖြင့် သူသည် တက္ကသိုလ်ကနေ ကန်ထုတ်ခံရမည်ဖြစ်ပြီး အဆိုးဆုံးရလဒ်အနေဖြင့် သူ၏ ကျင့်ကြံမှုကပင် ဖျက်ဆီးခံရနိုင်၏။
ခပ်လှမ်းလှမ်း ကောင်းကင်ထက်မှာ လူနှစ်ယောက်က မတ်တတ်ရပ်နေ၏။ သူတို့က အမွေခံကုန်းမြေကနေ ရောက်ရှိလာသော ဓားအင်မော်တယ်ယွဲ့ဟွားနှင့် ရှောင်လီဖြစ်လေသည်။
ဓားအင်မော်တယ်ယွဲ့ဟွားက ထိုသည်ကို တွေ့မြင်သောအခါ သူက ညင်သာစွာပြုံး၍ အေးအေးဆေးဆေးပြောလိုက်၏။
“ကြည့်ရတာ ငါတို့တောင် ဝင်ပါစရာမလိုတော့ဘူးနဲ့တူတယ်”
“စီနီယာအစ်ကို… ကျုပ်တို့က အဲဒီကိုသွားပြီး ဂျူနီယာညီဖန့်ကို ကယ်တင်ပေးရမယ်မလား”
ရှောင်လီက မေးလိုက်၏။
“အဲ့လိုလုပ်စရာ မလိုတော့ဘူး”
စီနီယာအစ်ကိုယွဲ့ဟွားက အေးစက်စွာဖြင့် လှောင်ပြုံးပြုံးလိုက်၏။
“ဂျူနီယာညီဖန့်က ပိုပြီးတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်လေ… ဆူဇီမိုရဲ့ရလဒ်က ပိုပြီးတော့ ဆိုးရွားလာလိမ့်မယ်… ငါတို့တွေက ဘာလို့ဝင်ပါရမှာလဲ”